Wednesday, July 4, 2012

အိမ်လွမ်းတဲ့ စိတ်...

"သမီးရေ...နင့်မောင်လေးကလေ နောက် နှစ်လ သုံးလလုပ်ပြီးရင် ပြန်လာတော့မယ်၊ သူ ဟိုမှာ မပျော်ဘူးတဲ့"လေ။  ရင်မောရပါသည်။ အမေနှင့်ဖုန်းစကားပြောအပြီး လေးလံနေသော ခံစားချက်က ကျွန်မထံမှာ ရက်အတန်ကြာ စွဲငြိလျှက်နေလေသည်။ " ပြန်မလာပါနဲ့ဦး၊ နေပါဦးမောင်လေးရယ်" ကျွန်မ စိတ်ထဲက ပြောနေမိသည်။ ဒီမောင်လေးက ကျွန်မမောင်အငယ်ဆုံးလေး။ ကျွန်မနှင့် ခင်ပွန်းသည်က သူ့အတွက် လိုအပ်တဲ့ စရိတ်စကတွေ အကုန်အကျခံပြီး အာရပ်နိုင်ငံတစ်ခုဆီ ပို့ခဲ့တာ ဖြစ်သည်။ ခုဆိုရင် ရှစ်လထဲ ရောက်ပြီ။ အရင်းတောင်မှ ကျေအောင် မလုပ်ဘဲ မောင်လေး ပြန်သွားခဲ့ရင် ခင်ပွန်းသည်ကို ကျွန်မ မျက်နှာပူရမည်လေ။ သူကတော့ ဘာမှ ပြောမည်မဟုတ်ပါ၊ ဒါပေမဲ့ ကျွန်မမောင်နှမတွေအတွက် သူ ကူညီပံ့ပိုးပေးတာတွေ များလှလို့ ကျွန်မအားနာလှပါပြီ။ လင်ရယ်မယားရယ်ပေမဲ့ ကိုယ့်ဆွေကိုယ့်မျိုးကြောင့် ထမ်းရသော ၀န်ပိုးအတွက် ကျွန်မ သူ့အပေါ် အားနာပါသည်။ ဒီကြားထဲ အိမ်အပြန်မလှဘဲ၊ အရင်းမကျေဘဲ ပြန်သွားဦးမည်ဆိုလျှင် ကျွန်မ ပိုလို့တောင် စိတ်မသက်မသာ ဖြစ်ရဦးတော့မည်။ သို့သော် ပြန်မလာပါနဲ့ဦးမောင်လေးရယ်လို့  သူ့ကို မပြောရက်ပြန်ပါ။

တကယ်တော့ မောင်လေးက မငယ်တော့ပါ။ အသက် ၂၄ ထဲမှာ။ ဆယ်တန်းအောင်ပြီး ကျောင်း ဆက်မတက်တော့ဘဲ အလုပ်ပဲ လုပ်မယ်ဆိုတာနဲ့ အာရပ်နိုင်ငံတစ်ခုဆီ သူ့အဆက်အသွယ်နှင့်သူ ရှာကာ သွားခဲ့ခြင်းပါ။ ကျွန်မတို့က လိုအပ်သော ငွေရင်းလေး ထုတ်ပေးခဲ့ရုံသာ။ အဖေဆုံးစဉ်က မောင်လေးမှာ ၁၁နှစ်သားသာ ရှိသေးသည်။ အဖေ့အုပ်ထိန်းမှုမရဘဲ ကြီးပြင်းခဲ့ရသော မောင်လေး၊ ပျက်စီးမသွားဘဲ လိမ္မာနေတာကိုပဲ ကျွန်မ ၀မ်းသာရသည်။ သူ လူဖြစ်လာချိန်မှာ ကျွန်မနှင့် အထက်အောက် ညီမက နိုင်ငံရပ်ခြားမှာမို့ သူ့ကို အဝေးကပဲ လှမ်းဆုံးမစကားဆိုရသည်။ လူပျိုရွယ်ရောက်လာသည့်တိုင် မကြီး...သားကလေဟု သူ့ကိုယ်သူ ညွှန်းကာ ပြောတတ်သော ကလေးသာသာ မောင်လေးအတွက် ကျွန်မ အမြဲ စိတ်ပူခဲ့ရသည်။

မောင်လေးအထက်က နို့ညှာ ညီမလေး၊ သူကတော့ ကျွန်မနဲ့ တစ်မြေထဲ တစ်ရေထဲမှာ။ ညီမလေး ဘွဲ့ရပြီးချိန်မှာ ကျွန်မရှိရာခေါ်ကာ ကျောင်းဆက်တက်စေခဲ့ပြီး ဒီမှာပဲ အခြေချစေခဲ့သည်။ ကျောင်းပြီးတော့ ညီမလေးက အိမ်ထောင်ရက်သားကျကာ ချစ်စဖွယ်သမီးငယ်လေးတစ်ဦး၊ ကြင်နာတတ်သော ခင်ပွန်းသည်နှင့် မိသားစုဘ၀လေးတစ်ခု သာသာယာယာရှိနေသည်။ သို့တိုင်အောင် လင်မယားနှစ်ယောက်စလုံး အလုပ်လုပ်ကြသော အိမ်ထောင်အတွက် ကလေးထိန်း မဖြစ်မနေ လိုအပ်သောကြောင့် အိမ်အကူမိန်းကလေးတစ်ယောက် ခေါ်ထားရာက တစ်ယောက်နှင့် အဆင်မပြေ၊ နောက်တစ်ယောက် ထပ်ခေါ်နှင့် ငွေကုန် စိတ်မော။ အိမ်ကလည်း ငှားနေကြတာမို့ ခြောက်လ၊ တနှစ်တန်လျှင် နောက် အိမ်သစ်ရှာပြောင်း။ အဲဒီလို မောစရာလေးတွေတော့ နည်းနည်းပါးပါး ရှိနေသေးသည်။ သို့ပေမဲ့ ကျွန်မနှင့် နီးသော တစ်မြေတည်းမို့ သူ့အတွက် စိတ်ပူရတာက နည်းပါသည်။

သူ့အထက်က တစ်ယောက်ကတော့ အမေနှင့်အတူ အမေ့သည်းညည်းခံကာ အမေဝေယျာဝစ္စ ကိစ္စကြီးငယ်တို့ကို လုပ်ပေးနေရှာသော ကျွန်မညီမ အလတ်မ ဖြစ်သည်။ သူက အိမ်ရှေ့မှာ စတိုးဆိုင်လေး ဖွင့်ရင်း အေးအေးလူလူ အဆင်တပြေ။ ကလေးနှစ်ယောက်နှင့် အိမ်အလုပ်၊ ဆိုင်အလုပ်တွေနှင့်မို့ မောတော့ မောရှာမည်။ သူ အမေ့နားမှာ ရှိနေ၍သာ ကျွန်မ စိတ်ချလက်ချရှိရသည်။ အမေ့ကျန်းမာရေး၊ အဖွားကျန်းမာရေး၊ အိမ်ချက်ရေးပြုတ်ရေး၊ ဆိုင်ရောင်းရေးဝယ်တာ အစစအရာရာ သူပဲ သိမ်းကျုံးလုပ်နေရှာသော၊ ဘ၀မှာ ဘာမှ ကြီးကြီးမားမား မျှော်လင့်မထားဘဲ တောင်းဆိုချက်တွေ နည်းလွန်းလှသော ညီမမို့ ကျွန်မ အသနားပိုမိရသော ညီမလည်း ဖြစ်ပါသည်။

အဲဒီညီမအထက်က ကျွန်မမောင် အကြီးကောင်။ သူက ဥရောပနိုင်ငံတစ်ခုမှာ သူ့မိသားစုနှင့် သူ။ အကြီးကောင်က အဖေ့အဆော်ပလော် အဆုံးအမ ကောင်းကောင်းမှီလိုက်သူ။ အနေအေးပြီး ငယ်ငယ်ကတည်းက ပြန်မပြော နားမထောင်တတ်သူ။ သူ့မှာ သားကလေး နှစ်ယောက်ရှိသည်။ တစ်ရက် ကျွန်မတို့ မောင်နှမတွေ ဂျီတော့ကနေ စကားပြောကြရင်း ဗီဒီယိုချက်လုပ်ကြတော့ သူ့သားအကြီးကောင် ပြောနေသော အနောက်တိုင်းစကားတွေအတွက် ကျွန်မတို့မှာ ရယ်မောမဆုံး။ လူသေးသေး စကားကြီးကြီး ပြောနေတာမို့ပင်။ ကံကောင်းတာက သားအကြီးကောင် မှာ မြန်မာပြည်မှာမွေးပြီး ကိုရင်ဝတ်ဖူးပြီးခဲ့ကာ မြန်မာလို ကောင်းကောင်းတတ်တာမို့သာ စိတ်အေးရသည်။ ဟိုကျမှမွေးသော အငယ်ကောင်အတွက်သာ ကျွန်မ ပူရသည်။ ကျွန်မက တူ တူမလေးတွေ ကို မြန်မာစာ၊ မြန်မာ စကားတော့ ကောင်းကောင်းတတ်စေချင်သည်။ နီးစပ်ရာ ဘုန်းကြီးကျောင်းပို့ဖို့၊ အိမ်မှာ မြန်မာလိုပဲ ပြောကြဖို့ သတိပေးရသည်။ အရွယ်လေး နည်းနည်းရလာလျှင် မြန်မာပြည် ပြန်ပို့ပြီး ကျန်သော ၀မ်းကွဲကလေးများနှင့် တွေ့ဆုံစေချင်လှသည်။

နောက်တစ်ယောက်ကတော့ ကျွန်မနှင့် အထက်အောက် တစ်နှစ်သာ ခြားသော ညီမအကြီးမ ဖြစ်သည်။ သူက ငယ်ငယ်ရွယ်ရွယ်နှင့် မုဆိုးမ ဖြစ်ရရှာသူ။ သူ့အမျိုးသားဆုံးသွားပြီး သမီးတစ်ယောက်၊ သားတစ်ယောက်လက်ကိုဆွဲကာ ဘ၀ကို ရုန်းကန်နေသော ညီမ။ အစိမ်းရောင်ကဒ်ပြားရပြီး မိသားစုလိုက် အနောက်နိုင်ငံတစ်ခုမှာ သွားရောက်နေထိုင်သူ။ ထိုတူ တူမလေးများအတွက်လည်း ကျွန်မ ပူရသည်။ အတန်းကြီးမှ သွားရသောကြောင့် မြန်မာစာ၊ စကား တတ်ကြသော်လည်း ဘာသာမတူ၊ ယဉ်ကျေးမှုမတူ၍ စရိုက်ကွဲပြားသော ရွယ်တူကလေးများထံမှ အတုခိုးမှားမှာ ကျွန်မ အလွန်စိုးရိမ်မိပါသည်။ ပြီးတော့ ညီမရဲ့ ကျန်းမာရေး။ သူက သိတ်အကျန်းမာကြီးထဲကတော့ မဟုတ်ပါ။ သို့သော် ကျွန်မထက် စိတ်ဓါတ်ခိုင်မာသူပီပီ သူ့ကလေးနှစ်ယောက်အတွက် ဘာဖြစ်ဖြစ်ရင်ဆိုင်မယ်ဆိုသော စိတ်နှင့် သွားနေသူ။ သူ့ကလေးနှစ်ယောက်သာ သူ့အတွက် မောင်းနှင်အား ဖြစ်လေသည်။

နောက်ဆုံး ကျွန်မကိုယ်တိုင် အာရှနိုင်ငံငယ်လေးထဲမှာ။ ကိုယ့်တိုင်းကိုယ့်ပြည်နှင့် ဝေးလံစွာ။ သားသမီးမရှိသော ကျွန်မတို့နှစ်ယောက်အတွက် တစ်ယောက်ကသာ ကျန်တစ်ယောက်အတွက် အားအင်ဖြစ်လေသည်။ တခါတရံ ခင်ပွန်းဖြစ်သူ အလုပ်ရှိတဲ့ရက်တွေမှာ ကျွန်မတစ်ယောက် ထဲ နေ့လည်စာ စားဖြစ်တဲ့နေ့တွေဆို စိတ်တွေ အတော်လေး လေးလံနေလျှက်။ ထမင်းဟင်းပူပူကို အေးစက်ခြောက်သွေ့နေတဲ့ စိတ်တွေဦးဆောင်ပြီး စားနေရတဲ့အခါ အရသာဆိုတာကို ခံစားလို့ မရနိုင်တော့ပါ။ ဟိုးအရင် အဖေရှိစဉ်က ညနေစာတွေဆို မိသားစုစုံအောင် စောင့်ပြီးမှ စားတတ်တဲ့ အဖေ့ကို အပြင်းအထန် သတိရမိနေတတ်သည်။ အဖေသာရှိရင် သားသမီးတွေ ခုလို တကွဲစီဖြစ်နေတာ အဖေ ဘာများပြောမလဲ ကျွန်မ သိချင်မိသည်။

တကွဲတပြားစီဖြစ်နေသော မောင်နှမတစ်တွေအကြောင်းကို တွေးမိတိုင်း ကျွန်မ စိတ်မကောင်းပါ။ ဘယ်သူကမှ ခုလိုတကွဲတပြားစီနေကြဖို့ ဖိအားပေးနေတာမှ မဟုတ်ဘဲဆိုပေမဲ့ ကိုယ့်ဝမ်းနာ ကိုယ်သာသိပါသည်။ ကျွန်မတို့မိသားစုက သာမန် လူတန်းစားသာမို့ စားဝတ်နေအတွက် ပိုမိုအာမခံချက်ရှိသော နေရာတွင် နေရပါလိမ့်ဦးမည်။ တော်ရာမှာနေရင်း ဘယ်တော့ပြန်ကြမလဲဆိုတာကို ဆုံးဖြတ်နိုင်ကြဖို့ နားစွင့်ရသည်။ မြင်သာသော အပြောင်းအလဲတစ်ချို့ကို တွေ့နေရပြီ။ သည်အတွက် အားလုံးနည်းတူ ကျွန်မ ၀မ်းသာရသည်။ အားလုံး အဆင်တသင့်ရှိမှ ပြန်ဖို့ရာလည်း စိတ်က မလုံချင်။ ကိုယ့်တိုင်းကိုယ်ပြည်မှာပဲ ခေါင်းချမယ်ဆိုပြီး သေခါနီးမှပြန်ကာ ကိုယ့်မြေ အရိုးလေးတာပဲ အဖပ်တင်တာမျိုးလည်း မဖြစ်ချင်။ သို့သော် သင့်တော်သည့် အချိန်တော့ စောင့်ချင်သေးသည်။

မိတ်ဆွေတစ်ချို့ ပြန်ကုန်ကြပြီ။ တစ်ချို့လည်း ပြန်ဖို့ ပြင်နေကြပြီ။ တစ်ချို့လည်း ကျွန်မတို့လို အချိန်တစ်ခု သတ်မှတ်လျှက် ခဏကလေး အောင့်အည်းနေကြသေးသည်။ တစ်ချို့လည်း သားသမီးပညာရေးကြောင့် စိတ်တို့ကို လွှတ်မပေးနိုင်ကြသေး။ တစ်နေ့နေ့တော့ ကမ္ဘာ့အဆင့်မီကျောင်းများ ရှိလာသောအချိန် ကို ရောက်လာပါလိမ့်မည်။ 

အရွယ်မလွန်ခင်၊ သိတ်နောက်မကျခင်၊ စွမ်းနိုင်တုန်းမှာပင် ပြန်ချင်ပါသည်။ မိသားစုဝင်အားလုံး၊ မိတ်ဆွေ သူငယ်ချင်းများ အားလုံး၊ ချစ်သောသူများအားလုံးနှင့် အတူတူ ရွှေတိဂုံဘုရားကြီးကို တ၀ကြီး ဖူးချင်ပါသေးသည်။ သေချာတာကတော့ မိသားစုဝင်များ ထမင်းပူပူ ဟင်းပူပူကို လက်ဆုံအတူ စားကြ၊ မောင်နှမတွေ နောက်လိုက် ပြောင်လိုက်ကြ၊ ရန်ဖြစ်လိုက်ကြနှင့် အိမ်နှင့်တူသောနေရာသည် ဘယ်မှာမှ မရှိနိုင်ပါ။ အခါများစွာ အိမ်ကို လွမ်းသောစိတ်ဖြစ်တတ်လျှက်က ဒီကနေ့မှ ထူးထူးလည်လည် သတိရနေမိတော့သည်။

21 comments:

Thandar Lwin said...

ဟုတ်ပ အမရယ် ။ ညီမ ဒီမှာ မိသားစု အတူနေရာတာတောင် စား၇တဲ့ အရသာ မတူဘူးရယ် ။ စိတ်ဖိစီးပီးစားရတဲ့ ထမင်း တကယ့်ကို ဆက်မစားချင်ောတ့ဘူးလေ ။ အမ ညီမ အလတ် လို အမေ နဲ့ အတူနေ ၊ စတိုးဆိုင် ဖွင့်ပြီး အေးအေး လူလူ နေချင်ပြီ အမရယ် ။

SHWE ZIN U said...

ညီမ ရဲ့ စာလေး ဖတ်လိုက်ရတော့ အိမ်မှာ နေတဲ့လူတောင် အိမ်လွမ်းသွားတယ်

စိတ်ချမ်းမြေ့မှု့ ရပါစေညီမ

ချစ်တဲ့
အမရွှေစင်

mstint said...

ဒီပို့စ်လေးဖတ်ပြီး ဘဝတစ်ခု ရပ်တည်ဘို့ရာ ကိုယ်ရော စိတ်ပါ မအားမလပ် လှုပ်ရှားနေရတဲ့ မိသားစုတွေရဲ့ ခံစားချက်လေးတွေ မှန်းဆလို့ရတယ် မချစ်ရေ။ တစ်ချို့ ပြည့်စုံမှုမရှိတဲ့ မိဘတွေ အကြွေးတွေ တစ်ပိုးတစ်နင့်နဲ့ သား သမီးကို တိုင်းတစ်ပါးပို့ပြီး လူလားမြောက်စေချင်ကြတာ မြင်ဘူးတယ်။ သား သမီးဖြစ်သူက မရှိတာထက် မသိတာခက်ဆိုတဲ့အထဲ မပါဘို့ လိုတာပေါ့နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ဖိုးတုတ် said...

ဘာပဲပြောပြော မြန်မာပြည်က နေချင်စရာအကောင်းဆုံးနေရာလေးပါ၊ အမရေ တစ်ယောက်နဲ.တစ်ယောက်က အခြေအနေချင်းတူကြတာ မဟုတ်ပါ၊ ကိုယ်အဆင်ပြေမယ်လို.ထင်တဲ့အချိန် ပြန်တာအကောင်းဆုံးပါပဲ၊ ဘာမှ စိတ်မလုံစရာအကြောင်းမရှိပါဖူး၊

NSA said...

ပြန်ချင်တာပဲ အစ်မချစ်
ကလေးနဲ့ဆိုတော့ ပြန်ကိုပြန်ရမယ်လို့တွေးလိုက်၊ ဒီမှာ ပညာရေးပိုကောင်းသလားတွေးလိုက်.....
ပညာရေးနဲ့ လူနေမှုအဆင့်ကိုကြိုက်ပြီး ကျန်တာတွေကို မကြိုက်ပြန်
ပညာရေး ဘယ်လောက်ကောင်းကောင်း လူနဲ့ပဲ ဆိုင်တာလို့ တွေးလိုက်

မေဇင် said...

ပြန်မှာ....လို့ တော့ ခုထိ ဆုံးဖြတ်ထားတုန်းပဲ အမချစ်း)

မြူးမြူး said...

ငိုချင်ရက်လက်တို့ပါဆိုမှ ဟင့်.. အစ်မချစ်နော်.. မျက်ရည်တောင်ဝဲတယ်.. ဂယ်ဘဲ..

မောင်မျိုး said...

ဒီပို့စ်လေးနဲ့အတူ အမရဲ့ မောင်နှမတွေအပေါ်ထားတဲ့ မေတ္တာတရားကို ခံစားလိုက်ရတယ် တစ်ခါတလေ မိသားစုကြားမှာ နားလည်မှုတွေ လွဲတာတွေရှိပေမယ့် ကျနော်ကတော့ သူစိမ်းမဖက်သေးတဲ့ တစ်ဦးတည်းသောသူမို့ ၀င်ေ၇ာက်ဖြေရှင်းပေးရတာပေါ့ ။

ဒီပို့စ်လေးဖတ်ပြီး ကျနော်ကျောင်းတက်တဲ့တစ်လျှောက်လူံးထောက်ပံ့ပေးခဲ့တဲ့ ကျနော့် မကြီးကို သွားသတိရမိ ကျေးဇူးတင်မိတယ် ကျနော့်ကျောင်းစရိတ်အတွက် သူဘယ်လောက်များ သူ့အမျိုးသားပေါ်မှာ အားနာခဲ့ရမလဲလို့ပေါ့ ။

ငြိမ်းစိုးဦး said...

အိမ်ကို ချစ်တဲ့ စိတ် ကအရေးကြီးပြီး ပြန်ဆုံကြဖို့ လမ်းပါပဲ ...

မြသွေးနီ said...

အစ်မကြီးတာဝန်ကျေတဲ့သူဆိုတော့
ကျန်မောင်ညီမတွေအတွက် စိတ်ပူပန်နေမိပြီပေါ့..။
မိသားစုအားလုံး တစ်စုတစ်ဝေးထဲ လက်ဆုံစားဖို့ဆိုတာ တစ်မြေထဲနေနေတဲ့ သူတွေတောင် မလွယ်လှပါဘူးအစ်မရေ..။
မြသွေးတို့တောင် ထမင်းကို တစ်ပတ်၃ရက် မိသားစုဆုံစားဖို့ မနည်းကြိုးစားနေရတာပါ။ ဒီတော့ စိတ်မကောင်းပါနဲ့နော်။

kmyatt said...
This comment has been removed by the author.
Latt Latt said...

မိသားစုများနဲ့ပျော်ရွှင်ချမ်းမြေ့နေနိုင်ပါစေ

Nyi Linn Thit said...

ကျနော်တို့လည်း မောင်နှမတွေ တကွဲတပြားစီပါပဲ၊ ကမ္ဘာဟာ ဘယ်လောက်ပဲ တသားတည်းရှိတဲ့ ရွာကြီး ဖြစ်လာပစေအုံး..၊ အဲဒီရွာကြီးရဲ့ အရှေ့ဖက်က အိမ်စုတန်းကလေးကိုပဲ ပြန်ချင်နေ မိတယ်...၊

မျက်မှောက်ကာလမှာ ပြည်ပရောက် မြန်မာနိုင်ငံသား များစွာရဲ့ ရင်ကို တည့်တည့်ကြီး ထိစေတဲ့ ပို့စ်ပါပဲ အမချစ်ကြည်အေးရေ...။

P.Ti said...

I wanna go home too.

Leo said...

ကျောင်းမပိတ်ဘဲနဲ့ သန်ဘက်ခါ မြန်မာပြည်ပြန်ဖို့ ကြံစည်နေတဲ့သူတော့ အစ်မရဲ့ ဒီပိုစ့်လေးနဲ့ တန်းတိုးတာပဲ။
ပိုက်ဆံရှိရှိမရှိရှိ အရင်လို မိသားစုဘ၀လေးပဲ ပြန်နေချင်မိတယ်။ ကျွန်တော့်မှာလဲ မချစ်ကြည်အေးလိုပဲ အစ်မပီသတဲ့ အစ်မတွေရှိပါရဲ့။ ငယ်ငယ်တုံးကတော့ နားပူလိုက်တာလို့ ထင်ခဲ့ပေမယ့် အခုအချိန်မှာတော့ ကျေးဇူးတင်နေမိတယ်။
နေ့လည်ကတောင် တစ်ယောက်ထဲ ခေါက်ဆွဲသုတ်လုပ်စားနေရင်း၊ အရင်က ကြက်ဥတောင် ကောင်းကောင်းမပြုတ်တက်တဲ့ အမေ့သား၊ ဒီလိုတွေလုပ်နေတာ အမေသာမြင်ရင် ၀မ်းသာမလား ၀မ်းနည်းမလားမသိဘူးလို့ တွေးနေမိသေးတာ။
အိမ်လွမ်းတယ် အစ်မရေ........။
(လီယို)

ချော(အစိမ်းရောင်လွင်ပြင်) said...

အစ်မလည်း မောင်နှမ များတယ်နော်။ ညီမတို့လည်း ၆ယောက်ရှိတယ်။
မောင်နှမများတော့ အဖေအမေလည်း ပင်ပန်းရတယ်။ ဒါပေမဲ့လည်း အသက်ကြီးလာတော့ တစ်ယောက်မဟုတ် တစ်ယောက်ကတော့ ပြုစုပေးကြာတာမို့ တော်သေးတယ် ဆိုရမယ်။
အစ်မပြောသလို အချိန်မလွန်ခင်မှာ အားလုံး အိမ်ပြန်ခွင့်ရပါစေ. တိုင်းပြည်ကြီးလည်း အမြန်ဆုံး တိုးတက်ပါစေလို့ ဆုတောင်းမိပါတယ်။

Kay said...

ဲပြန်ရင် မြန်မြန်ပြန် နော်။

Junemoe said...

အမ စာလေး ဖတ်ပြီး အိမ်နဲ့ ဝေးရာကိုတောင် မသွားချင်တော့ဘူး။
ကျွန်တော်လည်းသာမန်လူတန်းစားကမို့ ပိုအဆင့်မြင့်တဲ့ နေရာမှာ အလုပ်လုပ်ဖို့ မျှော်လင့်ချက်တစ်ခုတည်းနဲ့ ပြင်ဆင်နေချိန်မှာ..ဒီစာလေး ဖတ်ပြီး သွားဖို့ကို နည်းနည်းပြန်စဉ်းစားမိသွားတယ်...။

ချစ်ကြည်အေး said...

Junemoe : အဲလိုလည်း မဟုတ်ပါဘူး ညီမရယ်။ လူငယ်ပီပီ ကိုယ့်အတွက် တိုးတက်ရာ တိုးတက်ကြောင်းရှာသင့်ပါတယ်။ ကိုယ့်အိမ်ကို ငွေရော အတတ်ပညာရော ပိုက်ပြီး ပြန်မဲ့ နေ့တစ်နေ့ကိုတော့ သတ်မှတ်ထားသင့်တာပေါ့လေ....

blackroze said...

မကြီးချစ်ရေ
ပစ်ပစ်လည်း မြန်မာပြည်ဘဲပြန်ချင်တယ်..
အချိန်ဆိုတာလေးတခုဘဲစောင့်နေတယ်ဆိုပါတော့
ကိုယ်ဖြစ်ချင်တဲ့ဆန္ဒလေးတွေ
လုပ်ချင်သေးတယ်..
တချိန်လုံးသူများမျက်နှာကြည့်ပြီး သူများအလုပ်ဘဲ
လုပ်နေရတဲ့ဘဝမှာလည်း အကြာကြီးမနေချင်တော့ဘူး
အမမောင်လေးအကြောင်းဖတ်ရတော့
ပစ်ပစ်မောင်လေးဝမ်းကွဲတယောက် ကိုလည်း သတိရမိတယ်..
သူဆိုလည်း မလေးမှာကြာပေါ့..
ပြန်ချင်လှပြီ ..မပြန်နိုင်သေးဘူးအမရယ်..
မိသားစုအတွက် လိုအပ်တာတွေ ဖြည့်နေရင်းနဲ့ဘဲ
တနှစ်ပြီးတနှစ် ....ပေါ့ အမရယ်..

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

အမရေ စာလေး ဖတ်ပြီး အိမ်ကို လွမ်းသွားတယ်။

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်