Monday, July 30, 2012

အိုးကဗျာ


တစ်ယောက်နှုတ်ခမ်းကို
တစ်ယောက်က ထိတိုင်းသာ
နမ်းကြတာပါလို့ ဆိုကြရင်
ရှင်နဲ့ ကျွန်မ အကြိမ်ကြိမ် နမ်းဖူးခဲ့ကြ….။

ဘ၀ကြီးကိုက…
လိုရာပုံသွင်း  ခပ်ပြင်းပြင်းမီးဖုတ်
အခြောက်ခံ စဥ့်ရေသုတ်ပြီးမှ…
တခါတလေ လက်သင့်ရာအရောင်ခြယ်ပြီးမှ
ဈေးကွက်ဝင်အောင် မွမ်းမံခံကြရ…..။

အိုးချင်းထားလို့သာ အိုးချင်းထိခဲ့ရတဲ့နောက်
ကံကြမ္မာကို ယိုးမယ်ဖွဲ့ဖို့များ မကြိုးစားစမ်းပါနဲ့ရှင်
ကံတူအကျိုးပေးတွေ ဖြစ်လာပြီးမှပဲခပ်ရဲရဲပေါ့... 
ဘယ်တော့လဲဆိုရင်
ငွေရှင်ကြေးရှင်တွေ မျက်စေ့ကျလို့ သိမ်းပိုက်ခံကြရတဲ့အခါ
ကျွန်မလည်း ကျွန်မလမ်းထွင်၊  ရှင်လည်း ရှင့်လမ်းလျှောက်
တစ်ယောက်တစ်နေရာ၊ တော်ရာမှာ ပျော်အောင်နေကြရတဲ့အခါ…

တစ်ခုတော့ အမှတ်ရပါ…
ကျွန်မတို့က ပင့်သက်ရှုခဲ့ကြတာမဟုတ်ဘူး
ဒါ  သေချာတယ်…
ရှင်နဲ့ကျွန်မ အကြိမ်ကြိမ် နမ်းဖူးခဲ့ကြ….။

***ဆိုက်ဒ်ဘားက Sound cloud မှာ ကဗျာရွတ်ထားတာလေး ရှိပါတယ်။ အတူ တွဲဖက်နားထောင် ချင်ရင်ပေါ့....း)


Thursday, July 26, 2012

သူမ၏ကောင်းကင်

တစ်  နှစ်  သုံး  လေး  ငါး  ခြောက်  ခုနှစ် ရှစ် ကိုး.....

ဟိုး ကောင်းကင်ပေါ်မှာ ကြယ်ကလေးတွေ...။ လက်လက်  လက်လက်နဲ့။ အော်...ဒီည ကြယ်ညီလာခံရှိတာပဲ...မိုးကောင်းကင်ကြီးပေါ် မော့ကြည့်လိုက်တိုင်း ကြယ်ကလေးတွေကို မြင်နေရတဲ့ ဒီနေရာလေးကို ကျွန်မ သိတ်ကြိုက်တာပဲ သိလား။ တခါတလေများ သက်တန်ခုံးကြီး ကိုတောင် တွေ့ရသေးတာ။ ကြယ်ကလေး နှစ်ပွင့်  ဟိုးမှာ၊ နေပါဦး သူတို့က ချစ်သူတွေများလား... ဟင့်အင်း ကြယ်မကလေးရေ မင်းချစ်သူကိုလေ မယုံနဲ့နော်၊ ကျွန်မက စေတနာနဲ့ ပြောတာ....။

တစ်ဆယ်  ဆယ့်တစ် ဆယ့်နှစ်  ဆယ့်သုံး  ဆယ့်လေး ဆယ့်ငါး....

ချစ်သူဆိုလို့...ပြောရဦးမယ်။ ကျွန်မချစ်သူကလေ သိတ်ကြည့်ကောင်းတာ။ သူ့မျက်နှာ အင်း...သူ့မျက်နှာကို ကျွန်မ ခုနေမှာ သိတ်မမှတ်မိနိုင်တော့တာ အံ့သြစရာ။ ကျွန်မ သူ့ကို တကယ်ချစ်ခဲ့တာ၊ ထင်တယ်။ တခါတလေ နုညံ့သလောက် တခါတလေတော့ သူ့မျက်နှာက မုန်တိုင်းတစ်ခုလို ကြောက်မက်ဖွယ်ရာ။ အို ကြည့်စမ်း မေ့နေလိုက်တာ၊ တကယ်ဆို ကျွန်မတို့က ချစ်သူတွေထက်ပိုခဲ့ကြတာပဲ။ ကျွန်မတို့မှာ လက်ထပ်စာချုပ်လေး ရှိခဲ့တာ။စာချုပ်...အဲ  အဲဒီစာချုပ် ဘယ်ရောက်နေပါလိမ့်။ ကျွန်မ စဉ်းစားလို့ ရရင် အဲဒီအကြောင်း ဆက်ပြောပြမယ်နော်။ချစ်သူ့မျက်နှာထက် ကျွန်မ သတိရနေမိတာက ကျွန်မမျက်နှာ၊ ကျွန်မမျက်နှာမှာ ဖူးယောင်နေတဲ့၊ ညိုမဲစွဲနေတဲ့ ဒဏ်ရာတွေ။ တစ်ညလုံး အိပ်မရအောင် အသားတွေ တဆတ်ဆတ်တုန်ပြီး ကြောက်ခဲ့ရတဲ့ ညတွေ။ အား  မေ့သွားပြန်ပြီ...။ နေပါဦး....

ဆယ့်ငါး  ဆယ့်ခြောက်  ဆယ့်ခွန်  ဆယ့်ရှစ် ဆယ့်ကိုး  နှစ်ဆယ်....

အမေက သိတ်သနားစရာကောင်းတာ။ အဖေက မိုဟာမက်အလီနဲ့ ညီအစ်ကို ဘယ်နှစ်ဝမ်းကွဲဆိုလား။ လက်သီးထိုး သိတ်တော်တယ်။ အဖေမူးလာတိုင်း အမေ့မျက်နှာက အဖေ့ရဲ့ရှေ့မှာ ဖွဲအိတ်တစ်အိတ်လို။ အဖေက အမေ့ကို ရိုက်၊ ကျွန်မက ကျွန်မလက်သေးသေးလေးနဲ့ အဖေ့ကို၊ အဲ ကျွန်မလက်လှမ်းမှီရာ အဖေ့ ခြေထောက်တွေကို နောက်ကနေ တဖတ်ဖတ်လှမ်းရိုက်။ အဖေ အမေ့ကို မရိုက်ပါနဲ့တော့နော်၊ ကျွန်မပြောလည်း အဖေက ဂရုမစိုက်ပါဘူး။ကျွန်မ ငိုတာပဲ။ အမေလည်း ငို ကျွန်မလည်း ငို၊ သားအမိနှစ်ယောက် ဖက်ပြီး ငိုခဲ့ကြ။အား....ကျွန်မ ပြန်တွေးတိုင်း ရင်တွေ လှပ်လှပ် လှပ်လှပ်နဲ့ ခေါင်းတွေမူးမူးလာတာပဲ။ အင်း မေ့ပြန်ပြီ။ ကြယ်ကလေးတွေ ဘယ်နှစ်လုံး ရှိပါလိမ့်။

တစ်  နှစ်  သုံး  လေး  ငါး  ခြောက်  ခုနှစ် ရှစ်...

ဟင့်အင်း  အမေ၊ ကျွန်မ ယောကျာ်းမယူချင်ဘူးလို့ ပြောခဲ့တာ။ အမေက သမီးရယ် အမေမရှိရင် လောကကြီးထဲ အမေ့သမီးလေး တစ်ယောက်ထဲရယ် တဲ့။အမေပေးစားတဲ့ ယောကျာ်းရပြီး သိတ်မကြာဘူး၊ သူလည်း ကျွန်မအဖေနဲ့ တူတူလာတယ်။ မိုဟာမက်အလီဆွေမျိုးတွေပဲ တဲ့၊ သူက။
အမေ... ကျွန်မ အမေ့ကို သတိရလိုက်တာ၊ အမေ သိတ်နာကျင်ခဲ့မှာပဲနော်။ ကျွန်မ ခံစား တတ်ခဲ့ပြီ။ နှုတ်ခမ်းက သွေးစတွေကို သုတ်ရင်း ကျွန်မမျက်နှာကို မှန်ထဲပြန်ကြည့်မိတယ်။ ကျွန်မမျက်နှာကို ကျွန်မ မမြင်ရဘူး။ ကျွန်မ မြင်နေရတာက အမေ့မျက်နှာ။ ဖူးယောင်နေတဲ့ အမေ့မျက်နှာ။ ပြီးတော့ ကျွန်မအဖေရဲ့ မျက်နှာ။ သွေးအိုင်ထဲက မျက်နှာ။ အမေ့ကိုရိုက်ရာက အမေက နာကျင်လွန်းလို့ လက်တုန့်ပြန်တယ် ထင်ပါရဲ့။ အမေ့လက်ထဲမှာ ရှိတာက မီးဖိုချောင်သုံး ဓါးတစ်ချောင်း။  သွေးအိုင်တွေထဲ လဲကျပြီး မဲ့ရွဲ့နေတဲ့ အဖေ့မျက်နှာ။ အား.... ကျွန်မ သိတ်ကြောက်တာပဲ။ အမေ့ကိုလည်း ကြောက်တယ်။ ဘယ်ရောက်သွားပါလိမ့် ကျွန်မရဲ့ ကြယ်ကလေးတွေ...။ သူတို့တွေက ကျွန်မရဲ့ အမြဲတမ်း အဖော်။ ခေါင်းတွေ မူးလာပြန်ပြီ။ ကျွန်မ သိတ်စိတ်ညစ်တာပဲ။

ကိုး တစ်ဆယ်  ဆယ့်တစ် ဆယ့်နှစ်  ဆယ့်သုံး  ဆယ့်လေး ဆယ့်ငါး....

ခဏခဏမေ့တတ်တာပဲ။ ကျွန်မလေ ခုတစ်လော၊ စားလည်း သိတ်စားတာပဲ။ စားစရာအတွက်လား ပူစရာမလိုပါဘူး။ အချိန်တန်ရင် အဆင်သင့်။ နေစရာဆိုလည်း အိပ်ယာပေါ်ကနေ မော့ကြည့်လိုက်တာနဲ့ ကြယ်ကလေးတွေကို လှမ်းမြင်နေရတဲ့ နေရာ။ ကျွန်မခေါင်းပေါ်မှာ ကောင်းကင်မျက်နှာ အဖြူရောင်။ ဘယ်မှာ ပြာလို့လဲ ကောင်းကင်ကြီးက။ ဒီတစ်ခါ ကောင်းကင်ကြီးပေါ်က လှေကားတစ်စင်း ချခိုင်းရမယ်။ အဲဒီလှေကားနဲ့ ကျွန်မကောင်းကင်ထဲ သွားမယ်။ အဲဒီမှာ အမေ ရှိချင် ရှိမှာ။ အို  မဟုတ်ပါဘူး ကျွန်မ အမေ့ကို နောက်ဆုံးမြင်လိုက်ရတာက  ဘေးမှာ ရဲသားနှစ်ယောက် ခြံရံလို့။ သူတို့ခေါ်ဆောင်ရာနောက် ကို ပြုံးပြုံးကြီး လိုက်သွားတဲ့ အမေ။ အဲ့နောက်ပိုင်း အမေနဲ့ ကျွန်မ မတွေ့ကြရတော့ဘူး။

ဒေါက် ဒေါက်

ဟော...သူတို့ လာကြပြီ။ ကျွန်မတံခါးဖွင့်ပေးပေး မပေးပေး သူတို့ ၀င်လာကြတာပဲ။ အဲဒီလူတွေကို ကျွန်မ မုန်းတယ်။
ဘယ်လိုလဲ ဒီနေ့ နေကောင်းလား မခင်မြမေ

ကျွန်မ မုန်းလိုက်တာ။ နေကောင်းလို့ပေါ့ မတွေ့ဘူးလား။ အပိုတွေ။

ကဲ မခင်မြမေ ခဏလေး အိပ်ရာပေါ်က ထလိုက်ပါဦး၊ ဒီနေ့နေ့လည် အလှူရှင်တွေ လာမယ်။ ရေမိုးချိုးရအောင်နော်

အို မချိုးချင်ပါဘူး။ ကျွန်မစိတ်ထဲက ပြောလိုက်တာ။ ခုထိ ကျွန်မ သူတို့ကို စကားတစ်လုံးမှ ပြန်မပြောရသေးဘူး၊ ရေချိုးမလို့တဲ့။ ကျွန်မ အ၀တ်အစားတွေ လာချွတ်ယူတယ်။
ကျွန်မ ဘာမှ ပြောမနေဘူး။ အဲဒီလူမျက်နှာကို အားရှိသလောက် ကုတ်ဖဲ့ ပစ်လိုက်တယ်။

အား  နာတယ်ဟ၊ ဒီကောင်မ အတော်ဆိုးလာပြီ။ သူ့ကို တစ်ခန်းခွဲထားတာ တော်သေးတယ်

မခင်မြမေ  မခင်မြမေ  စိတ်ကိုထိန်းပါ။  စိတ်ကို ထိန်းပါနော်။  ရော့ရော့  ဒီဆေးလေး အရင်သောက်လိုက်....

တစ် နှစ် သုံး လေး ငါး ခြောက်.....

ကမ်းပေးလာတဲ့ ဆေးတွေကို ပုတ်ချ၊  ကောင်းကင်ကြီးပေါ်မော့ကြည့်ရင်း ကျွန်မရဲ့ ကြယ်ကလေးတွေကိုပဲ ဆက်ရေနေလိုက်တယ်.....


Wednesday, July 18, 2012

မှာတမ်း

မိတ်ဆွေရောင်းရင်း  အပေါင်းအသင်းတွေနဲ့ ပျော်စရာ  ရွှင်စရာ
ပြောဆိုရင်းနှီး  ပေါင်းသင်းငြင်းခုန်
ဆဲဆိုရန်ဖြစ်  အော်ဟစ်ဆူပွ
ရေးကြ လိုက်ခ်ကြ မန့်ကြ ဖွကြရာ...။

မျက်နှာစာအုပ်လို့ခေါ်တဲ့ ဖေ့စ်ဘုတ်အကောင့် နှစ်ခုတိတိ ရှိ
သူသူငါငါဆီ ရေးပို့ မျှဝေဖို့ အီးမေးလ်လို့ခေါ်တဲ့ စာတိုက်ပုံးကြီး ငါးခုတိတိ ရှိ
ဒေါ့ကွန်းနဲ့ဆုံးပြီး ရေးချင်ရာရေးနေတဲ့ ဘလော့ဂ်ကြီး တစ်ခုတိတိ ရှိ
ဟိုရိုက်  ဒီရိုက် စိတ်ကူးတည့်ရာ၊ ခလုတ်နှိပ်တိုင်း အရာထင်ရာ၊ ရိုက်ထားတဲ့ပုံတွေ တင်စရာ ဖလစ်ကာတစ်ခုတိတိ ရှိ
ဝါသနာအရ မဆိုရမနေနိုင်၊ တောင်အော် မြောက်အော် အသံသွင်းတင်ပစ်လိုက် အသံတိမ်တိုက်တစ်ခုတိတိ  ရှိ

လာထား...
ဖရီးဆို ဖွင့်  ဖရီးဆို ဖွင့်  ဖရီးဆို ဖွင့် 
ဖွင့်  ပွင့်  ဖွင့်  ပွင့်နဲ့
တအုံးအုံး  တရုန်းရုန်း  သုံး သုံးလာလိုက်တာ...။

မှာထားခဲ့ပါရစေ
ငါ မသေခင်...ငါ့ဖြစ်တည်မှု ငါ မမေ့ခင်...
ငါ့အုတ်ဂူပေါ် အမှတ်တရ ရေးထိုးထားရစ်...
ဖရီးများသုံး  ပြုံးပြုံးကလေး  ချစ်ကြည်အေး
ဖဘ  အီးမေးလ် ဒေါ့ကွန်း ဖလစ်ကာ အသံတိမ်တိုက်တို့၌ ပျော်မွေ့သူ...
တခါတခါ ၀င်ခွင့်စကားလုံး ပါ့စ်ဝါ့ဒ်များ မေ့မေ့နေတတ်သူ...
ဗာကျူရယ်ကမ္ဘာမှာ တမေ့တမော မျောပါရာက အချိန်တွေနဲ့ အဆက်ပြတ်သွားတတ်သူ...
သူ....သူ...

အာ-အိုင်-ပီ-ချစ်-ကြည်-အေး...


 

Saturday, July 14, 2012

နောက်ထပ်တစ်ခါ…

ရှင်တို့အတွက်တော့ မသိဘူး၊ ကျွန်မအတွက်တော့ တွေ့နေကျ ဈေးဆိုင်တစ်ဆိုင် ပိတ်သွားတာ မြင်ရရင် စိတ်ထဲ အတော်လေး မကောင်းဘူး။ တစ်နေ့ ကျွန်မသွားနေကျ ရှော့ပင်းမောထဲရောက်တော့ စားသောက်ဆိုင်လေးတစ်ဆိုင် ပိတ်သွားတာ တွေ့ရတယ်။ အဲဒီဆိုင်လေးက စားသောက်ဆိုင်အသေးစားလေး။ သူ့ဆိုင်မှာ ထမင်းရတယ်၊ ကြက်ကြော်တို့၊ ကြက်ကင်တို့၊ ကြက်အူချောင်းတို့၊ နောက် Snack အဖြစ်စားနိုင်တဲ့ finger foods လိုဟာမျိုး၊ ထုတ်ထိုးလေးတွေလည်း ရတယ်။ တစ်ခါတစ်လေ ခေါက်ဆွဲကြော်၊ ကြာဇံကြော်တွေလည်း တွေ့မိတယ်။ သူ့ဆိုင်လေးက ထောင့်ဆိုင်လေး၊ ထိုင်ခုံရယ်လို့လည်း များများစားစား မရှိဘူး။ ဆိုင်မှာ ထိုင်စားနေတဲ့သူကလည်း နည်းတယ်လို့ ပြောရမယ်။ အဓိကက အလုပ်ကအပြန် ထုတ်သွားကြတဲ့သူတွေကို မျှော်လင့်ပြီးရောင်းတဲ့ဆိုင်လေး။ အဲဒီ့ဆိုင်လေး အခု ပိတ်သွားပြီ။

ကျွန်မ အဲဒီဆိုင်လေးက အစားအသောက်တွေ ၀ယ်ဖူးတယ်။ ကြာဇံကြော်၊ ကြက်ကင်နဲ့ ထမင်းတွေပေါ့။ သတိထားမိတာ တစ်ခုက အဲဒီဆိုင်က ဈေးတော့ နည်းနည်းလေး ပိုကြီးတယ်လို့ ပြောရမယ်။ သူများဆိုင်မှာ ကြာဇံကြော်နဲ့ ကြက်ကြော်ရယ်၊ နောက်ထပ် အသီးအရွက်တစ်မျိုးရယ်အတွက် သုံးဒေါ်လာခွဲ (ဒါကလည်း ရှော့ပင်းမောထဲမှာ မို့လို့ပါ) ကျသင့်တဲ့အချိန်မှာ သူ့ဆိုင်က လေးဒေါ်လာလောက်၊ လေးဒေါ်လာနဲ့ ပြားနှစ်ဆယ်လောက် အဲလိုယူတတ်တယ်။ ကျွန်မ သိသလောက်တော့ ၀ယ်ယူစားသုံးသူတွေဟာ သူတို့ကြိုက်တဲ့၊ အရသာရှိတဲ့ အစားအစာတွေအတွက် ငွေလေးနည်းနည်းပါးပါး ကွာတာကို မကြည့်တတ်ကြဘူး။ ဒါဖြင့် ဈေးကြီးလို့ ပိတ်သွားတာလို့ ကောက်ချက်မချနိုင်ပြန်ဘူး။ အရသာကြောင့်လား။ အင်း အဲဒါတော့ ဖြစ်နိုင်တယ်။ သူ့ဆိုင်က အစားအသောက်တွေက တစ်ခါစားပြီးလို့မှ နောက်တစ်ခေါက်ထပ်သွားစားကြရအောင် ဆိုတာမျိုးတော့ မဟုတ်ဘူး။ သာမန်ပဲ။ နောက် ဆက်ဆံရေး။ ဆိုင်ရောင်းတဲ့သူ မျက်နှာက မချိုသာဘူး၊ မာတယ်လည်း မဟုတ်ဘူး ပုံမှန်ပဲ။

ကျွန်မနဲ့ ကျွန်မအမျိုးသား နှစ်ယောက်စလုံးက စားသောက်ဆိုင်ဖွင့်တဲ့ အလုပ်ကို စိတ်ဝင်စားကြသူဖြစ်လေတော့ အဲလိုဖြစ်ရပ်မျိုးလေးတွေတွေ့ရင် ဘာ့ကြောင့်ဖြစ်နိုင်လဲဆိုတာကို စိတ်ဝင်တစား ကောက်ချက် ဆွဲမိတတ်ကြပါတယ်။
စားသောက်ဆိုင်မှ မဟုတ်ပါဘူး။ အ၀တ်အထည်ဆိုင်၊ ဖန်စီပစ္စည်းလေးတွေ ရောင်းတဲ့ဆိုင်၊ ဘာဆိုင်ပဲ ဖြစ်ဖြစ်ပါ။ ပိတ်သွားပြီဆိုတာ တွေ့ရရင် စိတ်ထဲအတော်လေး မကောင်းဖြစ်တယ်။ ဒါဟာ သူတို့အတွက်တော့ ကျရှုံးခြင်းပဲ မဟုတ်လား။ အဲဒီအခြေအနေမျိုးမှာ သူတို့ဘက်ကနေပြီး ဖြစ်နိုင်ခြေတွေကို တွေးကြည့်ပေးနေတတ်တယ်။

ဆိုင်တစ်ဆိုင် ဖွင့်နေကျနေရာကနေ ပိတ်သွားတယ်ဆိုတဲ့ အခြေအနေမှာ အကြောင်းအမျိုးမျိုး ရှိနိုင်တာပေါ့။ ဆိုင်ပြန်ပြင်နေလို့ ခဏပိတ်ထားတာလား၊ ပိုပြီး ကျယ်ဝန်းတဲ့ ဆိုင်ခန်းကို ပြောင်းရွှေ့သွားတာမို့ ပိတ်လိုက်တာလား။ ပုံမှန်အားဖြင့်တော့ ဒါတွေကြောင့်ပိတ်တာဆိုရင် ဘယ်တော့ ပြန်ဖွင့်မယ်၊ ဘယ်ကို ပြောင်းရွှေ့သွားတယ်ဆိုတာမျိုး၊ ကြေညာစာရွက်-Notice ကပ်ထားလေ့ရှိပါတယ်။ အခြေအနေမကောင်းလို့ အပြီးပိတ်သွားတာဆိုရင်သာ ဘာမှ ရေးမထားဘဲ ဆိုင်မှာ မီးပိတ်၊ တံခါးပိတ်ထားပြီး နောက်ငှားမဲ့သူကို စောင့်နေဆဲ အခြေအနေမျိုးနဲ့ တွေ့ရတတ်တာ။ ခု ဒီဆိုင်က အဲဒီလို အခြေအနေမျိုး။

ဘာဆိုင်ပဲဖြစ်ဖြစ်ပါ၊ ဆိုင်ဖွင့်ခြင်းဆိုတဲ့နေရာမှာ ရောင်းသူအနေနဲ့ ၀ယ်သူဘက်က တွေးပေးရမှာတွေ အများကြီး ရှိပါတယ်။ ပထမဦးဆုံး မဖြစ်မနေ ကြည့်ရမဲ့အချက်က ကိုယ်ရောင်းတဲ့ ကုန်ပစ္စည်းအရည်အသွေးနဲ့ သူ့ရဲ့ဈေးနှုန်းပါ။ နောက်တစ်ခုက ၀န်ဆောင်မှု။ နောက်တစ်ခုကတော့ ပိုမိုထူးခြားသော X-factors တစ်ခုခု ရှိဖို့ပါ။ ၀ယ်ယူစားသုံးသူတွေကို ဘာနဲ့ ဆွဲဆောင်မလဲ ဒါက အဓိက ကျပါတယ်။ ရောင်းကုန်ချင်းတူနေရင်တောင် ရောင်းအားကွာတယ် ဆိုတာတွေက အဲဒီ အပိုဝန်ဆောင်မှုတွေကြောင့်ပါ။

ပါးနပ်တဲ့ ဆိုင်ရှင်ဟာ ၀ယ်သူ့အကြိုက်ကို သိနေတတ်တယ်။ ၀ယ်သူ ကိုယ့်ဆိုင်ထဲ ၀င်လာတာနဲ့ ပြန်အထွက်မှာ ကိုယ့်ဆိုင်ကပစ္စည်းတစ်ခုခု လက်ထဲပါသွားအောင် ပြောနိုင်၊ ရောင်းနိုင်တဲ့ အစွမ်း၊ ကျွမ်းကျင်မှုတွေ ရှိနေတတ်တယ်။ စားသောက်ဆိုင်ဆိုရင်လည်း ဒီလိုပဲ။ ကိုယ်က လက်ဘက်ရည်ဆိုင်ဖွင့်တယ် ဆိုပါတော့ ပုံမှန်လာနေကျ စားသုံးသူ ၀င်လာတာနဲ့ ကျစိမ့်တစ်ခွက်ဟေ့ ဆိုတာမျိုး၊ သူသောက်နေကျ ဘာဆိုတာကို တန်းကနဲ သိပြီး မှာပေးလိုက်ခြင်းဟာ စားသုံးသူရဲ့ စိတ်ထဲမှာ ကိုယ့်အပေါ် အလေးထားခြင်းဆိုတဲ့ ခံစားမှုလေး ရသွားစေတယ်။ စားသုံးသူတွေရဲ့ စိတ်အခြေခံကို သိနေဖို့လည်း လိုသေးတယ်။ ဒါကလည်း မခက်ခဲပါဘူး။ ကျွန်မတို့အားလုံးဟာ လူသားတွေချည်းပါပဲ။ ဒီတော့ အခြေခံစိတ်တွေ တူနေကြပါတယ်။ ဘယ်သူမဆို ကိုယ့်ကို အလေးထားဆက်ဆံတာကို ကြိုက်ကြတာပဲ မဟုတ်လား။ ကိုယ့်ဆိုင်ထဲကို ၀င်လာသူဟာ ဘယ်လိုလူမျိုးပဲဖြစ်ပါစေ။ လက်ဘက်ရည် တစ်ခွက်သောက်ဖို့ လာတဲ့သူဟာ သူ့အိတ်ကပ်ထဲမှာ လက်ဘက်ရည်တစ်ခွက်ဖိုးပါလာရင် ပြီးတာပဲ မဟုတ်လား။ အဲဒီအချိန်မှာ သူဟာ King ပါပဲ။ ကိုယ့်ရဲ့ ၀ယ်ယူအားပေးသူပါပဲ။ သူ့ကို တူတူတန်တန်ဆက်ဆံရမှာပါပဲ။

ကိုယ့်ဆိုင်ရဲ့ အဓိကရောင်းကုန် အရည်အသွေးကို အမြဲထိန်းထားဖို့၊ ဈေးနှုန်းသင့်တင့်ဖို့၊ ၀န်ဆောင်မှုကောင်းဖို့၊ ပိုမိုကောင်းမွန်တဲ့ ၀န်ဆောင်မှုတွေနဲ့ ဆွဲခေါ်ဖို့။ ဒါတွေကို အမြဲစောင့်ကြည့် ပြုပြင်ပေးနေမယ်ဆိုရင် ကိုယ့်ဆီက ၀ယ်ယူစားသုံးသူတွေဟာ ဘယ်ကိုမှ ပြေးတော့မှာ မဟုတ်ပါဘူး။ အဓိကက စားသုံးသူဘက်ကနေ ၀င်ကြည့်တတ်ဖို့ပါပဲ။ ကိုယ်သာဆိုရင် ဘယ်လို အရသာ၊ ဘယ်လိုဈေးနှုန်း၊ ဘယ်လို ၀န်ဆောင်မှုတွေအပေါ် သဘောတကျ ရှိမလဲ။ ကိုယ့်စားသုံးသူအပေါ် အဲ့ဒီအတိုင်းသာ ၀န်ဆောင်မှုပေးပါ။ ကျိန်းသေပေါက် အောင်မြင်မှာပါပဲ။

စီးပွားရေးတစ်ခုလုပ်လို့ ကျရှုံးသွားတဲ့သူတွေအပေါ် စာနာစိတ်နဲ့ စိတ်ထဲမကောင်းဖြစ်မိတာနဲ့အမျှ သူတို့အတွက် " နောက်ထပ်တစ်ခါ" ဆိုတဲ့ ကြိုးစားမှုအသစ်၊ အခွင့်အလမ်းအသစ်တွေ ရစေချင်ပါရဲ့….။


Monday, July 9, 2012

ပိုက်ကွန်တစ်စင်းအတွင်း နေထိုင်ခြင်း

သွေးမတော် သားမစပ်၊ တစိမ်းတရံစာ ယောကျာ်းကြီးတစ်ယောက်နဲ့ ခုလို တစ်မိုးအောက်မှာ  တစ်ဆယ့်နှနှစ်ကြီးများတောင် အတူတူနေရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိပါဘူးလို့ ကျွန်မက ပြောရင် ရှင်တို့ ဘယ်လိုများ တုန့်ပြန်မှာပါလိမ့်။ ဒီငတိမ အူကြောင်ကြောင်နိုင်လိုက်တာလို့များ မှတ်ချက်ချလေမလားပဲ။ တကယ်...၊ ကျွန်မ တကယ်ပြောတာပါ။ ဒါဟာ စဉ်းစားလေလေ အံ့သြစရာကောင်းလေလေ။

အချစ်ဆိုတဲ့အရာ မပါဘဲနဲ့တော့ ဒါဟာ နည်းနည်းကလေးမှ မဖြစ်နိုင်တာပါပဲ။ သေချာတယ်။ သဘာဝကိုက မတူတာ၊ ခန္ဒာကိုယ်တည်ဆောက်ပုံကအစ ကွာခြားတာ။ ကြီးပြင်းခဲ့ကြရတဲ့ အသိုင်းအသိုင်း ပတ်ဝန်းကျင် အပေါ်မူတည်လို့ အကျင့်စရိုက်ပါ ခြားနားနိုင်သေးတာ။ အချစ်ကြောင့်သာ အရာရာကို အလျှော့အတင်းလေးနဲ့ ကြည့်ပြီး လိုတိုးပိုလျှော့ ပေါင်းခဲ့ကြလို့သာ။

သူ့မှာ ကျွန်မ မကြိုက်တာတွေ ရှိနေသလို၊ ကျွန်မဆီမှာ သူမကြိုက်တာတွေက အပုံအပင်။ လူသားတွေမို့ မပြည့်ခဲ့ကြတာ။ တော်ရုံ လိုအပ်ချက်လောက်ကတော့ အချစ်ကပဲ ဖြည့်ပေးလိုက်တာ။

အချစ်ဆိုတာ ကြိုးတပ်တူရိယာတစ်ခုသာဆိုရင် ကြိုးညှိခြင်းအတတ်ကို ရှင်တို့  အင်မတန် စိတ်ဝင်စားဖွယ် တွေ့ကြရမှာ။ အလျှော့အတင်းကို လိုအပ်သလို ချိန်ပေးနေရတဲ့ ကြိုးကလေးတွေ၊ နားလည်မှု၊ စာနာမှု၊ အလိုက်သိတတ်မှု၊ သစ္စာ၊ မြတ်နိုးမှု၊ တန်ဘိုးထားမှု၊ လေးစားမှု.... ဆိုတဲ့ ကြိုး ကလေးတွေ၊ အများကြီးပါပဲ။ ပိုးကြိုးကလေးတွေလို နုညံ့တာမို့ အတင်းအကြပ်ကိုင်တွယ်ဖို့ရာ လုံးဝ မဖြစ်နိုင်တာ။


လက်ဆုတ်လက်ကိုင်ပြလို့ မရတဲ့အရာ။ မှန်းဆကြည့်လို့လည်း မမြင်နိုင်တဲ့ အရာ။

သူ့အတွက်ဖျော်ပေးတဲ့ ကော်ဖီပူပူတွေကို သူမသောက်ခင် ဇွန်းဖျားလေးနဲ့ မြည်းစမ်းကြည့်တဲ့အထဲမှာ အချစ်ရှိနေနိုင်တယ်။

သူ့အလုပ်အင်္ကျီတွေကို ဆန့်ဆန့်ပြန့်ပြန့်ဖြစ်အောင် မီးပူတိုက်ရတဲ့အထဲမှာ အချစ်ရှိနေနိုင်တယ်။

ပိတ်ရက်တွေမှာ သူစားချင်တဲ့ ဟင်းစပ်တွေကို ချက်ပြုတ်ပြင်ဆင်နေရတဲ့အထဲမှာရော... အချစ်ရှိမနေနိုင်ဘူးလား။

အလုပ်ချိန်အတွင်း မိုးရွာနေတဲ့အခါ ဖိနပ်ရေစိုကြီးနဲ့ အကြာကြီး မနေနဲ့နော်လို့  ဖုန်းထဲက မှာတတ်တဲ့ အသံမှာရော အချစ်ရှိမလား။

နေ့လည်က ရုံးမှာ ဘာဟင်းတွေနဲ့စားခဲ့လဲလို့ မေးတဲ့ မေးခွန်းထဲမှာရော အချစ် ရှိမနေနိုင်ဘူးတဲ့လား....။

ဒါနဲ့ အချစ်မှာ ဘယ်အရာက အရေးကြီးတာလဲ။ ကိုယ်က ချစ်ဖို့လား၊ အချစ်ခံရဖို့လား၊ အချစ်ကို ရဖို့လား၊ အချစ်ကို ရဖို့ ပြင်ဆင်နေချိန်လား....

အမေရိကန်ကဗျာဆရာ Shel Silverstein ရဲ့ Moon-catchin' Net ဆိုတဲ့ ကဗျာတစ်ပုဒ်ကို ဆရာမဂျူးက လကို ဖမ်းမဲ့ ပိုက်ကွန်လို့ ပြန်ဆိုတယ်။ ပြီးတော့ ဆရာမက ပြောတယ်။ လကိုဖမ်းတဲ့သူတိုင်းဟာ လကို မမိကြပါဘူးတဲ့၊ ဘေးနားက ကြယ်ကလေးကိုပဲ မိတဲ့သူတွေလည်း ရှိသတဲ့။ ကြယ်ပဲဖြစ်စေ၊ လပဲဖြစ်စေ သူ့ကိုဖမ်းမိတဲ့သူအပေါ် အလွန်ကြည်နူးချမ်းမြေ့မှုကို ပေးစွမ်းနိုင်တာချည်းပါပဲတဲ့။ တကယ်တမ်း စိတ်ကို ကြည်နူးစေနိုင်ဆုံးအချိန်ကတော့ လကိုမိတဲ့ အချိန်မဟုတ်သလို ကြယ်ကိုဖမ်းမိတဲ့အချိန်လည်း မဟုတ်ဘဲ လကိုဖမ်းဖို့ ပိုက်ကွန်ရက်နေတဲ့ အချိန်ပဲ ဖြစ်နိုင်ပါသတဲ့။

ကျွန်မ စဉ်းစားမိပါရဲ့။ ချစ်သူ လ၀န်းကလေးကို ဖမ်းမိဖို့ ပိုက်ကွန်ရက်တဲ့သူဟာ ပိုက်ကွန်ရက်နေစဉ်အတွင်း ဘာတွေများ ​ကြည်ကြည်နူးနူး ခံစားနေနိုင်ပါ့မလဲလို့ပေါ့။ ကျွန်မ ထင်ပါတယ်။ ချစ်သူရဲ့ အကြိုက်၊ ချစ်သူရဲ့ စရိုက်၊ ချစ်သူရဲ့ သွားပုံလာပုံ၊ ချစ်သူ သွားလေ့လာလေ့ရှိတဲ့ နေရာကလေးတွေ၊ ချစ်သူ သုံးစွဲတတ်တဲ့ အသုံးအဆောင် ဥပမာ လက်ကိုင်ပုဝါလိုမျိုး။ ဒါလေးတွေကို အသေးစိတ် လိုက်ကြည့်နေရင်း ဂရုတစိုက် မှတ်သားနေလေမလား။ ချစ်သူရဲ့ ပြုံးလိုက်ပုံ၊ မျက်လုံးကလေး ထောင့်ကပ်လိုက်ပုံ၊ ချစ်သူ လမ်းလျှောက်တတ်တဲ့ ဟန်ကလေးက အစပေါ့။ တစွဲစွဲ တလမ်းလမ်းကြည့်ရင်း အတွေးထဲမှာ ပြုံးချင် ပြုံးမိနေလိမ့်မယ်။ ချစ်သူဆီက တုန့်ပြန်မှုရဖို့၊ ချစ်သူဆီက အဖြေကိုရဖို့ ချစ်သူ့အကြိုက်၊ ချစ်သူ့စရိုက်တွေ လေ့လာနေဆဲအချိန်၊ အဲဒီအချိန်ကို ပိုက်ကွန်ရက်နေတဲ့ အချိန်လို့ ဆိုလိုတာပေါ့။

ဒီနေရာမှာ ပိုက်ကွန်ရက်သူဟာ အမျိုးသားပဲဖြစ်နိုင်သလို အမျိုးသမီးလည်းပဲ ဖြစ်နေနိုင်တာ။ ကျွန်မအတွက်တော့ သူက ပိုက်ကွန်ရက်လုပ်သူဖြစ်ပြီး ကျွန်မက သူ့အတွက် လကလေးဖြစ်ခဲ့တာ။ ဒါမှမဟုတ် ကျွန်မက ကြယ်ကလေးတစ်စင်းလည်း ဖြစ်ချင် ဖြစ်မှာပေါ့။ သူ့ရဲ့ ပိုက်ကွန်ရက်ချိန်တွေကို ကျွန်မ မေးကြည့်ချင်မိတယ်။ သူ ခဲရာခဲဆစ် ရက်လုပ်ခဲ့ရတာလား၊ အလွယ်တကူပဲ ရက်လုပ်ခဲ့ရတာလား ဆိုတာကိုပေါ့။ သူ ဘယ်လိုဖြေမယ် လို့ ရှင်တို့ ထင်သလဲ။

တကယ်ဆို ကျွန်မအတွက်တော့ ပိုက်ကွန်ကလေးထဲ အဖမ်းခံလိုက်ရချိန်ကိုသာ ပြန်ပြောနိုင်တော့မယ် ထင်ပါရဲ့။ ခုချိန်ထိပေါ့လေ။ ပိုက်ကွန်ကလေးထဲ သာသာယာယာရှိနေတဲ့ လကလေးက ပိုက်ကွန်တစ်စင်းရဲ့ ဂရုတစိုက် လုံခြုံထွေးပွေ့မှုတွေအတွက် ပိုက်ကွန်ကလေးကို ကျေးဇူးတင်ခြင်းများစွာနဲ့ တသက်လုံး ငြိတွယ်ခွင့်ရပါရစေလို့ တိုးတိုးလေး ပြောချင်တာ....။ 

 သေချာတာတစ်ခုက လကလေးနဲ့ ပိုက်ကွန်တစ်စင်းပေါင်းစည်းမှုဟာ အချစ်ဆိုတဲ့ ကြိုးတပ်တူရိယာကို လှလှပပသံစဉ်တွေ ဖြာဝေစေခဲ့တယ် ဆိုတာ....။ 




 ***အချစ်နဲ့ ပတ်သက်လို့ ရေးတော့မယ်ဆိုရင် ကျွန်မအနေနဲ့ အတော်လေး အကြောလျှော့ရေးရတာ။ ကျွန်မမှာ အသိမိတ်ဆွေ များပြားတာနဲ့ အမျှ ကျွန်မစာတွေ (အထူးသဖြင့် အချစ်အကြောင်းပေါ့) ဖတ်ရင်း ကျွန်မမျက်နှာ ပြေးမြင်မိတဲ့အခါ အချစ်အကြောင်းတွေနဲ့ နည်းနည်းလေးမှ မလိုက်ဖက်တဲ့ ကဗျာမဆန်တဲ့ ကျွန်မကို သူတို့ တွေ့မိကြမှာ။ အဲဒီအခါ ရုပ်ကြမ်းကြီးနဲ့ နွဲ့သဟ လို့ မှတ်ချက်ချကြတော့မှာ။ တတ်နိုင်ပါဘူးလေ။ ရှေ့မျက်နှာ ရှေ့ထားရင်းပဲ ဇွတ်ရေးလိုက်ပါတယ်း) ခုလို အခါသမယမှာမှ အချစ်အကြောင်း ကျွန်မ မရေးရင် ဘယ်အခါများ ရေးဖြစ်ဦးမလဲနော်း) ဘယ်လိုပဲဆိုဆို လူတစ်ဦးတစ်ယောက်နဲ့ တစ်ယောက်အကြား ချစ်ခြင်းတရားဟာ ထားကောင်းတဲ့ အရာ မဟုတ်ပါလားရှင်....။ အားလုံးပဲ ချစ်ခြင်းတရားနဲ့ ထုံမွှမ်းနိုင်ကြပါစေ....။

Wednesday, July 4, 2012

အိမ်လွမ်းတဲ့ စိတ်...

"သမီးရေ...နင့်မောင်လေးကလေ နောက် နှစ်လ သုံးလလုပ်ပြီးရင် ပြန်လာတော့မယ်၊ သူ ဟိုမှာ မပျော်ဘူးတဲ့"လေ။  ရင်မောရပါသည်။ အမေနှင့်ဖုန်းစကားပြောအပြီး လေးလံနေသော ခံစားချက်က ကျွန်မထံမှာ ရက်အတန်ကြာ စွဲငြိလျှက်နေလေသည်။ " ပြန်မလာပါနဲ့ဦး၊ နေပါဦးမောင်လေးရယ်" ကျွန်မ စိတ်ထဲက ပြောနေမိသည်။ ဒီမောင်လေးက ကျွန်မမောင်အငယ်ဆုံးလေး။ ကျွန်မနှင့် ခင်ပွန်းသည်က သူ့အတွက် လိုအပ်တဲ့ စရိတ်စကတွေ အကုန်အကျခံပြီး အာရပ်နိုင်ငံတစ်ခုဆီ ပို့ခဲ့တာ ဖြစ်သည်။ ခုဆိုရင် ရှစ်လထဲ ရောက်ပြီ။ အရင်းတောင်မှ ကျေအောင် မလုပ်ဘဲ မောင်လေး ပြန်သွားခဲ့ရင် ခင်ပွန်းသည်ကို ကျွန်မ မျက်နှာပူရမည်လေ။ သူကတော့ ဘာမှ ပြောမည်မဟုတ်ပါ၊ ဒါပေမဲ့ ကျွန်မမောင်နှမတွေအတွက် သူ ကူညီပံ့ပိုးပေးတာတွေ များလှလို့ ကျွန်မအားနာလှပါပြီ။ လင်ရယ်မယားရယ်ပေမဲ့ ကိုယ့်ဆွေကိုယ့်မျိုးကြောင့် ထမ်းရသော ၀န်ပိုးအတွက် ကျွန်မ သူ့အပေါ် အားနာပါသည်။ ဒီကြားထဲ အိမ်အပြန်မလှဘဲ၊ အရင်းမကျေဘဲ ပြန်သွားဦးမည်ဆိုလျှင် ကျွန်မ ပိုလို့တောင် စိတ်မသက်မသာ ဖြစ်ရဦးတော့မည်။ သို့သော် ပြန်မလာပါနဲ့ဦးမောင်လေးရယ်လို့  သူ့ကို မပြောရက်ပြန်ပါ။

တကယ်တော့ မောင်လေးက မငယ်တော့ပါ။ အသက် ၂၄ ထဲမှာ။ ဆယ်တန်းအောင်ပြီး ကျောင်း ဆက်မတက်တော့ဘဲ အလုပ်ပဲ လုပ်မယ်ဆိုတာနဲ့ အာရပ်နိုင်ငံတစ်ခုဆီ သူ့အဆက်အသွယ်နှင့်သူ ရှာကာ သွားခဲ့ခြင်းပါ။ ကျွန်မတို့က လိုအပ်သော ငွေရင်းလေး ထုတ်ပေးခဲ့ရုံသာ။ အဖေဆုံးစဉ်က မောင်လေးမှာ ၁၁နှစ်သားသာ ရှိသေးသည်။ အဖေ့အုပ်ထိန်းမှုမရဘဲ ကြီးပြင်းခဲ့ရသော မောင်လေး၊ ပျက်စီးမသွားဘဲ လိမ္မာနေတာကိုပဲ ကျွန်မ ၀မ်းသာရသည်။ သူ လူဖြစ်လာချိန်မှာ ကျွန်မနှင့် အထက်အောက် ညီမက နိုင်ငံရပ်ခြားမှာမို့ သူ့ကို အဝေးကပဲ လှမ်းဆုံးမစကားဆိုရသည်။ လူပျိုရွယ်ရောက်လာသည့်တိုင် မကြီး...သားကလေဟု သူ့ကိုယ်သူ ညွှန်းကာ ပြောတတ်သော ကလေးသာသာ မောင်လေးအတွက် ကျွန်မ အမြဲ စိတ်ပူခဲ့ရသည်။

မောင်လေးအထက်က နို့ညှာ ညီမလေး၊ သူကတော့ ကျွန်မနဲ့ တစ်မြေထဲ တစ်ရေထဲမှာ။ ညီမလေး ဘွဲ့ရပြီးချိန်မှာ ကျွန်မရှိရာခေါ်ကာ ကျောင်းဆက်တက်စေခဲ့ပြီး ဒီမှာပဲ အခြေချစေခဲ့သည်။ ကျောင်းပြီးတော့ ညီမလေးက အိမ်ထောင်ရက်သားကျကာ ချစ်စဖွယ်သမီးငယ်လေးတစ်ဦး၊ ကြင်နာတတ်သော ခင်ပွန်းသည်နှင့် မိသားစုဘ၀လေးတစ်ခု သာသာယာယာရှိနေသည်။ သို့တိုင်အောင် လင်မယားနှစ်ယောက်စလုံး အလုပ်လုပ်ကြသော အိမ်ထောင်အတွက် ကလေးထိန်း မဖြစ်မနေ လိုအပ်သောကြောင့် အိမ်အကူမိန်းကလေးတစ်ယောက် ခေါ်ထားရာက တစ်ယောက်နှင့် အဆင်မပြေ၊ နောက်တစ်ယောက် ထပ်ခေါ်နှင့် ငွေကုန် စိတ်မော။ အိမ်ကလည်း ငှားနေကြတာမို့ ခြောက်လ၊ တနှစ်တန်လျှင် နောက် အိမ်သစ်ရှာပြောင်း။ အဲဒီလို မောစရာလေးတွေတော့ နည်းနည်းပါးပါး ရှိနေသေးသည်။ သို့ပေမဲ့ ကျွန်မနှင့် နီးသော တစ်မြေတည်းမို့ သူ့အတွက် စိတ်ပူရတာက နည်းပါသည်။

သူ့အထက်က တစ်ယောက်ကတော့ အမေနှင့်အတူ အမေ့သည်းညည်းခံကာ အမေဝေယျာဝစ္စ ကိစ္စကြီးငယ်တို့ကို လုပ်ပေးနေရှာသော ကျွန်မညီမ အလတ်မ ဖြစ်သည်။ သူက အိမ်ရှေ့မှာ စတိုးဆိုင်လေး ဖွင့်ရင်း အေးအေးလူလူ အဆင်တပြေ။ ကလေးနှစ်ယောက်နှင့် အိမ်အလုပ်၊ ဆိုင်အလုပ်တွေနှင့်မို့ မောတော့ မောရှာမည်။ သူ အမေ့နားမှာ ရှိနေ၍သာ ကျွန်မ စိတ်ချလက်ချရှိရသည်။ အမေ့ကျန်းမာရေး၊ အဖွားကျန်းမာရေး၊ အိမ်ချက်ရေးပြုတ်ရေး၊ ဆိုင်ရောင်းရေးဝယ်တာ အစစအရာရာ သူပဲ သိမ်းကျုံးလုပ်နေရှာသော၊ ဘ၀မှာ ဘာမှ ကြီးကြီးမားမား မျှော်လင့်မထားဘဲ တောင်းဆိုချက်တွေ နည်းလွန်းလှသော ညီမမို့ ကျွန်မ အသနားပိုမိရသော ညီမလည်း ဖြစ်ပါသည်။

အဲဒီညီမအထက်က ကျွန်မမောင် အကြီးကောင်။ သူက ဥရောပနိုင်ငံတစ်ခုမှာ သူ့မိသားစုနှင့် သူ။ အကြီးကောင်က အဖေ့အဆော်ပလော် အဆုံးအမ ကောင်းကောင်းမှီလိုက်သူ။ အနေအေးပြီး ငယ်ငယ်ကတည်းက ပြန်မပြော နားမထောင်တတ်သူ။ သူ့မှာ သားကလေး နှစ်ယောက်ရှိသည်။ တစ်ရက် ကျွန်မတို့ မောင်နှမတွေ ဂျီတော့ကနေ စကားပြောကြရင်း ဗီဒီယိုချက်လုပ်ကြတော့ သူ့သားအကြီးကောင် ပြောနေသော အနောက်တိုင်းစကားတွေအတွက် ကျွန်မတို့မှာ ရယ်မောမဆုံး။ လူသေးသေး စကားကြီးကြီး ပြောနေတာမို့ပင်။ ကံကောင်းတာက သားအကြီးကောင် မှာ မြန်မာပြည်မှာမွေးပြီး ကိုရင်ဝတ်ဖူးပြီးခဲ့ကာ မြန်မာလို ကောင်းကောင်းတတ်တာမို့သာ စိတ်အေးရသည်။ ဟိုကျမှမွေးသော အငယ်ကောင်အတွက်သာ ကျွန်မ ပူရသည်။ ကျွန်မက တူ တူမလေးတွေ ကို မြန်မာစာ၊ မြန်မာ စကားတော့ ကောင်းကောင်းတတ်စေချင်သည်။ နီးစပ်ရာ ဘုန်းကြီးကျောင်းပို့ဖို့၊ အိမ်မှာ မြန်မာလိုပဲ ပြောကြဖို့ သတိပေးရသည်။ အရွယ်လေး နည်းနည်းရလာလျှင် မြန်မာပြည် ပြန်ပို့ပြီး ကျန်သော ၀မ်းကွဲကလေးများနှင့် တွေ့ဆုံစေချင်လှသည်။

နောက်တစ်ယောက်ကတော့ ကျွန်မနှင့် အထက်အောက် တစ်နှစ်သာ ခြားသော ညီမအကြီးမ ဖြစ်သည်။ သူက ငယ်ငယ်ရွယ်ရွယ်နှင့် မုဆိုးမ ဖြစ်ရရှာသူ။ သူ့အမျိုးသားဆုံးသွားပြီး သမီးတစ်ယောက်၊ သားတစ်ယောက်လက်ကိုဆွဲကာ ဘ၀ကို ရုန်းကန်နေသော ညီမ။ အစိမ်းရောင်ကဒ်ပြားရပြီး မိသားစုလိုက် အနောက်နိုင်ငံတစ်ခုမှာ သွားရောက်နေထိုင်သူ။ ထိုတူ တူမလေးများအတွက်လည်း ကျွန်မ ပူရသည်။ အတန်းကြီးမှ သွားရသောကြောင့် မြန်မာစာ၊ စကား တတ်ကြသော်လည်း ဘာသာမတူ၊ ယဉ်ကျေးမှုမတူ၍ စရိုက်ကွဲပြားသော ရွယ်တူကလေးများထံမှ အတုခိုးမှားမှာ ကျွန်မ အလွန်စိုးရိမ်မိပါသည်။ ပြီးတော့ ညီမရဲ့ ကျန်းမာရေး။ သူက သိတ်အကျန်းမာကြီးထဲကတော့ မဟုတ်ပါ။ သို့သော် ကျွန်မထက် စိတ်ဓါတ်ခိုင်မာသူပီပီ သူ့ကလေးနှစ်ယောက်အတွက် ဘာဖြစ်ဖြစ်ရင်ဆိုင်မယ်ဆိုသော စိတ်နှင့် သွားနေသူ။ သူ့ကလေးနှစ်ယောက်သာ သူ့အတွက် မောင်းနှင်အား ဖြစ်လေသည်။

နောက်ဆုံး ကျွန်မကိုယ်တိုင် အာရှနိုင်ငံငယ်လေးထဲမှာ။ ကိုယ့်တိုင်းကိုယ့်ပြည်နှင့် ဝေးလံစွာ။ သားသမီးမရှိသော ကျွန်မတို့နှစ်ယောက်အတွက် တစ်ယောက်ကသာ ကျန်တစ်ယောက်အတွက် အားအင်ဖြစ်လေသည်။ တခါတရံ ခင်ပွန်းဖြစ်သူ အလုပ်ရှိတဲ့ရက်တွေမှာ ကျွန်မတစ်ယောက် ထဲ နေ့လည်စာ စားဖြစ်တဲ့နေ့တွေဆို စိတ်တွေ အတော်လေး လေးလံနေလျှက်။ ထမင်းဟင်းပူပူကို အေးစက်ခြောက်သွေ့နေတဲ့ စိတ်တွေဦးဆောင်ပြီး စားနေရတဲ့အခါ အရသာဆိုတာကို ခံစားလို့ မရနိုင်တော့ပါ။ ဟိုးအရင် အဖေရှိစဉ်က ညနေစာတွေဆို မိသားစုစုံအောင် စောင့်ပြီးမှ စားတတ်တဲ့ အဖေ့ကို အပြင်းအထန် သတိရမိနေတတ်သည်။ အဖေသာရှိရင် သားသမီးတွေ ခုလို တကွဲစီဖြစ်နေတာ အဖေ ဘာများပြောမလဲ ကျွန်မ သိချင်မိသည်။

တကွဲတပြားစီဖြစ်နေသော မောင်နှမတစ်တွေအကြောင်းကို တွေးမိတိုင်း ကျွန်မ စိတ်မကောင်းပါ။ ဘယ်သူကမှ ခုလိုတကွဲတပြားစီနေကြဖို့ ဖိအားပေးနေတာမှ မဟုတ်ဘဲဆိုပေမဲ့ ကိုယ့်ဝမ်းနာ ကိုယ်သာသိပါသည်။ ကျွန်မတို့မိသားစုက သာမန် လူတန်းစားသာမို့ စားဝတ်နေအတွက် ပိုမိုအာမခံချက်ရှိသော နေရာတွင် နေရပါလိမ့်ဦးမည်။ တော်ရာမှာနေရင်း ဘယ်တော့ပြန်ကြမလဲဆိုတာကို ဆုံးဖြတ်နိုင်ကြဖို့ နားစွင့်ရသည်။ မြင်သာသော အပြောင်းအလဲတစ်ချို့ကို တွေ့နေရပြီ။ သည်အတွက် အားလုံးနည်းတူ ကျွန်မ ၀မ်းသာရသည်။ အားလုံး အဆင်တသင့်ရှိမှ ပြန်ဖို့ရာလည်း စိတ်က မလုံချင်။ ကိုယ့်တိုင်းကိုယ်ပြည်မှာပဲ ခေါင်းချမယ်ဆိုပြီး သေခါနီးမှပြန်ကာ ကိုယ့်မြေ အရိုးလေးတာပဲ အဖပ်တင်တာမျိုးလည်း မဖြစ်ချင်။ သို့သော် သင့်တော်သည့် အချိန်တော့ စောင့်ချင်သေးသည်။

မိတ်ဆွေတစ်ချို့ ပြန်ကုန်ကြပြီ။ တစ်ချို့လည်း ပြန်ဖို့ ပြင်နေကြပြီ။ တစ်ချို့လည်း ကျွန်မတို့လို အချိန်တစ်ခု သတ်မှတ်လျှက် ခဏကလေး အောင့်အည်းနေကြသေးသည်။ တစ်ချို့လည်း သားသမီးပညာရေးကြောင့် စိတ်တို့ကို လွှတ်မပေးနိုင်ကြသေး။ တစ်နေ့နေ့တော့ ကမ္ဘာ့အဆင့်မီကျောင်းများ ရှိလာသောအချိန် ကို ရောက်လာပါလိမ့်မည်။ 

အရွယ်မလွန်ခင်၊ သိတ်နောက်မကျခင်၊ စွမ်းနိုင်တုန်းမှာပင် ပြန်ချင်ပါသည်။ မိသားစုဝင်အားလုံး၊ မိတ်ဆွေ သူငယ်ချင်းများ အားလုံး၊ ချစ်သောသူများအားလုံးနှင့် အတူတူ ရွှေတိဂုံဘုရားကြီးကို တ၀ကြီး ဖူးချင်ပါသေးသည်။ သေချာတာကတော့ မိသားစုဝင်များ ထမင်းပူပူ ဟင်းပူပူကို လက်ဆုံအတူ စားကြ၊ မောင်နှမတွေ နောက်လိုက် ပြောင်လိုက်ကြ၊ ရန်ဖြစ်လိုက်ကြနှင့် အိမ်နှင့်တူသောနေရာသည် ဘယ်မှာမှ မရှိနိုင်ပါ။ အခါများစွာ အိမ်ကို လွမ်းသောစိတ်ဖြစ်တတ်လျှက်က ဒီကနေ့မှ ထူးထူးလည်လည် သတိရနေမိတော့သည်။