Saturday, January 14, 2012

လတ်တလော ကဗျာ....

" လွတ်လွတ်လပ်လပ် ရင်ကွဲခန်း"

ဘယ်သူကမှ တာဝန်ပေးမထားတဲ့ မျှော်လင့်ချက်တွေ
အပိုင်းပိုင်း စုတ်ပြတ် ကျိုးပဲ့သွားတဲ့အခါ
ထုံနေတဲ့ နှလုံးသားဟာလည်း
အချိန်တန်ရင် ထထနာလာတယ်။  ။

လွတ်ငြိမ်းချမ်းသာခွင့်တဲ့....
သာဓုပဲ ပြေးခေါ်ရတော့မလို
ညိုတဲ့မိုး မပြိုသေးပေမဲ့ မျက်ဝန်းထဲ ရေလျှံကြသူတွေ
ပွင့်မလာဘဲ မရင့်ခင်ကြွေကျခဲ့ရတဲ့ လတ်ဆတ်အပြုံးတွေ
ဟိုမှာ...ဒီမှာ...တစ်စစီ။  ။

ကတိက၀တ်...
ယုံကြည်မှူ....
မျှော်လင့်ချက်....
လက်ကွက်တွေ ခဏခဏမှားရိုက်မိနေတဲ့
စာလုံးပေါင်းတွေပဲ ဖြစ်လိုက်ပါတော့။  ။

ချစ်ကြည်အေး
၎ -ဇန်န၀ါရီ၂၀၁၂-လွတ်လပ်ရေးနေ့

"မျှော်လင့်ချက်တို့ အိမ်အပြန်"

ကောင်းကင်ပေါ်က အဖြူရောင်တွေ သွန်ချလိုက်သလိုမျိုး
ဖြူလွလင်းလက်လို့ တွဲလက်များအားလုံး အပျော်တွေ ချိုးကြ၊ သောက်ကြ။ ။

ဇက်ခွံပြီးသား မြင်းတစ်ကောင် လေကိုခွဲ ဒုန်းပြေးသလိုမျိုး
မြားအစင်းစင်းလို ကောင်းသတင်းတွေ ရင်ဘတ်ထဲ ထိုးစိုက်ကြ၊ တိုးဝင်ကြ။ ။

အချိန်အခါမဟုတ်မိုးတွေ မျက်ဝန်းမှာ သည်းသည်းလှူပ်...
ခွပ်ဒေါင်းတွေ ခဲခဲအုပ်အုပ် သုတ်ကနဲ အိမ်အပြန်...
ငြိမ်းချမ်းရေး ချိုးကူသံတွေထဲ....
မျှော်လင့်ချက်တွေ အဆုပ်လိုက် ပွင့်ဝေ.....။ ။

ချစ်ကြည်အေး
၁၃-ဇန်န၀ါရီ-၂၀၁၂


13 comments:

  1. နှလုံးသားမှာ တည့်တည့်စိုက်ဝင်တဲ့ ကဗျာမြားတွေ... နင့်နင့်နဲနဲ ခံစားရတယ်။

    ReplyDelete
  2. သိပ်ကောင်းတဲ့ ကဗျာလေးတွေ....။ ထုဆစ်ခံစားတတ်ဖို့ဆိုတာလည်း ပါရမီပါလာမှဖြစ်တာလေ...။

    ReplyDelete
  3. ကဗျာကောင်းလေးခံစားသွားတယ်မချစ်ရေ။
    တီတင့်တော့အဲဒီလို ကဗျာကောင်းတွေမစပ်တတ်ဘူး။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. ကောင်းတဲ့ ကဗျာတွေဖတ်သွားပါတယ်။

    ReplyDelete
  5. မီးမောင်းထိုး မှတ်တမ်းတင် ရင်းတွင်းထုဆစ် မမချစ်၏ ကဗျာဖြစ်ပေသတည်း....

    ReplyDelete
  6. အချိန်အခါမဟုတ်မိုးတွေ မျက်ဝန်းမှာ သည်းသည်းလှူပ်...
    ခွပ်ဒေါင်းတွေ ခဲခဲအုပ်အုပ်....း))
    စကားလုံးအလန်းတွေပဲ ချစ်မရေးD

    ReplyDelete
  7. သတင်းတွေဖတ်ပြီး မိသားစုတွေနဲ့ပြန်ဆုံပြီးပျော်နေပုံတွေက ၀မ်းသာမျက်ရည်စို့စေတယ်ဗျာာ

    ReplyDelete
  8. မျှော်လင့်ချက်တွေ အဆုပ်လိုက် ပွင့်ဝေတဲ့လား..
    လှလိုက်တဲ့စကားလုံးလေး..
    အစ်မချစ်စကားလုံး အားကောင်းလိုက်တာ..
    ကဗျာလေးဖတ်ပြီး လူတွေရဲ့ ရင်ထဲက ခံစားချက်တွေ ပီပီပြင်ပြင် မြင်လိုက်ရတယ်..
    ထွန်းလင်းလာတော့မဲ့ အနာဂတ်ကို မျှော်လင့်ကြပါစို့..

    ReplyDelete
  9. လန်းလိုက်တဲ့ စာသားတွေ

    ReplyDelete
  10. မချစ်ကြည်ရေ.. ပို့စ်တွေက ခုပဲ ၀မ်းနည်းခဲမကျေ။ ခုပဲ ၀မ်းသာလန်းဆတ်...။
    ခုလို အပြောင်းအလဲမျိုးကတော့ ပြောင်းချင်သလောက် ပြောင်းစမ်းပါစေဗျာ...နော်။ အံ့သြပါရစေ...။ ၀မ်းမြောက်ရွှင်လန်းပါရစေ..။း)
    ခင်မင်သော..
    သတိုး

    ReplyDelete
  11. ငြိမ်းချမ်းရေး ချိုးကူသံ ဆက်လက် ဝေ နေပါစေသားဗျား။ ဟန်ဆောင် ပန်ဆောင် မကူပဲ။ နှစ်နှစ်ကာကာ ဆက်ကူပါစေ။

    ကိုကိုလတ်

    ReplyDelete
  12. စကားလုံးတွေ သုံးထားတာ အားရှိလိုက်တာ..
    ကြက်သီးတောင် ထမိရဲ့...

    ReplyDelete
  13. ခွပ်ဒေါင်းတွေ
    အိုးဝေ တွန်သံပြန်ပေးလေတော့
    အသည်းကိုလည်း နွေးစေခဲ့တယ်
    အမိမြေ သာယာစေမှာမို့
    ဒို့တွေလည်း ညီညာကြစို့ရဲ့
    သမိုင်းမှာ မှတ်တိုင်စိုက်
    လိုက်ခဲ့ကွယ့် ညီနောင်......

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...