Monday, July 9, 2012

ပိုက်ကွန်တစ်စင်းအတွင်း နေထိုင်ခြင်း

သွေးမတော် သားမစပ်၊ တစိမ်းတရံစာ ယောကျာ်းကြီးတစ်ယောက်နဲ့ ခုလို တစ်မိုးအောက်မှာ  တစ်ဆယ့်နှနှစ်ကြီးများတောင် အတူတူနေရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိပါဘူးလို့ ကျွန်မက ပြောရင် ရှင်တို့ ဘယ်လိုများ တုန့်ပြန်မှာပါလိမ့်။ ဒီငတိမ အူကြောင်ကြောင်နိုင်လိုက်တာလို့များ မှတ်ချက်ချလေမလားပဲ။ တကယ်...၊ ကျွန်မ တကယ်ပြောတာပါ။ ဒါဟာ စဉ်းစားလေလေ အံ့သြစရာကောင်းလေလေ။

အချစ်ဆိုတဲ့အရာ မပါဘဲနဲ့တော့ ဒါဟာ နည်းနည်းကလေးမှ မဖြစ်နိုင်တာပါပဲ။ သေချာတယ်။ သဘာဝကိုက မတူတာ၊ ခန္ဒာကိုယ်တည်ဆောက်ပုံကအစ ကွာခြားတာ။ ကြီးပြင်းခဲ့ကြရတဲ့ အသိုင်းအသိုင်း ပတ်ဝန်းကျင် အပေါ်မူတည်လို့ အကျင့်စရိုက်ပါ ခြားနားနိုင်သေးတာ။ အချစ်ကြောင့်သာ အရာရာကို အလျှော့အတင်းလေးနဲ့ ကြည့်ပြီး လိုတိုးပိုလျှော့ ပေါင်းခဲ့ကြလို့သာ။

သူ့မှာ ကျွန်မ မကြိုက်တာတွေ ရှိနေသလို၊ ကျွန်မဆီမှာ သူမကြိုက်တာတွေက အပုံအပင်။ လူသားတွေမို့ မပြည့်ခဲ့ကြတာ။ တော်ရုံ လိုအပ်ချက်လောက်ကတော့ အချစ်ကပဲ ဖြည့်ပေးလိုက်တာ။

အချစ်ဆိုတာ ကြိုးတပ်တူရိယာတစ်ခုသာဆိုရင် ကြိုးညှိခြင်းအတတ်ကို ရှင်တို့  အင်မတန် စိတ်ဝင်စားဖွယ် တွေ့ကြရမှာ။ အလျှော့အတင်းကို လိုအပ်သလို ချိန်ပေးနေရတဲ့ ကြိုးကလေးတွေ၊ နားလည်မှု၊ စာနာမှု၊ အလိုက်သိတတ်မှု၊ သစ္စာ၊ မြတ်နိုးမှု၊ တန်ဘိုးထားမှု၊ လေးစားမှု.... ဆိုတဲ့ ကြိုး ကလေးတွေ၊ အများကြီးပါပဲ။ ပိုးကြိုးကလေးတွေလို နုညံ့တာမို့ အတင်းအကြပ်ကိုင်တွယ်ဖို့ရာ လုံးဝ မဖြစ်နိုင်တာ။


လက်ဆုတ်လက်ကိုင်ပြလို့ မရတဲ့အရာ။ မှန်းဆကြည့်လို့လည်း မမြင်နိုင်တဲ့ အရာ။

သူ့အတွက်ဖျော်ပေးတဲ့ ကော်ဖီပူပူတွေကို သူမသောက်ခင် ဇွန်းဖျားလေးနဲ့ မြည်းစမ်းကြည့်တဲ့အထဲမှာ အချစ်ရှိနေနိုင်တယ်။

သူ့အလုပ်အင်္ကျီတွေကို ဆန့်ဆန့်ပြန့်ပြန့်ဖြစ်အောင် မီးပူတိုက်ရတဲ့အထဲမှာ အချစ်ရှိနေနိုင်တယ်။

ပိတ်ရက်တွေမှာ သူစားချင်တဲ့ ဟင်းစပ်တွေကို ချက်ပြုတ်ပြင်ဆင်နေရတဲ့အထဲမှာရော... အချစ်ရှိမနေနိုင်ဘူးလား။

အလုပ်ချိန်အတွင်း မိုးရွာနေတဲ့အခါ ဖိနပ်ရေစိုကြီးနဲ့ အကြာကြီး မနေနဲ့နော်လို့  ဖုန်းထဲက မှာတတ်တဲ့ အသံမှာရော အချစ်ရှိမလား။

နေ့လည်က ရုံးမှာ ဘာဟင်းတွေနဲ့စားခဲ့လဲလို့ မေးတဲ့ မေးခွန်းထဲမှာရော အချစ် ရှိမနေနိုင်ဘူးတဲ့လား....။

ဒါနဲ့ အချစ်မှာ ဘယ်အရာက အရေးကြီးတာလဲ။ ကိုယ်က ချစ်ဖို့လား၊ အချစ်ခံရဖို့လား၊ အချစ်ကို ရဖို့လား၊ အချစ်ကို ရဖို့ ပြင်ဆင်နေချိန်လား....

အမေရိကန်ကဗျာဆရာ Shel Silverstein ရဲ့ Moon-catchin' Net ဆိုတဲ့ ကဗျာတစ်ပုဒ်ကို ဆရာမဂျူးက လကို ဖမ်းမဲ့ ပိုက်ကွန်လို့ ပြန်ဆိုတယ်။ ပြီးတော့ ဆရာမက ပြောတယ်။ လကိုဖမ်းတဲ့သူတိုင်းဟာ လကို မမိကြပါဘူးတဲ့၊ ဘေးနားက ကြယ်ကလေးကိုပဲ မိတဲ့သူတွေလည်း ရှိသတဲ့။ ကြယ်ပဲဖြစ်စေ၊ လပဲဖြစ်စေ သူ့ကိုဖမ်းမိတဲ့သူအပေါ် အလွန်ကြည်နူးချမ်းမြေ့မှုကို ပေးစွမ်းနိုင်တာချည်းပါပဲတဲ့။ တကယ်တမ်း စိတ်ကို ကြည်နူးစေနိုင်ဆုံးအချိန်ကတော့ လကိုမိတဲ့ အချိန်မဟုတ်သလို ကြယ်ကိုဖမ်းမိတဲ့အချိန်လည်း မဟုတ်ဘဲ လကိုဖမ်းဖို့ ပိုက်ကွန်ရက်နေတဲ့ အချိန်ပဲ ဖြစ်နိုင်ပါသတဲ့။

ကျွန်မ စဉ်းစားမိပါရဲ့။ ချစ်သူ လ၀န်းကလေးကို ဖမ်းမိဖို့ ပိုက်ကွန်ရက်တဲ့သူဟာ ပိုက်ကွန်ရက်နေစဉ်အတွင်း ဘာတွေများ ​ကြည်ကြည်နူးနူး ခံစားနေနိုင်ပါ့မလဲလို့ပေါ့။ ကျွန်မ ထင်ပါတယ်။ ချစ်သူရဲ့ အကြိုက်၊ ချစ်သူရဲ့ စရိုက်၊ ချစ်သူရဲ့ သွားပုံလာပုံ၊ ချစ်သူ သွားလေ့လာလေ့ရှိတဲ့ နေရာကလေးတွေ၊ ချစ်သူ သုံးစွဲတတ်တဲ့ အသုံးအဆောင် ဥပမာ လက်ကိုင်ပုဝါလိုမျိုး။ ဒါလေးတွေကို အသေးစိတ် လိုက်ကြည့်နေရင်း ဂရုတစိုက် မှတ်သားနေလေမလား။ ချစ်သူရဲ့ ပြုံးလိုက်ပုံ၊ မျက်လုံးကလေး ထောင့်ကပ်လိုက်ပုံ၊ ချစ်သူ လမ်းလျှောက်တတ်တဲ့ ဟန်ကလေးက အစပေါ့။ တစွဲစွဲ တလမ်းလမ်းကြည့်ရင်း အတွေးထဲမှာ ပြုံးချင် ပြုံးမိနေလိမ့်မယ်။ ချစ်သူဆီက တုန့်ပြန်မှုရဖို့၊ ချစ်သူဆီက အဖြေကိုရဖို့ ချစ်သူ့အကြိုက်၊ ချစ်သူ့စရိုက်တွေ လေ့လာနေဆဲအချိန်၊ အဲဒီအချိန်ကို ပိုက်ကွန်ရက်နေတဲ့ အချိန်လို့ ဆိုလိုတာပေါ့။

ဒီနေရာမှာ ပိုက်ကွန်ရက်သူဟာ အမျိုးသားပဲဖြစ်နိုင်သလို အမျိုးသမီးလည်းပဲ ဖြစ်နေနိုင်တာ။ ကျွန်မအတွက်တော့ သူက ပိုက်ကွန်ရက်လုပ်သူဖြစ်ပြီး ကျွန်မက သူ့အတွက် လကလေးဖြစ်ခဲ့တာ။ ဒါမှမဟုတ် ကျွန်မက ကြယ်ကလေးတစ်စင်းလည်း ဖြစ်ချင် ဖြစ်မှာပေါ့။ သူ့ရဲ့ ပိုက်ကွန်ရက်ချိန်တွေကို ကျွန်မ မေးကြည့်ချင်မိတယ်။ သူ ခဲရာခဲဆစ် ရက်လုပ်ခဲ့ရတာလား၊ အလွယ်တကူပဲ ရက်လုပ်ခဲ့ရတာလား ဆိုတာကိုပေါ့။ သူ ဘယ်လိုဖြေမယ် လို့ ရှင်တို့ ထင်သလဲ။

တကယ်ဆို ကျွန်မအတွက်တော့ ပိုက်ကွန်ကလေးထဲ အဖမ်းခံလိုက်ရချိန်ကိုသာ ပြန်ပြောနိုင်တော့မယ် ထင်ပါရဲ့။ ခုချိန်ထိပေါ့လေ။ ပိုက်ကွန်ကလေးထဲ သာသာယာယာရှိနေတဲ့ လကလေးက ပိုက်ကွန်တစ်စင်းရဲ့ ဂရုတစိုက် လုံခြုံထွေးပွေ့မှုတွေအတွက် ပိုက်ကွန်ကလေးကို ကျေးဇူးတင်ခြင်းများစွာနဲ့ တသက်လုံး ငြိတွယ်ခွင့်ရပါရစေလို့ တိုးတိုးလေး ပြောချင်တာ....။ 

 သေချာတာတစ်ခုက လကလေးနဲ့ ပိုက်ကွန်တစ်စင်းပေါင်းစည်းမှုဟာ အချစ်ဆိုတဲ့ ကြိုးတပ်တူရိယာကို လှလှပပသံစဉ်တွေ ဖြာဝေစေခဲ့တယ် ဆိုတာ....။ 




 ***အချစ်နဲ့ ပတ်သက်လို့ ရေးတော့မယ်ဆိုရင် ကျွန်မအနေနဲ့ အတော်လေး အကြောလျှော့ရေးရတာ။ ကျွန်မမှာ အသိမိတ်ဆွေ များပြားတာနဲ့ အမျှ ကျွန်မစာတွေ (အထူးသဖြင့် အချစ်အကြောင်းပေါ့) ဖတ်ရင်း ကျွန်မမျက်နှာ ပြေးမြင်မိတဲ့အခါ အချစ်အကြောင်းတွေနဲ့ နည်းနည်းလေးမှ မလိုက်ဖက်တဲ့ ကဗျာမဆန်တဲ့ ကျွန်မကို သူတို့ တွေ့မိကြမှာ။ အဲဒီအခါ ရုပ်ကြမ်းကြီးနဲ့ နွဲ့သဟ လို့ မှတ်ချက်ချကြတော့မှာ။ တတ်နိုင်ပါဘူးလေ။ ရှေ့မျက်နှာ ရှေ့ထားရင်းပဲ ဇွတ်ရေးလိုက်ပါတယ်း) ခုလို အခါသမယမှာမှ အချစ်အကြောင်း ကျွန်မ မရေးရင် ဘယ်အခါများ ရေးဖြစ်ဦးမလဲနော်း) ဘယ်လိုပဲဆိုဆို လူတစ်ဦးတစ်ယောက်နဲ့ တစ်ယောက်အကြား ချစ်ခြင်းတရားဟာ ထားကောင်းတဲ့ အရာ မဟုတ်ပါလားရှင်....။ အားလုံးပဲ ချစ်ခြင်းတရားနဲ့ ထုံမွှမ်းနိုင်ကြပါစေ....။

27 comments:

မြတ်နိုးနွယ် said...

ယနေ့ (၁၂)နှစ်မြောက် မင်္ဂလာရက်မြတ်မှသည် ပျော်ရွှင်၊ နားလည်၊ ချစ်ခင်မှုများစွာနဲ့ မင်္ဂလာစိန်ရတု တိုင်ပါစေ။

း))

tin min htet said...

ဘယ်နှယ့် မလိုက်ဖက်ရမှာလဲ။ အချစ်ဆိုတာ အမြဲတမ်း နုနုနွဲ့နွဲ့လေး ဖြစ်ချင်မှ ဖြစ်မှာပေါ့။ ရယ်ရယ်မောမောနဲ့၊ ဆူညံပူညံနဲ့ လည်း အချစ်အကြောင်းရေးလို့ ရပါတယ်။

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

အာာ အစ်မပြောမှပဲ ကျွန်တော်လည်းတွန့်သွားတယ် ကဗျာဆန်တာ မဆန်တာက လူနဲ့ဆိုင်ပါဖူးဝူးးအစ်မရဲ့း)
ဒါပေမယ့်လေ ဟာသပို့စ်တွေကပိုအသက်ဝင်တယ်သိလားး)း)

း)
အင်္ကျီတွေကို ဆန့်ဆန့်ပြန့်ပြန့်ဖြစ်အောင် မီးပူတိုက်ရတဲ့အထဲမှာ အချစ်ရှိနေနိုင်တယ်။ (သေချာတာပေါ့ဗျာ)

Nyi Linn Thit said...

Wow..ဒီပို့စ်ကတော့ နူးညံ့မှုတွေ ယိုစီးလို့ပါလား အမချစ်ကြည်အေးရေ..၊ ဖတ်နေရင်းကို ကြွေကျသွားမှာ စိုးနေရသေးတဲ့ အဖြစ်..၊း) အကြောလျှော့ ရေးထားတာ ဆိုတော့ လက်ကုန် မဟုတ်သေးဘူးလို့ ယူဆရမယ် ထင်တယ်နော်၊

ပိုးကြိုးတွေနဲ့ ရက်ထားတဲ့ ပိုက်ကွန်ကလေးထဲမှာ အမိခံဖို့ စောင့်နေခဲ့တဲ့ အဲဒီ ‘လ’ ကလေးကို မမြင်ဖူးသေးလို့ ‘ရုပ်’ မစွက်တဲ့ စာသက်သက်ကိုပဲ နူးညံ့စွာ ခံစားသွားပါတယ်ဗျာ၊ နားထဲမှာ အခက်ဆုံး ကြိုးတပ်တူရိယာ တစ်ခုဖြစ်တဲ့ စောင်းကြိုးရှိုက်သံတွေတောင် ကြားလာရသလိုလို...။း)

သက်ဝေ said...

ရုပ်ကြမ်းကြီးနဲ့ နွဲ့သဟ လို့ မှတ်ချက် မချသွားဘူး ချစ်........

နှစ်တရာတိုင်ပါစေလို့ ချစ်စွာသော ဆန္ဒမွန်နဲ့ ဆုတောင်းသွားတယ်နော်...း)))

ကြယ်ပြာ said...

အစ်မ ချစ်ကြည် .... ဒီစာလေးကို နှစ်ခြိုက်စွာ ဖတ်သွားပါတယ် အစ်မ ...

မေဇင် said...

ပိုက်ကွန် နဲ့ လလေး ဖွဲ့သွားတာလေး လှလိုက်တာ....နှစ်ကိုယ်တူ ချစ်သမျှ သီချင်းလေး ဖွင့်ပီး ဒီပိုစ့်လေး ဖတ်ရတာ...မိုက်သဗျ...း))

Mon Petit Avatar said...

Happy Anniversary Ma Ma CKA!

အတွေးကမ္ဘာ..မှတ်တမ်း said...

ဒီကွန်မန့်ပေးဖို့ တော်တော်အကြောလျှော့လိုက်ရတယ်..း)) လ ကလေးတွေ၊ ကြယ်ကလေးတွေကပဲ ပိုက်ကွန်ရဲ့ အားစိုက်မှုမှာ ငြိတွယ်သည်ဖြစ်စေ၊ ပိုက်ကွန်အတွင်းကို လကလေးတွေ ကြယ်ကလေးတွေ ရဲ့ အားထုတ်မှု နဲ့ ဝင်ရောက်ခွင့်ရသည်ဖြစ်စေ၊ အချစ် ဆိုတဲ့ အားထုတ်မှု အရွေ့စွမ်းအင် လေးကြောင့်ဖြစ်ပေါ်လာတဲ့ ကွန်ယက်တခု ကို နားလည်မှု ဆိုတဲ့ အတည်စွမ်းအင်လေး နဲ့ အနား ကွတ်လိုက်တော့ အမချစ် ရဲ့ ဒီလောက်လှတဲ့ Post လေးဖြစ်လာတယ်ထင်တယ်။

Mon Petit Avatar said...

I have just listened to your uploaded song in soundcloud.com. I couldn't help but to say again, "Happy Anniversary. Ma Ma CKA."

လသာည said...

ချစ်ခြင်းများ မြဲခိုင်၊ နှစ်တရာတိုင်ပါစေ...နော် အစ်မ

သိင်္ဂါကျော် said...

နှစ်ကိုယ်တူ ချစ်ခြင်းတွေနဲ့ နှစ်ပေါင်းတစ်ရာတိုင် ပျော်ရွှင်ပါစေ.. အစ်မ..

Ingjin Thant said...

နောက်ဆုံးအပိုဒ်လေးတွေကိုဖတ်တော့ ရင်ထဲမှာသိမ့်ကနဲတောင် လှုပ်ခတ်သွားမိတယ်....တကယ်.... :)

"အစ်မချစ်နဲ့ကိုကြီး ယနေ့မှစ နှစ်တစ်ရာတိုင်ပါစေ"

sonata-cantata said...

ဟုတ်တယ်..အချစ်ဟာ ဆန်းကြယ်ပါတယ်..ချစ်ကြည်ရေ့

(ကြားဖူးတာတော့ ကောင်မလေးကလည်း ချစ်နေပါပြီလေ..ဆိုပြီး ဆေးရုံကုတင်ထက်က လူမမာက ပြန်ချစ်လိုက်ရတယ် ဆိုလား...ဘာဆိုလား...;)

မနောက်ရ မနေနိုင်ဘူးအေ

-ချစ်ခြင်းအားဖြင့် အသက်ရှည်၍ အနာကင်းပါစေ
-ဧရာသီတာ-

မိုးငွေ့........ said...

ရေးထားတာလေးသိပ်ကောင်းတာပဲ မကြီး...။ ရင်ထဲကထွက်ကျလာတဲ့စကားလုံးတွေမို့ ဖတ်ရတာတောင် ညို့ခံနေရသလားမှတ်ရတယ်။ မကြီးနဲ့ကိုကြီး သက်ဆုံးတိုင်ပျော်ရွှင်ပါစေ...။

မြသွေးနီ said...

Happy Anniversary ပါ အစ်မချစ်ရေ...
နှစ်ကိုယ်တူချစ်သမျှတွေက ဒီပို့စ်လေးမှာ အထင်အရှား...
အစ်ကိုကြီးအတွက် နှစ်လည်လက်ဆောင်က အမိုက်စားပို့စ်လေးပေါ့...
ဖတ်ရင်းပီတိတွေဖြာနေမှာ သေချာပါ၏။
ချစ်ခြင်းများဖြင့် ရွှေလက်မခွဲ အမြဲတွဲနိုင်ပါစေ...။

ပျိုးယုဝသုန် said...

ချစ်ခြင်းရဲ့နူးညံ့ခြင်းကလေးကို တွေ့လိုက်ရတဲ့ခဏ စိတ်တွေလည်းညံ့သက်သွားရတယ် အစ်မရေ.. ဖတ်ရင်း အေးချမ်းမှုလေးတွေရခဲ့လို့ ကျေးဇူးတင်ပါတယ်နော်

B!tter SwEEt said...
This comment has been removed by the author.
Adora etc. said...

Congrats MaMa. It's so lovely~

ညိုလေးနေ said...

Happy Anniversary Ko Gyi & A Ma Chit :)

ဖိုးတုတ် said...

အမလေးက လှပြီးနုပျိုနေတာက အမရဲ့ချစ်ချစ်ကြီးက အမကို စိတ်ချမ်းသာအောင်ထားလို.နေမှာပေါ့၊

ချော(အစိမ်းရောင်လွင်ပြင်) said...

အစ်မချစ်ရဲ့ အချစ်အကြောင်းလေးဖတ်ရတာ ကြည်နူးစရာ..
သီချင်းလေးနားထောင်ရတာလည်း ပျော်စရာကြည်နူးစရာ..
အစ်မနဲ့ အစ်ကိုကြီးတို့အချစ်က တကယ်ကို အားကျ ကြည်နူးစရာရယ်။
ချစ်ခြင်းမှာ အစ်မတို့ ၂ယောက်လုံးလည်း တစ်သက်တာ ပတ်လုံး ပျော်ရွှင်ချမ်းမြေ့ပါစေ..

tharngemama said...

အချစ်ဆိုတာ ပြင်ပ ရုပ်သဏ္ဍာန်နဲ့ မဆိုင်တဲ့ ရင်ထဲက လှပတဲ့အရာတစ်ခုပါ။ ဒါကြောင့် ရုပ်ဆိုးအကျည်းတန်တဲ့ ကျွန်မလဲ လှလှပပ ချစ်တတ်ခဲ့တာပေါ့။ အရမ်းကို ခံစားရတယ်.........တကယ်ကောင်းပါတယ်။

Su said...

လက်သီးပြင်းတဲ့ မဂျီးချစ် ပိုက်ကွန်ရက်ရင်းပြုံးနေတဲ့ပုံကိုမြင်ယောင်ပီး အဟီးလို့အသံထွက်သွားပါတယ်
နှစ်တစ်ရာ့နှစ်ဆယ်တိုင်ပါစေ အမချစ်နဲ့ အမအချစ်

Kay said...

မချစ်..စာအုပ်ထုပ်ရင်..စီဒီချပ်ကလေးပါ..တွဲ ထုတ်နော်။ ( TOEFL တို့ IELS စာအုပ်တွေလို မျိုး..)း)))

kkylay said...

တစ်ကယ် ခံစားရတယ်..
ပျော်သလိုလို..ကြည်နူးသလိုလို..
လ..လေးဖြစ်သွားသလိုလို..
ပိုက်ကွန်ဘဲ ကိုယ်တိုင်ရက်နေသလိုလို..
တစ်ကယ်စာရေးတော်ပါပေတယ်

မိစံ said...

အစ်မနဲ့အစ်ကိုဆိုထားတဲ့“နှစ်ကိုယ်တူချစ်သမျှ”သီချင်းလေးပါ
တွဲတင်သင့်တာ ..း)

ယနေ့မှစနှစ်တစ်ရာတိုင် မင်္ဂလာရှိသောနေ့ပေါင်းများစွာ
ပိုင်ဆိုင်ပါစေ..

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်