Wednesday, April 25, 2012

အန်တီချစ်ကြည်အေးရေးတဲ့ သင်္ကြန်လွန်စာ


သင်္ကြန်မတိုင်ခင်မှာ ရေးကြတဲ့စာကို သင်္ကြန်စာလို့ ခေါ်ကြတယ်။ ခုလို သင်္ကြန်လွန်ပြီးခါမှ ရေးချင် လွန်းလို့ ရေးလိုက်တဲ့စာကို အန်တီချစ်ကြည်အေးက သင်္ကြန်လွန်စာလို့ ခပ်တည်တည်ပဲ ခေါင်းစဉ် တပ်လိုက်ပါတယ်။

ကိုင်း ဘာတတ်နိုင်ကြသေးလဲ။

အများ-ဟုတ်ကဲ့ ဘာမှ မတတ်နိုင်ပါဘူး အန်တီ

အဟမ်း။ ဒီလိုလေ အန်တီချစ်ကြည်အေးတို့ ရက်သတ္တနှစ်ပတ်လောက် ပျောက်သွားတယ်။ သတိထားမိကြလားတော့ မပြောတတ်ဘူး။ အမေနဲ့ရွာကို လွမ်းတယ်ဆိုပြီး ဆိုင်းဘုတ်အကြီးကြီးတပ်လို့ ရွာအပြေးပြန်သွားခဲ့တဲ့ အန်တီချစ်ကြည်အေးဟာ ရွာရောက်တော့ တာလမ်းမပေါ် ရွာရိုးနဲ့ ကိုးပေါက် လျှောက်တော့တာ။ တစ်အိမ်ဝင် တစ်အိမ်ထွက် လည်တော့တာ။ အမေ့ဆီကိုတော့ ရောက်တဲ့နေ့ တစ်ရက်ပဲ မျက်နှာသွားပြ၊ ထမင်းတစ်နပ်စားပြီး ကျန်တဲ့ရက်တွေမှာ စာဥတို့ သူငယ်ချင်းမတွေ ရေခပ်ဆင်းလို့လာ ဆိုတဲ့ သီချင်းလေး ညည်းလို့ သူငယ်ချင်းတွေနဲ့ လုံးထွေး၊ စားသောက်၊ လည်ပတ်နေခဲ့တာ။ ပျော်သလားမေးရင်တော့ ပျော်တာပေါ့ အမေရယ်ပဲ ဆိုလိုက်ချင်တယ်။

ဒီလိုလေ။ အန်တီချစ်ကြည်အေး ရွာရောက်သွားတဲ့အချိန်ဟာ တိုက်တိုက်ဆိုင်ဆိုင် အတာကူးတဲ့ တန်ခူးလ၊ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကိုကူးပြောင်းတော့မဲ့ သင်္ကြန်ကာလကြီး ဖြစ်လို့နေသတဲ့ကွယ်။ ဒီတော့ တွေ့ခဲ့ရတာတွေက ပိတောက်တွေ၊ သင်္ကြန်ကားတွေ၊ လူတွေ လူတွေ…ရေတွေ ရေတွေ၊ တိုတိုပြတ်ပြတ်တွေ။

မဏ္ဍာပ်ပေါ်မှာ၊ သင်္ကြန်ကားပေါ်မှာ၊ လမ်းမပေါ်မှာ ကောင်မလေးတွေ၊ ကောင်လေးတွေ ခုန် ခုန် ခုန်။ မဏ္ဍပ်ကြီးလည်း ခုန် ခုန် ခုန်။ ဘီယာတွေလည်း ခုန် ခုန် ခုန်။ အပေါ်ဟိုက်ဟိုက်၊ အောက် တိုတို ပြတ်ပြတ်လေးတွေလည်း ခုန် ခုန် ခုန်နေလိုက်ကြတာ။ ခမျာများ ရာသီဥတုနဲ့လိုက်လျောညီထွေ တိုကြရရှာလေတယ်။ ရာသီဥတုကလည်း ကြွပ်နေ ရွနေအောင် ပူသကို….။

သိကြားမင်းနဲ့ သူ့တပည့် မာတလိတောင် ဒီနှစ် ကွာတားပန်န်နဲ့ ဆင်းကြတယ် ဆိုလား။ အေးလေ ရာသီဥတုက အတော် ပူပါတယ်ဆိုနေ။

မဏ္ဍာပ်ကြီးတွေရှေ့မှာများ ကားတွေ ကျောက်ချထားသလား မှတ်ရတယ်။ ရွေ့နိုင်ခဲလွန်း တယ်။ ဖြစ်နိုင်ရင် ရေကစားမဲ့ကားတွေကို လမ်းကြောင်းတစ်ကြောင်း သပ်သပ်။ ဖြတ်သွား ဖြတ်လာ ကားတွေအတွက် အလယ်မှာ လမ်းကြောင်းတစ်ကြောင်း သပ်သပ် ပေးထားသင့်တယ်။ ခုတော့ ကားတွေ အကုန်ကြပ်ပိတ်ကုန်တော့ ရေပက်ခံမဟုတ်တဲ့ကားတွေ အတော်လေး ဒုက္ခတွေ့တယ်။ မလိုအပ်ဘဲ အချိန် ကုန်တယ်။ လူပမ်းတယ်။

ကားတန်းကြီးထဲ စောင့်နေတုန်း အန်တီချစ်ကြည်အေးလည်း ကားထဲမှာ မှန်တံခါးပိတ်ပြီး ကားဆရာ နဲ့ လေရိုက်ရတာပဲ။ ကားဆရာ ပြောတာက ဒီနှစ် တစ်ချို့ မဏ္ဍာပ်ကြီးတွေ ပိတ်လိုက်ရတယ်တဲ့။ ဘာဖြစ်လို့တုန်းဆိုတော့ကာ မကိုက်လို့တဲ့။ ဒုန်းဒုန်းဒိုင်းဒိုင်းတွေ ဖွင့်ဖို့ အသံသေတ္တာငှားရ၊ အမ်ပလီဖိုင်ယာငှားရ၊ အဲလိုစက်တွေ ငှားရတာကိုက သိန်း၆၀လောက်ရှိသတဲ့။ မဏ္ဍာပ်အတွက် ပါမစ်ကပဲ သိန်း၃၀လောက် ပေးရသတဲ့။ မဏ္ဍာပ်ဆောက်၊ ပိုက်တွေသွယ်၊ ဘာညာတွေ ပေါင်းရင် မဏ္ဍာပ်တစ်ခုရဲ့ စရိတ်က သိန်း၁၅၀လောက်ရှိသတဲ့။ ရေပက်တဲ့သူ မပြည့်တဲ့အခါ သူတို့အတွက် မကိုက်ဘူး ဆိုပါတော့။

တစ်ချို့မဏ္ဍာပ်တွေမှာဆို တစ်ရက်ပက်ရင် နှစ်သောင်း၊ သုံးရက်ဆို ငါးသောင်း။ ထမင်းပါ ကျွေးရမယ်ဆို တစ်ရက် နှစ်သောင်းခွဲ၊ ကားအကြို အပို့ပါ ပါရင် သုံးသောင်း အဲလိုယူကြတာလို့ ပြောပြတယ်။

မဏ္ဍာပ်ကြီးတွေနားမှာ ဘန်းကလေးတွေချပြီး ဘီယာရောင်းတဲ့ သူတွေတောင် တစ်ဘန်းစာနေရာ အတွက် ငါးသောင်းပေးရတယ်တဲ့။ သူတို့ဘန်းကလေးတွေပေါ်မှာ အစုံတွေ့ရတယ်။ ဘီယာ၊ ရောစပ်သောက်ဖို့ ကျွဲရိုင်း၊ ငါးမန်း၊ သောက်ရေသန့်တွေပေါ့။

တစ်ရက် သင်္ကြန်ချိန်ကျော် ညဘက် လမ်းလေးဘာလေး လျှောက်ကြတော့ နေ့လည်က ရေကစား ထားကြတဲ့ နေရာတွေမှာ အမှိုက်တွေ၊ အမှိုက်တွေဆိုတာ ဖွေးနေအောင် တွေ့ရတယ်။ ပလတ်စတစ်တွေ၊ ဖော့ခွက်ဘူးခွံတွေ ဆိုတာ ဖွေးဖွေးကို လှုပ်လို့။ ဗွက်တွေလည်းပေါက်လို့။

အနီးအနားမှာ အမှိုက်ပုံးများ ရှိမလားလို့ ရှာကြည့်မိသေးတယ်။ မတွေ့ပါဘူး။ ဒီတော့လည်း လူတွေက လွယ်လွယ်ပစ် ခဲ့ကြတာပေါ့။ ကားပေါ်ကနေ တံတွေးထွေးချတဲ့ သူတွေက ရှိသေးတယ်။ အန်တီချစ်ကြည်အေးတို့ မြန်မာလူမျိုးဆိုတာက အမှိုက်ကို စံနစ်တကျ စွန့်ပစ်ဖို့ အသိပေး၊ ပညာပေး တဲ့နေရာမှာ အင်မတန် အားနည်းကြတာကလား။ ဖြစ်နိုင်ရင်တော့ အမှိုက်ပစ်ဖို့ Rubbish bin အမှိုက်ပုံး အကြီးကြီးတွေ လမ်းတစ်လျှောက် ခပ်ကျဲကျဲချထားပေးနိုင်ရင် ကောင်းမယ်လို့ တွေးမိတယ်။ အမှိုက်က မသိမ်းတာတော့ မဟုတ်ဘူး။ သိမ်းပါတယ်။ သင်္ကြန်ပွဲကြီးပြီးလို့ နောက်ဆုံးအတက်နေ့မှာ အမှိုက်တွေ လိုက်ကောက်နေတာ တွေ့မိတယ်။ ဒါပေမဲ့ သင်္ကြန်ဆိုတာက အနည်းဆုံး ၄ရက်ကနေ ၅ရက် ကျင်းပတာမို့ ပွဲတော်ချိန်တွင်းမှာ လမ်းတစ်လျှောက် ညစ်ပတ်နေတာများ မြင်မကောင်းဘူး။

အားလုံးထဲမှာ အကိုက်ဆုံးက ဘီယာဘူးခွံတွေ လိုက်ကောက်တဲ့ သူတွေပဲ။ ကြည့်ဦး။ တစ်နေ့ တစ်နေ့ သင်္ကြန်လည်တဲ့ လူတွေ တစ်ယောက်ကို ၃ဘူးစီပဲ သောက်တယ်ထား။ နည်းမလား။ အန်တီချစ်ကြည်အေးတွေ့တာ တော့ မိန်းကလေးတွေကအစ ပုလင်းလိုက်မော့သောက်နေကြတာပဲ။ နို့ ဘာနဲ့သောက်ရမှာတုန်း အန်တီ…။ အိမ်း…အဲ….။ အေးလေ ပုလင်းလိုက်မော့တော့ နောက်က ဖန်ခွက်မကုန်တော့ဘူးပေါ့။ လုပ်ပါ လုပ်ပါ။ ရိုက်ပေါက်ဖြစ်နေမစိုးလို့ စကားကို ကြည့်ပြောရသေးတယ်။ တော်ကြာ အန်တီချစ်ကြည်အေးကို ဒိုင်နိုဆောရုပ်ကြွင်း မှတ်နေဦးမယ်။

သင်္ကြန်ဆိုတာက အန်တီချစ်ကြည်အေးတို့ ငယ်ငယ်ကနဲ့ အခု ပျော်ကြပုံချင်း ကွာခြားသွားပြီ။ ဟိုတုန်းကလည်း သောက်ကြတာပါပဲ။ ဒါပေမဲ့ ခုလောက် မများဘူး။ ခုလောက် ပေါ်ပေါ်တင်တင် မသောက်ရဲကြဘူး။ ညနေလောက်မှ အချမ်းပြေဆိုပြီး သောက်ကြတာ။ ခုကတော့ မနက်လင်း တာနဲ့ သောက်ကြတော့တာ။ သင်္ကြန်ဆိုတာ တရားဝင် သောက်ပွဲကြီးများလားတောင် ထင်ရတယ်။

သောက်ကြတော့ ဘာဖြစ်လဲ။ ဘာဖြစ်လဲဆိုတော့ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ ရေပက်ခံထွက်ကြတဲ့ အခါမှာ သောက်တော့ မူး၊ မူးတော့ မောင်းတဲ့အခါ အန္တာရာယ် များကုန်ကြတော့တာပေါ့။ အန်တီချစ်ကြည်အေးတို့ မျက်စေ့ရှေ့မှာတင် ဆိုင်ကယ်မှောက်တာ ၂ခါ ကြုံခဲ့ရတယ်။ တစ်စီးတည်းမဟုတ်ဘူး၊ ဘေးက ဆိုင်ကယ်တွေနဲ့ပါ ချိတ်မိပြီး ၃-၄စီးတွဲကြီး ဖြစ်ကြတာ။ အိမ်ကမိဘတွေ ဘယ်လောက် ရင်ကျိုးမလဲ စဉ်းစားသာကြည့်။

သင်္ကြန်ဆိုတာ ပျော်စရာ၊ ချစ်စရာကောင်းတဲ့ မြန်မာလူမျိုးတွေရဲ့ ပွဲတော်ပါ။ ဆင်းရဲချမ်းသာ လူတန်းစား မရွေး သူ့နည်းနဲ့ သူ့ဟန် လူတိုင်း ပျော်နိုင်ကြတဲ့ ပွဲပါ။ အန္တာရာယ် မများစေဘဲ စည်းကမ်း တကျ ပျော်တတ်ကြရင် သိတ်ကောင်းမှာ ပဲလို့ အန်တီချစ်ကြည်အေးက တွေးမိပါတယ်။

မသောက်နဲ့ မပြောပါဘူး၊ နည်းနည်းပါးပါး သောက်။ မဖော်ကြနဲ့ မတိုကြနဲ့ မပြောချင်ပါဘူး၊ အရှက်တော့ လုံခြုံအောင် ၀တ်။ အမှိုက်တွေကိုလည်း စည်းကမ်းတကျ နေရာလေးသတ်မှတ်ပေးပြီး စည်းကမ်းရှိရှိ ပစ်။ ကားလမ်းတွေကိုလည်း ရေပက်ခံကားအတွက်၊ လမ်းသွားလမ်းလာ ယာဉ်တွေအတွက် လမ်းကြောင်းလေးတွေ သတ်မှတ်ပေးပေါ့။ ဒီလိုသာဆိုရင် သိတ်ကောင်းမှာပဲ။ ဒီနှစ်ဆို နိုင်ငံခြားသားတွေ လည်း တော်တော်များများ တွေ့ရတယ်။ ကိုယ့်ရိုးရာပွဲတော်အပေါ် အထင်အမြင်မသေးစေချင်ဘူး။ စည်းကမ်းရှိရှိကျင်းပကြတာပါလားလို့ မြင်သွားစေ့ချင်တယ်။

ပွဲတော်ကြီးအပြီးမှာ " မြန်မာ့ရိုးရာသင်္ကြန်အပေါ် ဘယ်လိုများ မြင်ပါသလဲအန်တီ"လို့များ မေးလာခဲ့ရင် "အရမ်း အရမ်းကို တိုကြ၊ ပြတ်ကြတာပါပဲ ကွယ်" လို့သာ ပြောလိုက်ချင်တော့တယ်။

အေးလေ။ ရာသီဥတုကလည်း ကြွပ်နေ ရွနေအောင် ပူသကို….။

Monday, April 23, 2012

ဘူးညွန့်ပုံပြင်


မနက်စောစောစီးစီး ကျုပ်ရဲ့ လက်စွဲတော်ဟန်းဖုန်းက တတီတီ မြည်လာတာကြောင့် ဒီအချိန်ကြီး ဘယ်ကများပါလိမ့်မလဲလို့ LCD Displayကို ကြည့်လိုက်မိတယ်။ အံမယ်...နှုတ်ခမ်းမွှေးကားကား၊ ဦးကင်းထောင်ထောင်၊ ကိုယ်ပေါ်မှာလည်း ဘယ်ဇာတ် နောက်ဖေး ပေါက်ကများ ဆွဲဝတ်လာသလဲ မသိ၊ ဘာဝတ်စုံမှန်းလည်း မသိတဲ့အဝတ်နဲ့ လူတစ်ယောက်ရယ်။ 

 “ထူးရမည် ဦးရမည် အကျိုးတော်ဆောင်လုပ်ငန်းက အကျိုးတော်ဆောင်ကြီး ဦးငွေမောင်းလားခင်ဗျာ” 

“ဟုတ်ပါ့ဗျား ကျုပ်ပါပဲ ကျုပ်ပါပဲ၊ ဆိုပါဦး ခင်ဗျားက ဘာကြီးတုန်း၊ ပြီးတော့ ကျုပ် ဘာများကူညီနိုင်မတုန်း ဆိုတာလေး” 

“ပြောရတာပေါ့ဗျာ ကျုပ်က နတ်တို့သနင်း သိကြားမင်းပဲဗျ”

အလို...သိကြားမင်းဆိုတာ ဒီငတိကိုး...။ အင်း အရေးကိစ္စကဖြင့် ရှိချေပြီ။ “အစုံလုပ်သည်” ဆိုတဲ့ အကျိုးတော်ဆောင်တွေ အများကြီးထဲကမှ ကျုပ်တစ်ယောက်ကို ရွေးဆက်ရခြင်းကဖြင့် ထူးတော့ ထူးခြားနေသမို့လားဗျ။ 

"အိမ်း...ပြောရတာပ...ကျုပ်တို့ နတ်ပြည်မယ် ခွေးသားရေ အောက်အော့ဖ်စတော့ ဖြစ်နေလို့ဗျ ၊ အဲဒါ ခင်ဗျားများ ဆပ်ပလိုင်း လုပ်နိုင်မလားလို့ပါ.."

 "အလိုဗျာ...အတော်လည်းကြီးကျယ်တဲ့ အမှာပေပဲ...နို့ ..ဘယ်တော့လောက်များ လိုချင်သတုန်းဗျ..."

 "လောလိုက်လေခြင်း ဆိုရင်ဖြင့် ခံရတော့မှာပဲကိုး ယနေ့ကစလို့ ၃ရက်အတွင်းဗျား"

"အို..မြန်ချက်ဖြင့် သိကြားမင်းရယ်..ခင်ဗျား စတော့ခ်လေး နဲနဲမှ အပိုဆောင်မထားပဲကိုးဗျ"

"ဆောင်ထားပါရောလား အကျိုးတော်ဆောင်ကြီးရယ်...သို့ပေမင့် တစ်နေ့တစ်နေ့... လိမ်သူ၊ ကောက် သူ၊ ခေါင်းတုံးပေါ် ထိပ်ကွက်သူ၊ လာဘ်စားသူ၊ ခိုးသူ၊ သတ်သူ၊ ခေါင်းပုံဖြတ်သူ၊ လူအချင်းချင်း လှည့်ပတ် သူတွေက ခင်ဗျားတို့ လူ့ပြည်မယ် တယ်လည်း များသကိုးဗျ အကျိုးတော်ဆောင်ကြီးရ..."

"အဲဒီ့လောက်တောင်ပဲလားဗျာ၊ အင်း လူတွေ လူတွေ...ကျုပ်ဖြင့် ငါးပါးသီလကို ခါးဝတ်ပုဆိုးလို မြဲပြီလားဗျာ၊ ကဲ စိတ်သာချဗျို့ ၃ရက်မြောက်နေ့ကျ ကျုပ်အိမ်ကိုသာ လာခဲ့ပေတော့ဗျား"

 ပြောပြီးမှ ခါးပတ် ပတ်ဝတ်နေရတဲ့ ကျုပ်ပုဆိုးခါးပုံစ ကျုပ် ငုံ့ကြည့်မိတော့တယ်။ ဗိုက်ကွယ်နေလို့ ခါးပတ်ကြီး မမြင်ရတာမို့ လိပ်ပြာလုံသလိုလိုတော့ ရှိတယ်ပေါ့ဗျာ။ 

ကိုင်း...ကျုပ်ဖြင့် အကျိုးတော်ဆောင်တို့ ထုံးစံအတိုင်း နှုတ်ရေး ကြွယ်ကြွယ် ဂတိလွယ်ခဲ့ မိပြီကိုးဗျ။ ကျုပ်လည်း အချိန်ဆိုင်းမနေပဲ မြို့ထဲထွက်လို့ ခွေးသားရေရနိုင်မဲ့ နေရာတွေ၊ တခြား သားရေ အမျိုးမျိုး အရောင်းဆိုင်တွေ၊ ပင်ရင်း၊ ဆိုင်ခွဲ မကျန် စုံတကာစေ့အောင် ရှာပုံတော် ဖွင့်ရသပေါ့ဗျာ။ 

ခက်လိုက်ပုံက ဒီခွေးသားရေဆိုတဲ့ဟာမျိုးကလည်း ဘာလူသုံးကုန်ပစ္စည်းမှ လုပ်ရောင်းရလောက်အောင် အသုံးမကျတဲ့ဟာကိုး၊ ခင်ဗျားတို့ပဲ စဉ်းစားကြည့်လေ ခွေးသားရေ ပိုက်ဆံအိတ်၊ ခွေးသားရေ ဘွတ်ဖိနပ်၊ ခွေးသားရေ ဂျာကင်ရယ်လို့များ ကြားဖူးကြလို့လား။ တစ်နေသာကုန်ရော ကျုပ်ဖြင့် ခေါင်းတွေ လဲခြောက်၊ ခြေထောက်တွေလဲ ညောင်းလို့၊ ငွေကုန်သံပြာသာ ဖြစ်ကရော၊ ခွေးသားရေဖြင့် ရှာမရခဲ့ပေါင် ဗျာ...။ 

***************************** 

နက်ဖြန်ခါ ဆိုရင်ဖြင့် သိကြားမင်းက ခွေးသားရေ လာယူပေတော့မယ်။ မဖြစ်ချေဘူး။ ဒီကနေ့တော့ဖြင့် ရအောင်ရှာမှ ဖြစ်တော့မယ်။ အဲ...ရှာလို့မရတဲ့ အဆုံးမတော့ ခွေးလေခွေးလွင့်တွေ ဖမ်းလို့ ကျုပ်ကိုယ်တိုင် ပဲ အရေ ဆုတ်ပစ်ရမှာပဲကွယ်ရို့...။ ဘုရား ဘုရား...ပါဏာတိပါတာလည်း ဝေရမဏိနိုင်တော့မယ် မထင်။ ခါးဝတ်ပုဆိုးလို မြဲပါတယ် ဆိုတဲ့ ကျုပ်ရဲ့ ငါးပါးသီလလေးလည်း ဖုတ်လှိုက် ဖုတ်လှိုက် ဖြစ်ရှာတယ်။  

 အောင်မာလေး... လိုချင်ပါတယ်ဆိုမှ ရှားလိုက်တဲ့ ခွေးလေခွေးလွင့်၊ ကျုပ်အဖြစ်က ကုလားပြည်သွား ပြီး နှုတ်ခမ်းမွှေးမပါတဲ့ကုလား အရှာထွက်နေတာနဲ့ တူနေသကိုးဗျ။ မြို့တော်မှာ ခွေးလေခွေးလွင့် မရှိပုံထောက်တော့ မြို့တော်စည်ပင်ရဲ့ အမဲတုံးစီမံကိန်းနဲ့ ခွေးတွေခမျာ နောက်ဘဝအတွက် အိတ်စပရက်စ်ဗီဇာ ရသွားကြရှာပြီထင်ပါရဲ့။ တစ်ကောင် တစ်မှီးမှ မတွေ့တဲ့အဆုံး စိတ်ပျက်လက်ပျက် နဲ့ လျှောက်လာလိုက်တာ မြို့ထဲကျော်လို့ မြို့စွန်တောင် ဝင်လာပါရော့လား။ ဟော...ရှေ့မှာ မွေးမြူရေး ခြံကြီး တစ်ခြံ ။ ခြံရှေ့က ဆိုင်းဘုတ်ကြောင့် ကျုပ်မျက်လုံးတွေ လက်ခနဲ၊ ကျုပ်ခေါင်းထဲလဲ ဘတ်သီးတစ်ချက် လင်းခနဲ။ 

" နွား နှင့် နွားထွက်ပစ္စည်းမျိုးစုံ အရောင်းဆိုင် "

 နွားသားရေက နဲနဲတော့ဖြင့် ပိုထူပါရဲ့၊ ဒါပေသိ သူတို့က ဖိစက်နဲ့ပြားချ ၊ နန်းဆွဲစက်နဲ့ ဆွဲဆန့်ပြီး ပါးအောင် လုပ်ပေးနိုင်သတဲ့။ ကျုပ်လိုချင်တဲ့ အရွယ်အစားအတိုင်းလဲ ဖြတ်တောက်ပေး အုံးမဲ့အပြင် ကျုပ်အတွက် မေတ္တာလက်ဆောင် နွားချိုတစ်စုံတောင် ပေးအုံးမတဲ့။ ဟန်ကျလိုက်လေ...။ 

 ဒီလိုနဲ့ ချိန်းထားတဲ့ နောက်တစ်နေ့ ညနေ ရောက်လာပါရော....။ သိကြားမင်းကိုယ်တိုင် “တာဝတိံသာစက်မှုဇုန်တွင် တပ်ဆင် ထုတ်လုပ်သည်” ဆိုတဲ့ သူ့ရဲ့ ပရိုက်ဗိတ်ဂျက်ကလေးမောင်းလို့ ကျုပ်ဆီ ရောက်ချလာသဗျ။ ခွေးသားရေ အဲလေ နွားသားရေတွေ ပိုက်လို့၊ အပျော်ကြီး ပျော်လို့၊ ချက်ချင်း ငွေချေရှာတယ်။ ကျုပ်တိုက်တဲ့ အပြင်းစား မြန်မာဘီယာလေးတောင် သောက်မသွားရှာဘူး။ 

" လမ်းမှာ စစ်တဲ့ ဆေးတဲ့ TPT တွေ ဖမ်းနေပါအုံးမယ်ဗျာ " တဲ့။

"ဘာတုံးဗျ TPT " ဆိုတော့ " Traffic Police of Ta-wa-rain-thar" တဲ့လေ။

********************************* 

 မင်းမှာသစ္စာ လူမှာကတိ ဆိုသမို့လားဗျ၊ သိကြားမင်းပြန်တာနဲ့ ကျုပ်လည်း ပေးထားတဲ့ ကတိ အတိုင်း နွားခြံသွားလို့ ချက်ချင်းပဲ ငွေ သွားချေခဲ့ပါတယ်။ 

ခက်လိုက်တဲ့ ကောင်တွေဗျာ၊ ပြောတုန်းက ဈေးတစ်မျိုး ၊ လုပ်ရတာ သီးသန့်အမှာ (Custom-made) မို့လို့ ခက်သလေး ဘာလေးနဲ့ ခုတော့ ငွေပိုတောင်းတယ်လေ။ ကျုပ်ကလည်း နှုတ်ကတိတစ်လုံး တန်ဘိုး ထားတဲ့ကောင်ကိုးဗျ ၊ ဒီတော့ စာရွက်စာတမ်းတွေ ဘာတွေ မချုပ်မိဘူးပေါ့ဗျာ။ အရှည် အရှည်တွေ ပြော မနေချင်တာရယ်၊ ကျုပ်ကိုယ်တိုင်လဲ မြက်မြက်ကလေး စားလိုက်ရတာရယ်ကြောင့် သူတို့တောင်းတဲ့ ဈေး ပဲပေးခဲ့ပါရဲ့ ။ 

ကျုပ် စိတ်အဆိုးဆုံးက နွားချိုတစ်စုံ မပေးတာပဲဗျို့။ ပေးမယ်ဆိုပြီးကာမှ မပေးဘဲ လှည့်စားတာကတော့ မကောင်းဘူး မဟုတ်လားဗျာ...။ အဲဒါပဲဗျ၊ လူတွေဟာ ခက်တယ်။ နတ်ပြည်မှာ ခွေးသားရေ ပြတ်ရ လပ်ရလောက်အောင် ငါးပါးသီလတွေ ပျက်ပြား၊ အကျင့်သိက္ခာတွေ ချစားလို့။ အိမ်း ကျုပ်ကဖြင့် ဘုရားရှေ့ နေ့တိုင်း ငါးပါးသီလ ယူနေတဲ့သူ ပါဗျာ။ အဲ...တစ်ခုတော့ ရှိသပေါ့၊ 

သိကြားမင်းကြီးကို ခွေးသားရေနဲ့ နွားသားရေ အင်ထုလိုက်တာလေး တစ်ခုက လွဲလို့ပေါ့ဗျာ။ 

 **************************** 

 ပရောဂျက်လေးတစ်ခု အောင်မြင်သွားတာမို့ စိတ်ရောကိုယ်ပါ အနားယူရင်း စလောင်းကလွင့်တဲ့ ကမ္ဘာ့ သတင်းလေး ဘာလေးကြည့်ဖို့ တီဗီရှေ့ထိုင်လိုက်တယ်။ အဲသလို တီဗီရှေ့ထိုင်လိုက်တယ်ဆိုရင်ပဲ လွှင့်နေတဲ့ သတင်းတစ်ပုဒ်ကြောင့် ကျုပ် ဒေါသတွေ ထိပ်တက် မွှန်တော့တာ။ ကျုပ်ဆီက နွားသားရေ အဲလေ ခွေးသားရေဝယ်သွားတဲ့ကောင်ဟာ သိကြားမင်းအတုတဲ့ဗျ။ 

ထင်တော့ထင်သား၊ သိကြားမင်းသာ ဆိုတယ် သုဇိတာတို့၊ သုမာလာတို့ ကြွေရလောက်အောင်မှ မဖြောင့်တဲ့ရုပ် လို့။ ဒီကောင်က နတ်ပြည်မှာ ခွေးသားရေပြတ်လပ်နေတဲ့သတင်းရပြီး ကျုပ်ဆီကလာဝယ်၊ ပြီးမှ နတ်ပြည် တက်ပြီး သိကြားမင်းဆီ မှောင်ခိုဈေးနဲ့ သွားသွင်းတဲ့ကောင်။ နာမည်သုံးလုံးနဲ့ လုပ်စားနေတဲ့ သိကြားမင်းပဲ၊ အချဉ်မှ မဟုတ်တာ။ ကျုပ်တို့လူတွေ မိန်းမလေးတစ်ယောက်လောက်နဲ့တောင် ဂျွမ်းပစ်နေတဲ့အချိန်မှာ သူက လေးယောက် ဖမ်းထိန်းထားတာ ပဲဗျာ။ မှောင်ခိုအားမပေးတဲ့ အပြင် ခွေးသားရေအစစ် မဟုတ်မှန်းသိသွားပြီး ခုတော့ ဒီကောင့်ကို ဆွဲစေ့ထားလိုက်ပြီလေ။ နောက်မှ စစ်ဆေးပြီး လိုအပ်ရင် အမှုကို ငရဲပြည် ထရန်စဖာလုပ်မယ် ဆိုတာပဲ။ 

ဒါက အကြောင်းလား၊ ဒီလိုအကောင်မျိုး ငရဲပြည်မကလို့ ဘယ်ပြည်ပဲ ထရန်စဖာလုပ်လုပ်။ “ခွေးသားရေ အတု ဘယ်ကရသလဲ” မေးလို့မှ ကျုပ်ကိုပါ ဆွဲထည့်ရင် မခက်ပါလား။ ကျုပ်ရဲ့ “ထူးရမည် ဦးရမည်” အကျိုးတော်ဆောင်လုပ်ငန်းကြီး မြောင်းထဲရောက်ရမဲ့အဖြစ်။ 

ဒါမျိုးတော့ ကျုပ်နည်းနည်းကလေးမှ အဖြစ်မခံနိုင်ဘူး။ ကြံစမ်း ကြံထားစမ်း၊ ဒီအကောင်ကို ဘယ်လိုနည်း နဲ့ နှုတ်ပိတ်ရင် ကောင်းမလဲ။ ဒါမှမဟုတ် သိကြားမင်းရဲ့ မယားလေးယောက်ကိုပဲ လာဘ်ထိုးရ မလား။ ငရဲပြည်က ယမမင်းကိုပဲ ချဉ်းကပ်ရင် ကောင်းမလား။ တွေးလေ တွေးလေ မထွက်လေ၊ လူက မော လာလေ။ ကျုပ်ကိုယ်မှာလည်း ချွေးစေးတွေက ရေချိုးထားသလို နစ်နေပြီ။ 

**************************** 

“ကိုငွေမောင်း ထတော့၊ ကိုငွေမောင်း ထတော့လေ ရှင်ပဲ ပြောထားပြီး မနက်စောစောနှိုးဆို၊ ဒီနေ့ ရှင်တို့ ဘုရားဂေါပကအဖွဲ့ အစည်းအဝေးရှိလို့ ဆို”

 “အင် အင်း၊ ဟိုကောင် ဟိုကောင်ရော”

 “ဘာ ဘယ်က ဟိုကောင်လဲ”

 “သိကြားမင်းအတုလေ”

“ဟမ် ဘာ ကိုငွေမောင်း ရှင်ကတော့လေ ကယောင်ကတန်းနဲ့၊ ထ ထ နောက်ကျနေဦးမယ် တစ်ကိုယ်လုံး လည်း ချွေးတွေကို ရွှဲလို့”

“အေးကွာ ညက မီးမလာတော့ အဲကွန်းမဖွင့်မိဘဲ ဒီတိုင်း အိပ်ပျော်သွားတာကိုးကွ၊ မီတာခ သက်သာ တာပေါ့ကွာ၊ ဟာ သိလား ခင်ကျော့ရယ် ငါလေ အိပ်မက်ရှည်ကြီး မက်နေလို့ကွ၊ ဒီလို...”

သူ့အိပ်မက်ကို အတတ်နိုင်ဆုံး အကျဉ်းချူံးပြီး သူ့မိန်းမ မခင်ကျော့ကို ပြောပြလိုက်တယ်။ သူ့အိပ်မက်ကို နားထောင်အပြီးမှာ မခင်ကျော့က ပုခုံးလေးနှစ်ဘက် ဟန်ပါပါတွန့်လို့ တဟင်းဟင်း ရယ်လေတယ်။

“ရှင့်အိပ်မက်ကြီးက ခေတ်မှ မမီတော့တာဘဲ ကိုငွေမောင်းရယ်၊ အိုင်တီခေတ်ကြီးထဲမှာ သိကြားမင်းက ခွေးသားရေ သုံးဦးမှာလားရှင့်၊ အိုင်ပက်တို့ အိုင်ဖုန်းတို့ နှုတ်ဘုတ်တို့ပဲ သုံးတော့မပေါ့၊ ဟင်းဟင်းဟင်း” 

“ဟာကွာ ခင်ကျော့ကလည်း မီးတွေဘာတွေပျက်တော့ မင်းအိုင်ပက်တို့ နှုတ်ဘုတ်တို့က ဖယောင်းတိုင်နဲ့ ဖွင့်  ရလို့လား ကဲ”

“အင်း ဒါတော့လည်း ကိုငွေမောင်းပြောတာ ဟုတ်ပြန်ရော၊ သိလား ကျွန်မအဖေကလေ ရှင့်ကို ကျွန်မ လက်ထပ်မယ်ဆိုတုန်းက စကားတစ်ခွန်းပြောတယ်။ ငါ့သမီး ခင်ကျော့ မသေမချင်းမှတ်ထား၊ ပွဲစား ဆိုတဲ့ ကောင်မျိုးဟာ အင်မတန် ရိုးလွန်း ဖြောင့်လွန်း ပါတယ် ဆိုတဲ့ ကောင်တောင် ဘူးညွန့် လောက်တော့ ကောက်သေးတာ တဲ့” ပြောပြီး မခင်ကျော့က မခိုးမခန့်ရယ်တယ်။ 

အဲဒီစကားကိုတော့ ကိုငွေမောင်းက မရယ်နိုင်ပါဘူး။ အရင်တုန်းက သူကလည်း ပွဲစားပေကိုး။

 “ဒါနဲ့ နေပါဦး ခင်ကျော့ရဲ့၊ မင်းက စောစောစီးစီး ဝတ်လို့စားလို့ ဘယ်သွားမလို့လဲ”

 “လမ်းထိပ်က ရှင့်သူငယ်ချင်းကောင်းကြီးလေ၊ မူးလာပြီး မိန်းမကို ရိုက်ထားလိုက်တာ ဖူးယောင်လို့၊ အဲဒါ သူ့မိန်းမလေးက ကွဲမယ် ကွာမယ်နဲ့ ကျွန်မတို့အဖွဲ့ကို လာတိုင်လို့လေ။ အဲဒီကိစ္စ သွားဖြေရှင်းကြမလို့” 

 ပြောပြီး မခင်ကျော့က စိမ်းပြာရောင်ဝတ်စုံနဲ့ ပုဝါလေး စုံချလို့ ကော့ကော့ ကော့ကော့နဲ့ ထွက်သွားတော့ တယ်။ ကိုငွေမောင်းမှာသာ အဖြောင့်ဆုံးဘူးညွန့်က ဘယ်လောက်များ ကောက်ပါလိမ့်မလဲ လို့ တွေးရင်း ကျန်ရစ်တယ်။ 


Style Satire
New Style-စတိုင်သစ် မဂ္ဂဇင်း၊ ဧပြီလ-၂၀၁၂


 

Friday, April 20, 2012

အပြာရောင်ဝန်ဆောင်မှုထဲက အမှောင်ခါးခါး

ခိုင်စိုးလင်းစီစဉ်တဲ့ Bluish Business-အပြာရောင်ဝန်ဆောင်မှု ဆိုတဲ့စာအုပ်ထဲ ပါဝင်ရေးသားခဲ့တဲ့ စာလေးတစ်ပုဒ်ပါ။ ထွက်တာက ဧပြီ ၁၄ရက်နေ့ကပေမဲ့ ကျွန်မ ခရီးသွားနေတာကြောင့် ခုမှပဲ တင်ဖြစ်ပါတယ်။ 

စာစီ ပြင်ဆင်-ခိုင်စိုးလင်း 
အဖုံးပန်းချီ-သူရိန်ရဲမြင့် 
အတွင်းပုံများ-ပန်ဒိုရာ 

ပါဝင်ရေးသားကြသူများ-ကောင်းကင်ကို၊ ကိုကိုသက်၊ ကိုမျိုး၊ ကျော်ညိုသွေး၊ ကြည်သက်ဟန်၊ ခိုင်စိုးလင်း၊ ချိုပိန်းနောင်၊ ညီဇံလှ၊ ညိုမင်းခ၊ နေမြဲ၊ ပန်ဒိုရာ၊ ဖိုးခွား၊ မအိ၊ မောင်ယုပိုင်၊ မိုးလှိုင်ည၊ မှိုင်း (ဆေး-၂)၊ မှူးဒါရီ၊ ရင်ခွင်ရှိန်း၊ လင်းဒီပ၊ သက်ထွေး၊ သက်ဝေ၊ ဟယ်ရီလွင်၊ အောင်ဖြိုး၊ အိန္ဒြာ၊ သြမြိုင်နဲ့ ချစ်ကြည်အေး 



ကျွန်မက တံခါးတစ်ချပ်ရဲ့ နောက်ကွယ်မှာ။ ဘယ်သူ ဘယ်ဝါ ဖြူမှန်း မဲမှန်း မသိတဲ့ တစ်ယောက်သော သူကို စောင့်နေခဲ့တယ်။ သူ လာမှာပါ။ တစ်ရက်ကြိုတင်ပေးထားတဲ့ စရံငွေကို အဆုံးမခံနိုင်လို့ဆိုတာထက် ကျွန်မဆီက ၀တ်ကျေတန်းကျေထက်ပိုတဲ့ ၀န်ဆောင်မှုတွေကို ရှင် မြည်းစမ်းချင်နေခဲ့တာ လို့ ကျွန်မ သေချာတယ်။ မင်း ဘယ်မှာလဲတဲ့။ ကျွန်မရှိနေတဲ့ အခန်းနံပါတ်ကို ရှင့်ဆီ ဖုန်းမက်ဆေ့ခ်ျ ပို့အပြီးမှာ မွေ့ယာပေါ်က ထထိုင်ရင်း ၀တ်ထားတဲ့ ရှပ်အင်္ကျီ အပေါ်ကြယ်သီး နှစ်လုံးကို ဖြုတ်၊ ၀တ်ထားတဲ့ ဂျင်းန်ပန်န်ကိုပါ ချွတ်ချပြီး ခုတင်ဘေးက စားပွဲခုံ အသေးလေးပေါ် ပစ်တင်ထားလိုက်တယ်။ ဒါတောင် ဖို့ယို့ဖားယားရှပ်အင်္ကျီက အတော်လေး ရှည်လျားနေသေးတာ။ 

ဆံပင်ကောက်ကောက်ပွပွကြီးကို နဖူးအပြောင်သိမ်းပြီး ငယ်ထိပ်ပေါ်မှာ စုချည်ထားလိုက်တယ်။ ဘယ်ရီသီးအနံ့ နှုတ်ခမ်းဆိုးဆေးအဆီကို ပြောင်ရွှဲနေအောင် ဆိုးပြီးမှ တစ်ရှူးစလေးနဲ့ ဖိကပ်ပြီး သဘာဝနှုတ်ခမ်း သန္တာရောင်လေးအတိုင်းပဲ ထားလိုက်တယ်။ ဖိကပ်နမ်းရှိုက်လိုက်တဲ့အခါ ကျွန်မနှုတ်ခမ်းက ဘယ်ရီသီးရနံ့လေးက ရှင့်ကို ရူးသွပ်သွားစေမှာ။ ရုပ်မြင်သံကြားစက်ကို ပိတ်လိုက်ပြီး ရေဒီယိုက အချစ်သီချင်း ညိမ့်ညိမ့်လေးတွေကိုပဲ ပြောင်းဖွင့်ထား လိုက်တယ်။ ကျွန်မအပေါ်က လွဲလို့ တစ်ခြားအာရုံတွေ ရှင့်မှာ ရှိမနေစေချင်ဘူး။ ယူလာတဲ့ နှင်းဆီရနံ့ ရေမွှေးလေးကို ခပ်ပါးပါး ဖြန်းပက်ထားလိုက်သေးတယ်။ အခန်းထဲမှာ ခပ်ဖျော့ဖျော့လေး မွှေးမြရင်း ရှင့်ကို ကြိုနေလိမ့် မယ်။ ဒါ ကျွန်မ လုပ်ရိုးလုပ်စဉ်တွေပဲ။ ဒါ ကျွန်မရဲ့ သူများတွေနဲ့ မတူတဲ့ အပိုဝန်ဆောင်မှုတွေပဲ။ 

Mr. B ကပြောတယ်။ ရှင်ဟာ pretty woman ထဲက ရစ်ချက်ဂီရီလို သူဋ္ဌေးကြီးတဲ့။ ကျွန်မကို နင်သာ ဂျူလီယာရောဘတ် ဖြစ်ပါစေတဲ့။ ဟဟဟ…ရယ်ရတယ်။ သွားစမ်းပါ။ ကျွန်မဟာ ပရော်ဖက်ရှင်နယ်ဆိုတာ ရှင် မေ့သွားပြီလား Mr.B…။ အိမ်ထောင်ရှိတဲ့ ဘယ်ယောကျာ်းကိုမဆို ကျွန်မ ဘယ်တော့မှ အမိ မဖမ်းဘူး။ အိမ်မှာ ကျန်နေခဲ့တဲ့ မိန်းမတွေကို အမျိုးသမီးချင်း ကျွန်မ ကိုယ်ချင်းစာတယ်။ အချိန်တန်ရင် သူဟာ အိမ်ပြန်ရမှာ။ သူ့မိသားစုရှိရာ ပြန်ရမှာ…။ ပြန်သွားစမ်းပါစေလေ….။ 

တံခါးဘဲလ်သံအကြားမှာ ကျွန်မ မှန်ထဲကို အပြီးသတ် တစ်ချက် ပြုံးကြည့်လိုက်ရင်း တံခါးအ၀ဆီ လျှောက်လာခဲ့လိုက်တယ်။ 

ရှင်ဟာ.…။ လက်ထဲမှာ အနီရဲရဲ နှင်းဆီပန်းစည်းကို ကိုင်လို့။ ကျွန်မလက်ထဲ ပန်းစည်းကိုထည့်ရင်း ပွေ့ဖက် နှုတ်ဆက်လိုက်တဲ့အခါ ကျွန်မလည်တိုင်တစ်ဝိုက် နွေးကနဲ။ တစ်ခါမှ မဖြစ်ဖူးတဲ့ ရှိန်းတိန်းတိန်း နွေးထွေး လှိုက်ဖိုမှုတွေ….။ ကျွန်မ ခပ်ပေါ့ပေါ့ တစ်ချက်ရယ်လိုက်မိသလားပဲ။ ပန်းစည်းကို မှန်တင်ခုံပေါ် အသာလေး တင်ထားပြီး ကျွန်မလက်တွေက ကျင့်သားရစွာ သူ့ရှပ်ကြယ်သီးတွေကို လှမ်းဖြုတ်နေလိုက်မိတယ်။ 

 ရေအရင် ချိုးမယ် မဟုတ်လား၊ ရှင်ပင်ပန်းလာမှာပေါ့ လာလေ။ သူ့ကုတ်အင်္ကျီကို ကျွန်မချွတ်ပေးတဲ့အထိ ငြိမ်ခံနေသေးတယ်။ သဘက်အဖြူရောင်ကို ရင်လျားပြီး ကျွန်မပါ ရေချိုးခန်းထဲ လိုက်ဝင်တော့မှ နိုး နိုး နိုး…ကိုယ်တစ်ယောက်ထဲ ချိုးပါရစေ မာရီယာ၊ အပြင်ကပဲ စောင့်နေနော် တဲ့။ ကျွန်မ သတိလက်လွတ် ရွှီကနဲ ခပ်လှောင်လှောင် လေချွန်လိုက်မိတော့ သူက ကျွန်မကို မျက်စေ့တစ်ဘက် မှိတ်ပြတယ်။ ဘာအထာလဲကွာ။ 

သင်းသင်းလေး မွှေးမြနေတဲ့ ဆပ်ပြာနံ့ လတ်လတ်ဆတ်ဆတ်က ရှင့်အရင် ရေချိုးခန်းထဲက ထွက်လာတယ်။ ရှင့်ဆံပင်အစိုတွေကို တဘက်နဲ့ ကူသုတ်ပေးတော့ ကလေးတစ်ယောက်လို ခေါင်းလေး ထိုးပေးလာတယ်။ ကြာတယ်ရှင်…။ ဒီနေ့ ကျွန်မ ချစ်သူနဲ့ ချိန်းထားသေးတယ်ရှင့်၊ ရှင့်တစ်ယောက်ထဲကို အန်တာတိန်း ရမှာ မဟုတ်ဘူး။ ကျွန်မ စိတ်ထဲက ပြောနေမိတာရယ်။ 

မာရီယာ ကိုယ့်ကို ကော်ဖီ တစ်ခွက်လောက် ဖျော်တိုက်ပါလားဟင် တဲ့။ ရှင်…တစ်ကယ် အချိန်ရလို့လား၊ ၂နာရီစာပဲနော်။ ကျွန်မမှာ အချိန်ပို မရှိဘူးရှင့်။ ဟာကွာ ကိုယ် Mr. Bကို ပြောထားပြီးသား။ မင်း ကိုယ်နဲ့ အတူ ဒီတစ်ညလုံး ရှိနေရမှာလေ။ မဖြစ်နိုင်တာ၊ Mr.B ကို ကျွန်မ နည်းနည်းတော့ တင်းသွားတယ်။ သူ ပိုက်ဆံ ပိုလိုချင်တာနဲ့ပဲ ကျွန်မက….။ 

ဒီနေ့က ကျွန်မရည်းစားမွေးနေ့ရှင့်။ ကျွန်မ သူနဲ့ ချိန်းထားသေးတယ်။ ဟုတ်လား စိတ်ဝင်စားစရာပဲကွာ၊ နေပါဦး မင်းရည်းစားကရော ဘာလုပ်လဲ၊ မင်း ဒီအလုပ် လုပ်နေတာကိုရော သူ သိလား။ ဒါ ရှင့်အပူလား၊ ဘာကြောင့် ရှင့်ကို ပြောပြရမှာလဲ။ သူလား…သိတာပေါ့။ သူက Escort Service မှာလုပ်တယ်။ အဖွားကြီးတွေ အဖော်လိုရင် ဘော်ဒီဂါတ် အနေနဲ့ လိုက်ပေးတယ်။ ပါတီတို့၊ ကလပ်ဘ်တို့ကိုဆိုပါတော့။ နာရီပိုင်းနဲ့လား၊ Escort ပဲလား၊ full service လား။ ရတယ်။ အဲသလိုမျိုးလေ။ အိုး…ကျွန်မ ပြောမိပြီ။ ဒီလူ ဘာဆေးတွေများ ဆောင်ထားပါလိမ့်။ ကျွန်မ သူမေးသမျှ လိုက်လျောဖြေဆို နေမိတော့တာ။ အံ့သြစရာရယ်။ သူ တစ်ချက် ရယ်တယ်။ မခိုးမခန့်နဲ့။ 

မင်းတို့က လက်ထပ်ဖို့ထိ ရည်ရွယ် ထားပြီးသားလား။ အင်း ရည်ရွယ်ထားပြီးသားပေါ့။ ဒါပေမဲ့ ကျွန်မတို့ ငွေစုနေတုန်း။ သူက တစ်ချိန်လုံး ငွေလိုနေတဲ့လူ။ ခုထိ ကျွန်မက ဖို့နေရတုန်း။ သူ့မိဘတွေကိုလည်း ကျွန်မ ငွေလှမ်းပို့ပေးသားပဲ။ သူကမှ မပို့နိုင်တာ။ ဟင့်အင်း ကျွန်မအမေဆီကိုလား၊ မပို့ပါဘူး။ သူယူထားတဲ့ နောက်ယောကျာ်းကြီးက သူ့ကို လုပ်ကျွေးလိမ့်မှာပေါ့။ ကျွန်မကို အဲဒီဟာကြီးနဲ့ လွှတ်ပေးတာကိုတော့ ကျွန်မ ရင်အနာဆုံးပဲ။ ကျွန်မ အပျိုပေါက်ဖြစ်စမှာ ပန်းကောင်းအညွန့်ချိုးခဲ့တဲ့ လူကြီး။ အဲဒီလူကြီးဆန္ဒပြည့်အောင် အမေက ကျွန်မကို ထိုးကျွေးခဲ့တာ။ အဲဒီနောက်တော့ ကျွန်မလည်း အိမ်က ထွက်ပြေးလာခဲ့တာ။ ခု ရှင် မြင်တဲ့အတိုင်းပဲ ဆိုပါတော့။ 

 ကျွန်မရည်းစားနဲ့လား၊ လက်ထပ်မှာပေါ့။ သူက ကြီးကြီးကျယ်ကျယ် လက်မထပ်ခင် ကျွန်မကို ဆေးစစ်ရမလေး ဘာလေးနဲ့။ ဒီမှာက မှတ်ပုံတင်ပြီး တရားဝင် လိုင်စင်နဲ့ လုပ်နေတာပါ။ ကျွန်မတို့ကို အလုပ်ရှင်က ၆လတစ်ကြိမ် ဆေးစစ်ပေးပြီး ကျန်းမာရေးလက်မှတ် ယူထားရတာပါနော်။ ကော်ဖီတစ်ကျိုက်သောက်ရင်း ရှင်က ပြုံးသေးတယ်။ ဘာလဲ ဒါက လူကို လှောင်ချင်တဲ့ သဘောလား။ 

silent tone မှာ ထားထားတဲ့ ကျွန်မဖုန်းရဲ့ ဗိုင်ဗရိတ်ရှင်းမြည်သံကြားတော့ ကျွန်မက အသာလေး ပြန်ပိတ်လိုက်တာ။ ဒါကို သူက မြင်ဖြစ်အောင် မြင်သွားသေးတယ်။ ဒါပေမဲ့ ရပ်မသွားဘူး။ ဖုန်းက နောက်တစ်ခါ၊ နောက်တစ်ခါ အကြိမ်ကြိမ် မြည်နေတော့။ မင်းရည်းစားဆီက ဖုန်း မဟုတ် လား။ ဖြေလိုက်ပါ၊ ရပါတယ်။ ကျေးဇူးတင်ပါတယ်ရှင့် ခဏလေးပါနော်။ ဟန်နီ ကိုယ် ဒီည မအားနိုင်တော့ ဘူး ထင်ပါရဲ့။ မနက်ဖြန် ဆက်ဆက်နော်…ကိုယ်ကတိပေးတယ်။ ဟုတ်ပြီလား။ ဘာလဲဟ ကိုယ်လက်ခံထားတာ မဟုတ်ဘူး။ Mr.B စီစဉ်ပြီး ပိုက်ဆံပါယူထားပြီးသား။ နားလည်စမ်းပါကွာ ကိုယ် ဒီမှာ အလုပ် လုပ်နေတာပါ။ ဒါဆိုလည်း မင်းသဘောပဲကွာ F***ing ဂွတ်နိုက်ပဲ idiot…မင်း လုပ်ချင်တာသာ လုပ်လိုက်။ 

စိတ်ပေါက်ပေါက်နဲ့ ဖုန်းကို အခန်းထောင့် လွှင့်ပစ်လိုက်တော့တယ်။ ဆောရီးပဲရှင် ကဲ ဆက်မေးပါလေ။ ရှင်က ဒီမေးခွန်းတွေအတွက် ကျွန်မကို ပိုက်ဆံပေးထားတာ မဟုတ်လား။ ကျွန်မက ရွဲ့ပြောတော့ သူ ရယ်နေတယ်။ ခဏလေး ကျွန်မ ၀ရံတာထွက်ပြီး ဆေးလိပ်လေး တစ်လိပ်လောက် သောက်ပါရစေနော်။ ခဏလေးပါ။ အေး အဲဒီအချိန်အတွက် မင်း ငါ့ကို အချိန်ပြန် ပေးရမှာနော်။ သေလိုက်။ ဟဟဟား…သဘောတကျ ရယ်လို့၊ ရှင် အတော် အူမြူးနေတယ်ပေါ့လေ။ 

ရှင့်အိမ်က မိန်းမက ပျင်းစရာကောင်းသတဲ့။ ရှင် ပြောခဲ့တယ်။ ဒီတော့ ကျွန်မက ရှင့်ကို ပျော်အောင် လုပ်ပေးနိုင်မယ်လို့ ရှင် ထင်တယ်ပေါ့လေ၊ ဟုတ်လား။ ယောကျာ်းတွေအားလုံးဟာ ဒီလိုတွေပဲလား….။ မိန်းမနောက်ကွယ်မှာ အပျော်ရှာကြတာ အိမ်ကမိန်းမက ပျင်းစရာကောင်းလို့ပါတဲ့။ ဟဟဟား…။ 

 ဒီလိုပဲ စကားတွေက ဟိုရောက် ဒီရောက်။ 

အင်း…ကိုယ် မင်းကို အိမ်တစ်ဆောင် မီးတစ်ပြောင်နဲ့ ထားပါမယ်ဆိုရင်ရောကွာ။ အိုး ဒါတော့ တကယ့်ဟာသပဲ၊ ဒါပေမဲ့ မရယ်ရဘူးရှင်။ ရှင် ပြန်ပါ။ ကျွန်မကို ရှင့်တစ်ဦးတည်းပိုင် အမြှောင်မယားလုပ်၊ ရှင်က ရှင်သွားလေရာ နေရာ၊ နိုင်ငံအနှံ့မှာ ကျွန်မလို မိန်းကလေးတွေကို တစ်အိုး တစ်အိမ်ထူထောင်ပေးပြီး တစ်ရွာ တစ်ကျီ ဆောက်နေဦးမှာ။ ရှင်တစ်ကယ် မြတ်မြတ်နိုးနိုးချစ်တာဆိုရင် တရားဝင် လက်ထပ်ယူလိုက်လေ။ ဟဟ။ ကျွန်မက အိမ်ထောင်ရက်သား အတည်တကျရှိလာတဲ့အခါ သာယာတဲ့ အိမ်ထောင်ရေးလေး တစ်ခု၊ မိသားစုဘ၀လေးတစ်ခု ရချင်မိတာ၊ မျှော်လင့်မိနေတာ။ 

ရှင် ပြန်ပါတော့.…။ Mr.Bကို ငွေ ဘယ်လောက် ပေးထားလဲ။ ကျွန်မ ပြန်အမ်းခိုင်းလိုက်မယ်။
ကျွန်မမှ ရှင့်ကို ဘာမှ….
ကျွန်မ စကားမဆုံးနိုင်ခဲ့....တော့။

အပြင်မှာ မိုးမလင်းသေးဘူး။ ကျွန်မစာမျက်နှာတွေလည်း မှောင်နေတုန်းပဲ…။

                                      @@@@@@@@@@@@@@

မိတ်ဆွေတွေရဲ့ လက်ရာကောင်းလေးတွေကို ဖတ်ချင်တယ်ဆိုရင်တော့ ဒီမှာ ဒေါင်းပြီး ဖတ်နိုင်ပါတယ်