Saturday, January 28, 2012

I am charging me

အသေအချာပဲ။ ခုတစ်လော၊ တစ်ကယ်တော့ အဲဒီ ခုတစ်လောက အတော်ကြာခဲ့ပြီ။ စာမရေးချင်တာ၊ စာမဖတ်ချင်တာ။ ကိုယ့်ကိုယ်ကိုတောင် သယ်မနေချင်တော့တာ။ ပြောရရင် အားစိုက်ထုတ်ရမဲ့ ကိစ္စတွေကို ဘာမှ မလုပ်ချင်တော့ တာ။ ပေါ့ပေါ့ပါးပါးတွေပဲ…ဟေးလားဝါးလားလုပ်နေရရင်တော့ စိတ်ပြေနေသလိုပဲ။ အဲ…ဒီလိုဆိုလိုက်တော့ အတည်ပေါက်ကြီးတွေဆို စိတ်ကတင်းကြပ်နေတယ်ဆိုတဲ့ သဘောရောက်မသွားပေဘူးလား။ မုန့်လေပွေစားပြီး မိုးပျံပူဖောင်းရောင်းရရင် ကောင်းမလားပဲ။ အင်မတန် ပေါ့ပါးတယ်လေ….။

ဒီလိုပဲ တစ်ခါတစ်လေ ဖြစ်တတ်ပါတယ် တဲ့။ မိုရီယာမင်းသွင်းပေးကြတယ်။ ခက်တာက ကိုယ်ကိုယ်တိုင်ပဲ။ စိတ်က ဘယ်လိုမှ တက်မလာဘူး။ အသက်ကြီးလာလို့များလား…။ မဟုတ်သေးပါဘူး။ ဖေ့စ်ဘုတ်ပေါ်မှာ ကိုယ့်ထက်ကြီးတဲ့ အစ်မတော်၊ နောင်တော်တွေ…ပျော်ရွှင်တက်ကြွနေတာပဲဟာ။ (ပြောပုံက ရိုက်ပေါက်တော့ မဟုတ်လောက်ပါဘူးနော်) တစ်ခါတစ်လေတော့လည်း ဖေ့စ်ဘုတ်သုံးရတာ ပျော်စရာ။ ကိုယ်တင်ချင်တဲ့ စတေးတပ်စ်လေးတွေရေး၊ အဲဒီကမှ ၀ိုင်းဝန်း ပြောဆို နောက်ပြောင်ကြ၊ များသောအားဖြင့်တော့ ပြုံးချင်စရာ အထေ့အငေါ့လေးတွေပဲ တင်ဖြစ်တာပါ။ ကိုယ်မတင်လည်း သူများတင်ထားတဲ့ စတေးတပ်စ်တွေအောက်မှာ သွားနောက်တာမျိုးပေါ့။ အခိုက်အတန့်တော့ စိတ်ပေါ့ပါးသွားသလို မျက်နှာကြောတွေ ပြေလျော့သွားတာတော့ အမှန်ပဲ။

ဘယ်သူတွေ ဘာပဲပြောပြော၊ ကိုယ်က အွန်လိုင်းမှာ စာရေးနေတာလေ လို့ ပြောလိုက်ရရင်ကို လျှာအရသာ တွေ့နေတော့တာ။ နဲနဲလေးမှ မလျှော့ဘူးပဲ။ အဲဒီအွန်လိုင်းမှာ စာရေးနေတယ် ဆိုတဲ့ကောင်ကလည်း Terms & conditionsတွေ အင်မတန်များစားသေးတာ။ မုဒ်မရသေးလို့ မရေးသေးတာတို့၊ အကြည်ဓါတ် လိုနေတယ်တို့၊ ဖီလင်မလာသေးဘူးတို့၊ အလုပ်တွေ များနေလို့တို့၊ နေမကောင်းသေးလို့တို့၊ စိတ်ပါမှ ရေးတာတို့။ အံမာ အတော်လေး လာတာ။ လူကြားရင် ဂေါ်ဇီလာလောက်စာတွေပဲ ရေးနေသလိုလို။ လုပ်နေပုံ လုပ်နေပုံ….။

တစ်ခါတစ်လေ ကိုယ် စာလေးရေးနေတုန်းများ အိမ်ကလူက စီအန်အေကြည့်ရင်း ရေနွေးလေးနဲနဲလောက် ထပ်ဖြည့်ပေးပါဦးကွာဆိုရင် ကိုယ့်မျက်နှာက ရှင် တော်တော်အလိုက်မသိရန်ကော၊ မသိသားဆိုးရွားရန်ကော၊ ဒီမှာ စာရေးနေတယ်လေ ဆိုတဲ့ အထာနဲ့ လုပ်လိုက်သေးတာ။ တစ်ကယ်တော့ သူဟာ ရုံးသွားခါနီးမှ သူ့အ၀တ်လေးသူ မီးပူလေး အပြေးအလွှားတိုက် ၀တ်ရရှာတာ။ ဘလော်ဂါ့ယောကျာ်းဘ၀များ အတော်ဆိုးပေတာ။ ကိုယ်တော်တော် လွန်နေပြီဆိုတာ သိသိကြီးနဲ့ ကိုယ်ဟာ မကောင်းလိုက်တာများ။ တော်ရုံလူ၊ စိတ်ဆတ်တဲ့ ယောကျာ်းနဲ့သာဆို ကိုယ် စစ်တယ် မှန်တယ် အာဂျီနိုမိုတို ဖြစ်သွားလောက်တယ်။ မှုန့်မှုန့်ညက်ညက်ရယ်မှ ကြေစေသတည်း ဆိုတာလို….။

ကိုယ်က သွေးအားနည်းတဲ့ရောဂါ ရှိတယ်။ သွေးထဲမှာ သွေးနီဥနည်းနေတာ။ သွေးသွားလှူတိုင်း ကိုယ့်သွေးကို ဘယ်တော့မှ မယူဘူး။ အငြင်းခံရတိုင်း ၀မ်းနည်းလွန်းလို့ သွေးလှူဖို့ လက်လျှော့ထားရတယ်။ ထားပါတော့။ အဲဒီရောဂါဟာ အအိပ်ပျက်ရင် ပိုဆိုးတာ။ ဒီလောက်ကြောင်းနေရင် သိလောက်ပါပြီ။ ဘလော်ဂါဆိုတဲ့ သတ္တ၀ါဟာ စောစောအိပ်တယ်လို့များ ကြားဖူးကြလား။ ဒါတောင် ကိုယ်လုပ်ချင်တာ လုပ်နေရရင် စိတ်ချမ်းသာတယ်လို့ ခေါင်းမာချင်သေးတာ။ လူကသာ မမာနိုင်တော့ပေမဲ့လေ။

ကိုယ်ဟာ ကိုယ့်ရောဂါကိုယ် မွေးမြူရင်း နေလို့မကောင်းလည်း မနက်မနက် ရုံးကို တရွတ်ဆွဲသွားနေလိုက်တာ၊ ကြာတော့ လူက လူနဲ့ မတူတော့ဘူး။ ကိုယ့်ကိုယ်ကိုမှ မသနားရင် ဘယ်သူကများ သနားမှာလဲ။ ဒါနဲ့ စိတ်လျှော့ပြီး အားလုံးကို ဖြတ်ထားလိုက်တယ်။ ဘလော့ဂ်ဆိုတာကို တစ်ခါမှ မကြားဖူးခဲ့သလိုလို။ သံယောဇဉ်ပြတ်အောင် နေတတ်လာတယ်။
ဒါပေမဲ့ ၀ဋ်ကြီးတဲ့ သတ္တ၀ါတွေထဲမှာ အဲဒီဘလော့ဂ်ဂါဆိုတာတွေ ရှေ့ဆုံးတန်းက ပါနေတယ် ထင်ပါရဲ့။ ကိုယ် မနေတတ်ဘူး၊ ယောင်ချာချာ အရူးတစ်ပိုင်း မဖြစ်ပေမဲ့ ဟိုဟာလေးတွေ့လည်း စာစီ၊ ဒီဟာလေးတွေ့လည်း စာစီနဲ့ ဒီခေါင်းကြီးထဲမှာ အများကြီး ရေးနေမိပြန်ပါရော။

ရေးစရာတွေကများ၊ ရေးလက်စတွေကလည်း မပြတ်၊ ကိုယ် မမေ့ပါဘူး။ ကိုယ့်မှာ ရေးလက်စတွေ အများကြီးရယ်။ ချစ်သော ပုဂံမြေ၊ စိနတိုင်းသွားတောလား… တို့လို့တန်းလန်းတွေ။ ကိုယ်ရေးနေတဲ့ပုံသဏ္ဍန်ဟာ ကိုယ့်ကို ကိုယ်စားပြုနေတယ်။ ကိုယ်ဟာ ဘာကိုမှ အဆုံးမသတ်ဘဲ တို့ထိရုံ ခေါင်းစဉ်တွေ လျှောက်တပ်နေတော့တာ။ ဘာကိုမှန်းမသိ၊ အားနာနေမိတယ်။ နားလည်ပေးပါ ပရိသတ်ကြီးရယ်လို့ ပြောရမှာ လက်တွန့်နေတယ်။ ခွင့်မလွှတ်ကြပါနဲ့တော့။ ကိုယ် အတော်လေး ညံ့ပါတယ်။ ဖျင်းပါတယ်။ ကျန်းမာရေးအကြောင်းပြ ပျင်းတာလည်း ပါပါတယ်။

အိမ်ရှင်မတာဝန်တွေ ပျက်ကွက်တိုင်းသာ အပြစ်ပေးကြေးဆို ကိုယ်ဟာ ဒဏ်ထမ်းမဆုံးဖြစ်နေတော့မှာ။ အလုပ်တာဝန်တွေ ပျက်ကွက်တိုင်းသာ အလုပ်က ထုတ်ကြေးဆို ကိုယ် အကြိမ်ကြိမ် အလုပ်လက်မဲ့ဖြစ်နေတော့မှာ။ ဘာတွေ လုပ်ချင်တာလဲ၊ ကိုယ်ဘာတွေ ဖြစ်ချင်နေတာလဲ။ လုပ်ချင်၊ ဖြစ်ချင်နေတာတွေအတွက် အရင်ကလို မစွမ်းနိုင်တာဟာ ကျန်းမာရေးတစ်ခုထဲကြောင့်တော့ မဟုတ်လောက်ဘူး။ ဒါတွေ ကိုယ် လုပ်နိုင်တဲ့ အရာတွေပဲလို့ သေချာနေတာတောင် ခန္ဓာက အရင်လို မလိုက်နိုင်ဘူး။ ပင်ပန်းနေတတ်ပြီ။ စိတ်သွားတိုင်း ကိုယ်မပါတဲ့အခါ ကိုယ် ငိုမိတယ်။ ငိုလွယ်တာ ကိုယ်မှ မဟုတ်ဘဲ။ တစ်ခုခုတော့ တစ်ကယ်ကို လွဲချော်နေခဲ့ပြီ။

အိမ်ပြန်ချင်တယ်။ လတ်ဆတ်တဲ့လေကို ရှုချင်တယ်။ အိပ်ရေး၀၀ အိပ်ချင်တယ်။ အိပ်ရာထလို့ ပြူတင်းတံခါး ဖွင့်လိုက်တာနဲ့ အစီအရီစိုက်ထားတဲ့ နှင်းဆီရောင်စုံခင်းတွေကို မျက်လုံးထဲ မြင်ချင်တယ်။ မနက်စာ မုန့်ဟင်းခါးကို ပဲကြော်နဲ့ စားချင်တယ်။ အိမ်နောက်ဖေးမှာ စိုက်ထားတဲ့ ချဉ်ပေါင်ခင်းလေးထဲက ခူးဆွတ်လို့၊ ဈေးက၀ယ်လာတဲ့ တောကြက်အကောင်သေးသေးလေးကို ငရုတ်သီးစပ်စပ်လေးချက်လို့၊ ဘယ်သူကမှ အနံ့ကြောင့် ကွန်ပလိန်း တက်နေမှာ မဟုတ်တဲ့ ငါးပိရေကျိုလေးကို ကြက်သွန်ဖြူ၊ ပုဇွန်ခြောက်၊ ငရုတ်သီးစိမ်းလေးထောင်းပြီး ဖျော်လို့။ ထမင်းဟင်းပူပူလေးကို ကျက်တာနဲ့ ခူးခတ်စားကြလို့။ နေ့လည်စာပြီးတဲ့အခါ စာရေးစားပွဲလေးမှာထိုင်၊ ရေးချင်တာရေး ဖတ်ချင်တာဖတ်။ ဘ၀ကို အဲဒီလို ပုံဖော်ချင်လိုက်တာ…..။

လက်ရှိအခြေအနေမှာ ပျော်အောင်နေတတ်ခြင်းဟာ ဘ၀မှာ အောင်မြင်မှုတစ်ခုသာ ဖြစ်ရင် ကိုယ်ဟာ ကျရှုံး နေတုန်းပဲ။

ဘာပဲဖြစ်ဖြစ်ပါလေ။ ကိုယ့်မှာ ရေးစရာတွေ ရှိနေတယ်။ ကိုယ့်ကိုယ်ကို ဖောက်ထုတ်ပစ်ဖို့ လိုနေတယ်။ လမ်းကြောင်းတစ်ခုပေါ် ပြန်တက်ဖို့ ဂီယာချိန်းဖို့ လိုတယ် မဟုတ်လား။ 
ကားစကားနဲ့ ပြောရရင် ကိုယ် အခု ဂီယာချိန်းနေတယ်။ 
ကရာတေးစကားနဲ့ ပြောရရင် ကိုယ် အခု ကီသွင်းနေတယ်။ 
အားဖြည့်ဖို့ လိုအပ်တဲ့ ပစ္စည်းတစ်ခုအနေနဲ့ ပြောရရင်တော့ ကိုယ် အခု ရီချာ့ခ်ျ လုပ်နေတယ်။ 

မကြာခင် ပြန်ပြည့်လိမ့်မယ်လို့ မျှော်လင့်ရတာပါပဲ။


Saturday, January 14, 2012

လတ်တလော ကဗျာ....

" လွတ်လွတ်လပ်လပ် ရင်ကွဲခန်း"

ဘယ်သူကမှ တာဝန်ပေးမထားတဲ့ မျှော်လင့်ချက်တွေ
အပိုင်းပိုင်း စုတ်ပြတ် ကျိုးပဲ့သွားတဲ့အခါ
ထုံနေတဲ့ နှလုံးသားဟာလည်း
အချိန်တန်ရင် ထထနာလာတယ်။  ။

လွတ်ငြိမ်းချမ်းသာခွင့်တဲ့....
သာဓုပဲ ပြေးခေါ်ရတော့မလို
ညိုတဲ့မိုး မပြိုသေးပေမဲ့ မျက်ဝန်းထဲ ရေလျှံကြသူတွေ
ပွင့်မလာဘဲ မရင့်ခင်ကြွေကျခဲ့ရတဲ့ လတ်ဆတ်အပြုံးတွေ
ဟိုမှာ...ဒီမှာ...တစ်စစီ။  ။

ကတိက၀တ်...
ယုံကြည်မှူ....
မျှော်လင့်ချက်....
လက်ကွက်တွေ ခဏခဏမှားရိုက်မိနေတဲ့
စာလုံးပေါင်းတွေပဲ ဖြစ်လိုက်ပါတော့။  ။

ချစ်ကြည်အေး
၎ -ဇန်န၀ါရီ၂၀၁၂-လွတ်လပ်ရေးနေ့

"မျှော်လင့်ချက်တို့ အိမ်အပြန်"

ကောင်းကင်ပေါ်က အဖြူရောင်တွေ သွန်ချလိုက်သလိုမျိုး
ဖြူလွလင်းလက်လို့ တွဲလက်များအားလုံး အပျော်တွေ ချိုးကြ၊ သောက်ကြ။ ။

ဇက်ခွံပြီးသား မြင်းတစ်ကောင် လေကိုခွဲ ဒုန်းပြေးသလိုမျိုး
မြားအစင်းစင်းလို ကောင်းသတင်းတွေ ရင်ဘတ်ထဲ ထိုးစိုက်ကြ၊ တိုးဝင်ကြ။ ။

အချိန်အခါမဟုတ်မိုးတွေ မျက်ဝန်းမှာ သည်းသည်းလှူပ်...
ခွပ်ဒေါင်းတွေ ခဲခဲအုပ်အုပ် သုတ်ကနဲ အိမ်အပြန်...
ငြိမ်းချမ်းရေး ချိုးကူသံတွေထဲ....
မျှော်လင့်ချက်တွေ အဆုပ်လိုက် ပွင့်ဝေ.....။ ။

ချစ်ကြည်အေး
၁၃-ဇန်န၀ါရီ-၂၀၁၂


Friday, January 6, 2012

ရုန်းကန်ရှင်သန်နေသော အလှတရားတစ်ခု ဖူးပွင့်လာခြင်း



ကျွန်မတို့ ရသအလင်းက ဦးစီးကျင်းပမဲ့ "Surviving Beauty - ရုန်းကန်ရှင်သန်နေသော အလှတရား" ဆိုတဲ့ ရုပ်ရှင်နှင့် အနုပညာပြပွဲလေးတစ်ပွဲ ဒီလ-၂၁ရက်နေ့ (စနေနေ့)မှာ ရှိပါတယ်။

ပါဝင်ကြမဲ့သူတွေက လူရွှင်တော်/ ဒါရိုက်တာ (ကို) ဇာဂနာနဲ့ ဒါရိုက်တာ(ကို)မင်းထင်ကိုကိုကြီးတို့ပါပဲ။
ဆရာတွေပေးနိုင်မဲ့ အချိန်တွေမှာ တက်သုတ်ရိုက် စီစဉ်ရတာမို့ အနီးကပ်မှပဲ ပွဲအတွက် သေချာမှူတွေနဲ့ ခုလို အသိပေးနိုင်ရပါတယ်။

ဇာဂနာက လွတ်လပ်ခြင်းရုပ်ရှင်ပွဲတော်မှာ ပြိုင်ပွဲဝင်ပြသသွားတဲ့ ကားတစ်ချို့ရယ်၊ ဘာဘာညာညာ ဇာဂနာဆိုတဲ့ ဇာဂနာ ပြောသမျှ အစီအစဉ်ရယ်ကို တင်ဆက်မှာ ဖြစ်ပြီး၊ မင်းထင်ကိုကိုကြီးကတော့ သူ့ရဲ့ ဟစ်ကားတစ်ကားဖြစ်တဲ့ အင်းသီးရယ်၊ သူ့ရဲ့ ရုပ်ရှင်အနုပညာနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေ ကို ပြောကြားမှာ ဖြစ်ပါတယ်။

အချိန်ကတော့ နေ့လည် ၂နာရီက ၆နာရီပါ။ ပွဲကျင်းပပြုလုပ်မဲ့ နေရာက...
30-A Kreta Ayer Road
Kreta Ayer People's Theatre မှာပါ။

လက်မှတ်တွေကို S$15, S$20 နဲ့ S$25 လို့ ဈေးနှူန်းသတ်မှတ်ထားပါတယ်။ လက်မှတ်ရောင်းဌာနတွေက ရနံ့သစ်B1-087နဲ့ မြနန်းနွယ်02-41 (ပန်နီဆူလာ ပလာဇာ) တွေမှာပါ။ စနေ-တနင်္ဂနွေ ၁၂-၈နာရီထိ ရောင်းချပေးမှာဖြစ်ပြီး တနင်္လာ-သောကြာ ကိုတော့ ညနေ ၇နာရီကနေ ၉နာရီထိ ရောင်းချပေးသွားပါမယ်။ ၇ရက်နေ့ စနေနေ့က စတင်ပြီး ၀ယ်ယူ အားပေးနိုင်ကြပါပြီ။

ပွဲက ရရှိလာမဲ့ အကျိုးအမြတ်ပေါ်မူတည်ပြီး ရသအလင်းဖောင်ဒေးရှင်းရဲ့ ရန်ပုံငွေအပြင် မြန်မာပြည်တွင်းမှာ အမှန်တကယ်လိုအပ်နေတဲ့ နေရာတွေကို လက်ထိလက်ရောက် လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ နောက်ဆက် တွဲ အလှူသတင်းတွေကိုတော့ မီဒီယာတွေကတစ်ဆင့် အလှူရှင်တွေ သာဓုအနုမောဒနာခေါ်ဆိုနိုင်ဖို့ ရှင်းရှင်း လင်းလင်းတင်ပြပေးသွားမှာ ဖြစ်ပါတယ်။

***လက်မှတ်အရောင်းအတွက် ကူညီ ရောင်းချပေးလိုသူ လုပ်အားအလှူရှင် မောင်နှမများ ချစ်ကြည်အေး-၉၀၀၃၃ ၈၀၄ ကို ဆက်သွယ် စာရင်းပေးနိုင်ကြပါတယ်။

မိတ်ဆွေများ အားလုံးပဲ အဲဒီနေ့မှာ တွေ့ကြဖို့ မျှော်လင့်ပါတယ်ရှင်း)


Sunday, January 1, 2012

စိတ်ပြူတင်းတံခါး ဖွင့်လှစ်ထားစေ

နှစ်သစ်လေး တစ်နှစ်ကို ကူးပြောင်းလာခဲ့ပြန်ပါပြီ။ ဘာတွေထူးသလဲဆိုတော့ အကောင့်လုပ်နေတဲ့ ကျွန်မအတွက် နေ့စွဲရေးတဲ့နေရာမှာ ထူးတာပေါ့လို့ အရင်ဆုံး ပြောမိမှာပဲ။  ခုထိ ၂၀၁၁ လုပ်နေရင် ချက်လက်မှတ် ငွေထုတ်လို့ မရဖြစ်မှာကိုး။ ပြောသာ ပြောရတယ်။ နှစ်စမှာ အလုပ်တိုင်းလိုလိုရဲ့ စာရင်းဌာနတွေမှာ ကြုံတွေ့ရတာက Cancellation of cheque ပါပဲ။ တော်တော်လေး အသားကျမှပဲ ၂၀၁၂ ရောက်ပြီလို့ လက်ကရော၊ စိတ်ကပါ အချက်ပြစရာ မလိုဘဲ သိတာပါ။ လူတွေဟာ အသစ်ကို ချက်ချင်း လက်မခံနိုင်သေးတဲ့ သဘောဆိုပါတော့။ ဆိုတော့ကာ လူတွေဟာ အသစ် အသစ်တွေကို မက်မက်မောမော ကြိုကြတယ်။ လိုချင်ကြတယ်။ အဟောင်းတွေမှာ ကြာရှည် မပျော်ပိုက်ကြဘူး။ ဒါပေမဲ့ အသစ်ကို ချက်ချင်းလက်ခံဖို့တော့ အချိန်လိုတယ်။ ဒါပါပဲ။ 

နှစ်သစ်တစ်ခုကူးပြောင်းတာနဲ့အတူ စိတ်သစ်၊ လူသစ်၊ အ၀တ်သစ် အစားသစ်တွေနဲ့ အဟောင်းတွေကို ခ၀ါချကြလေ့ရှိတယ်။ နှစ်သစ်အဓိဌာန်တွေ ချတတ်ကြသေးတယ်။ ဖြစ်မြောက်အောင် လုပ်တာ မလုပ်တာ က နောက်တစ်ပိုင်း။ လောလောဆယ်တော့ နှစ်သစ်နဲ့ ပတ်သက်လို့ အတွေးစိတ်ကူးသစ်တွေ တပုံတပင် အကောင်အထည်ဖော်ဖို့ တေးထားကြတော့တာ။ လေသေနပ်ပစ်နေကြတော့တာ။ တစ်ချို့များဆို စာရွက်တွေဘာတွေပေါ် ချရေးလို့၊ နယူးရီးယား ရီဆလူးရှင်းတဲ့၊ ကျွန်မဖြင့် မပြောရဲဘူး။ ဖြစ်အောင် အဆုံးထိ မလုပ်တတ်တဲ့ အကျင့်ကြောင့် အစကောင်းပေမဲ့ အဖျားရှူး ရှူးသွားတတ်တဲ့ အကျင့်ဆိုးကြောင့်။ လူဆိုတာကလည်း အမူအကျင့်ဟောင်းကြီးတွေ၊ တည့်တည့်ပြောရရင် အကျင့်ဆိုးတွေကို နှစ်ဟောင်းမှာ ထားခဲ့ကြဖို့ဆိုတာကတော့ဖြင့် အတော်ကို ခက်နေကြတာကလား။

သေချာတာကတော့ သတ္တ၀ါမှန်သမျှ ချမ်းသာချင်ကြတာပဲ။ ဘယ်ဘာသာဝင် ဖြစ်ဖြစ်၊ ဘာသာမဲ့ ပဲ ဖြစ်နေပါစေ သတ္တ၀ါမှန်သမျှဟာ စိတ်ရော၊ ကိုယ်ပါ ချမ်းသာချင်ကြသူများချည်းပဲ မဟုတ်လား။ ချမ်းသာခြင်းရဲ့  အဓိပ္ပါယ်တွေကိုလည်း အမျိုးမျိုး ဖွင့်ဆိုတတ်ကြပါသေးတယ်။

လှေသမားနဲ့ သူဌေးကြီးပုံပြင်ကို ကြားဖူးကြရဲ့ မဟုတ်လား။ ပါစင်ဂျာစောင့်ရင်း လှေပေါ် အိပ်နေတဲ့ လှေသမားကို မြစ်တစ်ဘက်ကမ်း ဖြတ်ကူးမဲ့ သူဌေးကြီးက မင်းတို့ ကောင်တွေ အဲသလိုပျင်းနေလို့ မကြီးပွားတာဆိုတော့ လှေသမားက ဒါဆို ကျွန်တော်က ဘာလုပ်နေရမှာလဲ ခင်ဗျာတဲ့။ ဟာ အိပ်မနေနဲ့ အလုပ်ကို အလုပ်လို ကြိုးစားလုပ်ပေါ့ကွ၊ ပိုက်ဆံစုပေါ့ကွ၊ ဒါဆို မင်းလည်း တစ်နေ့ သူဌေးဖြစ်လာမှာ ပေါ့ကွ။ သူဌေးဖြစ်တော့ ကျွန်တော်က ဘာများထူးလာမလဲ ခင်ဗျာ။ သူဌေးဖြစ်တော့ အလုပ်ကို ပင်ပင်ပန်းပန်းမလုပ်ရတော့ဘူးပေါ့ကွ။ အေးအေးဆေးဆေး ချမ်းချမ်းသာသာ နားနေနိုင်တာပေါ့ကွ။ အခုလည်း ကျွန်တော် အေးအေးဆေးဆေး ချမ်းချမ်းသာသာ နားနေနိုင်တာပဲ မဟုတ်လားခင်ဗျာ။ အင်း အဲသလိုပေါ့၊ ချမ်းသာစွာနေထိုင်ခြင်းရဲ့ ဖွင့်ဆိုပုံက ကွဲပြားနေနိုင်သေးတာ။  

ကျွန်မနားလည်တာကတော့ ပျင်းခြင်းနဲ့ ရောင့်ရဲခြင်းဟာ တစ်ခြားစီပါ။ ဒါပေမဲ့  ရောင့်ရဲလွန်းရင် ပျင်းတဲ့ဘက်ကို ရောက်သွားတတ်သလို၊ မရောင့်ရဲနိုင်ပြန်ရင်လည်း လောဘဘက်ကို ရောက်သွားတတ် ပါတယ်။ အစွန်းနှစ်ဘက်လွတ်အောင် နေတတ်ဖို့ပါပဲ။ ဘုရားဟောခဲ့တဲ့ မဇ္ဖိမ ပဋိပဒါဟာ အလကား ဟောခဲ့တာမှ မဟုတ်ဘဲ။

လောကီအရတော့ စိတ်ရော၊ ကိုယ်ပါ ချမ်းသာမှ ချမ်းသာခြင်း အစစ်အမှန်လို့ ဆိုကြပါတယ်။ အညမညသဘောအရ စိတ်နဲ့ ကိုယ်ဟာ အပြန်အလှန် တည်မှီနေကြတော့ ကျန်းမာရေးမကောင်းရင် စိတ်လည်း မချမ်းသာနိုင်ဘူးပေါ့လေ။ အဲလိုပဲ တစ်ခြားရုပ်ဝတ္ထုတွေ မပြည့်စုံရင်လည်း စိတ်မချမ်းမသာ ဖြစ်နိုင်တာပဲ မဟုတ်လား။ လောကုတ္တရာအမြင်နဲ့ ကြည့်ရင်တော့ ဗလာကျင်းထားတဲ့ နတ္ထိရဲ့ သုညတချမ်းသာမှူကသာ ချမ်းသာခြင်း အစစ်အမှန်လို့ ဆိုထားပါတယ်။ လောကီအမြင်အရတော့ ရှိခြင်းဆင်းရဲက အတော်ပူလောင်သလို မရှိခြင်းဆင်းရဲကလည်း အတော် ဆင်းရဲတာပါပဲ။အဲဒီ နှစ်ခုကြား မျှခြေရှာ နေထိုင်နိုင်တဲ့သူဟာ ချမ်းသာတာပါပဲ။

လူဆိုတာမျိုးက အတိတ်တွေ ပြန်လှန်သုံးသပ်တာ အင်မတန်လေ့တဲ့ အမျိုး။ အတိတ်မှာက ကောင်းတာတွေ ရှိခဲ့သလို၊ ဆိုးတာတွေလည်း ရှိခဲ့မှာပေါ့။ ခုဆို ၂၀၁၁ဟာ အတိတ်ဖြစ်သွားခဲ့ပြီ။ ဒီတော့ တခါတရံ ၂၀၁၁မှာ ဖြစ်ခဲ့သမျှ ကောင်းဆိုးတွေကို တစ်စိမ့်စိမ့်တွေးရင်း ရှိနေကြလိမ့်မယ်။

ကြားဖူးကြလားတော့ မသိဘူး။ ကုသိုလ်စိတ်တို့ကို အသစ်တစ်ဖန်ပွားများခြင်းဖြင့် ကုသိုလ်ပွားစေနိုင်သလို၊ အကုသိုလ်ဖြစ်စေခဲ့သော အခြင်းအရာတို့အား အဖန်ဖန်တွေးတောဆင်ခြင်ခြင်းဖြင့် အကုသိုလ်တရားတို့ကို ပွားများစေ၏ တဲ့။ ဒီတော့ ရှင်းရှင်းလေးပါ။ ဘာတွေကို ယူဆောင်ခဲ့သင့်ပြီး ဘာတွေကိုတော့ဖြင့် လွှတ်ချထားခဲ့ရမယ်ဆိုတာ။

ဒါပေမဲ့ အရေးကြီးတာ တစ်ခု ပြောဦးမယ်။ အဲဒါက ဘာမဆို လိုချင်ရင် ရတယ် ဆိုတာပါပဲ။ ယုံသလားတော့ မသိဘူး။ လူရယ်လို့ ဖြစ်လာတာကိုက လူအဖြစ်ကို ရချင်လို့၊ ဆန္ဒာဓိပတိဆိုတဲ့ ဖြစ်ချင်၊ ရချင်လွန်းအားကြီး လို့သာ ရခဲ့ကြတာ။ မရချင်ဘဲနဲ့ ရလာတာ တစ်ယောက်မှ မရှိဘူး။ မရချင်ပါဘူးလို့ မငြင်းနဲ့၊ ဘယ်မှတ်မိတော့မလဲ ခုချိန်ခါမှာ၊ ပဋိသန္ဓေနေစဉ်တုန်းက အစာဟောင်းနဲ့ အစာသစ် အိတ်တွေ ကြား ကွေးကွေးလေး နေခဲ့ရတဲ့ ပဋိသန္ဓေနေရခြင်းဒုက္ခဆင်းရဲကိုတောင် မှတ်မိကြတော့လို့လား။ ဒီတော့ ပြီးခဲ့တဲ့ ဘ၀ ဘ၀တွေက ဘ၀တဏှာ၊ ကာမတဏှာဆိုတာတွေကြောင့် ဇာတိဆိုတဲ့ ဒီဘ၀အစကို ရခဲ့တယ် ဆိုတာကို မမှတ်မိတော့တာ အဆန်းမဟုတ်ဘူး။ လက်သည်က မေ့အောင် အမှောင်ချထားတဲ့ မသိခြင်း အ၀ိဇ္ဇာနဲ့ လိုချင်ခြင်း တဏှာပဲ။ ထားပါတော့။

ကျွန်မတို့ လူတွေရဲ့ စိတ်ဟာ အတိတ်နဲ့ အနာဂတ်နှစ်ခုကြား လွန်းထိုး ပြေးလွှားနေတတ်ကြတယ်။ အကောင်းဆုံးက ဘာကိုမှ ယူမလာခဲ့ခြင်းပဲ။ လက်ရှိပေါ်မှာ နေထိုင်တတ်ခြင်းပဲ။ ပစ္စုပ္ပန် တည့်တည့်နေထိုင်ခြင်း ဆိုပါတော့။ ကိုယ် ဘာလုပ်နေတယ်။ ဘာစိတ်တွေ ဖြစ်နေတယ်ဆိုတာကို သတိ တရ ပြန်ပြန်ကြည့်ပေးဖို့ပါပဲ။ နေတတ်အောင် ကျင့်ကြည့်ပါ။ ကျင့်သားရသွားရင် နေထိုင်တတ်သွားမှာပါ။ 

လွယ်တဲ့ နေထိုင်နည်းလေးတစ်ခု ပြောချင်သေးတယ်။ ၀ိမုတ္တိနည်းနဲ့ ရှင်သန်နေထိုင်ခြင်းဆိုပါတော့။ ည မအိပ်ခင်မှာ တစ်နေ့လုံး ဖြစ်ပျက်ခဲ့သမျှကို အပိုင်းလေးတွေ ပိုင်းချလိုက်ပါ။ ဥပမာ မနက်စာ၊ အလုပ်သွား၊ အလုပ် စလုပ်၊ နေ့လည်စာ…စသဖြင့်ပေါ့။ မနက်စာ ပေါင်မုန့်နဲ့ မိုင်လိုသောက်ခဲ့တယ်။ ဒါဟာ ပြီးသွားခဲ့ပြီ လို့ စိတ်က သိမှတ်လိုက်ပြီး ဖြတ်ချခဲ့လိုက်ပါ။ အဲသလိုပဲ မနက်က အလုပ်သွားခဲ့တာ အမ်အာတီ စီးပြီး သွားခဲ့တာ၊ ခု ပြီးသွားခဲ့ပြီလို့ စိတ်က ပိုင်းဖြတ်ပေးလိုက်ပါ။ အဲသလိုပဲ ကျန်တာတွေကိုလည်း မျက်စေ့ထဲ ပြန်မြင်ပြီး စိတ်က လွှတ်ချထားပစ်ခဲ့လိုက်တာမျိုးပါ။ ဒါတွေဟာ ပြီးခဲ့ပြီလို့ စိတ်က သိ သိပေးနေတာမျိုး လုပ်ရပါမယ်။ အဲဒါဟာ ပြီးခဲ့သမျှတွေကို စိတ်ထဲက ထားပစ်ခဲ့တာပါပဲ။ တဖြည်းဖြည်းနဲ့ လုပ်ပါများလာတဲ့အခါ စိတ်ရဲ့ စွမ်းအင်ဟာ အင်မတန် အံ့သြဖို့ ကောင်းလောက်အောင် ပြီးခဲ့သမျှတွေကို မေ့ထားခဲ့နိုင်တာ တွေ့ရပါလိမ့် မယ်။ အလုပ်နဲ့ ပတ်သက်တဲ့ သတိရစရာတွေကိုတော့ အဲဒီအထဲ မထည့်မိစေနဲ့ပေါ့လေ။ 

ဒါဟာ လွတ်မြောက်စွာ နေထိုင်နည်း-၀ိမုတ္တိနည်းနဲ့ ရှင်သန်ခြင်းပါပဲ။ တနည်းပြောရရင် အတိတ်တွေကနေ လွတ်မြောက်အောင် အနှောင်အဖွဲ့ကင်းစွာ နေထိုင်နည်းပဲပေါ့။ တကယ် အေးချမ်းတာ တွေ့ရပါလိမ့်မယ်။ အဲဒါဟာ ကျွန်မ သီလရှင်ဝတ်တုန်းက ကျွန်မကို ဆရာကြီးက သင်ပေးခဲ့တဲ့ နည်းလေးကို ပြန်လည် မျှဝေ လိုက်တာပါ။ ဒီလိုနည်းနဲ့ ရင်ထဲက မွန်းကြပ်မှူတွေကို ပြေလျှော့စေသင့်တယ်လို့ ကျွန်မ ယုံကြည်ပါတယ်။  

ခုလို နှစ်သစ်မှာ စိတ်သစ် လူသစ်ဖြစ်ဖို့ဆိုရင် အဟောင်းတွေကို စိတ်ထဲက အရင်ဆုံး ရှင်းမထားသင့် ဘူးလားရှင်။ ကျွန်မကတော့ စိတ်ထဲမှာ ကွက်လပ်ဖြစ်နေတာကို သဘောကျသူပါ။ ဘာပဲလာလာ မြင်တဲ့ အမြင်လေးသာ ပြောင်းမြင်ပေးလိုက်တတ်မယ်ဆိုရင်၊ စိတ်ရဲ့ ပြူတင်းတံခါးတွေကိုလည်း ဖွင့်လှစ်ပေးထား မယ်ဆိုရင် အင်မတန် ကြည်လင်နေတဲ့ စိတ်ကလေးကို ရရှိမှာ မလွဲပါဘူးနော်။ စိတ်ကြည်ရင် ရုပ်လည်း ကြည်လင်သတဲ့၊ ဒီတော့ ပြီးခဲ့တဲ့ နှစ်ဟောင်းနဲ့အတူ ထားခဲ့သင့်တာတွေ လွှတ်ချထားခဲ့ကြပြီး နှစ်သစ်မှာ တကယ့် အသစ်အသစ်သော စိတ်တွေနဲ့ ရှင်သန်နေထိုင်ကြပါစို့လားရှင်။