Thursday, August 30, 2012

ကဗျာများနှင့် ကျွန်မ

ကျွန်မကို ကဗျာတွေနဲ့ စတင်ရင်းနှီးစေခဲ့သူက ကျွန်မအဖေပါ။ ကျွန်မ ၈တန်း  ၉တန်းလောက်မှာ အဖေက ၄လုံးစပ်ကဗျာလေးတွေ စသင်ပေးပါတယ်။ နောက်တော့ ၄ ၃ ၂ ကာရန်ယူပြီး စပ်တဲ့ကဗျာ။ နောက်တော့ ရစ်သန်လေးတွေနဲ့ပဲ အသံယူပြီးချိတ်သွားတဲ့ ကဗျာ အဲသလိုသင်ပေးသွားတာပါ။ မှတ်မိသေးတယ်။ သတင်းစာရဲ့ ဘေးသားမာဂျင်အဖြူပေါ်မှာ အဖေနဲ့ ကျွန်မ လေးလုံးစပ်ကဗျာလေးကို တစ်ပိုဒ်စီ စပ်ခဲ့ကြဖူးတာ။ အဖေက စာရေးဆရာမဟုတ်သလို၊ ကဗျာဆရာလည်း မဟုတ်ပါဘူး။ ၀ါသနာပါရုံသက်သက်ပါ။ အဖေက သီချင်းလည်း အပျော်ဆိုတယ်။ အဖေ့ဆီက ကျွန်မရလိုက်တာတွေက သီချင်းဆိုတာ၊ ကဗျာစပ်တာအပြင် စိတ်ဆတ်တာ၊ မဟုတ်မခံတတ်တာပါ ရလိုက်ပါသေးတယ်။  ခုချိန်ထိ ကျွန်မကိုယ်ထဲမှာ အဖေ့သွေးသားတွေ ရှိနေတဲ့အတွက်၊ အဖေ့သမီးဖြစ်ရတဲ့အတွက် ဘာပဲဖြစ်ဖြစ် ကျွန်မ ကြေနပ်ပါတယ်။ ကောင်းတာပဲ ရရ  ဆိုးတာပဲ ရရပေါ့။

ကျွန်မ စီးပွားရေးတက္ကသိုလ်မှာ မထမနှစ်စတက်တော့ ကဗျာတွေ ရေးဖြစ်လာတယ်။ ဒါပေမဲ့ ဟိုမှာ ဒီမှာရေးတာမျိုးမဟုတ်ဘဲ ဗလာစာအုပ်ထဲမှာ စာရွက်အကြမ်းပေါ်မှာ လက်ထဲရှိတဲ့ စာရွက်နဲ့ ချရေးလိုက်ခဲ့တာတွေပါပဲ။ သေချာတာကတော့ ကဗျာတွေက မောင်ဘွဲ့ကဗျာတွေပါ။ မောင်ဘယ်လို ကြည့်ကောင်းကြောင်း၊ မောင့်ဆေးလိပ်ငွေ့တွေနောက်က ရီဝေေ၀အကြည့်တွေထဲ ဘယ်လို ပျော်ဝင်ကြောင်း၊ မောင်လမ်းသွားပုံလေးက ဘယ်လို စသဖြင့် အချစ်ကဗျာတွေ ခံစားရသမျှရေးခဲ့တာပါ။ အဲဒီမောင်တွေအကြောင်း ခံစားပြီးရေးနေပေမဲ့ တကယ်တမ်း သူတို့ကို ချစ်သလားဆိုရင် ကျွန်မငြင်းရမှာပဲ။ မချစ်ဘူး၊ ခံစားပြီး ကဗျာစပ်ခဲ့တာပဲ ရှိတယ်။ ပြောရရင်တော့ မောင်တွေဟာ ကျွန်မအတွက် ကုန်ကြမ်းတွေမျှသာ ဖြစ်ခဲ့ရတယ်လို့ပဲ ဆိုရမယ်။ (အားနာလိုက်တာ အဟင်းဟင်း)

ကျောင်းပြီးလို့ အလုပ်စ၀င်တဲ့အခါမှာ ပထမဆုံးဝတ္ထုတိုလေးတစ်ပုဒ် မှတ်မှတ်ရရ ကျွန်မ ရေးဖြစ်ခဲ့တယ်။ ဗလာစာရွက်နဲ့ ၆မျက်နှာလောက် ရှိပါတယ်။ အဲဒီဝတ္ထုတိုလေးကို အလုပ်မှာ ခင်မင်နေတဲ့၊ ကျွန်မလိုပဲစာပေ၀ါသနာပါတဲ့ အစ်ကိုတစ်ယောက်ကို ပေးဖတ်လိုက်တယ်။ သူက ငါ့ညီမ ဘယ်ဆိုးလို့လဲ ညည်းလက်က လုံးချင်းရေးလက်ဟ လို့ ပြောတော့ ကျွန်မမှာ ဘ၀င်တွေတောင် မြင့်ခဲ့ရတာ။ အဲဒီဝတ္ထုလေးကို သူဖတ်ပြီး ပြန်မပေးဘဲထားတော့ ကျွန်မကလည်း ပြန်တောင်းရမှာ အားနာ၊ ဒါနဲ့ပဲ ကျွန်မဆီမှာ အမှတ်တရအနေနဲ့ မကျန်ရစ်ခဲ့ပါဘူး။

နောက်တော့ မကြခဏဆိုတာလို စာရွက်တွေပေါ် ဟိုနားချရေး၊ ဒီနားချရေးနဲ့ တစ်စစီရေးဖြစ်နေခဲ့တာတွေကလွဲပြီး တစ်ပုဒ်လုံးအနေနဲ့ မရေးဖြစ်ခဲ့တော့ပါဘူး။

ကျွန်မရန်ကုန်ပြန်တော့ (လွန်ခဲ့တဲ့ ၄-၅နှစ်လောက်ကပါ) ရွှေပုဇွန်မှာ မုန့်စားနေရင်း အီကိုမှာ အတူတက်ခဲ့တဲ့ သူငယ်ချင်း (ကျွန်မဘေးမှာ ထိုင်တဲ့တစ်ယောက်)နဲ့ သွားတွေ့ကြပါတယ်။ သူနဲ့ ကျွန်မ ကျောင်းတုန်းက အကြောင်းလေးတွေ ပြောကြရင်းနဲ့ သူက အဲဒီတုန်းက နင်ရေးခဲ့တဲ့ကဗျာတွေလေ ငါ သိမ်းထားတယ် သိလား၊  နင့်ကဗျာလေးတွေ ငါ့ဆီမှာ အများကြီးပဲ၊ ငါ စတက်ပလာလေးနဲ့ ချုပ်ပြီး သေချာသိမ်းထားတာတဲ့။ ကျွန်မလေ ဘယ်လိုမှ မထင်မှတ်ထားတာမို့ တကယ်ပဲ အံ့ဩခဲ့ရတယ်။ အဲဒီတုန်းက ကျွန်မ ရေးပြီးတာနဲ့ ဘေးကသူငယ်ချင်းတွေ တစ်ယောက်တစ်လှည့်ဝိုင်းဖတ်ခဲ့ကြတာ။ ပြီးတာနဲ့ ဟိုပစ်ထား၊ ဒီပစ်ထား ထားခဲ့တာ။ ဒါကို အဲဒီကျွန်မသူငယ်ချင်းမကလေးက မှတ်မှတ်ရရ ကောက်သိမ်းထားသတဲ့လေ။ ကြုံရင် ပြန်တောင်းပြီး ဖတ်ကြည့်ဦးမှလို့ တေးထားခဲ့ပေမဲ့ ခုထိ မကြုံနိုင်သေးတာကတော့ အကြောင်းမတိုက်ဆိုင်သေးလို့ပေါ့လေ။

ဒီလိုနဲ့ပဲ ၂၀၀၉မှာ ဘလော့ဂ်ဖွင့်ပြီး စာတွေရေးဖြစ်လာတော့မှ ကျွန်မရဲ့ ၀ါသနာခန်းကို ပြန်ဆက်ရတော့တယ်။  ပြန်လှည့်ကြည့်မယ်ဆိုရင် ကဗျာက ကျွန်မ ငယ်ရည်းစားလိုပါပဲ။ တကယ်တမ်း ကျွန်မရေးဖြစ်တာများနေတာက အက်ဆေး၊ ဆောင်းပါးနဲ့ ၀တ္ထုတိုလေးတွေပါ။ ကဗျာတွေက ကျွန်မ သိခဲ့တဲ့ ကဗျာတွေနဲ့ စာရင် အတော်လေးကို ရှေ့ရောက်နေနှင့်ပြီ။ ကဗျာရွေ့နှုန်းက သိတ်ကို မြန်ဆန်ခဲ့ပါတယ်။ ကျွန်မကလည်း သိတ်ကို နောက်ကျနေခဲ့ပါတယ်။ ခုမှ ကဗျာလေးတွေကို သူများတွေ ဘယ်လိုရေးတယ်၊ ကမ္ဘာမှာရော ဘယ်လိုပုံစံတွေနဲ့ ကဗျာတွေကို ချပြနေကြတယ်ဆိုတာတွေ ပြန်လေ့လာနေဖြစ်ပါတယ်။ နားမလည်နိုင်တဲ့ ကဗျာတွေများနေသေးပေမဲ့ တစ်ဖြည်းဖြည်းတော့ သဘောပေါက်သလိုလိုရှိလာပါပြီ။ ကဗျာရေးနည်းတွေ တက်ကနစ်တွေ နားမလည်လှပေမဲ့ ကဗျာမှာပါတဲ့ အသံတွေကို နားထောင်ရတာ ကျွန်မကြိုက်နေမိပါပြီ။

တကယ်ဆို ကျွန်မဖြစ်ချင်ခဲ့တာက ကဗျာဆရာပါ။

9 comments:

Thandar Lwin said...

အားမနာနဲ့ ကြိုက်တာသာရေးသွား....တဲ့
(အားနာလိုက်တာ အဟင်းဟင်း)

ဟီးဟီး ..ညီမ ငယ်တုန်းကလဲ ဟိုဒီ ချရေး ဖြစ်တယ် အမချစ် ..ခုတော့ ခံစားချက်တွေ ထုံနေတော့ ဘာမှ မထွက်တော့ဘူး ...။

SHWE ZIN U said...

ညီမ ရဲ့ လက်က ကဗျာလက်လည်း ဖြစ်တယ် ညီမ ရေးတဲ့ ကဗျာလေး တွေ ကို ကြိုက်တယ် ဆက်ရေးပါ

ချစ်တဲ့
အမရွှေစင်

An Asian Tour Operator said...

ဖြစ်လို့ ရပါသေးတယ်လေ...

mstint said...

တီတင့်လည်း အထက်တန်းကျောင်းသူဘဝမှာ ကဗျာလေးတွေ စမ်းတစ်ဝါးဝါးတော့ရေးဖြစ်တယ် ကာယံမညီ စာမပီတော့ ကိုယ့်ဘာသာ စိတ်တိုင်းမကျဖြစ်ပြီး ဆက်မရေးတော့ဘူး မချစ်ရေ။ အခုလည်း ရေးတတ်ပါဘူးး) မချစ်ရဲ့အရေးအသားတွေကောင်းတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

rose of sharon said...

ကဗျာလဲရေး...စာတွေလဲရေး..အားပေးမယ်ဘာရေးရေးး))

လရိပ်အိမ် said...

မောင် ကဗျာလေးတွေတင်ပါအုံး ၊ အားပေးချင်လို့။

မိုးနတ်ကြယ်စင် said...

မိုးနတ်လဲကဗျာရူးပါ..အစကတော့ကိုယ့်ကိုယ်ကို စာရူးလို့ထင်ခဲ့တယ်..အခုမှသိလိုက်တာက မိုးနတ်က ကဗျာရူး..အဲဒါကြောင့် မမပြောသလို ကိုယ်ကြိုက်တာတွေ့ရင် .မော်ဒန်ဖြစ်ဖြစ်..ကာရန်ဖြစ်ဖြစ်..ဘာပဲဖြစ်ဖြစ်အားပေးမိတယ်...
မမလဲ ကဗျာရေးကောင်းတယ်နော်...ဟိုတလောက အိုးကဗျာလေးဆို ဖတ်ပြီးတော့ စိတ်ထဲတောင်တော်တော်စွဲနေတာ..ကြိုက်တယ်..အားပေးနေမယ်နော်
ခင်တဲ့ ညီမလေးမိုးနတ်..

Junemoe said...

အဖေ နဲ့ အတူ ကဗျာတွေ သီချင်းတွေ ဆိုခဲ့ ရေးခဲ့တဲ့ အမကို အရမ်းအားကျတာပဲ။
အမလက်က ဝတ္ထုတို အရေးကောင်းသလို ကဗျာလည်း အရေးကောင်းမယ်ဆိုတာ ယုံကြည်တယ်။
အားပေးတယ် အမ။ နော်လည်း ကဗျာချစ်သူ တစ်ယောက်မို့ ကဗျာတွေရေးပါ။ အားပေးနေမယ်နော် အမ။

ချစ်ခင်တဲ့
ဂျွန်မိုး

မြသွေးနီ said...

ကဗျာတွေကို ချစ်မက်တယ်။
ကဗျာမှာ ရစ်သမ်ရှိတယ်။
ကဗျာရေးသူတိုင်းကို လေးစားတယ်။
အစွဲတော့မရှိဘူး။ စိတ်နဲ့ အံဝင်ခွင်ကျဖြစ်သွားရင် ဘယ်ကဗျာအမျိုးအစားကိုမဆို သဘောကျတယ်။
ကဗျာက ကိုယ့်အတွက်တော့ ခက်ခဲတဲ့ဘာသာဗေဒ။

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်