Tuesday, June 26, 2012

နေရာ၊ ဧည့်သည်များနှင့် ဧည့်ဝတ်

ဂါယာစတေရှင်ကို ကျွန်မ ရောက်ခဲ့တုန်းက ဘူတာရုံထဲ သိုင်းကွက်နင်းပြီး လမ်းလျှောက်ခဲ့ရတာကို ခုထိ မှတ်မှတ်ရရ ရှိနေသေးတယ်။ ဂါယာစတေရှင်ဆိုတာက Gaya Station (သူတို့က ဂယာလို့ အသံထွက်ပါတယ်) ကို ပြောတာပါ။  မြတ်စွာဘုရားပွင့်တော်မူရာ အိန္ဒိယနိုင်ငံ ဗီဟာပြည်နယ်ထဲမှာရှိတဲ့ ဗုဒ္ဓဂါယာမြို့ကလေးဆီ သွားခဲ့တုန်းကပါ။ ကျွန်မတို့က ကာလကတ္တားကနေ ဂယာကို ရထားစီးလာကြတာ ညကြီးမိုးချုပ်မှ ဂယာစတေရှင်ကို ရောက်ပါတယ်။ ၆နာရီ-ရနာရီကျော်ကျော် စီးရတယ်လို့ မှတ်မိပါတယ်။

ရောက်ရောက်ချင်းခံစားချက်က မြတ်စွာဘုရားပွင့်တော်မူရာကိုတော့ဖြင့် တစ်သက်နဲ့တစ်ကိုယ် ရောက် ခဲ့ရပြီရယ်လို့ ဖြစ်ရတဲ့ ပီတိပါ။ ဒုတိယတစ်ခုအနေနဲ့ ကျွန်မအာရုံကို ဖမ်းစားလိုက်တာကတော့ ဘူတာရုံစင်္ကြန် တစ်လျှောက် အိပ်နေကြတဲ့သူတွေပါ။ နည်းနည်းနောနောမဟုတ်ပါဘူး၊ တသီတတန်းကြီးရယ်။ ညရထားစောင့်စီးကြသူတွေ မဟုတ်ပါဘူး၊ ဒေသခံ (ဒါမှမဟုတ် တစ်ခြားပြည်နယ်က အလုပ်သမားတွေလည်း ပါနိုင်ပါတယ်) အိမ်ရာမဲ့သူတွေရယ်ပါ။ ပြောရရင် ဒုက္ခသည်တွေပဲလို့ ဆိုကြပါစို့။ တစ်ချို့လည်း စင်္ကြန်ပေါ် ဒီအတိုင်း၊ တစ်ချို့လည်း အ၀တ်ဟောင်းအမြင်းကလေး တစ်ခု အောက်မှာ ဖြန့်ခင်းလို့။ 

ဒါမျိုး ဒီလောက်များတာ ကျွန်မ တစ်ခါမှ မတွေ့ဖူးခဲ့တာမို့ အံ့သြရပါတယ်။ မိသားစုလိုက်ကို အိပ်နေကြတာမျိုးမို့ပါ။ တခါတလေ စင်္ကာပူမှာလည်း ကျွန်မ တွေ့မိပါတယ်။ တိုက်တွေအောက်က ခုံတန်းတွေပေါ်မှာ၊ လှေကားအောက်တည့်တည့်မှာ အိပ်နေတတ်ကြတဲ့ လူတစ်ယောက်တစ်လေကိုပါ။ ဒါပေမဲ့ ခုဟာက အများကြီးမှ အများကြီးရယ်။

၅၅၅၉၈ စတုရန်းမိုင်ကျယ်ဝန်းတဲ့ ဘင်္ဂလားဒေ့ရှ်မှာ လူဦးရေသန်းပေါင်း ၁၃၀ကျော်နေထိုင်ကြပြီး၊ ၂၆၁ ၂၂၇ စတုရန်းမိုင် ကျယ်ဝန်းတဲ့ ကျွန်မတို့ မြန်မာနိုင်ငံမှာ လူဦးရေ သန်းပေါင်း ၆၀ကျော်သာ နေထိုင်ပါတယ်ဆိုတာကို ယှဉ်ကြည့်လိုက်ရင် ဘင်္ဂလားဒေ့ရှ်ရဲ့ လူနေထူထပ်မှု အတိုင်းအဆကို ခန့်မှန်းနိုင်ကြမယ် ထင်ပါရဲ့။

လူရယ်လို့ ဖြစ်လာရင် စားဖို့ကမှ ဗိုက်မှောက်နေလို့ ရသေးတယ်။ နေဖို့ကတော့  မြေနေရာရယ်၊ အမိုးရယ် အကာရယ်လို့ ရှိမှ၊ အနည်းဆုံး သေရင်တောင် မြှုတ်နှံဖို့ မြေရှိရမယ် မဟုတ်လား။ အကန့်အသတ် ရှိတဲ့ မြေနေရာအတွက် အကန့်အသတ်မဲ့ တိုးပွားလာနေတဲ့ လူဦးရေတိုးပွားနှုန်းဟာ ခြိမ်းခြောက်မှု တစ်ခုပါပဲ။

ဒီတော့ ရေလည်း ပိုကြည်၊ မြက်လည်း ပိုနုမယ်လို့ ထင်မှတ်ရတဲ့ နေရာတွေမှာ အသက်မွေးဝမ်းကြောင်းအတွက် ပြောင်းရွှေ့အခြေချကြဖို့ ကြိုးစားကြတယ်။ ဒီလို နယ်မြေသစ်မှာ အခြေချဖို့ ကြိုးစားကြတဲ့ အကြောင်းရင်းက ဒီတစ်ခုထဲတော့ ဖြစ်မယ်မဟုတ်ဘူး။ ပညာရေးအတွက် သွားတဲ့သူတွေကလွဲလို့ ကျန်တာတွေကို အကြမ်းအားဖြင့် သုံးမျိုး ခွဲကြည့်လိုက်ပါတယ်။

၁) အိမ်နီးချင်းနိုင်ငံအတွင်း တရားမ၀င် ၀င်ရောက်နေထိုင် အလုပ်လုပ်ကိုင်သူများ
၂) တရားဝင် ရွှေ့ပြောင်း အလုပ်သမားများ
၃) နိုင်ငံရပ်ခြားမှာ ဘ၀တိုးတက်ရေးအတွက် ပညာနဲ့ အသက်မွေးဝမ်းကြောင်းကြသူများရယ်
လို့ တွေ့ကြရမှာပါ။

သုံးမျိုးစလုံး အားလုံးဟာ ဒုက္ခသည်တွေကြီးပါပဲ။ အပူဒီဂရီကိုလိုက်လို့ အကြီးနဲ့ အသေးပဲ ကွာပါလိမ့်မယ်။ တကယ်တော့ ကျွန်မတို့အားလုံးဟာ ကမ္ဘာမြေအတွက် ဧည့်သည်တွေပဲ မဟုတ်လားရှင်။ ဒါပေမဲ့ ကိုယ်ချင်းစာတရား၊ လူသားအချင်းချင်း စာနာမှု ဒီလိုပေတံတွေနဲ့ တိုင်းပြီး ရင်ဘတ်ကြီးနဲ့ ကြည့်တာထက်စာရင် တရားဥပဒေ၊ လူဝင်မှုကြီးကြပ်ရေး စည်းမျဉ်း စည်းကမ်း၊ ဒါတွေနဲ့ တွက်ချက်စဉ်းစားကြည့်တာက ရေရှည်အတွက် ပိုကောင်းပါလိမ့်မယ်။ အိမ်ရှင်တွေအတွက်ရော ဧည့်သည်တွေအတွက်ပါ သတ်သတ်မှတ်မှတ် အကျိုးခံစားခွင့်လေးတွေ၊ တိတိကျကျ အပြစ်ဒဏ်တွေ ချမှတ်ပြဋ္ဌာန်းနိုင်မှာ မို့လို့ပါပဲ။

အဆင်ပြေရာ နေရာလေးတစ်နေရာမှာ ခြေကုတ်မြဲဖို့ အတော်လေး ကြိုးစားရပ်တည် ကြရလိမ့်မယ်ဆိုတာ သေချာပါတယ်။ အဲဒီလို သူတစ်ပါးနိုင်ငံမှာ ရပ်တည်ကြရတဲ့အခါ ကျွန်မတို့မှာ Sense of Belonging ကိုယ့်မြေကိုယ့်ရေမဟုတ်ပါလားဆိုတဲ့ ခံစားမှုမျိုးလေး ခံစားမိတတ်ကြတာပေါ့။ ထစ်ကနဲရှိ ငါ့တော့ နိုင်ငံခြားသားမို့ ဆော်တာဆိုတဲ့ စိတ်မျိုး ရှိနေတတ်ကြပါရဲ့။ အပြောမခံရအောင်နေ ရင် ပြောစရာရှိလာမယ် မထင်ပါဘူး။ ကျွန်မအနေနဲ့ အလုပ်ခွင်မှာ နေရာရနေတဲ့ မြန်မာတွေ အများကြီး တွေ့ရပါတယ်။ တကယ်တော်ရင် တကယ်နေရာရပါတယ်။

ဒါပေမဲ့ ဧည့်သည်အနေနဲ့ အိမ်ရှင်တွေ ကိုယ့်အပေါ် အထင်အမြင်သေးစေမဲ့ အပြုအမူ အပြောအဆို မျိုးတွေ ရှောင်သင့်ကြပါတယ်။ လူတွေက အမြဲတစေ ၀ါးလုံးရှည်တစ်လုံးနဲ့ သိမ်းကျုံးရမ်းတတ်တာမို့ပါ။ အထူးသဖြင့် ကိုယ်နေနေရတဲ့ ပတ်ဝန်းကျင်က ကိုယ့်မြေ ကိုယ့်ရေ မဟုတ်တဲ့အတွက် ပိုသတိထားရပါမယ်။ ဆရာကြီး လုပ်တာမဟုတ်ပါ။ ကျွန်မခံစားရတဲ့ အတိုင်း ပြောခြင်းရယ်ပါ။

တစ်ရက်က ဖေ့စ်ဘုတ်ပေါ်မှာ မိတ်ဆွေတစ်ယောက် မျှဝေလာတဲ့ ပုံကို ကြည့်လိုက်ရ ပါတယ်။ မြန်မာများစုဝေးရာ ပန်နီစူလာ ပလာဇာရဲ့ အပေါ်ထပ်ကိုတက်တဲ့ စက်လှေကားထိပ်နားမှာ လူငယ်တွေ ၀ိုင်းဖွဲ့ အရက်သောက်နေကြတဲ့ ပုံပါ။ စီးတီးဟောလ် ရထားဘူတာကထွက်ပြီး ပန်နီစူလာ ပလာဇာကို အသွား လမ်းတစ်လျှောက်မှာကိုပဲ ဒီမြင်ကွင်းတွေ တွေ့ကြရလှပါပြီ။ ကွမ်းတံထွေးတွေ ပွနေအောင် ထွေး ထားတာမျိုးလည်း တွေ့မိပါရဲ့။ စိတ်မကောင်းမိတာကလွဲရင် ကျွန်မ ဘာများတတ်နိုင်မှာလဲ။ ကိုယ့်မောင် ကိုယ့်သားတွေလို ဂုတ်ကဆွဲပြီး မ လာလို့ ရရင် လည်း ကောင်းသားပေါ့ရှင်။

စိတ်ဖိအားကို ပြေလျော့စေဖို့ အလုပ်အားရက်တွေမှာ မြန်မာလူမျိုးတွေ အချင်းချင်း တွေ့ဆုံ စားသောက်ကြတာဟာ အင်မတန်ကောင်းပါတယ်။ အိမ်နဲ့ အလုပ်၊ အလုပ်နဲ့ အိမ် လွန်းထိုးနေရတဲ့ သံသရာထဲက၊ အလုပ်ခွင်ဖိအားတွေထဲက ခဏလောက်ဖြစ်ဖြစ် ထွက်ပေါက်ပေးရမှာပါပဲ။ ဒါကို ကျွန်မ သဘောကျပါတယ်။ ခက်တာက နေရာပါ။ မြို့လယ်ခေါင် ဒီလိုနေရာမျိုးမှာ မဖြစ်သင့်ဘူးလို့ ရိုးရိုးလေးပဲ တွေးမိပါတယ်။ သူတို့ အိမ်ရှင်နိုင်ငံဘက်က စဉ်းစားရင် ဒါမျိုးတွေ နှစ်သက်မယ် မထင်ပါဘူး။

တို့နိုင်ငံမဟုတ်ဘူး ညစ်ပတ်ပေပွနံစော်နေရင်လည်း နေပါစေဆိုတဲ့ စိတ်မျိုးလည်း မရှိသင့်သလို သူများနိုင်ငံမှာ ငါက ဧည့်သည်ပဲ၊ ဘာဖြစ်ဖြစ်သည်းခံမှ ဆိုတဲ့ စိတ်မျိုးထားစရာလည်း မလိုပါဘူး။ ဧည့်သည်တစ်ယောက်အနေနဲ့ မိမိနေထိုင်လုပ်ကိုင်နေတဲ့ (တရားဝင် အလုပ်လုပ်နေတဲ့) သူတစ်ယောက်အနေနဲ့ ကိုယ့်မှာလည်း လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ ပြောပိုင်ခွင့်တွေ အထိုက်အလျောက်တော့ ရှိကြပါတယ်။ စည်းကမ်းဥပဒေဘောင်ထဲက ဖြစ်ဖို့တော့ လိုပါတယ်။ ဧည့်သည်က ဧည့်သည်လိုမှ မနေရင်တော့ ကိုယ့်ကို လက်ခံထားတဲ့ နိုင်ငံရဲ့ တရားဥပဒေနဲ့ အညီ အဆုံးအဖြတ် ခံနိုင်ဖို့  ပြင်ဆင်ထားရပါမယ်။

အစကို ပြန်ကောက်ရရင် အဲဒီ ဂါယာစတေရှင်မှာ တွေ့ခဲ့ရတဲ့ သူတွေ...။ သူတို့ဟာ အဲဒီစင်္ကြန်ပေါ်မှာပဲ အိပ်ပြီး အဲဒီစင်္ကြန်တစ်လျှောက်မှာပဲ အညစ်အကြေးတွေ စွန့်ထားကြပါတယ်။ သူတို့ အိပ်နေတာတွေကို တက်နင်းမိမှာစိုးလို့ ရှောင်ရ၊ သူတို့ စွန့်ထားတဲ့ အညစ်အကြေးပုံကြီးတွေကို ရှောင်ရနဲ့ တကယ်ကို သိုင်းကွက်နင်းလျှောက်ခဲ့ရတာပါ။

လူတွေကပဲ အသိတရား နည်းပါးကြလို့လား။ ဥပဒေနဲ့ အညီ အရေးယူတာတွေပဲ မရှိလို့လား။ စားပွဲခုံအောက်က လက်ဘက်ရည်ဖိုးကြောင့်လား။ ဘာကြောင့်ရယ်တော့ ကျွန်မ အတိအကျ မသိပါ။
မိမိနေထိုင်ရာ ကျောတစ်ခင်းစာလေးပေါ်မှာ၊ မိမိအပေါ် ကျေးဇူးပြုနေသော နေရာထိုင်ခင်းလေးအပေါ်မှာ အညစ်အကြေးပြန်စွန့်တာကတော့ အတော်လေးကို ရုပ်ဆိုးလွန်းပါတယ်။

13 comments:

မြသွေးနီ said...

အစ်မချစ်ရေ...
တိုတိုနဲ့ ထိပါပေ့..။
ပေးထားတဲ့ နေရာထိုင်ခင်းလေးပေါ်ကိုမှ အညစ်ကြေး စွန့်တာကတော့ လွန်လှပြီပေါ့...။ ကိုယ်တိုင်လည်း မလုပ်ဘူး။ သူများလုပ်လာရင်လည်း သည်းခံနိုင်မှာမဟုတ်ဘူး အစ်မရေ..။

blackroze said...

မကြီးရေ ..အဲလိုဆိုတော့လည်း စိတ်ညစ်စရာကြီးပါနော်..

Mon Petit Avatar said...

I also feel the same like you Ma Ma CKA. Most people do judge the whole nation based on their personal experience and I strongly feel that no aliens should not do harm to the respective nations.

Nyi Linn Thit said...

စကားလုံး အကြီးကြီးတွေ မပါဘဲ ပြေပြေပြစ်ပြစ်နဲ့ နားခံသာတဲ့ ပို့စ်ပါပဲ အမ ချစ်ကြည်အေးရေ...၊ ပြောသွားတာတွေ အားလုံး သဘောတူတယ်၊ ကမ္ဘာ့ရွာ ကြီးထဲမှာ အားလုံးဟာ အုတ်ရောရော၊ ကျောက်ရောရော ဖြစ်နေရမယ်လို့ မဟုတ်ဘဲ အိမ်ရှင်၊ ဧည့်သည် အပြန်အလှန် လေးစား၊ နားလည်မှုနဲ့ လူ့သိက္ခာ ရှိရှိ နေသင့်တယ် မဟုတ်လား၊ သဘောကျ မိပါတယ်...။

သက်ဝေ said...

ဟိုကိစ္စကို ကိုယ်လည်း ပြောချင် (ရေးချင်) နေတာ.. အချစ်ရေးသလို လှလှပပ မရေးတတ်လို့...
တဲ့ (ဒဲ့) ရေးလိုက်ရင် ဒွတ်ခတွေ ရောက်သွားမစိုးလို့ မရေးရဲတာ... အဟိ

ကောင်း၏...

မိုးငွေ့........ said...

အပြောအဆိုအရေးအသားညက်ညော၏ ကောင်း၏....။ အဲဒါပဲ စာရေးသူဆိုတာ ...ကလောင်ထက်ရတယ်...။ ကြိုက်၏..။

thaingarra said...

ဧည့်သည်တွေ ...

Mary Grace said...

Hi looks so impressive and interesting blogs, come and visit us back too:
http://ads.com.mm/?cid=4fd9a687e4b0fa6db841e34f&utm_campaign=ads_mm_lb_blog_mgesc&utm_source=ads_lb_blog&utm_medium=lb_blog

Junemoe said...

စိတ်ညစ်စရာကြီးနော် အမ... သူသူကိုယ်ကိုယ် အပြန်အလှန် လေးစားကြရင် ဘယ်လောက်ကောင်းမလဲ...

ိခင်တဲ့

mstint said...

အရေးအသားတွေ ပြောင်မြောက်တယ် မချစ်ရေ။ တစ်ပုဒ်ဆိုလည်း တစ်ပုဒ်ပဲး)
အခုတစ်လော စာကောင်းပေကောင်းတွေ များများဖတ်နေရတာ ကျေနပ်မိတယ်။
ကွန်မန့်လေးတွေလည်းဖတ်ကောင်းတယ်။ ဗုဒ္ဓဂါယာ ဘုရားဖူးပြီးအပြန် နယူးဒေလီမှာ ဓာတ်တော်သွားဖူးစဉ်က မိုင်းရှောင်ခဲ့တာလေးတွေကို သတိရသွားတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

ထိုထိုအကြောင်းနဲ့ပတ်သတ်လို့ ပြောချင်တာတွေလည်းများတယ်အစ်မရေ
ဒါပေမယ့်ပြောတော့ဖူးး)
အစ်ကိုကြီးကိုပြောပေးပါ
လက်ဆောင်ကအခုအရမ်းကိုတန်ဖိုးရှိနေပါတယ်လို့လေ
အသွင်တူအမြင်မမှားရအောင် မောင်ဘကြိုင်တစ်ယောက်နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေးနေ့စဉ်ရိတ်သင်နေပါကြောင်း)း)း) ဟာသလေးပြောခဲ့တယ်း)း)

ချော(အစိမ်းရောင်လွင်ပြင်) said...

{မိမိနေထိုင်ရာ ကျောတစ်ခင်းစာလေးပေါ်မှာ၊ မိမိအပေါ် ကျေးဇူးပြုနေသော နေရာထိုင်ခင်းလေးအပေါ်မှာ အညစ်အကြေးပြန်စွန့်တာကတော့ အတော်လေးကို ရုပ်ဆိုးလွန်းပါတယ်။ }
တအားကြိုက်တယ် အစ်မရေ.
ဧည့်သည်ကလည်း ဧည့်သည်ပီသရင် အိမ်ရှင်တွေက မရိုင်းပါဘူး.. ခုတော့ ဧည့်သည်က အိမ်ရှင်ကို စော်ကားပြီး အညစ်အကြေးစွန့်တာမျိုးတော့ ဘယ်အိမ်ရှင်ကမှ ခွင့်လွတ်မှာ မဟုတ်ပါဘူး. အိမ်ရှင်မဟုတ်တဲ့သူတွေရဲ့ လူသားချင်း စာနာပါဆိုတဲ့စကားတွေဟာလည်း ကိုယ်ချင်းစာစိတ်ကို နိုးဆွရာမရောက်လဲ ဒေါသဖြစ်ရုံ ဆွပေးတာမျိုး ဖြစ်နေနိုင်ပါတယ်။ အိမ်ရှိတဲ့သူမှ အိမ်ရှင်ကို ကိုယ်ချင်းစာနိုင်မှာပါ။

လသာည said...

ဟုတ်တယ် မမချစ်ရယ်..။ တခါတလေ အဲလိုလေးတွေ မြင်ရတိုင်း ကိုယ်က မဆိုင်ပဲ အားနာတာလိုလို၊ တစ်ခုခု အပြစ်ရှိနေတာလိုလို အမြဲဖြစ်တယ်။

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်