Monday, April 23, 2012

ဘူးညွန့်ပုံပြင်


မနက်စောစောစီးစီး ကျုပ်ရဲ့ လက်စွဲတော်ဟန်းဖုန်းက တတီတီ မြည်လာတာကြောင့် ဒီအချိန်ကြီး ဘယ်ကများပါလိမ့်မလဲလို့ LCD Displayကို ကြည့်လိုက်မိတယ်။ အံမယ်...နှုတ်ခမ်းမွှေးကားကား၊ ဦးကင်းထောင်ထောင်၊ ကိုယ်ပေါ်မှာလည်း ဘယ်ဇာတ် နောက်ဖေး ပေါက်ကများ ဆွဲဝတ်လာသလဲ မသိ၊ ဘာဝတ်စုံမှန်းလည်း မသိတဲ့အဝတ်နဲ့ လူတစ်ယောက်ရယ်။ 

 “ထူးရမည် ဦးရမည် အကျိုးတော်ဆောင်လုပ်ငန်းက အကျိုးတော်ဆောင်ကြီး ဦးငွေမောင်းလားခင်ဗျာ” 

“ဟုတ်ပါ့ဗျား ကျုပ်ပါပဲ ကျုပ်ပါပဲ၊ ဆိုပါဦး ခင်ဗျားက ဘာကြီးတုန်း၊ ပြီးတော့ ကျုပ် ဘာများကူညီနိုင်မတုန်း ဆိုတာလေး” 

“ပြောရတာပေါ့ဗျာ ကျုပ်က နတ်တို့သနင်း သိကြားမင်းပဲဗျ”

အလို...သိကြားမင်းဆိုတာ ဒီငတိကိုး...။ အင်း အရေးကိစ္စကဖြင့် ရှိချေပြီ။ “အစုံလုပ်သည်” ဆိုတဲ့ အကျိုးတော်ဆောင်တွေ အများကြီးထဲကမှ ကျုပ်တစ်ယောက်ကို ရွေးဆက်ရခြင်းကဖြင့် ထူးတော့ ထူးခြားနေသမို့လားဗျ။ 

"အိမ်း...ပြောရတာပ...ကျုပ်တို့ နတ်ပြည်မယ် ခွေးသားရေ အောက်အော့ဖ်စတော့ ဖြစ်နေလို့ဗျ ၊ အဲဒါ ခင်ဗျားများ ဆပ်ပလိုင်း လုပ်နိုင်မလားလို့ပါ.."

 "အလိုဗျာ...အတော်လည်းကြီးကျယ်တဲ့ အမှာပေပဲ...နို့ ..ဘယ်တော့လောက်များ လိုချင်သတုန်းဗျ..."

 "လောလိုက်လေခြင်း ဆိုရင်ဖြင့် ခံရတော့မှာပဲကိုး ယနေ့ကစလို့ ၃ရက်အတွင်းဗျား"

"အို..မြန်ချက်ဖြင့် သိကြားမင်းရယ်..ခင်ဗျား စတော့ခ်လေး နဲနဲမှ အပိုဆောင်မထားပဲကိုးဗျ"

"ဆောင်ထားပါရောလား အကျိုးတော်ဆောင်ကြီးရယ်...သို့ပေမင့် တစ်နေ့တစ်နေ့... လိမ်သူ၊ ကောက် သူ၊ ခေါင်းတုံးပေါ် ထိပ်ကွက်သူ၊ လာဘ်စားသူ၊ ခိုးသူ၊ သတ်သူ၊ ခေါင်းပုံဖြတ်သူ၊ လူအချင်းချင်း လှည့်ပတ် သူတွေက ခင်ဗျားတို့ လူ့ပြည်မယ် တယ်လည်း များသကိုးဗျ အကျိုးတော်ဆောင်ကြီးရ..."

"အဲဒီ့လောက်တောင်ပဲလားဗျာ၊ အင်း လူတွေ လူတွေ...ကျုပ်ဖြင့် ငါးပါးသီလကို ခါးဝတ်ပုဆိုးလို မြဲပြီလားဗျာ၊ ကဲ စိတ်သာချဗျို့ ၃ရက်မြောက်နေ့ကျ ကျုပ်အိမ်ကိုသာ လာခဲ့ပေတော့ဗျား"

 ပြောပြီးမှ ခါးပတ် ပတ်ဝတ်နေရတဲ့ ကျုပ်ပုဆိုးခါးပုံစ ကျုပ် ငုံ့ကြည့်မိတော့တယ်။ ဗိုက်ကွယ်နေလို့ ခါးပတ်ကြီး မမြင်ရတာမို့ လိပ်ပြာလုံသလိုလိုတော့ ရှိတယ်ပေါ့ဗျာ။ 

ကိုင်း...ကျုပ်ဖြင့် အကျိုးတော်ဆောင်တို့ ထုံးစံအတိုင်း နှုတ်ရေး ကြွယ်ကြွယ် ဂတိလွယ်ခဲ့ မိပြီကိုးဗျ။ ကျုပ်လည်း အချိန်ဆိုင်းမနေပဲ မြို့ထဲထွက်လို့ ခွေးသားရေရနိုင်မဲ့ နေရာတွေ၊ တခြား သားရေ အမျိုးမျိုး အရောင်းဆိုင်တွေ၊ ပင်ရင်း၊ ဆိုင်ခွဲ မကျန် စုံတကာစေ့အောင် ရှာပုံတော် ဖွင့်ရသပေါ့ဗျာ။ 

ခက်လိုက်ပုံက ဒီခွေးသားရေဆိုတဲ့ဟာမျိုးကလည်း ဘာလူသုံးကုန်ပစ္စည်းမှ လုပ်ရောင်းရလောက်အောင် အသုံးမကျတဲ့ဟာကိုး၊ ခင်ဗျားတို့ပဲ စဉ်းစားကြည့်လေ ခွေးသားရေ ပိုက်ဆံအိတ်၊ ခွေးသားရေ ဘွတ်ဖိနပ်၊ ခွေးသားရေ ဂျာကင်ရယ်လို့များ ကြားဖူးကြလို့လား။ တစ်နေသာကုန်ရော ကျုပ်ဖြင့် ခေါင်းတွေ လဲခြောက်၊ ခြေထောက်တွေလဲ ညောင်းလို့၊ ငွေကုန်သံပြာသာ ဖြစ်ကရော၊ ခွေးသားရေဖြင့် ရှာမရခဲ့ပေါင် ဗျာ...။ 

***************************** 

နက်ဖြန်ခါ ဆိုရင်ဖြင့် သိကြားမင်းက ခွေးသားရေ လာယူပေတော့မယ်။ မဖြစ်ချေဘူး။ ဒီကနေ့တော့ဖြင့် ရအောင်ရှာမှ ဖြစ်တော့မယ်။ အဲ...ရှာလို့မရတဲ့ အဆုံးမတော့ ခွေးလေခွေးလွင့်တွေ ဖမ်းလို့ ကျုပ်ကိုယ်တိုင် ပဲ အရေ ဆုတ်ပစ်ရမှာပဲကွယ်ရို့...။ ဘုရား ဘုရား...ပါဏာတိပါတာလည်း ဝေရမဏိနိုင်တော့မယ် မထင်။ ခါးဝတ်ပုဆိုးလို မြဲပါတယ် ဆိုတဲ့ ကျုပ်ရဲ့ ငါးပါးသီလလေးလည်း ဖုတ်လှိုက် ဖုတ်လှိုက် ဖြစ်ရှာတယ်။  

 အောင်မာလေး... လိုချင်ပါတယ်ဆိုမှ ရှားလိုက်တဲ့ ခွေးလေခွေးလွင့်၊ ကျုပ်အဖြစ်က ကုလားပြည်သွား ပြီး နှုတ်ခမ်းမွှေးမပါတဲ့ကုလား အရှာထွက်နေတာနဲ့ တူနေသကိုးဗျ။ မြို့တော်မှာ ခွေးလေခွေးလွင့် မရှိပုံထောက်တော့ မြို့တော်စည်ပင်ရဲ့ အမဲတုံးစီမံကိန်းနဲ့ ခွေးတွေခမျာ နောက်ဘဝအတွက် အိတ်စပရက်စ်ဗီဇာ ရသွားကြရှာပြီထင်ပါရဲ့။ တစ်ကောင် တစ်မှီးမှ မတွေ့တဲ့အဆုံး စိတ်ပျက်လက်ပျက် နဲ့ လျှောက်လာလိုက်တာ မြို့ထဲကျော်လို့ မြို့စွန်တောင် ဝင်လာပါရော့လား။ ဟော...ရှေ့မှာ မွေးမြူရေး ခြံကြီး တစ်ခြံ ။ ခြံရှေ့က ဆိုင်းဘုတ်ကြောင့် ကျုပ်မျက်လုံးတွေ လက်ခနဲ၊ ကျုပ်ခေါင်းထဲလဲ ဘတ်သီးတစ်ချက် လင်းခနဲ။ 

" နွား နှင့် နွားထွက်ပစ္စည်းမျိုးစုံ အရောင်းဆိုင် "

 နွားသားရေက နဲနဲတော့ဖြင့် ပိုထူပါရဲ့၊ ဒါပေသိ သူတို့က ဖိစက်နဲ့ပြားချ ၊ နန်းဆွဲစက်နဲ့ ဆွဲဆန့်ပြီး ပါးအောင် လုပ်ပေးနိုင်သတဲ့။ ကျုပ်လိုချင်တဲ့ အရွယ်အစားအတိုင်းလဲ ဖြတ်တောက်ပေး အုံးမဲ့အပြင် ကျုပ်အတွက် မေတ္တာလက်ဆောင် နွားချိုတစ်စုံတောင် ပေးအုံးမတဲ့။ ဟန်ကျလိုက်လေ...။ 

 ဒီလိုနဲ့ ချိန်းထားတဲ့ နောက်တစ်နေ့ ညနေ ရောက်လာပါရော....။ သိကြားမင်းကိုယ်တိုင် “တာဝတိံသာစက်မှုဇုန်တွင် တပ်ဆင် ထုတ်လုပ်သည်” ဆိုတဲ့ သူ့ရဲ့ ပရိုက်ဗိတ်ဂျက်ကလေးမောင်းလို့ ကျုပ်ဆီ ရောက်ချလာသဗျ။ ခွေးသားရေ အဲလေ နွားသားရေတွေ ပိုက်လို့၊ အပျော်ကြီး ပျော်လို့၊ ချက်ချင်း ငွေချေရှာတယ်။ ကျုပ်တိုက်တဲ့ အပြင်းစား မြန်မာဘီယာလေးတောင် သောက်မသွားရှာဘူး။ 

" လမ်းမှာ စစ်တဲ့ ဆေးတဲ့ TPT တွေ ဖမ်းနေပါအုံးမယ်ဗျာ " တဲ့။

"ဘာတုံးဗျ TPT " ဆိုတော့ " Traffic Police of Ta-wa-rain-thar" တဲ့လေ။

********************************* 

 မင်းမှာသစ္စာ လူမှာကတိ ဆိုသမို့လားဗျ၊ သိကြားမင်းပြန်တာနဲ့ ကျုပ်လည်း ပေးထားတဲ့ ကတိ အတိုင်း နွားခြံသွားလို့ ချက်ချင်းပဲ ငွေ သွားချေခဲ့ပါတယ်။ 

ခက်လိုက်တဲ့ ကောင်တွေဗျာ၊ ပြောတုန်းက ဈေးတစ်မျိုး ၊ လုပ်ရတာ သီးသန့်အမှာ (Custom-made) မို့လို့ ခက်သလေး ဘာလေးနဲ့ ခုတော့ ငွေပိုတောင်းတယ်လေ။ ကျုပ်ကလည်း နှုတ်ကတိတစ်လုံး တန်ဘိုး ထားတဲ့ကောင်ကိုးဗျ ၊ ဒီတော့ စာရွက်စာတမ်းတွေ ဘာတွေ မချုပ်မိဘူးပေါ့ဗျာ။ အရှည် အရှည်တွေ ပြော မနေချင်တာရယ်၊ ကျုပ်ကိုယ်တိုင်လဲ မြက်မြက်ကလေး စားလိုက်ရတာရယ်ကြောင့် သူတို့တောင်းတဲ့ ဈေး ပဲပေးခဲ့ပါရဲ့ ။ 

ကျုပ် စိတ်အဆိုးဆုံးက နွားချိုတစ်စုံ မပေးတာပဲဗျို့။ ပေးမယ်ဆိုပြီးကာမှ မပေးဘဲ လှည့်စားတာကတော့ မကောင်းဘူး မဟုတ်လားဗျာ...။ အဲဒါပဲဗျ၊ လူတွေဟာ ခက်တယ်။ နတ်ပြည်မှာ ခွေးသားရေ ပြတ်ရ လပ်ရလောက်အောင် ငါးပါးသီလတွေ ပျက်ပြား၊ အကျင့်သိက္ခာတွေ ချစားလို့။ အိမ်း ကျုပ်ကဖြင့် ဘုရားရှေ့ နေ့တိုင်း ငါးပါးသီလ ယူနေတဲ့သူ ပါဗျာ။ အဲ...တစ်ခုတော့ ရှိသပေါ့၊ 

သိကြားမင်းကြီးကို ခွေးသားရေနဲ့ နွားသားရေ အင်ထုလိုက်တာလေး တစ်ခုက လွဲလို့ပေါ့ဗျာ။ 

 **************************** 

 ပရောဂျက်လေးတစ်ခု အောင်မြင်သွားတာမို့ စိတ်ရောကိုယ်ပါ အနားယူရင်း စလောင်းကလွင့်တဲ့ ကမ္ဘာ့ သတင်းလေး ဘာလေးကြည့်ဖို့ တီဗီရှေ့ထိုင်လိုက်တယ်။ အဲသလို တီဗီရှေ့ထိုင်လိုက်တယ်ဆိုရင်ပဲ လွှင့်နေတဲ့ သတင်းတစ်ပုဒ်ကြောင့် ကျုပ် ဒေါသတွေ ထိပ်တက် မွှန်တော့တာ။ ကျုပ်ဆီက နွားသားရေ အဲလေ ခွေးသားရေဝယ်သွားတဲ့ကောင်ဟာ သိကြားမင်းအတုတဲ့ဗျ။ 

ထင်တော့ထင်သား၊ သိကြားမင်းသာ ဆိုတယ် သုဇိတာတို့၊ သုမာလာတို့ ကြွေရလောက်အောင်မှ မဖြောင့်တဲ့ရုပ် လို့။ ဒီကောင်က နတ်ပြည်မှာ ခွေးသားရေပြတ်လပ်နေတဲ့သတင်းရပြီး ကျုပ်ဆီကလာဝယ်၊ ပြီးမှ နတ်ပြည် တက်ပြီး သိကြားမင်းဆီ မှောင်ခိုဈေးနဲ့ သွားသွင်းတဲ့ကောင်။ နာမည်သုံးလုံးနဲ့ လုပ်စားနေတဲ့ သိကြားမင်းပဲ၊ အချဉ်မှ မဟုတ်တာ။ ကျုပ်တို့လူတွေ မိန်းမလေးတစ်ယောက်လောက်နဲ့တောင် ဂျွမ်းပစ်နေတဲ့အချိန်မှာ သူက လေးယောက် ဖမ်းထိန်းထားတာ ပဲဗျာ။ မှောင်ခိုအားမပေးတဲ့ အပြင် ခွေးသားရေအစစ် မဟုတ်မှန်းသိသွားပြီး ခုတော့ ဒီကောင့်ကို ဆွဲစေ့ထားလိုက်ပြီလေ။ နောက်မှ စစ်ဆေးပြီး လိုအပ်ရင် အမှုကို ငရဲပြည် ထရန်စဖာလုပ်မယ် ဆိုတာပဲ။ 

ဒါက အကြောင်းလား၊ ဒီလိုအကောင်မျိုး ငရဲပြည်မကလို့ ဘယ်ပြည်ပဲ ထရန်စဖာလုပ်လုပ်။ “ခွေးသားရေ အတု ဘယ်ကရသလဲ” မေးလို့မှ ကျုပ်ကိုပါ ဆွဲထည့်ရင် မခက်ပါလား။ ကျုပ်ရဲ့ “ထူးရမည် ဦးရမည်” အကျိုးတော်ဆောင်လုပ်ငန်းကြီး မြောင်းထဲရောက်ရမဲ့အဖြစ်။ 

ဒါမျိုးတော့ ကျုပ်နည်းနည်းကလေးမှ အဖြစ်မခံနိုင်ဘူး။ ကြံစမ်း ကြံထားစမ်း၊ ဒီအကောင်ကို ဘယ်လိုနည်း နဲ့ နှုတ်ပိတ်ရင် ကောင်းမလဲ။ ဒါမှမဟုတ် သိကြားမင်းရဲ့ မယားလေးယောက်ကိုပဲ လာဘ်ထိုးရ မလား။ ငရဲပြည်က ယမမင်းကိုပဲ ချဉ်းကပ်ရင် ကောင်းမလား။ တွေးလေ တွေးလေ မထွက်လေ၊ လူက မော လာလေ။ ကျုပ်ကိုယ်မှာလည်း ချွေးစေးတွေက ရေချိုးထားသလို နစ်နေပြီ။ 

**************************** 

“ကိုငွေမောင်း ထတော့၊ ကိုငွေမောင်း ထတော့လေ ရှင်ပဲ ပြောထားပြီး မနက်စောစောနှိုးဆို၊ ဒီနေ့ ရှင်တို့ ဘုရားဂေါပကအဖွဲ့ အစည်းအဝေးရှိလို့ ဆို”

 “အင် အင်း၊ ဟိုကောင် ဟိုကောင်ရော”

 “ဘာ ဘယ်က ဟိုကောင်လဲ”

 “သိကြားမင်းအတုလေ”

“ဟမ် ဘာ ကိုငွေမောင်း ရှင်ကတော့လေ ကယောင်ကတန်းနဲ့၊ ထ ထ နောက်ကျနေဦးမယ် တစ်ကိုယ်လုံး လည်း ချွေးတွေကို ရွှဲလို့”

“အေးကွာ ညက မီးမလာတော့ အဲကွန်းမဖွင့်မိဘဲ ဒီတိုင်း အိပ်ပျော်သွားတာကိုးကွ၊ မီတာခ သက်သာ တာပေါ့ကွာ၊ ဟာ သိလား ခင်ကျော့ရယ် ငါလေ အိပ်မက်ရှည်ကြီး မက်နေလို့ကွ၊ ဒီလို...”

သူ့အိပ်မက်ကို အတတ်နိုင်ဆုံး အကျဉ်းချူံးပြီး သူ့မိန်းမ မခင်ကျော့ကို ပြောပြလိုက်တယ်။ သူ့အိပ်မက်ကို နားထောင်အပြီးမှာ မခင်ကျော့က ပုခုံးလေးနှစ်ဘက် ဟန်ပါပါတွန့်လို့ တဟင်းဟင်း ရယ်လေတယ်။

“ရှင့်အိပ်မက်ကြီးက ခေတ်မှ မမီတော့တာဘဲ ကိုငွေမောင်းရယ်၊ အိုင်တီခေတ်ကြီးထဲမှာ သိကြားမင်းက ခွေးသားရေ သုံးဦးမှာလားရှင့်၊ အိုင်ပက်တို့ အိုင်ဖုန်းတို့ နှုတ်ဘုတ်တို့ပဲ သုံးတော့မပေါ့၊ ဟင်းဟင်းဟင်း” 

“ဟာကွာ ခင်ကျော့ကလည်း မီးတွေဘာတွေပျက်တော့ မင်းအိုင်ပက်တို့ နှုတ်ဘုတ်တို့က ဖယောင်းတိုင်နဲ့ ဖွင့်  ရလို့လား ကဲ”

“အင်း ဒါတော့လည်း ကိုငွေမောင်းပြောတာ ဟုတ်ပြန်ရော၊ သိလား ကျွန်မအဖေကလေ ရှင့်ကို ကျွန်မ လက်ထပ်မယ်ဆိုတုန်းက စကားတစ်ခွန်းပြောတယ်။ ငါ့သမီး ခင်ကျော့ မသေမချင်းမှတ်ထား၊ ပွဲစား ဆိုတဲ့ ကောင်မျိုးဟာ အင်မတန် ရိုးလွန်း ဖြောင့်လွန်း ပါတယ် ဆိုတဲ့ ကောင်တောင် ဘူးညွန့် လောက်တော့ ကောက်သေးတာ တဲ့” ပြောပြီး မခင်ကျော့က မခိုးမခန့်ရယ်တယ်။ 

အဲဒီစကားကိုတော့ ကိုငွေမောင်းက မရယ်နိုင်ပါဘူး။ အရင်တုန်းက သူကလည်း ပွဲစားပေကိုး။

 “ဒါနဲ့ နေပါဦး ခင်ကျော့ရဲ့၊ မင်းက စောစောစီးစီး ဝတ်လို့စားလို့ ဘယ်သွားမလို့လဲ”

 “လမ်းထိပ်က ရှင့်သူငယ်ချင်းကောင်းကြီးလေ၊ မူးလာပြီး မိန်းမကို ရိုက်ထားလိုက်တာ ဖူးယောင်လို့၊ အဲဒါ သူ့မိန်းမလေးက ကွဲမယ် ကွာမယ်နဲ့ ကျွန်မတို့အဖွဲ့ကို လာတိုင်လို့လေ။ အဲဒီကိစ္စ သွားဖြေရှင်းကြမလို့” 

 ပြောပြီး မခင်ကျော့က စိမ်းပြာရောင်ဝတ်စုံနဲ့ ပုဝါလေး စုံချလို့ ကော့ကော့ ကော့ကော့နဲ့ ထွက်သွားတော့ တယ်။ ကိုငွေမောင်းမှာသာ အဖြောင့်ဆုံးဘူးညွန့်က ဘယ်လောက်များ ကောက်ပါလိမ့်မလဲ လို့ တွေးရင်း ကျန်ရစ်တယ်။ 


Style Satire
New Style-စတိုင်သစ် မဂ္ဂဇင်း၊ ဧပြီလ-၂၀၁၂


 

8 comments:

Saw AUNG THU RA said...

ကြိုက်တယ်ဗျာ...အမရေ... အုန်းနို့ခေါက်ဆွဲရောဘဲ.. :)

တီချမ်း said...

အိုင်ပက် တလုံး ပဲ ခေါင်းထဲရောက်စ်

Ingjin Thant said...

TPTဆိုတာ Traffic Police of Ta-wa-rain-thar တဲ့လား.... :P

သိင်္ဂါကျော် said...

ဝတ္တုလေး ကောင်းလိုက်တာ.. အတွေးလေး သစ်တယ်..

Nyi Linn Thit said...

ဟား.. သဘောကျလိုက်တာ မချစ်ကြည်အေးရေ...၊ ရေးတတ်ပါ့ဗျာ၊း)

စကားလုံးတွေ စီးဆင်းသွားပုံများ.. လျှောကနဲ လျှောကနဲပဲ၊ ဖတ်ရတာ ညက်လွန်းတဲ့အပြင် ဇတ်ရုပ်တွေ ရွေးတာလည်း ကောင်းမှကောင်း၊ ဘုရား ဂေါပက၊ ပွဲစား၊ မိခင်ကလေး စောင့်ရှောက်ရေး.. ဟားဟား၊ ပြောင်မြောက်လွန်းတဲ့ satire တစ်ပုဒ်ပါပဲဗျာ..၊ Thumbs up sis !!!

မိုးငွေ့...... said...

တွေ့လား ချစ်ကြည်အေးဆိုတာ ခေသူမဟုတ်ဘူးဆိုတာ..ငွှားငွှား...။

Z@! said...

ဘူးညွှန့်က ဖရုံညွှန့်လောက်တော့ ကောက်မပေါ့နော..
အဟီးနောက်တာနော်..
အားပေးသွားပါတယ်ခင်ဗျ..

san htun said...

မမချစ် ရေးတတ်ပါ့

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်