Sunday, January 1, 2012

စိတ်ပြူတင်းတံခါး ဖွင့်လှစ်ထားစေ

နှစ်သစ်လေး တစ်နှစ်ကို ကူးပြောင်းလာခဲ့ပြန်ပါပြီ။ ဘာတွေထူးသလဲဆိုတော့ အကောင့်လုပ်နေတဲ့ ကျွန်မအတွက် နေ့စွဲရေးတဲ့နေရာမှာ ထူးတာပေါ့လို့ အရင်ဆုံး ပြောမိမှာပဲ။  ခုထိ ၂၀၁၁ လုပ်နေရင် ချက်လက်မှတ် ငွေထုတ်လို့ မရဖြစ်မှာကိုး။ ပြောသာ ပြောရတယ်။ နှစ်စမှာ အလုပ်တိုင်းလိုလိုရဲ့ စာရင်းဌာနတွေမှာ ကြုံတွေ့ရတာက Cancellation of cheque ပါပဲ။ တော်တော်လေး အသားကျမှပဲ ၂၀၁၂ ရောက်ပြီလို့ လက်ကရော၊ စိတ်ကပါ အချက်ပြစရာ မလိုဘဲ သိတာပါ။ လူတွေဟာ အသစ်ကို ချက်ချင်း လက်မခံနိုင်သေးတဲ့ သဘောဆိုပါတော့။ ဆိုတော့ကာ လူတွေဟာ အသစ် အသစ်တွေကို မက်မက်မောမော ကြိုကြတယ်။ လိုချင်ကြတယ်။ အဟောင်းတွေမှာ ကြာရှည် မပျော်ပိုက်ကြဘူး။ ဒါပေမဲ့ အသစ်ကို ချက်ချင်းလက်ခံဖို့တော့ အချိန်လိုတယ်။ ဒါပါပဲ။ 

နှစ်သစ်တစ်ခုကူးပြောင်းတာနဲ့အတူ စိတ်သစ်၊ လူသစ်၊ အ၀တ်သစ် အစားသစ်တွေနဲ့ အဟောင်းတွေကို ခ၀ါချကြလေ့ရှိတယ်။ နှစ်သစ်အဓိဌာန်တွေ ချတတ်ကြသေးတယ်။ ဖြစ်မြောက်အောင် လုပ်တာ မလုပ်တာ က နောက်တစ်ပိုင်း။ လောလောဆယ်တော့ နှစ်သစ်နဲ့ ပတ်သက်လို့ အတွေးစိတ်ကူးသစ်တွေ တပုံတပင် အကောင်အထည်ဖော်ဖို့ တေးထားကြတော့တာ။ လေသေနပ်ပစ်နေကြတော့တာ။ တစ်ချို့များဆို စာရွက်တွေဘာတွေပေါ် ချရေးလို့၊ နယူးရီးယား ရီဆလူးရှင်းတဲ့၊ ကျွန်မဖြင့် မပြောရဲဘူး။ ဖြစ်အောင် အဆုံးထိ မလုပ်တတ်တဲ့ အကျင့်ကြောင့် အစကောင်းပေမဲ့ အဖျားရှူး ရှူးသွားတတ်တဲ့ အကျင့်ဆိုးကြောင့်။ လူဆိုတာကလည်း အမူအကျင့်ဟောင်းကြီးတွေ၊ တည့်တည့်ပြောရရင် အကျင့်ဆိုးတွေကို နှစ်ဟောင်းမှာ ထားခဲ့ကြဖို့ဆိုတာကတော့ဖြင့် အတော်ကို ခက်နေကြတာကလား။

သေချာတာကတော့ သတ္တ၀ါမှန်သမျှ ချမ်းသာချင်ကြတာပဲ။ ဘယ်ဘာသာဝင် ဖြစ်ဖြစ်၊ ဘာသာမဲ့ ပဲ ဖြစ်နေပါစေ သတ္တ၀ါမှန်သမျှဟာ စိတ်ရော၊ ကိုယ်ပါ ချမ်းသာချင်ကြသူများချည်းပဲ မဟုတ်လား။ ချမ်းသာခြင်းရဲ့  အဓိပ္ပါယ်တွေကိုလည်း အမျိုးမျိုး ဖွင့်ဆိုတတ်ကြပါသေးတယ်။

လှေသမားနဲ့ သူဌေးကြီးပုံပြင်ကို ကြားဖူးကြရဲ့ မဟုတ်လား။ ပါစင်ဂျာစောင့်ရင်း လှေပေါ် အိပ်နေတဲ့ လှေသမားကို မြစ်တစ်ဘက်ကမ်း ဖြတ်ကူးမဲ့ သူဌေးကြီးက မင်းတို့ ကောင်တွေ အဲသလိုပျင်းနေလို့ မကြီးပွားတာဆိုတော့ လှေသမားက ဒါဆို ကျွန်တော်က ဘာလုပ်နေရမှာလဲ ခင်ဗျာတဲ့။ ဟာ အိပ်မနေနဲ့ အလုပ်ကို အလုပ်လို ကြိုးစားလုပ်ပေါ့ကွ၊ ပိုက်ဆံစုပေါ့ကွ၊ ဒါဆို မင်းလည်း တစ်နေ့ သူဌေးဖြစ်လာမှာ ပေါ့ကွ။ သူဌေးဖြစ်တော့ ကျွန်တော်က ဘာများထူးလာမလဲ ခင်ဗျာ။ သူဌေးဖြစ်တော့ အလုပ်ကို ပင်ပင်ပန်းပန်းမလုပ်ရတော့ဘူးပေါ့ကွ။ အေးအေးဆေးဆေး ချမ်းချမ်းသာသာ နားနေနိုင်တာပေါ့ကွ။ အခုလည်း ကျွန်တော် အေးအေးဆေးဆေး ချမ်းချမ်းသာသာ နားနေနိုင်တာပဲ မဟုတ်လားခင်ဗျာ။ အင်း အဲသလိုပေါ့၊ ချမ်းသာစွာနေထိုင်ခြင်းရဲ့ ဖွင့်ဆိုပုံက ကွဲပြားနေနိုင်သေးတာ။  

ကျွန်မနားလည်တာကတော့ ပျင်းခြင်းနဲ့ ရောင့်ရဲခြင်းဟာ တစ်ခြားစီပါ။ ဒါပေမဲ့  ရောင့်ရဲလွန်းရင် ပျင်းတဲ့ဘက်ကို ရောက်သွားတတ်သလို၊ မရောင့်ရဲနိုင်ပြန်ရင်လည်း လောဘဘက်ကို ရောက်သွားတတ် ပါတယ်။ အစွန်းနှစ်ဘက်လွတ်အောင် နေတတ်ဖို့ပါပဲ။ ဘုရားဟောခဲ့တဲ့ မဇ္ဖိမ ပဋိပဒါဟာ အလကား ဟောခဲ့တာမှ မဟုတ်ဘဲ။

လောကီအရတော့ စိတ်ရော၊ ကိုယ်ပါ ချမ်းသာမှ ချမ်းသာခြင်း အစစ်အမှန်လို့ ဆိုကြပါတယ်။ အညမညသဘောအရ စိတ်နဲ့ ကိုယ်ဟာ အပြန်အလှန် တည်မှီနေကြတော့ ကျန်းမာရေးမကောင်းရင် စိတ်လည်း မချမ်းသာနိုင်ဘူးပေါ့လေ။ အဲလိုပဲ တစ်ခြားရုပ်ဝတ္ထုတွေ မပြည့်စုံရင်လည်း စိတ်မချမ်းမသာ ဖြစ်နိုင်တာပဲ မဟုတ်လား။ လောကုတ္တရာအမြင်နဲ့ ကြည့်ရင်တော့ ဗလာကျင်းထားတဲ့ နတ္ထိရဲ့ သုညတချမ်းသာမှူကသာ ချမ်းသာခြင်း အစစ်အမှန်လို့ ဆိုထားပါတယ်။ လောကီအမြင်အရတော့ ရှိခြင်းဆင်းရဲက အတော်ပူလောင်သလို မရှိခြင်းဆင်းရဲကလည်း အတော် ဆင်းရဲတာပါပဲ။အဲဒီ နှစ်ခုကြား မျှခြေရှာ နေထိုင်နိုင်တဲ့သူဟာ ချမ်းသာတာပါပဲ။

လူဆိုတာမျိုးက အတိတ်တွေ ပြန်လှန်သုံးသပ်တာ အင်မတန်လေ့တဲ့ အမျိုး။ အတိတ်မှာက ကောင်းတာတွေ ရှိခဲ့သလို၊ ဆိုးတာတွေလည်း ရှိခဲ့မှာပေါ့။ ခုဆို ၂၀၁၁ဟာ အတိတ်ဖြစ်သွားခဲ့ပြီ။ ဒီတော့ တခါတရံ ၂၀၁၁မှာ ဖြစ်ခဲ့သမျှ ကောင်းဆိုးတွေကို တစ်စိမ့်စိမ့်တွေးရင်း ရှိနေကြလိမ့်မယ်။

ကြားဖူးကြလားတော့ မသိဘူး။ ကုသိုလ်စိတ်တို့ကို အသစ်တစ်ဖန်ပွားများခြင်းဖြင့် ကုသိုလ်ပွားစေနိုင်သလို၊ အကုသိုလ်ဖြစ်စေခဲ့သော အခြင်းအရာတို့အား အဖန်ဖန်တွေးတောဆင်ခြင်ခြင်းဖြင့် အကုသိုလ်တရားတို့ကို ပွားများစေ၏ တဲ့။ ဒီတော့ ရှင်းရှင်းလေးပါ။ ဘာတွေကို ယူဆောင်ခဲ့သင့်ပြီး ဘာတွေကိုတော့ဖြင့် လွှတ်ချထားခဲ့ရမယ်ဆိုတာ။

ဒါပေမဲ့ အရေးကြီးတာ တစ်ခု ပြောဦးမယ်။ အဲဒါက ဘာမဆို လိုချင်ရင် ရတယ် ဆိုတာပါပဲ။ ယုံသလားတော့ မသိဘူး။ လူရယ်လို့ ဖြစ်လာတာကိုက လူအဖြစ်ကို ရချင်လို့၊ ဆန္ဒာဓိပတိဆိုတဲ့ ဖြစ်ချင်၊ ရချင်လွန်းအားကြီး လို့သာ ရခဲ့ကြတာ။ မရချင်ဘဲနဲ့ ရလာတာ တစ်ယောက်မှ မရှိဘူး။ မရချင်ပါဘူးလို့ မငြင်းနဲ့၊ ဘယ်မှတ်မိတော့မလဲ ခုချိန်ခါမှာ၊ ပဋိသန္ဓေနေစဉ်တုန်းက အစာဟောင်းနဲ့ အစာသစ် အိတ်တွေ ကြား ကွေးကွေးလေး နေခဲ့ရတဲ့ ပဋိသန္ဓေနေရခြင်းဒုက္ခဆင်းရဲကိုတောင် မှတ်မိကြတော့လို့လား။ ဒီတော့ ပြီးခဲ့တဲ့ ဘ၀ ဘ၀တွေက ဘ၀တဏှာ၊ ကာမတဏှာဆိုတာတွေကြောင့် ဇာတိဆိုတဲ့ ဒီဘ၀အစကို ရခဲ့တယ် ဆိုတာကို မမှတ်မိတော့တာ အဆန်းမဟုတ်ဘူး။ လက်သည်က မေ့အောင် အမှောင်ချထားတဲ့ မသိခြင်း အ၀ိဇ္ဇာနဲ့ လိုချင်ခြင်း တဏှာပဲ။ ထားပါတော့။

ကျွန်မတို့ လူတွေရဲ့ စိတ်ဟာ အတိတ်နဲ့ အနာဂတ်နှစ်ခုကြား လွန်းထိုး ပြေးလွှားနေတတ်ကြတယ်။ အကောင်းဆုံးက ဘာကိုမှ ယူမလာခဲ့ခြင်းပဲ။ လက်ရှိပေါ်မှာ နေထိုင်တတ်ခြင်းပဲ။ ပစ္စုပ္ပန် တည့်တည့်နေထိုင်ခြင်း ဆိုပါတော့။ ကိုယ် ဘာလုပ်နေတယ်။ ဘာစိတ်တွေ ဖြစ်နေတယ်ဆိုတာကို သတိ တရ ပြန်ပြန်ကြည့်ပေးဖို့ပါပဲ။ နေတတ်အောင် ကျင့်ကြည့်ပါ။ ကျင့်သားရသွားရင် နေထိုင်တတ်သွားမှာပါ။ 

လွယ်တဲ့ နေထိုင်နည်းလေးတစ်ခု ပြောချင်သေးတယ်။ ၀ိမုတ္တိနည်းနဲ့ ရှင်သန်နေထိုင်ခြင်းဆိုပါတော့။ ည မအိပ်ခင်မှာ တစ်နေ့လုံး ဖြစ်ပျက်ခဲ့သမျှကို အပိုင်းလေးတွေ ပိုင်းချလိုက်ပါ။ ဥပမာ မနက်စာ၊ အလုပ်သွား၊ အလုပ် စလုပ်၊ နေ့လည်စာ…စသဖြင့်ပေါ့။ မနက်စာ ပေါင်မုန့်နဲ့ မိုင်လိုသောက်ခဲ့တယ်။ ဒါဟာ ပြီးသွားခဲ့ပြီ လို့ စိတ်က သိမှတ်လိုက်ပြီး ဖြတ်ချခဲ့လိုက်ပါ။ အဲသလိုပဲ မနက်က အလုပ်သွားခဲ့တာ အမ်အာတီ စီးပြီး သွားခဲ့တာ၊ ခု ပြီးသွားခဲ့ပြီလို့ စိတ်က ပိုင်းဖြတ်ပေးလိုက်ပါ။ အဲသလိုပဲ ကျန်တာတွေကိုလည်း မျက်စေ့ထဲ ပြန်မြင်ပြီး စိတ်က လွှတ်ချထားပစ်ခဲ့လိုက်တာမျိုးပါ။ ဒါတွေဟာ ပြီးခဲ့ပြီလို့ စိတ်က သိ သိပေးနေတာမျိုး လုပ်ရပါမယ်။ အဲဒါဟာ ပြီးခဲ့သမျှတွေကို စိတ်ထဲက ထားပစ်ခဲ့တာပါပဲ။ တဖြည်းဖြည်းနဲ့ လုပ်ပါများလာတဲ့အခါ စိတ်ရဲ့ စွမ်းအင်ဟာ အင်မတန် အံ့သြဖို့ ကောင်းလောက်အောင် ပြီးခဲ့သမျှတွေကို မေ့ထားခဲ့နိုင်တာ တွေ့ရပါလိမ့် မယ်။ အလုပ်နဲ့ ပတ်သက်တဲ့ သတိရစရာတွေကိုတော့ အဲဒီအထဲ မထည့်မိစေနဲ့ပေါ့လေ။ 

ဒါဟာ လွတ်မြောက်စွာ နေထိုင်နည်း-၀ိမုတ္တိနည်းနဲ့ ရှင်သန်ခြင်းပါပဲ။ တနည်းပြောရရင် အတိတ်တွေကနေ လွတ်မြောက်အောင် အနှောင်အဖွဲ့ကင်းစွာ နေထိုင်နည်းပဲပေါ့။ တကယ် အေးချမ်းတာ တွေ့ရပါလိမ့်မယ်။ အဲဒါဟာ ကျွန်မ သီလရှင်ဝတ်တုန်းက ကျွန်မကို ဆရာကြီးက သင်ပေးခဲ့တဲ့ နည်းလေးကို ပြန်လည် မျှဝေ လိုက်တာပါ။ ဒီလိုနည်းနဲ့ ရင်ထဲက မွန်းကြပ်မှူတွေကို ပြေလျှော့စေသင့်တယ်လို့ ကျွန်မ ယုံကြည်ပါတယ်။  

ခုလို နှစ်သစ်မှာ စိတ်သစ် လူသစ်ဖြစ်ဖို့ဆိုရင် အဟောင်းတွေကို စိတ်ထဲက အရင်ဆုံး ရှင်းမထားသင့် ဘူးလားရှင်။ ကျွန်မကတော့ စိတ်ထဲမှာ ကွက်လပ်ဖြစ်နေတာကို သဘောကျသူပါ။ ဘာပဲလာလာ မြင်တဲ့ အမြင်လေးသာ ပြောင်းမြင်ပေးလိုက်တတ်မယ်ဆိုရင်၊ စိတ်ရဲ့ ပြူတင်းတံခါးတွေကိုလည်း ဖွင့်လှစ်ပေးထား မယ်ဆိုရင် အင်မတန် ကြည်လင်နေတဲ့ စိတ်ကလေးကို ရရှိမှာ မလွဲပါဘူးနော်။ စိတ်ကြည်ရင် ရုပ်လည်း ကြည်လင်သတဲ့၊ ဒီတော့ ပြီးခဲ့တဲ့ နှစ်ဟောင်းနဲ့အတူ ထားခဲ့သင့်တာတွေ လွှတ်ချထားခဲ့ကြပြီး နှစ်သစ်မှာ တကယ့် အသစ်အသစ်သော စိတ်တွေနဲ့ ရှင်သန်နေထိုင်ကြပါစို့လားရှင်။

13 comments:

PURPLE VINE said...

နေ့တနေ့ကို အပိုင်းပိုင်း ပိုင်းပြီး မေ့ပြစ်သင့်တာ မေ့ပြစ်ဖို့ဆိုတဲ့နည်းလေးက တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတာပဲ။ ကျမကတော့ အဲ့ဒါလေးဖတ်ပြီး တမျိုးစိတ်ကူးရသွားတယ်။ ကိုယ်က နဂိုကတည်းကမေ့တတ်သူမို့ မေ့ပြစ်ဖို့ကို မတွေးပဲ နေ့တနေ့အတွင်းက သတိရသင့်တဲ့၊ သတိရဖို့လိုအပ်တဲ့အရာတွေကို အပိုင်းလိုက် အပိုင်းလိုက် မအိပ်ခင် ပြန်တွေးကြည့်မယ်လို့ စဉ်းစားမိတယ်။ ဒီအတွေးကိုရစေခဲ့တဲ့ အမကိုရော၊ အမရဲ့ဆရာလေးကိုရော ကျေးဇူးတင်ပါတယ်။

ချစ်ကြည်အေး said...

အဲဒါလည်း ရတာပဲ ညီမရေ။ စိတ်ရဲ့ စွမ်းအင်ဟာ တကယ်ကို အံ့သြစရာပါ။ လေ့ကျင့်ပေးကြည့်ပါ။ အောင်မြင်ပါစေ ညီမရေး)

PURPLE VINE said...

အဲ..ဆရာကြီးဖြစ်ရမှာ။ ကျမလောသွားတယ်။

မမိုး said...

ပျော်စရာ အောင်မြင်မှု့များ သယ်ဆောင်လာသော ၂၀၁၂ ဖြစ်ပါစေလို့ဆုတောင်းပါတယ် နော်....
ဖြစ်နိုင်ရင် အကောင့်နဲ့ပတ်သက်တဲ့ အတွေ့အကြုံပိုစ့်လေးတွေ တင်ပေးပါဦး။
ခုမှ အလုပ်စ၀င်နေရလို့ပါ....

ချော(အစိမ်းရောင်လွင်ပြင်) said...

ညီမလဲ ခုနောက်ပိုင်း စိတ်ညစ်စရာတွေကို စိတ်ထဲကြာကြာ မထားတော့ဘူး
လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးဘဲ ထားတော့တယ်။
တော်တော်တော့ နေကောင်းလာတယ်။
ဒီလိုနဲ့ ၂၀၁၂ တောင်ရောက်လာပြီ
အသက်တွေလည်း တစ်နှစ်ပြီးတစ်နှစ် ကြီးလာပြီ
၂၀၁၂ကတော့ ထူးထူးခြားခြား ကံကောင်းတဲ့နှစ် ဖြစ်ပါစေလို့ ဆုတောင်းပါတယ် အစ်မရေ။

rose of sharon said...

အတိတ်ကိုမသယ်လာဘဲ ပစ္စုပ္ပန်မှာ အကောင်းဆုံးနေထိုင်ဘို့ကို ထောက်ခံတယ်မချစ်... Happy New Year :)

မဒမ်ကိုး said...

ဟုတ်တယ်မမ အတိတ်ကိုအတိတ်မှာထားပြီး လက်ရှိအချိန်ကိုပဲအကောင်းဆုံးဖြစ်အောင်နေဖို့ကို ဒိုးကန်လဲထောက်ခံတယ်မမ
ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေနော်
(အသစ်အသစ်ဆိုလို့ ကိုရင့်ကိုလဲလိုက်ရင်ကောင်းမလား ဟိဟိး)

ချစ်တဲ့

မဒိုးကန်

မောင်မျိုး said...

ခုပဲ အိပ်ယာက နိုးတယ် အစ်မချစ် ပို့စ်လေးဖတ်ပြီး နေ့၇က်တိုင်းမှာ စိတ်ချမ်းသာအောင် နေမယ်လေ လို့ စိတ်ထဲဖြစ်သွားတယ်း)

ကျနော်တို့ရဲ့ အမြင်တွေဟာ အရာရာနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ထားရင် စိတ်နှ လုံးကြည်လင်နေမှာကတော့ အမှန်ပါပဲ ။

မင်္ဂလာနှစ်သစ်ပါ အစ်မရေ ။

မအိမ်သူ said...

မင်္ဂလာနှစ်သစ်မှာ အောင်မြင်ပျော်ရွှင်ပါစေမချစ်ရေ.. ဘာရီစလူးရှင်းမှ မလုပ်တဲ့သူတွေထဲမှာ မအိမ်သူလဲပါတယ် :D
အဖျားရှုးတတ်တာ အတူတူပဲ။ ဘာပဲဖြစ်ဖြစ် ပြီးပြီးရော အမှတ်မထားတတ်ဘူး။ လက်ရှိအနေအထားမှာပဲ အမြဲ အကောင်းဆုံးဖြစ်အောင်နေတယ်။ စိတ်လက်ပေါ့ပေါ့ပါးပါးပဲနေတတ်တယ်။း))

ညိမ်းနိုင် said...

ဟုတ်တယ်အစ်မ.....ဖြစ်ပြီးသမျှ အကုသိုလ်တွေကိုမေ့နိုင်
အောင်ကျိုးစားတာအကောင်းဆုံးပါပဲလေ...၊ကျွန်တော်
လည်း ပြန်တွေးမိတာနဲ့ ဒါပြီးသွားပြီ...ထားလိုက်...လို့
ကွကို ပြန်ပြန်သတိပေးယူရတယ်..၊ကျွန်တော်ကတော့
တရားသဘောရယ်ဘာရယ်မဟုတ်ပါဘူး...၊ကိုယ့်စိတ်လေး
ကိုချမ်းသာအောင်ထားချင်တာတစ်ခုပါပဲ...။

မြသွေးနီ said...

အစ်မရေးတာကို ဖတ်ပြီးမှ ပျင်းတာနဲ့ ရောင့်ရဲတာကို ကိုယ်တိုင် ရောထွေးနေတာ သတိပြုမိတယ်...ဟဲ...
နှစ်သစ်မှာ လုပ်ချင်တာတွေ များနေတယ်အစ်မရေ...
အစ်မချစ်လည်း နှစ်သစ်မှာ စိတ်သွားတိုင်း ကိုယ်ပါ.. ဆောင်ရွက်သမျှ ထမြောက် အောင်မြင်ပါစေလို့ ဆုမွန်ချွေခဲ့ပါတယ်...။

SHWE ZIN U said...

နှစ်သစ်မှာ ပျော်ရွှင်အေးချမ်းနိုင်ပါစေ အမ ကတော့ မနေ့ ကအဆက် ကိုယ့်ဒုက္ခ နဲ့ ကိုယ် မပျော်နိုင်သေးဘူး

san htun said...

ပျင်းတာတွေ မောင်းထုတ်လိုက်ပြီ မမချစ်

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်