Wednesday, June 6, 2012

အလှဆုံးပန်းတစ်ပွင့်ရဲ့ ကောင်းကင်

(၁)
သူမမှာ အကျည်းတန်လွန်းတဲ့ လက်ချောင်းတွေ ရှိတယ်။  မဆိုးပါဘူးလို့ အားနာပါးနာလေးတောင် ပြောရလောက်အောင် မလှတဲ့ လက်ချောင်းတွေလေ။ သူမအမေက သမီးဟာ ငယ်ငယ်လေးတုန်းက လက်ကလေးတွေ သိတ်လှတာ၊ ကန်တော့ချွန်လက်ကလေးတွေ၊ အနုပညာလက်ကလေးတွေ လို့ ပြောတဲ့အခါတိုင်း မျက်နှာကလေးပြုံးရင်း သဘောတကျ နားထောင်နေတတ်တယ်။ အဲဒီခဏမှာတော့ အမေ့လက်ထဲက သူမလက်ချောင်းကလေးတွေဟာ  ရှည်သွယ်ကော့ညွတ်လို့ တခမ်းတနား လှနေခဲ့ဖူးတာ။ သူမ သိတာပေါ့၊ အမေက မညာတတ်ဘူးလေ။

ငယ်ငယ်ကတော့...

အဲဒီလက်တွေနဲ့ပဲ ဖိုးလမင်းကြီးဆီက ထမင်းဆီဆမ်းရွှေလင်ပန်းကို တောင်းခဲ့....
အဲဒီလက်တွေနဲ့ပဲ ၀လုံးရွဲ့ရွဲ့စောင်းစောင်းလေးတွေ စရေးခဲ့...
အဲဒီလက်တွေနဲ့ပဲ အမေပေးတဲ့ မုန့်ဘိုး ယူခဲ့...
အဲဒီလက်တွေနဲ့ပဲ သူငယ်ချင်းတွေနဲ့ မုန့်ဝေမျှစားခဲ့...
အဲဒီလက်တွေနဲ့ပဲ ဖေကြီးကို မိုးလောက်ကြီးချစ်တယ်လို့ ၀ိုင်းပြခဲ့....
အဲဒီလက်တွေနဲ့ပဲ အမေ့ကို အိမ်အလုပ်တွေ လုပ်ကူခဲ့...
အဲဒီလက်တွေနဲ့ပဲ မြေကြီးပေါ်မှာ အရုပ်တွေ ရေးခြစ်ခဲ့...
အဲဒီလက်တွေနဲ့ပဲ...
အဲဒီလက်တွေနဲ့ပဲ....

အခါများစွာမှာ သူမ ပျော်နေခဲ့တာပဲ.....။

အရွယ်လေးရလာတဲ့အခါ အမေ့စကား နားမထောင်ဘဲ လက်ဆစ်တွေချိုးခဲ့တော့ သူမလက်တွေဟာ မလှမပနဲ့ အကြည့်ရဆိုးလာတယ်။

ဘာပဲဖြစ်ဖြစ်ပေါ့...

အဲဒီလက်တွေနဲ့ပဲ ချစ်သူရဲ့ လက်ဖျံပေါ်က မှဲ့နီကလေးကို တို့ကြည့်ခဲ့...
အဲဒီလက်တွေနဲ့ပဲ ဘ၀စာမေးပွဲတွေ အကြိမ်ကြိမ် ဖြေဆိုခဲ့...
အဲဒီလက်တွေနဲ့ပဲ စားဝတ်နေအတွက် အလုပ်တွေ လုပ်နေခဲ့....
အဲဒီလက်တွေနဲ့ပဲ (ခံစားမှုတွေ ဖုံးဖိမြိုသိပ်မရနိုင်တိုင်း) စာရွက်တွေပေါ် ဖွင့်ချရေးခဲ့...
အဲဒီလက်တွေနဲ့ပဲ ချစ်သူရဲ့ ပါးကလေးကို ထိ ထိကြည့်နေခဲ့....
အဲဒီလက်တွေနဲ့ပဲ  ချစ်သူအတွက် အပြာရောင်ကြယ်ကလေးတွေကို  ခူးဆွတ်ပေးခဲ့...
အဲဒီလက်တွေနဲ့ပဲ စိတ်ဓါတ်ကျလို့ ငိုမိတဲ့အခါ မျက်ရည်တွေ သုတ်ခဲ့...
အဲဒီလက်တွေနဲ့ပဲ သူမ သိတ်မကျွမ်းဝင်လှတဲ့ စာရွက်တွေပေါ် လက်မှတ်တွေ အခါခါ ထိုးခဲ့...
အဲဒီလက်တွေနဲ့ပဲ ဘုရားရှင်အတွက် ပန်းကောက်သီဖွဲ့ ပူဇော်ခဲ့...
အဲဒီလက်တွေနဲ့ပဲ ချစ်သူနဲ့ စစ်အေးတိုက်ပွဲတွေ စီးချင်းထိုးခဲ့...
အဲဒီလက်တွေနဲ့ပဲ ပန်းချီကားတွေအပေါ် ဆေးရောင်တွေ ကြဲပက်ခဲ့....
အဲဒီလက်တွေနဲ့ပဲ စေ့ပိတ်ထားတဲ့ တံခါးတွေကို ခေါက်ခဲ့....
အဲဒီလက်တွေနဲ့ပဲ သူစိမ်းတွေကို လက်ညှိးထိုးခဲ့...
အဲဒီလက်တွေနဲ့ပဲ...
အဲဒီလက်တွေနဲ့ပဲ....

ဘယ်တုန်းကမှ အဲဒီလက်တွေအတွက် စိတ်အနှောက်အယှက်တစုံတရာမှ မခံစားခဲ့ရဖူးဘူး။ သူမက ချစ်သူအနားမှာ ရှိနေရင် စိတ်၏ချမ်းသာခြင်းတွေနဲ့ ထုံမွမ်းနေတတ်တာ။ တစ်နေ့မှာ ချစ်သူက လက်စွပ်လေးတစ်ကွင်း၊ သူမကို ပေးဖို့ တဲ့။ သူမ  ပျော်ရွှင်စွာနဲ့ လက်ကလေးကို ချစ်သူရှေ့ ဆန့်ထုတ်ပေးလိုက်တော့တာပေါ့။  အဲဒီမှာ သူမလက်တွေအပေါ် ချစ်သူရဲ့အကြည့်တစ်ချက် တွေကနဲအရောက်...။ လက်တွေကို နောက်ပြန်ဆုတ်ယူဖို့ ကြိုးစားခဲ့သေးရဲ့။  ဒါပေမဲ့ လွန်သွားခဲ့ပြီ။ သူမတစ်ကိုယ်လုံး စကြာဝဠာအပြင်ဘက်ရောက်သွားသလို...၊ သေးငယ်သွားလိုက်တာ...။ သူမမျက်နှာတစ်ခုလုံး ပူနွေးရှက်ရွံစိတ်တွေနဲ့။ အဲဒီ့နေ့ကျမှပဲ သူမလက်တွေက ပို ကြည့်ရဆိုးနေလိုက်တာများ...။

သူမရဲ့ လက်တွေကို ချစ်သူ စိတ်များပျက်သွားပြီးလားရယ်လို့ (စိတ်ထဲက ထင်နေလို့လည်း ဖြစ်မယ်) တွေးမိတာနဲ့တင် ၀မ်းနည်းသွားလိုက်တာ။ ပထမဆုံးအကြိမ် သူမလက်တွေကို သူမကိုယ်တိုင် မုန်းတီးမိပြီ။ သူမလက်တွေဟာ သူမကို အရက်စက်ဆုံး အရှက်ခွဲလိုက်ကြတာရယ်။ ချစ်သူကဖြင့် လက်စွပ်လေး ၀တ်ပေးပြီးကတည်းက သူမဆီ အလာကျဲသွားလိုက်တာ။ အလုပ်တွေများလို့ နေမှာပါလို့ သူမစိတ်ကို သက်သာအောင် သူမဖြေတွေးနေမိတယ်။ ဆွဲလက်စ ပန်းချီကားကို စုတ်တံအပြားကြီးကြီးနဲ့ ကြက်ခြေခတ်တတ်ခဲ့တာလည်း ဒီလက်တွေနဲ့ပဲ။ တဖြည်းဖြည်းနဲ့ သူမရဲ့လက်တွေဟာ အရောင်ပြောင်းလဲခဲ့၊ မျက်ရည်တွေနဲ့ ကျွမ်းဝင်လာခဲ့တော့တယ်။ ဘယ်သူ သိနိုင်မှာလဲ...။ မျက်ရည်တွေ အိုင်ခဲ့ရတဲ့ သူမရဲ့ လက်ဖမိုးကလေးတွေအကြောင်းကို...။

ဝမ်းနည်းအားငယ်စိတ်တွေနဲ့ သူမဟာ သူမရဲ့လက်ချောင်းတွေကို ၀ှက်ထားတတ်ခဲ့ပြီ။ ချစ်သူက သူမမျက်နှာကို ငေးကြည့်လိုက်တဲ့အခါတိုင်း ချစ်သူမျက်လုံးထဲမှာ တကယ်တွေ့နေတာက သူမရဲ့ အကျည့်တန်တဲ့ လက်တွေကို မဟုတ်လားလို့ တဖွဖွ မေးပစ်လိုက်ချင်လာတယ်။ လက်ချောင်းလေးတွေ သိတ်လှတဲ့ ကောင်မလေးတွေကို သူမစိတ်ထဲက ရန်လိုတတ်လာတယ်။ မကောင်းမှန်းသိနေလည်း သူမစိတ်မှာ အနာရွတ်တစ်ခုလို ဒဏ်ရာစွဲခဲ့ပြီ။

(၂)
ဝေးဝေးမှာပဲ နေချင်တဲ့ စိတ်တွေနဲ့ မြို့ကြီးကို ခဏ ကျောခိုင်းခဲ့တယ်။ မရောက်ဖူးသေးတဲ့ နေရာတွေ သူမ သွားတယ်။ သဘာဝဘေးကြောင့် ပျက်စီးသွားတဲ့ ရွာတွေဆီ သူမ သွားတယ်။ ကလေးငယ်တွေ...။ မိဘတွေ မရှိရှာတော့ဘဲ ကိုယ့်ဝမ်းကိုယ်ကျောင်းနေရတဲ့ ကလေးတွေ။ အနာဂတ်ဆိုတာ သူတို့အတွက် မှုန်ဝါးနေတဲ့ ခေတ်ဟောင်းရုပ်ရှင်တစ်ကားလို။ ဒါပေမဲ့ သူတို့လေးတွေ စိတ်မပျက်ကြဘူး။ အားမငယ်ကြဘူး။ တစ်နေ့စာ တစ်နေ့ ရှာဖွေ စားနေကြတာပဲ။ အချိန်ရှိတိုင်း အဲဒီကလေးတွေဆီ သူမ သွားတယ်။ သူမ လုပ်ပေးနိုင်တာလေးတွေ လုပ်ပေးရင်းနဲ့ပေါ့။ သင်္ကန်းစီးချင်တဲ့ ကလေးတွေ၊ ကျောင်းဆက်တက်ချင်တဲ့ ကလေးတွေ...သူမ တတ်နိုင်တာတွေ အကုန် လုပ်ပေးတယ်။

ကလေးတွေကို သူမလက်ထဲ ပွေ့ထားရတဲ့ အချိန်တွေမှာ ဘာနဲ့မှ လဲမရနိုင်တဲ့ ခံစားမှုမျိုး၊ ပြောမပြနိုင်တဲ့ ခံစားမှုမျိုး သူမ ခံစားရတယ်။ သူမ စိတ်တွေ ပြေစပြုလာတယ်။ သူမရဲ့ လက်တွေ...။  နွေးထွေးမှု လိုအပ်နေသူတွေအတွက် သူမလက်တွေက ကမ်းလင့်ဖို့ အသင့်ရှိနေတဲ့ လက်တွေဆိုတာ သူမ သေချာတယ်၊ ယုံကြည်မှုလည်း အပြည့်ရှိတယ်။  ဒီလက်တွေနဲ့ သူမ အလုပ်တွေ၊ အများအတွက် အလုပ်တွေ အများကြီး လုပ်နိုင်နေဦးမယ်။ အဲဒီအချိန်တွေမှာ သူမလက်တွေကို သူမ အံ့သြတကြီး ကြည့်မိတယ်။ ဘယ်မှာ အရုပ်ဆိုးလို့လဲ...။

(၃)
ဟိုး ဝေးဝေးမှာ ကလေးတွေ... သူမဆီ လာနေကြပြီ။ ကလေးတွေနဲ့ အတူ လူတစ်ယောက်။ အဲဒီပုံရိပ်ကို သူမ သိတ်ရင်းနှီးနေခဲ့တာပေါ့။ သူမ ရင်တွေ လွှတ်ခုန်လာတော့တယ်...။ အဲဒီလူ...။ မျက်နှာမှာ အပြုံးတွေနဲ့...လူ။ 

သူမလက်ချောင်းလေးတွေကို ဆွဲယူပြီး သူ့နှုတ်ခမ်းပေါ် ဖိကပ်လိုက်တဲ့အခါ....။

ရှက်ပြုံးလေးတစ်ပွင့် သူမမျက်နှာပေါ် ယီးလေးခိုလို့....။  ကောင်းကင်ပြာကြီးအောက်မှာ ချစ်သူနဲ့ သူမ...လက်ချင်းယှက်လို့ရယ်...။
 
 
မှတ်ချက်။ ။ ကျွန်မရဲ့လက်ချောင်းတွေလည်း သူမလိုပဲ မလှပပေမဲ့၊ စာထဲက သူမဟာ ကျွန်မ မဟုတ်ကြောင်း၊ သူမနဲ့ ကျွန်မ လုံးဝ ပတ်သက်မှု မရှိပါကြောင်း မိတ်ဆွေများအား သိစေလိုပါသည်။


9 comments:

Thandar Lwin said...

ဒီပို့စ်လေး ကို အရမ်းကြိုက်တယ် အမချစ် ...း)
ကျမ လက်ချောင်းတွေ ကလဲ သိပ်ရုပ်ဆိုးတာ .....

မေဇင် said...

အမေ လဲ သူ့ ရှေ့မှာ နောင့် လက်ချိုးတောင်း ဟန့်တယ်။
ဒါမယ့် အဲ့အကျင့်ကလဲ ဖျောက်ဖို့ခက်သား...

မြသွေးနီ said...

ယုံဂျင်ပါတယ်... အစ်မချစ်... စာထဲက သူမက တို့ အစ်မချစ် မဟုတ်ကြောင်းကို... :D
လက်ချောင်းတွေ မလပှသူမို့ သူမနေရာမှာ ကိုယ်တိုင် ခံစား ဖတ်သွားပါတယ်။ ဒီပို့စ်လေးက လက်မလှသူ သူမလေးတိုင်းနဲ့ တွယ်ငြိနိုင်မယ်ထင်တယ်။

PhyoPhyo said...

မချစ်ကြည် .. .ကြိုက် တယ်။ ကြိုက်တယ်။ ဒီစာလေးကို။ Bravo!
ဟိုတုန်းကတော့ လက်သည်းနီအရောင်အမျိုးမျိုးဆိုးဖြစ်တာ။ ခုတော့ လက်သည်းအလှပြင်ဖို့ အချိန်ကိုမရပါဘူး။ :D မလှလည်း တန်ဘိုးထားတတ်သွားပါပြီ။

Nyi Linn Thit said...

ချစ်စရာ ကောင်းလိုက်တဲ့ ပို့စ်ကလေး...၊

ဟုတ်တာပေါ့၊ လှရုံသက်သက် လှတဲ့ လက်ကလေးတွေထက် ပုခက်လွှဲတဲ့ အရုပ်ဆိုးဆိုး လက်တွေ၊ ဖျားနာသူတွေကို သက်သာစေတဲ့ အရုပ်ဆိုးဆိုးလက်တွေ၊ ဝမ်းနည်း၊ နာကျင်နေသူတွေကို ထွေးပွေ့နှစ်သိမ့်တဲ့ အရုပ်ဆိုးဆိုး လက်တွေက အပြန်တစ်ရာမက ပိုလှတာ အသေအချာပါပဲ အမ ချစ်ကြည်အေးရေ..။

ပျိုးယုဝသုန် said...

ကောင်းလိုက်တာ အစ်မရေ.. လက်ချိုးတာက အရတော့ဘူး.. မချိုးရရင် ကိုက်တယ်.. ဒီတော့ မလှလည်း နေပါစေတော့ ဆိုပြီး ချိုးမိနေခဲ့တယ်

မိုးငွေ့........ said...

very good... ဟုတ်တယ်အမ ပို့စ်တစ်ခုရေးပြီးတိုင်း မှတ်ချက်ထည့်ပေးရမလိုဖြစ်နေတယ် နို့မို့ဆို ကိုယ်နဲ့မှားလွန်းလို့...။

san htun said...

မလှပေမယ့် အဲဒီလက်ကလေးတွေကပဲ ...

Shwe Yote said...

စိတ်လှဖို့သာ အဓိကပါ

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်