Thursday, May 17, 2012

အလုပ်ခွင်ထဲက ငွေရေးကြေးရေး

ကျွန်မရဲ့ ပထမဦးဆုံးအလုပ်မှာ ကျွန်မက အသေးသုံးငွေ ကိုင်ရတယ်။ မများလှပါဘူး။ စကာင်္ပူဒေါ်လာ ၃၀၀၀ပါ။ Petty Cash လို့ ခေါ်ကြတယ်။ အလုပ်ထဲမှာလိုတဲ့ အသေးသုံးငွေမှန်သမျှကို အဲဒီအသေးသုံးထဲကပဲ ပေးချေတယ်။ တစ်ခါသုံးရင် အများဆုံး ၂၀၀ ထိ သုံးခွင့်ရှိတယ်။ တစ်ခါတစ်လေ အလုပ်နောက်ကျလို့ ည ၈နာရီခွဲကျော်တဲ့ အခါမျိုးဆိုရင် ကျွန်မတို့အတွက် တက်စီဘိုး အဲဒီအထဲကပဲ သုံးလေ့ရှိကြတယ်။ ကျွန်မတို့ရုံးက အလုပ်သမားတိုင်းကို ကျန်းမာရေးအာမခံ ၀ယ်ထားပေးပြီး ဖျားနာလို့ ဆေးခန်းသွားတဲ့အခါ ၅ဒေါ်လာပဲ ပေးရတယ်။ အဲဒီပေးခဲ့တဲ့ ၅ ဒေါ်လာ ကိုလည်း အသေးသုံးထဲကပဲ ကုမ္ပဏီက ပြန်ပေးလေ့ရှိပါတယ်။ 

ဒီတော့ ဘာပဲသုံးသုံး ကုမ္ပဏီက ပြန်တောင်းခံလို့ရတဲ့ အသုံးစရိတ်မျိုးဆိုရင် ဘောက်ချာတွေသာ သိမ်းထား၊ ခုနက အသေးသုံးထဲကနေ ပြန်တောင်းခံလို့ ရတာမျိုးပါ။ ၂၀၀ ထက်ကျော်ရင်သာ ချက်လက်မှတ်နဲ့ ပြန်ရပြီး ၂၀၀အောက် ဆိုရင် အသေးသုံးထဲကပဲ သွားလေ့ရှိပါတယ်။ 

 တစ်နေ့တော့ ကျွန်မ ရွာပြန်မှာမို့ အသေးသုံးငွေတွေကို နောက်တစ်ယောက်ဆီ လက်လွှဲထားခဲ့ရပါတယ်။ လက်ကျန်ငွေနဲ့ ဘောက်ချာတွေ ပေါင်းအပြီး ၃၀၀၀ တိတိ သူ့လက်ထဲ အသေအချာ အပ်ခဲ့တာပါ။ အသေးသုံးငွေရဲ့သဘောက ဘယ်အချိန်မဆို ဘောက်ချာတွေထဲက သုံးပြီးငွေနဲ့ လက်ကျန်ငွေ ပေါင်းလိုက်ရင် အမြဲတမ်း ၃၀၀၀ ရှိနေရပါမယ်။ 

ခွင့်ရက်စေ့လို့ ကျွန်မ ပြန်လာတော့ ကျွန်မ အလုပ်တွေ သိတ်များနေချိန်မို့ သူ့ကိုပဲ ခဏဆက်ပြီး ကိုင်ထားပေးဖို့ ပြောတဲ့အခါ သူကလည်း ကျေကျေနပ်နပ်ပဲ ဆက်ကိုင် ထားပေးခဲ့တာ။ ဒီလိုနဲ့  နှစ်ပတ်လောက်အကြာ ကျွန်မအလုပ်တွေ အတော်အသင့် အချိန်မီပြီးလာတဲ့ တစ်နေ့ ကျွန်မက သူ့ကို အသေးသုံးငွေ ပြန်အပ်ဖို့ ပြောလိုက်ပါတယ်။ အဲဒီမှာ ငွေရေတွက်ပြီး ဘောက်ချာတွေ စစ်လိုက်တော့ ငွေ ၅၀၀ နီးပါး ပျောက်နေပါတော့တယ်။ 

မတတ်နိုင်ပါဘူး။ ကျွန်မအထက်က စာရင်းကိုင်အမျိုးသမီးကို အသိပေးရပါတော့တယ်။ သူငွေလိုနေလို့ ယူသုံးထား တာပါ၊ လခရရင် ပြန်ထည့်ပေးပါမယ်လို့ ပြောတာနဲ့ ကျွန်မရဲ့ စာရင်းကိုင်က သူ့ကို ၀မ်နင်ပေး လိုက်ပါတယ်။ နောက် သူ့လခရတော့လည်း နှစ်ခါခွဲပြီး ပြန်ပေးပါရစေ ဆိုတာနဲ့ လိုက်လျောရပြန်ပါတယ်။ 

စဉ်းစားကြည့်ရင် စလုံး ၅၀၀ ဆိုတာ မများလှသလို နည်းလည်း မနည်းလှပါဘူး။ ကုမ္ပဏီကနေ ချေးငွေအနေနဲ့ ယူရင်လည်း ရနိုင်ရဲ့သားနဲ့ သူ ဘာကြောင့် ဒီလို လုပ်ရပါလိမ့်ဆိုတော့ ဖြစ်နိုင်ချေက လွယ်လို့၊ မျက်စေ့အောက်မှာ မြင်နေရလို့၊ ကိုင်တွယ်ထိတွေ့နေရလို့ ဆိုတာတွေဖြစ်နိုင်ပါတယ်။ အင်း…ပြောရရင် လွယ်ရင် သူကြွယ်တောင် မနေဘူးဆိုတဲ့ အဆိုကို ကျွန်မက လက်မခံတဲ့သူပါ။ နောက်ဆုံးတော့ ပြောရရင် လုပ်ကျင့်ရှိနေလို့ကို လုပ်တာပါပဲ။ 

ခုလက်ရှိအလုပ်ကို ရောက်တဲ့အခါမှာတော့ အသေးသုံးမကိုင်ရတော့လို့ စိတ်အေးမယ်မှ မကြံသေးဘူး။ အင်မတန် ကြီးမားတဲ့ ငွေပမာဏတွေ လက်ခံရပြန်ပါတယ်။ ကျွန်မအလုပ်က AR လို့ ခေါ်တဲ့ Account Receivable ကိုင်ရတာမို့ ငွေလက်ငင်းချေစနစ်နဲ့ ပေးတဲ့ Customer တွေရဲ့ ပေးငွေတွေအားလုံး ကျွန်မ လက်ခံရပါတော့တယ်။ တိုက်ရိုက် ကျွန်မဆီ လာတာမျိုးမဟုတ်ပါဘူး။ များသောအားဖြင့် ကျွန်မတို့ရဲ့ customer တွေက သင်္ဘောပိုင်ရှင်တွေ၊ ဧဂျင့် တွေပါ။ ကျွန်မတို့မှာ Boarding Officer ဆိုတာ ရှိပါတယ်။ သူ့အလုပ်က သင်္ဘောကမှာတဲ့ပစ္စည်းတွေ Delivery လုပ်ရင်း ပို့ဆောင်ပေးပြီးတဲ့အခါ ပစ္စည်းစစ်၊ ရုံးက ဘီလ်ထုတ်ပေးလိုက်တဲ့ ငွေပမာဏအတိုင်း ငွေရေတွက်လက်ခံ ရတာပါ။ 

ရုံးပြန်ရောက်ရင်တော့ ဘီလ်နဲ့အတူ လက်ခံရငွေတွေကို ကျွန်မဆီမှာ လာအပ်ရတာမျိုးပါ။ ငွေပမာဏက ဘယ်လောက်များသလဲဆို ယူအက်စ် ၄-၅ သောင်းအထိ လက်ခံရတတ်ပါတယ်။ အဲဒီလို ငွေပမာဏ များတာမို့ နည်းနည်းလေးမှ အမှားမခံပါဘူး။ အသေအချာ ရေတွက်၊ လက်ခံပြီးမှ ငွေဘယ်လောက် ရပါတယ် ဆိုပြီး နေ့စွဲနဲ့အတူ PAID တုံးထု၊ ကျွန်မ လက်မှတ်ပါထိုးပြီး သူ့အတွက် ဘီလ်-၁ကော်ပီ ပြန်ပေးလိုက် ရတာပါ။ ကျွန်မတို့ ဘီလ်က စုစုပေါင်း ၄ ကော်ပီ ရှိတာမို့ ငွေပေးတဲ့ Customer က တစ်စောင်၊ Boarding Officer အတွက် တစ်စောင်၊ ကျန်တဲ့ နှစ်စောင်က ကျွန်မတို့ စာရင်းဋ္ဌာနအတွက်ပါ။ 

တစ်နေ့တော့ ကျွန်မရဲ့ မန်နေဂျာက ဘီလ်ကော်ပီတစ်စောင်ပြပြီး အဲဒီအတွက် ငွေ လက်ခံရပြီးပြီလားလို့ မေးလာပါတော့တယ်။ သေချာကြည့်တော့မှ လား လား ကျွန်မလက်မှတ်ကို အခန့်သားထိုးလို့ ဘီလ်ပေါ်မှာလည်း PAID ဆိုတဲ့ တုံးက ထုထားသေးတာမို့ ကျွန်မ အကြီးအကျယ် လန့်သွားပါတော့တယ်။ ဒါပေမဲ့ သေချာတာက အဲဒါ ကျွန်မလက်မှတ်အစစ် မဟုတ်တာပါပဲ။ အတော်လေး တူအောင်ထိုးထားတာပေမဲ့ ကျွန်မ သေချာနေပါတယ်။ ဒါနဲ့ ကျွန်မက မရရှိကြောင်း၊ ကျွန်မလက်မှတ်လည်း မဟုတ်ကြောင်း ပြောဆိုရပါတယ်။ ကျွန်မ ကံကောင်းတာက လက်မှတ်နှစ်ခု တိုက်ဆိုင်စစ်ဆေးအပြီးမှာ ကျွန်မစာရင်းကိုင်နဲ့ မန်နေဂျာ နှစ်ယောက်လုံးက အဲဒါဟာ ကျွန်မ လက်မှတ်မဟုတ်ကြောင်း အသေအချာ ငြင်းဆိုပေးခဲ့ကြတာပါပဲ။ 

 တော်ပါသေးရဲ့ရှင်။ ကျွန်မလက်မှတ်နဲ့ အတိအကျသာ တူနေခဲ့ရင် ကျွန်မ ဘယ်လိုများ ငြင်းရပါ့။ အဲဒီကစလို့ ကျွန်မ မြန်မာလို ဆိုင်းပြောင်းထိုးခဲ့တာ ဒီနေ့ထိပါပဲ။ နောက်တော့ အဲဒီလို လုပ်တာ ဘယ်သူ ဆိုတာ သူတို့ သိသွားကြတယ် ပြောပါတယ်။ ကျွန်မက အစပိုင်းမှာတော့ စိုးရိမ်စိတ်နဲ့ လန့်နေခဲ့ ပြီး သွေးအေးသွားတဲ့အခါ အရမ်း စိတ်ဆိုးမိတာပါပဲ။ လုပ်ဖော်ကိုင်ဖက်အချင်းချင်းတွေ ဒီလိုလုပ်တာ အတော်လေးကို ဆိုးတယ်မဟုတ်လား။ ငွေအလွှဲသုံးစားမှုနဲ့ ထောင်ကျသွားနိုင်တာမျိုး။ 

ဒါကို သိလို့ ထင်ပါရဲ့၊ ကုမ္ပဏီက ဘယ်သူ့လက်ချက်ဆိုတာ သိပေမဲ့ ကျွန်မကို မပြောခဲ့ပါဘူး။ နောက် အဲဒီလူ အလုပ်က ထွက်သွားတာလား၊ ထုတ်ပစ်လိုက်တာလား မပြောတတ်ပါဘူး။ ကျွန်မ သတိထားမိချိန်မှာ အလုပ်သမား အပြောင်းအလဲတွေနဲ့မို့ ခြေရာကောက်ဖို့ ခက်သွားပါတော့တယ်။ 

ကျွန်မလို ငွေကြေးတွေနဲ့ မလွှဲမရှောင်သာ ပတ်သက်နေရသူတွေ သတိထားနိုင်ကြဖို့ပါ။ ကိုယ့်ဘက်က အတော်လေး စေ့စပ်မှ၊ တာလုံမှ စိတ်ချရမှာမို့ သတိကြီးကြီးထားကြပါလို့ပဲ ပြောပါရစေ….

10 comments:

အတွေးကမ္ဘာ..မှတ်တမ်း said...

ကျေးဇူး အမချစ်ရေ... ငွေဟာလူတွေအတွက် လုံးလပြုရခြင်း ရဲ့ အကြောင်းအရင်းလည်းဖြစ်စေသလို၊ စာရိတ္တ ယိမ်းယိုင်စေတဲ့ လက်သည် လို့လည်း မြင်မိတယ်...

နိုင်ငံခြားမှာ ဆို မြန်မာလို လက်မှတ်ထိုးပြီး.. မြန်မာမှာ ဆို ဘိုလို လက်မှတ်ထိုးတဲ့ အကျင့်ကို ယူရဦးမယ်..း)))

TZA said...

ကျနော်လည်းရုံးမှာ တက်စီခကို petty cash ကိုင်တဲ့ဝန်ထမ်းဆီက ပုံမှန် claim နေကျ၊ အစက ပက်တီကို လူနာမည်မှတ်တာ :p

ဆေးခန်းပြတဲ့ ၅ ကျပ်ကိုတော့ ရုံးကပြန်မပေးပါဘူးဗျာ၊ ကိုယ်ပဲစိုက်ရတယ်။

Ko Boyz said...

မမပြောမှ သတိထားမိတော့တယ်။
ဆိုင်းကို မြန်မာလို ပြောင်းထိုးရင် တစ်ချို့နေရာတွေမှာ လက်မခံဘူးဆိုလို့ ဗြိတိသျှလို ထိုးနေတာဗျ....။
လေတာပေါ့။

Ko Boyz said...

ကျွန်တော် အရင်ရုံးကရော အခုရုံးကပါ ဆေးခန်းသွားရင် Medical Claim ကို ၂၀ အများဆုံးပေးပါတယ်။ သူတို့ Register လုပ်ထားတဲ့ ဆေးခန်းသွားရင်တော့ ဖရီးပေါ့။

မောင်တီတို့ အစ်မတို့ရုံးက ပေးတာ နည်းနေသလိုပဲ။ ၅ ကျပ်တဲ့။ :(
ကျန်တာ ကိုယ့်အိတ်စိုက်ပေါ့...နော်..။ :(
ကျွန်တော် ဗဟုသုတ နည်းတယ်လို့ မှတ်ပေးပါ။

မြသွေးနီ said...

ကံကောင်းလို့ပေါ့ အစ်မချစ်ရေ...
မထိတ်သာ မလန့်သာ...သေချာ ဂရုစိုက်ပါအစ်မရေ..
ငွေကြေးရိုးသားမှုမရှိသူက ဘယ်တော့မှ အလုပ်မှာ မြဲမှာ မဟုတ်ပါဘူး။

မိုးငွေ့........ said...

မီးမီးလဲ ငွေစာရင်းကိုင်ပဲ အဲဒါမျိုးကြောက်လို့ အမြဲသတိထားတယ်အမ..။

Shinlay said...

အလုပ်မှာ ပိုက်ဆံနဲ့ ပတ်သက်လို့  ငွေကွာနေတယ်ဆိုရင် နေရထိုင်ရတာ
မလုံခြုံသလိုခံစားရတယ်။
ဂရုစိုက်နော် မချစ်။

NSA said...

မလွယ်ပါလား..အစ်မချစ်...
အနော့်လို နမော်နမဲ့ ဆို ခက်ရချည့် ..

ချော(အစိမ်းရောင်လွင်ပြင်) said...

အလုပ်မှာအဲလိုလူမျိုးတွေရှိတာလည်း ကြောက်ဖို့ကောင်းတယ်
အထူးသဖြင့် ကိုယ့်လက်မှတ် ကိုယ့်နာမည်ကို အလွဲသုံးစားလုပ်မဲ့သူ ရှိတာ ပိုကြောက်ဖို့ကောင်းတယ်နော်။
တော်သေးတယ် အစ်မချစ် လက်မှတ်မဟုတ်ကြောင်း လက်ခံပေးလို့ဘဲ မဟုတ်ရင်တော့ တကယ်ကို မလွယ်။။

မေဇင် said...

((((ဟမ်)))) တီချစ်...ကြောက်စရား( နောင့် လဲ ရုံးမှာ မန်နေဂျာ မရှိတဲ့ အချိန် လက်ခံရတာတွေ ရှိတယ်။ နောက်ပြီး ဆိုင်း ကိုလဲ ထိုးချင်သလို ပြီးစလွယ်ထိုးလိုက်တာ...ဆင်ခြင်မှပဲး(

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်