Sunday, March 11, 2012

စိနတိုင်းသွားတောလား-၉

တစ်ကယ်ဆို တရုတ်ပြည်သွား ခရီးစဉ်ကို မြန်မြန်ဖြတ်လိုက်ချင်ပြီ။ ဒါပေမဲ့ သွားခဲ့တဲ့ နေရာတွေက များတော့ ရေးချင်တာတွေကလည်း များနေတယ်။ ဟိုဟာလေးလည်း ရေးလိုက်ချင်၊ ဒီဟာလေးလည်း ရေးလိုက်ချင် အဲသလို ဖြစ်နေတယ်။ ဘာပဲပြောပြော ဒီလကုန်လောက်တော့ အပြီးဖြတ် မယ်။ မရ ရအောင် ဖြတ်မယ်လို့ စိတ်ဒုံးဒုံးချထားတယ်။ ကဲ ဆက်ကြရအောင်နော်....။

ဘေဂျင်းအပြင် ကျွန်မတို့ သွားခဲ့တဲ့ နောက်ထပ်မြို့လေးတစ်မြို့ကတော့ Cheng De Zhan ဆိုတဲ့ မြို့ကလေးပါ။ ချန်းသာ့လို့ အသံထွက်ကြပါတယ်။ အရင်ကတော့ Jehol (ကျဲ့ဟိုး လို့ အသံထွက်မယ် ထင်ပါရဲ့) လို့ ခေါ်တွင်ခဲ့ကြတဲ့ အဲဒီ့ မြို့ကလေးဟာ ဘေဂျင်းရဲ့ အရှေ့မြောက်ဘက် ဟေဘဲ-Hebei ပြည်နယ် အတွင်းမှာ တည်ရှိပါတယ်။ ချန်းသာ့မြို့ကလေးဆီကို ဘေဂျင်းကနေ ၄နာရီကျော်ကျော်ကြာအောင် ရထားစီးပြီး သွားခဲ့ကြပါတယ်။ အဲဒီမြို့ကလေးဆီ တခုတ်တရ သွားခဲ့ရတဲ့အကြောင်းရင်းကတော့ သူဟာ Qing emperors-ချင်းမင်းဆက်တွေရဲ့ နွေရာသီစံနန်းတော်ရှိရာမြို့ ဖြစ်နေခဲ့လို့ပါပဲ။

ရထားစီးရတာ ကြိုက်တဲ့ ကျွန်မအတွက်တော့ အင်မတန် စိတ်လှုပ်ရှားစရာ ကောင်းခဲ့ပါတယ်။ ဘေဂျင်းမှာ ရှိတဲ့ မြို့ပတ်ရထား၊ အလျှင်ရထားလို့ ခေါ်ရမဲ့ Speed train နဲ့ မြို့တွင်းသွားရထား Sub way သုံးမျိုးလုံးကို စီးဖူးခဲ့ပါတယ်။ ကျွန်မတို့ ချန်းသာ့ကို သွားခဲ့ကြတာက မြို့ပတ်ရထားနဲ့ပါ။

ဘေဂျင်း မီးရထားဘူတာရုံ


ဘူတာရုံအထဲကို ရောက်ပါပြီ။ ဧဂျင့်က လက်မှတ်ကြိုတင်ဝယ်ထားခဲ့တာမို့ ၀င်လို့ရတာနဲ့ တန်းဝင်ခဲ့ကြတယ်။


လှေကားပေါ်ကအဆင်း လှမ်းရိုက်ထားတာပါ။ ကျန်တဲ့သူတွေခြေလှမ်းကို အမှီလိုက်ရင်း ရိုက်ရတာမို့ ဓါတ်ပုံတွေကို သိတ် စိတ်တိုင်းမကျဘူးလို့ ကြိုတင် ၀န်ခံချင်ပါတယ်ရှင်....


ကျွန်မတို့စီးရမဲ့တွဲကို ရောက်ပါပြီ။ ဒါကို သူတို့ဆီမှာတော့ Upper class လို့ ခေါ်သတဲ့။ ကြည့်ရုံ ကြည့်ရင်တော့ မဆိုးဘူးလို့ မှတ်ချက်ချရမှာပါ။

 
 


ရယ်ရတာက သူတို့ ဒေသခံတွေဟာ ခုံနံပါတ်အတိုင်း မထိုင်ကြဘဲ တွေ့ရာ၊ ကြိုက်တဲ့နေရာ ၀င်ထိုင် တတ်ကြတာပါ။ ကျွန်မတို့ နေရာမှာ ထိုင်နေတဲ့သူကို လက်မှတ်ပြပြီး ဖယ်ခိုင်းတော့ သူက အေးအေးဆေးဆေးပဲ အနားက နောက်တစ်နေရာ ပြောင်း ထိုင်လိုက်ပါတယ်။ တစ်ခါနောက်လူက ဖယ်ခိုင်းပြန်တော့ နောက်ထပ်တစ်နေရာ ပြောင်းထိုင်ပြန်ပါတယ်။ သူ့မှာလည်း ထိုင်ခုံနံပါတ်ရှိရက်နဲ့လေ...။


ရထားစထွက်တာနဲ့ ဘေးဘီမှာ တွေ့ခဲ့ရတဲ့ အိမ်ကလေးတွေပါ။


ကျွန်မတို့ ရွာကိုတောင် လွမ်းသွားမိပါတယ်။ ခပ်ဆင်ဆင် တူမနေဘူးလား...


ခဏနေတော့ ကျွန်မအတွက် ဘယ်လိုမှ သည်းမခံနိုင်မဲ့ ကိစ္စတစ်ခု ဖြစ်လာပါတော့တယ်။ နေရာမှာတင် အစားအသောက်တွေစားကြ၊ ဆေးလိပ် သောက်ကြတာမို့ပါ။ အဲကွန်းရထားဆိုတော့ အလုံပိတ်ထားတဲ့ အထဲမှာ အနံ့အသက်တွေက မွှန်နေတော့တာပါ။ ဆေးလိပ်ငွေ့တွေ၊ အနံ့တွေနဲ့ အစားအသောက် အနံ့တွေ ရောပြွမ်းနေတဲ့ အနံ့ကို ကျွန်မ ဘယ်လိုမှ သည်းမခံနိုင်ခဲ့ပါဘူး။ ကျွန်မတို့နဲ့ ပါလာတဲ့ မလေးရှားက အန်ကယ်ကြီးက ခဏဆိုပြီး ထွက်သွားလိုက်တာ နာရီဝက်လောက်ကြာတော့ ပြုံးပြုံး ပြုံးပြုံးနဲ့ ပြန်ရောက်လာ ပြီး နေရာပြောင်းကြရအောင်ဆိုတော့မှ ကျွန်မမှာ အသက်ရှူချောင်တော့တယ်။ အန်ကယ်ကြီးက အိပ်စင်တွဲနဲ့ ပိုက်ဆံအလိုက်ပေးပြီး လက်မှတ်လဲလာခဲ့တာလေ။ အန်ကယ်ကြီး တစ်အား ချစ်ဖို့ကောင်း။


အိပ်ခန်းတွဲရောက်လို့မှ အသက်ရှူချောင်ပြီး ရသလောက်အချိန်လေးမှာ ခဏနားမယ်ကြံတော့ (မနက်အစောကြီး ၄နာရီ အိပ်ရာက ထခဲ့ရတာဆိုတော့လေ) ကျွန်မတို့ ဘေးခုတင်က လူက တစ်စခန်းထပြန်ပါတယ်။ ဖုန်းပြောတာပါ။ သူတို့က မျက်နှာချင်းဆိုင်တောင်မှ အော်ပြောနေတတ်ကြတာ ဆိုတော့ ဖုန်းထဲကနေ ပြောကြတဲ့အခါ စဉ်းစားသာ ကြည့်ပါတော့။ ဖုန်းပြောပြီးပြန်တော့  မီးရထားက ၀န်ထမ်းတွေ သူ့ဆီ လာ လာနှုတ်ဆက်ကြ၊ စကားပြောကြပြန်ပါတယ်။ မီးရထားဌာန၀တ်စုံတွေနဲ့မို့ ၀န်ထမ်းတွေလို့ ကျွန်မက သေချာနေခဲ့တာပါ။ ကြည့်ရတာ ဒီလူက မီရထားဌာနမှာ ဂေါ်ဇီလာ ဖြစ်မယ် ထင်ပါရဲ့ လို့တောင် တွေးမိပါသေးရှင်။

မြို့ကလေးကိုရောက်တော့ နေ့လည်ခင်း ဖြစ်နေပါပြီ။ ရောက်ရောက်ချင်းပဲ အေးချမ်းလှပ ချစ်စရာ မြို့ကလေးနဲ့ကျွန်မ တစ်သားတည်း ဖြစ်သွားလိုက်တာများ ပင်ပန်းတာတွေတောင် ချက်ချင်း ပျောက်သွား ပါတော့တယ်။



ဒီပုံက Qing Dynasty-ချင်းမျိုးဆက်ရဲ့ ဒုတိယမြောက်ဘုရင်တစ်ပါးဖြစ်တဲ့ Kangxi မင်းပါ။ သူဟာ ထီးနန်းသက် ၆၁နှစ်တိုင်အောင် မင်းလုပ်စိုးစံခဲ့ရသူဖြစ်ပြီး နွေရာသီစံနန်းတော်ကို ချန်းသာ့မှာ တည်ဖို့ ရွေးချယ်ခဲ့သူပဲ ဖြစ်ပါတယ်။ ချန်းသာ့မြို့ကလေးဟာ ဘေဂျင်းမြို့တော်ထက်စာရင် ပိုမိုအေးမြတဲ့ ကုန်းမြင့်ဒေသဖြစ်တာမို့ နွေရာသီမှာ အပူရှောင်အနားယူဖို့ ရည်ရွယ်ရင်း ဖြစ်ပါလိမ့်မယ်။ (တို့ရွာက သထိန်းတွေ နွေရာသီဆို ပြင်ဦးလွင်တက်နားဖို့ အိမ်တစ်လုံးဆောက်ထားသလို နေမှာပ)


နွေရာသီစံနန်းတော်ဟာ ၁၉၉၄ခုနှစ်မှာ ယူနက်စကိုကမ္ဘာ့အမွေအနှစ်များ ထိန်းသိမ်းရေးအဖွဲ့ရဲ့ စာရင်း ၀င်ဖြစ်ခဲ့ပြီး လှတာလည်း အတော်လေးကို လှပါတယ်။ ဘေဂျင်းမြို့တော်ရဲ့ Forbidden Cityကနန်းတော်နဲ့ ယှဉ်ရင်တော့ ကျယ်ပြန့်ကြီးမားသလောက် အဆောင်အခန်းတွေဟာ ပိုပြီး ရိုးရှင်းတာကို တွေ့ရပါတယ်။ ပုံတွေတစ်ချို့ကို ကြည့်ပါ။






ကျွန်မကတော့ မြို့ကွက်ကလေး သန့်ရှင်းပြီး အေးချမ်းသာယာတာကို သဘောကျမိပါတယ်။ ချန်းသာ့မှာ ရိုက်ခဲ့တဲ့ပုံတွေ အများကြီးကျန်ပါသေးတယ်။ တော်တော်လေး စိတ်တိုင်းမကျတာပါ။ ပြေးလွှား ကြည့်ရင်း အမြန်ရိုက်ခဲ့ရတာမို့ပါ (အချိန်ယူပြီး အေးဆေးရိုက်ရင်ပဲ ပုံကောင်းတွေ ထွက်မလိုလိုး)။ 

လူအုပ်ကြီးနဲ့ ခဏခဏကွဲပြီး ကိုယ့်ကိုပဲ သူများတွေ ပြန်စောင့်နေရရင် မကောင်းဘူး မဟုတ်လား။ ဒီတော့ အမြန်ကြည့်-အမြန်ရိုက်ပဲ။  အလင်းခန်း-၃ အားကိုးနဲ့ ပုံတွေ ပြင်ပြန်တော့လည်း ပြင်လွန်းတော့ ဘာဖြစ် တယ် ဆိုလား....။ အင်း ဘာပဲပြောပြော မူရင်းကောင်းမှ မိတ္တူကောင်းမည် မဟုတ်ပါလားရှင်.....။

ဆက်ပါဦးမယ်.....


Ref.-wikipedia.org


11 comments:

tin min htet said...

ငယ်ငယ်က နွေကျောင်းပိတ် မန်းလေးကို ရထားနဲ့ သွားရတာတောင် သတိရသေး။ ထမင်းတွေ ဘာတွေ ထုပ်သွားလေ့ မရှိဘူး။ လာရောင်းတာ ဝယ်စားတာပဲ။ တောင်ပေါ်မြို့လေးဆိုတော့ မေမြို့တို့၊ တောင်ကြီးတို့တောင် သတိရသေးတယ်။

ချစ်ကြည်အေး said...

ဟုတ်ပါ့ ကိုတင်မင်းထက်ရယ်၊ ဘေဂျင်းမှာ နေရတာ ထက်ကို ပိုသဘောကျတယ်။ မြို့အကွက်ချပုံ၊ ရာသီဥတု အေးပုံ....း)

အတွေးကမ္ဘာ..မှတ်တမ်း said...

အနော်လည်းသွားလည်ချင်ထှာ.. ဒီလကုန်မှ ပြီးမှာ ဆိုတော့ နောက်ထပ် အပိုင်း ၂၀ လောက်တော့ ဖတ်လို့ရသေးတယ်..း)))

ကိုအောင် said...

ရထားပေါ်မှာ ဆေးလိပ်သောက်တဲ့သူတွေအတွက် ဆေးလိပ်သောက်ဖို့ သီးသန့်အတွဲ မထားပေးဘူးလား၊ အဲလို စားလိုက် သောက်လိုက်နဲ့ ဆို မှားပါတယ် ...း)

မိစံ said...

ကိုရီးယားကားလိုဘဲး))

SHWE ZIN U said...

ညီမ ရေ

စိတ်ဝင်စား စွာ စောင့်ဖတ်နေပါတယ်နော်

ချစ်အမကြီး
ရွှေစင်ဦး

san htun said...

နွေရာသီစံနန်းတော်ဆိုတာ တရုတ်စာသင်တုန်းက သင်ဖူးတာ..ခုမှပဲ မြင်ဖူးတော့တယ်..ဆက်ရန်လေး စောင့်ရန်ပါသည်

ချော(အစိမ်းရောင်လွင်ပြင်) said...

ပြည်ကြီးတရုတ်တွေက သာမန် စကားပြောတာလောက်ကို ရန်ဖြစ်သလို အော်ဟစ်ပြီးပြောကြတယ်
ဆေးလိပ်သောက်တာလဲသူတို့အပြင်မရှိဘူး
သူတို့မှာ ဆေးလိပ်ငွေ့ကြောင့်တစ်ခြားသူ အနှောက်အယှက်ဖြစ်မလား လို့ တွေးမိပုံမရဘူး.။ ပုံမှန်လို့ဘဲ ထင်နေသလိုဘဲ။
မြို့ပြတွေကတော့ အရမ်းလှတယ်နော်။
ရွာကလေးတွေကတော့ ကိုယ်တွေနဲ့ သိပ်မထူးခြားနားပါဘဲး))
ဓာတ်ပုံတွေနည်းနေသေးတယ်နော် အစ်မ ကြည့်ရတာ အားမရဘူး. များများတင်ပါဗျ။

မိုးငွေ့...... said...

ကြာပန်းပုံလေးလှလိုက်တာ.....ရထားမစီးဖြစ်တာတောင်ကြာပြီ...။ ဖဘမှာမကြီးကို အကောင့်အသစ်နဲ့အက်ထားတယ်..။

တီချမ်း said...

၂၀၀၇ က နန်နင်ကနေ ရှန်ဟိုင်း ကို ၂၇ နာရီကြာ ရထားစီးခဲ့တာ ကိုသတိရသွားတယ်

ကျုပ်ကတော့ တရုတ်ကောင်တွေကို ပြောပစ်တာပဲ ရထားပေါ်မှာ

လုံးဝ သည်းမခံနိုင်ဘူး

ထမင်းစားရင် တံတွေးထွေးတာတွေ ရှိသေးတယ်
ပြည်မ က ကောင်တွေအိုတီတွေ

mstint said...

ဓာတ်ပုံတွေမြင်ရတာအလည်သွားချင်လိုက်တာ
မချစ်ရေ။ တီတင့်လည်းဆေးလိပ်ငွေ့နံ့မခံနိုင်ဘူး။
ဆက်ရန်လေးကိုစောင့်ဖတ်နေမယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်