Sunday, September 23, 2012

ကျွန်မ ချစ်ခဲ့ဖူးသော



ကျွန်မ ခုတစ်လော တစ်ယောက်သောသူကို ပြင်းပြင်းထန်ထန် သတိတွေရနေမိပါတယ်။ ဘာတွေပဲ လုပ်လုပ်၊ နောက်ဆုံး မီးဖိုထဲမှာ ဟင်းချက်နေရင်တောင် သူ့ကို သတိရနေပြီး သီချင်းလေးတွေ ညည်းနေမိတတ်တယ်။ စတေဒီယမ်ထဲ ပြေးရင်းနဲ့လည်း သူ့ကို သတိတွေရနေမိပြန်ပါတယ်။ ထမင်း စားရင်း၊  ရေချိုးရင်း….ဘာလုပ်လုပ်……။

သူကတော့ ဘ၀ကြီးကို အနိုင်နဲ့ ပိုင်းထားခဲ့ပြီး ဟိုးအဝေးကြီး ထွက်သွားခဲ့တဲ့သူရယ်။ ဟုတ်တယ်။ သူ့အမေက ဒီလို ပြောခဲ့တယ်။ သူ ကြေနပ်တယ် တဲ့၊ သူ့သားဟာ ဘ၀ကြီးထဲမှာ လုပ်ချင်တာတွေ လုပ်သွားခဲ့ရတယ် တဲ့၊ ပြီးတော့ အောင်မြင်စပြုနေတဲ့ အချိန်မှာပဲ အားလုံးကို ထားခဲ့ပြီး နောက်ခြေလှမ်းသစ်တစ်ခု စတင်သွားခဲ့တဲ့သူ။ ဆရာမောင်ချောနွယ်ပြောသလို "ကြွေဒါကိုက ပွင့်ခြင်းပဲ" ဆိုတာလို။ လွမ်းလိုက်တာ….။ သူသာ ရှိနေမယ်ဆိုရင် သူ့သီချင်းတွေ နားထောင်ရဦးတော့မှာ၊ ကိုယ်ပိုင်သံစဉ်တွေနဲ့ သူများနဲ့မတူတဲ့ ဆိုဟန်၊ စတိုင်တစ်ခုရှိနေတဲ့ သူ့ဆိုဟန်ကို ကျွန်မ သိတ်ကြိုက်တာပဲ။ သူ့သီချင်းတွေ ဘယ်သူပြန်ဆိုဆို သူ့ကို မှီတယ်ကို မထင်ဘူး။

သူ စကာင်္ပူကိုလာတော့ ကျွန်မ သွားကြည့်ခဲ့တယ်။ စတိတ်ခ်ျပေါ်မှာ သူ သီချင်းဆိုဟန်က သူများနဲ့ မတူဘူး။ ရင်ဘတ်ပေါ်မှာ FBI ဆိုတဲ့ စာတမ်းပါတဲ့ ရှပ်လက်တိုကို အပြင်ထုတ်ဝတ်ထားတယ်။ ခါးကို ကိုင်းညွတ်၊ မျက်ဝန်းတွေကို မှေးစင်းပြီး သီချင်းသီဆိုတဲ့ဟန်။ ဘုန်းကြီးပါစေ သက်ရှည်စေဆိုတဲ့ ဆုတောင်းသီချင်းလေးနဲ့ စဖွင့်ခဲ့တယ်။ စိတ်ထဲကတော့ ဒီကောင် အတော် ကိုးယိုးကားယားနဲ့ နောက်တဲ့ကောင်ပဲ လို့ တွေးနေမိတာ။ စိတ်ထဲက ချစ်နေမိခဲ့တာ။ ဆံပင်လိမ်ကောက်တွေကို နောက်မှာ စုချည်ထားပြီး ပြုံးတုံ့တုံ့မျက်နှာပေးနဲ့။ သူဆိုတဲ့ သီချင်းတွေကိုရော သူ့ဆိုဟန် အသံကိုရော ကျွန်မ စွဲသွားခဲ့တယ်။

တကယ်ဆို သူဟာ လူချောတစ်ယောက်မှ မဟုတ်တာ။ ဒါတွေ လိုသလား၊ သူဟာ အနုပညာရှင်တစ်ယောက်၊ အနုပညာအပေါ် ရူးသွပ်ခဲ့သူတစ်ယောက် ဒါပဲလေ…။ သူ့မျက်ဝန်းတွေဟာ ရိုးသားတယ်။ ကြည်လင်နေတယ်။ သူလုပ်ချင်တာ တဇွတ်ထိုးလုပ်တတ်တဲ့ ပုံစံပေမဲ့ သူချစ်တဲ့သူ၊ သူ့သူငယ်ချင်းတွေလုပ်သမျှကိုလည်း အနွံတာခံတတ်တဲ့ ရုပ်မျိုး။ တစ်ချို့က သူ့ကို ရုပ်ဆိုးတယ်လို့တောင် ပြောကြသေး။ ဒါပေမဲ့ ကျွန်မက ချစ်တယ်။ ချစ်ခဲ့တယ်။ ချစ်နေတုန်း…။

သူ ဘယ်လောက်ဆိုးတယ်ဆိုတာ ကြားတယ်။ သတင်းတွေကတော့ ဒီလိုပါပဲလေ။ သူ မိန်းမရသွားတော့ ၀မ်းသာမိတယ်။ သူ့အတွက်အထိန်းအကွပ်လေးတစ်ခု ရှိသွားတာပေါ့ လို့ တွေးမိတယ်။ သူ့သီချင်းတွေထဲအကုန်နီးပါးကို ကျွန်မ ခံစားလို့ ရတယ်။ သူက နှလုံးသားတစ်ခုလုံး ပုံနှစ်ပြီး သီချင်းဆိုတာ။ သူသာ ရှိနေရင် ကိုယ်ပိုင်သံစဉ် သီချင်းချိုချိုလေးတွေ ကျွန်မတို့ နားထောင်နေရဦးမှာ။ သူ ဆုံးသွားပြီးတဲ့နောက် သူ့အမှတ်တရ သီချင်းတွေ အခွေထွက်လာတော့ ကျွန်မ ၀ယ်ကြည့်ဖြစ်တယ်။ လွမ်းလိုက်တာ….။ တကယ်ပါပဲ။

သူကိုယ်တိုင် သရုပ်ဆောင်ထားတဲ့ တစ်ချို့သီချင်းတွေထဲမှာ ရယ်စရာ ချစ်စရာကောင်းအောင် လုပ်ထားတဲ့ သူ့ကို တွေ့ရတယ်။ တကယ်တော့ သူက ရည်ရွယ်လုပ်တာ ဟုတ်ချင်မှ ဟုတ်မယ်။ ဒါပေမဲ့ အဲဒီ သူ့ ရိုးစင်းမှုကိုက ချစ်စရာ။ ရေကူးကန်သေးသေးလေးထဲကနေ ရေငုပ်သမားဝတ်စုံနဲ့ တက်လာတာမျိုး၊ အဲသလို ကြောင်တယ်လို့ ထင်ရတာတွေ သူ လုပ်တတ်တယ်။ သူ့မျက်နှာက တကယ် အသေအချာ၊ သူ နောက်နေတာ မဟုတ်ဘူး။ ဒါပေမဲ့ ပြုံးချင်စရာရယ်။ နောက်ပိုင်း သူ့သတင်းတွေတော့ ကြားနေ ရပြန်တယ်။ သူ ဘယ်လိုဆိုးတာတွေ။ ကျွန်မ မသိနိုင်ပါဘူး။ ဒါက သူ့ ကိုယ်ရေးကိုယ်တာကိစ္စတွေပဲလေ။ အနုပညာနဲ့ ပတ်သက်ရင်တော့ သူက၊ သူ့ဆိုဟန်တွေက ကျွန်မကို ဆွဲငင်နိုင်လွန်းတယ်။ သူဟာ အရိုးများထိအောင် ရူးသွပ်သွားခဲ့တဲ့သူရယ်လေ….။

♩ ♬ ♭♩  ရင်ထဲက ချစ်ဦးမေ ငါ တမ်းတသိတ်လွမ်း….နေ မင်းခြေသံလေး  မင်းရယ်သံလေး ငါပြန်ကြားရင်း ဘာကြောင့်များ ငါလွမ်းဆွေးနေ….ရင်ထဲက ချစ်ဦးမေ ငါ တမ်းတသိတ်လွမ်း….နေ မင်းအမူအရာလေး  မင်းမတူတာလေး ငါပြန်ကြားရင်း ဘာကြောင့်များ ငါလွမ်းဆွေးနေ…. ♭♩ ♬

♩ ♬ ♭သိတ်ချစ်မိလို့များ အပြစ်ဖြစ်ရတာလားကွာ မကြင်နာချင် နေပါ မညာပါနဲ့ကွာ ရင်မှာ အရှိအတိုင်း လက်ခံမယ် အသည်းကွဲရအောင်လို့ မင်းရက်စက်ရင်လည်းကွာ ဒဏ်ရာတွေကိုသာ ခံယူရင်းနဲ့ ရင်မှာ ဆက်ပြီး ချစ်နေမှာ ဒီလို မချစ်ဘူး မပြောပါနဲ့ မင်းလုပ်သမျှ အားလုံးကို ကြေနပ်တယ် ယုံပါ ဒီအချစ်များ  မငြင်းပါနဲ့ မင်းဘ၀အတွက်အကောင်းဆုံး ကိုယ် ဖန်တီးလို့…. ♩ ♬ ♭

ရူးပါစေ ငါ တကယ်ရူးသွပ်သွားပါစေ လွတ်လပ်စွာနဲ့ ဆက်လို့ချစ်နေဦးမယ် ပြောပါစေ လူတွေ ၀ိုင်းပြောကြပါစေ ငါ ဂရုမစိုက်နိုင်ဘူး ဆက်လို့ ချစ်နေဦးမယ် ကမ္ဘာကြီး ပျက်စီးပြိုလဲ မှောင်မိုက်နေလည်း ငါမင်းတစ်ယောက်ထဲကိုပဲ ရင်ထဲမှာအမြဲ ဘ၀ တစ်သက်စာ… ဘ၀တစ်သက်စာ….
အဆုံးမသိ ဘယ်လိုအစပြုရမလဲ အချစ်ထက်ပိုပြီး ကျန်တာကို စွန့်လွှတ်ရဲတယ် ♩ ♬♩ ♬

♩ ♬မိုးကောင်းကင်မျက်နှာကျက်မှာ ကြယ်ပွင့်လေးများနဲ့အတူ မင်းကိုငါ ဖြန့်ကြဲလို့ထားလိုက်ချင် သိမ်မွေ့တဲ့ နူးညံ့တဲ့ မင်းအပြုံးတွေ ကမ္ဘာမြေအနှံ့ ငါ ဖူးပွင့်နေ ပန်းရနံ့လို ရင်ခွင်ထဲ ငြိမ်းချမ်းလို့သွား မိန်းကလေးရေ မင်းအချစ် မင်းအမုန်း အားလုံး အားလုံး  အားလုံးကို ငါ တကယ်မြတ်နိုးလို့ စွဲမြဲလို့ချစ်နေမှာ တစ်သက်လုံး…. ခွင့်ပြုပါ ကြင်နာလို့ ချစ်ပါရစေတော့….

ပညာရှင်တစ်ယောက်လို သူဆိုတဲ့ သီချင်းအမျိုးအစားတွေကို ကျွန်မ နာမည်မတပ်တတ်ပါဘူး။ အများကြီးပါ….။ ကျွန်မကြိုက်တဲ့ သူ့သီချင်းတွေကို ရေးပြရရင်တော့…..။ ဘယ်သီချင်းကိုပဲ ရေးရေး၊ ဆိုဆို နှလုံးသားနဲ့ ပုံနှစ်ပြီး ရေးတတ်ဆိုတတ်တဲ့သူမို့ ထင်ပါရဲ့၊ သူ့သီချင်းတွေ နားထောင်လိုက်တိုင်း ရင်ထဲကို တကယ်ထိရှနေအောင် ခံစားမိရတယ်။ သူသာ ရှိနေသေးရင်၊ အခွင့်အရေးများ ပေးခဲ့ရင်….ကျွန်မလေ တစ်ခုလောက် တောင်းဆိုချင်မိတယ်။

သူ ဟော်လိုဂစ်တာလေးတီးပြီး သီချင်းဆိုတာကို ကျွန်မ ဘေးကနေ ထိုင်နားထောင်ခွင့် ရချင်တယ်။ အဲဒါလေးပဲ။ ဖြစ်နိုင်ခွင့် မရှိတော့ဘူးနော်….။ သူ့အတွက်တော့ သူဟာ…ဘ၀ကြီးကို အနိုင်နဲ့ ပိုင်းသွားပြီး မိုးကောင်းကင်ဘုံမှာ ဆက်လက်ရှင်သန်ခွင့် ရသွားခဲ့သူ….။ ကျွန်မ လွမ်းနေမိပါတယ်။

ကိုဒိုးလုံးရေ ရှင်ထားခဲ့တဲ့ သီချင်းလေးတွေအတွက် ကျေးဇူးပါ။ ရှင့်ကို လွမ်းတိုင်း ရှင့်သီချင်းတွေနားထောင်၊ နားထောင်လိုက်တိုင်း ရှင့်ကိုလွမ်းနေရင်းနဲ့ပဲ…..။


Friday, September 21, 2012

စစ်မီးတွေ ငြိမ်းစေ....လက်များနဲ့...

သေနပ်တွေကို ဘေးချ
ကျွန်တော်တို့ စကားပြောကြရအောင်
နိုင်ငံရေး  စီးပွားရေး လူမျိုးရေး  ဘာသာရေး
အတ္တ  မာန  ခံယူချက်  ရပ်တည်ချက်

ပျော်ဝင်နေခဲ့တဲ့ခင်ဗျားတို့သွေးသားတွေ ခဏလေး အရောင်ချွတ်ထားခဲ့လိုက်ပါ
ကျွန်တော်တို့ ဒိုင်ယာလော့ဂ်တွေ လိုအပ်တယ်


လက်ညှိုး တစ်ချက်အကွေးမှာ
 
ခင်ဗျားပြောင်းဝက ထွက်လာတာ ပန်းတစ်ပွင့် မဟုတ်ဘူး 
ခင်ဗျားလက်ညှိုး တစ်ချက်အကွေးမှာ
မိနဲ့ ဘနဲ့ကနေ မိမဲ့ ဘမဲ့ ဖြစ်သွား
အိမ်နဲ့ ယာနဲ့ကနေ အိမ်မဲ့ယာမဲ့ ဖြစ်သွား
ခင်ဗျားကျည်တစ်တောင့်ဟာ...
အသက်တစ်ချောင်းတင် မဟုတ်
ဒိုမီနိုအဖက် ခင်ဗျား ကြားဖူးမယ်ဆိုရင်
တစ်ခုထိ အကုန်ပြိုလဲ
ချိတ်ဆက်မှီတွဲထားတဲ့ ဘ၀တွေ  ဘ၀တွေ
အသက်တစ်ချောင်းနောက်မှာ ဘ၀များစွာ အနာဂတ်များစွာ
ခြေအပြတ် လက်အပဲ့တွေ ၀တ်ဆင်ထားတဲ့  စစ်
အသက်ခန္ဓာတွေ အစိမ်းလိုက် ၀ါးမြိုထားတဲ့  စစ်
စစ်ဟာ...
ဘ၀ ဘ၀များစွာတွေကို ကန်းစေခဲ့
 

မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးဆိုပြီး လက်တုန့်ပြန်နေကြရင်
ကမ္ဘာကြီးတစ်ခုလုံး အကန်းတွေ ဖြစ်ရော့မယ်တဲ့ ဂန္ဒီက ပြောတယ်
အကန်းတွေ အကန်းတွေ ခင်ဗျားတို့ဘက်မှာ ကျွန်တော်တို့ မြို့ကလေးမှာ
ကျွန်တော် အနာဂတ်ကို မြင်ချင်တယ်ဗျာ
ယမ်းငွေ့တွေ တဝေေ၀ သွေးတွေ တပွက်ပွက်
အသက်ငင်နေတဲ့ နေ့တွေ ညတွေဟာ ဖက်နဲ့ထုတ်လို့တောင် မလောက်နိုင်တော့


♩ ♬ ကျည်ဆန်တွေဆိုတာ ပြတိုက်မှာ  ကမ္ဘာမှာ မလိုတော့ဘူး
စိတ်ကူးယဉ်အိပ်မက် ငြိမ်းချမ်း  ရင်မှာ ပျော်ပြီလေ...ကြည်နူး♭♩ ♬

မဟုတ်ဘူး  စိတ်ကူးယဉ် မဟုတ်ဘူး 
လက်တွေ့ ဖြစ်နိုင်တယ် လုပ်ကြည့်လိုက်စမ်းပါ

ဒါဟာ ဖြစ်နိုင်တဲ့အရာ 
လူသတ်လက်နက်တွေ မီးပုံမရှို့ခင်
ခင်ဗျားတို့ရင်ထဲက စစ်သွေးကြွစိတ်ဓါတ် အစွန်းအထင်းတွေကိုသာ
အရင်
မီးပုံရှို့လိုက်ကြစမ်းပါ 
ဒါတွေဟာ စစ်ပွဲတွေရဲ့ တရားခံစစ်စစ်
 

ကျေးဇူးပဲဗျာ...
တစ်နေ့...
ကျွန်တော်တို့လက်ချင်းတွေ မြဲခိုင်မဲ့ တစ်နေ့
 
ကျွန်တော်တို့မျက်ရည်တွေ ခမ်းခြောက်မဲ့ တစ်နေ့
စစ်မြေပြင်က တိုင်းပြည်ရဲ့သားကောင်းတွေ အမေ့ရင်ငွေ့ ခိုလှုံနိုင်မဲ့ တစ်နေ့
 

ခဏလေး နားထောင်ဗျာ...
ကျွန်တော်တို့ စကားပြောကြရအောင်....




 

Thursday, September 20, 2012

ထွေရာလေးပါး-၅

ထွေရာ-၁
"အတ္တစိတ်ဟာ လူတစ်ကိုယ်လုံး ဖုံးလွှမ်းကာ"

ခုခေတ်လူငယ်တော်တော်များများ ပရဟိတအလုပ်တွေ လုပ်လာကြတာ ကောင်းတဲ့ကိစ္စပါပဲ။ အဲဒါနဲ့ ဆန့်ကျင်ဘက် အတ္တဟိတကို တွေးမိတော့ ကျွန်မ အလိုလိုပြုံးမိရတယ်။ ကျွန်မအိမ်ကလူ ပြောတာ သတိရမိသွားလို့ပါ။ စဉ်းစားကြည့်လေ လူတွေဟာ Group Photo ကြည့်ရင်တောင် ကိုယ့်မျက်နှာကို အရင်ကြည့်လေ့ရှိကြတာ မဟုတ်လား တဲ့။ သေချာတာပေါ့ လို့ ကျွန်မက ပြန်ပြောလိုက်တယ်။ အတ္တနဲ့ ပရ ညီမျှနေရင်တောင် မဆိုးဘူးလို့ ပြောရမှာ။ ကိုယ့်ဖို့ ကိုယ့်ဖို့ဆိုတာပဲ ကြည့်နေရင်တော့ စိတ်ပျက်စရာရယ်။ (အတ္တကြီးသူများ ဘောလုံးကန်ခိုင်းလိုက်ချင်တယ်၊ ကွင်းစ-ကွင်းဆုံး ဘောလုံးကို သယ်စမ်းကွာ တစ်ယောက်ထဲ) ♩ ♬ ♭ အတ္တစိတ်ဟာ လူတစ်ကိုယ်လုံး ဖုံးလွှမ်းကာ ကိုယ့်အရိပ်ကို ရန်သူထင်တယ် ဦးနှောက်ထဲမှာ လိုချင်တာပဲ သိ ♩ ♬   ဆိုတဲ့ မေဆွိသီချင်းလေး သတိရမိ။

ထွေရာ-၂
"ကမ္ဘာကြီး ပျက်တော့မှာလား"

ခုတစ်လော ဆူညံဆူညံတွေ ကမ္ဘာအနှံ့ကြားနေရပြန်ပြီ။ ဂျပန်နဲ့ တရုတ် ကျွန်းကိစ္စ၊ အင်နိုးဆန့် အော့ဖ်မွတ်စလင် ဗီဒီယိုကိစ္စ၊ ဆီးရီးယားပြည်တွင်းစစ်ကိစ္စ၊ တရုတ်နဲ့ အာဆီယံနိုင်ငံတစ်ချို့ ကျွန်းလုနေတဲ့ ကိစ္စ...။ ရွာက ပြည်တော်ပြန်တွေ ကိစ္စ၊ ပြန်လည်ထူထောင် နေရာချထားရေး ကိစ္စတွေ.....။
ပြီးတော့ သေလိုက်ကြရင် အစုလိုက် အပြုံလိုက် ဟိုမှာ ဒီမှာ၊ ကမ္ဘာကြီးက ဒီလိုနဲ့ပဲ သူ့နည်းသူ့ဟန်နဲ့ တစ်စတစ်စ ပျက်ယွင်းနေပြီလားတောင် တွေးမိပါရဲ့။ (ဆရာတော်တွေ ဟောတရားအရတော့ ကမ္ဘာပျက်ချိန် မဟုတ်လောက်သေးပါဘူး) တစ်လက်စထဲမှာပဲ လူ့အသက်တစ်ချောင်းရဲ့ အစိုးမရလိုက်ပုံ၊ ဒီနေ့လား၊ မနက်ဖြန်လား၊ ခဏကြာရင်လား၊ လက်တစ်ဖျစ်တီးမှာလား...လားပေါင်းများစွာထဲ ပုံအပ်ထားရတဲ့အသက်တွေ။ ဒီတစ်ခါ ကမ္ဘာစစ်များဖြစ်လို့ကတော့ အုန်းကနဲပဲ ကုန်မှာ။ သိတ်မြန်တယ်။ နူ့တွေ ပိုင်ဆိုင်နေကြတော့ အရင်ကလို မကြာဘူး။ သိချင်မှတောင် သိလိုက်မယ်။ လက်ရှိအချိန်မှာ အသက်ရှင်ခွင့်ရှိနေချိန်လေး ကိုယ်ရော၊ ကိုယ့်ပတ်ဝန်းကျင်ပါ  ကိုယ်စိတ်နှစ်ပါးလုံး ချမ်းသာအောင် ဘယ်လိုနေမယ်၊ ဘယ်လိုအသုံးချမယ်ဆိုတာ စဉ်းစားသင့်တယ်။ တရားရှူ့မှတ်ဖို့လည်း သတိတရ အချိန်ပေးစေချင်သေးတယ်။

ထွေရာ-၃
"ရိုးရှင်းတဲ့ အဖြူရောင်"

တစ်လောက မင်္ဂလာဆောင်ဖိတ်စာလေးတစ်စောင် ရတယ်။ ခင်မင်ရတဲ့ ချစ်စဖွယ် ညီမငယ်လေးတစ်ယောက်ရဲ့ချစ်သူနဲ့ စုလျားရစ်ပတ်တော့မဲ့ သတင်းပေးစာလေး ဆိုပါတော့။ ဖွင့်ကြည့်လိုက်တော့ စိတ်ထဲ အတော်လေး အလိုကျသွားတယ်။ မိဘနှစ်ပါးနဲ့ မောင်ဘယ်သူ မဘယ်သူတို့ရဲ့ မင်္ဂလာ ဒါပဲ။ ဘာဘွဲ့  ညာဘွဲ့တွေ မပါဘူး၊ ဘယ်ကုမ္ပဏီ လိမိတက် (စင်္ကာပူ) တွေ ဘာတွေ မပါဘူး။ နောက်မှာ ဘာအမြီးမှ ထည့်မထားဘူး။ ရိုးရှင်းတဲ့ ဖိတ်စာလေး...။ ပကတိ အဖြူရောင်။ အဲလိုကလေး မြင်ရတာ စိတ်ထဲ အေးချမ်းသွားမိတယ်၊ ဘာရယ်လို့တော့ အတိအကျ မပြောတတ်ဘူး။ (အသက်ကြီးလာလို့ ရိုးရှင်းတာတွေ ပိုသဘောကျလာတာလည်း ဖြစ်နိုင်ကောင်းပါရဲ့)

ထွေရာ-၎
"ခန္ဓာရဲ့ အနတ္တ"

လေး-သုည ဆေးရုံဝ တဲ့။ ကျွန်မဖြင့် ဆေးရုံဝ မပြောနဲ့ ဆေးရုံမှာတောင် ကျွန်မအတွက် သီးသန့်မီးပွိုင့်တပ်ထားရတော့မယ်။ ၀င်ချည် ထွက်ချည်တွေ များလွန်းလို့။ တကယ်ပဲ။ အရင်က လူကြီးတွေ ညည်းကြတာကို နားမလည်နိုင်ဘူး။ ဟိုနားက နာ၊ ဒီနားက နာနဲ့။ အကောင်းအတိုင်း လုံးဝရှိနေတဲ့ နေ့တွေက အတော် ရှားလာတယ်။ အမေတို့များ ၆ယောက်မွေးလာတာ အံ့ကိုသြယူရတယ်။ ကျွန်မဖြင့် ကလေးမရှိတာတောင် ကိုယ့်ကိုယ်ကို အနိုင်နိုင်။ ဖော့ပြောရမယ်ဆိုရင် အမေတို့ခေတ်က မိန်းမတွေက အပြင်ထွက် အလုပ်မလုပ်ရဘူးလေ။ နောက် အသိုင်းအ၀ိုင်းဆွေမျိုးတွေကြား တစ်ယောက် တစ်လက် ၀ိုင်းထိန်းကြရင်း ကလေးတွေ အရွယ်ရောက်လာကြရတာ။ ကျွန်မတို့ ခုခေတ်က မိန်းမတွေ အပြင်ထွက် အလုပ် လုပ်ကြရပြီ။ နိုင်ငံရပ်ခြားမှာမို့ (ကလေးထိန်းမဲ့သူ မရှိရင်၊  မငှားနိုင်ရင်) ကလေးတာဝန်က ကိုယ်တွေအပေါ်ပဲ ပုံကျလာတော့ သားသည်မိခင်များ ပင်ပန်းကြရရှာတယ်။ 

ပြောချင်တာက ကျန်းမာရေး...တော့ပစ်က ပြောရင်းနဲ့ ချော်တော့မယ်။ ထားပါတော့။
ဆရာတော်ကြီးတွေ ပြောလေ့ရှိကြတဲ့ ခန္ဓာဝန်ကြီးကို ချချင်ပြီတို့၊ ခန္ဓာကြီးက လေးလံလိုက်တာတို့ ဆိုတာကို အရင်က နားမလည်ဘူး။ ခုတော့ သိပြီ။ လေးလံလိုက်တဲ့ ခန္ဓာကြီး၊ တစ်နေ့ထက် တစ်နေ့ အပျက်ဘက်ကို ဦးတည်သွားနေတယ်ဆိုတာကိုလည်း သိနေတယ်။ ဟိုကဖြစ်လိုက် ဒီကနာလိုက် ဒီလိုနဲ့ပဲ။ ငယ်ငယ်တုန်းကလို ပေါ့ပါးလန်းဆန်းနေတဲ့ အရွယ် မဟုတ်တော့တာ အသေအချာ။ ဖြတ်သန်းရမှာပဲပေါ့ ဒီလိုပဲ။ အရွယ် သုံးပါးလုံးကို သိက္ခာရှိရှိ သတ္တိရှိရှိ ဖြတ်သန်းနိုင်တယ်ဆိုရင်ပဲ နည်းသလား။  ဒီခန္ဓာကြီးဟာ ကိုယ်က ဘယ်လောက်ပဲ  သူ့အလိုလိုက်လိုက်၊ သူကတော့ သူ့သဘောနဲ့သူ ဖောက်ပြန်နေတယ်ဆိုတာ သိထားပြီးသား။ ဒါကို နှလုံးသွင်းမှန်ဖို့ပဲလိုတာ မဟုတ်လား။

Monday, September 17, 2012

ချစ်ကြည်အေးနှင့် အင်တာဗျူးများ

ကျွန်မ စာမရေးနိုင်သေးခင်မှာ အရင်က ရေးထားတာလေးတွေထဲက အင်တာဗျူးလေးတွေ ပြန်တင်ပေး လိုက်ပါတယ်။ ကြာပါပြီ။ အပိုင်း ၃ပိုင်းရေးထားပြီးနောက် အပိုင်း ၄ကို မဆက်နိုင်သေးတာ ကြာပြီဆိုပါတော့ရှင်။ အဲဒီတုန်းကတော့ ဘာရေးရေး ပျော်စရာလေးတွေ စဉ်းစားပြီး ရေးဖြစ်ခဲ့တာ။ ခုတော့ အဲလိုများ မပျော်နိုင်တော့လို့လား တွေးနေမိပါရဲ့။ ကျွန်မကိုယ်တိုင် ပြန်ဖတ်ပြီး ပြုံးမိခဲ့ရတာလေးတွေမို့ မဖတ်ရသေးသူတွေအတွက် ပြန်လည်တင်ပေးလိုက်ပါတယ်။ အနည်းဆုံးတော့ ပြုံးမိသွားတယ်ဆိုရင်ပဲ ကျွန်မ ပြန်တင်ပေးရကျိုးနပ်ပါပြီလေး)

ချစ်ကြည်အေးနှင့် အင်တာဗျူး-၁
 

စကားချပ်...

(အောက်ပါ အင်တာဗျုးသည် ခွက်ခွက်လန်မဂ္ဂဇင်းမှ မောင်ဘလာဂေါ်နှင့် ချစ်ကြည်အေးတို့ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃၀ရက်နေ့က ပြုလုပ်ခဲ့ကြသော အိတ်ကလုစစ် အင်တာဗျူး ဖြစ်ချေ၏။ မြန်မာပြည်ရှိ စာစောင်များ၊မဂ္ဂဇင်းများတွင် အုံးအုံး နှင့် ကြွက်ကြွက်ဖော်ပြပြီးသကာလ ယခုအခါ ဘလော့ဂ်ဖတ်လာ ပိတ်သတ်ကြီးများ ဖတ်ရှုစေလိုခြင်းအလို့ငှာ ပြန်လည်ဖော်ပြလိုက်ရပေသည်။)

မောင်ဘလာဂေါ်း ခုလိုအင်တာဗျူးခွင့်ပေးတဲ့ ဆရာမ ချစ်ကြည်အေးကို ကျွန်တော်များ ခွက်ခွက်လန် မဂ္ဂဇင်းတိုက် ကိုယ်စား ကျေးဇူးစကား ပဏာမ ပြောကြားလိုပါတယ်။ မေးခွန်းအားလုံး ၅ခု ပြင်ဆင်ခဲ့ ပါတယ်၊ ဆရာမ အသင့်ဖြစ်ပါပြီလား ခင်ဗျာ ...

ချစ်း နှုတ်မှမဖြေ၊ ခေါင်းကလေး အသာငဲ့ပြ၏။

ဂေါ်း ဆရာမ မွေးနှစ် သက္ကရာဇ်လေး တဆိတ်သိပါရစေခင်ဗျာ ...
ချစ်း အိုကွယ်...မင်းနှယ် အမျိုးသမီးတယောက်ကို ဒီမေးခွန်း မေးစရာလား၊ မပြောလိုက်ချင်ဘူး၊ အစ်မကို မွေးပြီးမှ သင်္ကြန်ကျတာ အခါ လေးဆယ်ရှိပြီကွဲ့...

ဂေါ်း ယနေ့ အမျိုးသမီးများသည် အမျိုးသားများနှင့် ရင်ဘောင်တန်းနိုင်ကြပြီ ဆိုတာနဲ့ ပတ်သက်လို့ ဆရာမရဲ့ စွမ်းဆောင်မှုလေးတရပ် နဲ့ သက်သေပြစေချင်ပါတယ်ခင်ဗျာ..
ချစ်း ခေတ်အဆက်ဆက်မှာ အစ်မတို့ အမျိုးသမီးတွေကချည်း မေတ္တာစာ အပေးခံလာရသမို့လား၊ ဒီတော့ အစ်မလက်ထက်မှာ မေတ္တာစာ ၁၀ စောင် မိတ္တူဆွဲပြီး အမျိုးသား ၁၀ ယောက်ကို တနေ့တည်း အပြတ် လိုက်ပေးခဲ့တယ်လေ...။

ဂေါ်း ဪ...ဪ..စွမ်းစွမ်းတမံပါပဲ ခင်ဗျာ..။ နောက်မေးခွန်း တခု ဆက်ပါအုံးမယ် ။ တိုင်းပြည်အပေါ် အပြုသဘောဆောင်တဲ့ အပြောင်းအလဲလေး တစ်ခုလုပ်ပိုင်ခွင့် ရခဲ့ရင် ဆရာမ အနေနဲ့ ဘာများပြောင်းပစ်ချင်ပါသလဲခင်ဗျာ
ချစ်း (အလေးအနက်စဉ်းစားဟန်ဖြင့် တခဏမျှ ငြိမ်သက်ပြီးသော်...)
အင်း....အစ်မတို့ တောင်ကျွန်းသားတွေက ဇဗ္ဗူဒီပါ လက်ယာတောင်ကျွန်း ဩဘာနိမိတ်ထွန်းလို့ ဆိုရအောင် အတိတ်နမိတ်၊ အခေါ်အဝေါ် တွေကို ဂရုထား ကြတယ် မဟုတ်လား၊ ဒီတော့ အစ်မသာ ပြောင်းလဲခွင့်ရှိမယ်ဆို အစ်မတို့ရဲ့ ငွေကြေးယူနစ်ကို တကျပ်တပြား အစား တချောင်တလည် လို့ ပြောင်းပစ်ချင်တယ်ကွယ် ၊ မင်းပဲ စဉ်းစားကြည့်လေ..လူတွေမှာ စီးပွားရေး ကြပ်တည်းရတဲ့အထဲ ပြားရ အုံးမယ် ဆိုတော့...။

ဂေါ်း မှတ်သားလောက်ပါတယ်ခင်ဗျာ..၊ ဆရာမ အခု စင်္ကာပူမှာ ဘလော့ဂ်ရေးနေတယ်လို့ သိရပါတယ်၊ ဒီတော့ ဆရာမရဲ့ ဘလော့ဂ် လူအဖတ်များအောင် ဘယ်လိုများ ပရိုမုတ် လုပ်ပါသလဲ...
ချစ်း ဪ...ဒါကလွယ်ပါတယ်၊ လူအဖတ်များအောင် လူအရည်တွေ စစ်ချလိုက်တာပေါ့ကွယ်...
ဂေါ်း ဗျာ...မနောက်ပါနဲ့ အစ်မရယ်...
ချစ်း မနောက်ပါဘူး မောင်လေးရယ်....။

ဂေါ်း ဟုတ်ကဲ့...နောက်ဆုံးမေးခွန်းပါ ခင်ဗျာ ၊ ဆရာမ ခုလို တမုဟုတ်ချင်း နာမည်ကြီးလာအောင် ဘယ်လိုများ ကြိုးစားရေးခဲ့ပါလဲ ခင်ဗျာ...
ချစ်း ဒါလား...သူများတွေ ဖောင့်ဆိုက် ၁၀ နဲ့ ရေးနေချိန်မှာ အစ်မက ဖောင့်ဆိုက်၄၈နဲ့ ရေးချ ပစ်လိုက်တယ်လေ...အဟင်းဟင်း။

ချစ်ကြည်အေးနှင့် အင်တာဗျူး-၂

ယခု ဖော်ပြမည့် အင်တာဗျူးမှာကား ခွက်ခွက်လန် မဂ္ဂဇင်းတိုက်မှ မောင်ဘလာဂေါ် စင်္ကာပူရောက်ခိုက် ဆရာမချစ်ကြည်အေး နေအိမ်တွင် တွေ့ဆုံ မေးမြန်း သွားသည်များအား ဖောက်သည် ချခြင်း ဖြစ်ပေသည်။ မြန်မာပြည်ရှိ စာစောင် မဂ္ဂဇင်းများ၌မဖော်ပြမီ ဘလော့ဂ်ဖတ်လာ ပိတ်သတ်ကြီး များအား ဦးဦးဖျားဖျား တင်ပြလိုက်ရပေသည်။

ဂေါ်း ဆရာမ နေကောင်းရဲ့နော် (နှုတ်မှ မဖြေ ပြုံးပြ၏ ၊ ကောင်းသည့်သဘော)
ဒါဆို မေးခွန်းလေးတွေ စလိုက်ကြရအောင်....

ဂေါ်း ဆရာမ စာအသစ်တင်တိုင်း ပရိသတ်တွေ လာ လာဖတ်ကြတာ တွေ့ရတယ်ဗျ ၊ အဲဒီလို ပရိသတ် မျက်ခြေမပြတ်တာ ဆရာမ ရေးတဲ့စာ အမျိုးအစား ကြောင့်ပါလားခင်ဗျာ..
ချစ်း အဟင်း ဟင်း...အဲဒါက စာအမျိုးအစားနဲ့ မဆိုင်ဘူးကွဲ့ ၊ ဘလော့ဂ်နီးချင်းတွေဆီက ပိုက်ဆံ လှည့်ချေးထားတော့ သူတို့ အစ်မကို မျက်ခြေပြတ် မခံကြဘူးလေ...ဟက်ဟက်...

ဂေါ်း ကျနော်တို့ မြန်မာပြည်က စာရေးဆရာ တချို့ဟာ စာကောင်းပေမွန်တွေ အဆင့်မြင့်မြင့် ပေါ်ထွက်ရေးအတွက် အဆင့်မြင့် ဟိုတယ်တွေမှာ တက်ရောက် စာရေးလေ့ ရှိပါတယ် ၊ ဆရာမ အနေနဲ့ရော ဒီမှာ ဘယ်လိုစာရေးပြီး မြန်မာပြည်ပြန်တဲ့အခါ ဘယ်မှာများ စာရေးပါသလဲ...။
ချစ်း အင်း ခုတလော မိုးတွေ ရွာနေတာနဲ့ပဲ အရင်လိုတောင် အထပ် ၄၀ တိုက်ခေါင်မိုးပေါ် တက်မရေးနိုင်တာ ကြာပြီရော...၊ မြန်မာပြည် ပြန်ရင်တော့ မိုးလုံလေလုံ ထုတ်တန်းပေါ် တက်ရေးတယ် ကွဲ့.....

ဂေါ်း "ပေးကားပေး၏ မရ" ဆိုတာကို နောင်လာနောက်သားတွေ နားလည် လွယ်အောင် ရှင်းပြပေးပါအုံး ခင်ဗျာ ...
ချစ်း (မေးစေ့လေးပွတ်၍ စဉ်းစားပြီးသော်... ) အစ်မတို့ မြန်မာပြည်ကြီးမှာ တနေ့ကို ၂၄ နာရီလုံး အချိန်ပြည့် လျပ်စစ်မီးတွေ ပေးနေတယ်လေ...၊ အဲ...သတင်းစာထဲမှာပေါ့ကွယ်...၊ ဒီတော့ သတင်းစာ ဝယ်မဖတ်နိုင်တဲ့သူတွေ အချိန်ပြည့် မီးမရကြဘူး....

ဂေါ်း စင်္ကာပူမှာ နေရာပေါ်လိုက်ပြီး အိမ်ဈေးကြီးတယ်လို့ သိရတယ်ဗျ ၊ ဆရာမ အိမ် ၃ လုံးဝယ်ထားတယ် ကြားတာ ဒါက ပထမဆုံးအိမ်ပေါ့နော်...နောက် ၂ လုံးကရော ဘယ်နေရာမှာများ ဝယ်ထားလဲဗျ...
ချစ်း စတိုခန်းထဲမှာ...
ဂေါ်း ဗျာ...
ချစ်း လူနေဖို့ ဟုတ်ဖူး...ငှက်မွေးဖို့ရယ်....

ဂေါ်း ဆရာမက လက်ရှိမှာ ဝင်ငွေ အရမ်းကောင်းနေတော့ အခွန်ရှောင်တယ် လို့ နာမည်ကြီး နေတယ် အဲဒါလေး တဆိတ်ရှင်းပေးနိုင်မလားဗျာ...
ချစ်း (မျက်လုံးလေးပြူး၍...) အို...ကောလဟာလတွေ မယုံပါနဲ့ကွယ် ၊ အစ်မဖြင့် ခုတလော အလုပ်တွေ များလွန်းလို့ ဒူးရင်းသီးနဲ့ ငှက်ပျောသီးကလွဲလို့ ကျန်တာတွေ အခွံတောင်မရှောင်နိုင်ဘဲ ဝါးစားပစ်နေရ ပါရောလား....။

ချစ်ကြည်အေးနှင့် အင်တာဗျူး-၃

ဆရာမ ချစ်ကြည်အေး ရွာပြန်စဉ် ခွက်ခွက်လန်စာအုပ်တိုက်မှ မောင်ဘလာဂေါ်နှင့် ပြောဖြစ်ခဲ့သော စကားဝိုင်းမှ အချို့အား ပြန်လည် ကောက်နှုတ်ဖော်ပြရသော်....

ဂေါ် : ဟာ ဆရာမ တွေ့ရတာဝမ်းသာတယ်ဗျာ၊ အတော်ပဲ ကျနော်လည်း မေးစရာလေးတွေ ရှိနေတာနဲ့...
ချစ် : ရတယ်ရှင့် မေးပါ

ဂေါ် : ခုချိန်က ကမ္ဘာ့ဖလားပွဲကြီး နီးလာပြီဆိုတော့ ဖိုင်နယ်တက်မဲ့ ၄ သင်း ခန့်မှန်း တာတွေ ခေတ်စားနေတယ်ဗျာ၊ ဆရာမအနေနဲ့ရော ဘယ်၎သင်းကိုများ ထင်ကြေးပေးချင်ပါသလဲ ခင်ဗျာ
ချစ် : အင်း...အစ်မအထင်တော့ အီတလီ၊ အာဂျင်တီးနား၊ ဘရာဇီး နဲ့ စပိန် လို့ ထင်ပါတယ်ကွယ်
ဂေါ် : ပိုင်တယ်ဗျာ၊ ဆရာမအနေနဲ့ ဘောလုံးသမားတွေရဲ့ ခြေကို အတော် လေ့လာပြီး ပြောတယ် ထင်ပါရဲ့ဗျာ
ချစ် : ဘယ်ကလာကွယ်...ညာဘက်အောက် ၃ချောင်းမြောက်နံရိုးကို လက်သန်းလေးနဲ့ထောက်ပြီး ဖြေလိုက်တာ ဆိုပါတော့ကွယ် ဟင်း ဟင်း ဟင်း

ဂေါ် : ဘယ်သူတွေ အခြေအနေ အကောင်းဆုံး ဖြစ်မယ်ထင်ပါသလဲ ဆရာမ
ချစ် : လွယ်လွယ်လေးများ...တို့ရွာက ဘောလုံးလောင်းကစား ဒိုင်ကိုင်တဲ့ သူတွေပေါ့ကွဲ့

ဂေါ် : စကားမစပ် ဆရာမရဲ့ မြန်မာ့ ဘောလုံးအပေါ် အမြင်လေး သိပါရစေခင်ဗျာ
ချစ် : တချိန်ကတော့ မြန်မာ့ဘောလုံး ရွှေခေတ်လို့ ပြောရလောက်အောင်ကို လျမ်းလျမ်းတောက်ခဲ့သပေါ့ ကွယ်၊ အေးလေ ခုလည်း တို့မြန်မာ့ဘောလုံးက ဖုန်းတဂိုးကြီးတုန်းပါပဲ။ ဖုန်း ကနဲဆိုလို့ကတော့ တဂိုးသွင်းပြီးသား၊ တဖက်အသင်းက ကန်သွင်းသွားတာ ပြောပါတယ်။

ဂေါ် : ဆရာမက အကောင်းမြင်တတ်ဖို့ အမြဲပြောလေ့ရှိတယ်နော်၊ အဲဒီ သဘောတရားလေးကို လက်တွေ့ ကျင့်သုံးပြပါလားခင်ဗျာ...
ချစ် : အင်း...ပြောရရင် ပြီးခဲ့တဲ့ တလောဆီက တချို့မြို့ရွာတွေမှာ သောက်ရေ သုံးရေ အတော် ခက်ခဲခဲ့ကြတယ်လေ။ အဲဒီမှာ ပြည်တွင်းပြည်ပက စေတနာရှင်တွေ ပေါ်လာပြီး ပြည်သူလူထုကို ကူညီ လှူဒါန်းခဲ့တာ။ တို့ပြည်သူတွေ ကိုယ်စွမ်းကိုယ်စ၊ ကိုယ်ထူကိုယ်ထနဲ့ ကိုယ့်အားကိုယ်ကိုးကြဖို့ အခွင့်အရေး ကြုံလာတာ၊ တို့ပြည်သူတွေ ကိုယ့်ဒူးကိုယ်ချွန်ပြီး ကိုယ်ရည်ကိုယ်သွေး မြင့်မားအောင် အခြေအနေတွေ ဖန်တီးလာတာလို့ ဆိုချင်ပါတယ်ကွယ်  ဟင်း ဟင်း ဟင်း...
ဂေါ် : ဟုတ်ကဲ့ ကောင်းပါတယ် ဆရာမခင်ဗျာ...

ဂေါ် : ဆရာမလည်း ကြားလိုက်မှာပါ၊ တလောကဖြစ်သွားတဲ့ ရွှေမင်းသမီးလေးနဲ့ အင်တာဗျူးသမားကိစ္စ၊ မီဒီယာတွေရဲ့ အပိတ်ကွယ်ရှင်တွေ၊ အရည်မရ အဖတ်မပါ ပါစင်နယ်မေးခွန်းတွေ ဒါတွေနဲ့ ပတ်သက်လို့ မီဒီယာတွေကို ဘယ်လိုများ အကြံပေးချင်ပါသလဲခင်ဗျာ
ချစ် : တလံအကွာလောက်ကနေ သတိနဲ့မေးပြီး သံခမောက်ဆောင်းသွားဖို့ ပြောချင်ပါတယ်ကွယ်

ဂေါ် : ဆရာမ ကျန်းမာရေး သိတ်မကောင်းဘူးကြားတယ် ခင်ဗျ၊ အခုရော...
ချစ် : ဪ...ကျန်းမာရေးက ကောင်းသွားပါပြီကွယ်၊ ဆရာဝန်က အမျှင်များများပါတာ စားရမယ်ဆိုလို့ တဒါဇင်ကြီးများတောင် ဝယ်ထားသေး၊ အပ်ချည်လုံး အရောင်စုံလေးတွေ....။

Monday, September 10, 2012

မောဟမျဉ်းဖြောင့် တစ်ကြောင်း


(၁)
ကျွန်မနာမည်က စန္ဒာမြင့်တဲ့။ အိမ်မှာတော့ မိစန်လို့ပဲ ခေါ်ကြတယ်။ ကျွန်မက ဒီရပ်ကွက်လေးထဲမှာ မုန့်ဟင်းခါး ရောင်းတယ်။ ပုံ့ပုံ့ဆိုတဲ့ တူမလေးက ကျွန်မရဲ့ လက်ထောက် ဆိုင်အကူပေါ့။ အံမယ် မုန့်ဟင်းခါးသည်ဆိုပြီး လျှော့မတွက်နဲ့။ ကျွန်မက ဘီအက်စ်စီ သိပ္ပံဘွဲ့ ရပြီးသား၊ လမ်းထိပ်က ဆိုက်ကားသမားဦးလေးတွေက ကျွန်မရဲ့ မုန့်ဟင်းခါးကို ဘီအက်စ်စီ မုန့်ဟင်းခါးလို့ နာမည်တပ်ရင်းက ခုတော့ “မိစန် ဘီအက်စ်စီမုန့်ဟင်းခါး” ဆိုတာ ဆိုင်နာမည် အတည်ပေါက်ကြီးကို ဖြစ်လို့။

ကျွန်မ ကျောင်းပြီးတော့ ဘာလုပ်ရပါ့မလဲပေါ့၊ စဉ်းစားတယ်။ ၀င်ငွေလည်း ကောင်းရမယ်။ အိုးမကွာ အိမ်မကွာလည်း ဖြစ်ရမယ်။ ကုသိုလ်လည်း ရ၊ ၀မ်းလည်းဝတဲ့ အလုပ်ဖြစ်ရင် ပိုတောင် ကောင်းဦးမယ်ပေါ့။

ဒါနဲ့ပဲ စဉ်းစားရင်း စဉ်းစားရင်းက နောက်ဆုံးတော့ ကိုယ်ကလည်း အချက်အပြုတ် ၀ါသနာပါ၊ မလှူတတ်ရင် ဈေးရောင်းဆိုတာကလည်းရှိတော့ ကိုယ်ကျွမ်းကျင်တဲ့ မုန့်ဟင်းခါးပဲ အိမ်ရှေ့မှာ ချက်ရောင်းမယ်ဆိုပြီး ထလုပ်ခဲ့တာ။ အဖေတို့ အမေတို့ကတော့ ရုံးစာရေးမလေးပဲ ဖြစ်ဖြစ်၊ ကုမ္ပဏီဝန်ထမ်းပဲ ဖြစ်ဖြစ် လုပ်စေချင်ကြတာပေါ့။ အဲဒါက ကြော့ကြော့မော့မော့လေး လှလှပပလေး ရှိတယ်။ လူအမြင်လည်း တင့်တယ်သတဲ့။ အမေတို့ ပြောသလိုသာဆို မုန့်ဟင်းခါးသည်တွေပဲ လူအမြင်မတင့်ဖြစ်ရတော့မဲ့ပုံ။ တကတည်း…။

အရေးကြီးတာက စားဝတ်နေရေး ပြေလည်ဖို့ပဲလေ။ သမ္မာအာဇီဝဖြစ်တဲ့ ဘယ်အလုပ်မဆို လုပ်ကောင်းတယ်လို့ ကျွန်မတော့ ယုံကြည်တာပဲ။ မဟုတ်ဘူးလားရှင်။

ဆိုင်ဖွင့်စကတော့ အရမ်းပင်ပန်းတာပဲ။ လုပ်ငန်းမကျွမ်းကျင်သေးတော့ကာ ဖတ်သီ ဖတ်သီပဲ။ လူလည်း မျက်ကွင်းတွေကို ညိုလို့။ အစားလျှော့စရာမလိုဘဲ ၀ိတ်ကျသွားလိုက်တာ။ နောက်တော့ မြင်လာတယ်။ အလုပ်တွင်အောင် ဘယ်လိုလုပ်ရမယ် ဆိုတာ သိလာတယ်။ ငှက်ပျောအူတွေ အကွင်းလှီးပြီး ဆနွင်းမှုန့်လေး နဲနဲထည့် ရေစိမ်ထား၊ ဘဲဥ ၂ရက်စာလောက် ကြိုပြုတ်ထား၊ ကြက်သွန်နီဥ အသေးတွေ ကြိုခွာထား၊ ငါးဆီသတ်လည်း တစ်ခါတည်း ပိုလုပ်ထားရတာပေါ့။ တစ်အိမ်လုံးလည်း နားမနေကြရပါဘူး၊ နာမည်တပ်တော့သာ “မိစန် ဘီအက်စီ မုန့်ဟင်းခါး”။ ရေခဲသေတ္တာတော့ ၀ယ်လိုက်ရတယ်။ အဲဒီအထဲပဲ ထည့်သိမ်းရတာကိုး။ အင်ဗာတာလေးတစ်လုံးလည်း မဖြစ်မနေ ၀ယ်ထားလိုက်ရတယ်။ လူတွေသာ အမှောင်ထဲနေလို့ ရမယ်။ ရေခဲသေတ္တာတော့ အသက်ရှင်နေမှ ဖြစ်မှာ။

ခုတော့ လုပ်ငန်းကျွမ်းကျင်အဆင့် ရောက်လာတယ်။ အတွေ့အကြုံက လူကို သင်သွားတာပါပဲ။ အရင်ကလောက် မပင်ပန်းတော့ဘူး။ လူလည်း သနပ်ခါးလိမ်း ပန်းပန်လို့ ကြော့ကြော့လေး ဆိုင်ထွက်နိုင်သလို အလှူပွဲလမ်းတွေ အတွက် အော်ဒါတွေ ဘာတွေ လက်ခံနိုင်တဲ့အဆင့်ထိတောင် ရောက်လာခဲ့ပြီ။

သိသိသာသာ တိုးတက်လာတာက PR လို့ ခေါ်ကြတဲ့ Public Relation လူမှုဆက်ဆံရေးပဲ။ အဟုတ် ပြောတာ။ အရင်က လူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ ကျွန်မက သည်းမခံတတ်ဘူး။ စိတ်တို စိတ်ဆတ်တယ်။ ဒုန်းကနဲဆို ကိုယ်ကလည်း ပြန်ဒိုင်းလိုက်ရမှ။ အဖေကတောင်မှ “ညည်း ဆိုင်ဖွင့်စားလို့ ဖြစ်ပါ့မလား ငါ့သမီးရယ်” တဲ့။

မနက် မနက်ဆို တစ်ခြားရပ်ကွက်နီးချင်းတွေကနေ ချိုင့်ကြီး ချိုင့်ငယ်နဲ့ ပါဆယ်လာဆွဲကြတာကပဲ ဆိုင်မှာ လာစားတာထက်တောင် ပိုများသေး။ တစ်နေ့တစ်နေ့ မုန့်အချိန် ၁၀လောက် အေးဆေးကုန်သွားသလို လူမှူဆက်ဆံရေး နယ်ပယ်မှာလည်း ရွှေတံဆိပ်ရ မိစန် ဖြစ်လာပါရော။

စကားစပ်ပြီးတော့ကို ပြောပြရဦးမယ်၊ ကျွန်မတို့ ရပ်ကွက်ထဲက မုန့်ဟင်းခါးစားသုံးသူ ပရိသတ်ကြီးအကြောင်း တစ်စေ့ တစ်စောင်းပေါ့ရှင်။

မုန့်ဟင်းခါးတစ်ပွဲ လေးရာ၊ အကြော်ပါရင် ငါးရာ ကျွန်မက အဲသလိုရောင်းတာ။ အဲဒါကို ရပ်ကွက်ထဲက အန်းမကြီးလို့ ကျွန်မတို့ ခေါ်ကြတဲ့ တရုတ်သူဌေးမကြီးက ပွဲဝက် မှာစားတယ်ရှင်။ ပွဲဝက်ဆိုရင် နှစ်ရာ့ငါးဆယ်လေ။ ဆင်းရဲလို့၊ မုန့်တစ်ပွဲစာပိုက်ဆံ မတတ်နိုင်လို့ဆိုလည်း ထားပါတော့။ အခုဟာက သက်သက် စေးနှဲတာ။ “တစ်ပွဲဆို မကုန်နိုင်ဘူး မိစန်ရဲ့” တဲ့။ အဲလိုသာပြောတာ၊ ပွဲဝက်ကုန်တော့ သူပဲ မုန့်ဖတ်အဖြူတွေ နှိုက် နှိုက်ပြီး ငံပြာရည် စွတ်ရုံ အစက်ချ၊ ပါးစပ်ထဲ ထိုး ထိုးသွင်းနေတာကိုက မုန့်တစ်ပွဲစာလောက် ရှိတယ်။ ပါးစပ်ကလည်း ကြွားသေးတာ၊ သားတွေ သမီးတွေက နိုင်ငံခြားမှာ၊ တစ်လ တစ်လ ပိုက်ဆံ ဘယ်လောက်ပို့တာ။ အိမ်မှာက သူရယ် သူ့ယောကျာ်း အန်းကုံးကြီးရယ် ၂ယောက်ထဲရှိတာမို့ ဘယ်လိုမှ သုံးမကုန်ဘူးပေါ့။ သုံးသာ မကုန်တယ်၊ မုန့်ဟင်းခါးများ ဘယ်တော့မှ တစ်ပွဲ ၀ယ်မစားဘူး။

ရှိသေးတယ်။ မုန့်အလွတ် မှာစားပြီး ပဲကြော်တွေ ဖဲ့ဖဲ့ စားတတ်သူ။ အကြွေးမရောင်းပါဘူးဆိုလည်း လကုန်မှ ယူအေ ဆိုတာတွေ။ အကြွေးမရောင်းဘူးလေဆိုပြီး ဗိုက်ထဲက ပြန်ထုတ်ခိုင်းလို့ကလည်း မရ။ ငံပြာရည်ထည့်တာ များသွားလို့ မုန့်ဖတ်လေး နဲနဲထပ်ထည့်ပေး၊ မုန့်ဖတ်များသွားတော့ ဟင်းရည်လေး ထပ်ထည့်ပေးပါဦး ဆိုတာတွေ။ ဟင်းရည် နှစ်ခါ သုံးခါ အဆစ်တောင်းတတ်တာတွေကတော့ ရိုးများတောင် ရိုး ဟိုး ဟိုး နေပြီ။ ဘယ်တတ်နိုင်မလဲနော်။ ကျွန်မတို့ ရပ်ကွက်က ဆင်းရဲ ချမ်းသာ လူစုံရောနေတဲ့ဟာ။

ပြောရဦးမယ်။ ကျွန်မမှာ မုန့်ဟင်းခါးရောင်းတဲ့ အလုပ်အပြင် မြောင်းရှင်းတဲ့ အလုပ်လည်း လုပ်ရသေးတယ်။ ကျွန်မတို့ဆိုင်က  အိမ်ဝင်းခြံကို နောက်ထား၊ အိမ်ရှေ့ရေမြောင်းကို ခွပြီး ခုံခင်းထားတာ။ သိကြတဲ့အတိုင်း ကျွန်မတို့ မြန်မာများက ဧရာဝတီ မပြောနဲ့၊ မြောင်းသေးသေး မြင်ရင်တောင် အမှိုက်ပစ်ဖို့လောက် သိကြတာရယ်။

တခါတလေ အမှိုက်တွေ မဆင်းဘဲ ပိတ်နေရင် မကောင်းတဲ့အနံ့အသက်တွေကြောင့် မုန့်လာစားသူတွေ အစားပျက်မှာ စိုးတော့ ကိုယ့်ဘာသာပဲ အမှိုက်ရှင်း မြောင်းဖော် လုပ်ရတော့တာပဲ။ အဲသလို မုန့်ဟင်းခါးသည် တစ်ဖြစ်လဲ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကျွမ်းကျင်သူလည်း ဖြစ်ပြန်သေးတယ်။

(၂)

တစ်နေ့တော့ ဆိုင်သိမ်းခါနီးလောက်မှ အဖွားအိုတစ်ယောက် ဆိုင်နား မယောင်မလည် လာရပ်နေလို့ မေးကြည့်မိတော့ သူ ဘာမှ မစားရသေးတဲ့အကြောင်း၊ ပိုက်ဆံလည်း မပါတဲ့အကြောင်း၊ စားလည်း စားချင်တဲ့အကြောင်း သနားစဖွယ် ပြောရှာတယ်။
ဒါနဲ့ပဲ ကျွန်မက မိပုံ့ကို အဖွားအတွက် မုန့်တစ်ပွဲပြင်ခိုင်းပြီး စားစေတယ်။ အဖွားခမျာ စားလိုက်တာ ခေါင်းကို မဖော်ဘူး။ ကျွန်မကတော့ ကြည့်ရင်းက ၀မ်းနည်းဝမ်းသာရယ်။ ၀မ်းနည်းတာက ဘယ်ကမှန်း မသိတဲ့ ကိုယ့်အဖွားအရွယ်တစ်ယောက် ၀မ်းမီးတောက်နေရှာတာကို ဂရုဏာသက်မိလို့၊ ၀မ်းသာတာက လူအိုတစ်ယောက်ရဲ့ ဆာလောင်မှုကို ဖြည့်ဆည်းပေးနိုင်လို့ပါ။ သူ့ ကြည့်ပြန်တော့လည်း ပေပေတူးတူးနဲ့ရယ်။ တောင်းစားနေတဲ့ ရုပ်မျိုးထဲကလည်း မဟုတ်နိုင်ပြန်ဘူး။

စားပြီးတာနဲ့ ပန်းကန်ကို ဂွပ်ကနဲချရင်း ထွက်သွားတဲ့ အဖွားအိုကိုကြည့်ရင်း ကျေးဇူးတင်စကားလေးတောင်မှ ပြောမသွားဘူးလို့ စိတ်ထဲ ငြိုငြင်မိသလိုလို ဖြစ်မိသား။ အို ကျေးဇူးတင်ခံချင်လို့ ကျွေးတာမှ မဟုတ်တာပဲလေ၊ ဒီလိုစိတ်တွေ မထားကောင်းပါဘူး။ သက်ကြီးရွယ်အိုတစ်ယောက်ကို တစ်နပ်စာ လှူခွင့်ရတာကိုပဲ ကြေနပ်ရမှာမဟုတ်လား။ အဲသလိုလေးတွေးပြီး ကျွန်မရဲ့ စိတ်တွေကို အသာအယာ ချွန်းအုပ် သိမ်းဆည်းလိုက်နိုင်ပါတယ်။

ဒီလိုနဲ့ တစ်နေ့ တစ်နေ့ ရောင်းရေးဝယ်တာတွေကြား မေ့မေ့ပျောက်ပျောက် နေလာရာက နောက်တစ်ပတ်လောက် ကျတော့ အဖွားက ဆိုင်ရှေ့ရောက်လာပြန်တယ်။ သူ့ဘေးမှာလည်း သူ့မြေးကလေးထင်ပါရဲ့၊ ဆယ့်နှစ်နှစ် အရွယ် လောက် ကောင်ကလေးတစ်ယောက် ပါလာတယ်။ ခပ်တည်တည်ပဲ “မုန့်ဟင်းခါးစားမယ် ထိုင်” ဆိုပြီး ကောင်ကလေး ဖင်အောက်ကို ခွေးခြေ ထိုးပေးတယ်။ 

ကျွန်မစိတ်ထဲ နည်းနည်းတော့ တင်းကနဲရယ်။ တော်တော်လေး ပိုင်စိုးပိုင်နင်း နိုင်လှချည်ရဲ့။ ကလေးကို တစ်ပွဲစာ ပိုကျွေးရလို့လည်း ကိုယ်တွေက ပိုပြီးဆင်းရဲသွားမှာမှ မဟုတ်တာဘဲ။ ဒါပေမဲ့ ကလေးကို မုန့်ဟင်းခါးလေး ကျွေးချင် လို့ပါကွယ် အဲလောက်တော့ ပြောသင့်တယ် ထင်မိတာပဲ။ ကဲ  စားပါစေလေ၊ စိတ်လျှော့ စိတ်လျှော့ သူက ကိုယ့်အဖွားအရွယ်လို့ အသာလေး လျှော့ချလိုက်ရတယ်။ အဲဒါကြောင့် ကျွန်မ ပြောတာ၊ လူမှုဆက်ဆံရေးပိုင်းမှာ ကျွန်မ တိုးတက်လာပါတယ် လို့။
သူတို့ လာစားချိန်က လူစည်နေတဲ့ အချိန်ဖြစ်လေတော့ ခဏနေ တစ်ခြားလူတွေဆီ အာရုံရောက်သွားတော့လည်း ပြီးသွားတာပါပဲ။ ကျွန်မစိတ်က အဲသလို။ ၀ုန်းကနဲ ထောင်ထတတ်ပေမဲ့ ခဏကလေးပဲ။ ပြီးတော့လည်း မေ့မေ့ ပျောက်ပျောက်ရယ်။

စားပြီးသွားတော့ အဖွားက ခပ်တည်တည်ပဲ ပိုက်ဆံ ငါးထောင်တန်ကြီး ထုတ်ပေးလာတာမို့ ကျွန်မမှာ မျက်လုံးပြူး ရပြန်တယ်။ သူ့ကြည့်တော့ ဖိနပ်တောင် မပါဘူး။ လူအိုစော်နံနေတဲ့ အ၀တ်အစားတွေကလည်း ရေမိုးမှ မှန်အောင် ချိုးပါရဲ့လား တွေးချင်စရာ။ အဖွား ပိုက်ဆံ ဘယ်ကရလဲ မေးတော့ကာ “ကိုသိန်းမောင် ပေးတာ” တဲ့၊ “ကိုသိန်းမောင် က ဘယ်သူလဲ အဖွား” လို့ထပ်မေးလိုက်တော့ “ငါ့ယောကျာ်း”တဲ့ ပြုံးစေ့စေ့နဲ့။

ကျွန်မက “ပိုက်ဆံ မယူပါဘူးအဖွား၊ အလကားသာ စားသွားပါ” ဆိုတော့မှ တစ်ချက်ပြုံးပြပြီး ကောင်ကလေးကို လက်ဆွဲလို့ ဆိုင်ထဲက ငေါက်ကနဲ ထထွက်သွားလေတယ်။

အဲဒီတော့မှ တွေးမိရတယ်။ ဒါကြောင့်ကိုး၊ လက်ထဲမှာ ပိုက်ဆံပါလာတော့ သူက ခပ်တင်းတင်းရယ်။ အဖွား ထွက်သွား မှ ကျွန်မလည်း မိပုံ့နဲ့ ပြောရင်း ရယ်မိကြသေးတယ်။ သြော်…ငွေ ငွေ၊ ငွေဆိုတာက ကြီးကြီးငယ်ငယ် ဘယ်သူမဆို လက်ထဲ ခပ်များများကိုင်မိရင် ပါဝါတစ်ခုခုပဲ ရှိနေသလိုလို၊ လူ့စိတ်ကို ပြောင်းလဲသွားစေတတ်တဲ့အရာ မဟုတ်လား။


(၃)

တစ်နေ့ကပဲ မိတ်ဆွေတစ်ယောက်ရဲ့ အဖေဆုံးသွားလို့ သတင်းသွားမေးတော့ အသက် ၅၉နှစ်ပဲ ရှိသေးတာ တဲ့။ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျတာမို့ သေဆုံးချိန်မှာ သားတွေ သမီးတွေက ကျွန်မတို့နဲ့ ရွယ်တူ၊ အလုပ်အကိုင် တွေ အခြေကျကုန်ကြပြီ။ သားသမီးတွေက ငိုလိုက်ကြတာ။ အဖေ့မှာ သားသမီးလုပ်စာမှ ၀အောင် မစားရသေးဘူး တဲ့၊ အဖေ့ကို ၀အောင်မှ မပြုစုလိုက်ရဘူး တဲ့။ နေမယ်ဆို နေနိုင်သေးတဲ့ အရွယ်ဆိုတော့လည်း သားသမီးတွေက အရူးတစ်ပိုင်း တမ်းတငိုကြွေးလိုက်ကြတာ။

အဲဒီနေ့က ပြန်လာပြီး အိမ်ရောက်တော့ အဖေ့ကို “အဖေရယ် ဆေးလိပ်တွေ လျှော့သောက်ပါနော်” လို့ ပြောရင်း မျက်ရည်ဝဲမိ ခဲ့သေးတာ။ အမေနဲ့ အဖေသာ လောကကြီးထဲမရှိတော့ရင် ကျွန်မဖြင့် တွေးတောင် မတွေးရဲဘူး။ သေခြင်းတရားကို တွက်ချက်ခန့်မှန်းဖို့ဆိုတာ ကိုယ်မတတ်နိုင်တဲ့အရာပေမဲ့ သေမင်းနဲ့သာ ကတိက၀တ်ထားလို့ ရကြေးဆို မိဘတွေကို အသက်ရာကျော် ရှည်စေချင်လှပါရဲ့။

ခုတစ်လော မိတ်ဆွေတစ်ချို့ရဲ့မိဘတွေ နာရေးတွေချည်းပဲ သွားနေရတော့ ကိုယ့်မိဘတွေ ကျန်းမာရေးကို အရင်ကထက် ပူပူပင်ပင်ရှိလာမိတယ်။ သူတို့မိဘတွေထဲမှာ အသက်ငယ်ငယ်နဲ့ ဆုံးသွားတာရှိသလို သက်တမ်းစေ့နေသွားကြသူတွေလည်း ရှိတာပါပဲ။  ပြီးခဲ့တဲ့ တစ်ပတ်က နှစ်လည်ဆွမ်းကပ်မှာ မုန့်သွားပို့တဲ့အိမ်က အဖွားကြီးဆို အသက် ၉၀ကျော်မှ ဆုံးရှာတာလေ။

 “ငါ မုန့်ဟင်းခါး စားမယ်နော်” ဆိုတဲ့ အသံကြောင့် အတွေးစတွေပြတ်လို့ မော့ကြည့်မိတော့ လာစားနေကျ အဖွား။ သူက ခွေးခြေခုံလေးမှာ ထိုင်တောင်ပြီးနေပြီ။

အဖွားကို မုန့်ပြင်ကျွေးရင်း ကျွန်မမိဘတွေသာ အိုကြီးအိုမနဲ့ ဒီလိုပဲ လမ်းပေါ်မှာ လိုက်စားနေကြရရင် ဆိုတာကို တွေးမိပြန်တော့ ရင်ထဲ နင့်ကနဲပဲ။ အဖွားကတော့ မုန့်ဟင်းခါးပဲ ငုံ့စားနေရှာတယ်။ သူ မုန့်ဟင်းခါးတော့ အတော်လေးကြိုက်တယ် ထင်ပါရဲ့။
ခဏနေ မိပုံ့ ကျူရှင်က ပြန်လာတော့ မိပုံ့ကို ဆိုင်အပ်ရင်း အ၀တ်အစားလေးလဲလို့ အလှူအိမ်ကို အပြေးတစ်ပိုင်းလေး သွားရတယ်။ ခုဆို ကျွန်မက လူကြီးနေရာမှာ ရောက်ပြီလေ။ ဖိတ်စာတွေမှာ ကျွန်မကို နာမည်တပ် ဖိတ်ခံနေရပြီ။ ရပ်ကွက်ထဲ လူတောသူတောတိုးနေရပြီပဲ ပြောပါတော့။

အလှူအိမ်ရောက်တော့ ကျွေးတာမွေးတာလေး စား၊ စကားလေးဘာလေး ပြော၊ ဘုန်းကြီး တရားပေးအပြီးမှာ အိမ်ရှင်တွေ ကို နှူတ်ဆက်လို့ ဆိုင်ကို ခပ်သုတ်သုတ်ပဲ ပြန်လာခဲ့လိုက်တယ်။ မိပုံ့က တစ်ခါတစ်လေ ပိုက်ဆံတွေ မှားမှားအမ်းတတ်တာမို့၊ လိုသွားလည်း မကောင်း၊ ပိုသွားတာမျိုးလည်း ကျွန်မက မလိုချင်ပါဘူးလေ။

လမ်းလျှောက်ပြန်လာရင်း ခပ်လှမ်းလှမ်းကနေ ဆိုင်ကို လှမ်းကြည့်လိုက်တော့ ဆိုင်ထဲကနေ ငေါက်ကနဲ ထထွက်သွားတဲ့ အဖွားကို တွေ့လိုက်ရတယ်။

“အဖွားတော့ ခုလေးပဲ စားပြီး ထွက်သွားပြီ အန်တီစန်” တဲ့ မိပုံ့က မေးငေါ့ရင်း လှမ်းပြတယ်။ ကျွန်မစိတ်ထဲ ဇဝေဇ၀ါနဲ့ ထပ်မေးမိပြန်တယ်။

 “မုန့်ဟင်းခါး လာစားတာလား”

“အင်းလေ အန်တီစန်ရဲ့ ခုပဲ စားသွားတာ”

“ဟဲ့  မနက်ကပဲ ခပ်စောစော လာစားသွားသေးတာ မိပုံ့ရဲ့”

“ဟင် ဟုတ်လား အန်တီစန်၊ မိပုံ့ကိုတော့ သူ ဘာမှ မစားရသေးလို့ ဗိုက်ဆာလှချည်ရဲ့ဆိုလို့ မိပုံ့ကတောင် သနားနေတာ”

“ဒီအဖွားကြီး မဟုတ်တော့ဘူး”  “သဘောကောင်းတာဟာ လူတိုင်းနဲ့ မတန်ဘူး”

နှူတ်က လွှတ်ကနဲ ထွက်သွားတဲ့အထိ ကျွန်မစိတ်တွေ အတော်လေး ပေါက်ကွဲသွားတော့တယ်။

ဘယ့်နှယ်၊ မလှူတတ်ဈေးရောင်းဆိုတာကို သဘောကျလွန်းလို့ မုန့်ဟင်းခါးရောင်းစားနေတဲ့ မိစန်ပါ။ အလကားကျွေးနေပါလျက်နဲ့ ခုလို မလှိမ့်တစ်ပတ် အလုပ်ခံရတာကို စိတ်တိုမိတယ်။ ဈေးရောင်းရင်း အကုသိုလ်ရနေတာမျိုးကိုတော့ စိတ်ထဲက တော်တော်လေး မခံစားနိုင်ဘူး။

အဲဒီနောက်ပိုင်း အဖွားကြီး ရောက်မလာတော့ဘူး။ သူ့ကိုယ်သူ မလုံဘူး ထင်ပါရဲ့။ တစ်ခါတစ်ခါတော့လည်း အဖွားကြီးလို မျက်လုံးစူးစူးတောက်တောက်၊ ပိန်ပိန်ပါးပါးတွေ တွေ့တဲ့အခါ မိပုံ့နဲ့ ပြောဖြစ်ကြပါသေးတယ်။ ကြာပါပြီလေ။ ခုတော့ ကျွန်မလည်း မေ့မေ့ပျောက်ပျောက်ဖြစ်နေခဲ့ပါပြီ။

(၄)

 “မမြင့်ခင်ပြောတာတော့ ဒီအိမ်နံပါတ်ပဲ သမီးရဲ့”

ညနေ ညနေတွေမှာ အမေနဲ့အတူ လမ်းလျှောက်ဖြစ်နေတာ တစ်လလောက်ရှိပြီ။ ဒီနေ့တော့ နေ့လည်က အမေ့သူငယ်ချင်းနဲ့ ဖုန်းပြောအပြီးမှာ အမေက အဲဒီဘက်လမ်းလျှောက်ကြရအောင်လို့ ပြောလာတာ။ နာရီဝက်လောက် လမ်းလျှောက်အပြီးမှာ တိုက်ခံအိမ်လေး တစ်လုံးရှေ့ကိုရောက်တော့ အမေက အိမ်ရှေ့တံခါးဝမှာ ရပ်ရင်း အိမ်ထဲ မျှော်ကြည့်တယ်။

“ ဒါ ဆရာမဒေါ်သင်းမြမြအိမ်လား”

အိမ်ထဲကနေ အမျိုးသမီးက တစ်ချက်ငေးကနဲ ကြည့်ပြီးမှ “ဟုတ်ကဲ့ အိမ်ထဲဝင်ပါဦးလား” တဲ့။
အိမ်ထဲရောက်လို့ ဆက်တီပေါ်ထိုင်ပြီးကြတဲ့အထိ အမျိုးသမီးက စကားတစ်လုံး မပြောသေးဘူး။ အအေးနှစ်ခွက် ချတိုက်ထားပြီး အခန်းထဲ ၀င်သွားလိုက်တာ တော်တော်နဲ့ ပြန်ထွက်မလာတော့ဘူး။ ကျွန်မက ပြန်ချင်လှပြီ။ အမေကတော့ ဧည့်ခန်းထဲထိုင်ရင်း ဟိုဒီဝေ့၀ိုက်ကြည့်နေတာပဲ။

ခဏနေတော့ အမျိုးသမီးလက်ထဲမှာ အယ်လ်ဘမ်တစ်အုပ်ကိုင်ရင်း ပြန်ထွက်လာတယ်။ “အဖွားသင်း ဒီမှာလေ” တဲ့။ ဓါတ်ပုံက ရှေ့ဆံပင်တွေကို သေသပ်အောင် နောက်လှန်ပြီး အပြောင်သိမ်း၊ နောက်မှာ နောက်တွဲလေးထုံး ပန်းပန်ထားတဲ့ အဖြူအစိမ်းဝတ် ကျောင်းဆရာမလေးတစ်ယောက်ပုံ။ အိုး  ဒီမျက်နှာ၊ ဒီအပြုံး…ကျွန်မ သိတ်ရင်းနှီးနေခဲ့တာပဲ။ သူဟာ အမေငယ်ငယ်က အမေတို့ကျောင်းက အထက်တန်းပြဆရာမတဲ့လေ။

“ဘယ်လိုများ ဖြစ်ရတာလဲကွယ်”
အမေမေးတော့မှ အမျိုးသမီးက မျက်ရည်တွေကို မျက်တောင်နဲ့ ပုတ်ခတ်လိုက်ရင်း တစ်လုံးချင်း ပြောတယ်။                                 
“ဖွားသင်းဆုံးသွားတာ နှစ်လ ပြည့်တော့မယ်။ ကျွန်မတို့လည်း အတတ်နိုင်ဆုံး ပြုစုစောင့်ရှောက်လိုက်ရပါတယ်။ ဒါပေမဲ့ ကုသိုလ်တစ်ပဲ ငရဲတစ်ပိသာဆိုတာလိုပါပဲ”

“ဖွားသင်းက ကြည့်လိုက်ရင် ၇၀ ကျော်လောက်ပဲ ထင်ရပေမဲ့ တကယ်က ၈၃နှစ်ကျော်နေပြီ။ ဖွားသင်းအသက် ၈၀က စပြီး အသိဉာဏ်တွေ ပုံမှန် မရှိရှာတော့ဘူး။ ကလေးတွေဆီက ကစားစရာ အရုပ်တွေကို လုယူတယ်။ ရေချိုးပေးရင် အသံကုန် အော်ဟစ်ပြီး ငိုတယ်။ ထမင်းကျွေးရင်လည်း ကလေးတွေလိုပဲ ငုံထားပြီး ဖူးကနဲ ထွေးထုတ်တယ်။ ထမင်းပန်းကန်ကို မှောက်ပစ်တယ်”

“အပေါ့အလေးလည်း မထိန်းနိုင်တော့ဘူး။ မကြည့်မိရင် သေးတွေ ချေးတွေကို ကြမ်းပေါ်မှာ လက်ဝါးနဲ့ တစ်ဖတ်ဖတ် ရိုက်နေတော့တာ။ ဖွားသင်း အသက်ရှည်တာ ၀မ်းသာစရာပေမဲ့ ခုလို သူ့ အသိဉာဏ်တွေ ပုံမှန်အဆင့်မှာ မရှိတော့တဲ့အခါ အလုပ်တစ်ဘက်၊ စားရေးသောက်ရေးတစ်ဘက်နဲ့ အိမ်သားတွေလည်း စိတ်ဆင်းရဲရတာပေါ့။ အစပိုင်းကတော့ သီချင်းဖွင့်လို့ ဖွားသင်း ကွေးနေအောင်ကရင် ကလေးတွေကလည်း ပျော်၊ အိမ်သားတွေကလည်း လက်ခုပ်လက်ဝါး တီးလို့ပေါ့။ နောက်ပိုင်းတော့ တဖြည်းဖြည်း ပို ပိုဆိုးလာတယ်”

“လှေကားထစ် သုံးထစ်ရှိတဲ့ အိမ်ရှေ့ လှေကားကနေ သူ့ဖိနပ် နှစ်ဘက်ကို အရင် ပစ်ချတယ်။ ပြီးတော့ သူပါ ခုန်ဆင်းတယ်။ ကံကြီးပေလို့ မကျိုး မပဲ့တာပေါ့။ တစ်ယောက်ယောက်က မျက်ခြေမပြတ်ကြည့်နေမှ၊ နို့မိုဆို အိမ်ကနေ ထွက်ထွက်သွားတယ်။ တစ်ခါတစ်လေ အိမ်သားတွေ ပိုက်ဆံအိတ်ထဲက ပိုက်ဆံတွေ နှိုက်ယူ သွားတတ်တော့ လူမသမာတွေနဲ့ တွေ့မှာ စိုးရပြန်တယ်”

ကျွန်မမျက်လုံးထဲ ငါးထောင်တန်ကြီး ထုတ်ပေးတဲ့ ဖွားသင်းမျက်နှာ ကွက်ကနဲ။

“ဒါနဲ့ ဆရာမရဲ့ အမျိုးသားကရော”

“အဖိုးဦးသိန်းမောင်က ဆုံးသွားတာကြာပါပြီ၊ ငါးနှစ်လောက်တောင် ရှိပြီ”

“သြော်”

ကျွန်မ ပြုံးမိတယ်။ ဖွားသင်းက သူ့ယောကျာ်းဦးသိန်းမောင် ဆိုတဲ့ နာမည်တော့ မှတ်မိသေးသား။ သူ့စိတ်ထဲက ကိုသိန်းမောင်ဟာ ဘယ်တုန်းကမှ မသေခဲ့တာ ဖြစ်ချင်ဖြစ်နေမှာ။

“ည ညအေးလို့များ အနွေးထည် ထပ်ဝတ်ပေးတဲ့အခါ အိပ်နေရာက နိုးလာပြီး အာခေါင်ခြစ်အော်တော့တာ။ သူ့ကို ၀ိုင်းသတ်နေကြတယ်၊ လာကြပါဦးလို့ အော်တော့တာလေ။ ခုတစ်လော ဖွားသင်း အပြင်ကို ခိုး ခိုးထွက်ပြီး အိမ်ပြန်လာရင် နတ်သမီးက ငါ့ကို မုန့်ဟင်းခါး ကျွေးတယ်လို့ ကလေးတွေကို ပြောပြောပြနေတတ်တာ”

နတ်သမီး၊ နတ်သမီးတဲ့လား…။ ကျွန်မ ရင်ထဲမှာ တင်းကနဲ။ နောက်တော့ အမေနဲ့ အဲဒီအမျိုးသမီးနဲ့ ဘာတွေ ဆက်ပြောကြတယ်ဆိုတာ မကြားတစ်ချက် ကြားတစ်ချက်။  ဖွားသင်းက ကျွန်မကို နတ်သမီးတဲ့လား။ ဖွားသင်းရေ ခွင့်လွှတ်ပါနော်။ နတ်သမီးဆိုတဲ့ ကျွန်မမှာလည်း အတိုင်းအတာတစ်ခုထိပဲ စိတ်ကောင်းမွေးမြူနိုင်သေးတော့ မသိမှု မောဟ ဦးစီးနေတဲ့အခါ ဒေါသက အလစ်ဝင်တိုက်ခိုက်တတ်တော့တာ။

“ဖွားသင်းက ထမင်းစားပြီးလည်း ငါ့ကို ဘယ်သူကမှ ထမင်းမကျွေးရသေးဘူး လုပ်တတ်တာ၊ တခါတခါတော့လည်း စိတ်က မရှည်နိုင်တော့ဘူး၊ လွှတ်ကနဲ ပြောမိ၊ ငေါက်မိတယ်။ စိတ်တိုမိတာပေါ့။ ကျွန်မတို့မှာလည်း ဖွားသင်းနဲ့ အတူနေရတာ ငရဲကြီးပါတယ်လေ၊ ခုလို သူဆုံးသွားတော့ သူ့အပေါ်အကြွေးတွေရှိနေသလို ခံစားနေရတယ်”

အမျိုးသမီးက ပြောရင်းနဲ့ မျက်ရည်ကျရှာတယ်။ ကျွန်မရော ဖွားသင်းအပေါ် အကြွေးမှ ကင်းပါရဲ့လား။ သိရင်တော့ ခွင့်လွှတ်နိုင်စရာပေမဲ့ အကြောင်းရင်းမှန်ကို မသိတဲ့အခါ လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် အထင်အမြင်တွေ တက်တက်စင်အောင် လွှဲသွားနိုင်တာ။ ဖွားသင်းရယ်….။

အတွေးကိုယ်စီနဲ့ အိမ်အပြန်လမ်းမှာ သားအမိနှစ်ယောက် စကားတောင် မပြောနိုင်ကြဘူး။ အသက်ရှည်တာ မရှည်တာထက် ကျန်းကျန်းမာမာရှိရင်ပဲ ကံကောင်းလှပါပြီ။ အသက်ရှည်ရှည် ကျန်းကျန်းမာမာဆိုရင်တော့ ပိုကောင်းတာပေါ့လေ။  ဒါပေမဲ့ အသက်ရှည်ချင်တိုင်းရော ရှည်ကြရလို့လား။ ကျန်းမာချင်တိုင်းရော ကျန်းမာကြရလို့လား။ အသက်ရှည်ခြင်း၊ မရှည်ခြင်း၊ ကျန်းမာခြင်း၊ မကျန်းမာခြင်းတွေက ကိုယ်ပြုခဲ့သမျှတွေရဲ့ ချယ်လှယ်မှုတွေပဲလား။ ပြီးတော့ သေခြင်းတရားရဲ့ အချိန်ကန့်သတ်မှုကရော ကိုယ်တိုင်ပြုခဲ့ဖူးတဲ့ ကံစီမံရာလား။

ကျွန်မအသက်ကြီးလာတဲ့အခါ သားသမီးတွေကအစ ဘယ်သူ့ကိုမှ ဒုက္ခမပေးချင်ပါဘူး။ အို…တော်ပါပြီလေ၊ ကျွန်မအလှည့်ကျရင် အသက်ရှင်နေစဉ်မှာ ကျန်းကျန်းမာမာနဲ့ ၆၀လောက်ထိ နေရရင်ကိုပဲ….၊ တော်လှပါပြီ။

ဘေးနားက အမေ့ကို ငေးကနဲကြည့်လိုက်မိတော့ မျက်နှာပေါ်မှာ ဇရာရဲ့အရိပ်တွေ ထင်းနေပေမဲ့ ကျန်းမာနေသေးတယ်လို့ ကျွန်မကတော့ ထင်မိတာပါပဲ။


မဟေသီ-စက်တင်ဘာလ-၂၀၁၂

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...