Saturday, July 14, 2012

နောက်ထပ်တစ်ခါ…

ရှင်တို့အတွက်တော့ မသိဘူး၊ ကျွန်မအတွက်တော့ တွေ့နေကျ ဈေးဆိုင်တစ်ဆိုင် ပိတ်သွားတာ မြင်ရရင် စိတ်ထဲ အတော်လေး မကောင်းဘူး။ တစ်နေ့ ကျွန်မသွားနေကျ ရှော့ပင်းမောထဲရောက်တော့ စားသောက်ဆိုင်လေးတစ်ဆိုင် ပိတ်သွားတာ တွေ့ရတယ်။ အဲဒီဆိုင်လေးက စားသောက်ဆိုင်အသေးစားလေး။ သူ့ဆိုင်မှာ ထမင်းရတယ်၊ ကြက်ကြော်တို့၊ ကြက်ကင်တို့၊ ကြက်အူချောင်းတို့၊ နောက် Snack အဖြစ်စားနိုင်တဲ့ finger foods လိုဟာမျိုး၊ ထုတ်ထိုးလေးတွေလည်း ရတယ်။ တစ်ခါတစ်လေ ခေါက်ဆွဲကြော်၊ ကြာဇံကြော်တွေလည်း တွေ့မိတယ်။ သူ့ဆိုင်လေးက ထောင့်ဆိုင်လေး၊ ထိုင်ခုံရယ်လို့လည်း များများစားစား မရှိဘူး။ ဆိုင်မှာ ထိုင်စားနေတဲ့သူကလည်း နည်းတယ်လို့ ပြောရမယ်။ အဓိကက အလုပ်ကအပြန် ထုတ်သွားကြတဲ့သူတွေကို မျှော်လင့်ပြီးရောင်းတဲ့ဆိုင်လေး။ အဲဒီ့ဆိုင်လေး အခု ပိတ်သွားပြီ။

ကျွန်မ အဲဒီဆိုင်လေးက အစားအသောက်တွေ ၀ယ်ဖူးတယ်။ ကြာဇံကြော်၊ ကြက်ကင်နဲ့ ထမင်းတွေပေါ့။ သတိထားမိတာ တစ်ခုက အဲဒီဆိုင်က ဈေးတော့ နည်းနည်းလေး ပိုကြီးတယ်လို့ ပြောရမယ်။ သူများဆိုင်မှာ ကြာဇံကြော်နဲ့ ကြက်ကြော်ရယ်၊ နောက်ထပ် အသီးအရွက်တစ်မျိုးရယ်အတွက် သုံးဒေါ်လာခွဲ (ဒါကလည်း ရှော့ပင်းမောထဲမှာ မို့လို့ပါ) ကျသင့်တဲ့အချိန်မှာ သူ့ဆိုင်က လေးဒေါ်လာလောက်၊ လေးဒေါ်လာနဲ့ ပြားနှစ်ဆယ်လောက် အဲလိုယူတတ်တယ်။ ကျွန်မ သိသလောက်တော့ ၀ယ်ယူစားသုံးသူတွေဟာ သူတို့ကြိုက်တဲ့၊ အရသာရှိတဲ့ အစားအစာတွေအတွက် ငွေလေးနည်းနည်းပါးပါး ကွာတာကို မကြည့်တတ်ကြဘူး။ ဒါဖြင့် ဈေးကြီးလို့ ပိတ်သွားတာလို့ ကောက်ချက်မချနိုင်ပြန်ဘူး။ အရသာကြောင့်လား။ အင်း အဲဒါတော့ ဖြစ်နိုင်တယ်။ သူ့ဆိုင်က အစားအသောက်တွေက တစ်ခါစားပြီးလို့မှ နောက်တစ်ခေါက်ထပ်သွားစားကြရအောင် ဆိုတာမျိုးတော့ မဟုတ်ဘူး။ သာမန်ပဲ။ နောက် ဆက်ဆံရေး။ ဆိုင်ရောင်းတဲ့သူ မျက်နှာက မချိုသာဘူး၊ မာတယ်လည်း မဟုတ်ဘူး ပုံမှန်ပဲ။

ကျွန်မနဲ့ ကျွန်မအမျိုးသား နှစ်ယောက်စလုံးက စားသောက်ဆိုင်ဖွင့်တဲ့ အလုပ်ကို စိတ်ဝင်စားကြသူဖြစ်လေတော့ အဲလိုဖြစ်ရပ်မျိုးလေးတွေတွေ့ရင် ဘာ့ကြောင့်ဖြစ်နိုင်လဲဆိုတာကို စိတ်ဝင်တစား ကောက်ချက် ဆွဲမိတတ်ကြပါတယ်။
စားသောက်ဆိုင်မှ မဟုတ်ပါဘူး။ အ၀တ်အထည်ဆိုင်၊ ဖန်စီပစ္စည်းလေးတွေ ရောင်းတဲ့ဆိုင်၊ ဘာဆိုင်ပဲ ဖြစ်ဖြစ်ပါ။ ပိတ်သွားပြီဆိုတာ တွေ့ရရင် စိတ်ထဲအတော်လေး မကောင်းဖြစ်တယ်။ ဒါဟာ သူတို့အတွက်တော့ ကျရှုံးခြင်းပဲ မဟုတ်လား။ အဲဒီအခြေအနေမျိုးမှာ သူတို့ဘက်ကနေပြီး ဖြစ်နိုင်ခြေတွေကို တွေးကြည့်ပေးနေတတ်တယ်။

ဆိုင်တစ်ဆိုင် ဖွင့်နေကျနေရာကနေ ပိတ်သွားတယ်ဆိုတဲ့ အခြေအနေမှာ အကြောင်းအမျိုးမျိုး ရှိနိုင်တာပေါ့။ ဆိုင်ပြန်ပြင်နေလို့ ခဏပိတ်ထားတာလား၊ ပိုပြီး ကျယ်ဝန်းတဲ့ ဆိုင်ခန်းကို ပြောင်းရွှေ့သွားတာမို့ ပိတ်လိုက်တာလား။ ပုံမှန်အားဖြင့်တော့ ဒါတွေကြောင့်ပိတ်တာဆိုရင် ဘယ်တော့ ပြန်ဖွင့်မယ်၊ ဘယ်ကို ပြောင်းရွှေ့သွားတယ်ဆိုတာမျိုး၊ ကြေညာစာရွက်-Notice ကပ်ထားလေ့ရှိပါတယ်။ အခြေအနေမကောင်းလို့ အပြီးပိတ်သွားတာဆိုရင်သာ ဘာမှ ရေးမထားဘဲ ဆိုင်မှာ မီးပိတ်၊ တံခါးပိတ်ထားပြီး နောက်ငှားမဲ့သူကို စောင့်နေဆဲ အခြေအနေမျိုးနဲ့ တွေ့ရတတ်တာ။ ခု ဒီဆိုင်က အဲဒီလို အခြေအနေမျိုး။

ဘာဆိုင်ပဲဖြစ်ဖြစ်ပါ၊ ဆိုင်ဖွင့်ခြင်းဆိုတဲ့နေရာမှာ ရောင်းသူအနေနဲ့ ၀ယ်သူဘက်က တွေးပေးရမှာတွေ အများကြီး ရှိပါတယ်။ ပထမဦးဆုံး မဖြစ်မနေ ကြည့်ရမဲ့အချက်က ကိုယ်ရောင်းတဲ့ ကုန်ပစ္စည်းအရည်အသွေးနဲ့ သူ့ရဲ့ဈေးနှုန်းပါ။ နောက်တစ်ခုက ၀န်ဆောင်မှု။ နောက်တစ်ခုကတော့ ပိုမိုထူးခြားသော X-factors တစ်ခုခု ရှိဖို့ပါ။ ၀ယ်ယူစားသုံးသူတွေကို ဘာနဲ့ ဆွဲဆောင်မလဲ ဒါက အဓိက ကျပါတယ်။ ရောင်းကုန်ချင်းတူနေရင်တောင် ရောင်းအားကွာတယ် ဆိုတာတွေက အဲဒီ အပိုဝန်ဆောင်မှုတွေကြောင့်ပါ။

ပါးနပ်တဲ့ ဆိုင်ရှင်ဟာ ၀ယ်သူ့အကြိုက်ကို သိနေတတ်တယ်။ ၀ယ်သူ ကိုယ့်ဆိုင်ထဲ ၀င်လာတာနဲ့ ပြန်အထွက်မှာ ကိုယ့်ဆိုင်ကပစ္စည်းတစ်ခုခု လက်ထဲပါသွားအောင် ပြောနိုင်၊ ရောင်းနိုင်တဲ့ အစွမ်း၊ ကျွမ်းကျင်မှုတွေ ရှိနေတတ်တယ်။ စားသောက်ဆိုင်ဆိုရင်လည်း ဒီလိုပဲ။ ကိုယ်က လက်ဘက်ရည်ဆိုင်ဖွင့်တယ် ဆိုပါတော့ ပုံမှန်လာနေကျ စားသုံးသူ ၀င်လာတာနဲ့ ကျစိမ့်တစ်ခွက်ဟေ့ ဆိုတာမျိုး၊ သူသောက်နေကျ ဘာဆိုတာကို တန်းကနဲ သိပြီး မှာပေးလိုက်ခြင်းဟာ စားသုံးသူရဲ့ စိတ်ထဲမှာ ကိုယ့်အပေါ် အလေးထားခြင်းဆိုတဲ့ ခံစားမှုလေး ရသွားစေတယ်။ စားသုံးသူတွေရဲ့ စိတ်အခြေခံကို သိနေဖို့လည်း လိုသေးတယ်။ ဒါကလည်း မခက်ခဲပါဘူး။ ကျွန်မတို့အားလုံးဟာ လူသားတွေချည်းပါပဲ။ ဒီတော့ အခြေခံစိတ်တွေ တူနေကြပါတယ်။ ဘယ်သူမဆို ကိုယ့်ကို အလေးထားဆက်ဆံတာကို ကြိုက်ကြတာပဲ မဟုတ်လား။ ကိုယ့်ဆိုင်ထဲကို ၀င်လာသူဟာ ဘယ်လိုလူမျိုးပဲဖြစ်ပါစေ။ လက်ဘက်ရည် တစ်ခွက်သောက်ဖို့ လာတဲ့သူဟာ သူ့အိတ်ကပ်ထဲမှာ လက်ဘက်ရည်တစ်ခွက်ဖိုးပါလာရင် ပြီးတာပဲ မဟုတ်လား။ အဲဒီအချိန်မှာ သူဟာ King ပါပဲ။ ကိုယ့်ရဲ့ ၀ယ်ယူအားပေးသူပါပဲ။ သူ့ကို တူတူတန်တန်ဆက်ဆံရမှာပါပဲ။

ကိုယ့်ဆိုင်ရဲ့ အဓိကရောင်းကုန် အရည်အသွေးကို အမြဲထိန်းထားဖို့၊ ဈေးနှုန်းသင့်တင့်ဖို့၊ ၀န်ဆောင်မှုကောင်းဖို့၊ ပိုမိုကောင်းမွန်တဲ့ ၀န်ဆောင်မှုတွေနဲ့ ဆွဲခေါ်ဖို့။ ဒါတွေကို အမြဲစောင့်ကြည့် ပြုပြင်ပေးနေမယ်ဆိုရင် ကိုယ့်ဆီက ၀ယ်ယူစားသုံးသူတွေဟာ ဘယ်ကိုမှ ပြေးတော့မှာ မဟုတ်ပါဘူး။ အဓိကက စားသုံးသူဘက်ကနေ ၀င်ကြည့်တတ်ဖို့ပါပဲ။ ကိုယ်သာဆိုရင် ဘယ်လို အရသာ၊ ဘယ်လိုဈေးနှုန်း၊ ဘယ်လို ၀န်ဆောင်မှုတွေအပေါ် သဘောတကျ ရှိမလဲ။ ကိုယ့်စားသုံးသူအပေါ် အဲ့ဒီအတိုင်းသာ ၀န်ဆောင်မှုပေးပါ။ ကျိန်းသေပေါက် အောင်မြင်မှာပါပဲ။

စီးပွားရေးတစ်ခုလုပ်လို့ ကျရှုံးသွားတဲ့သူတွေအပေါ် စာနာစိတ်နဲ့ စိတ်ထဲမကောင်းဖြစ်မိတာနဲ့အမျှ သူတို့အတွက် " နောက်ထပ်တစ်ခါ" ဆိုတဲ့ ကြိုးစားမှုအသစ်၊ အခွင့်အလမ်းအသစ်တွေ ရစေချင်ပါရဲ့….။


9 comments:

mstint said...

စီးပွားရေးလုပ်တယ်ဆိုတာ အကျိုးပေးတယ် မပေးဘူးဆိုတာနဲ့လည်း ဆက်နွယ်နေတယ် မချစ်ရေ။ အတိတ်ဘဝရဲ့ ကံတရားကိုချည်း ပုံချလို့မရသလို လစ်လျူရှုလို့လည်းမဖြစ်ပြန်ဘူး။ လဲသွားခဲ့ရင် နောက်တစ်ခေါက် ကြိုးစားပြီး မတ်တပ်ရပ်ဘို့ဆိုတာကလည်း လုံလောက်တဲ့အင်အားရှိဘို့တော့လိုတာပေါ့နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မဒမ်ကိုး said...

ကောင်းလိုက်တဲ့အရေးအတွေး

မေဇင် said...

တီချစ်....ပြန်ရင် ဈေးရောင်း မယ်တွေးထားတော့ အတွေးလေးတွေ ရသွားတယ်း)

tin min htet said...

ဈေးသည်ကြီးဆန်နီ လာရောက် ဖတ်မှတ်သွားပါကြောင်း :)

Leo said...

ကျောင်းပီးလျှင် ဈေးရောင်းစားရန် ကြံစည်နေသူတစ်ဦးမှ ဖတ်ရူမှတ်သားသွားပါသည်။
(လီယို)

မိုးငွေ့........ said...

မကြီးတို့ဆိုင်ဖွင့်ရင် မီးစားဖိုမှုးလာလုပ်မယ် အလုပ်ခန့်နော်...။

မိစံ said...

ကိုယ်က လက်ဘက်ရည်ဆိုင်ဖွင့်တယ် ဆိုပါတော့ ပုံမှန်လာနေကျ စားသုံးသူ ၀င်လာတာနဲ့ ကျစိမ့်တစ်ခွက်ဟေ့ ဆိုတာမျိုး၊ သူသောက်နေကျ ဘာဆိုတာကို တန်းကနဲ သိပြီး မှာပေးလိုက်ခြင်းဟာ စားသုံးသူရဲ့ စိတ်ထဲမှာ ကိုယ့်အပေါ် အလေးထားခြင်းဆိုတဲ့ ခံစားမှုလေး ရသွားစေတယ်။
(အလားတူအဖြစ်မျိုးကိုယ်တွေ့ဘဲအစ်မ :D)
အရမ်းမှန်ကန်တဲ့အရေးကြီးအချက်တစ်ချက်ပါ..။

မြသွေးနီ said...

လူတွေက အရသာမကောင်းပေမယ့် ဆက်ဆံရေးကောင်းတာ သဘောကျသလား?

ဆက်ဆံရေးမကောင်းပေမယ့် အရသာလေးကောင်းနေရင်ရော ဈေးကြီးပေမယ့် အရသာအတွက် အားပေးကြသလား..?

အရသာလဲမကောင်း ဈေးလည်းကြီးလို့ကတော့ အဲ့ဒီဆိုင်မျိုးဆို ဝေါင်ဝေါင်ရှေး ဝေးဝေးကနေ ရှောင်ကြသလား..?

ဒါမှမဟုတ် ဆက်ဆံရေးကောင်း၊ အရသာလေးကလည်း ကောင်းဆိုရင် ဈေးကြီးပေမယ့် စားဖြစ်ကြလား..?

အစ်မချစ်ရေ.. စောစောစီးစီး တသီတတတန်းကြီးတောင် တွေးမိသွားပါရဲ့..။

Nyi Linn Thit said...

လူကို စိတ်ဝင်စားပြီး လူမှုစိတ်ပညာကို နားလည်တဲ့ သူတွေကတော့ ဒီလိုမျိုး လုပ်ငန်းတွေမှာ ထူးပြီး အောင်မြင်မယ် ထင်ပါရဲ့ဗျာ..၊ 'Second chance' ပြန်ရတဲ့ သူတွေလည်း သူတို့ရဲ့ ပထမ အားနည်းချက်တွေကို ထောက်ချင့် နိုင်မယ်ဆိုရင် 'Third chance' ဆိုတာ မလိုတော့ဘဲ အောင်မြင်မှုမျိုးတွေ တွေ့ရမှာ မလွဲပါဘူး..၊

အတွေးကောင်းကောင်းနဲ့ ပို့စ်လေးမို့ ကောင်းကောင်းလေး ဆက်တွေးချင်မိ ပါတယ် အမချစ်ကြည်အေးရေ...။

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်