Monday, February 13, 2012

ကံ စိတ် ဥတု ပြီးတော့ အာဟာရ

ရန်ကုန်မှာ ဟင်းစားအသီးအရွက်တွေဖြစ်တဲ့ ဂေါ်ဖီ၊ ကိုက်လန်၊ ပန်းမုန်လာ၊ မုန်ညင်း၊ မုန်လာဥနီနဲ့ တစ်ခြားအသီးအရွက်တွေအားလုံး ဘာဖြစ်ဖြစ် စားရတာ အရသာမရှိဘူးလို့ အမေ ခဏခဏ ညည်းလေ့ ရှိပါတယ်။ ဆေးတွေဖြန်းကြလို့ အနံ့လည်း မကောင်းဘူး။ အသားတွေ ငါးတွေဆိုလည်း အမေတို့ ငယ်တုန်းကလို စားရတာ မချိုတော့ဘူးလို့ ပြောပါတယ်။ ကျွန်မက ဟုတ်လားအမေလို့သာ ပြန်ပြောနိုင် ခဲ့ပါတယ်။ 

ကျွန်မကိုယ်တိုင်လည်း သတင်းတွေ ဖတ်နေရပါတယ်။ ငါး၊ ပုဇွန်မွေးမြူရေးကန်တွေမှာ Oxytetracycline/ Oxolinic acid/ Chloramphenicol/ Nitro furans/ Tetracycline/ Sulfanilamide/ Neomycin/ Chloroform/ Chlopromazine/ Nitromidazoles/ Colchicines/ Daps one/ Dimetridazole/ Metronidazole/ Clenbuterole/ Ronidazoles/ Malachite green and leuco Malachite green ဆိုတဲ့ ဓါတုဆေးဝါးတွေ ကျွေးပြီး မွေးမြူကြတယ်။ အနည်းဆုံးတော့ အဲဒီအထဲက တစ်မျိုးကနေ သုံးမျိုးလောက် ငါးကန်တိုင်း သုံးကြပါတယ် တဲ့။ အဲဒီဆေးတွေသုံးပြီး ကြီးထွားနှုန်းမြန်ဆန်အောင် လုပ်ကြတာပါ။ သူတို့အတွက်က ဒီငါးတွေအမြန်ကြီးပါမှ ဈေးကွက် တင်ရောင်းနိုင်မှာ၊ ငွေ အမြန်ပေါ်နိုင်မှာကိုး။  ငါးတွေကို ကျွေးရတဲ့ ငါးစာကလည်း အရင်ကလို သမားရိုးကျ ဖွဲနုတစ်မျိုးတည်း မဟုတ်တော့ ဘဲ ဖြည့်စွက်စာတွေဖြစ်တဲ့ ပဲဖတ်နဲ့ ငါးကြေမှုန့်တို့၊ ဖော်စပ်စာဖြစ်တဲ့ ဆန်ကွဲ၊ ပြောင်း၊ ငါးပေါင်းမှုန့်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေထည့်သွင်းထားတဲ့ ငါးစာတို့ကို ကျွေးရပါသတဲ့။ ဒီတော့ မြန်မြန်ရောင်းနိုင်လေ၊ ငါးစာဖိုး အကုန်အကျသက်သာလေ၊ တွက်ခြေကိုက်လေပေါ့ရှင်။

ငါးမှ မဟုတ်ပါဘူး။ တစ်ခြား မွေးမြူရေးတိရိစ္ဆာန်တွေဖြစ်တဲ့  ကြက်တို့ ၀က်တို့ ဘဲတို့မှာလည်း ဒီအတိုင်းပဲ။ အသားတိုး၊ အထွားမြန်ဖို့အတွက် ဒီလိုဓါတုပစ္စည်းတွေ ကျွေးပြီးမွေးမြူရင် ဒီသတ္တ၀ါတွေကို စားသုံးသူတွေအတွက် ရေရှည်မှာ ကိုယ်တွင်းအဆိပ်အတောက်ဖြစ်ပွား နိုင်ပြီး နောက်ဆုံးမှာ ကင်ဆာရောဂါ အထိ ဖြစ်နိုင်တယ်လို့ ဖတ်လိုက်ရပါတယ်။

တစ်ခါတုန်းကလည်း ကျွန်မမိတ်ဆွေတစ်ယောက် ကောင်းမှုနဲ့ ပြည်ပပို့ ပုဇွန်ထုတ်ကြီးတွေ စားဖူးလိုက် ပါသေးတယ်။ လား လား ပုဇွန်ခေါင်းထဲမှာ ခဲတွေ သွတ်ထားလိုက်တာ။ ပုဇွန်ဆီကြိုက်တဲ့ ကျွန်မ ပုဇွန်ခေါင်းတွေဖြုတ်ပြီး စားရတော့ နှမျောလိုက်တာလေ။ ကောင်းတဲ့ဘက်က လှည့်တွေးလိုက်တော့ "နင်လားဟဲ့ ကိုလှစော...ငတို့ကတော့ ရှောင်သဟေ့" လို့ ခပ်တင်းတင်း (မချိသော်လည်းပေါ့လေ) လုပ်ပြီး လွှင့်ပစ်လိုက်တယ်။ ပုဇွန်ခေါင်းက ကိုလက်စထရောများတာမို့ မစားသင့်ဘူး ပြောကြတယ် မဟုတ်လား။

အင်းးး ကုန်းနေ ရေနေသတ္တ၀ါတွေတော့ ကုန်သလောက်ရှိပြီ။ ဒါဆိုလည်း တို့ကတော့ မေတ္တာဘာဝနာလေး ပွားရင်း အသီးအရွက်ပဲ စားမကွာလို့ ပြောကြမလား။ ထပ်စဉ်းစားလိုက်ဦး။ အမေပြောတဲ့ ဆေးဖြန်း အသီးအရွက်တွေ၊ မကြာသေးခင်ကမှ ကြည့်လိုက်ရတဲ့ ရေခြံတွေထဲက အင်းသီးစိုက်ခင်းတွေ... မျက်စေ့ထဲ မြင်လာပြန်ရော။ ရွာကပြန်လာတဲ့ သူငယ်ချင်း တစ်ယောက် ပြောတာတော့ ညက ငှက်ပျောသီး အစိမ်းတွေဟာ နောက်တစ်နေ့မနက်မှာ ၀င်းလို့ဝါလို့ စားချင်စဖွယ်ေ၇ွှရောင် ၀င်းမှည့်နေတာ မျိုးတဲ့။ ဆေးရည် စိမ်မှည့်ထားတာတွေလေလို့ ပြောတယ်။

မဇ္ဈိမတိုင်းသားတွေလို  "ပဲ စားမကွာ ဗီတာမင် အေတူဇိပါသကွ" ဆိုပြန်တော့လည်း ဘာထူးတုန်းရှင်။ ပဲထဲမှာလည်း ခဲရောကြပြန်သတဲ့။ ပဲထဲမှာရောဖို့ ခဲလုပ်တဲ့ ဟင်္သာတမြို့နယ်က ရွာသာ၊ လက်ခုပ်ပင်၊ အိုးဘိုကုန်းဆိုတဲ့ရွာတွေမှာ တစ်နေ့ကို ပဲထဲရောဖို့ ခဲ တန်ချိန် ၁၀တန်ကနေ ၁၅တန်လောက်အထိ ထုတ်ကြရသတဲ့။ ပဲကုန်သည်တွေကိုယ်တိုင်က အမှာရှိလို့ ထုတ်ကြရတာပါဗျာ တဲ့။

ကဲ ဆိုတော့ကာ အဲဒါတွေ စားနေလို့ ဘယ်လောက်များ စိတ်ချရပါ့မလဲ။ အသက်ကို ဉာဏ်မစောင့်ဘဲ ဓါတုဆေးဝါးကင်းသော အကောင်ပလောင်နှင့် အသီးအရွက်တို့စောင့်၏ လို့ပဲ ပြောရတော့မှာပဲ။ ကျေးဇူး တင်စရာတစ်ခုက ရွှေမြန်မာတွေရဲ့ အလွန်စထရောင်းဖြစ်တဲ့ အင်မြူးန်းစစ္စတန်ကိုပါပဲ။ ကျွန်မတို့ (ရှေးတုန်းက တောနေလူတွေဆိုရင် ပိုတောင် လေ့သေးတယ်) မြန်မာများက ကလေးပေါက်စန ကတည်းက မြေကြီးပေါ် ပစ်ထားလိုက်တာပဲ။ မြေဓါတ်ရအောင်လို့တဲ့။ ဒီတော့ ကလေးက တော်ရုံ ပိုးမွှားလောက်တော့ ကောက်တောင် ၀ါးစားလိုက်ဦးမှာဆိုတဲ့ အထဲက။

ထးပါတော့။ ပြောချင်တာကို ပြန်ကောက်ရရင် စီးပွားရေးသမားတွေ၊ ကုန်သည်ကြီးတွေ ဘာကြောင့် ဒီလို လုပ်နေကြရသလဲ။ အဖြေက ရှင်းရှင်းလေး။ အဲလိုမှ မလုပ်ရင် မကိုက်လို့ပါ ခင်ဗျာတဲ့။ ရာသီဥတုကြောင့်၊ ဒေါ်လှ ဈေးမငြိမ်တာကြောင့်၊ မှန်းချက်နဲ့ နှမ်းထွက် မကိုက်လို့ပေါ့ခင်ဗျာတဲ့။ ပို့ကုန်တွေဆိုရင် မှာယူတဲ့ တစ်ဘက်နိုင်ငံက အင်မတန် စစ်ဆေးတာ။ ဥပမာ ငါးမြစ်ချင်းဆိုပါတော့၊ ငါး လတ် မလတ် တင်မဟုတ်ဘူး။ ငါးရဲ့ ဘ၀တစ်ပါးမကူးပြောင်းခင်က တစ်ကိုယ်ရည်ကျန်းမာရေးလည်း စစ်သေးတာလို့ ဆိုတယ်။ ငါးစာအဖြစ် ဘာတွေ ကျွေးသလဲဆိုတာမျိုးတွေ၊ ငါးစာစက်ရုံကထောက်ခံစာနဲ့ ငါးစာတောင့် နမူနာတွေ၊ ငါးစာထုတ်လုပ်မှု စံနစ်ကျ မကျတွေကိုပါ စစ်ဆေးတောင်းဆိုပါသတဲ့။  ငါးတစ်ချို့က ကြက်ချေးစားတာကြောင့် ငါးမွေးတဲ့သူတွေဟာ ကြက်ခြံနဲ့ပါ တွဲမွေးတတ်ကြတယ်။ ဒါပေမဲ့ ငါးတိုင်းဟာ ကြက်ချေး မစားဘူးတဲ့ကွယ်။ အဲသလို ဘ၀င်ကိုင်တဲ့ ငါးတွေကြောင့်များ ငါးမွေးတဲ့သူတွေ ရှုံးကြတာလား။ ဘာလား ညာလား လား  လား နဲ့ တွေးမိပါရဲ့။ ကျွန်မကိုက ဉာဏ်မမီတာ ဖြစ်နိုင်ပါတယ်။

ခုဆို အိန္ဒိယမှာ ပဲစဉ်းငုံစိုက်တော့မဲ့အပြင် သူတို့ဆီမှာကိုက ပဲဈေးမတည်ငြိမ်တော့ ဒီဘက်ကလည်း လိုက်လှုပ်ရှားနေရတာ။ ပဲအဓိက ၀ယ်ယူနေတဲ့ တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံလုံးဆီက ပဲအ၀ယ်တွေ လျော့လာတယ်။ ဒီတော့ ပဲကုန်သည်တွေ၊ ပဲစိုက်သူတွေ ကြေကွဲနေကြရတာပေါ့။ အဲဒါဟာ ခဲရောရတဲ့ အကြောင်းရင်းတစ်ရပ်လား။ ကျွန်မတို့ ရွာမှာက ဈေးကွက်ကို တစ်ဦးတည်း ချုပ်ကိုင်ထားမှုတွေ ရှိတယ်လေ။ အဲသလို ကိုယ်ကြိုက်သလို ဈေးကွက်ကို လက်ဝါးကြီးအုပ်နေနိုင်လို့များ ခုလို လုပ်ကိုင်နေကြသလား၊ ဒါကရော ခဲရောရတဲ့ အကြောင်းရင်းတစ်ရပ်ပဲတဲ့လား ဆိုတာလည်း စဉ်းစားစရာ။

တရုတ်ပြည်ကြီးလို ကြက်ဥအတုကအစ ရီဆိုင်ကယ်(Recycled)-ဆီတွေ အဆုံး။ ဖော်မလင်ကြက်သားတွေက အစ မယ်လမိန်းနို့မှုန့်တွေ အဆုံး။ သွားတိုက်ဆေးက အစ ကလေးကစားစရာတွေ အဆုံး စားသုံးသူအကျိုးမကြည့်ဘဲ တပြုံးပြုံး ထုတ်လုပ်နေကြမယ်ဆိုရင်တော့" မြန်မာပြည်တွင် ထုတ်လုပ်သည်" ဆိုတာရဲ့နောက်မှာကပ်ပေးလိုက်မဲ့ အင်တာနေရှင်နယ်တံဆိပ်တွေအတွက် ကြိုတင် ရင်မောနေမိပါတယ်။ 

(ဒီနေ့က ဖေဖော်ဝါရီ ၁၃၊ ဗိုလ်ချုပ်မွေးနေ့ပါ။ ဗိုလ်ချုပ်ကို သတိရမိတော့ ဗိုလ်ချုပ်သာ ရှိနေရင် ဒီကိစ္စတွေအပေါ် ဘယ်လိုများ ကိုင်တွယ် ဖြေရှင်းမှာပါလိမ့်လို့ သိချင်မိပြန်တယ်။)

ကျွန်မကိုကလည်း တစ်နေ့ တစ်နေ့ မနေနိုင်၊ မထိုင်နိုင် ခုတစ်လော တွေးမိနေတာတွေက "ရွာတံခါးကြီးဖွင့်လိုက်တဲ့အခါ" ဆိုတာမျိုးချည်းပဲ တွေးနေမိပါတယ်။ အဲဒီအခါ ပြည်ပပို့မဲ့ ပြည်တွင်း ထွက်ကုန်တွေရဲ့ အရည်အသွေးပိုင်းက အင်မတန် အရေးကြီးလာပါပြီ။ စိုက်ပျိုး မွေးမြူသူတွေ၊ ကုန်သည်ကြီးတွေ သူတို့မှာလည်း သူတို့ အခက်အခဲနဲ့ သူတို့ ရှိနေကြမှာပါ။ ဒါတွေကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းပေးနိုင်ရင် ဒီကိစ္စက ပြတ်မှာပဲ။ အဲ ဘယ်လိုဖြေရှင်းကြမလဲဆိုတာကတော့ ကျွန်မထက် ဉာဏ်ပညာကြီးသူတွေ စဉ်းစားပေးကြစေချင်ပါတယ်။ အိမ်း ခုကတော့ စဉ်းစားတဲ့အဆင့်ပေါ့လေ။

ဘာဖြစ်ဖြစ် ရွေးချယ်စရာမရှိတော့တဲ့နောက်မှာတော့ သီချင်းလေးတစ်ပုဒ်သာ အော်ဆိုလိုက်ချင်ပါတယ်။

♫♪ စားမှာပဲ စားမှာပဲ ငါ့ကို လာမတားနဲ့
စားမှာပဲ စားမှာပဲ ငါ့ကို လာမတားနဲ့.....♩ ♬ ♭

Ref. : www.mizzimaburmese.com/
        MRTV-4

17 comments:

  1. ရှားရှားပါးပါး တစ်ရသွားပါလား... ဟေးဟေး..:)

    သဘာဝအတိုင်း သီးပွင့်ပြီး အရသာရှိတဲ့ အစားအစာတွေ ရှားကုန်ပြီနော်အစ်မရေ..။ ဇီးပန်းသီးတဲ့.. ဖွယ်တယ်တယ်။ သြဇာမာလကာတဲ့... ပေါ့ရွှတ်ရွှတ်..။ အသီးအရွက်တွေ ပိုးသတ်ဆေးဆင်အောင် ရေဆေးစားပါ၊ ကျက်အောင်ချက်ပါဆိုတော့ ငယ်ငယ်က အစိမ်းရောင်အာနိသင်တွေ မပျက်အောင် ရေမြန်မြန်ဆေး၊ စိမ်းစိမ်းလေးကြော်စားခဲ့ရချိန်တွေ နှမျောမိတယ်..။

    ReplyDelete
  2. အဲလိုဘဲအော်ရင်းစားရင်း ဆေးခန်းရောက်ရင်းပေါ့ မမချစ်ရယ် များများရှာထားရမယ် ဖြစ်လာရင် မြန်မြန်ကုဖို့ဆိုတာ များများရှိမှကုနိုင်တာမလား
    အဲဒီတော့ ကဲ ဘာစားကြမလဲပြေား))))

    ချစ်တဲ့

    မဒိုးကန်

    ReplyDelete
  3. ဟုတ်တယ် အမရေ...အသားစားရင် ဟိုဟာဖြစ်တယ် ဒီဟာဖြစ်တယ်ဆိုတာ့ အသီးအရွက်ပြောင်းစားမလားလို့ ထိုင်ဝမ်မုန်ညင်းကိုကြော်ပါတယ် ဆေးနံ့ရလို့ လွှင့်ပစ်လိုက်ရပါရောလား...။ ခုအိမ်မှာ အသီးအရွက်တခုခုကြော်တော့မယ်ဆို ဆားရေနဲ့ဆေးနယ် ရေနွေးဖျော်ပြီးမှ ကြက်သွန်ဖြူဆီသတ်ပြီး ပြန်ကြော်ရတယ်...။ တီဗီကလည်းမကြာခနအော်နေတယ် ကင်ဆာမဖြစ်ဖို့ ရှောင်ရန် ဆောင်ရန်တွေပေါ့...။ မြန်မာလူမျိုးတွေ အိမ်တိုင်းစားဖြစ်တဲ့ ငါးခြောက်ပါတယ် ရှောင်ရမယ့်ထဲမှာ... ၀က်အူချောင်း သနပ်စုံ...။ အဲလိုမျိုးတွေပေါ့...ယမ်းစိမ်းသုံးထားတဲ့အစားအစာတွေ..။ အသီးတောင်မှ တောကလာရောင်းတဲ့အသည်ကနေပဲ ၀ယ်စားဖြစ်တော့တယ် သဘောင်္သီးတို အပင်ကခူးလာတဲ့အလုံးသေးသေးလေးတွေ ငှက်ပျောသီးဆိုလဲ အဲလိုပဲ...။ ညီမလေးတို့ ရုံးကလမ်းထိပ်မှာ တောသည်တွေအများကြီးပဲ စိတ်ကောချရသလားမသိဘူး ..၀ယ်တော့စားနေကြတာပဲ...။

    ReplyDelete
  4. ချစ်ကြည်ကတော့ တွေးတွေးပြီး ရေးရှာတယ်လို့သာ ကော်မန့်ရေးခဲ့ပါတော့တယ်...

    ReplyDelete
  5. ကျမတို့ မြို့နားက..ရွာတွေ မှာ ဆို.. ..ဟင်းသီးဟင်းရွက် စိုက်တဲ့သူတွေ ကိုယ်တိုင်က..သူတို့ ထွက်ကုန်ကို မစားဘူးတဲ့။
    ဘာသွားဝယ်စားလဲတော့မသိ။
    တရုတ်ပြည်က သွင်းတဲ့..ပက်ကင်းလှလှ လေးတွေ ၀ယ်စားမယ် ထင်ရဲ့...

    ( ဟယ်...တတ်နိုင်ပါဘူး...... လှဘူးခင်ရယ် )း)

    ReplyDelete
  6. ခုတော့ကိုယ့်ဘာသာပဲတတ်နိုင်သလောက်စိုက်စားနေတယ်အမရေ...

    ReplyDelete
  7. ဒီအတိုင်းဆို..ရွာမှာရှိတဲ့
    ကန်ထဲက..သဘာဝငါးတွေ
    ညက်ခုံးလှုပ်ကုန်တော့မယ်ထင်ပး)
    ပဲထဲတောင်ခဲရောတယ်ဆိုတော့
    ဘာမှမစားချင်တော့ပါဘူးအစ်မရယ်..
    တောမှာကိုယ်တိုင်မွေးကြတဲ့
    ဗမာကြက်ရယ်၊အာလူးရယ်ပဲနေ့တိုင်းစားတော့မယ်း)
    မြေကြီးအောက်က..ဥတွေမှာတော့
    မရှိလောက်ဘူးထင်တာပဲကွယ် :D

    ReplyDelete
  8. ဒီလိုနဲ့ လူ့ သက်တမ်းတွေလဲ တဖြည်းဖြည်းတိုလာ ကြရပြီပေါ့...

    ReplyDelete
  9. မြေကြီးကရွှေသီးတဲ့နိုင်ငံမှာ ဒီလိုတွေရှိတယ်လား
    မစားပဲလည်းမနေနိုင် အားလုံးမလွတ်ကြပါဖူးဗျာာ
    ဘယ်ဟာကိုဘယ်လိုအလေးထားရှောင်ရှားရမှန်းကိုသိတော့ဖူး တကယ်

    ReplyDelete
  10. အစ်မရေ ဒီမှာလည်း အသီးအနှံတွေက သဘာဝမဟုတ်ဘဲ အကြီးကြီးတွေရယ်
    ကြီးတာမှ တော်ရုံ မဟုတ် လူပေါက်သတ်ရင်သေနိုင်လောက်အောင် ကြီးတဲ့ အသီးတွေ
    ခရမ်းချဉ်သီး၊ ကြက်သွန်နီ မုန်လာဥဖြူတို့ဆို တစ်သက်မှာ မမြင်ဖူးတဲ့ အကြီးကြီးတွေ
    စားရမှာတောင် လန့်တယ်
    ဒါပေမဲ့ အစ်မပြောသလိုဘဲ စားမှာဘဲ စားမှာဘဲ လို့ အော်ပြီး စားနေကြရတာပါဘဲ :)

    ReplyDelete
  11. မကြီးချစ်ရေ
    မစားဘဲနဲ့လည်းနေလို့က...မရ
    စားရပြန်တော့လည်းမလတ်ဆတ်
    အဲတာကြောင့် ပစ်ပစ်မြန်မာပြန်ရင်
    နယ်ဘက်မှာဘဲနေချင်တာ
    ခြံကျယ်ကျယ်လေးနဲ့
    ကိုယ့်ဘာကို အပင်လေးဘာလေးစိုက်
    အဲလိုလေးနေချင်တာ

    ReplyDelete
  12. ကိုယ့်ဘာသာစိုက်စားမှပဲ အရောအနှောကင်းတာ ရမယ်တူပါရဲ့  မချစ်ရေ...

    ReplyDelete
  13. ဒီဆေးတွေ.. သဘာဝမကျတာတွေကတော့ ဒီခေတ်ကြီးထဲမှာ မရှောင်နိုင်တော့ဘူးထင်ပါရဲ့.. ရွှေပြည်ကြီးတင်မကဘူး.. ဘယ်နေရာမှာမဆို.. ဒီလိုတွေချည်းပဲ... အသီးနဲ့ အရွက်ကြိုက်တဲ့ ကျွန်တော့ သည်းခံစားနေရတာပ.. :D

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  14. ဒေါ်ချစ် မီးကတော့ မတူတဲ့ ရှုထောင့်ကနေ စဉ်းစားကြည့်မိတယ်

    အဲ့တာကြောင့် ကမ္ဘာစစ်တွေလိုတာလို့ပြောရင် အဆိုးမြင်တယ် မပြောနဲ့

    ကမ္ဘာက သူ့နည်းသူ့ဟန်နဲ့ ပိုလာတဲ့ လူတွေကို ရှင်းထုတ်ပစ်တာနေမှာ

    လူတွေ များလာတော့ လူဦးရေပေါက်ကွဲမှုတွေဖြစ်လာ
    စားသုံးကုန် ပိုလိုလာ သောက်သုံးရေပိုလို လာ လောင်စာ ပိုလိုလာ သစ်တောတွေပိုကုန်လာ
    သံသရာ က ဒီလိုကိုလည်နေတာ

    အဲ့တာကြောင့် လူတွေ လျော့ရမယ် သူတို့ က ကိုယ့်ကို မလျော့ရင် ကိုယ်က သူတို့ကို လျော့ရမယ်

    အခုနေ တတိယ ကမ္ဘာစစ်ဖြစ်ရင် ဟစ်တလာလို လူတွေကို အစုလိုက်အပြုံလိုက်သတ်ချင်မိတယ်
    ဟိ ဆဲကြစေ

    ReplyDelete
  15. တီချမ်း...လူဇိုးမကြီး....တီဟစ်တလာချမ်း....

    ReplyDelete
  16. တီချမ်းပြောသလိုပဲ သမြားလဲတွေးမိတယ်
    ကမ္ဘာစစ်ဆိုတာ သဘာဝကြီးကလူလျှော့တာဖြစ်လောက်တယ်လို့

    ReplyDelete
  17. အကြည်ရေ တို့တွေလဲ ဒီမှာ ဗမာစာ မစားရမနေနိုင်လို့ ၀ယ်စားရတယ်။ ဟိုတစ်လောက ထန်းလျှက်လေးဝယ်လာတာ သမီးက မုန့်လက်ကောက်ကြိုက်လို့ ထန်းလျက်လေးကျိုပေးတာပေါ့။ ကျိုပြီးအောက်မှာ အနည်တွေ ထိုင်နေတာက အမဲရောင် အမှုန်တွေ။ အနည်တွေကလဲ ဘာမှန်းမသိတဲ့ အဖတ်တွေနဲ့ ညစ်ပတ်နေတာပဲ။ စိတ်ထဲမှာ သံတယရှိတာ ခဲမှုန့်တွေ များရောထားလားလို့ ။ အဲဒါနဲ့ သမီကို ဆက်မကျွေးရဲတော့ဘူး။ မြန်မာပြည်မှာ ကွာလတီ ကွန်ထရိုးလိုမျိုး ကောင်းကောင်းလုပ်သင့်ပြီ။ အထူးသဖြင့် အစားအသောက်ပေါ့။ အရမ်းကို အန္တရာယ်များပါတယ်။

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...