Thursday, August 30, 2012

ကဗျာများနှင့် ကျွန်မ

ကျွန်မကို ကဗျာတွေနဲ့ စတင်ရင်းနှီးစေခဲ့သူက ကျွန်မအဖေပါ။ ကျွန်မ ၈တန်း  ၉တန်းလောက်မှာ အဖေက ၄လုံးစပ်ကဗျာလေးတွေ စသင်ပေးပါတယ်။ နောက်တော့ ၄ ၃ ၂ ကာရန်ယူပြီး စပ်တဲ့ကဗျာ။ နောက်တော့ ရစ်သန်လေးတွေနဲ့ပဲ အသံယူပြီးချိတ်သွားတဲ့ ကဗျာ အဲသလိုသင်ပေးသွားတာပါ။ မှတ်မိသေးတယ်။ သတင်းစာရဲ့ ဘေးသားမာဂျင်အဖြူပေါ်မှာ အဖေနဲ့ ကျွန်မ လေးလုံးစပ်ကဗျာလေးကို တစ်ပိုဒ်စီ စပ်ခဲ့ကြဖူးတာ။ အဖေက စာရေးဆရာမဟုတ်သလို၊ ကဗျာဆရာလည်း မဟုတ်ပါဘူး။ ၀ါသနာပါရုံသက်သက်ပါ။ အဖေက သီချင်းလည်း အပျော်ဆိုတယ်။ အဖေ့ဆီက ကျွန်မရလိုက်တာတွေက သီချင်းဆိုတာ၊ ကဗျာစပ်တာအပြင် စိတ်ဆတ်တာ၊ မဟုတ်မခံတတ်တာပါ ရလိုက်ပါသေးတယ်။  ခုချိန်ထိ ကျွန်မကိုယ်ထဲမှာ အဖေ့သွေးသားတွေ ရှိနေတဲ့အတွက်၊ အဖေ့သမီးဖြစ်ရတဲ့အတွက် ဘာပဲဖြစ်ဖြစ် ကျွန်မ ကြေနပ်ပါတယ်။ ကောင်းတာပဲ ရရ  ဆိုးတာပဲ ရရပေါ့။

ကျွန်မ စီးပွားရေးတက္ကသိုလ်မှာ မထမနှစ်စတက်တော့ ကဗျာတွေ ရေးဖြစ်လာတယ်။ ဒါပေမဲ့ ဟိုမှာ ဒီမှာရေးတာမျိုးမဟုတ်ဘဲ ဗလာစာအုပ်ထဲမှာ စာရွက်အကြမ်းပေါ်မှာ လက်ထဲရှိတဲ့ စာရွက်နဲ့ ချရေးလိုက်ခဲ့တာတွေပါပဲ။ သေချာတာကတော့ ကဗျာတွေက မောင်ဘွဲ့ကဗျာတွေပါ။ မောင်ဘယ်လို ကြည့်ကောင်းကြောင်း၊ မောင့်ဆေးလိပ်ငွေ့တွေနောက်က ရီဝေေ၀အကြည့်တွေထဲ ဘယ်လို ပျော်ဝင်ကြောင်း၊ မောင်လမ်းသွားပုံလေးက ဘယ်လို စသဖြင့် အချစ်ကဗျာတွေ ခံစားရသမျှရေးခဲ့တာပါ။ အဲဒီမောင်တွေအကြောင်း ခံစားပြီးရေးနေပေမဲ့ တကယ်တမ်း သူတို့ကို ချစ်သလားဆိုရင် ကျွန်မငြင်းရမှာပဲ။ မချစ်ဘူး၊ ခံစားပြီး ကဗျာစပ်ခဲ့တာပဲ ရှိတယ်။ ပြောရရင်တော့ မောင်တွေဟာ ကျွန်မအတွက် ကုန်ကြမ်းတွေမျှသာ ဖြစ်ခဲ့ရတယ်လို့ပဲ ဆိုရမယ်။ (အားနာလိုက်တာ အဟင်းဟင်း)

ကျောင်းပြီးလို့ အလုပ်စ၀င်တဲ့အခါမှာ ပထမဆုံးဝတ္ထုတိုလေးတစ်ပုဒ် မှတ်မှတ်ရရ ကျွန်မ ရေးဖြစ်ခဲ့တယ်။ ဗလာစာရွက်နဲ့ ၆မျက်နှာလောက် ရှိပါတယ်။ အဲဒီဝတ္ထုတိုလေးကို အလုပ်မှာ ခင်မင်နေတဲ့၊ ကျွန်မလိုပဲစာပေ၀ါသနာပါတဲ့ အစ်ကိုတစ်ယောက်ကို ပေးဖတ်လိုက်တယ်။ သူက ငါ့ညီမ ဘယ်ဆိုးလို့လဲ ညည်းလက်က လုံးချင်းရေးလက်ဟ လို့ ပြောတော့ ကျွန်မမှာ ဘ၀င်တွေတောင် မြင့်ခဲ့ရတာ။ အဲဒီဝတ္ထုလေးကို သူဖတ်ပြီး ပြန်မပေးဘဲထားတော့ ကျွန်မကလည်း ပြန်တောင်းရမှာ အားနာ၊ ဒါနဲ့ပဲ ကျွန်မဆီမှာ အမှတ်တရအနေနဲ့ မကျန်ရစ်ခဲ့ပါဘူး။

နောက်တော့ မကြခဏဆိုတာလို စာရွက်တွေပေါ် ဟိုနားချရေး၊ ဒီနားချရေးနဲ့ တစ်စစီရေးဖြစ်နေခဲ့တာတွေကလွဲပြီး တစ်ပုဒ်လုံးအနေနဲ့ မရေးဖြစ်ခဲ့တော့ပါဘူး။

ကျွန်မရန်ကုန်ပြန်တော့ (လွန်ခဲ့တဲ့ ၄-၅နှစ်လောက်ကပါ) ရွှေပုဇွန်မှာ မုန့်စားနေရင်း အီကိုမှာ အတူတက်ခဲ့တဲ့ သူငယ်ချင်း (ကျွန်မဘေးမှာ ထိုင်တဲ့တစ်ယောက်)နဲ့ သွားတွေ့ကြပါတယ်။ သူနဲ့ ကျွန်မ ကျောင်းတုန်းက အကြောင်းလေးတွေ ပြောကြရင်းနဲ့ သူက အဲဒီတုန်းက နင်ရေးခဲ့တဲ့ကဗျာတွေလေ ငါ သိမ်းထားတယ် သိလား၊  နင့်ကဗျာလေးတွေ ငါ့ဆီမှာ အများကြီးပဲ၊ ငါ စတက်ပလာလေးနဲ့ ချုပ်ပြီး သေချာသိမ်းထားတာတဲ့။ ကျွန်မလေ ဘယ်လိုမှ မထင်မှတ်ထားတာမို့ တကယ်ပဲ အံ့ဩခဲ့ရတယ်။ အဲဒီတုန်းက ကျွန်မ ရေးပြီးတာနဲ့ ဘေးကသူငယ်ချင်းတွေ တစ်ယောက်တစ်လှည့်ဝိုင်းဖတ်ခဲ့ကြတာ။ ပြီးတာနဲ့ ဟိုပစ်ထား၊ ဒီပစ်ထား ထားခဲ့တာ။ ဒါကို အဲဒီကျွန်မသူငယ်ချင်းမကလေးက မှတ်မှတ်ရရ ကောက်သိမ်းထားသတဲ့လေ။ ကြုံရင် ပြန်တောင်းပြီး ဖတ်ကြည့်ဦးမှလို့ တေးထားခဲ့ပေမဲ့ ခုထိ မကြုံနိုင်သေးတာကတော့ အကြောင်းမတိုက်ဆိုင်သေးလို့ပေါ့လေ။

ဒီလိုနဲ့ပဲ ၂၀၀၉မှာ ဘလော့ဂ်ဖွင့်ပြီး စာတွေရေးဖြစ်လာတော့မှ ကျွန်မရဲ့ ၀ါသနာခန်းကို ပြန်ဆက်ရတော့တယ်။  ပြန်လှည့်ကြည့်မယ်ဆိုရင် ကဗျာက ကျွန်မ ငယ်ရည်းစားလိုပါပဲ။ တကယ်တမ်း ကျွန်မရေးဖြစ်တာများနေတာက အက်ဆေး၊ ဆောင်းပါးနဲ့ ၀တ္ထုတိုလေးတွေပါ။ ကဗျာတွေက ကျွန်မ သိခဲ့တဲ့ ကဗျာတွေနဲ့ စာရင် အတော်လေးကို ရှေ့ရောက်နေနှင့်ပြီ။ ကဗျာရွေ့နှုန်းက သိတ်ကို မြန်ဆန်ခဲ့ပါတယ်။ ကျွန်မကလည်း သိတ်ကို နောက်ကျနေခဲ့ပါတယ်။ ခုမှ ကဗျာလေးတွေကို သူများတွေ ဘယ်လိုရေးတယ်၊ ကမ္ဘာမှာရော ဘယ်လိုပုံစံတွေနဲ့ ကဗျာတွေကို ချပြနေကြတယ်ဆိုတာတွေ ပြန်လေ့လာနေဖြစ်ပါတယ်။ နားမလည်နိုင်တဲ့ ကဗျာတွေများနေသေးပေမဲ့ တစ်ဖြည်းဖြည်းတော့ သဘောပေါက်သလိုလိုရှိလာပါပြီ။ ကဗျာရေးနည်းတွေ တက်ကနစ်တွေ နားမလည်လှပေမဲ့ ကဗျာမှာပါတဲ့ အသံတွေကို နားထောင်ရတာ ကျွန်မကြိုက်နေမိပါပြီ။

တကယ်ဆို ကျွန်မဖြစ်ချင်ခဲ့တာက ကဗျာဆရာပါ။

Tuesday, August 28, 2012

သို့ ချစ်ကြည်အေး မှ / ကျွန်မ

ကျွန်မက အင်မတန် စိတ်လက်မြန်ဆန်သူဖြစ်တယ်။ တစ်ခုခုဆို ချက်ချင်းဆုံးဖြတ်ပြီး လုပ်လိုက်ရမှ။ နောက်ဆက်တွဲ မှားမှန်တွေကိုလည်း ရဲရဲရင်ဆိုင်ပစ်လိုက်တာပဲ။ အဖြူအမဲ အဖြေကို သဲသဲကွဲကွဲသိလိုက်ရမှ နေသာထိုင်သာရှိသလို အဖြေကို စောင့်နေရတာမျိုးအတွက် စိတ်မရှည်တတ် တဲ့သူပါ။ စကားပြောလည်း မြန်ဆန်သလောက် တစ်ခါတစ်လေ သူများပြောနေ တုန်း ဖြတ်ပြောမိ သလို ဖြစ်သွားတတ်တာမို့ အတော်လေး သတိထားနေရပါတယ်။ ကိုယ်က မေ့လည်း မေ့တတ်လာတာမို့ သတိရလာတုန်းလေး ပြောချလိုက်ချင်တာလည်း ပါပါတယ်။

ကျွန်မရဲ့ အဲဒီစရိုက်ဟာ ချစ်ကြည်အေးဆိုတဲ့ ကလောင်တစ်ခုယူပြီး စာရေးတဲ့အခါမှာ သိတ်ကို ထင်ရှားလာပါတော့တယ်။  တခါတလေ  ကျွန်မရေးခဲ့တဲ့ အရင်ကပိုစ့် အဟောင်းတွေ ပြန်ဖတ်တဲ့ အခါမှာ ရှေ့ကို မြန်မြန်သွားနေတဲ့ အရေးအသားတွေကို တွေ့ရ တယ်။ မြန်မြန်ပြီးပစ်လိုက်ချင်တယ်။ စာဖတ်သူ ဇာတ်ရည်လည် မလည်ထက် ကျွန်မက မြန်မြန်ဖြတ်ချ လိုက်ချင်တာမျိုးတွေပဲ တွေ့ရတယ်။ စာပိုဒ်တွေက တစ်ခုနဲ့ တစ်ခု ချိတ်ဆက်မနေဘဲ ခပ်မြန်မြန် ပုံဖော်လိုက်တာမျိုးတွေ များမှများပါပဲ။

ဥပမာ လွမ်းစရာကောင်းတဲ့ နေရာမျိုးမှာ စာဖတ်သူကို တစ်စိမ့်စိမ့်လွမ်းအောင် ကျွန်မက ဆွဲခေါ်မသွားဘဲ တုံးတိဖြတ်ချလိုက်တာမျိုး။ ဒီတော့ စာဖတ်သူက ၀မ်းနည်းစရာလေးပါလားဆိုပြီး ခံစားမလို့ ရှိတုန်း ဗြုန်းဆို ကျွန်မက နောက်တစ်ခန်း ခေါ်သွားနေခဲ့ပြီ။ အဲသလိုမျိုးပါ။  ကျွန်မက ကိုယ်တိုင်လည်း သိတ်မနုတော့ စာတွေကလည်း မာဆတ်ဆတ် ထောင့်တောင့်တောင့်တွေရယ်။ ကြာကြာလည်း မခံစားတတ်သူ၊ ဘာဖြစ်ဖြစ် ပြီးပြီပဲ ဆိုပြီး လွှတ်ချခဲ့တတ်သူ ဖြစ်လေတော့ အဲဒီမှာ ကျွန်မရေးတဲ့ စာတော်တော်များများဟာ အဲဒီ စရိုက်တွေ ၀င်နေခဲ့တော့တယ်။

ခုဆို ကျွန်မ၀တ္ထုတိုလေးတွေ မဂ္ဂဇင်းစာမျက်နှာမှာ ဟိုနား ဒီနား ပါစပြုလာပြီ။ စာရေးသူတစ်ယောက်အနေနဲ့ ၀မ်းသာစရာကောင်းတဲ့အချက်ပါ။ အဲသလို ၀မ်းသာတာနဲ့ထပ်တူ သတိပြုစရာတွေကလည်း များပြားလာခဲ့ပါတယ်။ အရင်ကလို စာရေးရင် မလောဖို့။ စိတ်ရှည်လက်ရှည် ရေးဖို့။ ဇာတ်ကောင်စရိုက်တွေမှာ ကိုယ့်ကာရိုက်တာတွေ သိတ်လွှမ်းမနေဖို့၊ ပြောတဲ့ ဒိုင်ယာလောဂ့်တွေကအစ ကျွန်မ၀င်ပြောနေတာမဟုတ်ဘဲ ကျွန်မဖန်တီးထားတဲ့ ဇာတ်ကောင်ရဲ့ စရိုက်နဲ့ အပ်စပ်တဲ့ ပြောစကားတွေ ဖြစ်စေဖို့ စသဖြင့် ကိုယ့်ကိုယ်ကို သတိထားပေးနေရပါတယ်။

ပြောချင်တာကလေ  ကျွန်မရဲ့ အဲသလိုစာလေးတွေကို ခုချိန်ထိ သည်းခံဖတ်ပေးကြတဲ့ မိတ်ဆွေ၊ သူငယ်ချင်း ရေးဖော်တွေကို ရင်ထဲက နင့်နင့်နဲနဲ ကျေးဇူးတင်ပါတယ်ဆိုတာပါပဲ။


Thursday, August 23, 2012

အလွမ်းကဗျာရိုးရိုးလေး တစ်ပုဒ်

စိမ်းစိမ်းစက်စက်  မြနုရွက်တို့
တိမ်းလျှက်ဘယ်ညာ  ပုလဲရွာစွေ
ပုဝါငွေသား  ခြုံလွှာပါးဖြင့်
ပိုင်းခြားမထင်  မောင့်ရုပ်သွင် မှန်း
ချစ်မက်တမ်းသော  အလွမ်းမောခက်
ပစ်ချရက်ဘူး နှောင်ငင်ဦးမည်
ကြည်လင်စိမ်းဖန့် ရေသားပြန့်တွင်
အရိပ်ထင်သော် မောင်ပင်ဖြစ်လိမ့်
လူးလှိမ့်ကွဲအက်  လွမ်းရေးခက်ရှာ
အနားမှာနေ ကြည်ဖြူစေစိမ့်
နှစ်သိမ့်ရော်ရမ်း စိတ်ဝယ်မှန်းဆ
တသသရှင့်.....။ 


(ကာရန်နဲ့ ကဗျာလေးတွေကို သတိရလို့...)

Tuesday, August 14, 2012

အကြေးခွံများ


ကျွန်တော် ဒီရုံးကိုရောက်တာ မကြာလှသေးသော်လည်း ခင်မင်ဖွယ်ကောင်းသော ရုံးသူရုံးသားများကြောင့် တခဏချင်းမှာပင် အားလုံးနှင့် ငယ်ပေါင်းပမာ ရင်းနှီးသွားခဲ့ရသည်။ အထူးသဖြင့် ကျွန်တော့်အထက်အရာရှိ ဦးကျော်ဇော။ လေးစားဖွယ် တည်တံ့သလို၊ ခင်မင်ဖွယ် ပျော်ရွှင်တတ်သော သူ့ဝသီကြောင့် လက်အောက်ငယ်သား အားလုံး၏ ချစ်ကြောက်ရိုသေခံလည်းဖြစ်သည်။

သို့သော် သေမင်းသည် အကောင်းကြိုက်သူပီပီ ကျွန်တော်နှင့်တကွ အားလုံးကချစ်သော ဆရာဦးကျော်ဇောကိုမှ စောလျှင်စွာ ရွေးခေါ်သွားခဲ့သည်။ သည်မှာပင် ကျွန်တော် ဆရာ့အိမ်ကို ရောက်ဖို့ ဖြစ်လာတော့သည်။

@@@@@@

ဆရာဆုံးပါးသွားချိန်မှာ သားတစ်ယောက်၊ သမီး သုံးယောက်၊ မြေး ငါးယောက်နှင့် ဆရာ့အိမ်သူတို့ ကျန်ရစ်ခဲ့သည်။

“မော်လီရေ အိုင် မအားလို့၊ ဒက်ဒီ့အတွက် ဘဲကင်နဲ့ ဒန်ပေါက် ကိုကို့ကို သွားဝယ်ခိုင်းပေးစမ်းပါ။ မြန်မြန်လေး သွားလို့…”

“နန်စီကလည်းကွာ နီးနီးနားနား လမ်းထိပ်ဆိုင်က ကြေးအိုးလေးပဲ ဒက်ဒီ့ကို ကျွေးလိုက်ပါလားဟင်”

“ကြေးအိုးက မနေ့က ကျွေးပြီးသားလေ မော်လီရယ်၊ ယူကလည်း ဒက်ဒီ အစားမက်တာ၊ သူ ဘာတွေ ကြိုက်တတ်တယ်ဆိုတာ သိရက်သားနဲ့”

“အိုခေ အိုခေ နန်စီရယ်၊ အိုင် ကိုကို့ကို ၀ယ်ခိုင်းလိုက်ပါ့မယ်”

ဆုံးပါးသွားသောအဖေအပေါ် အစားအသောက်ကအစ ဂရုတစိုက်ရှိတာ ချီးကျူးစရာ။ ကြေးအိုး၊ ဘဲကင်နှင့် ဒန်ပေါက်ဆိုတာ ဦးကျော်ဇောလို သေပြီးသူအတွက် နေ့စဉ်စာတဲ့၊ ကျွန်တော်တို့လို လူတွေအတွက်တော့ တခါတရံစာ၊ ပွဲလမ်းစာသာ ဖြစ်လေသည်။ ပိုက်ဆံရှိရင်တော့ အဲလို ပွဲလမ်းစာတွေ တစ်ပတ်လောက်တော့ နေ့စဉ် ၀ယ်စားကြည့်ချင်သေးသည်။

“ကိုကို မမနန်စီက ဒက်ဒီ့အတွက် ဘဲကင်နဲ့ ဒန်ပေါက် သွားဝယ်ပေးပါတဲ့”

“သွားဝယ်ပေးမယ်လေ၊ ဒါပေမဲ့ အိုင့်ကားက ဒီနေ့ ၀ပ်ရှော့ပို့ထားတာ။ ဒက်ဒီ့ကားပဲ ယူသွားလိုက်မယ်။ နန်စီရေ အိုင် ဒက်ဒီ့ကား ယူသွားမယ်နော်၊ သော့ပေးလိုက်ဦး”

“ပက်ထရစ်ရယ် အဲဒီကားက အိုင့်နာမည်ပေါက်နဲ့ ဒက်ဒီ အိုင့်ကို ပေးခဲ့တာနော်၊ ယူ ကားမောင်းကြမ်းပုံနဲ့တော့ အိုင့်ကား ပွန်းလာဦးတော့မှာပဲ”

“အေးပါ နန်စီရာ ယူကလည်း အိုင် ဖြေးဖြေးပဲ မောင်းမှာပါ၊ ပေး  သော့”

တစ်အိမ်လုံးတွင် ဆရာဦးကျော်ဇောနှင့် ကြောင်မလေးနက်နက်တို့သာ မြန်မာနာမည် ရှိပုံပေါ်လေသည်။ ဆရာ့အိမ်သူ မှာ မေးရိုးလေးထောင့်စပ် ၊နှာရိုးမြင့်မြင့်နှင့် ဖြူသောအသားအရည်ရှိ၍ ဘိုဆန်ဆန် ချောမောသော မိန်းမကြီး တစ်ယောက်ဖြစ်သည်။ ငိုရလွန်းသောကြောင့် ဖြူသောအသားတို့ နီမြန်းနေကာ နှာခေါင်းထိပ်တွင် အသားတွေတောင် ပွန်း၍နေသည်။ ဧည့်သည်တစ်စု လာလိုက်၊ ဖြစ်ကြောင်းကုန်စင် ဇာတ်စုံခင်းပြလိုက်တာဝန်ကို အကြီးမ နန်စီနှင့် ဆရာ့အိမ်သူတို့ တာဝန်ယူပြီး အလတ်မ မော်လီနှင့် အငယ်မ အေမီတို့က အကျွေးအမွေး တာဝန်ယူထားကြလေသည်။

လာသမျှဧည့်ပရိသတ်များအား နေကြာစေ့၊ ဖယုံစေ့၊ ရေနွေးကြမ်းနှင့် လဖက်သုတ်တို့ ကျွေးမွေးဧည့်ခံရာ ရေနွေးကြမ်း အိုးလိုက်ဖြည့်ရသည်မှာ လမ်းဘေးလဖက်ရည်ဆိုင်ထက်ပင် ပိုမြန်ဆန်သေးတော့သည်။ အသုဘပို့လာသူများမှာကား ၀မ်းပန်းတနည်းဖြစ်လျှက်က စားဝင်ကြပုံရသည်ဟု တွေးကာ ကျွန်တော့်ဖာသာ ပြုံးမိသေးသည်။

မသာတစ်ခေါက်၊ ကျောင်းဆယ်ခေါက်ဟု ခုနက ပြောနေကြသော မိန်းမကြီးတစ်အုပ်မှာ ဖယုံစေ့ တခွပ်ခွပ်ဝါးရင်း ချန်နယ်ပြောင်းကာ ကိုရီးယားကားအကြောင်း ခပ်တိုးတိုးပြောနေကြပြီ။ အိမ်ရှေ့ ရွက်ဖျင်တဲထဲက လူတစ်စုကမူ ဂဏန်းနှစ်လုံး၏ ဖြစ်နိုင်ခြေအကြောင်း အာဘောင်အာရင်းသန်လျက်ရှိကြသည်။ ဒါသည်ပင် သူတို့ရဲ့ မရဏာနုဿတိ ဖြစ်မည်။

“အီး ဟီး ဒက်ဒီသနားပါတယ် နေမယ်ဆို နေနိုင်သေးတဲ့ဟာ၊ ခုတော့ နန်စီတို့ကို ထားသွားခဲ့ပြီပေါ့ အန်တီရယ်”

“အေးလေ ၅၈နှစ်ဆိုတာ ငယ်သေးတာပဲကွယ်၊ ဒါပေမဲ့ သမီးရယ် သေခြင်းတရားက ကြီးငယ်မရွေးဘူးလေ သမီးရဲ့ နော်”

“ဟုတ်ပါတယ် အန်တီရယ် ဒါပေမဲ့ ဒက်ဒီ ပင်စင်ယူပြီးရင် သားအဖတွေ အမေရိကားသွားလည်ဖို့ လုပ်ထားတာ၊ ခုတော့ ဟင့် အင့်…။  ဟဲ့ မိဥတို့ မိစုတို့ ဟိုမှာ လက်ဖက်လိုက်ပွဲ လုပ်ဦး၊ အေမီရေ ဒီမှာ ဒက်ဒီ့ ဆေးလိပ် ကုန်ပြီ၊ နောက်အသစ်တစ်လိပ် မီးညှိပေးလိုက်ဦး၊ အီး ဟီး ဟီး အန်တီရယ် သမီးတို့ ဘယ်လို ဖြေရမှာလဲ အီး ဟီး…”

သေမဲ့သေ အမေရိကားသွားလည်ပြီးမှ အဖေကို သေစေချင်ပုံရသော အကြီးမ မနန်စီမှာ တစ်အိမ်လုံးတွင် အခရာ ဖြစ်ပုံရသည်။ ဧည့်သည်နှင့် စကားပြောလိုက်၊ အိမ်ဖော်ကောင်မလေးတွေကို လှမ်းခိုင်းလိုက်၊ အဖေလုပ်သူ အလောင်းပြင်ထားသောနားမှာ လိုတာတွေကို လုပ်ပေးဖို့ပြောလိုက်နှင့် နှုတ် မလည်နိုင်အောင် ကရားရေလွှတ် နေလေသည်။

ရွှေဘောင်ကွတ်ထားသော ဆရာ့ဓါတ်ပုံရှေ့တွင် ဆရာသောက်နေကျ မာဘိုလိုစီးကရက်ဘူး ရှိသည်။ အသစ်တစ်လိပ် ကို မီးညှိပေးထားပြီး ဖွင့်ထားသောဘူးခွံနှင့် ဇစ်ပိုမီးခြစ်ကိုမူ ဘေး၌ချထားလေသည်။ သွားတိုက်ဆေးထည့်ထားသော သွားတိုက်တံ တစ်ချောင်းလည်း တွေ့သေးသည်။ ဘေးမလှမ်းမကမ်းမှာ ဆရာ့ ဂေါက်အိတ်ကြီး ချထားတာတွေ့သော် အဲဒါကြီးများ မီးထဲထည့်ရှို့ဦးမှာလား တွေးမိစဉ် ဘဲကင်နှင့် ဒန်ပေါက်သွားဝယ်သော ဆရာ့သား ပြန်လာကာ ခပ်ကျယ်ကျယ် အော်ပြောလေမှ စိတ်ထဲအေးသွားရသည်။

“ကိုထွေးရေ ပြန်ကာနီးရင် ဒီဂေါက်အိတ်ကို ကားပေါ်တင်ပေးဦးနော်၊ ကျွန်တော့်အတွက် ဒက်ဒီ့အမွေ Adams ဂေါ့ဖ်ဆက်လေး”

တော်ပါသေးရဲ့၊ နို့မဟုတ်ရင် ကျွန်တော့်မှာ ကြားက နှမျောမဆုံး ဖြစ်ရဦးတော့မည်။

“ဒက်ဒီတို့များ သူ့သမီးတွေပဲ အမွေတွေ ပေးသွားလိုက်တာ၊ အိုင့်ကျတော့ ဒီ ဂေါ့ဖ်စက်လေး တစ်ခုပဲ”

“အံမယ် ယူနော်၊ ယူ မိန်းမရတုံးက တိုက်တစ်လုံး လက်ဖွဲ့ခဲ့တာရော၊ ပြီးတော့ ဒက်ဒီ့ရော်ဘာခြံတွေ ရလိုက်တာ ဘယ်သူလဲ ပြောပါဦး”

“အေးလေ ကိုကို ယူကလည်း အကုန်လိုချင်နေတာပဲ”

“နန်စီ မော်လီ သားပက်ထရစ် တော်တော့၊ မာမီ စိတ်ဆင်းရဲနေရတဲ့အထဲနော်၊ မင်းတို့ ဒက်ဒီကြားရင် စိတ်ကောင်းမယ်များ ထင်နေသလား ဟင်”

မအေဖြစ်သူဝင်ပြောတော့ သူတို့ မဟုတ်သလို အသံတွေ တိတ်သွားကြပြန်သည်။ သြော်…ရှိသူတို့၏ ဒုက္ခတွေ။ မရှိလျှင်ဖြင့် သားသမီးတွေ ခုလို အမွေလုနေစရာ လိုမှာမဟုတ်။ တစ်ချို့ဆို မိဘမသေခင်ကတည်းက အမွေလုနေကြတာ၊ ဒါနဲ့ စာရင်တော့ သေမှ အမွေလုတာ တော်သေးတာပေါ့ဟု  ဆရာ့သံယောဇဉ်နှင့် ဆရာ့သားသမီးတွေအပေါ် ပိုပိုသာသာလေး တွေးပေးနေမိသည်။

“အင့် အဟင့် ဟင့် ဟုတ်တယ် မမမြရယ်၊ အကောင်းကြီးမှ အကောင်းကြီးပါပဲ။ အဲ့ဒီညက အုန်းနို့ခေါက်ဆွဲပဲ ထမင်းလွတ်စားမယ်ဆိုပြီး စားသေးတာ”

“အင်း တရားနဲ့သာ ဖြေပါကွယ် ဂျင်နီရယ်၊ ကိုကျော်ဇောက ဘ၀မှာ သူနေချင်သလို နေ၊ စားချင်သလို စားသွားခဲ့ရတာပဲ မဟုတ်လား၊ သေတော့လည်း နာတာရှည်ကြီး ခံစားသွားရတာမဟုတ်ဘဲ ခုလို ဗြုန်းကနဲ ဖြစ်သွားတာ သူ့အတွက် ကောင်းတာပေါ့ကွယ်”

“ဟုတ်ပါတယ် မမမြရယ်၊ သူကလေ အမြဲပြောတယ် သိလား၊ ကိုယ် အရင်သေမှာပါ ဂျင်နီရယ် တဲ့၊ အဲဒါကို သူ သေချာသိနေလို့ပဲလား မပြောတတ်ဘူး၊ ရှေ့နေနဲ့ သေတမ်းစာ အသေအချာ ရေးသွားခဲ့တာ”

ပိုင်ဆိုင်သမျှတွေကို နံပါတ်စဉ်ထိုးကာ ဇနီးနှင့် သားသမီးများကို ခွဲဝေပေးခဲ့သည်အထိ ဆရာက အကွက်စေ့စေ့ စီစဉ်ခဲ့လေသည်။ သေရင်တောင် မီးသဂြိုလ်ဖို့ပဲ မှာထားခဲ့တာသည်ပင် ကျန်ရစ်သူမိသားစုတွေ နှစ်ပတ်လည်တိုင်း ဆွေးမြေ့တမ်းတ မနေကြရအောင် ဖြစ်လိမ့်မည်။

အသုဘချမည့်အချိန်က နေ့လည် ၂နာရီ၊ ခဏနေတော့ အားလုံး ပြင်ကြ ဆင်ကြနှင့် လှုပ်လှုပ်ရွရွ ဖြစ်လာကြသည်။

ခေါင်းထဲ ထည့်ကြတော့မည်မို့ ခုမှပဲ ခေါင်းကို အသေအချာ ကြည့်မိရာ အလူမီနီယမ်ခေါင်းကို အတွင်းပိုင်းမှာ ကတ္တီပါအဖြူစွတ်စွတ်ခင်းနှင့်မို့ အနောက်တိုင်းဝတ်စုံအနက် ဆင်ပေးထားသော ဆရာဦးကျော်ဇော၏ အလောင်းမှာ ထင်းကနဲ ထင်သာမြင်သာရှိသည်။ ထို့အပြင် မိတ်ကပ်ပြင်သူ အသေအချာ ပြင်ဆင်ဖီးလိမ်းပေးထားသောကြောင့် ဆရာ့နှုတ်ခမ်းသွေးများပင် ပန်းနုရောင်သမ်းနေသလို ထင်ရလေသည်။

ငွေကြေးချမ်းသာသောအခါ မကြာခင် ပြာဖြစ်မည်ကိုပင် တန်ဆာဆင်ချင်ကြသေးသည်ကို ထူးဆန်းသလိုဖြစ်လျှက်က အံ့သြပြီး မနေတော့။

@@@@@@

အသုဘယာဉ်နောက်မှ ဆလွန်းကားလေးပေါ်တွင် ဆရာ့အိမ်သူနှင့် သမီးအငယ်လိုက်ပါပြီး ဆရာ့သားမောင်းသော နောက် ကားကြီးပေါ်တွင် အကြီးမနှင့် အလတ်မတို့ လိုက်ပါလာကြသည်။ သူတို့ နှစ်ယောက်လုံးပင် အထက်အောက် ဆင်တူ အနက်ရောင်နှင့် နေကာမျက်မှန် အနက်ရောင်ကြီးများ တပ်ထားကြလေသည်။ လက်ကိုင်ပုဝါလေးနှင့်တို့ကာ တို့ကာ တအိအိ ငိုလာလိုက်ကြသည်မှာ သုဿာန်ရောက်သည် အထိပင်။

သုဿန်ရောက်လျှင် ဇရပ်ထဲမှာ တရားနာကြသည်။ ခေါင်းထဲငြီးစီစီဖြစ်လာ၍ ဇရပ်အပြင် ခဏထွက်လာစဉ် ကျွန်တော့်မျက်လုံးထဲ တန်းဝင်လာတာက ကလေးငယ်လေးတစ်ယောက်ရဲ့ အသုဘတစ်ခု။ ခေါင်းမှာ ရေးထားတာက မောင်မြတ်ဝေ-အသက် ၈နှစ်။ ခေါင်းဘေးပတ်ပတ်လည်မှာ ပန်းနုရောင် ဖဲပွင့်ကလေးတွေ လေးငါးဆယ်ပွင့် ခပ်ကျဲကျဲ ဖြစ်သလိုကပ်ထားသော ထင်းရူးသားခေါင်းကလေး။

ခေါင်းဘေးမှာ မအေဖြစ်သူဟုထင်ရသော ပိန်ပိန်ပါးပါး အရွယ်ခပ်ငယ်ငယ် အမျိုးသမီးတစ်ယောက် အံကို တင်းတင်းကြိတ်လျှက်။ အမျိုးသမီး၏ရင်အောက်မှာ ပုဝါတစ်ထည် စည်းနှောင်ပေးထားသေးသည်။ ဖအေဖြစ်ပုံရသော အမျိုးသားက သူ့လက်မောင်းကို တွဲကာ ဘေးမှ လိုက်ပါလာလေသည်။ လင်မယားနှစ်ယောက်စလုံးမှာ ခပ်နွမ်းနွမ်းလေးတွေဝတ်ထား၍ လူရောင်မွဲသော အသုဘပို့လာသူများမှာ ချောက်တီးချောက်ချက်နှင့် ဘတ်စ်ကား တစ်စီးစာပင် မပြည့်တတ်။

“မ၀င်း၊ ညီမ ငိုချလိုက်နော် ငိုချလိုက် တင်းမထားနဲ့”

ဘေးမှ ညိုညိုပိန်ပိန် မိန်းမကြီး အသံ။

သို့သော် မ၀င်းဆိုသော ကလေးအမေက မငိုပါ။

“ကျွန်မ ဖြေနိုင်ပါတယ် အစ်မရယ်၊ သားလေးကိုပဲ သနားတာပါ။ နေမကောင်းလို့မှ သေချာ ဆေးမကုပေးလိုက်နိုင်တဲ့ ဘ၀”

ကလေးအမေက ပြောရင်းမှ လည်ပင်းကြောများပင် ထောင်ထလာအောင် အံကို ကြိတ်လိုက်ပြန်သည်။ ကလေးအဖေ ကတော့ မျက်ထောင့်နီကြီးများနှင့် သားအခေါင်းကိုသာ စိုက်ကြည့်နေဆဲ။ ဖြစ်ရလေ။ ဆေးကုသစရိတ် မရှိရှာလို့ ဒီကလေး ပစ်လိုက်ရတာလို့ နားလည်လိုက်မိတော့ ကျွန်တော့်ရင်ထဲ ကျင်ကနဲ ခံစားလိုက်ရသည်။ အိတ်ကပ်ထဲ စမ်းကြည့်မိတော့ ငွေလေး ငါးရာခန့် ရှိနေသည်။ ထိုအထဲမှ ငွေတစ်ရာ ရေတွက်ကာ ကလေးအဖေလက်ထဲ ထည့်ပေးလိုက်မိသည်။

“ကလေးအတွက် ဆွမ်းသွတ်အလှုထဲ ထည့်လှုပေးပါဗျာ”

စိုစွတ်သော မျက်ဝန်းများနှင့် ကလေးအဖေက ကမ်းပေးသောငွေကို လှမ်းယူရင်း မျက်နှာပေါ်မှာ အပြုံးတစ်ခု ကြိုးစားတင်ရှာသည်။ မပြုံးပြပါနဲ့ဗျာ၊ ကလေးအဖေအပြုံးကို ကျွန်တော့်စိတ်က လှမ်းတားပါသေးသည်။ ကျွန်တော်တောင်မှေ၀၀ါးလာသောမျက်ဝန်းတို့ကို အနိုင်နိုင် ထိန်းနေရတာ၊ ကလေးအဖေ၏ မပီသောအပြုံးကို ကျွန်တော် မမြင်လိုတော့ပါ။

သူတို့သားကလေးကို မီးသဂြိုလ်စက်ထဲ ထည့်ကြတော့မည်။

“ခဏလေး”

ကလေးအမေ အသံ။

သဂြိုလ်စက်ထဲမသွင်းမီ ကလေးအမေသည် အခေါင်းကို ဖွင့်ခိုင်းကာ သားကလေးမျက်နှာကို နောက်ဆုံးအကြိမ် ၀အောင် ရှု့သည်။ ခေါင်းဖျားကနေ သားခြေဖ၀ါးကလေးတွေအဆုံး တရှုံ့ရှုံ့နမ်းရှိုက်သည်။ ကလေးအဖေကမူ မျက်နှာကို တဖက်သို့သာ လွှဲထားလေသည်။

“ရပါပြီ ထည့်ကြပါတော့”

ကလေးအမေဆီမှ တိုးလျသောအသံလေး ထွက်လာခိုက် တာဝန်ရှိသူတို့က ခေါင်းကိုပိတ်ကာ ဂျိုင်းကနဲ အသံနှင့်အတူ အခေါင်းအား မီးညွန့်မီးစွယ်များထဲ တည့်သွင်းလိုက်ကြတော့သည်။ ထိုအခါမှ ကလေးအဖေသည် ခေါင်းကို အုတ်နံရံနှင့် အုန်းကနဲ ပြေးဆောင့်ရာ ကလေးအဖေကို ၀ိုင်းဆွဲသူက ဆွဲ၊ အော်ငိုသူတွေက ငိုနှင့် ပွက်လောရိုက် ကုန်ကြလေသည်။

ဆက်မကြည့်ရက်တော့ပါ။ ကျွန်တော့်သားနှင့် ရွယ်တူဖြစ်သော ကလေးတစ်ယောက်၏ နောက်ဆုံးခရီး။ ကျွန်တော့်ထက် ငယ်ရွယ်ပုံရလျှက် ပိုမိုအိုစာပုံပေါက်နေသော ကလေးမိဘနှစ်ပါး။ သီးကင်းလေးတွေလည်း တဖြုတ်ဖြုတ်ကြွေတတ်သော သေခြင်းတရား။ ကျွန်တော်တို့အားလုံး ဘယ်သူမှ ရှောင်လွှဲမရနိုင်သော လမ်းပင်။

@@@@@@

“ခေါင်းပိတ်တော့မယ်တဲ့ ဘယ်သူတွေ ကြည့်ကြဦးမလဲ”
  
“မကြည့်တော့ပါဘူး သား ပက်ထရစ်ရယ်။ နန်စီတို့ မော်လီတို့ လာကြ၊ ဒက်ဒီ့ကို နောက်ဆုံးကန်တော့ကြ”

“အီးဟီးဟီး ဒက်ဒီရေ ဒက်ဒီ ဖြစ်ရလေ ဒက်ဒီရဲ့”

“ဒက်ဒီ့ကို ထည့်တော့မလို့လားဟင်၊ ဟင့်အင်း ဒက်ဒီ နေပါဦး ဒက်ဒီရဲ့၊ သမီးတို့ကို ထားမသွားပါနဲ့နော်”

“ဟင့်အင်း ဒက်ဒီ့ကို မထည့်ကြပါနဲ့ မထည့်ကြပါနဲ့နော်”

သားသမီးများက ဆရာ့ခေါင်းကို စက်ထဲထည့်ဖို့ပြင်နေသော တာဝန်ရှိသူထံမှ ၀ိုင်းဆွဲနေကြတာ မြင်ရတော့ ကျွန်တော်ပင် စိတ်ထဲ မကောင်း။ သွားနှင့်တော့ ဆရာရေ…။

တာဝန်ရှိသူသည် အလိုလိုက်ဟန်နှင့် ခဏမျှ တန့်သွားသေးသည်။ ပြီးမှ…

“ကဲ ကျေနပ်ကြပါတော့၊ နောက်မှာ တစ်ခြား အသုဘရှင်တွေ ရှိသေးတယ်ဗျ။ ဒါနဲ့ သေစာရင်းလေး တစ်ချက်လောက် ပြလို့ရမလားဗျာ”

“ပက်ထရစ် ဒက်ဒီ့ သေစာရင်းရော”

“ရှိတယ် ရှိတယ် ခဏလေး”

ဆရာ့သားက သူ့ဘောင်းဘီအိတ်ထဲ နှိုက်ကြည့်သည်။ သို့သော် ဘာမှ ပြန်ပါမလာ။ အင်္ကျီအိတ်ထဲ နှိုက်ကြည့်ပြန်သည်။ ဘာမှ ပါမလာပြန်။

“ဟာ ပြဿနာပဲ အိမ်မှာ ကျန်ခဲ့ပြီ ထင်တယ်ဗျာ”

“အာ ဒါဆိုရင်တော့ ကျွန်တော်တို့ သဂြိုလ်ပေးခွင့် မရှိဘူး၊ စက်ထဲထည့်လို့ မရပါဘူးခင်ဗျာ”

“အို ဘယ်ဖြစ်မလဲ၊ ထည့်ပါရှင့်”

အကြီးမ နန်စီ့ အသံ။

“မထည့်လို့ ဘယ်ဖြစ်မလဲဗျာ”

ဆရာ့သား အသံ။

“အင်းလေ မော်လီတို့က ဒက်ဒီ့ကို ပြန်သယ်သွားရမှာလား လို့”

အသုဘပို့ ပရိသတ်အားလုံး ငိုသံတွေ ရှဲကနဲ ရပ်သွားကာ စို့လာသော မျက်ရည်တို့ပင် ပြန်ဝင်သွားချင်ချင်။ ဆရာသာ ကြားနိုင်ရင်တော့ ခုမှပဲ ရင်ကွဲ သေချင်စရာဖြစ်လေသည်။

“ဒါဆိုလည်း ခဏလေး ဘေးဖယ်ကြပါဦးဗျာ၊ နောက်က အသုဘတွေ အရင် သဂြို င်္လ်ပါစေ”

အခေါင်းကို တရားနာဇရပ်ဆီသို့ ပြန်သယ်လာကြကာ ဆရာ့သားက အိမ်ကို ဖုန်းဆက်မေးသည်။ ဆရာ့သမီး အကြီးမနှစ်ယောက် ကတော့ အငိုရပ်သွားကာ သူတို့အစ်ကိုကို စောင်ပေပေ ကြည့်လျှက်ရှိသည်။

“ဟဲ့ မိဥ တီဗီနားတို့၊  အိမ်ရှေ့က စားပွဲခုံပေါ်တို့ ရှာကြည့်စမ်း၊ ဒက်ဒီ့ သေစာရင်းစာရွက်များ ငါ တင်ထားခဲ့မိ သလားလို့၊ အေးလေ အိမ်က မထွက်ခင်ကပဲ အသုဘကားလာတော့ ငါ ထုတ်ပြလိုက်သေးတာ။ ဟမ် တွေ့လား တွေ့ပြီလား၊ အေး အေး အဲဒါ သုဿန်ကို အမြန်လာပို့ပေးစမ်း ကြားလား ဒါပဲ ဒါပဲ”

ခဏကြာတော့ ဆရာ့သားဖုန်းက မြည်လာပြန်သည်။

“ဘာ ကားမောင်းပို့မဲ့သူ မရှိဘူး ဟုတ်လား။ ဟာ ဦးနှောက်မရှိတဲ့ဟာတွေ၊ တွေ့ရာတက်စီ ငှားလာခဲ့ပေါ့ဟ။ အရေးထဲ လာ လာ မြန်မြန်သာ လာခဲ့”

ဖြူသော ဆရာ့သားမျက်နှာမှာ နီမြန်းလာလျှက် ကျန်သူတွေအားလုံး၏မျက်နှာများမှာကား ရယ်ချင်ပက်ကျိနှင့် မကောင်းတတ်လို့ မြိုမြိုချထားရတဲ့ ရုပ်တွေနှင့် ဖြစ်လေသည်။

ထိုနေ့က ကျွန်တော်အိမ်ပြန်ရောက်တော့ ညမီးလုံးများပင် ထွန်းညှိချိန်။ မိန်းမက သောက်ရေတစ်ခွက် ကမ်းပေးရင်း ဆိုသည်။

“ကြာလိုက်တာ ကိုရယ်၊ အသုဘက နေ့လည် နှစ်နာရီဆို”

မိန်းမအမေးကို ပြန်မဖြေနိုင်သေးဘဲ ရေကိုသာ အငမ်းမရ သောက်ချလိုက်မိသည်။ ပူလိုက်တဲ့ ရင်။ အဖြစ်အပျက်တို့ကို အတိုချုံးကာ မိန်းမကို ပြောပြလိုက်တော့ မိန်းမခမျာ ဖြစ်နိုင်ခဲလှပေခြင်းရယ်လို့ အံ့သြဘနန်း ရင်ဘတ်ဖိရှာသည်။

@@@@@@

နှစ်တွေတော်တော်လေး ကြာခဲ့ပါပြီ။ သူ့သားတွေ သမီးတွေတောင် အရွယ်ရောက်လို့ အိမ်ထောင်ရက်သားတွေ ကျကုန်ကြပြီ။ နယ်မြို့လေးတစ်မြို့ဆီ ပြောင်းရွှေ့တာဝန်ကျတုန်းက သူ့ဆရာဦးကျော်ဇော အသုဘမှာ ဖြစ်ခဲ့တာတွေကို ဒီကနေ့မှ သူ့စိတ်ထဲ ထူးထူးလည်လည် အမှတ်ရနေမိတယ်။ ခုတော့ သူရော သူ့မိန်းမရော လူအိုတွေ ဖြစ်ကုန်ကြပြီ။ ဆေးခန်း ဆေးရုံတွေဆိုတာကတော့ ၀င်တစ်ခါ ထွက်တစ်လှည့်ရယ်။ မိန်းမအသုဘကိုပဲ သူ အရင် ရေစက်ချရမလား၊ သူ့အသုဘကိုပဲ မိန်းမက ရေစက်ခွက်ကိုင်ရမလားဆိုတဲ့ အခြေအနေမျိုးက အချိန်မရွေး ရောက်လာနိုင်တဲ့အနေအထား။

သားသမီးတွေကို အမွေတွေ ဘာတွေ ခွဲဝေပေးနေစရာလည်း များများစားစားတော့ မရှိလှပါဘူး။ ဒီအိမ်လေးတစ်လုံးရယ်၊ သူ့မိန်းမ လက်ဝတ်လက်စားလေး နည်းနည်းရယ်၊ တီဗီလေး ကက်ဆက်လေးရယ် ဒီလောက်ပါပဲ။ သေတမ်းစာတွေ ဘာတွေ ရေးရလောက်တဲ့အထိမှ မဟုတ်တော့လည်း ခပ်အေးအေးပဲ။ ဘာမှ နောက်မှာ ဆံချည်တစ်မျှင် တင်းနေစရာမရှိဘူးပေါ့။

ထမင်းစားနေတဲ့ သူ့သားကြီးမိသားစုကိုတွေ့တော့မှ သူ့ မသိစိတ်ထဲမှာ ကပ်ငြိနေတဲ့ ပူပန်မှုတစ်ခုက စကားလုံးတွေအဖြစ်နဲ့ သူ့နှုတ်က လွှတ်ကနဲ ထွက်ကျသွားတယ်။
  
“မိန်းမရာ ငါများသေရင်လေ သုဿန်ကို သေစာရင်းယူခဲ့ဖို့ မမေ့နဲ့လို့ မင့်သားကြီးကို အသေအချာ မှာထားစမ်းပါကွာ နော်”

ရုတ်တရက်မို့ သူ့မိန်းမအဖွားကြီးက ဒီအဘိုးကြီးနှယ် ဘာစိတ်ကူးများပေါက်ရပြန်သတုန်းဆိုတဲ့ မျက်နှာပေးနဲ့ သူ့ကို တစ်လှည့်၊ သားကြီးကို တစ်လှည့် ဂြိုလ်ကြည့် ကြည့်နေလေတော့တယ်။


Faces - မုခ မဂ္ဂဇင်း - သြဂုတ်လ-၂၀၁၂



Thursday, August 9, 2012

ဆန့်ကျင်ရုန်းထွက်....

အမျိုးသမီးပီပီ  Facial လို့ခေါ်တဲ့ မျက်နှာသစ်၊ ပေါင်းတင် အဲသလို အသားအရည်ထိန်းသိမ်းပေးတဲ့ ဆိုင်တွေကို တခါတလေ ကျွန်မ သွားလေ့ရှိပါတယ်။ လှချင်ပချင်တဲ့ စိတ်အပြင် အနားယူချင်၊ ဇိမ်ခံချင်တဲ့ စိတ်ကြောင့်လည်း ပါပါတယ်။ အဲဒီမှာက ဇက်ကြော၊ ပခုံးကြောတွေကို နှိပ်နယ်ပေးတာလည်း ပါဝင်တာကိုး။ ကျွန်မက Adonis ကို သွားလေ့ရှိတယ်။ အဲဒီဆိုင်ရဲ့ ၀န်ဆောင်မှုကို ကျွန်မ ကြိုက်နှစ်သက်မိတာကြောင့်ပါ။

Facial လုပ်ရမဲ့အခန်းထဲ ရောက်တာနဲ့ ပက်လက်လှဲအိပ်စေပြီး ခြေဖ၀ါးတွေကို ခြေမျက်စေ့မြုတ်တဲ့ အထိ ရေနွေးစိမ်ပေးပါတယ်။ အဲဒါကိုလည်း အတော်လေး သဘောကျမိတယ်။ လူတွေဟာ  နေ့တစ်ဓူဝ သွားလာလုပ်ကိုင်နေကြတဲ့နေရာမှာ လူမြင်တင့်တယ်စေဖို့ လှတစ်မျက်နှာကို ဂရုစိုက်သလောက် ဒီခြေဖ၀ါးတွေကိုတော့ ဂရုစိုက် နွေးထွေးစေသူ အင်မတန် ရှားမှာပါ။ အဲဒီအချိန်တွေမှာ ကျွန်မ စိတ်တွေကို ဖြေလျှော့ချ၊ မျက်စေ့မှိတ်ပြီး စိတ်ရော လူပါ နားနေလေ့ ရှိပါတယ်။ တကယ်လည်း သက်တောင့်သက်သာရှိတာမို့ပါ။

ပြီးရင်တော့ မျက်နှာသန့်စင်ပေးပြီး အအေးပေါင်းတင်တဲ့နည်း (Cool steam)နဲ့ မျက်နှာပေါ်က ချွေးပေါက်တွေ ပွင့်စေပါတယ်။ နောက်တစ်ဆင့်ကျတော့ မျက်နှာပေါ်က Black heads၊ white heads လို့ခေါ်တဲ့ အဆံလေးတွေ ညှစ်ထုတ်ပေးပါတယ်။ Facial process တစ်ခုလုံးမှာ အဲဒီအဆင့်ဟာ ကျွန်မ မကြိုက်ဆုံးအဆင့်ပါပဲ။ ၀န်ဆောင်ပေးသူ (Beauty Therapist လို့ ခေါ်ကြပါတယ်) ကျွမ်းကျင်ရင် မဆိုစလောက်ကလေးပဲ နာပေမဲ့ မကျွမ်းကျင်ရင်၊ အကိုင်အတွယ်ကြမ်းရင် နည်းနည်း နာကျင်တတ်လို့ပါပဲ။

နောက်တစ်ဆင့်ကတော့ ကျွန်မအကြိုက် မျက်နှာ၊ လည်ပင်းနဲ့ ဇက်ကြောတွေမှာ အဆီတစ်မျိုး လူးပေးပြီး နှိပ်နယ်ပေးတဲ့ အဆင့်ပါ။ မျက်နှာကို လည်ပင်းကစလို့ အပေါ်ကို ပင့်တင်ပြီး နှိပ်နယ်ပေးတာမို့ lifting ပါ ပါပြီးသား ဖြစ်ပါတယ်။ ပြီးတဲ့အခါမှာတော့ ခုနလူးထားတဲ့ အဆီတွေကို ဆေးကြော ဖယ်ရှားပေးပါတယ်။ နောက်ဆုံးအဆင့် မျက်နှာပေါင်းတင်ပေးတဲ့ အဆင့်ရောက်တဲ့အခါမှာတော့ မျက်နှာအသားအရည်ရဲ့ အခြေအနေပေါ်မူတည်ပြီး ဘာနဲ့ ပေါင်းတင်ပေးရမယ် ဆိုတာကို ရွေးချယ်ပေးပါတယ်။ အိပ်ရေးတွေ သိတ်ပျက်လို့ မျက်နှာအသားအရည် ခြောက် ခမ်းနေရင် ရေပါတဲ့ Mask မျိုး၊ ညိုတဲ့ အသားအရည်အတွက် Whitening ပါတဲ့ Mask မျိုးပေါ့။ အဲသလို မျက်နှာပေါ် ပေါင်းတင်ခရင်မ်တွေ နာရီဝက်ကနေ လေးဆယ့်ငါးမိနစ်လောက် လူးထားတဲ့ အချိန်မှာတော့ အခန်းမီးကို အမှောင်နီးပါး မှိန်ထားခဲ့ပြီး အချိန်စေ့မှ ၀န်ဆောင်မှုပေးတဲ့ မိန်းကလေးက ပြန်ဝင် လာလေ့ရှိပါတယ်။  အဲဒီအချိန်က လူရော စိတ်ပါ လုံးဝနားနေရမဲ့ အချိန်ပါ။ မကြာခဏဆိုသလို အိပ်ပျော်လုလုအနေအထားကို ရောက်သွားတတ်တဲ့ အချိန်ပေါ့း)

ကျွန်မ ပြောချင်တာ ခုမှ ရောက်ပါပြီ။ ပေါင်းတင်ခရင်မ်လူးရမဲ့ အဆင့်ပါ။ ပေါင်းတင်ခရင်မ်မလူးခင်မှာ မျက်နှာပေါ်ကို မျက်နှာတစ်မျက်နှာစာ အပေါက်လေးတွေပါတဲ့  ပိတ်ပါးကလေး အုပ်ထားပေးပါသေး တယ်။ နှာခေါင်းပေါက်နေရာမှာ အပေါက်ကလေးနှစ်ပေါက် ဖောက်ထားပေးတဲ့ ပိတ်ပါးကလေးပေါ့။  မျက်နှာပေါင်းတင်ခရင်မ် လူးပေးခါနီးမှာ ကျွန်မကို မေးလာပါတယ်။ (ပေါင်းတင်ခရင်မ်ဟာ တော်တော်လေး ပျစ်ပျစ်စေးစေးတွေပါ) မျက်နှာပေါင်းတင် ခရင်မ်ကို နှုတ်ခမ်းတွေပေါ်မှာပါ လူးမလား ဆိုတာပါပဲ။ ကျွန်မကလည်း ရတယ် လူးလိုက်ပါလို့ပဲ ပြောလိုက်ပါတယ်။ လူးပေးပြီးတာနဲ့ မီးကလေး မှိန်ချလို့၊ ကျွန်မကို အခန်းထဲထားခဲ့ပါတယ်။

ကျွန်မရဲ့ မျက်နှာတစ်ခုလုံးအပေါ်မှာ ပိတ်ပါးကလေးတစ်စရယ်၊ ပေါင်းတင်ခရင်မ် စေးပျစ်ပျစ်တွေရယ်က မှိတ်ထားတဲ့ မျက်လုံးပေါ်မှာ တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းပေါ်မှာ။ ပြောရရင် တစ်မျက်နှာလုံး ပိန်းပိတ်နေတဲ့ အနေအထားမှာ။ ပထမတော့ ကျွန်မ အဆင်ပြေသလို ရှိပေမဲ့ ခဏအကြာမှာ ကျွန်မ စိတ်တွေ မွန်းကြပ်လို့ လာပါတော့တယ်။ မျက်လုံးတွေ မှိတ်ထားရက်နဲ့ ကျွန်မ မြင်နေရတာက ပကတိ အမှောင်။ ဖွင့်မရတဲ့ မျက်လုံးတွေ၊ အဲဒီမျက်လုံးတွေရဲ့အပေါ်မှာ လေးလံဖိပိတ်ထားတဲ့ ကရင်မ် စေးပျစ်ပျစ်တွေ။ နှုတ်ခမ်းတွေကလည်း ဖွင့်မရ၊ စေးပျစ်နေတဲ့ ကရင်မ်တွေနဲ့ တင်းကျပ်စေ့ပိတ်လို့။ နှာခေါင်းပေါက်ကနေ လေရှုလို့ ရနေရက်က မွန်းကြပ်လာလိုက်တာ။ ဘယ်လိုမှ နေမရအောင် ကျွန်မ တစ်ကိုယ်လုံး တုတ်နှောင်ခံထားရသလို အကျဉ်းကျတဲ့ ခံစားမှုမျိုး။ ဘုရားသာ တမိတော့တယ်။ ဒီလိုအနေအထားမျိုးမှာ ခပ်ကြာကြာသာနေရရင် ကျွန်မ သေ သွားတော့မလားတောင် ထင်မိပါရဲ့။ တကယ်ပဲ အသက်ရှုရပ်သွားတော့မလား ထင်မိပေမဲ့ ကျွန်မနှာခေါင်းပေါက်ကနေ အသက်ရှုလို့ ရနေသေးတာကို သိနေတယ်။ ဒါပေမဲ့ ခက်တာက ဘယ်လိုမှ အသက်ရှုလို့ မ၀ဘူး။ မျက်နှာပေါ် အင်္ဂတေကိုင်ထားတဲ့ ခံစားနေရမှုဟာ တကယ်ကိုပဲ ဆိုးဝါးလှပါတယ်။ လူတွေဟာ ဖိချုပ်ခံရမှုအပေါ် ရုန်းကန်တိုးထွက်လိုစိတ်နဲ့ တုန့်ပြန်တယ်ဆိုတာကို ကျွန်မ လက်တွေ့ ခံစားခဲ့ရတဲ့ အချိန်ခဏလေးပေါ့။

ဒါ ကျွန်မ ခံစားမှုသက်သက်ပါ။ တကယ်တော့ အဲလိုသာ မွန်းကြပ်နေမယ်ဆို ဆိုင်က ဘယ်လုပ်ပေးပါ့မလဲနော်။ သူများတွေလည်း ဒီလိုပဲ မျက်နှာပေါင်းတင်ခရင်မ်တွေ လူးပြီး နေဖူးကြတာပဲ။ ကျွန်မလည်း အရင်ခါတွေမှာ လုပ်ဖူးခဲ့တာပါပဲ။ ဘာကြောင့်မှန်းမသိ၊ အဲ့ဒီတစ်ခါပဲ အဲသလို ခံစားမှုမျိုး ရခဲ့တာ။ အဲသလို အသက်ရှုမ၀ဘဲ သေများသေတော့မလားလို့ ကျွန်မအတွေးတွေ ကယောင်ကတမ်း လန့်နေချိန်မှာ ကျွန်မ တရားမှတ်ဖို့ သတိရလိုက်မိတယ်။ သေချင်သေပါစေတော့ ဆိုတဲ့စိတ်နဲ့ တစ်ကိုယ်လုံးကို ပြေလျှော့ချလိုက်ပြီး ခံစားနေရတဲ့ မွန်းကြပ်မှုလေးကို တစ်စပြီး တစ်စ ဆွဲထုတ် ရှု့မှတ်နေ လိုက်တော့တယ်။

မွန်းကြပ်မှုတွေနဲ့ နေသားတကျရှိလာပြီး အမှတ်စိတ်လေးနဲ့ ကျော်ဖြတ်ခဲ့ရတဲ့ အဲဒီ လေးဆယ့်ငါးမိနစ်ဟာ တရားသာ မှတ်မနေဘူးဆိုရင် ဘယ်လောက်ကြာရှည်မယ်မှန်း မသိနိုင်ဘူး။ အဲဒီနေ့က အိမ်အပြန်လမ်းမှာ ကျွန်မရင်ထဲ အတွေးတွေ ပတ်ချာလည်နေတော့တာ။ ခဏကလေးမှ ခဏကလေး အမှောင်ထဲ မွန်းကြပ်ပိတ်မိတာကိုတောင် ဒီလောက်ခံစားထိတ်လန့်နေရရင် ကျွန်မမျက်လုံးတွေ မမြင်ရတော့ဘဲ အမှောင်ထုထဲ အမြဲတမ်းသာနေသွားရရင် ဆိုတဲ့ အတွေး။ ခြေတွေ လက်တွေ ရုန်းကန်လှုပ်ရှားနေနိုင် ပါရက်နဲ့ အသက်ရှုလို့ ရနေပါရက်နဲ့တောင် ပိတ်ဆို့မှုဆိုတာကို ခံစားနေရတာ၊ တကယ်များ ချုပ်နှောင်ပိတ်ဆို့ခံရရင် ဆိုတဲ့ အတွေး။

အဲဒီအတွေးတွေနဲ့ နေ့မသိ ညမသိ အမှောင်ထုထဲမှာ နေနေရသူတွေ။ ခြေတွေလက်တွေ လှုပ်ရှား ရှင်သန်နိုင်ပါရက်နဲ့ ခရီး ဝေးဝေးမရောက်နိုင်ရအောင် ပိတ်ဆို့ခံနေကြရသူတွေ။  သူတို့အပေါ် ကိုယ်ချင်းစာ စိတ်တွေနဲ့ သူတို့ရဲ့ အသက်ဆက်ရှင်သန်နေနိုင်မှု ဘ၀ခွန်အားတွေကို လေးစားအားကျ မိရတယ်။ ငွေပန်း ကလေးတွေဟာဖြင့် အဖြူရောင်၊ ကောင်းကင်ကြီးဟာဖြင့် အပြာရောင်၊ တိမ်တွေဟာဖြင့် တစ်ခါတစ်လေ မီးခိုး၊ တစ်ခါတစ်လေ ၀ါရွှေ၊ ပန်းသီးကလေးဟာဖြင့် အနီရောင် အဲသလို အရောင်စုံလှတဲ့ သဘာဝ အလှတွေ သူတို့ကို ခံစားသိကြစေချင်လိုက်တာ။ သဘာဝကို အရှိအတိုင်း မခံစားနိုင်သူတွေအပေါ် ဂရုဏာသက်မိရင်း ကျွန်မ မျက်ရည်ကျခဲ့ရတယ်။

အဲဒီတုန်းက မွန်းကြပ်မှုမျိုးကို ခုစာရေးရင်း ပြန်တွေးမိတာနဲ့တင် ကျွန်မ မောလှိုက်လို့လာတော့တယ်။ ဘာပဲဖြစ်ဖြစ် တစ်နေ့နေ့ အချိန်အားရတဲ့အခါ ကျွန်မ Facial သွားဖြစ်ဦးမှာပါပဲ။


 

Monday, August 6, 2012

Natas Travel Fair Aug-2012

"Natas Travel Fair လုပ်ရင် ပြောပါဦးနော် အစ်မ" လို့ မှာထားတဲ့ ညီမလေးတွေအတွက် ဒီပိုစ့်ကိုရေးပါတယ်။ မမှာထားတဲ့သူတွေလည်း လမ်းကြုံရင် ဖတ်သွားပါ။   ခရီးသွားရတာကို နှစ်သက်တဲ့သူတွေလည်း ဖတ်သွားပါ။ ကျွန်မကိုယ်တိုင် အတွက်လည်း ပိုစ့်တစ်ပုဒ်ရတာမို့ ဒီပိုစ့်လေးကို ရေးဖြစ်ပါတယ်း)

 
Natas ခရီးသွား ဈေးရောင်းပွဲက တစ်နှစ်မှာ ဖေဖော်ဝါရီနဲ့ သြဂတ်စ် နှစ်ကြိမ် ပြုလုပ်လေ့ရှိပါတယ်။ Natas ဆိုတာက National Association of Travel Agents Singapore ရဲ့ အတိုကောက်ပါ။ ကလေးတွေ ကျောင်းပိတ်ရက်ဖြစ်တဲ့ ဇွန်လနဲ့ ဒီဇင်ဘာလတွေမှာ မိသားစုအပန်းဖြေခရီး ထွက်လိုသူများအတွက် အဆင်ပြေစေဖို့ ရည်ရွယ်ရင်း ဖြစ်ပါတယ်။ ခရီးတစ်ခုသွားဖို့က အနည်းဆုံး ၃-၄လလောက် (မိသားစုနဲ့ဆိုရင်) ကြိုတင်ပြင်ဆင်ရတာမို့ စီစဉ်ချိန်က ကွက်တိလောက်ပါပဲ။ ကျွန်မတို့လို မိသားစုမဟုတ်တဲ့ ဇနီးမောင်နှံတောင်မှ ခွင့်ရက်ညှိရခက်တာမို့ ကလေးတွေ ကျောင်းပိတ်ရက်နဲ့ မိဘတွေအလုပ်ခွင့်ရက်ပါ ညှိရမယ်ဆိုတော့ အတော်လေးကြိုတင်စီစဉ်မှ ဖြစ်မှာပါ။

နေရာကတော့ နှစ်စဉ်လုပ်နေကျ Expo Hall မှာပါပဲ။ နေ့ရက်နဲ့ အချိန်တွေလည်း သေချာမှတ်ပါ။

Natas Travel Fair 2012
24-26 August
Singapore Expo, Hall 3B, Hall 4 and Hall 5
10am – 9.30pm
ဝင်ခက ၄ဒေါ်လာပေးရမယ်၊ ၁၂နှစ်အောက်အတွက်တော့ ၀င်ကြေးပေးစရာမလိုပါဘူး။ (ကိုယ့်ကိုယ်ကို ၁၂နှစ်အောက်လို့ သက်သေပြနိုင်ရင်တော့ ဖရီးပေါ့လေ)

ပြီးခဲ့တဲ့ ၂လပိုင်းတုန်းက ရေးခဲ့တဲ့ Natas Travel Fair မှာ မသွားခင် ကြိုတင်ပြင်ဆင်စရာလေးတွေ ရေးထားပါတယ်။ ဒီမှာ ဖတ်ကြည့်နိုင်ပါတယ်။

 http://www.goingplaces.sg/natas-fair/
 http://www.natastravelfair.travel/front.php

စာကြွင်း-စာမရေးဖြစ်တဲ့ အကြောင်းရင်းး)

ပြောရရင် ခုတစ်လော အာရုံကျနေတာက ဓါတ်ပုံရိုက်ဖို့ပဲ ဖြစ်နေတယ်။ ဘာတွေ့တွေ့ ရိုက်မယ်ဆိုတာကြီးပဲ။ ပြီးရင် အိမ်ရောက်တာနဲ့ ဘယ်နေရာက ဘယ်လိုဖြတ်လိုက်ရင် ပိုလှလာမလဲ၊ ဘာရောင်လေး ပြောင်းလိုက်ရင် ပိုကြွသွားမလဲ၊ ဘယ်နေရာလေး ဖျောက်ထားရင် ကောင်းမလဲ... ဒါပဲ ခေါင်းထဲရှိနေတယ်။ အရင်က ပုံတွေရိုက်ပြီးရင် ပြင်တာကို သိတ်သဘောမကျလှပေမဲ့ ခုတော့ ပြင်ထားတာလေးတွေ ကြိုက်နေမိပြန်တယ်။ တခါတလေ သဘာဝမကျတဲ့ အရောင်ခပ်ဆန်းဆန်းတွေတောင် ပိုလှတယ် ထင်နေမိသေးတာ။ လူ့စိတ်များ ပြောပါတယ်...၊ ပြောင်းလဲတတ်ပုံများနော်....။

ဘာပဲဖြစ်ဖြစ် ကမ္ဘာကြီး ကျန်းမာရေး ကောင်းပါစေ....