Friday, June 22, 2012

အချစ်တဲ့လား

"အချစ်အကြောင်းပြောရအောင်"ဆိုပြီး ကျွန်မတို့ ဘလော့ဂ်ဂါတွေ တက်ဂ်ပိုစ့်လေး ရေးခဲ့ကြဖူးပါတယ်။ အဲဒီတုန်းက တက်ဂ်ပိုစ့်အနေနဲ့ ရေးခဲ့တာလေးကို ပြင်ဆင်ဖြည့်စွက်ပြီး ၀တ္ထုတိုဗားရှင်း အနေနဲ့ ပြန်လည်ရေးထားပါတယ်။ ဒါကြောင့် ဖတ်ပြီးသူများလည်း ပြန်ဖတ်ပါ။ မဖတ်ရသေးသူများလည်း ဖတ်သွားပါ။ အို...အချစ်အကြောင်း ပြောချင်သူများအားလုံး ဖတ်သာသွားကြပါလို့ တိုက်တွန်းလိုက် ရပါတယ်း) 



"အချစ်သည် ဆေးခါးကြီးတစ်ခွက်ဖြစ်သည်။"

မောင် ခုထိပြန်မရောက်သေး။ မောင့်အိမ်ဘက် မျက်လုံးကလေးမသိ မသာ စွေကြည့်ရင်း ကျွန်မတစ်ယောက်တည်း တွေးမိခြင်းရယ်။ မောင်နဲ့ ကျွန်မတို့အိမ်က ဓားလွယ်ခုတ်အနေမှာ ရှိကြတာမို့ တစ်နေ့ တစ်နေ့ မောင့် ခြေလှမ်းတွေကိုပဲ ကျွန်မ အမြဲစောင့်ကြည့်နေဖြစ် သည်။ မောင့်အိမ်ကို ဝင်ထွက်နေသော ကောင်မလေးများကို ကျွန်မ ခဏ ခဏတွေ့ဖူးသည်။ မောင့်မိဘတွေ အိမ်မှာမရှိချိန် မောင်တို့ သူငယ် ချင်း တွေစုပြီး အရက်သောက် တတ်ကြတာကို တွေ့ဖူးသည်။ ချိန်းပွဲများ လုပ်၍ ရန်ဖြစ် ရိုက်နှက်တတ် ကြကြောင်းလည်း ကြားဖူးပါသည်။ အားလုံးကပြောကြသလို လူဆိုးကလေး မောင်ဖြစ်နိုင်ပါသည်။ 

 မောင်တို့ အိမ်ရှေ့ အုတ်ခုံပေါ်မှာ မောင်ဆေးလိပ်သောက် နေတာကိုလည်း ခိုး ခိုးကြည့်ဖူးသည်။ ကျွန်မစာကြည့်နေချိန် ညညတွေမှာမှ ဂစ်တာတီးလေ့ ရှိသော မောင့်အပေါ် စာကြည့်နေတုန်း နှောင့်ယှက်ရန်ကောဟု တစ်ခါမျှပင် မတွေးခဲ့ဖူးပါ။ မောင်သီဆိုသမျှ သီချင်းစာသားများထဲမှာ စိမ့်နစ်ပျော် ဝင်လျက် ကျွန်မကိုပဲ ရည်ညွှန်း ဆိုလေသလား..ခပ်ရှက်ရှက်နှင့် ညွတ်နူး သာယာမိသူ ကျွန်မသာ…။

အဲသည်မောင်က တစ်နေ့မှာ ကျွန်မအတွက် စာလေးတစ်စောင် လူကြုံပါးလာခဲ့လေသည်။ ဖတ်နေရင်း က ကျွန်မမျက်ရည်ကျမိသည်။ ကျွန်မ၏ ပထမဦးဆုံး အချစ် သည် ကျွန်မ မိဘတွေ ဘယ်လိုနည်းနှင့်မှ သဘော ကျစရာ အကြောင်းမရှိသော လူငယ် ကလေး၊ မောင်ဟု တိတ်တိတ်ကလေး ကျွန်မနှုတ်ဖျားက ခဏခဏရွတ်ကြည့် ကြည်နူးဖူးသူ၊ လူပေလူတေ ကလေး ဟု အားလုံးက ဆိုသောသူ…တဲ့။ သို့သော် ကျွန်မ ငြင်းဆန် နိုင်စွမ်းမရှိခဲ့ပါ။ ထိုအချိန် ထိုအရွယ်သည် ငယ်နုသူ တို့၏ နှလုံးသား လန်းဆတ်ချိန် ဖြစ်ရာ ”မောင်နှင့် ချစ်ခွင့်” ကိုက ကျွန်မ၏ ဘဝတစ်ခုလုံး ဖြစ်ခဲ့သည်လေ။ 

 ကောင်မလေးများ အားလုံးကို အဆက်ဖြတ်ပြီး ကျွန်မ တစ်ယောက်တည်းကို အချစ်ဆုံး ဆိုသော မောင့်စကားအပေါ် ကျွန်မတိမ်းမူးသည်။ မျက်လုံးနက်နက်လေးတွေ၊ ဆံပင်ပျော့ပျော့ လေး တွေနှင့် မောင်ဟာ လူတွေ ပြောသလောက်လည်း မဆိုးလှပါ (ကျွန်မ ထင်ခဲ့တာပါ)။ သို့တိုင်အောင် ကျွန်မတို့ ချစ်နေကြတာကို သိသော ရပ်ကွက် ထဲက လူတချို့ကမူ မောင်လို လူဆိုးကလေးနှင့် ကျွန်မ မြဲမှာမဟုတ်ဟု လောင်းကြေး ထပ်ကြသည်တဲ့။ အဲသည် လောင်းကြေး ကပင် ခေါင်းမာ၍ တစ်ဇွတ်ထိုးနိုင်သူ ကျွန်မ ကို မောင့်အပေါ် ပိုမို ခိုင်မြဲစေခဲ့သလား၊ စောင့်ကြည့်လိုက်ကြပေါ့ဟု ပတ်ဝန်းကျင်ကို အချဉ်ပေါက် စိတ်ကပဲ ကျွန်မကို စုံလုံးကန်းစေခဲ့သလား ကျွန်မမ သိခဲ့ပါ။ သေချာတာကတော့ တစ်လောကလုံးနှင့် မောင် တစ်ယောက် တည်းဆို လျှင်တောင် မောင့်ဘက်က ရပ်တည်လျက် မောင်နှင့်ရှေ့ဆက် ချစ်ကြဖို့ကိုပဲ ကျွန်မ ရွေးချယ် ဇွတ်တိုးခဲ့လေသည်။

တစ်ည မောင်အိမ်ပြန်အလာ ညာဘက်လက်မောင်းမှာ သွေးစွန်းနေသော ရှပ်အင်္ကျီအဖြူကို ကျွန်မ နောက်ဘက်မှ မြင်လိုက်ရသည်။ မောင် ရန်ဖြစ်လာပြန်ပြီ။ ရင်ထဲမှာ ပူသွားလိုက်ပုံများ၊ အဲဒီညက ကျွန်မဘယ်လို မှ အိပ်မပျော်နိုင်ခဲ့။ မောင့် ဂစ်တာတီး သံလည်း မကြားရ။ ကျွန်မ၏ စိတ် နှလုံးသည်လည်း မောင့်လက်မှ ဒဏ် ရာနှင့်ထပ်တူ ပူပန်လွန်းစွာ နာကျင်ခဲ့ ရသည်ပင်။
နောက်ရက်တွေမှာ မောင်နဲ့တွေ့ တော့လည်း ထုံးစံအတိုင်း မောင့်ကို ဘာမှ ရေရေရာရာမေးလို့ မရပြန်ပါ။ မောင့်အပြောကတော့ ကျွန်မပေး ထားသော မောင့် လည်ပင်းက ရွှေဆွဲကြိုး မျှင်မျှင်လေး ရန်ဖြစ်ရင်း ကျပျောက် သွားခဲ့သည်တဲ့။ ကျွန်မ ယုံကြည်ခဲ့ပါသည်။ သို့သော် တစ်နေ့ မောင့်သူငယ်ချင်းနဲ့ လမ်းမှာအတွေ့၊ သူက အခိုင်အမာပြော လာသည်မှာ ကျပျောက် တာမဟုတ်၊ ဆွဲကြိုးကို မောင်ရောင်းစားပစ်လိုက် တာတဲ့။ ကျွန်မရင်ထဲ ရှုပ်ထွေးသွားခဲ့ရသည်။ ပထမဆုံး အကြိမ် မောင့် အပေါ် သံသယဖြစ်မိ သည်။ ကျွန်မအပေါ် မောင် တကယ်ပဲ ညာရက်ခဲ့ သလား၊ မောင့်မျက်နှာကို စေ့စေ့ကြည့်၍ မေးလိုက်ချင်လှသည်။ 

အတူရှိနေ ချိန်များတွင် မောင် ဆေးလိပ်သောက်တာကို ကျွန်မ လုံးဝ မနှစ်သက်ခဲ့ ပါ။ မောင့်နှုတ်ခမ်းက ဆေးပေါ့လိပ်ကို မပြောမဆိုနှင့် ဆွဲယူကာ လွှင့်ပစ်ခဲ့ဖူး သည်။ ထိုအခါ မြေကြီးပေါ်က ဆေးပေါ့လိပ်ကလေး တစ်လိပ်ကို မျက်နှာပျက်ပျက်နှင့် ပြန်ကောက်ယူပြီး သူ့ရှပ်အင်္ကျီ အိတ်ကပ်ထဲ ထည့် လိုက်သော မောင်နှင့်ကျွန်မ အကြီး အကျယ် စကားများခဲ့ရသည်။ အဲသည် ဆေးပေါ့လိပ်မှာ ဆေးခြောက် ထည့်ထားမှန်း ကျွန်မဘယ်လိုလုပ် သိနိုင်ပါ့မလဲ။ မောင်က ဆေးစွဲနေသူ ကောင်ကလေး တစ်ယောက်၊ ပြီးတော့ သူ့လက်မှာ ဆေးထိုးအပ်ရာ အပေါက် ငယ်လေးတွေ ကျွန်မတွေ့ ဖူးခဲ့တာကို ပြန်လည်ဆက်စပ် တွေးရင်း ရိပ်မိသိရှိ သွားခဲ့ရတာပင်။ ကျွန်မ ဘာဆက်လုပ်ရမလဲ၊ မဆုံးဖြတ်ရဲပါ။ ကျွန်မ မောင် နှင့် မခွဲနိုင်ပါလေ။

ကြားရသော သတင်းသာ အမှန်ဖြစ်လျှင် သည်သတင်းဆိုးကို ကျွန်မ ဘယ်လိုများ ရင်ဆိုင် လက်ခံရမည်လဲ မသိတော့ပါ။ မောင်ဟာ မောင့်အဘွား ကို ဖျော်ရည်ထဲ အိပ်ဆေးထည့်တိုက် ပြီး အိပ်ပျော်သွားမှ အဘွားနားကပ် ချွတ်ကာ ဖြုတ်ယူရောင်းစားသည်တဲ့။ ခုတော့ မောင်ကအချုပ်ထဲမှာ။ မောင့် မိဘတွေကိုယ်တိုင် ထိန်းမနိုင်လို့ အမှု ဖွင့်ပြီး အချုပ်ထဲ ထည့်ထား လိုက် သည် ကြား၏။ ကျွန်မ ငိုရပြန်ပါသည်။ မောင် ဆိုးလွန်းသည်ဆိုတာ ကျွန်မ မယုံလို့ မရတော့ပါ။ မောင့်အပေါ် ဘယ်လောက်ပဲ ချစ်သည်ဆိုစေ၊ အဲ သည်လို လူမိုက်ကလေး တစ်ယောက် နှင့် တစ်သက်လုံး လက်တွဲသွားဖို့ထိ ကျွန်မ မိုက်ရူးရဲမဆန်နိုင်ပါ။ 

အဲသည် နောက်မှာ မောင်နှင့်ကျွန်မ ပို၍ ပို၍ ဝေးသွားသလို ခံစားခဲ့ရသည်။ ဘယ်လိုမှ မဖြစ်နိုင်တော့ သည့် အဆုံး ကျွန်မ မောင့်ကို လက်တွဲဖြုတ် ထားရစ်ခဲ့ပါတော့သည်။ မောင်နှင့် တွေ့နေ ကျ ရက်တွေမှာ အချိန်ကျလာတိုင်း ယဉ်းထသလို တွေ့ချင်စိတ်တွေ ချင်ခြင်းတပ်လာသည်ကို ခက်ခဲစွာ မသိယောင်ဆောင်လျက် နေခဲ့ရသည် မှာ နှလုံးသားတစ်ခုလုံး ပန်းလျနာကျင်စွာ။ 

ပထမဦးဆုံးသော အချစ်သည် ကျွန်မအတွက်တော့ ဆေးခါးကြီးတစ် ခွက်ဖြစ်သည်။ ဆေးခါးကြီးကမှ အဝင် ဆိုးသော်လည်း ခန္ဓာကိုယ်ကို ကျန်းမာ စေသေးသည်။ မောင့် အချစ် ဆေးခါး ကမူ ကျွန်မကို ပို၍ ပို၍ နာမကျန်းဖြစ် စေခဲ့လေ သည်။ မောင်နှင့် အမြင်ချင်း နီးလျက် စိတ်ချင်းဝေးအောင် ကြိုးစားကာ အကြိမ်ကြိမ် ပိုင်းဖြတ်လျက်က အလူးလူးအလိမ့်လိမ့် ရူးသွပ် ခံစားခဲ့ရ သော အချိန်များပါပေ။

"အချစ်သည် ကျွန်မလက်ထဲက ယုန်ဖြူလေး တစ်ကောင်သာ ဖြစ်သည်။"

ကျွန်မ ထင်ထားသည်ထက် စောစီးစွာ မောင့်အပေါ် သံယောဇဉ် ဖြတ်နိုင် ခဲ့ရသည်မှာ ဖိုးသားကြောင့် လည်း ဖြစ်နိုင်ကောင်းပါသည်။ သူ့အိမ်က လူတွေ ခေါ်ကြသလို ဖိုးသားဟု ကျွန်မက လိုက်ခေါ်လျှင် သူ မကြိုက်ပါ။ သူ့ကို ‘မောင်’ ဟု ခေါ်စေချင်သော ထိုကောင်ကလေးသည် ကျွန်မ ထက် ၆ နှစ်တိတိ ငယ်ပါသည်။ ”မောင်ဆိုတာ တကယ်ချစ်မှ ခေါ်ရတာကွ” ဟု ကျွန်မက ခပ်ညစ်ညစ်ဆိုလျှင် မျက်နှာပျက်တတ်သူ။ သူ့မှာ အရုပ်စစ် ကား သေးသေး လေးမှစ၍ တင့်ကား၊ သံချပ်ကား အကြီးစားကြီးတွေ အထိ ပလတ်စတစ် လေးထောင့်ပုံးကြီးနှင့် နှစ်ပုံးအပြည့်ရှိသည်။ တွေ့ကြဖို့ချိန်း တိုင်းလည်း အမြဲ နောက်ကျတတ်သည်မှာ သူကွန်ပျူတာဂိမ်း ကစားနေ လို့ပဲ ဖြစ်လေသည်။ 

သူ့အပြစ် မဟုတ်ပါ။ အတိုင်းအဆမရှိ အလိုလိုက်ခြင်း ခံထားရသော အငယ် ဆုံးသားကလေး၊ တစ်အိမ်လုံးက ဝိုင်းတုန် ချစ် ကြသော ကလေးသာသာ ကောင်ကလေးကိုမှ ချစ်သူအဖြစ် ရွေးချယ် မိသူ ကျွန်မ၏ အပြစ်ရယ်သာ။

ကွန်ပျူတာနှင့် စာအုပ်အချို့တင် ရန် စားပွဲတစ်လုံး သူ့ကို အဝယ်ခိုင်းမိခဲ့ ဖူးသည်။ လွတ်နေသော ကျွန်မ၏ အခန်းထောင့် နေရာလေးနှင့် ကွက်တိ တိုင်း၍ မှာလိုက်ခြင်း ပင်။ သို့သော် သူဝယ်လာသည့် စားပွဲက နေရာ လွတ်မှာ ထည့်၍မဆံ့အောင် ကြီးနေခဲ့လေသည်။ ကျွန်မ ဆူတော့လည်း မျက်နှာသေ ကလေးနှင့် ကလေးလို လုပ်နေပြန် ပါသည်။ ဆိုင်မှာ အကျိုး သင့်အကြောင်း သင့်ရှင်းပြ၍ သွားပြန်လဲဖို့ ပြောသော အခါ အဲသည်လို သွားပြန်လဲရမှာ သူ ရှက်လှပါသည် ဆိုပြန်၏။ 

ကျွန်မအဖြစ်က အိမ်ထောင် မှမကျခင် သားတစ်ယောက် မွေးထားမိသလိုပါပေ။ ”မမကို လက်ထပ် မယ်၊ မောင့် မိဘတွေကို ပြောပြီးပြီ” လို့ သူပြောလာ တဲ့အခါ ကျွန်မမှာ အခက်တွေ့ရတော့ သည်။ မဖြစ်နိုင်ပါ။ အမျိုးသမီးများသည် ဘဝခရီး၌ မိမိကိုယ်တိုင် ရပ်တည်နိုင်သူ ဖြစ်စေကာမူ မိမိနှင့် တစ်သက်တာ လက်တွဲ သွားရမည့် အိမ်ထောင်ဘက်အပေါ် တလေးတစားနှင့် အားကိုးသမှု ပြု လိုကြသည် သာဖြစ် သည်။ ကျွန်မဘက်က အဆင် သင့်မဖြစ်သေးသလို ကိုယ့်ထက် ငယ်ရွယ်လွန်းသူမို့ အားမကိုးချင်တာ လည်း ပါသည်။ ဖိုးသားမှာ ကျွန်မ အထင် တကြီး အားမကိုးလောက်သော ကောင်ကလေး ဖြစ်နေခြင်း လည်း ပါပါလိမ့်မည်။

အမှန်ကတော့ အဲဒါတွေအားလုံးသည် သူ့အပေါ် တကယ်မချစ်ခဲ့လို့သာ ဆင်ခြေပေးခဲ့ခြင်း ဖြစ်နိုင်ကောင်း ပါသည်။ လှေမျောရင် လှေနဲ့လိုက်ဆို တာလို အချစ်မျော၍ အချစ်နဲ့လိုက်ခဲ့ သည်။ အချစ်ဦးမောင်နှင့်ပတ်သက်၍ လေလွင့်နေသော စိတ်တစ်ခုအတွက် ချည်တိုင်အဖြစ် သုံးခဲ့ခြင်းဖြစ်သည်ကို ကျွန်မ မညာလိုပါ။ မေ့ပစ်လိုက်ဖို့ ကျွန်မဆိုခဲ့တုန်းက ဖုန်းထဲမှာ ဖိုးသားငိုခဲ့သည်။ ကလေး တစ်ယောက်လို ရှိုက်ငိုနေသံကြားရချိန် မှာ သူမမြင်နိုင်သော တစ်ဖက်ကနေ အသံမထွက်ဘဲ ကျွန်မက ရယ်မောနေ မိခဲ့သည်။

"အချစ်သည် သိုးကလေး တစ်ကောင်ဖြစ်သည်။"

မိုးလို့ ကျွန်မခေါ်ခဲ့တဲ့ ကောင်ကလေး။ သူ့မှာ ဖြောင့်စင်းသောနှာတံ၊ မျက်လုံး ဝိုင်းဝိုင်းနက်နက်တွေနှင့် ထူထဲသော ဆံပင်စင်းစင်းနက်နက် အုံထူထူကြီးတွေ ရှိသည်။ ကျွန်မလို တာ ဘာမဆို ဖြည့်စွမ်းပေးတတ်သော ကဗျာလက်ရေးများနှင့် ကဗျာအသီ အဖွဲ့တော်သော ကျွန်မရဲ့မိုးသည် စိတ်ထား ဖြူစင်သူကလေး ဖြစ်လေ သည်။ စကားတစ်ခွန်းကို အသေအချာ စဉ်းစားပြီးမှ လေအေးအေးလေးနှင့် အလေးအနက်ဆိုတတ်သူ၊ ဆိုခဲစေ မြဲစေဆိုသည့်သူ ဖြစ်သည်။

မိုး၏ အားနည်းချက်မှာ ယောက်ျားကြီးဖြစ်လျက်နှင့် စိတ်ကောက် တတ်ခြင်းပင် ဖြစ်လေသည်။ အစမှာတော့ ကျွန်မကပဲ ပြန်လည် ချော့မော့လေ့ ရှိပေမယ့် ကြာတော့ လည်း ကောက်စမ်းဟာဟု လွှတ်ထား ကြည့်မိခဲ့ဖူး သည်။ သို့သော် ကျွန်မက မှ မိန်းမဖြစ်လျက် သူနှင့်စိတ်ပြိုင် မကောက်တတ် ခဲ့တော့ နောက်ဆုံး အလျှော့ပေးရသူက ကျွန်မသာ။

မိုး အကြီးအကျယ် စိတ်ကောက်သော တစ်နေ့ကို မှတ်မိပါသေးသည်။ အလုပ်ထဲမှာ ကိုယ်ရေးကိုယ်တာ ဖုန်း ပြောခွင့်မရှိသော ကျွန်မသည် ထိုနေ့ က မိတ်ဆွေ တစ်ယောက်၏ အရေး ကြီးသော ဖုန်းမက်ဆေ့ခ်ျကို အိမ်ဖုန်း ထဲမှာ ချန်ရစ်ဖို့ မှာထားခဲ့သည်။ အိမ်ပြန်ရောက်တော့ ဖုန်းမှာ မက်ဆေ့ခ်ျ အသစ်ထားခဲ့လို့ မရတော့အောင် မိုးထံမှ မက်ဆေ့ခ်ျများနှင့် ပြည့်လို့နေခဲ့ ပြီ။ ကျွန်မ စိတ်တိုသွားသည်မှာ ပြော စရာမရှိတော့။ မိုးဟာ ကျွန်မ၏ ဖုန်း ထဲမှ ”မင်္ဂလာပါ ကျွန်မချိုဦးခင်ပါ အရေးကြီးရင် မက်ဆေ့ခ်ျထားခဲ့နိုင် ပါတယ်၊ ကျွန်မ ပြန်ခေါ်ပါ့မယ်၊ ကျေးဇူးတင်ပါတယ်ရှင်” ဆိုတဲ့ အသံ ကို နားထောင်၊ ဘာမက်ဆေ့ခ်ျမှ မထားခဲ့ဘဲ ဖုန်းပြန်ချ၊ အဲသည်လို အခါများစွာ လုပ်ခဲ့တော့ နောက်လူ အတွက် ”မက်ဆေ့ခ်ျဘောက်စ် ပြည့် နေပါပြီ၊ ဝမ်းနည်းပါတယ်ရှင်” ဆိုတာပဲ ကြားရပြီး မက်ဆေ့ခ်ျ ချန်မရ ဖြစ်ခဲ့တော့တာ။

ကျွန်မကို လွမ်းလို့၊ ကျွန်မအသံ ကို ကြားချင်လို့ သူသည်လို လုပ်တာဟု ဖြေ ရှင်းချက်ပေးလေသည်။ ဒါကို ကြည်နူးရမည့်အစား ကျွန်မက နားမလည်၊ ဒီအခါ နှလုံးသားနှင့် မခံစားတတ်ဟု အပြင်းအထန် စွပ်စွဲပါတော့ သည်။ ကဗျာသမား၊ စာသမားမိုးက အဲသည်လို ခပ်ကြောင်ကြောင် စိတ်ကူး ယဉ်ဆန်သူလည်း ဖြစ်သေးသည်။

ကျွန်မနှင့် အတူသွားနေရာက သူ့စာပေ ဆွေးနွေးဖော်များတွေ့လျှင် ကျွန်မ ဘေးနားရှိသည်ကို လုံးလုံးမေ့ တတ်သူ၊ ”ပြန်ချင် ပြန်လေ” ဟု သံယောဇဉ်မဲ့စွာ ပြောတတ်သည်မှာ ချိုဦးခင် ဆိုသောမိန်းမကို သူဖြင့် ဘယ်တုန်းကမှ မချစ်ခဲ့သလိုလို။ လူချင်း မတွေ့ရချိန်တွေမှာ လွမ်းလှချည် ရဲ့ဆို ပြီး ကျွန်မဖုန်းထဲက အသံကလေး နားထောင်ရင်း အလွမ်းဖြေရ သည်မှာ သူပဲ မဟုတ်တော့သလိုလို။

တွေ့ကြတဲ့အခါ စကားတစ်လုံးမှ မဆိုဘဲ ကျွန်မနှင့် ခပ်လှမ်းလှမ်း ထိုင်ကာ ကျွန်မမျက်နှာကိုငေးရင်း ကဗျာစပ်ချင် စပ်နေတတ်သည်။ ပြန် ကြရအောင် ဆိုမှစပ်ထား သောကဗျာ ကို ကျွန်မလက်ထဲထည့်ကာ ကျွန်မ နဖူးကို ခပ်ဖွဖွဖိကပ် မွှေးကြူတတ်သူသာ။ သူစိတ်ကောက်လျှင်ဖြင့် ဘာစကား တစ်လုံးမှ မပြောတော့ဘဲ ခြေလှမ်း ကျဲကြီးများ နောက်လှည့်မကြည့် စတမ်းလှမ်းကာ ကျွန်မတစ်ယောက်တည်း လမ်းလယ်မှာ ထားခဲ့ရက်နိုင် သူလည်း ဖြစ်လေသည်။ ဤသည်မှာ သူ့ကဗျာတွေလိုပဲ ကျွန်မ ဘယ်တော့မှ နားမလည်နိုင်တော့မယ့် ကဗျာဆရာ ရဲ့ အချစ်တွေဖြစ်လေသည်။

အချစ်ရေး၌ စိတ်ကောက်လိုက်၊ ချော့လိုက်၊ ပြန်ချစ်လိုက်ကြနှင့် စိတ် လှုပ်ရှား ကြည်နူးဖွယ် ဖြစ်သော်လည်း လက်တွေ့ အိမ်ထောင်သည် ဘဝထဲ ရောက်သွားကြသည့် အခါမှာတော့ နားလည်မှုမရှိ ခြင်းသည် အက်ကြောင်းတွေ အခါခါထပ်လျက် ဘဝနှစ်ခု ကွဲပျက်စေဖို့သာ ဖန်လေ မည်လား။ နားလည်မှုဟူသည် အိမ်ထောင်ရေး၌ သာယာဖွယ်သော စောင်း ကြိုးကို မြည်ဟည်း ညင်းသွဲ့စေသည်ဟု ယုံကြည်ထားသော ကျွန်မအတွက် မိုးနှင့် ရှေ့ဆက်၍ ဖြစ်ပါ့မလားဆိုသည့် အတွေးတို့ ရင်၌ကိန်း ခဲ့ပြီ။ နောက် တစ်ခေါက် ခဲမှန်မည်ကို ကြောက်လန့် နေသော စာသူငယ် ကျွန်မသာ။

မိုးသည် ကျွန်မအပေါ် ခံစားမှုမရှိတော့သည့် တစ်နေ့နေ့မှာ ”ကိုယ်တို့ ခွဲကြရအောင်ကွာ” ဟု ဘာမှမဖြစ်ခဲ့ သလို အေးစက် စိမ်းကားရဲမည့် သူမျိုး ဟု တွေးမိတော့ ကျွန်မနှလုံးသားတို့ ဆတ်ဆတ်ခါခဲ့ရပြန်သည်။ အဲဒီ တစ်နေ့ကို ကျွန်မရင်ဆိုင်နိုင်ပါမည်လား။ ကျွန်မကပဲ ခြေထောက် မိုးပေါ် ထောင်သော တစ်တီတူးတစ်ကောင်လို ဘာကိုမှ စိတ်လက်မချ ဖြစ် တတ်သူလား။ မသေချာပါ။ သေချာတာကတော့ ကျွန်မ စိတ်တင်းမာပြတ် သားမှ ဖြစ်မည်။

အသည်းခွဲဖို့ မရည်ရွယ်ပါ။ သို့သော် အချစ်၌ အားနည်းစိတ်ပျော့ သူသာ အရှုံးဟုသတ်မှတ်လျက် စိတ် အင်အားချင်းပြိုင်ရာ၌ မွေ့လာခဲ့သည်။ သိုးကလေးလို နူးညံ့သော မိုးကိုတော့ သနားမိပါသည်။ သို့သော် ထိုအချိန် က ကျွန်မသည် အရှုံးကို ကြောက်သော၊ သားကောင်ကို ညှာတာရိုး ထုံးစံ မရှိ သော မုဆိုးတစ်ယောက်သာ ဖြစ်ခဲ့သည်။ ချစ်ခဲ့ဖူးသော ယောက်ျားများ နှင့် သုံးကြိမ်မြောက် ခွဲခွာရခြင်း၌ ကျွန်မ မတုန်လှုပ်တော့။ ကျွန်မ၏ လက်တို့ယဉ်ပါးခဲ့ပြီ ဖြစ်သည်။

"အချစ်သည် ကြိုးတစ်ချောင်းလည်း ဖြစ်သေးသည်။"

ထွဋ်နှင့်စတွေ့တာက ထွဋ်တို့အိမ်မှာ။ ကျွန်မတို့မိသားစု ကိုးကွယ်သော ဆရာတော် ရန်ကုန်ကြွလာခိုက်၊ ဆွမ်းကပ်ရန် အမေပင့်ခိုင်း၍ ဆရာတော် ကျောင်းအဖြစ် သီတင်းသုံးနေသော ထွဋ်တို့အိမ်ကို ရောက်ခဲ့ ရာက စပါသည်။ အိမ်နေရင်းမို့ ပေါ့ပေါ့ပါးပါး စွပ်ကျယ်လက်ပြတ်နှင့် ချည်ပုဆိုးလေး တစ်ထည်ဝတ်ထားသော သူက ကျွန်မကို ရေအေးအေး တစ်ခွက် အရင်ဆုံး တိုက်ခဲ့သည်။ သူ့ဆံပင်တွေကို ဘီးကုတ် တစ်ချောင်း နှင့် နောက်လှန်သိမ်းထားပြီး ညာဘက်နားမှာ ရွှေနားကွင်း ပြောင်ထူထူလေး ဝတ်ထားသော ထွဋ်သည် ခင်မင်နှစ်လိုဖွယ်၊ လူကြီးလေး တစ်ယောက်လို ရင်းနှီးနွေးထွေးစွာ ကျွန်မကို ဧည့်ခံခဲ့သည်။

ဆရာတော် အပြင်ကြွသွားတာမို့ ဖုန်းနံပါတ် ပေးထားခဲ့ပါ၊ ဆရာတော် ဖုန်းပြန်ဆက် ပါလိမ့်မယ် ဆိုလာပေမယ့် တကယ်တမ်း ကျွန်မဆီ ဖုန်း ခဏခဏခေါ်သူက ထွဋ်သာ ဖြစ်လေသည်။
ထွဋ်နှင့်ကျွန်မ ချစ်သူတွေ ဖြစ်သွားကြပြီးသည့်နောက် ထွဋ်၏ သဝန် တိုမှုများ၊ ကျွန်မအပေါ် ချုပ်ချယ်လိုမှုများ အကြား အတော်ကလေး စိတ်အကျဉ်းကျခဲ့ရပြန်သည်။

ထွဋ်နှင့် ဗိုလ်ချုပ်ဈေး သွားခဲ့ကြသော တစ်နေ့က ဖြစ်ပါသည်။ ထုံးစံအတိုင်း ထွဋ်ဒီဇိုင်းက ရော့ခ်ကာ တစ်ယောက်လို လန်းလွန်း သွက်လွန်း နေကာ ကျွန်မကတော့ ဝတ်နေကျ ရင်ဖုံးအင်္ကျီလက်ပြတ် ကျောက်စိမ်း ရောင်လေးနှင့် ပန်းဆီဖျော့ဖျော့ပေါ် တွင် ကျောက်ခက်နွယ်မျှင် စိမ်းကလေးများ ခပ်ရှုပ်ရှုပ်ရောယှက်ထားသော လုံချည် ဆင်ကလေး ဝတ်ထားခဲ့သည်။ ဈေးဝယ်လို့မှ မပြီးသေးခင် ကျွန်မ ညာဘက် လက်ကောက်ဝတ်ကို ခပ်တင်းတင်း ဆုပ်ကိုင်ကာ ကားထားရာဆီ တရွတ်တိုက်မတတ် ဆွဲခေါ်ခံခဲ့ရသည်။ ပြီးတော့ ကားတံခါးဖွင့်ပေးပြီး ကားပေါ်ကို အရုပ်တစ်ရုပ်လို မညှာမတာ ထိုးသိပ်ထည့်ခဲ့လေသည်။

အရှေ့နှင့်အနောက်လို ကွဲပြားလှသော ကျွန်မတို့နှစ်ယောက်၏ ဝတ်စား ဆင်ယင်ပုံသည် လူကြည့်ချင်စရာ၊ လူသတိပြုမိစရာ ဖြစ်နိုင်ကောင်းပါ သည်။ ဒါကိုပင် ထွဋ်က သဘောမကျ ဖြစ်ရလေသည်။ သူနှင့် အပြင်သွား တိုင်း ကျွန်မမှာ သူ့အရပ်မားမားကြီး ဘေးက မပြေးရုံတမည် သူ့နောက် အမီလိုက်ရသည်။ ကြာသော် စိတ်ပျက်စရာ ကောင်းလောက်အောင် သူ အလွန် သဝန်တိုတတ်သည်မှာ ချစ်ရှာ လွန်းလို့ပဲလေဟု ပင် ဖြေမတွေးနိုင်တော့ပါ။

နောက်ဆုံး ညှိမရသည့်ကိစ္စ တစ်ခုမှာ လက်ထပ်ပြီးလျှင် သူပဲရှာ ကျွေးမည်၊ ကျွန်မအလုပ် လုံးဝလုပ်စရာ မလိုဆိုတာပဲ ဖြစ်သည်။ နေစရာအိမ်တောင်မှ သူ့မိဘတွေ အိမ်နှင့် ကပ် လျက်မှာပဲ ရအောင်စီစဉ်မယ် ဆိုလာပြန်သည်။ ကျွန်မကို လှောင်အိမ်ထဲ ထည့်ကာ မျက်စိဒေါက်ထောက်ကြည့် လိုခြင်းကြောင့်ဟု ခံစားသိနှင့် သိလိုက် ရပါသည်။ မမြင်နိုင်သော်လည်း တင်း တင်းရစ်ဖွဲ့ထားသည့် ကြိုးများအကြား အသက်ရှူမဝခဲ့ပါ။ မွန်းကျပ်မှုကို မုန်းသည်၊ ညင်သာ လွန်းသော်လည်း ချည်နှောင်မှုကိုဖြင့် ကျွန်မ ဘယ်လိုမှ လက်မခံနိုင်ခဲ့ပါ။

ကျွန်မ၌ သင်ယူတတ်မြောက် ထားသော ပညာရှိသည်။ ကိုယ့်ခြေထောက် ပေါ် ကိုယ် မားမားရပ်နိုင်သည်။ ရပ်လိုစိတ်လည်း ရှိသည်။ ပြီးတော့ ကျွန်မမှာလည်း ဆွေရယ် မျိုး ရယ်ဆိုတာ ရှိသေးသည်။ သူနှင့် လက်ထပ်ပြီးလျှင်ပဲ ကျွန်မမှာ ဆွေခန်း မျိုးခန်းဖြတ်ကာ သူ့မျက်နှာ တစ်ရွာ ထင်ရမယ့် အဖြစ်။ ကိုယ်တိုင်ကျ တော့ နိုင်ငံတကာ မှာလှည့်၍ အလုပ် လုပ်နေသည့်သူ၊ ကျွန်မကိုကျတော့ အိမ်ထဲမှာပဲ အကျဉ်းချထား လိုသူ ဖြစ် သည်။ သူက ကျွန်မ၏ အတောင်ပံများကို သံခြေချင်း ဝတ်ထားစေလိုသူ၊ ကျွန်မ၏ လွတ်လပ်ခွင့်တို့ကို အချစ်ဟု အမည်တပ်ထားသော ကြိုးတစ်ချောင်းနှင့် လှလှပပတုပ်နှောင် လိုသူသာ ဖြစ်သည်။

မောပန်းလှပါသည်။ ‘ချောင်းကို ပစ်၍ မြစ်ကိုရှာ၊ ရေသာများ၍ ငါး မတွေ့’ ဆိုသည့် စကားပမာသည် ကျွန်မနှလုံးသားကို ဖျစ်ညှစ်ဆုပ်ခြေ နေသကဲ့သို့ပင်။ ထွဋ်ကို လမ်းခွဲထားရစ် ခဲ့ရပြန်ပါသည်။ ကျန်ရစ်ခဲ့သူမို့ ပိုနာကျင်ရသည် ဆိုသည်ကို ကျွန်မလက်မခံပါ။ စွန့်ခွာ သူတစ်ယောက်အနေနှင့် ခံစားခဲ့ရ သည်များကို ကျွန်မသာ အသိ ဆုံးဖြစ် ခဲ့သည်။ နောက်ပိုင်းကာလများ၌ အချစ်ဆိုသည်ကို လေသံကလေးမျှ မကြားချင်ခဲ့တော့ပါ။ စိတ်တို့သည် ပဝါပါးကို ရေနှစ်၍ တစ်နေရာတည်း မှာ ပုံချထားသလို ငြိမ်ဝပ်နေလျက် လူတွေနှင့် ဝေးသထက်ဝေးလာသလို ခံစားခဲ့ရသည်။

မေမေ ပြောဖူးသောစကားကို ပြန်လည် ကြားယောင်စဉ် မချိသော အပြုံးမဲ့မဲ့ တစ်ခု ကျွန်မမျက်နှာပေါ် ဖျတ်ခနဲပြေးလေ၏။ ”မိန်းကလေး တစ်ယောက်ရဲ့ တန်ဖိုးဟာ သူထားတဲ့ ရည်းစားအရေအတွက်နဲ့ ပြောင်းပြန် အချိုးကျတယ် သမီး” တဲ့။ ကျွန်မ ဟက်ခနဲတစ်ချက် ရယ်မိလေသလား ပင်မသိပါ။ ကျွန်မ၏ တန်ဖိုး၊ မိန်းကလေး တစ်ယောက်၏ တန်ဖိုး၊ ကျွန်မ မေ့မနေခဲ့တာ သေချာပါသည်။ သို့သော် မိန်းမသားများ၏ ရွေးချယ် ခွင့်နှင့် တန်ဖိုးအကြား မျှခြေရှာရန်မှာ ကျွန်မအတွက်တော့ ခဲယဉ်းနေသေး သည်။

မအောင်မြင်သော အချစ်ရေးများထဲမှာ မိန်းမ တစ်ယောက်၏ ယခုထိအောင် မကွဲနိုင်သေးသော နှလုံးသား သိပ်သည်းဆ ခံနိုင်ရည်အား အတွက် ကျွန်မ ဝမ်းပန်း တသာ ဖြစ် သင့်ပါရဲ့လား။ အသည်းကွဲ၍ ကျခြင်း မဟုတ်သော မျက်ရည်များက ကျွန်မ ပါးပြင်နှစ်ဖက်ပေါ်မှာ တလိမ့်လိမ့် ပူနွေးစွာ။ သို့သော် သေချာပါသည်။ ကျွန်မ မငိုပါ။ ကျွန်မ မငိုတတ်ပါ။ ဘဝ၏ အစိတ်အပိုင်း တစ်ခုမျှသာဖြစ်သော အချစ်အတွက် ကျွန်မ သတ္တိကြောင်သူ မဖြစ်လိုပါ။

ကျွန်မအတွက်တော့ …
အချစ်သည် ဆေးခါးကြီး တစ်ခွက်နှင့်တူသည်။ အချစ်သည် ကျွန်မ လက်ထဲ က ယုန်ဖြူကလေး တစ်ကောင်ဖြစ်သည်။ တစ်ခါတစ်ရံ၌ အချစ်သည် သိုးငယ်ကလေး တစ်ကောင် ဖြစ်သည်။ ပြီးတော့ အချစ်သည် ကြိုး တစ်ချောင်းလည်း ဖြစ်နိုင်သေးသည်။

မည်သို့ပင်ဆိုစေ အချစ်သည် အချစ်သာ ဖြစ်သည်။ အချစ်၌ ပင်ကို အရောင်ကင်းမဲ့၍ အချစ်နှင့် ထိတွေ့ ဆက်ဆံသူတို့၏ အရောင်ဆိုး ခြယ်လှယ်ခြင်းကိုသာ ခံယူရမြဲပင် ဖြစ် သည်။
ကျွန်မကဖြင့် အချစ်ကို အရောင် အမျိုးမျိုး စွန်းထင်းစေခဲ့ပြီ။


ဇွန်လ-၂၀၁၂- ရတီမဂ္ဂဇင်း 



13 comments:

Thandar Lwin said...

အညားကြီးဘဲ...း)

tin min htet said...

ယုန်ဖြူလေးကို ကြိုနှင့်ချည်၍ ဆေးခါးကြီး တိုက်လိုက်ပါ :)))

tin min htet said...

ယုန်ဖြူလေးကို ကြိုနှင့်ချည်၍ ဆေးခါးကြီး တိုက်လိုက်ပါ :)))

:P said...

ဒါဟာ အချစ်ဗိမ္မာန်လို့ ကိုယ်ထင်ပေမယ့်...
အချစ်တဲ့လား..သီချင်းအစ...
ကိုတမထက တော့ ဇွက် (ဇွတ်မဟုတ်) ဆေးတိုက်မယ်ကြံနေ.. ၂ ခါတောင် တိုက်တွန်းနေပါ့လားး.

Leo said...

(ချစ်ခဲ့ဖူးသော ယောက်ျားများ နှင့် သုံးကြိမ်မြောက် ခွဲခွာရခြင်း၌ ကျွန်မ မတုန်လှုပ်တော့။ ကျွန်မ၏ လက်တို့ယဉ်ပါးခဲ့ပြီ ဖြစ်သည်။)
ဟုတ်တယ်ဗျ။ ကြာလာတော့ ကိုယ့်အရှုံးကိုပဲ တွက်တတ်တော့တယ်။ စာရေးကောင်းတယ် အစ်မရေ။ အမြဲလာလည်ပါတယ်။

မေဇင် said...

အညားကြီးပဲ...(ကော်ပီ)

ဖတ်လို့ကောင်း၏း)

Junemoe said...

ဒီအပုဒ်လေးကို အရမ်းကြိုက်တယ် အမ
အချစ်အကြောင်းကို အမျိုးမျိုးလေး အပိုင်းလေးတွေခွဲရေးသွားတာ
တကယ့်ခံစားချက်အစစ်တွေ ပါမယ်လို့ ယုံကြည်လျက်... :)

ခင်မင်လေးစားလျက်
ဂျွန်မိုး

အတွေးကမ္ဘာ..မှတ်တမ်း said...

ပဉ္စမမြောက်လောက်ဆို အိုကေမှာ ဗျ ...း)) ချိုဦးခင် က သူရဲ့ ၅ ယောက်မြောက်အကြောင်းကို ဆက်ပြောသင့်တယ်..း))

မိစံ said...

သြော်..
အချစ်တဲ့လား..
သူ့အကြောင်းမစဉ်းစားမိတာတောင်အတော်ကြာပြီကော... :)))
ချမ်းမြေ့ပျော်ရွှင်ပါစေအမတော်..:D

ချစ်ခင်လေးစားလျှက်..

mstint said...

စိတ်မရွှင်စရာ ဇာတ်ဝင်ခန်းလေးတွေ ဖတ်လို့ကောင်းတယ် မချစ်ရေ။
လက်တွေ့ဘဝမှာတော့ ဇာတ်လမ်းနဲ့ဆန့်ကျင်ပြီး မချစ်အပေါ် စစ်မှန်တဲ့ မေတ္တာနဲ့ ချစ်နေတဲ့ ကိုကြီးရှိနေတာမို့ ဝမ်းသာကြည်နူးမိပါရဲ့။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မြသွေးနီ said...

အချစ်ရဲ့ ကွဲပြားတဲ့ ဒဿနတွေ....
ဆေးရောင်စုံအချစ်လို့ပဲ တင်စားရလေမလား....
Magazineစာမျက်နှာတွေပေါ်မှာ တွေ့လာရတာ ၀မ်းသာတယ်အစ်မချစ်ရေ...

angle said...

ကူးသွားပြီအမ

yarhumay said...

မအောင်မြင်သော အချစ်ရေးများထဲမှာ မိန်းမ တစ်ယောက်၏ ယခုထိအောင် မကွဲနိုင်သေးသော နှလုံးသား သိပ်သည်းဆ ခံနိုင်ရည်အား အတွက် ကျွန်မ ဝမ်းပန်း တသာ ဖြစ် သင့်ပါရဲ့လား။

ခံစားသွားပါတယ် ..............

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်