Wednesday, March 28, 2012

စိနတိုင်းသွားတောလား-၁၂

ဒီနေ့တော့ ကျွန်မမိတ်ဆွေများကို Wangfujing-၀မ်ဖူဂျင်းလမ်းထဲ ခေါ်သွားချင်ပါတယ်။ East Changan လမ်းကနေစလို့ China Art Museumမှာ ဆုံးတဲ့ အဲဒီလမ်းဟာ မီတာ ၁၅၀၀ ရှည်လျားပါသတဲ့။ မြို့ပြရဲ့ ခမ်းနားမှုတွေ၊ ရိုးရာ ယဉ်ကျေးမှုတွေ၊ ခေတ်မီဆန်းပြား မှုတွေ ပေါင်းစုယှက်နွယ်ထားတဲ့ အဲဒီလမ်းမပေါ်မှာ အစားအသောက်တွေချည်းပဲရောင်းတဲ့ ညနေခင်းဆိုင်လေးတွေက တမျှော်တခေါ်ကြီး စီတန်းလို့။ 

တစ်ခုပဲ ကျွန်မတို့ တိုးဂိုက်ကြီးပဲကေက အထူးမှာကြားပါတယ်။ လုံးဝ လုံးဝ ၀ယ်မစားကြပါနဲ့ တဲ့....((ဟင်း))
ပါးစပ်ဝနားရောက်ကာနီးမှ လျှာနဲ့ စလစ်ဖြစ်ပြီး အောက်ပြုတ်ကျသွားသလို ခံစားလိုက်ရပါတယ်။ 


လမ်းတစ်ဘက်မှာ ဆိုင်လေးတွေ တွေ့လား....ရောက်ပါတော့မယ်...။


အစာပြေဆာလေးတွေ အစုံရောင်းပါတယ်...





ကီးမားပလာတာလိုလိုဟာက...ကုလားဆီက ယူထားတာဖြစ်မယ်။ (အိမ်သဒိရ အမျိုးသားတွေဆီက ပြောပါ တယ်)။ ဘေးက ပါးစပ်ဟပြဲလေးတွေနဲ့ ပေါက်စီကတော့ ပေါက်ဖော်ကြီးများ မူပိုင် မပုတင်ရှိပြီးသား။


တုတ်ထိုးအကြော်တွေ ရောင်းတဲ့ဆိုင်။ ဆိုင်ရှင်က တော်လှန်ရေးနေ့မို့ ထင်ပါရဲ့၊ သက်သာအနေအထားနဲ့ (ဟမ်)


ဒါက ငယ်ငယ်တုန်းက တွက်ခဲ့၊ ခုတော့ ချက်နေရတဲ့ သင်္ချာ.....အဲ....


ဒါကိုတော့ အင်မတန် စိတ်ဝင်စားတာမို့ တစ်ခုချင်းစီ ကလို့စ်အပ်ပ် ခဲ့တယ်။ ဆက်လက်ရှု့စားကြပါ...


တစ်ချိန်တုန်းကတော့ ဂိုဏ်းဝင်တွေပေါ့...။ စကော်ပီယံဆိုလား....


ဘာမှန်းမသိ....။


ဒါလည်းပဲ ဘာပြောရမှန်း မသိ....

အကောင်တော့ အကောင်ပဲ ဒါပေမဲ့.....၊ သွေးကြီးပုံများ နာမည်မေးတာတောင် ပြန်မပြောဘူးး))


တစ်ကောင်လောက် ဖြုတ်မြည်းသွားပါလား ဟင်....




စနိတ် စနိတ် ဆီးသလိတ်....။ ခုတော့ မုန့်ကြိုးလိမ်ယောင်ဆောင်ထားတယ် သူက....။


အဲ...အဲဒီအကောင်ပေါ့၊ လှုပ်စိ လှုပ်စိဖြစ်နေတုန်းပဲ မသေသေးဘူး။ ငယ်ငယ်တုန်းက ကြားဖူးတဲ့ ဖြူကောင် ဆိုတာ အဲဒါမျိုးလား မသိဘူး။ တစ်ခါမှ မမြင်ဖူးဘူးလေ။ တော်ကြာ သူ့ကိုယ်ပေါ်က ဆူးတွေကို ခါထုတ်လိုက်မှာ စိုးလို့ အနား သိတ်မကပ်ရဲဘူး။ သူ့ကို ဘယ်လိုများစားကြပါလိမ့်နော်....အသည်းယားသူများ စားရင် အယားပြေမလားပဲ....းD


အဲဒီတော့မှ ကျွန်မတို့တိုးဂိုက် ကိုပဲကေရဲ့ လုံးဝ ၀ယ်မစားပါနဲ့လို့ အပြင်းအထန် အမှာတော်ရှိပုံကို နားလည်သွားတယ်။ ဘာကောင်တွေကို ဘာဆီတွေနဲ့ ဘာနည်းတွေသုံးပြီး ဘယ်လိုလုပ်ထားတယ်မှ မသိ။

သြော်...ပေါက်ဖော်ကြီးတွေများ အကောင်သေးလို့ကတော့ ဘန်းထဲထည့်ပြီး စားပွဲပေါ်သာတင်လို့ ရပါစေ၊ အကုန်တင်ရောင်းကြတာပဲ။ စားတဲ့သူတွေကလည်း ၀ါးလို့သာရပါစေ၊ အကုန် စားကြတာပဲလို့ သဘောပေါက်သွားတယ်။

နဲနဲလေးမှောင်လာတော့ ကျွန်မတို့ နောက်ထပ်သွားခဲ့ကြတဲ့ နေရာက The Place လို့ခေါ်တဲ့ LCD Light တွေ နဲ့ မျက်နှာကျက်ပေါ်မှာ အလှဆင်ထားရာနေရာပါပဲ။ သူက ဘေဂျင်းရဲ့ CBD ဧရိယာမှာ တည်ရှိပါ တယ်။ ဘေးတစ်ဖက်တစ်ချက်မှာတော့ Shopping Mall ကြီးတွေ ရှိပါတယ်။ The Place Shopping Mall မှာ နာမည်ကြီး တံဆိပ်၊ အသုံးအဆောင်တွေ အကုန်ရတယ်လို့ ဆိုပါတယ်။ ကျွန်မတို့တော့ အချိန်မရတာမို့  ရှော့ပင်းမောထဲ ၀င်မကြည့်ခဲ့ဘဲ အပြင်ကနေပဲ ငေးခဲ့ကြရတာ။ (အိမ်ကလူကြီး အကြိုက်ပေါ့ ကွယ်)


လူတွေအားလုံးရဲ့ အာရုံကို ဖမ်းစားထားတာက မျက်နှာကြက်ပေါ်က LCD Light တွေပါပဲ။ သံစုံတီးဝိုင်း ကြီးထဲက သံစဉ်တွေ၊ ငြိမ့်ညောင်းလှပတဲ့ တေးသွားတွေနဲ့ စည်းချက်ညီညီ ပြောင်းလဲနေတဲ့ ပုံရိပ်တွေဟာ အင်မတန် ခမ်းနားလှပါတယ်။ ဒါ့ကြောင့်လည်း လျှပ်စစ်မီးတွေ လိုပြီးရင်းလိုရင်း ဖြစ်နေတာနေမှာ။



ခေါင်းလေးတွေ အပေါ်ကို မော့လို့...စက္ကုအာရုံရဲ့ ဖမ်းစားခြင်းမှာ တမေ့တမော....။




ဒါက Wangfujing Street ရဲ့ ညဈေးတန်းတစ်လျှောက် မြင်ရတဲ့ ညအလှပါ။ ဘေဂျင်းရဲ့ အောချတ်လမ်း လို့တောင် တင်စားချင်ပါသေးတယ်။



ရှော့ပင်းမောကြီးတွေကလည်း တခမ်းတနားပါပဲ။ ငှားရမ်းခ သက်သာတာလည်း တစ်ကြောင်း၊ ကုန်ကြမ်း ဈေးပေါတာ တစ်ကြောင်း၊ အလုပ်သမားခ သက်သာတာလည်း တစ်ကြောင်းကြောင့် လုပ်ငန်း ရှင်တွေ ရင်းနှီးမြုတ်နှံဖို့ အခွင့်အရေးပိုရစေပါတယ်။


အဲဒီ အဆောက်အဦးကြီး တစ်ခုလုံးကို ယူနီကလိုက ယူထားတာသာ ကြည့်ပါတော့။


ဆက်ပါဦးမယ်။


Sunday, March 25, 2012

မောဟများနှင့် နေထိုင်ခြင်း

မောဟ-၁

ကျွန်မငယ်ငယ်က စက္ကူလှေဖြူဖြူလေးတွေ အဖေခေါက်ပေးတဲ့အခါ အိမ်ရှေ့က ရေစည်ပိုင်းပြတ် ထဲမှာ မျှောကြည့်ခဲ့ ဖူးတယ်။ လှေကလေးဟာ ရေစည်ပိုင်းပြတ်ရဲ့ အ၀န်းအ၀ိုင်းတလျှောက် တလည်လည်နဲ့ သွားနေပြီဆိုရင် ကျွန်မက စည်ပိုင်းထဲကရေတွေကို လက်ကလေးနဲ့ ခတ် ခတ်ပြီး လှေကလေး ကို ရှေ့ ရွေ့စေခဲ့တာ။ ခဏနေရင်တော့ ရေအစိုဓါတ်ကြောင့် လှေကလေးဟာ စွတ်စိုပျော့အိပြီး မကြာခင်မှာပဲ ပုံပျက်ပန်းပျက် နစ်မြုတ်သွားတော့တယ်။
ကျွန်မတို့ရော ဒီလိုပဲ တလည်လည်နဲ့ နစ်မြုတ်ပြီးဆုံးသွားရမှာပဲလား။ သံသရာဆိုတာကြီးကဖြင့် ဘယ်လောက် ရှည်လျားသလဲဆို ဆွဲဆန့်သလောက်ကို ရှည်မှာလို့ပဲ ကျွန်မကတော့ ပြောလိုက်ချင်တယ်။

နေ့လည်စာ အတူထွက်စားနေကျ ကျွန်မတို့ရုံးက တရုတ်လေးတစ်ယောက်က ပြောပြဖူးတယ်။ သူကြည့်ဖူး တဲ့ ဟောင်ကောင်တီဗီစီးရီးထဲက မက်ဆေ့ခ်ျလေး တစ်ခု။ လူတွေဟာ ငယ်ရွယ်စဉ်မှာ ဗိုလ်အုန်းသီးကားလေးစီး၊ နည်းနည်းလေး ကြီးပြင်းလာတော့ ကျောင်းကြိုပို့ကားလေး စီး၊ အဲဒီကနေ အရွယ်လေးရလာတော့ ဘတ်စ်စီး၊ တစ်ခါ အလုပ်အကိုင် အခြေတကျလေးရှိလာတော့ ကိုယ်ပိုင်ကားလေး ဖြစ်စေ၊ အငှားကားလေးဖြစ်စေ စီးကြရပြန်တယ်တဲ့။ ဘ၀ရပ်တည်မှုတွေ ကွဲပြားလို့ ဘယ်လိုပဲ စီးတဲ့ယာဉ်တွေ ခြားနားပါစေ၊ နောက်ဆုံးခရီး နောက်ဆုံးအချိန်ကျရင်တော့  နိဗ္ဗာန်ယာဉ် စီးကြရတာချင်းတူတူပါပဲ တဲ့။ သူပြောပြတာက ကျွန်မတို့ သိနေဖူးခဲ့တဲ့ နောက်ဆုံးတော့လည်း လူတွေဟာ မီးခိုးနဲ့ ပြာ ဆိုတာလေးနဲ့ သွားတူမနေဘူးလား။  ဒါပေမဲ့ တစ်ချို့ဘ၀တွေကျတော့ မွေးကတည်းက လမ်းလျှောက်သွားကြရတာများ ဆုံး မဆုံးနိုင်ပေါင်ပါရှင်။ ခက်ခဲလိုက်တာများ…။


ဒါဟာ အစဉ်အတိုင်းသွားလို့သာပါ။ တစ်ကယ်တော့ ဘ၀ကြီးထဲမှာ နေထိုင်ရတာဟာ အဲဒီလောက်မှ မရိုးစင်းတာဘဲ။ ဒီလို အစီအစဉ်လိုက် သွားကြရမယ်လို့မှ အာမမခံနိုင်တဲ့ ဘ၀ကြီးထဲမှာ စိတ်ချလက်ချနေမိတဲ့အဖြစ်က အတော်လေး လှောင်ရယ်ချင်စရာ၊ တစ်ဘက်ကလည်း ပူပန်ချင်စရာ၊ စိုးထိတ်ချင်စရာတောင် ကောင်းနေခဲ့သေးတော့။


ကျွန်မက ဒေါက်မြင့်ဖိနပ်တွေ စီးရတာကို ကြိုက်တယ်။ လေးလက်မလောက်ထူတဲ့ ပလက်ဖောင်းဟိုက်ဟီးလ်တွေ ကို နှစ်နှစ်သက်သက် စီးခဲ့ဖူးတယ်။ အဲဒီဖိနပ်တွေမှာ အောက်ခြေခွာက တစ်ပြေးတည်းမို့ ခြေတစ်ချက်လောက် စောင်းသွား၊ လည်သွားလို့ အထိန်းမတော်ရင် အတော်လေး အကျနာတတ်တာ။ အဲဒီဖိနပ်မျိုးနဲ့ ၂ခါတိတိ ခြေထောက် ခေါက်သွားဖူးတယ်။ အခိုက်အတန့်လေးတစ်ခုလောက်တော့ စိတ်နာနာနဲ့ အဲဒီဖိနပ်တွေကို လှည့်မကြည့်ဖြစ်တော့ဘူး။ ဒါပေမဲ့လည်း ခြေထောက်အနာပျောက်လို့ ပြန်ထောက်နိုင်တဲ့အခါ တခုတ်တရ ပြန်စီးဖြစ်တော့တာပါပဲ။ ကျွန်မက ခဏကလေးနဲ့ အပင်ပေါ်ပြန်မော့ကြည့်တတ်တဲ့ ထန်းသမားလို အမူးပြေမြန်တယ် ဆိုရမယ်။ အချစ်နဲ့ ပတ်သက်လာရင်လည်း အမှတ်မရှိတဲ့ ကျွန်မက အဲဒီ အတိုင်း…။


ဖြစ်တတ်တယ်လို့ သတိထားနေလျှက်က အခန့်မသင့်တာတွေ များလွန်းတော့လည်း အတေးအမှတ်မရှိတတ် တော့တာ ကျွန်မအပြစ်လို့သာ ဆိုရမှာ။ အမှတ်သတိထားနေလျှက်က ပရိယာယ်များလွန်းတဲ့ အချိုးအကွေ့တွေမှာ ကျွန်မ ခဏခဏ လဲကျသွားခဲ့ဖူးတာ။ အခါတိုင်းမှာ မာယာတွေဟာ အသစ် အသစ်တွေချည်း ဖြစ်နေတော့လည်း ပြင်ဆင်ထားရင်းနဲ့ပဲ အလဲလဲ အပြိုပြိုရယ်။ ကျွန်မ ညံ့တယ်ပဲ ထားလိုက်ပါတော့။


လည်မှာ ဆွဲထားတတ်ကြတဲ့၊ ဖွင့်လို့ ပိတ်လို့ရတဲ့၊ ဘယ်ညာတစ်ဘက်တစ်ချက်စီမှာ ဓါတ်ပုံသေးသေးလေးတွေ ထည့်ထားလို့ရတဲ့ လော့ကက်သီးမျိုးလေး တွေ့ဖူးကြတယ် မဟုတ်လား။ ဘဲဥပုံ ဒါမှမဟုတ် အ၀ိုင်းလေးတွေလေ။ အဲဒီထဲမှာ တချို့က အဖေအမေပုံ၊ တချို့က ချစ်သူ၊ ဇနီး ခင်ပွန်းရဲ့ပုံ၊ တချို့လည်း ကိုးကွယ်ရာ ဘာသာလိုက်လို့ မြတ်ဗုဒ္ဓရဲ့ပုံပေါ့။ အဲဒီလို အမှတ်တရလေးတွေ၊ ကိုးကွယ် ရာလေးတွေ ထည့်ထားတတ်ကြတယ်။ ဖွင့်ကြည့်မှသာ အထဲမှာ ဘာထည့်ထားတယ်ဆိုတာ သိနိုင်တာမျိုးပေါ့။ အဲဒီလို ဖွင့်ကြည့်ရင် သိနိုင်တာတွေထက် မြင်နေလျှက်သားနဲ့ ဘာမှန်းမသိနိုင်တဲ့ အရာတွေက လောကကြီးထဲ ပိုလို့သာ များများလာတော့တာ။ ဒီတော့ အရိုးသားဆုံး ဖွင့်ချပြတတ်တဲ့သူတွေ ရှုံးတာ မဆန်းဘူးမဟုတ်လား။

မောဟ-၂

နေ့စဉ်တွေ့မြင်နေကျတွေမှာ ယူဖို့ လာကြသူတွေရယ်၊ ပေးဖို့ လာကြသူတွေရယ်၊ ယူလည်းမယူ ပေးလည်း မပေးဘဲ မျှောလိုက်နေတဲ့သူတွေရယ်၊ ယူသင့်သလောက်လည်း ယူ ပေးသင့်သလောက် လည်း ပေးသွားကြတဲ့ သူတွေရယ်… ကျွန်မကရော ဘယ်ထဲမှာပါ ပါလိမ့်မလဲ။ အသက်ရှူတာချင်း တူကြတယ်ရင်တောင် သူတို့တွေရဲ့ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ချမ်းသာခြင်းတွေကတော့ဖြင့် ကွဲပြားနေကြလိမ့်မယ်။ ခါးတဲ့အမျိုးကို စိုက်မှဖြင့် အချိုသီးစားရဖို့ဆိုတာ ဝေးလွန်းလှပါရဲ့။


တစ်နေ့တစ်နေ့ လုပ်ရိုးလုပ်စဉ်တွေက ရုန်းမထွက်နိုင်၊ ရုန်းမထွက်ချင်ဖြစ်နေရတာတွေ။ ဘယ်လောက်များ များနေခဲ့ပြီလဲ။ သညာနဲ့ မှတ်သားခဲ့တဲ့ အသိရယ်၊ ပညာနဲ့ ရှာမှီးထားခဲ့တဲ့ အသိတွေရယ်…။ နေ့စဉ် ကျင်လည်နေရတဲ့ ၀န်းကျင်မှာ ဒါတွေကိုပဲ အရေးတကြီးလုပ်လို့။ ဒါနဲ့ပဲ ဘ၀က ပြီးသွားတော့မှာတဲ့လား။ ဘ၀က ဒီထက်ပို လေးနက် သင့်တာပေါ့။ ဒါပေမဲ့ သိရင်တော့ ဒီလောက် မခက်ခဲဘူး။ သိခြင်းဆိုတာက မောဟရဲ့ ဆန့်ကျင်ဘက် အမောဟတဲ့။ ပညာလို့လည်း ဆိုကြတယ်။ ဒါပေမဲ့ ရှင်တို့ ကျွန်မတို့ ပြောပြောနေကြတဲ့ ပညာမဟုတ်ဘူး။ သံသရာ၏ အရှည်အလျားအား ချုံ့စေသော၊ သံသရာ ၀ဲသြဂမှ လွတ်မြောက်ခြင်း အကြောင်းတရားကို သိသော။ အဲဒါ ပညာပဲ။


အသစ်အဆန်းတွေ၊ ပို ပို ဆန်းပြားတာတွေကလည်း သူ့ထက်ငါ အလုအယက်။ လိုက်ရင်း လိုက်ရင်းနဲ့ ဘယ်တော့မှ မဆုံးနိုင်ကြောင်း သိလိုက်တဲ့အချိန်မှာတော့ ရောင့်ရဲခြင်းတရားနဲ့ အတော်ဝေးဝေး မှာ ရောက်နေခဲ့ပြီ ဖြစ်လိမ့်မယ်။ ယုံကြည်တာ တစ်ခုကတော့ အသိဟာ နောက်ကျတယ်ရယ်လို့ မရှိစကောင်းဘူး။ ရပ်တန့်ပစ်လိုက်ဖို့၊ ပြင်ဆင်ပစ် လိုက်ဖို့၊ ဂငယ်ကွေ့  ပြန်ကွေ့ချတတ်ဖို့၊ လိုအပ်ရင် အစက ပြန်စတတ်ဖို့ပဲလိုတာ။ သွေးရဲဖို့တော့ လိုမယ်။


စက္ကန့်တွေနဲ့ မိနစ်ကို ဖွဲ့စည်း၊ မိနစ်တွေနဲ့ နာရီကို ဖွဲ့စည်း၊ နာရီတွေနဲ့ နေ့ရက်တွေကို ဖွဲ့စည်းထားပြီး အဲဒီနေ့ရက် အချိန်တွေနဲ့ပဲ ဘ၀တစ်ခု၊ သက်တမ်းတစ်ခုကို ပိုင်းဖြတ်ကြတာ မဟုတ်လား။ တန်ဘိုးရှိတဲ့ ဘ၀ဆိုတာ အချိန်တိုင်း တန်ဘိုးရှိအောင် နေတတ်ဦးမှ။ ဒါပေမဲ့ တန်ဘိုးဆိုတာရဲ့ အတိုင်းအဆကိုရော ဘယ်သူက ပိုင်းဖြတ်အတည်ပြု ပေးမှာလဲ။ တစ်ခုပဲ ချို (ဂျို) ချက်နဲ့ ကင်းတဲ့ နွားသိုးတော့ ရှိလိမ့်မယ်မထင်ဘူး။   လဲနေရာကနေ ပြန်ထဖို့ လုံလောက်တဲ့ အားတစ်ခုတော့ စိုက်ရလိမ့်မယ်။ အဲသလိုပဲ အမှားတွေပြင်ဆင်ဖို့အတွက် ထိုက်သင့်တဲ့ကြေးတော့ ပြန်ပေးဆပ်မှ ရမယ်။ ဒါ တရားသဖြင့်ပဲလေ။

မောဟ-၃

မိန်းမဆိုတာမျိုးက ဘယ်အရွယ်မဆို လှချင်တဲ့ အမျိုးမဟုတ်လား။  ကျွန်မ သတိထားကြည့်မိတယ်။ မှန်ထဲက မိန်းမဟာ မျက်လုံးထောင့်လေးတွေ ကုတ်ကျလို့၊ မျက်ဝန်းလေးတွေ မှိန်ဖျော့လို့၊ ပါးလေးတွေတောင် ခပ်ချောင်ချောင်လေး တွဲကျနေခဲ့ပြီ။ အရင်လို မစိုနိုင်တော့တဲ့ နှုတ်ခမ်းတွေကိုလည်း မခြောက်သွေ့အောင် အဆီတစ်မျိုးမျိုး သုတ်လူးပေးနေရပြီ။ မျက်နှာပေါ်မှာ ဇရာရဲ့ အရိပ်အယောင် အမဲစက်လေးတွေ ခပ်ကျဲကျဲနဲ့ရယ်။ ဆံပင်တွေဆိုလည်း ဆေးဆိုးနေရပြီ။ မျက်လုံးတွေဆိုလည်း ခပ်ဝေးဝေးဆိုရင် မျက်မှန်ကူမှ သဲကွဲတော့တယ်။ သွားတွေလည်း ပေါက်ကုန်လို့ ဖာနေရပြီ။ မကောင်းတာတော့ တော်တော်များများ မကောင်းတော့ဘူး။ ဒါတောင်မှ အစ်မက အရမ်းနုတာပဲဆိုရင် ငါ ဆိုတာကြီးက ၀င် ၀င်ကြေနပ်နေသေးတာ။


ခန္ဓာဟာ သူ့သဘောသူဆောင်နေပြီ။ အပျက်ဘက်ကို သွားနေပြီ။ မွေးစကနေ တစ်ဖြည်းဖြည်း တက်လာလိုက်တာ တောင်အထွတ်ကိုကျော်လို့ အဆင်းတောင် ရောက်ခဲ့ပြီ။ တက်ရတာ ကြာသလောက် အဆင်းကျတော့ အမြန်သား ရယ်။ ဒီကြားထဲ ကိလေသာဘီး တပ်ပေးလိုက်လို့ကတော့ အကျမြန်မှာ သေချာနေတော့ကာ မကင်းနိုင်တောင်မှ နည်းနိုင်သမျှ နည်းအောင်တော့ ကြိုးစားနေထိုင်နေရတာပဲ။


ဒီလိုပါပဲလေ။ ကျွန်မ စီးဖူးခဲ့တဲ့ ဖိနပ်အထူကြီးတွေလို လူကို နာကျင်စေလျှက်က လှပစေပြန်တာကြောင့် တစ်ဖန်လဲလဲ ငြိတွယ်နေမိကြမှတော့ အကြိမ်ကြိမ် ပြန်ရပ်နိုင်ဖို့သာ အားထုတ်ရတော့မှာ။


ဘ၀တစ်ခုဖြင့် စခဲ့ကြပြီးပြီ။ သူသူငါငါ ဘယ်လိုဖြစ်ဖြစ် လှလှပပတော့ အဆုံးသတ်ချင်ကြမှာပဲ။ သေချာတာကတော့ ကရွတ်ခွနဲ့တူတဲ့ သံသရာကြီးထဲမှာ ဆုံမှတ်တစ်ခုမှာတော့ အဆုံးဟာ အစဖြစ်နေပြန်သတဲ့….။


ဒီကနေ့ဟာ ကျွန်မအတွက် စ မှတ်တစ်ခု...
မောဟများနဲ့ ရစ်ပတ်နေထိုင်ဖို့အတွက် နိဒါန်း....  
ဒါမှမဟုတ်………


Thursday, March 22, 2012

စိနတိုင်းသွားတောလား-၁၁

ကျွန်မတို့ Tianjinဆိုတဲ့ မြို့လေးကို သွားခဲ့တဲ့အကြောင်း ပြောပြပါဦးမယ်။ အဲဒီကို Speed Trainလို့ သူတို့ ခေါ်ကြတဲ့ ကျည်ဆန်ရထားလိုမျိုး စီးပြီးသွားခဲ့ကြပါတယ်။ သူတို့က ကျည်ဆံရထားလို့ မခေါ်ဘူးရှင့်။ ဒါပေမဲ့ အမြန်နှုန်းကတော့ ကျည်ဆံရထားလောက်နီးနီးပါပဲ။ အရှိန်အမြင့်ဆုံးက ကျွန်မ ကြည့်ရ သလောက်တော့ ၂၉၄ km/h အထိရှိတယ်။

ဒါက ဘူတာရုံထဲမှာပါ။



လက်မှတ်ခက တစ်ယောက်ကို ၅၅ယွမ်ပါ။ စလုံး ၁၁ ဒေါ်လာလောက် ကျပါတယ်။


ရထားပေါ်ကို တက်ကြဖို့ လေယာဉ်တွေမှာလိုပဲ ချက်အင်လုပ်သလို တန်းစီကြရပါတယ်။


ဒါ ကျွန်မတို့ စီးခဲ့ကြတဲ့ ရထားပေါ့...


အထဲကို ရောက်တာနဲ့ လေယာဉ်ထဲ ရောက်သွားသလိုကို ခံစားရပါတယ်။ အဲဒီတွဲအထဲမှာတော့ ဆေးလိပ်နံ့ မရဘူးရယ်။ သန့်ရှင်း လှပ သပ်ရပ်လို့။



ရထားအရှိန်ဘယ်လောက်ဆိုတာကို တစ်ချိန်လုံး ပြနေတာ။ ကျွန်မ တွေ့ခဲ့ရသလောက်တော့ ဒါ အမြင့်ဆုံးပါပဲ


ရထားပေါ်က အိမ်သာ....


လေယာဉ်ထဲကလိုပဲ တစ်ပုံစံထဲ လုပ်ထားတယ်။ အိမ်သာမ၀င်ခင် အနီးအဝေးကနေ ဓါတ်ပုံရိုက်လိုက်နဲ့ အိမ်သာထဲကို ကင်မရာကြီးနဲ့ ၀င်သွားတဲ့ ကျွန်မကို အတော်လေးတော့ မျက်စေ့နောက်ကြမယ် ထင်ပါရဲ့။ မတတ်နိုင်ပါဘူးလေ။ ဘလော့ဂါဆိုတာက အရေထူရမယ် မဟုတ်လားးး။




ဘေဂျင်းကနေ ထရန်ဂျင်းကို နာရီဝက်သာသာလောက်ပဲ စီးရပါတယ်။ သိတ်မြန်တာပဲ၊ ကျွန်မက အကြာကြီး စီးချင်ခဲ့တာ။ ဘေးနားက ရှု့ခင်းတွေကို တရိပ်ရိပ်နဲ့ ကြည့်ရတာ အင်မတန် သဘောကျမိပါတယ်။

ဒါကတော့ ဘူတာထဲကနေ အပြင်ကို ထွက်ရာလမ်းမှာပါ။



ဘူတာဘက်ကို သမင်လည်ပြန် ပြန်လည် လှည့်ကြည့်မိခဲ့တယ်။


ဘေဂျင်းလောက်မပူဘဲ လှပအေးချမ်း နေချင့်စဖွယ် မြို့လေးပါပဲ။



အီတလီစတိုင် တောင်းတဲ့....။ ကျွန်မတို့ရွာကရော...ဘာစတိုင်နဲ့တောင်းတာပါလိမ့် 
အို ရွာပါဆိုမှ ရွာစတိုင်ပေါ့အေ...။ ညည်းနှယ်....း)






ဒါက Culture Street ပါ။


ပါပါလာဇီတွေ ဘယ်လိုများ သိသွားပါလိမ့်။ စီကေအေတို့ သွားလေရာ....။ ဒီလောက် ရုပ်ဖျက်ထား တာတောင်......ကတောက်...


သဘောကျချင်စရာလေးတွေ၊ လူငယ်ကြိုက်လေးတွေ....


ကလေးတုန်းက ရခဲ့ဖူးတဲ့ ဂျုံနဲ့လုပ်တဲ့၊ သကြားနဲ့လုပ်တဲ့၊ မုန့်လိုလည်း စားလို့ရတဲ့ အရုပ်လေးတွေကို သတိရသွားတယ်။ ခုတော့ ပိုပြီး အရောင်စုံ၊ ပိုပြီးလှပ....


ဒါက Tianjin Nanshi Foods Street မှာ...။ တစ်လမ်းလုံး စားစရာတွေ ချည်းပဲ။ လည်ပင်းမူလီ တပ်ထားသလိုပဲ ဘယ်ညာကို လည်နေတော့တာ။ ကြည့်ရတာများ မျက်လုံး ၂လုံးတောင် မလောက်ချင်ဘူး။


ဒါ...။ စားမယ်လို့ တွေးထားပြီးမှ ဘယ်လို အာရုံပြောင်းသွားတယ် မသိဘူး။ မေ့ပြီး လုံးဝ မစားခဲ့ရဘူး...။ အဲဒီအနောက်က ၀ါဝါအကွင်းတွေက မုန့်ချိုသွင်းလို့ ကျွန်မတို့ ခေါ်တဲ့ မြန်မာမုန့်နဲ့ တူလို့လေ....


ဒါ သူတို့ ထရန်ဂျင်းမှာ သိတ်နာမည်ကြီးတဲ့မုန့်ပေါ့။ စားကြည့်လိုက်တော့ မွမွ စိမ့်စိမ့်လေး။ အရသာ အမျိုးမျိုး မူကွဲတွေ လုပ်ရောင်းကြတယ်။ ဘာမုန့်လဲတော့ မသိဘူး။ လွယ်လွယ်ကူကူ မုန့်ကြိုးလိမ်လို့ပဲ နာမည်ပေးလိုက်တယ်။ ထရန်ဂျင်းရောက်ဖြစ်ရင် စားဖြစ်အောင် စားရမဲ့ စာရင်းထဲ တို့ထားလိုက်ကြပါ။


ဟော...မုန့်ကြိုးလိမ်ပြီးတော့ တစ်ခါတည်း နောက်တော့ပစ်က အင်မတန် စိတ်ဝင်စားစရာ။ သူတို့ဆီက အိမ်သာတွေ ရေဆွဲချတဲ့ နေရာက အဲလိုရှင့်။ လက်နဲ့ ဆွဲရမှာ မဟုတ်ဘူး၊ ခြေထောက်နဲ့ နင်းချရတာ။ ကြည့်လေ ဒါမျိုးးး


အဲသလို ရွေ့လျားမုန့်ဆိုင်လေးတွေလည်း နေရာတော်တော်များများမှာ တွေခဲ့ရပါရဲ့...


ဒါကတော့ အခိုက်ဆုံးသော တီထွင်မှုပဲ....။ ကြည့်ပါ...အသေအချာ ကြည့်၊ ရဲရဲကြီး ကြည့်လိုက်ပါ။ အထဲကို...


နှယ်နှယ်ရရတော့ မဟုတ်ဘူးနော် ၀က်ဂွန်တံဆိပ်ရှင့်..

ဆက်ပါဦးမယ်....