Monday, May 28, 2012

ငယ်ငယ်တုန်းက သူငယ်ချင်း


ငယ်ငယ်တုန်းက ကျွန်မမှာ သူငယ်ချင်း နှစ်ယောက် ရှိခဲ့တယ်။ နှစ်ယောက်လုံးက ယောက်ျားလေး သူငယ်ချင်းတွေပါ။ တက်ရတဲ့ ကျောင်းတွေက တစ်ယောက်က ဒဂုံ ၁၊ နောက်တစ်ယောက်က လသာ ၁ နဲ့ ကျွန်မက ဒဂုံ ၂မှာ။ အဲသလို တက်နေတဲ့ ကျောင်းကြီးတွေ မတူကြပေမဲ့ တစ်လမ်းထဲနေကြတဲ့ ရွယ်တူချင်းတွေ၊ ကျူရှင်အတူတူသွားဖော်တွေမို့ ကျွန်မတို့ တွဲမိကြတယ်။  

ကျွန်မက ညနေ ကျူရှင်သွားရင် အိမ်ကနေအရင်ဆုံးထွက်တဲ့သူ၊ ကျွန်မကိုမြင်မှ နိုင်နိုင်က သူ့အိမ်ကနေ ထွက်လိုက်လာပြီး ကျွန်မတို့နှစ်ယောက် တိုးတိုးတို့အိမ်ရှေ့ကို ဖြတ်တဲ့အခါကျမှ တိုးတိုးက အိမ်ထဲကနေ လွယ်အိတ်စလွယ် သိုင်းပြီး နောက်ကနေ လိုက်လာတာ။ ဒီလိုပုံစံနဲ့ပဲ မပြောင်းမလဲ ကျူရှင်ကို အတူတူ လမ်းလျှောက်သွားခဲ့ကြတာ။ တစ်ယောက် တစ်ယောက် ခေါ်နေစရာ၊ ညှိနေစရာ မလိုခဲ့ပါဘူး။

ကျွန်မနဲ့ တိုးတိုးက စာပြိုင်ဘက်တွေ၊ (ကျူရှင်မှာ သချာင်္ပြိုင်တွက်ရင် အမြန်ဆုံးနဲ့ အဖြေမှန်အောင် တွက်နိုင်တဲ့သူကို ဆရာမက ဆု တစ်ကျပ်ပေးလေ့ ရှိတယ်။ အဲဒီဆုကို ကျွန်မနဲ့ တိုးတိုး တစ်လှည့်စီ ရနေကျပေါ့) နိုင်နိုင်က အလယ်အလတ်သမား။ ပြီးတော့ နိုင်နိုင်က ရုပ်လည်းဖြောင့်တော့ ငယ်ငယ်ကတည်းက ရည်းစားတွေဘာတွေ သူ့မှာ ရှိနေပြီ။ တိုးတိုးကတော့ ပိန်ပိန်ရှည်ရှည်၊ ဆံပင်ဆာမူရိုင်းလေးနဲ့ boy-next-door လို ခင်စရာကောင်းတဲ့ လိမ္မာတဲ့ ကောင်ကလေး။

ကျူရှင်ရှေ့က အုတ်ဘောင်လေးမှာ ထိုင်ကြရင်း ရှေ့အတန်းတွေ ပြီးအောင် စောင့်ကြလေ့ရှိတယ်။ စောင့်နေရင်းက ဘာသည်လာလာ ခေါ်ပြီး ၀ယ်စားကြတာပဲ။ တစ်ခါက ဒူးရင်းသီးသည် အထမ်းကြီးနဲ့ ရှေ့က ဖြတ်သွားတော့ ကျွန်မတို့ ခေါ်ဝယ် စားကြတယ်။ ပြီးတော့ ဒူးရင်းသီးကို အညှာက ကိုင်ပြီး လမ်းနဲ့ ဆောင့်ချခွဲကြတာ။ ခွဲလို့ရတော့ ဒူးရင်းဆူး စူးလည်း လုစားကြတာပဲ။ ဘယ်သူက အမွှာအများဆုံး စားနိုင်သလဲဆိုပြီး အပြိုင်စားခဲ့ကြတာ။

တစ်ခါ ကျူရှင်အသွား လမ်းတစ်ဝက်မှာ နတ်စင်မီတို့ အိမ်က ငန်းတွေ ထွက်လာပြီး ကျွန်မကို လိုက်ထိုးပါလေရော။ (နတ်စင်မီဆိုတာက ကျွန်မတို့နဲ့ အတန်းတူ သူငယ်ချင်းပဲ။ သူ့အရပ်က ပုပုလေးမို့လို့ ကျွန်မတို့က နင့်အရပ်က နတ်စင်မီရုံလောက် ရှိတာလို့ နောက်ပြီး နာမည်ပြောင်ပေးထားကြတာ) ကြောက်ကြောက်နဲ့ပဲ စလွယ်သိုင်းထားတဲ့ လွယ်အိတ်ကို ချွတ်ပြီး ငန်းတွေဆီ မွေ့ယမ်းရင်း ပြန်ခြောက်ရတာ။ တိုးတိုးနဲ့ နိုင်နိုင် နှစ်ယောက်သား ငန်းတွေကို ကူ မခြောက်ပေးဘဲနဲ့ အော်ရယ်ခဲ့ကြတာ။ အားကိုးရတဲ့ ကောင်တွေ၊ ကျွန်မမှာ စိတ်ဆိုးလိုက်တာလေ။

မှတ်မိသေးတယ်။ နိုင်နိုင်တို့ အဖွားက သိုးဆောင်းအမေကြီးမို့ သူတို့အိမ်မှာ နတ်ပွဲ ခဏခဏ လုပ်လေ့ရှိတယ်။ ကျွန်မက ကလေးဆိုတော့ ပျော်တာပေါ့၊ ဘာရယ်မဟုတ်ဘူး နတ်ကတာကို သဘောကျလို့ သွားကြည့်တာ။ အဲဒီမှာ အခြောက်တစ်ယောက် မနှဲလေးကတော့ နိုင်နိုင်က   အဲဒီ့နတ်ကတော်ကို အနောက်ကနေ သားရေပင်နဲ့ ချောင်းပြီး ပစ်တော့တာ။ ကနေရင်းနဲ့ တွန့်ကနဲ ဖြစ်ဖြစ်သွားတာကို ကြည့်ပြီး ကျွန်မတို့မှာ ရယ်လိုက်ရတာ။ 

တခါတလေ သူ့အိမ်ပေါ်ကနေ နေရောင်အကျမှာ မှန်ထောင်ပြီး အဲဒီ အလင်းရောင်နဲ့  အိမ်ရှေ့မှာ ထိုင်နေတဲ့ ကျွန်မမျက်နှာကို လှမ်းလှမ်းထိုးပြီး စတတ်တယ်။ နိုင်နိုင်ဟာ အတော်ဆိုးတဲ့ ကောင်ကလေးပါ။ကျွန်မမို့ သူတို့အိမ်သွားရင် နိုင်နိုင်တို့ အမေက ချွေးမလေး လာပြီဟေ့ လို့ စတတ်တယ်။ ကျွန်မနဲ့ နိုင်နိုင်ကတော့ ငယ်သူငယ်ချင်းတွေမို့ စိတ်က ဖြူစင်နေတာ အဲဒီတုန်းက ဘယ်လိုမှ မခံစားခဲ့ကြဘူး။ အဲဒီအရွယ်မှာ ငနိုင်ကဖြင့် ရည်းစားတွေတောင် ထားတတ်နေလို့။

ဆယ်တန်းစာမေးပွဲမှာ ကျွန်မနဲ့ တိုးတိုးပဲ အောင်ပြီး အဲဒီနှစ်က နိုင်နိုင်ရော သူ့ရည်းစားကောင်မလေးရော စာမေးပွဲ ကျကြတယ်။ နိုင်နိုင်က နောက်နှစ်မှ အောင်ပြီး သင်္ချာဘာသာယူခဲ့တယ်။ နောက်တော့ ကျွန်မတို့အိမ်ပြောင်းခဲ့ရတာပဲ။ အဲဒီနောက်မှာ နိုင်နိုင်နဲ့ရော တိုးတိုးနဲ့ပါ ကျွန်မတို့ ဝေးသွားခဲ့ကြတယ်။

သတင်းတွေတော့ ကြားနေခဲ့တယ်။ တိုးတိုးက ဂျပန်ထွက်သွားတယ်။ နိုင်နိုင်ကတော့ သဘောင်္တက်သွားတယ်ဆိုတဲ့ သတင်းတွေပါ။ နောက်တော့ ကျွန်မလည်း မန္တလေးသားနဲ့ အိမ်ထာင်ကျ၊ ငနိုင်လည်း မန္တလေးသူနဲ့ အိမ်ထောင်ကျ သွားတယ်လို့ ကြားရတယ်။ တိုးတိုးကတော့ ခုထိ လူပျိုကြီးပဲလား၊ မိန်းမပဲ ရသွားပြီလား ကျွန်မ မသိပါဘူး။

၂၀၀၉ က ကျွန်မ ရန်ကုန်ခဏပြန်တော့ ကျွန်မ ညီမဆီက နိုင်နိုင်ဖုန်းနံပါတ်ရတာနဲ့ ၀မ်းသာပြီး ဖုန်းခေါ်လိုက်တော့ သူနဲ့ တန်းကနဲ တွေ့တယ်။ ကျွန်မနဲ့ နိုင်နိုင်က သူငယ်ချင်းတွေ ဖြစ်သလို နိုင်နိုင့်ညီမနဲ့ ကျွန်မညီမကလည်း သူငယ်ချင်းတွေကိုး။ ဒီတော့ အဆက်အသွယ်က မပြတ်ခဲ့ကြဘူး။

ဒါနဲ့ သူအားတဲ့ တစ်ရက်မှာ တော်ဝင်နှင်းဆီမှာ မနက်စာစားဖို့ ချိန်းလိုက်ကြတယ်။ ကျွန်မတို့ လင်မယားရယ်၊ သူတို့ မိသားစုရယ်။ နိုင်နိုင်က သမီးချည်းပဲ နှစ်ယောက်မို့ ကျွန်မက နင်တော့ ၀ဋ်လည်ပြီ ငနိုင်လို့ စတော့ သူက ရယ်နေ တယ်။ သူ ကျန်းမာရေး သိတ်မကောင်းတဲ့ အကြောင်း၊ သဘောင်္မလိုက်တော့ဘဲ ကားလေးတစ်စီးဝယ်ပြီး တက်ကစီ မောင်းနေတဲ့ အကြောင်းတွေ ပြောတယ်။

သဘောင်္ပြန်မလိုက်တော့ဘူးလားလို့ ကျွန်မကမေးတော့ သူ သဘောင်္ပေါ်မှာ အရက်တွေ သောက်လွန်းလို့ ဦးနှောက်ထဲ သွေးခဲသွားတာ ဆေးရုံတက်ခွဲခဲ့ရတဲ့အကြောင်း၊ မိသားစုနဲ့ပဲ အေးအေးဆေးဆေးနေတော့မယ်ဆိုတဲ့ အကြောင်းတွေ ပြောပြတယ်။ အသက်တွေ ကြီးလာကြပြီနော် နင် လိမ္မာတော့ လို့ ကျွန်မက ဆရာမကြီးလေသံနဲ့ ဆုံးမခဲ့သေး တာ။

အဲဒီနောက် ကျွန်မလည်း ခွင့်ရက်စေ့လို့ ပြန်လာရတယ်။ ဒီနှစ် ၄လပိုင်း တစ်ခေါက်ပြန်တော့ မှတ်မှတ်ရရ တွေ့ဖို့၊ ဖုန်းဆက်ဖို့ သူငယ်ချင်းတွေ စာရင်းမှာ နိုင်နိုင့်နာမည်လည်း ထည့်ထားခဲ့တယ်။

ကျွန်မ ပြန်မလာခင် ၃ရက်လောက်မှာ ကျွန်မ သူ့ဆီ ဖုန်းဆက်တယ်။ ဖုန်းကို အမျိုးသမီးတစ်ယောက် လာကိုင် တယ်။ သေချာတာက သူ့မိန်းမတော့ မဟုတ်ဘူး။ တစ်ခြား အိမ်ရှင်အသစ်ပဲ ဖြစ်မယ်။ ကျွန်မက နိုင်နိုင်တို့ ပြောင်းသွားတဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်လေးများ သိရမလားမေးတော့မှ အစ်မ ကိုနိုင်နိုင်က ဆုံးသွားတာ ၇ လလောက်တောင် ရှိပြီ တဲ့။

ဖုန်းချလိုက်ပြီးတဲ့အခါ ကျွန်မ ချက်ချင်းပဲ အမျိုးသားကို မေးလိုက်တယ်။ ကျွန်မ နိုင်နိုင့်ကို အိပ်မက်မက်တာ အဲဒီဝန်းကျင်လောက်က မဟုတ်လားလို့။  သေချာတယ်။ အဲဒီတုန်းက အိပ်မက်ထဲမှာ ငနိုင်ရယ်…။ ကျွန်မနဲ့ စကားတွေ အများကြီးပြောလို့။ သူ့ကြည့်ရတာ မျက်နှာက ညှိုးနေပေမဲ့ သူငယ်ချင်းနဲ့မို့ ထင်ပါရဲ့ စကားတွေပြောနေလိုက်တာ။ 

အိပ်ရာကနိုးတော့ ငနိုင်တစ်ယောက် နေမှ ကောင်းရဲ့လား မသိဘူး ညက သူ့ကို အိပ်မက်မက်တယ်လို့ အမျိုးသားကို ကျွန်မ ပြောမိသေးတယ်။ ချက်ချင်း ဖုန်းဆက်လိုက်ဖို့ကိုတော့ ကျွန်မ လက်တွန့်နေခဲ့တာ။

ခုတော့ ကျွန်မသူငယ်ချင်း တကယ်ပဲ ဆုံးရှာပြီ။ ကျွန်မ သူ့ညီမတွေဆီ ဖုန်းဆက်ပြီး သတင်း သေချာရဲ့လား လို့ မေးခဲ့သေးတယ်။ သေချာတယ် သူ တကယ်ဆုံးသွားပြီ တဲ့။ အရက်တွေ ပြန်သောက်လို့ ခုလို ဖြစ်တာ အစ်မရဲ့ တဲ့။ သူ့ညီမက ပြောရှာတယ်။ 

ငနိုင့်အပေါ် ငယ်သံယောစဉ်နဲ့ ကျွန်မ မျက်ရည်ကျမိပါတယ်။ လူဆိုတာ မွေးဖွားခဲ့ပြီဆိုကတည်းက သေခြင်းတရားဆီ ဦးတည်လျှောက်နေကြရတာပဲ မဟုတ်လား။ တစ်နေ့နေ့ သေကြရမှာပါပဲ။ ဒါပေမဲ့ ဘယ်သူပဲ ဖြစ်ဖြစ် အရက်ကြောင့်နဲ့တော့ မသေစေချင်ဘူး။ ရှိသေးတယ်။ ကျွန်မမောင်ဝမ်းကွဲလေး ငမိုး (ကျွန်မ ရေးဖူးပါတယ်) အရက်ကြောင့်ပဲ ဘ၀ပျက်ခဲ့ရတာ။

အရက်မကောင်းဘူး ဘာညာ ကျွန်မ မပြောချင်ဘူး။ မသောက်နဲ့ ဘာညာလည်း ကျွန်မ မပြောချင်ဘူး။ အရက်ကောင်းတယ် မကောင်းဘူးဆိုတာ အားလုံး သိကြပါတယ်။ ချင့်ချိန်ပိုင်းခြားနိုင်တဲ့ အသိစိတ်တွေလည်း ရှိကြမှာပါ။ ကိုယ့်အသက်ကို ကိုယ်နှမျောရင်၊ ကိုယ့်မိသားစုကို ကိုယ်တန်ဘိုးထားရင် အရက်ကြောင့် အသက်ဆုံးရတဲ့အထိ အဖြစ်မခံကြစေချင်ဘူး။

ကျွန်မလေ…တကယ်ပါ၊ ချစ်တဲ့ လူတွေကို အသက်ရှည်စေချင်တာပါပဲ။

13 comments:

မေဇင် said...

အရက်ကြောင့် အသက်ဆုံးရတဲ့ အထိတော့ မဖြစ်စေချင်ဘူး။
ဟုတ်တယ် အမ။ အမ သူငယ်ချင်း အတွက် စိတ်မကောင်းပါဘူး။ ငမိုး အကြောင်းလဲ ဖတ်ဖူးတယ်။

NangNyi said...

ဆိုက်ကယ်မှောက်လို့ မေ့ဆေးပေး ခွဲရတာ ၂ ခါခံရပြီးကတည်းက အရက်သောက်ရင် မမူးသေးဘဲ အရင်မေ့မေ့သွားတတ်တဲ့ ငယ်ဘော်ဒါအရင်းကြီးကို သွားသတိရတယ်.. အဲ့ကောင်လည်း နန်းညီကိုတော့ ချစ်တော့ ထိန်းရင်ရတယ်.. ဒါမယ့် နန်းညီ လစ်ရင် မတရားသောက်တာပဲ.. သေသွားရင် ဒုတ်ခ.. =(

မိုးငွေ့........ said...

မီးတို့အဖေလဲ အဲဒါကြောင့်ဆုံးရတာပဲ...အသက်39ပဲရှိဦးမယ်...။

Vista said...

လူတွေက အသက်ပေး ကြိုက်ကြတာ ခက်တာ

မြသွေးနီ said...

ဖတ်ပြီး စိတ်မကောင်းဘူးအစ်မရယ်..
အရက်ကို ဆေးဖြစ်ဝါးဖြစ်သောက်ရာကနေ
အရက်က ဆေးကုယူရတဲ့အထိတွေ ဖြစ်လာကြတာ...
တန်ဆေးလွန်ဘေးလို့ ဒါကြောင့်ဆိုတာပေါ့နော်..
မသောက်ရင်တော့ အကောင်းဆုံးပါဘဲ..။

မိစံ said...

ချစ်တဲ့သူတွေနဲ့ခွဲရတဲ့အခါ..
လူ့ဘ၀ကြီးက ပျင်းစရာပါ။
သံယောဇဉ်လေး..မထားတာဘဲကောင်းပါတယ်လေ..း)

သတိုး said...

ငယ်တုန်းက ဖြူဖြူစင်စင် ခင်မင်ခွင့်ရခဲ့တဲ့ သူငယ်ချင်းတွေ ဘ၀ဟာ ဘယ်အချိန် ပြန်တွေးတွေး လွမ်းစရာ ပါပဲ။ တိုးတိုးသတင်းကြားရင် ဆက်ရေးပါဦး မချစ်ကြည်။
ခင်မင်သော သတိုး

mstint said...

ပြန်ပြီးအဆက်အသွယ်ရသွားတဲ့အတွက် သူငယ်ချင်း နိုင်နိုင်က ဘဝတစ်ပါးကို ပြောင်းချိန်မှာ မချစ်ကိုလာနှုတ်ဆက်တယ်လို့ ထင်မိတယ်။
နေ့မြင်ညပျောက်ဆိုတဲ့ သေခြင်းတရားဟာ သံဝေဂရစရာပါ။
'လူကိုဖျက်အရက် ဒါးကိုဖျက်ဝါးမြက်' ဆိုတဲ့အတိုင်းပါပဲ မချစ်ရေ။
ိစိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Shinlay said...

အရက်ကြောင့် ဒုက္ခရောက်တဲ့သူတွေ ကျမအမျိုးထဲမှာလည်းရှိတယ်။
သူတို့ ကိုကြည့်ပြီး စိတ်မကောင်းဘူး။

NSA said...

စိတ်မကောင်းစရာပါပဲ အစ်မ

ဇွန်မိုးစက် said...

မရေ... ဇွန် လာဖတ်သွားတယ်နော်။ ဖတ်ရတာ စိတ်မကောင်းဘူး။ အသက်တွေတစ်ရက်ကြီးလာလေ၊ ကိုယ့်အသိုင်းအ၀ိုင်းထဲမှာ သိကျွမ်းခဲ့ဖူးတဲ့သူတွေ အကြောင်းတစ်စုံတစ်ရာနဲ့ ဆုံးပါးတာ ပိုများလာလေ။း(

ခနွဲ said...

စဖတ်တုန်းက သူငယ်ချင်းတွေ ပျော်စရာလေးပါ....နောက်တော့ စိတ်မကောင်းစရာလေးပါခင်ဗျာ....။ သူ့အတွက်တော့ စိတ်မကောင်းပါဘူး...။ ခနွဲလည်း အရက်သောက်တတ်တယ်...ဆင်ခြင်မှပဲ.....
လေးစားစွာဖြင့်....

Yan said...

ငယ်ငယ်တုန်းက သူငယ်ချင်းတွေအကြောင်းရေးထားတာလေးဖတ်ပြီး ကြည်နူးနေခဲ့တာ.

နိုင်နိုင်ဆုံးသွားတာ (၇) လ လောက်ရှိပြီ ဆိုတဲ့နေရာလေးကိုလည်း ရောက်ရော ရင်ထဲမှာ ဟာခနဲ မကောင်းလိုက်တာ.

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်