Monday, February 20, 2012

စိနတိုင်းသွားတောလား-၎

ခုတစ်လော ရေးချင်နေတာတွေ များနေတာ၊ ဘာအရင် ရေးရမလဲ စဉ်းစားနေတာ ဒါနဲ့တင် အချိန် အတော်ကုန်သွားတယ်။ ရယ်စရာတွေ ရေးပါဦး အစ်မ တဲ့။ ဟင်းချက်နည်း မတင်တာ ကြာပြီနော် အစ်မတဲ့။ အင်း ကိုယ်တိုင်တောင် ဖြစ်သလိုပဲ ရှန်ဂရီလာက ချိုင့်ဆွဲဝယ်စားနေတာ၊ အိမ်ကလူကလည်း ကြေးမများ တတ်ဘူးဆိုတော့လေ ဟင်းမချက်ဖြစ်တာတောင် ကြာပါပြီ။ ရယ်စရာဆိုပြန်တော့လည်း လူရွှင်တော်တွေ ပြက်ကြသလို တစ်ဟားဟားအော်ဟစ်ရယ်မောပြီးမှ အင်း အဲဒီလိုတောင် မရယ်နိုင်တဲ့ ဘ၀ပါကွယ်လို့ပဲ ပြောရတော့မယ် ထင်ပါရဲ့။ ဘ၀ကြီးက တစ်ခါတစ်လေ အဲသလို...။ ထားပါတော့။

မျက်နှာပူပူနဲ့ပဲ မနှစ်က သွားခဲ့တဲ့ခရီးလေး အစဆွဲထုတ်ရေးဦးမှ။ အတော်လေး ပြန်တွေး၊ ပြန်နွှေးပြီး သကာလ သြော် အပိုင်း၃အထိတောင် ရေးပြီးခဲ့ပါပကောလို့ (ပြန်ကြည့်မှ) သိလိုက်တယ်။

ရီဗီးရှင်းပြန်လိုက်ကြရအောင်။ အပိုင်း ၁ မှာ အချီးလို့ခေါ်တဲ့ နိဒါန်းကလေးအစပျိုးခဲ့ပြီး အပိုင်း ၂ မှာတော့ ဂရိတ်ဝေါလို့ အမည်ရတဲ့ ဘေဂျင်း မဟာတံတိုင်းကြီးနဲ့ ဘေဂျင်းရဲ့ လက်စွပ်ကြီး ၇ကွင်း အကြောင်း ရေးခဲ့ပါတယ်။ အပိုင်း ၃ မှာတော့ စကာင်္ပူလေဆိပ်ကနေ စအထွက်၊ လေယာဉ်ပြောင်း စီးရမဲ့ ဟောင်ကောင်လေဆိပ်အရောက် အဲဒီအပိုင်းထိ ရေးခဲ့ပြီးပါပြီ။

အဲဒီအပိုင်း ၃ မှာ စင်္ကာပူကဒေါ်လှ ဟောင်ကောင်လေဆိပ်ထဲရောက်တဲ့အခါ မုန့်လေးမှ ၀ယ်စားလို့မရတဲ့ အကြောင်းနဲ့၊ စားသောက်ဆိုင်ဝန်ထမ်း ၀တုတ်မလေးရဲ့ ချိုသာပြတ်သားတဲ့ ၀န်ဆောင်မှုအကြောင်းလေးမှာ အဆုံးသတ်ခဲ့တာ။ ရေးရေးလေးတော့ မှတ်မိပြီ ထင်ပါရဲ့။ စာကြေချင်သူများတော့ ပြန်ဖတ်ကြပါလေ။

ခု အပိုင်း ၄ မှာတော့ ဘေဂျင်းလေဆိပ်ကိုရောက်ပါပြီ။ လေယာဉ်နဲ့ဆိုတော့ ဒီလောက်တော့ မြန်မှ ဖြစ်ပါ မယ်။ အဲဒီမှာ အင်မတန် စိတ်ဝင်စားဖွယ်ရာတွေ စတော့တာ ပါ ပဲ။ လေဆိပ် အပြင်ဘက်ရောက်လို့ အများသူငါတွေ အလံလေးတစ်ရမ်းရမ်းနဲ့ လာကြိုသူတွေသူတွေနောက် ပါ ပါသွားကြတော့ ကျွန်မတို့လည်း ကိုယ့်ကို လာကြိုမဲ့ ဂိုက်ကို မျက်စေ့ဖွင့်ရှာရပါတော့တယ်။ မျက်စေ့က အတော်လေး ဆွဲဖွင့်နေရတဲ့အဆင့်ကို ရောက်နေပါပြီ။ ညကလည်း လေယာဉ်ပေါ်မှာ တစ်ညလုံးလိုလို ကောင်းကောင်း အိပ်မရခဲ့ဘူးကိုး။ အိမ်က ည ၁၀နာရီ ထွက်၊ စင်္ကာပူက ည ၁နာရီကျော်ထွက် တဲ့လေယာဉ် က ဟောင်ကောင်ကို မနက် ၅ နာရီရောက်၊ ဟောင်ကောင်က မနက် ၈နာရီထွက်တဲ့လေယာဉ် က ဘေဂျင်းကို မနက် ၁၁ ခွဲလောက်ရောက်၊ ပြီးတော့ ခရီးစဉ်အရဆို ရောက်ရောက်ချင်းမှာပဲ နေ့ဝက် ခရီးအနေနဲ့ ၃နေရာလောက်သွားရဦးမှာပါ။

လာကြိုနေကြတဲ့ လူအုပ်ကြီးတစ်တန်းလုံးလည်း ဆုံးသွားပြီ။ ကျွန်မတို့ နာမည်ကိုရေးထားတဲ့ ဆိုင်းဘုတ်လေး ကိုင်ထားပါလိမ့်မယ်ဆိုတဲ့ တိုးဂိုက်ကိုဖြင့် ရှာမတွေ့ပါဘူး။ နောက်ဆုံး ၁၅မိနစ်လောက်အကြာမှာတော့ စင်္ကာပူဧဂျင့်က ပေးလိုက်တဲ့ ဘေဂျင်းဧဂျင့်ရဲ့ဖုန်းကို လှမ်းဆက်ရပါတော့တယ်။  ကြက်နဲ့ဘဲတွေ့ကြတာလို သူစကား ငါမသိ၊ ငါ့စကား သူမသိဆိုတာ တစ်ကယ်ကို ကြုံဖူးသွားတော့တာ။ စလုံးကပြောတဲ့ မန်ဒရင်းကို ကျွန်မ နားထောင်လို့၊ အနည်းငယ် ပြန်ပြောလို့ ရပါသေးတယ်။ ဒါပေမဲ့ သူတို့ ပြောနေတာတွေကို ကျွန်မ ဘယ်လိုမှ နားမလည်တာပါ။ ထား ကျိုက်နားလီ- သူ ဘယ်မှာလဲ ဆိုတဲ့ ကျွန်မမေးခွန်းကို သူက ထား ကျိုက် အဲပို့ လို့ တစ်လုံးပြန်ပြောတာကိုတော့ နားလည်လိုက်တာမို့ ဒါဆိုရင်တော့ လေဆိပ်ထဲမှာတင် ကပ်လွဲနေပြီ လို့ စိတ်က သိလိုက်ပါတယ်။

အတော်လေးကြာပါတယ်။ သူကလည်း ပြော၊ ကျွန်မကလည်း မေးနဲ့ ဒါပေမဲ့ လိုရင်းမရောက်နိုင်ကြတာမို့ စိတ်က အတော်လေး ညစ်နေပါပြီ။ ဖုန်းကိုင်ထားပါလို့ ပြောပြီး တစ်ယောက်ပြီး တစ်ယောက်လက်ပြောင်း၊ အစကနေ ပြန် ပြန်ပြောပြနေရတာကလည်း ကျွန်မလို အိပ်ရေးမ၀ခဲ့တဲ့ လူတစ်ယောက်အတွက် အတော်လေး စိတ်မရှည်စရာ မဟုတ်လားရှင်။

ကံကောင်းချင်တော့ ဘေးနားမှာ အင်္ဂလိပ်လိုပြောနေတဲ့ တရုတ်အမျိုးသားတိုးဂိုက်တစ်ယောက်ကို သွားတွေ့လိုက်ပါတယ်။ ဒါနဲ့ပဲ အဲဒီဦးမေခလာကို အကျိုးအကြောင်းပြောပြပြီး အကူအညီတောင်း၊ သူတို့ချင်း တိုက်ရိုက် ဖုန်းပေးပြောလိုက်ပါတော့တယ်။ ဖုန်းလည်းချပြီးရော ဦးမေခလာက သူ့ရှေ့ကလူအုပ်ကြီးကို မျက်နှာမူပြီး ကွိကွိကွကွတွေ အော်ပြောနေတော့တာ။ အဲဒီတော့မှ လူအုပ်ထဲက ပဲကေနဲ့ တရုတ်တစ်ယောက် ထွက်လာပြီး သူပဲ သူပဲ (အဲလို ပြောလိုက်တယ်လို့ ထင်တာပါပဲ) လို့ အော်ပြီး ကျွန်မတို့ အနားရောက် လာပါတော့တယ်။ ဒါနဲ့ ကျွန်မက သူကိုင်ထားတဲ့ ဆိုင်းဘုတ်ကို ကြည့်လိုက်တော့ အားလုံး တရုတ်လိုတွေချည်း ရေးထားတာ ဖြစ်နေတာ။  ကြည့်ဦး၊ လုပ်ပုံက။ ကျွန်မလည်း စိတ်တိုတိုနဲ့ ဖိဟောက် ပစ်တော့တာပဲ။ ဘယ့်နှယ် စင်္ကာပူဧဂျင့်ကို အသေအချာ မှာထားတာ။ အင်္ဂလိပ်စကားပြောဂိုက်လိုချင်တယ်
၊ လာကြိုတဲ့အခါ နာမည်ကို ရေးထားပြီး လာကြိုဖို့ (တစ်ကယ်တော့ ဒါက ထုံးစံပါ)ပါ မှာထားတဲ့ဟာ။ အဲလို အသေအချာ မှာထားပါရက်နဲ့ စကတည်းက ဒီလို တစ်လွဲဖြစ်နေတာမို့ စိတ်ထဲ မသက်မသာဖြစ်ရပါတယ်။ 
(အိမ်ကလူကတော့ ဘလော့ဂ်ဂါတော့ ရေးကွက်တွေ ရပြီဟေ့ဆိုတဲ့ မျက်နှာနဲ့ ပြုံးစေ့စေ့ရယ်)

ပဲကေတရုတ်ကတော့ အင်္ဂလိပ်လို လုံးစေ့ပတ်စေ့နားမလည်ပေမဲ့ ကျွန်မ သူတို့ကို ကွန်ပလိန်းတက်နေမှန်းတော့ သိပါတယ်။ သူ့မျက်နှာဖြင့် ဇီးရွက်လောက် ရှိတော့တာလေ။ ခဏနေတော့ ကျွန်မတို့နဲ့အတူ တစ်အုပ်စုထဲသွားမဲ့ တရုတ် အန်ကယ်ကြီးတစ်ယောက် နဲ့ ပေါင်းမိပါ တယ်။ နောက်လူတွေရောလို့ မေးတော့မှပဲ ကျွန်မမှာ စိတ်တိုစရာ နောက်တစ်ခု ထပ်ကြုံရပြန် ပါတယ်။ နောက်လူတွေက ညနေ ၄နာရီဆိုက်မဲ့လေယာဉ်နဲ့ကျမှ ပါလာမှာတဲ့လေ။ ဒါဆို ငါတို့က နောက်ထပ် ၄နာရီလောက် စောင့်ရဦးမှာပေါ့ဆိုတော့ ယား ယားတဲ့။ ဒါဆိုဒီနေ့ ငါတို့သွားရမဲ့ နေရာတွေကို မသွားရတော့ဘူးပေါ့ ဆိုတော့ ယား ယား တဲ့။ ဒါဆို ဟိုတယ်ကို ငါတို့ကို အရင် ပြန်လိုက်ပို့ဆိုတော့ နိုး နိုး တဲ့။

ဟိုတယ်နဲ့ လေဆိပ်က ဝေးတာကိုးလေ။ ဒီတော့ ကျွန်မတို့ကို ဟိုတယ်ဆီ သပ်သပ်တစ်ခေါက် လိုက်မပို့နိုင်တာ သဘာဝကျပါတယ်။ ကျွန်မလည်း စိတ်ကို အတော်လေး လျှော့ချထားလိုက်ပါတော့တယ်။ အိမ်ကလူကတော့ ကျွန်မထက်ပိုပြီး ကူးလ်ဒေါင်းဖြစ်တဲ့သူမို့ အဖော်ရှိနေတဲ့ တရုတ်အန်ကယ်ကြီးနဲ့ စကားလက်ဆုံကျနေခဲ့ပါပြီ။ လေဆိပ်ထဲက မက်ဒေါ်နယ်ဆိုင်လေးမှာပဲ ထိုင်ကြရင်း နောင်လာမဲ့ လူစုကို စောင့်ကြရပါတယ်။ စောင့်ရင်း စားကြရတာပေါ့လေ။

အဲဒီ အန်ကယ်ကြီးက မလေးရှားကမို့ သူနဲ့ ကျွန်မက မလေးလို ပြော (ဒီနေရာမှာ ကျွန်မရဲ့ မလေးစကား မတောက်တစ်ခေါက်ပြောတတ်နေတာလေးက နည်းနည်းတော့ အသုံးကျပါတယ်)၊ အဲဒါကိုမှ ပဲကေတရုတ်ကို အန်ကယ်ကြီးက တရုတ်လို ဘာသာပြန်ပြ၊ ပဲကေတရုတ်က ပြန်ပြောတဲ့အခါ ကျွန်မကို မလေးလို ပြန်ပြောနဲ့။ အတော်လေးကို ဟုတ်နေတာပါ။ စိတ်လည်းတိုရ၊ ရယ်လည်း ရယ်ရနဲ့ပါ။ ပဲကေက သူ့ရုံးနဲ့ ဖုန်းပြောအပြီးမှာ အန်ကယ်ကြီးကတစ်ဆင့် ကျွန်မကို သိစေပါတယ်။ အဲဒါကတော့ ကျွန်မတို့ကို အမျက်ပြေ အလျော်ပေးတဲ့အနေနဲ့ ဒီည ဖိုက်စတားဟိုတယ်မှာ တစ်ညအိပ်ထားပေး ပါမယ်။ နောက်တစ်နေ့မှ နေရမဲ့ ဖိုးစတားဟိုတယ်ကို ပြောင်းပါလို့ ဆိုတာပါ။ တစ်ကယ်ဆို ကျွန်မက စိတ်ပြေနေပါပြီ။ ဘာပဲပြောပြော ပထမဦးဆုံးညက တစ်အုပ်စုလုံး ကြယ်၅ပွင့်ဟိုတယ်ကြီး မှာ နေခဲ့ကြရပါတယ်။

ဟိုတယ်မ၀င်ခင် ညစာအရင် စားကြရပါတယ်။ အစားအသောက်ပါ ပါပြီးသားမို့ ကျွန်မတို့ ဘာမှ ထုတ်စရာ မလိုတဲ့ ညစာပါ။ ဘေဂျင်းက စားသောက်ဆိုင်တွေက အဲလို အုပ်စုတွေ တစ်ဝိုင်းစားကြတိုင်း ဘီယာ ၂ပုလင်းနဲ့ ကိုကာကိုလာ ဗူးကြီးတစ်လုံး အမြဲချပေးပါတယ်။ စားသောက်ဆိုင်တွေနဲ့ ထရယ်ဗဲလ်ဧဂျင့်တွေကြား ပေးကမ်း ပြောဆိုပြီးတဲ့ ထုံးစံပဲ ထင်ပါရဲ့။ ညစာလေးကတော့ စားကောင်းသား။





ညအိပ်ကြရမဲ့ ဟိုတယ်ကို ရောက်ပါပြီ....


မနက်စောစော ဟိုတယ်ရှေ့က ပန်းခင်းလေးနားမှာ....


ခဏနေ အားလုံး မနက်စာ စားသောက်ကြပြီးရင်တော့ Tiananmen Square နဲ့ Forbidden Cityတွေကို သွားကြရမှာပါ။ အားလုံးကားပေါ်တက်ကြဆိုတော့မှ အတူပါလာတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ပန်းရောင် သေတ္တာအကြီးကြီးတစ်လုံး ပျောက်နေပါတော့တယ်။ ကျွန်မတို့က ဒီည ဒီဟိုတယ် ပြန်လာမှာ မဟုတ်တဲ့အတွက် ပစ္စည်းတွေပါ တစ်ခါတည်း ကားပေါ်တင်ကြတာ။ မနက်စာမစားခင်က Hotel Lobby မှာ အပ်ထားခဲ့ကြတာ။ ဖြစ်ချင်တော့ ကျွန်မတို့ ရှေ့က ထွက်သွားတဲ့ကားကလည်း အဲလိုပဲ သေတ္တာတွေ အပ်ပြီး မနက်စာစား၊ ခုလေးပဲ ထွက်သွားတာလို့ ဆိုတာနဲ့ ဂိုက်က ချက်ချင်း အဲဒီကားကို ဖုန်းဆက်ပြီး စစ်ခိုင်းတော့မှ သူတို့ကားပေါ် မှားပြီး ဆွဲတင်သွားတာပါလို့ ပြောပါတယ်။ ဟူးးး ဒါပါပဲ တရုတ်ပြည်မှာ အဲလိုတွေ ဖြစ်တတ် ပါတယ်။ ဘာကိုမှ စိတ်ချလက်ချထားမရပါဘူး။ အရာရာ သတိ၊ သတိ၊ သတိ ရှိရမဲ့ နေရာပါ။

သင်ခန်းစာ ၁-အုပ်စုနဲ့ ခရီးသွားတော့မယ်ဆိုရင် အားလုံးရဲ့ စုရပ်၊ ဆုံချိန်တွေ ဧဂျင့်ကို မေးမြန်းထားပါ။
သင်ခန်းစာ ၂-တိုးဂိုက် (ဘာသာစကား) ကိစ္စ၊ လာကြိုဖို့ကိစ္စ အကြေအလည် စီစဉ်ပါ။
သင်ခန်းစာ ၃-မိမိပိုင် ပစ္စည်းတွေကို မိမိမျက်စေ့အောက် မြင်သာတဲ့နေရာမှာပဲ ထားပါ။

ဆက်ပါဦးမယ်...

11 comments:

  1. ဟေးးးးး တို့ ၁

    ဖတ်ချင်လွန်းလို့ မနည်းကြီးးးးးးးးးးးး ဖတ်လိုက်ရတယ် အချစ်ရယ်...

    ReplyDelete
  2. မှတ်သား‌လောက်တဲ့သင်ခန်းစာ‌တွေရသွားပါတယ်မချစ်ရယ်
    ..အီးးးးဒါ‌ပေမဲ့အနက်‌ပေါ်ကအဖြူ‌ရောင်စာလုံး‌တွေ
    ဖတ်ပြီးညက်မှန်ပါဝါ‌တွေတိုးသွားပါေ ကြာင်းးးး။

    ReplyDelete
  3. ဒီဇိုင်းအသစ်နဲ့လန်းတယ်ဗျိုးးး

    2 ကိုဖတ်ဖို့စောင့်ရတာတော်တော်ကြာတယ်
    ခုလဲ ဆက်ရန်တဲ့
    နောက် ၃ လလောက်စောင့်ကြပါဗျိုးးးးး
    ချစ်တဲ့

    ဒိုးကန်

    ReplyDelete
  4. သိဖူးသိဖူး
    စားသောက်စရာတွေကို စောစောစီးစီးမြင်ပြီး
    ဗိုက်ဆာတာပဲသိတယ်း)
း)

    ဒီနေ့တော့ အကောင့်ဖွင့်လျက်မို့မန့်ခဲ့တယ် မမချစ်း)

    ReplyDelete
  5. မဒိုးကန် ပြောတာကို ရား ..ရား လို့  ထောက်ခံသွားတယ်..စောင့်မျှော်နေတယ် မမချစ်..စကားမစပ် ဒီဇိုင်းအသစ်လေးက ရေလည်လန်းတယ်..

    ReplyDelete
  6. လေဆိပ်ရောက်ရောက်ချင်း အဆင်မပြေရင် သိပ်စိတ်ညစ်ရတာနော်း((

    ReplyDelete
  7. ပဲကေလေးကို ပြုံးရင်း မျက်လုံးထဲ ပုံဖော်မိနေတယ် အစ်မရေ..။ အခန်းဆက် ဒီတစ်ခါ ကြာစေနဲ့နော်..။
    စောင့်ရင်း မျှော်နေမယ်..။

    ReplyDelete
  8. ဒီ Template လေး ကောင်းပါတယ်... ဒါပေမယ့် ဘေးနားကတော့ နည်းနည်းလေး (နည်းနည်းလေး) ရှုပ်နေသလို (ထင်ရတယ်)... ဟိ

    ReplyDelete
  9. မလေးရှားကိုမရောက်ဖူးပေမယ့် ရောက်သွားသလိုခံစားရပါတယ်။ မလေးရှားမှာတည်းခိုရင် အဲဒီလိုဖြစ်တတ် တယ်ဆိုတာကိုဗဟုသုတရသွားတာပေါ့။ သွားလည်ရင် ဒါတွေကို အလေးထားရမယ်ဆိုတာသိသွားတာပေါ့နော်။ ခုတင်ထားတဲ့စားသောက်စရာတွေ၊ ရှုခင်းလေးတွေကို မြင်ရတော့ သွားချင်စရာလေးနော်။ စိတ်ကူးယဉ်ကြည့်လိုက်တာ တော်တော်ပျော်စရာကောင်းတာပဲ။ အခုလို ဗဟုသုတရစရာတွေ၊ အထူးအဆန်းလေးတွေ၊ တင်ထားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။ နောက်လည်း ဆက်လက် တင်ပြသွားပေးပါလို့ ပြောပါရစေရှင်။ ဒီထက်လှပတဲ့ နောက်ခံဒီဇိုင်းလေးတွေပြုလုပ်ပြီး အောင်မြင်မှုများစွာ ရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင့်။

    ReplyDelete
  10. သြော်..ဘေဂျင်းက ပဲကေရယ်း))

    မကြီး..Theme လေးလှတယ်။ ဒါပေမယ့် စာရေးကွက်ရေးကျဉ်းနေတယ်။

    ချစ်တဲ့

    ReplyDelete
  11. ပဲကေ တရုတ်၊ မလေး တရုတ်၊ အစ်မချစ်ကြည်အေး ဟုတ်တော့ဟုတ်နေပြီ။ တရုတ်က အင်္ဂလိပ်လို ရားရား၊ နိုးနိုးကလွဲရင် မဟကို မဟတာလားဟင်? အပေါ်ကော်မန့်ကို ကြည့်ပြီး ရယ်သွားသည်။

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...