Friday, December 28, 2012

ပန်းရိုင်းအကြွေ လေပြည်အပင့်


 (၁)
အပြင်မှာ ရာသီဥတုက ပူပြင်းလှသည်။ လူတွေအနားမှာ နေရတာက ပိုပြီးပူလောင်လွန်းသည်ဟု ငွေ ထင်သည်။ အထူးသဖြင့် ဖီးလိမ်းပြင်ဆင်ဝတ်စားထားသော လူ ပြိုးပြိုးပြက်ပြက်တွေကြားမှာ၊  အပေါ်ယံ စကားလုံးများကြားမှာ၊ ဇွန်းသံ ခက်ရင်းသံ၊ ရယ်မောသံတွေကြားမှာ။

“မမက အရင်အတိုင်းပဲ မပြောင်းဘူး၊ လှနေတုန်းပဲ သိလား”

အသံကြားရာကြည့်မိတော့ အလှူရှင်အစ်မ၀၀ကြီးကို ပဋိသန္တာရစကားဆိုနေသော ဧည့်သည် အမျိုးသမီး တစ်ယောက်။ ငွေကတော့ ဂုတ်ပိုးကြီးများ အစ်တက်နေသော လပြည့်ဝန်းလို မျက်နှာဝိုင်းဝိုင်းနှင့်အစ်မကြီးကို “မမ အရမ်းဝတာပဲ သိလား” ဟု ပြင်ပြောလိုက်ချင်မိသည်။ ငွေ့သူငယ်ချင်းတွေသာသိရင်တော့ “မှန်တိုင်းလည်း မကောင်းဘူး မိငွေ” လို့ ဆိုကြဦးမှာ။

အရင်ကတော့ လှချင် လှခဲ့ပါလိမ့်မည်။ သားသမီး ၃ ယောက်မွေးပြီးသော လူလတ်ပိုင်း မိန်းမတစ်ယောက်၊ သားသမီး ကိစ္စ၊ လင့်ကိစ္စနှင့် ချက်ရေး ပြုတ်ရေးတွေမှာပဲ ဘ၀တစ်ခုလုံး ပုံအောထားတဲ့ မိန်းမတစ်ယောက်ဟာ ဒီအသက်အရွယ်မှာ အလှအပနဲ့ ဝေးကွာနေတာ သဘာဝကျပါသည်။ ထိပ်လုံးလုံးလေးသာ ပေါ်လွင်သော နှာတံပြားပြားလေး၊ စေ့ထား လျှင် မျဉ်းဖြောင့်တစ်ကြောင်းလို နှုတ်ခမ်းပါးလေးနှင့် လှတာဆိုလို့ မျက်လုံးဝိုင်းဝိုင်းတွေသာရှိသော ထိုအစ်မကြီးသည် ငယ်စဉ်ကတော့ ငယ်ဂုဏ်နှင့်မို့ ဖြူဖွေးသန့်ပြန့်ကာ တင့်တယ်ခဲ့ပါလိမ့်မည်။

အစ်မကြီး၏ လည်တိုင်တွင် လည်ရေး သုံးရစ်မျှ ရှိခဲ့ပြီ။ မိတ်ကပ်ဖို့ထားသည့်ကြားမှပင် မှဲ့ခြောက်လို အစက်အပြောက် လေးတွေက ပါးတစ်ဖက်တစ်ချက်ပေါ်မှာ နေရာယူစပြုပြီ။ ခေါင်းထက်မှာ ငွေရောင်ဆံမျှင်လေးတွေ ဟိုတစ်ချောင်း၊ ဒီတစ်ချောင်း တွေ့နေရပြီ။ သေချာသည်မှာ ဟိုအရင် ငယ်စဉ်ကလို မလှပနိုင်တော့။

“စားကောင်းလား၊ အဆင်ပြေရဲ့လား ညီမလေး”

“ဟုတ် ဆီနည်းနည်းများပေမဲ့ စားလို့တော့ ကောင်းပါတယ်”

စားလို့ကောင်းပါတယ်ပဲ ပြောလိုက်လည်းရတဲ့ဟာ ငွေကိုက အထွန့်တက်ချင်သူ။ ငွေတို့အိမ်မှာက ဆီအသုံး နည်းသည်။ မေမေက အိမ်သားများ၏ ကျန်းမာရေးကို ဂရုစိုက်သည့်အနေနှင့် ဆီ၊ အချိုမှုန့်နှင့် ငံပြာရည်တွေ လျှော့သုံးတော့ ငွေတို့ ပါးစပ်တွေက အကျင့်ပါနေပြီ။ သို့သော် ဘယ်လောက်ပဲ ကျန်းမာရေးအတွက် အစားအသောက် ဂရုစိုက်စိုက်၊ သေမဲ့သူကတော့ အချိန်စေ့လျှင် သေမှာပဲဟု ငွေပြောတော့ မေမေက ငွေ့ကို လူ့ကန့်လန့်ဟု ဆိုသည်။

တကယ်ဆို ဒီလိုပွဲမျိုးတွေ ငွေ မတက်ချင်။ မေမေ မအား၍သာ လာခဲ့ရသည်။ ငွေက အပေါ်ယံတွေကို မုန်းသည်။ ရှေ့တွင် ချိုသာနေသလောက် ကွယ်ရာကျတော့ တင်းဆိုတတ်သည်မှာ လူ့သဘာဝဟု ဆိုလျှင် ထိုလူ့သဘာဝနှင့် ငွေသည် လုံးလုံးမှ အံမ၀င်။ သိမ်မွေ့ညင်သာဟန်ရှိလျှက် အမျက်သိုမှီးထားတတ်သော၊ ဒေါသတို့ကို မြိုချထားကာ ရေခပ်ကြုံမှ ပြန်တွယ်တတ်သော ပညာရှိများနှင့် ယှဉ်လျှင် ငွေက အမြဲလူဆိုးတစ်ယောက်ဖြစ်လေသည်။ အရှိအတိုင်း ဒဲ့ဒိုးပြောတတ်သော၊ ပွင့်လင်းသောငွေ့ကို အရိုင်းဟု ဆိုလာခဲ့လျှင် ငွေသည် မိမိကိုယ်ကို အရိုင်းဟု ကြေနပ်စွာ ခံယူမည်သာ။
(၂)

မေမေတိုက်တွန်းလွန်း၍ ငွေ ၁၀ရက် တရားစခန်း ၀င်ဖြစ်ခဲ့သည်။ စစချင်း ၂ရက်-၃ရက်မှာ ငွေ ဘယ်လိုမှ တရားမှတ် မရ။ ပထမရက်တွင် ခန္ဓာကိုယ်က ငြိမ်သက်စွာထိုင်နေလျှက် ငွေ့စိတ်တို့ ရုန်းကန်ပြေးလွှားနေကြသည်။ ဒုတိယရက်မှာတော့ ငွေ ဘယ်လိုမှ သည်းမခံနိုင်တော့။ အော်ဟစ် စကားပြောချင်လာသည်။ စင်္ကြန်လျှောက်လျှင် လည်း အမှတ်စိတ်စိတ်မှတ်နိုင်ရန် ခြေလှမ်းတို့ကို နှေးချ၍ မရ။ ပုံမှန်အတိုင်း လျှောက်တော့လည်း လျှောက်နေရုံသာ ရှိသည်။ အေးစက်ငြိမ်ဝပ်နေသော စင်္ကြန်လမ်းတစ်လျှောက် အော်ဟစ်ပြေးလွှားလိုက်ချင်စိတ်တို့က တားမရ ဆီးမရ နိုင်အောင် သူပုန်ထလွန်းနေတော့သည်။

ဘုန်းဘုန်းကို တရားလျှောက်ချိန်ကျမှ ဤသည်မှာ မူလစိတ်၏ ပင်ကိုယ်ဖြစ်ပြီး အငြိမ်မနေလိုသည့်စိတ်၏ သဘာဝ အရ ရုန်းကန်ဆန့်ကျင်နေကြောင်း၊ ခါတိုင်းလို လွင့်ချင်ရာ လွင့်နေခွင့်မရသော စိတ်သည် အရှု့ခံအာရုံအဖြစ်နှင့် ငါးကို ကုန်းပေါ်တင်ထားသလို ဖျတ်ဖျတ်လူးနေတာဖြစ်ကြောင်း မိန့်ဆိုခဲ့လေသည်။
စိတ်ထဲမှာပေါ်လာရင် ပေါ်လာတဲ့အတိုင်း သိပေး၊ မှတ်ပေးနေရမည်ဟု ဆိုသည်။ ပြေးချင်ရင် ပြေးချင်တယ်၊ အော်ချင်ရင် အော်
ချင်တယ် မှတ်။ စကားလုံးတင်မှတ်နေရမှာ မဟုတ်ဘဲ အရှု့ခံစိတ်ဖြစ်နေတာကို နောက်က မှတ်စိတ်လေးက သိ သိပေးနေရမှာ ဟု မိန့်ကြားလေ၏။

တရားစခန်းမှာ ၈ရက်၊ ၉ရက်နှင့် နောက်ဆုံးရက်များတွင်တော့ ငွေ့စိတ်တွေ အတော်အတန် အေးချမ်းငြိမ်သက်လျှက် ကစဥ့်ကလျားပြေးလွှားနေတတ်သော အကွပ်မဲ့စိတ်၏ ပရမ်းပတာသဘောကို အနည်းငယ်မျှ ရိပ်စားနားလည်မိခဲ့ပြီ။
နောက်အကြိမ်တွေမှာတော့ မေမေ မတိုက်တွန်းရပါဘဲ ငွေ့သဘောနှင့်ငွေ တရားစခန်းဝင်ဖြစ်ခဲ့ပါသည်။ ၀င်ဖြစ်ပြီးတိုင်းလည်း ရရှိခဲ့သော စိတ်နှလုံးအေးချမ်းမှုကို အတော်အတန် နှစ်ခြိုက်လျှက် တရား၏အရသာကို တမက်တမောရှိနေတတ်သည်။ ဘုန်းဘုန်းကတော့ ဤမျှနှင့် ရပ်မနေစေချင်။ တစ်မဂ် တစ်ဖိုရ်ပေါက် အားထုတ်ဖို့ရန် မိန့်တော်မူသည်။

ငွေကကျတော့ အမိုက်ပီပီ၊ ပုထုဇဉ်ဆိုသော ဥမ္မာ့တကောဘ၀မှာ မွေ့နေချင်သေးသူဖြစ်လျှက် လောကဓံဆိုသည် ကို မြည်းစမ်းနေချင်သေးသူသာ ဖြစ်လေသည်။ 
(၃)
ငွေ ရည်းစားစထားတော့ အသက် ၁၈နှစ်မှာ။ သူက ငွေတို့ကျောင်းကပါပဲ။ ငွေ့ကို “ဆံပင်အရှည်လေးထားပါလား” ဟု ချော့သလိုလေး ပြောကာ အထားခိုင်းသည်။

“ထားနိုင်ပါဘူး၊ အိုက်တယ်။ ဆံပင်ရှည်တဲ့ မိန်းကလေးတွေ သွားကြိုက်ပေါ့”

ငွေက ဒဲ့ဒိုးပဲ ပြန်ပြောသည်။ ငွေ လက်ဖျောက်တီးတတ်တာ၊ လေချွန်တတ်တာ၊ ခုန်ပေါက်အော်ဟစ်နေတတ်တာ၊ တဟားဟားအော်ရယ်တတ်တာတွေကို သူမကြိုက်ဘူးဟု ဆိုသည်။ သူကြိုက်တာ လိုက်လုပ်ပြနေရမှာ လား၊ ငွေကြိုက်တာ ငွေလုပ်ရမှာလားဆိုတော့ အဖြေက ရှင်းသည်။ “နဲနဲလောက်တော့ မိန်းကလေးပီသစမ်းပါကွာ” ဟု ညည်းသလို ပြောလာပြန်သည်။ ငွေသည် ငွေ့ပုံစံ၊ ငွေ့အချိုးအချိတ်နှင့် ငွေသာ ဖြစ်သည်။ “ငွေ့ကို ဒီပုံစံအတိုင်း၊ အရှိအတိုင်း လက်ခံနိုင်ရင် ဆက်လျှောက်ကြတာပေါ့” ဟု ငွေကဆိုတော့ သူ စိတ်ခုကာ အဆက်ဖြတ်သွားတော့သည်။

အသည်းကွဲလျှင် ငိုနေရတာမျိုးလား ငွေ မသိပါ။ ငွေကတော့ အော်ဟစ်ရယ်မောမိသည်။ တစ်ခါတစ်လေတော့လည်း သတိရနေမိတတ်ပါ၏။ ထိုအခါတွင် တရားနှင့်ဖြေနိုင်မည်လားဟု သတိရတမ်းတစိတ်ကို အသေအချာ ကြည့်မိသည်။ လွမ်းတယ်ဆိုတဲ့ စိတ်ကို အသေအချာရှု့မိသည်။ မျက်စေ့ကိုမှိတ်ကာ ဖြစ်နေသောစိတ်ပေါ်မှာ သတိလေးကပ်ကာ အာရုံ စိုက်ကြည့်မိတော့ အတော်အတန် တည်ငြိမ်သွားသလိုလို။ သူငယ်ချင်းတွေကိုတော့ ငါက နောက်ထပ် ဆယ်ခါလောက် အသည်းကွဲရင်တောင် ခံနိုင်ရည်ရှိနေဦးမှာဟု ပမာမခန့်ဟန်နှင့်ပြောကာ ပေါ့ပေါ့ပါးပါး ရယ်မော နေခဲ့လေသည်။
(၄)
ငွေ တစ်ယောက်တည်း ရုပ်ရှင်သွားကြည့်တယ်ဆိုတော့ ဖြူလေးတို့က တအံ့တသြ။

“ဘာဖြစ်လို့လဲ၊ ဒါ ရာဇ၀တ်မှုမှ မဟုတ်တာဘဲ၊ တစ်ယောက်တည်းကြည့်ရတာ ပိုတောင် အရသာရှိသေးတယ်။ နေကြာစေ့ တစ်ထုတ်လုံးကို တစ်ယောက်ထဲ စားရတာပေါ့” 

ငွေက ရယ်မောရင်းပြောတော့ လက်လျှော့ဟန်နှင့် ပခုံးတွန့်ပြကြသည်။ ဒါတောင် ငွေ ဆေးလိပ်စသောက်တတ် နေတာ သူတို့ မသိကြသေး။ လက်ရှိ ငွေ့ရည်းစားကို “ဆေးလိပ်ဖြတ်ရင် ဖြတ်၊ မဖြတ်ရင် ငွေပါလိုက်သောက်မှာ” ဟု ရွဲ့ပြောကာ တကယ် လိုက်သောက်ရင်းက သောက်တတ်သွားခြင်းပင်။

ချစ်စတုန်းက တစ်နေ့ မတွေ့ရလျှင် မနေနိုင်၊ ဖုန်းမဆက် စကားမပြောရလျှင် မနေနိုင်သောငွေသည် ရည်းစားသက်တမ်း ၆လခန့်လွန်သော် အနည်ထိုင်သွားခဲ့ပြီ။ အတူတူ အအေးဆိုင်ထိုင်ကြခိုက် ချစ်သူ့မျက်နှာကို အသေအချာကြည့်ရင်းက အပြစ်အနာအဆာတို့ကို မြင်တတ်လာသည်။ ငွေဟာ အပေါ်ယံကို ကြည့်တတ်သူလားဟု ကိုယ့်ကိုယ်ကို သံသယ၀င်နေတုန်း မှာပင် သူ့ခြေဖမိုးပေါ်ပြုတ်ကျသော ငွေ့ပိုက်ဆံအိတ်ကို ပြန်ကောက်ရာက သူ့ခြေသည်းများကို သတိထားမိသွားလေ သည်။ ခြေသည်းအရှည်တွေကို ညှပ်မထားသော၊ ထိုခြေသည်းများကြားတွင် ချေးများရှိနေသော သူ့ ခြေချောင်းများကို ငွေ ဘယ်လိုမှ မနှစ်မြို့နိုင်ပေ။ နောက်တစ်လခန့်အကြာမှာ ဘာအကြောင်းပြချက် မယ်မယ်ရရမှ မရှိပါဘဲ ငွေ သူ့ကို အဆက်ဖြတ်လိုက်တော့သည်။  ငွေ ဟန်ဆောင် မချစ်ချင်ပါ။ စိတ်ထဲက ဘယ်လိုမှ ရှေ့ဆက်မရနိုင်တော့သည်ကို ဘာဆင်ခြေမှလည်း ပေးနေဖို့မလိုအပ်ဟု ငွေ ယုံသည်။  

သည့်နောက်တော့ ငွေ့ဆီက ပိုက်ဆံ ခဏခဏချေးတတ်သော၊ လူရှေ့သူရှေ့မရှောင် နှာခေါင်းကို ခဏခဏ နှိုက် နေတတ်သော၊ ခေါင်းမှန်မှန်မလျှော်၍ ခေါင်းချွေးနံ့ အမြဲနံနေတတ်သော အနှီယောကျာ်းများနှင့် ချစ်လက်စ မမြဲခဲ့ပြန်။ ငွေ့သူငယ်ချင်းတွေက ငွေ့ကို ဇီဇာကြောင်သူ၊ မယောင်ရာ ဆီလူးသူဟု ရှေ့တင်မှာပဲ ပြစ်တင်စကား ဆိုကြသည်။ ဒါတွေဟာ ပြုပြင်ရနိုင်သောအရာများဖြစ်ပြီး အရေးကြီးတာက ငွေ့အပေါ် တစ်ကယ် ချစ် မချစ်ဆိုတာပဲဟု ငွေ့ကို သင်ကြားကြသည်။ ငွေ မသိ မဟုတ်၊ သိပါသည်။ သို့သော် သူတို့က ချစ်လျှင်တောင်မှ ငွေက နှစ်နှစ်ကာကာ မချစ်နိုင်တာ ခက်လှသည်။

အကယ်၍သာ တစ်စုံယောက်က ငွေလှိုင်းအိဆိုတဲ့ မိန်းမဟာ အချစ်ဆိုတာကို ခုထိ နားမလည်သေးသူပါဟု ကောက်ချက် ချလာလျှင် ငွေ ရယ်မြူးရိပ်နှင့် ၀န်ခံမိဦးမည်သာ။


အချစ်သည် ဘ၀ကောင်းကင်ကြီးထဲမှ ကြယ်ကလေးတစ်လုံးမျှသာဟု ငွေက ထင်သည်။ သို့စေကာမူ ကြယ်မစုံသော ကောင်းကင်သည် မည်သို့မျှ ပြီးပြည့်စုံခြင်း မရှိနိုင်။ သို့သော် ငွေသည် ကြယ်ကလေးတွေထက် ဘ၀ကောင်းကင်ကြီး ၏ အဓိပ္ပါယ်ကိုမှ သိချင်မိသည်။

ဘ၀တစ်ခုကို အချိန်နှင့်တိုင်းတာသည်ဆိုလျှင် ငွေ့အချိန်တွေကရော တစ်ဖြည်းဖြည်းနှင့် နေရင့်သလို ရင့်လာနေ ပြီလား။ ငွေဟာ သည်လိုနှင့်ပဲ ဘ၀တစ်ခု သေဆုံးလွန်မြောက်ရတော့မည်လား။ အချည်းနှီးတော့ ငွေ သေဆုံး မသွားချင်၊ တစ်ခုခုတော့ သိရမှဖြစ်မည်။ ကြယ်ကလေးတွေ အကြောင်းပဲ ဖြစ်စေ၊ ဘ၀ကောင်းကင်ကြီး အကြောင်းပဲ ဖြစ်ပါစေပေါ့။
(၅)
ငွေ ခေါင်းတုံးကာ သီလရှင်ဝတ်လိုက်တော့ ငွေ့ သူငယ်ချင်းအရင်းကြီးတွေပင် အံ့သြကုန်ကြသည်။ “လောကကြီးကို တစ်ကယ်ပဲ ငြီးငွေ့တယ်ပေါ့လေ” ဟု ခနဲ့တဲ့တဲ့စကားနှင့် လှောင်ကြသည်။ ငွေ့မျက်နှာအတည်အတန့်ကို တွေ့မှ အရှိန်သတ်လျှက် ဆရာလေး ဘယ်လောက်ကြာကြာဝတ်မှာလဲ ဘုရား” ဟု မေးဖော်ရသည်။  သီလရှင်ဝတ်တိုင်း လောကကြီးမှာ မနေပျော်လို့၊ အပူသည်မို့လို့ ၀တ်တာဟု အထင်ရှိနေကြသူတွေကို ငွေ ထူးပြီး အံ့သြမနေတော့။ လူတွေသည် လူလိုသာ တွေးကြပေမည်။

တနင်္ဂနွေသမီးမို့ ငွေ့ကို မဧသုဝတီဟု ဘွဲ့ချီးမြှင့်ကာ ဆရာကြီး၏နှုတ်မှ မဧသုဝတီဟု ၃ကြိမ်ခေါ်တိုင်း ငွေက ဘုရားဟု ၃ကြိမ် တိုင်တိုင် ပြန်ထူးရသည်။ ဆရာကြီးသည် ၁၂နှစ်သမီးကပင် စာသင်ကျောင်းမှာ မပျော်ဘဲ သီလရှင်ဝတ်ပေး ဖို့သာ မိဘတွေကို ပူဆာခဲ့ပြီး  စာသင်ကျောင်းမှ သီလရှင်ကျောင်းသို့ မကြာခဏ ထွက်ပြေးသွားလေ့ရှိသည်ဟု ဆိုသည်။ ငယ်ဖြူမို့ ဘ၀မှာ ငွေတို့လို အချစ်တွေ၊ အမုန်းတွေ၊ ရည်းစားသနာကိစ္စတွေနှင့် ကင်းရှင်းခဲ့သူ။ သို့တိုင်အောင် မေမေပြောထားသည်ထင့်၊ ဆရာကြီးသည် ငွေ့အချစ်ကိစ္စများကို သိနေကာ အခါအခွင့်သင့်သလို ဆုံးမစကား ဆိုရှာသည်။

“မဧသုရဲ့ ချစ်တာတွေ၊ မေတ္တာတွေကတော့ ဟုတ်ပါပြီ။ ချစ်သူတွေ့လို့ အိမ်ထောင်ပြုတာက ဟုတ်ပါပြီ။ ချစ်ကြပြီဆိုရင် အဲဒီမှာပဲ ရပ်မထားနဲ့၊ ဆက်တွေးကြည့်။ လူတွေအများစုက အိမ်ထောင်ပြုတော့မယ်ဆိုရင် ပျော်ရွှင်စွာပေါင်းဖက်ကြ လေသည်မှာပဲ ရပ်ထားတတ်ကြတာ။ တစ်ကယ်က ဆက်တွေးကြည့်ရမှာ။ ရိုးရိုးလေးပဲ တွေး၊ လက်ထပ်ပြီး နှစ်ပေါက်တော့ ကလေးရ၊ တစ်ယောက်ကနေ နောက်ထပ်တစ်ယောက်။ ပြီးပြန်တော့ ကလေးတွေနဲ့ မိသားစုကြီး ဖြစ်လာ၊ စားဝတ်နေရေးအတွက်၊ ကလေးတွေ နောင်ရေးအတွက် ရှာရ ဖွေရ၊ ဒီကြားထဲ ယောကျာ်းနဲ့ မိန်းမ သဘာဝကိုက မတူတာတွေအတွက် ညှိယူကြရ၊ နှစ်ဘက်မိသားစုအရေးလည်း ကြည့်ရနဲ့ ဘ၀ကြီးထဲ ရုန်းရ ကန်ကြရ တော့မှာ။ အို ဒါဟာ ဘ၀ရဲ့ အဓိပ္ပါယ်ပဲ၊ ဘ၀ရဲ့စိမ်ခေါ်မှုပဲလို့ ခံယူပြီး ရဲရဲကြီးကူးခတ်ရဲရင်တော့ ကူးကြပေါ့။ အိမ်ထောင်ပြုကြပေါ့။”

“ဆရာကြီးပြောချင်တာက အိမ်ထောင်မပြုရဘူးလို့ မဆိုလိုပါဘူး။ အိမ်ထောင်ပြုပြီးလို့ အတူနေကြရင် ရှေ့လျှောက် ပျော်စရာ၊ ကြည်နူးစရာတွေချည်းပဲလို့ တွေးမထားစေချင်တာ။ ရုန်းကန်စရာ၊ စိတ်ညစ်စရာ၊ လက်လျှော့ အရှုံးပေး ချင်စရာတွေလည်း အသင့် စောင့်ချင်စောင့်နေကြမှာ။ ဒါကို ပြင်ဆင်ထားကြဖို့ပဲ။ အိမ်ထောင်မပြုခင်ကတည်းက ရှေ့ကြုံလာနိုင်တာတွေကို လက်ခံကျော်လွှားနိုင်ဖို့ ပြင်ဆင်ထားဖို့ပဲ။ လောကဓံကြီးဟာ အချိုတွေချည်းပဲ ချမကျွေးဘူး၊ အခါးကလေးနဲ့ နှစ်ပင် လိမ်ကျွေးတာ။ အင်း တစ်ကယ်က အခါးတွေကတောင် ပိုများဦးမှာပါ မဧသုရယ်” ဟု ရှည်လျားစွာပင် ဆုံးမစကား ဆိုလေသည်။

ငွေသည် ဒါတွေကို ဆရာကြီး ဘယ်လိုများသိပါလိမ့်ဟု အံ့သြချင်သလို၊ ငွေကိုယ်တိုင်တောင် အဲဒီလို တစ်ခါမှ မတွေးမိဟု ၀န်ခံရသည်။ ရက်ပေါင်း (၃၀) သည် ငွေထင်ထားသည်ထက် ပိုမို လျှင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
သီလရှင်ထွက်စ၌ ကြည်လင်ငြိမ်ဝပ်နေသောစိတ်နှင့် သတိတရားလေး လက်ကိုင်ထားလျှက်ရှိရာက အတန်ကြာသော် ငွေသည် ကျည်တောက်မှလွတ်သော ခွေးမြီးလို ကောက်မြဲကောက်လျှက်၊ သွားမြဲ လာမြဲ၊ ပျော်မြဲပင်ဖြစ်တော့သည်။

တစ်ခါတစ်ရံ ဘုန်းကြီးကျောင်း ဆွမ်းချိုင့်ပို့သွားတတ်သော ငွေ့ကို မြန်မာထမီလေးနှင့်၊ ဥပုဘ်နေ့များတွင် ၈ပါး သီလ စောင့်သည်ကို တွေ့ကြရပြီး တစ်ခါတစ်ရံတွင်မူ ပါတီတွေမှာ ဂျင်းပန်န်နှင့် ခုန်ပေါက်ကနေတတ်သော ငွေ့ကို လည်း တွေ့နိုင်ပြန်လေသည်။   

သူငယ်ချင်းတွေက “မိငွေ နင်ဟာ ဘုန်းကြီးသရဲ၊ အတော်ကျွတ်ဖို့ခက်မဲ့ မိန်းမ”ဟု ငွေ့ကို ဖဲ့ကြ၊ ဟားတိုက်ကြသည်။ ငွေကတော့ ပြုံးနေရုံသာ။
(၆)
ဦးဦးနှင့်တွေ့တော့ ဒါ နောက်ဆုံးအချစ်ပဲဟု စိတ်ချလက်ချရှိကာ “လက်ထပ်တော့မယ်” စိတ်ပိုင်းဖြတ်မိသည်။ ငွေနှင့် ၁၆နှစ်တိတိကွာသော ဦးဦးသည် ကလေးတစ်ယောက်အဖေ တစ်ခုလပ်ဖြစ်ကာ အောင်မြင်နေသော ဆောက်လုပ်ရေး လုပ်ငန်းကြီးတစ်ခုကို ဦးဆောင်ပိုင်ဆိုင်သူ ဖြစ်သည်။

ငွေ့ကို ကလေးဟုခေါ်တတ်သော ဦးဦး၏အသံသည် ငွေ့အသွေးအသားတို့၌ ပျော်ဝင်လည်ပတ်သည်။ ငွေ့ဆံနွယ်လေးတွေကို တယုတယသပ်မြှူလေ့ရှိသော ဦးဦးလက်ဖ၀ါးလေးတွေကို ငွေ့ရင်ခွင်ထဲ မြတ်နိုးလွန်းလှစွာ ပွေ့ထားလိုက်ချင်သည်။ တရံတဆစ်၌ “ကလေး လာ ဦးဦးပေါင်ပေါ်ထိုင်” ဟု ညင်သာစွာ ပွေ့ချီထားတတ်သော ဦးဦးအတွေ့၌ ငွေ မူးမေ့မတတ် ဖြစ်ရသည်။ ဦးဦးအတွက် ဖျော်ပေးသော ကော်ဖီတစ်ခွက်ကို အဆင်ပြေ မပြေ ဇွန်းဖျားလေးနှင့် မြည်းစမ်းကြည့်ခြင်း၌ပင် အချစ်တို့ ပါဝင်ဖျော်စပ်လျှက် ငွေ့အခါခပ်သိမ်းတို့ အချစ်နှင့် ကျွမ်းဝင်တော့သည်။

လက်ရှိတစ်ဘ၀ထဲ၌ နှစ်ကိုယ်ခွဲလိုက်သလိုပင်၊ ယခင်က ငွေအဟောင်းကို မြွေအရေလဲသည့်ပမာ စွန့်ပစ်ခဲ့ပြီး ဦးဦးကြောင့် အသစ်မွေးဖွားလာသော ငွေသည်သာ သက်ဝင်အရုပ်တစ်ရုပ်ပမာ အားနှင့်အင်နှင့် လူးလွန့်လှုပ်ရှားသည် ထင်တော့၏။

ပြောင်းလဲသွားသောငွေ့ကို သူငယ်ချင်းများက အံ့သြကြသည်။ ငွေ ဆေးလိပ် မသောက်တော့။ ဖိနပ်ကို ဘယ်ညာယှဉ်၍ ညီညာစွာ ချွတ်ထားတတ်ပြီ။ မိန်းမဆန်စွာ အိနြေ္ဒရရလေး ပြုံးရယ်တတ်ပြီ။ မေမေ့ဆီကနေ ဟင်းချက်နည်းတွေ စတင် သင်ယူနေခဲ့ပြီ။ အရင်ကလို အံဆွဲများကို ခြေနှင့်ကန်ပြီး မပိတ်တော့၊ ထမီကို ခြေနှင့်ခတ်၍ ကွင်းလုံးပုံ မထား တော့ဘဲ ကုတင်ခြေရင်းက တန်းကလေးပေါ်မှာ သပ်ရပ်စွာ လွှားတင်ထားတတ်ပြီ။ ယောက်ျားရှပ်အင်္ကျီတွေကို မီးပူ ကျကျနန တိုက်တတ်နေလေပြီ။

ငွေသည် ဦးဦးဘေးမှာ မိန်းမရင့်မာကြီးတစ်ယောက်လို အရာဝင်ချင်လှသေးသည်။ လူတွေကို ငွေနှင့် ဦးဦးအသက်ချင်း သိတ်မကွာဟု မြင်စေလိုရာ ငွေ့အ၀တ်အစား အပြင်အဆင်၊ နှစ်သက်မှုတို့ကား ငွေမသိလိုက်ခင်မှာပင် ပြောင်းလဲသွားတော့သည်။ အရောင်ရင့်ရင့်မှိုင်းမှိုင်းတွေ ရွေးဝယ်တတ်လာသည်။ ဆံပင်တိုလေးကို ရသမျှ စုချည်ထားတတ်သည်။ 

နားရွက်ဘေးမှာ ဆံပင်အတိုအစလေးတွေ ကပိုကရိုထွက်နေသည့်ငွေ့ပုံကို ဦးဦးက ချစ်စရာဟုဆိုကာ ဓါတ်ပုံရိုက်ပေး ဖူးသည်။ ဦးဦးငြင်းနေသည့်ကြားမှ ဘေးနားက ဖြတ်သွားဖြတ်လာတစ်ယောက်ကို အကူအညီတောင်းကာ ဦးဦးနှင့် နှစ်ယောက်တွဲ တစ်ပုံရိုက်ဖြစ်ခဲ့သေးသည်။ ဓါတ်ပုံရိုက်ရမှာရှက်တတ်သော ဦးဦးက ပုံထဲမှာ လူငယ်လေးတစ်ယောက် လို ရှက်တက်တက်နှင့်၊ မျက်လုံးများက ကင်မရာကိုမကြည့်ဘဲ ငွေ့ကို စွေကြည့်နေပုံ ဖြစ်လေသည်။

ဦးဦးမှာ သမီးလေးတစ်ယောက်ရှိသည်ကို သိကာ “နင့်ဟာက Buy one၊ get one free ကြီးပါလား ငွေရဲ့” ဟု ပြစ်တင်သလိုလိုပြောခဲ့သော ငွေ့သူငယ်ချင်းများနှင့် ဦးဦးကို တစ်နေ့မှာ တွေ့ဆုံ မိတ်ဆက်ပေးလိုက်သည်။ သဘောကောင်း၊ မျက်နှာချိုရွှင်ကာ ငွေ့ကို ချစ်ပုံ အလိုလိုက်ပုံရသော ဦးဦးကို တစ်ခါတွေ့ရုံနှင့် အားလုံးက ကန့်ကွက်မဲမရှိ သဘောတူကြလေသည်။
ဖေဖေ မေမေတို့ကတော့ ဦးဦးဟာ တစ်ခုလပ် ကလေးတစ်ယောက်အဖေဖြစ်နေတာထက် နောက်ကြောင်းရှင်းပြတ်ရင် ပြီးတာပဲ ဆိုကြသည်။ သူတို့၏သမီးဆိုးလေးကို အုပ်ထိန်းသူအသစ်ထံ လွှဲပြောင်းပေးအပ်သလို ခံစားကြရကာ ငွေ့အတွက် ဒီလို လူကြီးဆန်တဲ့သူနဲ့မှ ဖြစ်မယ်ဟု စိတ်ချလျှက်ရှိကြသည်။ ငွေ့အတွက်မူ ၉နှစ်အရွယ် ဦးဦးသမီး ကလေးနှင့်လည်း အဆင်တပြေရှိလှလေ၏။ သီလရှင်ဝတ်စဉ်က ဆရာကြီး၏ ဆုံးမစကားတို့ ငွေ့နားမှာ ပြန်ကြားကာ ပြုံးမိသေး သည်။ လောကဓံ သည် ငွေ့ရှေ့မှာ မားမားကြီး ကြိုစောင့်လျှက်ရှိသည်။ ဦးဦးသာ ငွေ့အနားမှာရှိပါစေ၊ ဘာပဲဖြစ်ဖြစ် ငွေ ရင်ဆိုင်မည်။ ငွေ ဆုံးဖြတ်ပြီးပြီ၊ ငွေ ဦးဦးကို လက်ထပ်တော့မည်။ ဒီတစ်သက်လုံး ဦးဦးအနားမှာပဲ ငွေ နေတော့မည်။
(၇)
“ဒီတော့  ဦးဦးက ဘာပြန်ပြောလိုက်လဲ”

“ဒါ ကိုယ် လက်ထပ်တော့မဲ့ မိန်းကလေးပါ မမစိုး လို့ ပြောလိုက်တာပေါ့ ကလေးရဲ့”

“အင်း ဒီတော့….”

“မမစိုးက ငိုတယ်”

ဦးဦးထံမှ စကားသံ ခဏမျှ တိတ်သွားလေသည်။ ပြဿနာက ဦးဦးနှင့်ငွေ တွဲရိုက်ခဲ့သော ဓါတ်ပုံလေးမှ စလေသည်။ မမစိုးသည် တစ်လမှာ တစ်ခေါက်တော့ သမီးထံ လာတွေ့လေ့ရှိကြောင်း ဦးဦးပြောပြဖူး၍ ငွေ သိထားပါသည်။ ဦးဦးသမီးကလေးမှာ ကလေးပီပီ ဘာရယ်မဟုတ် သူ့အမေ မမစိုးကို ထိုဓါတ်ပုံ ပြမိပါလိမ့်မည်။ ဒါကို ငွေ ဂရု မစိုက်ပါ။ မမစိုးအနေနှင့် ခုမှပဲ လွတ်တဲ့ငါး ကြီးနေတာကိုသာ ငွေ အံ့သြမိရသည်။ တကယ်တော့ လွတ်တဲ့ငါးတောင် မဟုတ်ပါ။ သူ မလိုချင်၍ တမင် လွှတ်ချခဲ့ပြီးကာမှ ကောက်ရသူလက်ထဲက ပြန်လိုချင်နေတာတော့ တဆိတ်လွန်လွန်းလှသည်။

“ဦးဦးသဘောကရော ဘယ်လိုလဲ”

ငွေ သိနေလျှက် တမင် မေးလိုက်ခြင်းရယ်ပါ။

“ဦးဦးက ကလေးကိုပဲ ယူမှာ”

လုံလောက်ပြီ။ ငွေ့အတွက် ဦးဦးစကားတစ်ခွန်းကသာ အရာရာ။ ကျန်တာတွေ ဘာကိုမှ ငွေ မတွေးချင်တော့။ ဒီစကား တစ်ခွန်းနဲ့ပဲ ငွေ ရှင်သန်နေနိုင်သည်။ ဦးဦးပါးကို ဖွဖွလေးမွှေးပြီး ငွေ ဦးဦးကို ကျောခိုင်းထားရစ်ခဲ့ချိန် လမ်းမပေါ်မှာ လမ်းမီးတွေတောင် လင်းနေခဲ့ပြီ။

အပြန်လမ်းတစ်လျှောက် ငွေ့ခြေလှမ်းတို့ လေးလံလွန်းနေကာ ငွေ့စိတ်တို့မှာ မဲညိုသောကောင်းကင်နှင့်အပြိုင် ညစ်ညူးစွန်းထင်းလျှက်ရှိသည်။ ညနေခင်းလေနုအေးတို့သည် ငွေ့ရင်ကို မအေးမြစေနိုင်။ ဦးဦးကို ငွေ ချစ်ပေမဲ့ ယောက်ျားတစ်ယောက်ကို မိန်းမနှစ်ယောက် ယှဉ်လုရမှာ ငွေ ရှက်ပါသည်။ သားတရားစီရင်ခန်းလို ပိုချစ်သော မိခင်ရင်းက လက်လွှတ်ကြေးသာဆို ငွေကသာ လက်လွှတ်ပေးလိုက်ချင်သည်။ သို့သော် ဦးဦးနှင့် ဒီတစ်သက်လုံး ဝေးကြဖို့ရာ အတွေးနဲ့တင် ရင်ထဲဆို့နင့်လာကာ တစ်ဘက်ကကြည့်တော့လည်း မမစိုးအပေါ် မိန်းမသားချင်း စာနာစိတ်လေးက ခေါင်းပြူထလျှက် ရှိလေ၏။ ဒီဘ၀မှာ ဒီလင်၊ ဒီသား၊ ဒီမိသားစုနဲ့ သူ့ခမျာ နေချင်ရှာပေလိမ့်မည်။
 (၈)
ဘာကိုမှ မဆုံးဖြတ်နိုင်ခင်မှာ ဘုရားရိပ်သို့ ဒုတိယအကြိမ် ဘုရားသမီးတော်အဖြစ် ငွေ ခိုလှုံမိပြန်သည်။ ငွေလှိုင်းအိမှ မဧသုဝတီအဖြစ် ပျော်သလောက်နေဦးမည် စိတ်ကူးသည်။ ညစ်ညူးနေသော စိတ်တို့ကို စိတ်နှင့်ပင် စင်ကြယ်စေရဦးမည်။ ဒီကြားထဲ ငွေ အရာရာကို မေ့ထားလိုက်ချင်ပါသည်လေ။

မေမေကတော့ ငွေ့တိုးတိုးဖော်အဖြစ် ငွေ့ရင်ထဲ တိုက်ရိုက်မြင်ရှာသည်မို့ ဘာမှ ၀င်မပြောပေ။ မိန်းမသားချင်းမို့ “သူတို့ မိသားစုလေး ပြန်ပေါင်းကြပါစေကွယ်” လို့တော့ မဆိုသာ ဆိုသာ ၀င်ပြောလာရှာသည်။ ငွေ့မှာသာ ဘာဆုံးဖြစ်ချက်မှ မကျနိုင်ဘဲ ရုတ်တရက် သီလရှင် နောက်တစ်ကြိမ် ၀တ်ပစ်လိုက်တာဖြစ်သည်။ ဒီတစ်ခါတော့ လူတွေ နားလည်ထားကြသလို အပူနှင့်မို့ အေးရာအေးကြောင်း တရားရိပ်ခိုမိတာ ငွေ ၀န်ခံလိုပါသည်။

မနက်ဆို အိပ်ရာမှ အစောကြီးထကာ ဆရာကြီးနှင့်အတူ ဘုရားကန်တော့ ၀တ်တက်ကြသည်။ ဆွမ်းချက်ကာ မြတ်စွာဘုရားအား အရုဏ်ဆွမ်းတော် ကပ်ကြသည်။ ကျောင်းဝင်းအတွင်း ပုရ၀ုဏ်တစ်ခုလုံးကို တံမြက်စည်း လှဲကျင်း၊ ပြီးလျှင် ဆရာကြီးအတွက် ချိုးရေ ဖြည့်ပေးသည်။ ဒါ မဧသုဝတီ၏ နေ့စဉ် နံနက်ပိုင်းအလုပ်တွေ ဖြစ်သည်။ ဘယ်သူကမှ မခိုင်းသော်လည်း အလုပ်နှင့်လက် မပြတ်ခြင်းဖြင့် ငွေ့စိတ်တို့ကို ပစ္စုပ္ပန်တွင်သာ တည်စေခြင်းပင်။

အနီးအနားရပ်ကွက်တွေထဲ ဆန်ခံထွက်လျှင်လည်း ငွေ ပါသည်။ ဆန်ခံထွက်ခြင်းမှာ ပင်ပန်းလွန်း၍ ငွေ့လို ဖြူဖျော့ဖျော့ကို ဆရာလေးများက မလိုက်စေချင်ကြ။ မည်သို့ပင် အားတင်းကာ ဇယ်ဆက်သလို အလုပ်တွေ လုပ်နေသော်ငြား ငွေ့ခန္ဓာ က မလိုက်နိုင်။ တကယ်တော့ ငွေ ပင်ပန်းလှပြီ။ ည ညကျ အိပ်ရေးမ၀၊ နေ့ဘက်ကျ ပင်ပန်းစေကာမူ ခိုင်းနွားနှင့် တူသောခန္ဓာကို ငွေက တယ်မညှာချင်။

တစ်နေ့တော့ သဘက်ကလေး ခေါင်းပေါ်တင်ကာ ဆန်ခံနေရင်း လက်ထဲမှ မောင်းထောင်ချိုင့်လေး လွတ်ကျသည်အထိ ငွေ့ခေါင်းထဲ မိုက်ကနဲဖြစ်ကာ ချာချာလည်လာသည်မို့ ဆရာလေးများနှင့် ဆက်မလိုက်နိုင်တော့ဘဲ ကျောင်းသို့ ခပ်ဖြည်းဖြည်း ပြန်လျှောက်လာရသည်။ ကျောင်းရောက်သော် ခုတင်ပေါ်လှဲရင်း မျက်စေ့စုံမှတ်ထားလျှက်က ဘယ်လိုမှ မနေနိုင်၊ မျက်နှာကျက် တစ်ခုလုံးချာလည်နေကာ ရှုဆေးလည်းမကယ်နိုင်အောင် မူးမိုက်နေတော့၏။ နောက်တော့ ရုတ်တရက် မှောင်အတိကျကာ ငွေ ဘာကိုမှ မသိတော့။

ငွေ သတိပြန်ရလာသော် ပထမဦးဆုံး မြင်ရသည်က အပေါ်က စီးမိုးကြည့်နေသော မျက်ရည်များနှင့် မေမေ့မျက်နှာ။ ပြီးတော့ မေမေ့ဘေးမှာ စိုးရိမ်ပူပန်သောမျက်နှာများနှင့် ဆရာလေးများ။ ငွေ မေမေ့ကို အားတင်းကာ ပြုံးပြလိုက်မိသည်။

“ဒကာမကြီး ဘာမှ စိတ်မပူပါနဲ့နော်၊ ဆရာလေး အားနည်းလို့ နေမှာပါ။ နားလိုက်ရင် ကောင်းသွားမှာ”

မေမေက ဘာမှ ပြန်မပြောဘဲ ငွေ့ခေါင်းမှ ဆံတိုစများကိုသာ ပွတ်သပ်လျှက် မျက်ရည်ကျလို့နေသည်။

“ကဲ ဒကာမကြီး ညနေ သိတ်မစောင်းခင် ပြန်တော့နော်၊ တော်ကြာ အိမ်မှာ ဒကာကြီး စိတ်ပူနေဦးမယ်”

“ဆရာလေးတို့ သမီးကို တပည့်တော် ပြန်ခေါ်သွားချင်လို့ ရမလားဘုရား”

မေမေသည် ငွေ့ကို ဘာမှ ပြန်ပြောမနေဘဲ ဆရာလေးများကိုသာ သူလိုချင်သည်ကို ဦးတိုက်လျှောက်လေသည်။

“ဟင့်အင်း ဆရာလေး လူမထွက်ချင်သေးပါဘူး ဒကာမကြီးရယ်၊ ပျော်သလောက်တော့ နေဦးမယ် စိတ်ကူးတယ်”

ဆရာလေးများ ဘာမှပြန်မဖြေနိုင်ခင် ငွေကပင် ဦးအောင်ဖြေနှင့်သည်။

“သမီး ငွေ… နေလည်း ကောင်းတာမဟုတ်ဘဲနဲ့ကွယ်၊ နေကောင်းတော့ ထပ်ဝတ်တာပေါ့နော်”

ငွေကဘယ်လိုပင် ဆရာလေးနှင့် ဒကာမကြီးပဲ သံယောစဉ်ဖြတ်ကာ ခေါ်သော်လည်း မေမေကတော့ မေမေနှင့် သမီးပဲ ရည်ညွှန်းပြောဆိုနေတော့သည်။ မေမေလောင်ကျွမ်းနေသော သမုဒယမီးမှာ ပူလောင်လွန်းလှပေစွ။

“ဆရာဝန်ကလည်း နားလိုက်စေချင်တယ်၊ သမီးက ငယ်ငယ်လေးထဲက နှလုံးအားလည်း မကောင်း၊ သွေးအားနည်းတဲ့ ရောဂါလည်း ရှိနေတာလေ နော် သမီး၊ မေမေနဲ့ ပြန်လိုက်ခဲ့နော်”

ငွေ့မှာ သွေးအားနည်းသည့်ရောဂါ၊ နှလုံးအားနည်းသည့် ရောဂါအခံရှိတာကိုတော့ ငွေ ငယ်ငယ်ကလေးထဲက သိထားပါသည်။ ထို့ကြောင့် မေမေ ဘယ်လောက်စိတ်ပူနေမည်ကို ငွေ နားလည်၍ရသည်။

 ငွေကတော့ ငွေ့ရောဂါထက် မေမေ့ကို ဦးဦးအကြောင်းသာ မေးလိုက်ချင်နေသည်။ ဒီရက်တွေအတွင်းမှာ ဦးဦးများ အိမ်ကို လာသေးလား၊ ငွေ ဘာမပြော ညာမပြောနှင့် သီလရှင် ၀တ်လိုက်တာကိုများ ဦးဦး စိတ်ဆိုးနေသလား၊ မမစိုးနှင့် ဦးဦး အခြေအနေကရော ဘယ်လိုများလဲ၊ ငွေမရှိတော့ သူတို့နှစ်ယောက် ပိုအနေနီးမှာပဲ၊ ငွေ ဒီကျောင်းမှာ သီလရှင် ၀တ်နေတာကိုရော မေမေ ဦးဦးကို ပြောပြမိသေးလား…။ စုံလို့ပါပဲ။ ငွေ့အတွေးတို့ကို တမင်မေ့ထားသော ဦးဦးအကြောင်းများက ရုတ်တရက် ၀င်ရောက် သိမ်းပိုက်တော့သည်။

 ငွေ အငိုက်မိပြီ။
 ငွေ တရား လက်လွတ်ပြီ။ 

သီလရှင်ဝတ်နှင့် မအပ်စပ်သော အတွေးများ တွေးမိလေပြီ။ ခေါင်းကို ဖြေးညှင်းစွာခါလိုက်မိတော့ မေမေက သူအိမ်ပြန်ဖို့ခေါ်သည်ကို ငွေငြင်းသည်အထင်နှင့် စိတ်မကောင်းစွာ မျက်ရည်ကျပြန်သည်။

“ဆရာလေး ပြန်လိုက်ခဲ့ပါ့မယ် ဒကာမကြီးရဲ့၊ မနက်ဖြန် လာခေါ်လေ၊ ဆရာကြီးကိုလည်း လျှောက်ရဦးမယ် မဟုတ်လား၊ ပြီးတော့ သိက္ခာချ၊ အ၀တ်လဲရမှာနဲ့၊ ဒီနေ့တော့ အချိန်မရှိတော့ဘူးလေ”

“အင်း ဒါဆိုလည်း မေမေပြန်မယ်၊ မနက်ဖြန် လာခေါ်မယ်နော် သမီး ငွေ၊ ည အိပ်ပျော်အောင် အိပ်ဦး”

ပါးပေါ်မှာ မျက်ရည်မခြောက်သေးသော မေမေ့ကို ငွေ အားယူပြုံးပြလိုက်လေသည်။
(၉)
နောက်တစ်နေ့ မနက်မိုးလင်းလင်းချင်း ဆရာကြီးအား ငွေ့ကို ဘုရားသမီးတော်အဖြစ်မှ သိက္ခာချပေးစေကာ ဧကသီ၊ ၀တ်ရုံနှင့်တကွသော ငွေ့သီလရှင်ဝတ်စုံ သုံးစုံအား သေသပ်စွာခေါက်လျှက် ကျောင်းသို့ လှူဒါန်း၏။ သီလရှင်အဖြစ် နှင့် မအပ်စပ်၍ ချွတ်သိမ်းထားသော စိန်နားကပ်လေးတစ်စုံနှင့် ဦးဦးပေးထားသော ပလက်တီနမ်လက်စွပ် မောင်းကွင်း ထူထူလေးတို့ကို ပြန်ဝတ်သည်။ လောကဓံတရားသည် ငွေ့အပေါ် အလို မလိုက်၊ ပျော်သလောက်ဝတ်မည် ဆုံးဖြတ်ထားသော်မှ အခြေအနေမပေး၊ ငွေသည် ဘုရားသမီးတော် မဧသုဝတီအဖြစ်မှ ငွေလှိုင်းအိ ဖြစ်ခဲ့ရပြန်သည်။ ဘာပဲဖြစ်ဖြစ် ငွေ့စိတ်က မေမေ့ကို စိတ်ချမ်းသာစေချင်နေသည်။

မနေ့က ဦးဦးနှင့်ပတ်သက်ပြီး မေမေ ဘာမှ ပြောမသွားပါ။  မပြောသင့်လို့လည်း ဖြစ်မည်။ ပြောစရာမရှိတာလည်း ဖြစ်နိုင်သည်။ ဦးဦး တစ်ကယ်ပဲ နေနိုင်လွန်းတာများလား၊ ဒါမှမဟုတ် မေမေ တစ်ခုခု ပြောလိုက်လို့များလား။ ငွေကရော ဘယ်လိုဆုံးဖြတ်မှာလဲ။ သေချာတာကတော့ ငွေသည် မမစိုးနှင့် ပြိုင်မလုချင်။ ငွေ့ရှေ့ရေးကို အလေးအနက် စဉ်းစားရလျှင် ဘာလုပ်ချင်တာလဲဆိုတာထက် ခုချိန်မှာ ငွေ ဘာလုပ်သင့်သလဲဆိုတာကိုသာ ဦးစားပေး စဉ်းစားဖို့ပင်။ ငွေ့စိတ်တို့ လူလားမြောက်ပြီ ထင်မိသည်။

ကျေနပ်တတ်မည်ဆိုလျှင်တော့ ဒီမျှနှင့် ငွေ ကျေနပ်နိုင်ပါသည်။ ဦးဦး၏အချစ်၊ ဦးဦး၏ အကြင်နာ၊ ငွေ့ဘ၀မှာ တစ်ခါမှ မရခဲ့ဖူးသော စိတ်ခံစားမှု၊ လူတစ်ယောက်အပေါ် ချစ်မြတ်နိုးမှု။ ငွေ တစ်ကယ်ပဲ ကြည်နူးရပါသည်။ 

လူတစ်ယောက်အပေါ် မြတ်မြတ်နိုးနိုးနှင့် တစ်သက်လုံး ချစ်သွားဖို့ဆိုတာ အတူနေကြရမှ မဟုတ်တာ။ 

 ငွေသည် မှန်ဝိုင်းလေးထဲမှာ မြင်နေရသော ဦးပျဉ်းစိမ်းစိမ်းနှင့် မျက်နှာချောင်လေးကိုကြည့်ကာ အားပေးပြုံးလေး ပြုံး လိုက်မိလေသည်။ ဆရာကြီးပြောခဲ့သလို အချိုအခါးနှစ်ပင်လိမ်ကျွေးသော လောကဓံကြီးက ငွေ့ထဲကိုမှ အခါးပိုပိုသာသာ ထည့်ပေးလိုက်ဟန် တူပါသည်။ မည်သို့ပင်ဖြစ်စေ ကြယ်ကလေးတစ်ပွင့်အကြောင်း သင်ကြားပေးခဲ့သော ဦးဦးကို ငွေ ကျေးဇူးတင်ရသည်။ ငွေကတော့ ကြယ်မစုံသော ဘ၀ကောင်းကင်ကြီးထဲမှာ တစ်ယောက်တည်း ဆက်လက်လျှောက်လှမ်းကာ လောကဓံကို ကြံ့ကြံ့ခံချင်သေးသည်။ ငွေ့မှာ လုံလောက်သောအင်အားတွေ ရှိနေသည်ဟု ငွေ ယုံသည်။

ငွေသည် မေမေ့ကို စောင့်ရင်း အထုတ်လေးဆွဲကာ ကျောင်းအပြင်ဝဆီ လျှောက်လာခဲ့သည်။ ကျောင်းက လမ်းသွယ်လေးထဲမှာမို့ လမ်းမကြီးပေါ်ကိုရောက်ဖို့ ဆယ်မိနစ်မျှ လမ်းလျှောက်ရသေးသည်။ မာခဲသော မြေနီလမ်းသွယ်လေး အတိုင်း လျှောက်လာရင်း လမ်းဘေးဝဲယာက မြက်ပင်ရှည်ကြီးတွေကို ငေးကြည့်နေမိသည်။ 
ဒီလောက် နေပူပူကြီးထဲမှာ…..
ဒီလောက် ရှည်လျားသန်စွမ်းကာ... 
စိမ်းမြလျှက်က ယိမ်းနွဲ့လှပနေနိုင်သည်မှာ ဘယ်လို ခွန်အားများကြောင့်ပါလိမ့်။ 
သဘောကျလိုက်တာ။ ငွေ့ကို ခွန်အားတွေ မျှဝေပေးပါဦးလား မြက်ပင်ရှည်ကြီးတွေရယ်…

ငွေ့အတွေးကို သဘောကျကာ တစ်ယောက်ထဲ ကြောင်အအ ပြုံးမိလေသည်။ အပြုံးနှင့်အတူ ငွေ့စိတ်ကလေး အေးချမ်းပေါ့ပါးလို့ လာသည်။ ရုတ်တရက် ငွေ  ပျော်လာသည်။ 

ညာဘက်လက် လက်သူကြွယ်မှာ ၀တ်ထားသော ပလက်တီနမ်လက်စွပ်လေးနှင့် ငွေ့နှလုံးသားတို့ကို စိတ်ထဲမှာ ပူးကပ်ချည်တွဲ လိုက်၏။ ပြီးမှ လက်စွပ်လေးကို လက်မှချွတ်ယူကာ မြက်ပင်ရှည်ကြီးတွေရှိရာဆီ အားကုန်ပစ်ပေါက်လိုက်လေတော့သည်။

ရှေ့မှာ လမ်းမကြီးကို မြင်နေရပြီ။  မေမေကတော့ဖြင့် ခုထိ မလာနိုင်သေး။ 

ရတီမဂ္ဂဇင်း-ဒီဇင်ဘာလ-၂၀၁၂



 

Saturday, December 15, 2012

သဘာဝတရားကြီးနဲ့ ကျွန်မတို့ လူသားတွေ

ခုတစ်လော လူက အကြည်ဓါတ်လေး ရှားပါးလာတယ်။ ကံ စိတ် ဥတု အာဟာရ ဘာညာတွေ ကြောင့်များလား၊ အသက်ပဲ မဆိုစလောက်လေး ကြီးလာလို့လား၊ လူနဲ့ လူ့ပတ်ဝန်းကျင်ရဲ့ အညမညဖြစ်စဉ်တွေဆိုတာ ရှိရဲ့နော်၊  ဒီတော့ ပတ်ဝန်းကျင်မှာ အာရုံနောက်စရာတွေပဲ သိတ်များလာလို့လား၊ အရင်က ဒီလောက်တော့ ငါ အသာလေးလုပ်နိုင်ပါတယ်ကွာ အော်ခဲ့တာတွေက ခုနေမှာ လုပ်ပြီးတဲ့အခါ အသက် ဘယ်ကထွက်ရမှန်းမသိအောင် ပင်ပန်းတတ်လာတာ၊ အရင်က ညမအိပ်လည်း ဘာမှမဖြစ်ခဲ့တဲ့ကိုယ်က ခုတော့ဘယ်လောက် အိပ်ရေးဝအောင် အိပ်အိပ် လန်းလန်းဆန်းဆန်းဖြစ် မနေတော့တာ။ ဘဝရဲ့ ဂငယ်ကွေ့မှာ ကိုယ်က အပေါ်တည့်တည့်ကို ရောက်ခဲ့ပြီ။ သူ့ကုန်းဆင်းအတိုင်း ပြန်ဆင်းရုံ ရှိတော့တာ။ ဒီနေရာမှာ ဘယ်လိုဆင်းမလဲ ဆိုတာက အရေး သိပ်ကြီးသွားပြီ။ အဆင်းတတ်မှ အကျမှာ သက်သာမယ် မဟုတ်လား။

ခုချိန်ထိ သူများဝန်ထမ်းဘဝနဲ့ နေနေရတာကိုတော့ အတော်လေး စိတ်ကုန်မိတယ်။ ကိုယ်ပိုင်စီးပွားရေးတစ်ခု လုပ်မယ်တွေးပြန်တော့လည်း စိတ်ဖိအားများမဲ့ အလုပ်မျိုးကို လက်ရှောင်ချင်လာတယ်။ အေးဆေးပေါ့၊ ဘဝမှာ ငွေရှာဖို့တစ်ခုပဲ အရေးကြီးတာမှ မဟုတ်တာ။ အနားယူတဲ့အချိန်ကျရင် မြို့ပြနဲ့ ဝေးဝေးမှာ ခြံလေး ဝင်းလေးနဲ့ အပင်လေးဘာလေး စိုက်စားမယ် တွေးမိပြန်တော့ အပင်မှာ ကျတတ်တဲ့ ပိုးတွေကြောင့် ပိုးသတ်ဆေးသုံးဖို့ လိုတယ်မဟုတ်လား ဖြစ်လာရော၊ ဟာ ဒါ အကုသိုလ်အလုပ်ပဲ သတ္တဝါတွေ ကိုယ့်ကြောင့်တော့ မသေစေချင်ပါဘူး။ ဒါဆိုလည်း အပင်မစိုက်ဘဲ အေးအေးဆေးဆေး ကော်ဖီဆိုင်လေး၊ ပေ့စ်စထရီ မုန့်အချိုဆိုင်လေး တနိုင်တပိုင် ဖွင့်ရင်ရော…၊ အဲဒါတော့ မဆိုးဘူးပဲ တွေးမိတယ်။ ပြီးတော့ အားချိန်လေးမှာ စာလေးဘာလေး ရေးပေါ့။ မချမ်းသာချင်ပါဘူး။ တစ်နေ့တစ်နေ့ စားဖို့ သောက်ဖို့နဲ့ သာရေးနာရေး လှူတန်းဖို့လေး၊ သေတဲ့အခါ သေဖို့ စားရိတ်လေး ရှိရင် တော်ပြီ မှတ်တာပဲ။ ဟိုးအရင်ကတည်းက ငွေရှာဖို့၊ ချမ်းသာဖို့ဆိုတာကို ဘယ်တုန်းကမှ စိတ်ထဲ မရှိခဲ့တာ။ ခုဆို ပိုတောင် ဆိုးသေး။ စိတ်ထားတတ်ရင် ချမ်းသာတာပဲ မဟုတ်ဘူးလား။ ငွေရှိပြီး စိတ်မချမ်းသာတဲ့သူတွေမှ အပုံအပင်။

အရင်ကဆို ပစ္စည်းလေးတစ်ခုခု ကွဲရှသွားရင် နှမျောနေတတ်တာ။ နောက်တော့ တရားအလုပ်လေး လုပ်ဖြစ်လာတဲ့အခါ နှလုံးသွင်းတတ်လာတယ်။ ကွဲတတ် ရှတတ်တဲ့ ပစ္စည်းလေးတစ်ခုခု ဝယ်လာပြီဆို အစကတည်းက စိတ်ထဲကနေ အကွဲအပျက်ကို ကြိုမြင်ထားလိုက်တယ်။ ကွဲတတ် ရှတတ်တဲ့ ပစ္စည်းပေပဲ၊ သူ့အချိန်တန်ရင် ကွဲမှာ ရှမှာပဲလို့ စိတ်က မှတ်ထားလိုက်တာပဲ။ ဒီတော့ တကယ်လည်း ကွဲရှရော ခံနိုင်ရည် ရှိသွားတယ်။ ဂေါ်ပြားနဲ့ အသေအချာ ကြုံးပြီး အမှိုက်ပုံးထဲ နှလုံးအေးအေးနဲ့ လွှင့်ပစ်တတ်သွားတယ်။

ဒီလိုပဲ ကိုယ်ချစ်ခင်တွယ်တာရတဲ့ သူတွေအပေါ် အပျက်အစီးကို ကြိုတွေးထားတတ်လာတယ်။ အထူးသဖြင့် မိသားစုဝင်တွေ၊ အိမ်ကလူနဲ့ ဆွေမျိုးတွေအပေါ်မှာ ဆိုပါတော့။ လူဆိုတာ သေမျိုးပဲ၊ လူတိုင်း သိကြတာပဲ။ သေမျိုးမို့ သေရတာ ဆန်းသလား၊ မဆန်းဘူး။ ဒါပေမဲ့ ဖြတ်ဖို့ခက်တယ်။ ကိုယ်ချစ်ခင် တွယ်တာတဲ့ သူဆို ပိုဆိုးသေး၊ ဘယ်တော့မှပဲ မသေနိုင်တော့ဘူးလိုလို စိတ်က မှတ်တယ်။
သူတို့တွေရဲ့ အသေကို ကြိုမြင်ထားလိုက်တယ်။ စိတ်ကူးထဲမှာ ခဏခဏ သေခိုင်းလိုက်တယ်။ တစ်နေ့သေမှာပဲ ဆိုတာကို သတိရတိုင်း တွေးပေးနေလိုက်တယ်။ ကိုယ်တိုင်လည်း ဒီလိုပဲ။ သေမှာပဲ၊ ဘယ်လိုသေမယ်သာ မသိတာ။ ဒီတော့ တကယ်ဖြစ်လာရင် ကြိုတွေးထားတဲ့အတိုင်း သေမျိုးမို့ သေတာပဲ မှတ်ယူနိုင်ရင် ခံစားရသက်သာမယ်။ ဒါပဲပေါ့။ ဒါပေမဲ့ ကျွန်မ သိပါတယ်။ တကယ်တမ်းရင်ဆိုင်ရတဲ့အခါ ထင်သလောက် လွယ်မယ် မဟုတ်ဘူး ဆိုတာ။ ဒါပေမဲ့ ခံသာမယ်။ အများကြီး ဖြေသာမယ်။ 

ကိုယ်သေရင်လည်း ကျောပူအောင်တောင် မထားစေချင်ဘူး။ မြန်မြန်သာ မီးရှို့ပစ်လိုက်၊ အေးတာပဲ။ အမျိုးစုံအောင် စောင့်တာတို့ ဘာတို့ လုပ်မနေနဲ့ ပြောထားရတယ်၊ အမျိုးဆိုတာက ကိုယ်သေလို့ မပုပ်ခင်သာ အမယ်လေး ဘာလေးအော်ငိုချင် ငိုမှာ၊ ပုပ်လာတာနဲ့ နှာခေါင်းရှုံ့တော့မှာ၊ အနားကပ်ရင် ကံကောင်းပဲ။ ဂူလည်း သွင်းမနေနဲ့၊ တစ်နှစ် တစ်ခါ လာလာ ပူဆွေး ရှင်းလင်း၊ ထုံးသုတ်၊ ပန်းစည်းလာချနဲ့ အဓိပ္ပါယ် မရှိဘူးလို့ ကျွန်မက ယူဆတယ်။ ကိုယ်ဟာ နောင်လာနောင်သားတွေအတွက် ဘာမှလည်း ကြီးကျယ်မြင့်မြတ်သော အမှတ်ရစရာမှ မဟုတ်ပေတာပဲ။

လူတစ်ချို့ကို ကြည့်ရတာ မောတယ်။ ဒါကြောင့် မကြည့်ဖြစ်အောင် နေတယ်။ သေချာတာက လူတစ်ဦးချင်းစီမှာ စံချိန်စံညွှန်း အတိုင်းအရှည်အတွက် မျဉ်းကြောင်းတစ်ကြောင်းစီ ရှိကြတယ်။ တစ်ဦးတစ်ယောက်ချင်းစီမှာ မတူကွဲပြားတဲ့ စွမ်းရည်တွေ ရှိကြတယ်။ ဒါကို မြင်ဖို့ပဲ လိုတယ်။ ဆိုပါစို့ ကိုယ်ဟာ အလုပ်ကို ပုံမှန်သွားတယ်၊ အလုပ်ချိန် နောက်မကျအောင် အမြဲ ကြိုးစားတယ်။ အလုပ်ကို ဝတ်ကျေတန်းကျေ တာဝန်ကျေ လုပ်တယ်။ ဟိုတစ်ကောင်ကတော့ ငပျင်း၊ အလုပ်ချိန် မမှန်ဘူး၊ အမြဲ နောက်ကျတယ်၊ အလုပ်မှာလည်း အိယောင်ဝါး၊ ဆေးခွင့်ဆိုလည်း အမြဲယူတတ်လွန်းလို့ သူ့တာဝန်တွေကို တစ်ခြားသူတွေက အမြဲ ခွဲဝေယူရလေ့ရှိတယ်။ ကဲ ဆိုတော့ကာ ဒီလိုလူမျိုးနဲ့ ယှဉ်ရင် ကိုယ့်မျဉ်းကြောင်းဟာ အလိုလို ပိုရှည်သွားတော့တာ၊ ပို ရှေ့ရောက်သွားတော့တာပေါ့။ ဒါမျိုးက ဖြစ်တတ်တယ်။ ကိုယ့်မျဉ်းကြောင်းအတို အရှည်၊ ရှေ့ရောက် မရောက်ဟာ ကိုယ့်ပတ်ဝန်းကျင် က ကောင်တွေနဲ့လည်း တစ်နည်းတစ်ဖုံ ပတ်သက်နေနိုင်သေးတယ်။ ဟော တစ်ချို့နေရာတွေမှာကျတော့ သူက ကိုယ့်မျဉ်းကြောင်းထက် ပိုရှည်ချင် ရှည်သွားနိုင်ပြန်တာပဲ မဟုတ်လား။

ဒါကြောင့် Multiple Intelligence ဆိုတဲ့ MI မှာ လူတစ်ယောက်ဟာ ဘက်စုံတော်နိုင်ဖို့ ခဲယဉ်းတယ်။ ရှိတော့လည်း ရှိတယ်။ ရှားမယ်ပေါ့။ အဲဒီအခါ စိတ်ထားတတ်ဖို့က လိုလာပြန်တယ်။ ကိုယ့်ထက်ညံ့တဲ့အခါ သနားပါတယ်ရယ်လို့ စုတ်သပ်နိုင်ပေမဲ့ ကိုယ့်ထက်သာလွန်နေတဲ့အခါမျိုးမှာ မုဒိတာပွားဖို့ အတော်ကို ခက်တာမျိုး။ သက်သက်သာသာစိတ်ထားနိုင်ရင် ချမ်းသာတာပဲ။ ကိုယ့်ထက်သာလို့ မအိပ်နိုင် မစားနိုင်၊ သူ့အကျိုး ပျက်စီးရာ ပျက်စီးကြောင်းချည်းတွေးနေလို့ကတော့ ကိုယ့်စိတ်ဓါတ်ကျရှုံးခြင်းရဲ့ အကြောင်းရင်းပဲ ဖြစ်မှာ။

ကျွန်မတို့ မြန်မာလူမျိုးတွေကိုက အရေပြားပါးတာပဲလား။ အထိမခံနိုင်ကြဘူး။ ဖေ့စ်ဘုတ်ပေါ်မှာ သွား ကြည့်လိုက်။ တစ်ခုခုဟေ့ဆို အဆဲလေးမှ မပါရင်၊ ဒေါသလေးနဲ့မှ မဖဲ့လိုက်ရရင် သမိုင်းပေး တာဝန်ကြီးပဲ မကျေတော့သလိုလို။ သူ့ ငါဆော်၊ ငါ့ သူဆော်နဲ့ ဝိုင်းကြီးပတ်ချာလည်နေကြတော့တာပဲ။ ဒီတော့ ရှေ့ မရောက်တော့ဘူးပေါ့။ ဘယ်နေရာမှာမဆို စိတ်အေးအေးထားပြီး စဉ်းစားတွေးခေါ်တာ မျိုး ဖြစ်စေ့ချင်တယ်။ နှစ်ဘက်မျှပြီး သမာသမတ်ကျကျ တွေးတတ်တာမျိုး ဖြစ်သင့်တယ်။ 

လူအတော်များများရဲ့ စိတ်ဓါတ်ဟာ ကိုယ်ရောက်နေတဲ့ ပတ်ဝန်းကျင်၊ ကိုယ့်ကို ထမင်းကျွေးနေတဲ့ အလုပ်အပေါ်မူတည်ပြီး စိတ်ဓါတ်တွေ အရောင်ပြောင်းသွားတတ်ကြတယ်။ ဒီနေရာမှာ လက်ကိုင်ထားဖို့က ကိုယ်ချင်းစာတရားပဲ။ သိပ်ရှင်းတယ်။ ကိုယ့်ကို ဒါမျိုးလုပ်ရင် ကြိုက်ပါ့မလား၊ ကိုယ်ကမှ ဒါမျိုး မကြိုက်ဘူးဆိုရင် သူများလည်း ကြိုက်မှာ မဟုတ်ဘူးဆိုတာ အသိသာကြီးရယ်၊ တွေးနေစရာတောင် မလိုဘူး။

မိဘတားမြစ်တာကို ဇွတ်လုပ်လို့ မိဘက သားသမီးကို သွေးထွက်သံယိုဖြစ်အောင် ဆုံးမတယ် ဆိုတဲ့ ပြက်လုံးဟာ ရယ်စရာတောင် မကောင်းတော့ဘူး။ မိဘနဲ့ သားသမီးဆိုတာရဲ့ ကြားမှာ ဆက်နွယ်မှု Bonding တစ်ခု ရှိတယ်။ ဒါကြောင့်လည်း ရင်ဝယ်သားဆိုတဲ့စကား ရှိခဲ့တာ။ ရက်ရက်စက်စက် မီးလောင်ဗုံးပစ်ခွဲပြီးမှ မိဘနဲ့ သားသမီးမို့ ဆုံးမတာဆိုတဲ့ ထန်းလက်နဲ့ကာတာတော့ အတော်လေး ဦးနှောက်မဲ့တာပဲ။

တစ်နေ့ကတော့ ရင်သွေးငယ်ကို မိခင်ရဲ့သားအိမ်အပြင်ဘက်မှာ ကိုးလထိအောင်ထားပြီး လစေ့မှ မွေးနိုင် တယ်ဆိုတာကို တီဗီက ပရိုဂရမ်တစ်ခုမှာ ကြည့်လိုက်မိတယ်။ အဲဒီအတိုင်းသာဆိုရင် မိန်းမတစ်ယောက်ဟာ တစ်နှစ်အတွင်းမှာ ကလေးတွေ ၁၂ယောက်လောက် မွေးနိုင်ပြီလို့ ယူဆရတာပဲ။ အသက်ကြီးမှ အိမ်ထောင်ကျတဲ့သူတွေအတွက် အားတက်စရာသတင်းပေပ။ ဒါပေမဲ့ နင်တို့ကို ငါက ကိုးလလွယ် ဆယ်လဖွားပြီးမှ မွေးခဲ့ရတာဟဲ့ လို့တော့ မပြောနိုင်တော့ပေဘူးပေါ့။ သားသမီးနဲ့ မိဘအကြား ဆက်နွယ်မှု သံယောစဉ် လျော့ပါးများ သွားမှာလားလို့လည်း တွေးမိပါသေးတယ်။

ဘာပဲပြောပြော ခေတ်ကြီးက ကြောက်စရာကောင်းလောက်အောင် တိုးတက်လာနေတာတော့ အမှန်ပဲ။ ဒီဇင်ဘာ၂၁ရက်နေ့ကလည်း ရောက်ဖို့ သိပ်မှ မလိုတော့တာပဲ။ ကမ္ဘာကြီး မပျက်နိုင်ပါဘူးလို့ အာမခံသူတွေက ခံနေကြတာပါပဲ။ စိတ်ပူတတ်တဲ့ စိနတိုင်းသားတွေကတော့ အစားအသောက် အခြောက်အခြမ်းတွေ၊ ဖယောင်းတိုင်တွေ ဝယ်ယူစုဆောင်းနေကြလေရဲ့။ တကယ်များ ကမ္ဘာကြီးပျက်လို့က ဖယောင်းတိုင်ထွန်းဖို့ အချိန်တောင် ရလိုက်မယ် မထင်ဘူး။ ကမ္ဘာကြီး မပျက်နိုင်သေးဘူးလို့ အာမခံသူတွေဆီကလည်း အင်ရူးဝါးရန့် ကလိန်းမ်ဖို့ အချိန်ရနိုင်မယ် မဟုတ်ပေဘူး။

ကိုင်း ဖြစ်ကာမှ ဖြစ်၊ ပျက်ကာမှ ပျက်ရောပဲ။ ကျွန်မတို့ ဘလော့ဂ်ဂါတွေလည်း လျှပ်စစ်မီးပျက်ကာမှ၊ ကီးဘုတ်မျိုးတုန်းကာမှ အရေးရပ်ကြပါစို့ရဲ့….။ အရေးကြီးတာက ကွဲတတ်ရှတတ် ဖျားနာတတ်တဲ့၊ အစိုးမရတဲ့ သဘာဝတရားကြီးကို နားလည်တတ်ဖို့၊ စိတ်ထားတတ်ဖို့နဲ့ ကိုယ်ချင်းစာတရားထားကြဖို့ပဲ မဟုတ်ဘူးလားရှင်….


Saturday, December 8, 2012

ဒီဇင်ဘာထဲက ကျွန်မတို့တစ်တွေ

ဒီဇင်ဘာလ ရောက်လာပြန်ပါပြီ။ နှစ်တနှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့အပြင် ခရစ်စမတ် ပိတ်ရက်၊ နှစ်သစ်ကူး ပိတ်ရက်နဲ့ တစ်ချို့နိုင်ငံတွေမှာ ဒီဇင်ဘာ ၂၆ရက်ကိုတောင် Boxing Day ဆိုပြီး ပိတ်တတ်ပါသေးတယ်။ အဲဒီလို ပိတ်ရက်တွေအများကြီးရှိတာမို့ ကျွန်မတို့လို ရုံးသမားတွေအတွက် မျှော်ရတဲ့လလည်း ဖြစ်တယ်။ တစ်နှစ်လုံးအတွက် မသုံးရသေးတဲ့ခွင့်ရက်တွေရှင်းရင်း အလုပ်က ခဏနားချင်လည်း နား၊ အမေနဲ့ရွာကို လွမ်းလို့ အိမ် ပြန်ချင်ပြန်၊ ခရီးလေးဘာလေးလည်း သွားချင်သွားနိုင်တဲ့ လမို့ ပျော်ရတဲ့လလည်း ဖြစ်ပါတယ်။

နှစ်တနှစ်ရဲ့ နောက်ဆုံးလဖြစ်တာမို့ ခဏကလေးရပ်ပြီး နောက်ပြန်လှည့်ကြည့်ခွင့်ရတဲ့ လဖြစ်သလို ရှေ့ကို မျှော်ကြည့်မိတဲ့ လလည်း ဖြစ်တယ်။ ပြီးခဲ့တဲ့ တစ်နှစ်တာမှာ ကိုယ် ဘာတွေများ လုပ်ခဲ့ပါလိမ့်၊ မျှော်မှန်းထားခဲ့တဲ့ ရည်ရွယ်တာတွေ လုပ်ဖြစ်ခဲ့သလား၊ ကိုယ့်အတွက် ဘာတွေများ တိုးပွားလာသလဲ၊ ဆုတ်ယုတ်သွားခဲ့သလဲ၊ အများအတွက် မိသားစုအတွက် ဘာတွေများ လုပ်ပေးနိုင်ခဲ့သလဲ။ လာမဲ့နှစ်အတွက် ရီစလူးရှင်းက ဘာလဲ….။ အဲသလို ခဏရပ်လို့ နဖူးပေါ် လက်တင်တင်၊ လက်ပေါ် နဖူးတင်တင်၊ ပက်လက် မှောက်ရက် ကြိုက်သလို စဉ်းစားကြည့်နိုင်တယ် မဟုတ်လားရှင်။

တရားသဘောနဲ့ ကြည့်မယ်ဆို ကွေးသောလက် မဆန့်ခင်လို့ လက်ခံထားပေမဲ့ မနက်ဖြန်တော့ မသေနိုင်သေးဘူးလို့ ကျွန်မတို့စိတ်ထဲက ယုံကြည်နေတတ်ကြသေးတော့ ပလန်တွေ စီကာစဉ်ကာ ချမှတ်လုပ်ဆောင်တတ်ကြလေတာ။ မနက်ဖြန်မပြောနဲ့ နောက်နှစ် နောက်နှစ်တွေအတွက်တောင် စိတ်ကူးထားတတ်ကြတာမို့ အချိန်မရွေး သေနိုင်တယ်ဆိုတဲ့ တရားသဘောက အာရုံထဲမှာ ကွယ်နေတတ်တာ။ သေကာမှ သေရော၊ အလုပ်ထဲမှာကိုက ကြိုတင်စီစဉ်မှုတွေနဲ့ အသားကျနေတဲ့ ကျွန်မတို့တစ်တွေမှာ လက်တွေ့ဘဝအတွက်လည်း စိတ်ကူးနဲ့ အစီအစဉ်တွေ အမြဲပဲ ရှိနေတတ်ကြပါတယ်။

ထားပါတော့လေ။ ကျွန်မပြောချင်တာက ဒီဇင်ဘာအကြောင်းပါ။ ဒီဇင်ဘာမှာ ပိတ်ရက်တွေများ၊ ခွင့်ရက်တွေ ရှင်းနဲ့ အလုပ်တက်ရက် နည်းသလို ပျော်စရာနောက်တစ်ခုက Year-end Bonus တွေ ရတတ်တာလည်း ပါပါတယ်။ ကျွန်မတို့ ရုံးဆိုရင် ဘောနပ်စ်အပြင် ရှော့ပင်းဗောက်ချာတွေ လည်း ပေးတတ်ပါသေးတယ်။ ဝန်ထမ်းတွေ ခရစ်စမတ်ဈေးဝယ်ဖို့ဆိုပြီး တစ်ယောက်ကို ဒေါ်လာ၅၀၀ဖိုးစီ ဒီဇင်ဘာ ၂၃-၂၄လောက်မှာ ပေးလေ့ရှိပါတယ်။ ဆိုတော့ ဒီဇင်ဘာဟာ ဝန်ထမ်းအများစု အိတ်ဖောင်းတဲ့ လမို့  “ပျော်တာပေါ့ အမေရယ်”လို့ သီချင်းလေး ညည်းနိုင်တဲ့လလည်း ဖြစ်တယ်ပေါ့ရှင်။

ခဏကလေး….။ အဆုံးထိမပျော်ခင် မီးပွိုင့်မှာ မီးနီဖြတ်ကူးသလို ရပ်-ကြည့်-သွားလုပ်ရမဲ့ ကိစ္စလေး ရှိသေးတယ်။ အဲဒါကဘာလဲဆိုတော့ အယုံမလွယ်မိကြဖို့ပဲ။ ရှင်းပါမယ်…၊ ဒီလိုပါ…။

ဒီဇင်ဘာမှာ ကုန်တိုက်တွေက စ၊ လမ်းဘေးဈေးသည်တွေအထိ Year-end sales တွေကလည်း များပါ့။ ဘယ်နေရာ ကြည့်လိုက် ကြည့်လိုက် လျှော့ဈေးဆိုတာချည်းပါပဲ။ လက်ထဲ ငွေလေးကလည်း ရှိနေ၊ ဟိုကလည်း လာပါ ယူပါ နှစ်ကျပ်ခွဲ အော်နေ ဆိုတော့ကာ… အဲဒီမှာ ပါသွားတတ်တာပါပဲ။

တစ်နှစ်လုံး လိုချင်လွန်းလို့ အရိပ်တကြည့်ကြည့် လုပ်လာတဲ့၊ ကိုယ်ကြိုက်တဲ့ ပစ္စည်းကလေးများ ဈေးချထားတဲ့အထဲ ပါနေလို့ကတော့ ကောက်ဝယ်ပြီးသားပဲ မဟုတ်လား။ မူရင်းဈေးကိုလည်း သိနေတယ်၊ အခု ချထားတဲ့ ဈေးကလည်း ထက်ဝက်လောက်မို့ အတော်တန်နေတယ်ဆိုရင်တော့ ဝယ်ပါ၊ ကောင်းပါတယ်။ ကိုယ်နှစ်သက်လို့ ဝယ်မယ်လို့ ရည်ရွယ်ထားတဲ့ပစ္စည်းကို ဈေးတန်လို့ ဝယ်လိုက်တာက အကြောင်းမဟုတ်ပေမဲ့ ရည်ရွယ်ထားတာလည်း မဟုတ်၊ တကယ်လိုအပ်နေတာလည်း မဟုတ်ဘဲ ဝယ်ဖြစ်သွားတာမျိုးတွေ။ များသောအားဖြင့် ဖြစ်တတ်တာက တန်လိုက်တာဟဲ့ ဆိုပြီး ကျွန်မတို့ ကောက်ဝယ်လာတတ်ကြတာပဲ မဟုတ်လား။ 

Free gift ဆိုတာကလည်း ကျွန်မတို့ကို တွေဝေစေတဲ့ အလဲထိုးမှုတစ်ခုပါပဲ။ အဲဒီလို Free ပေးတတ်တဲ့ ပစ္စည်းသေးသေးမွှားမွှားလေးတွေက သိပ်အသုံးမတည့်လှတဲ့ တိုလီမုတ်စလေးတွေ ဖြစ်နေတတ်ပါတယ်။ ကျွန်မတို့က အလကားရတာဆိုတာမျိုးဆို သိပ်မက်မောတတ်ကြတာကလား။  ပစ္စည်းတစ်ခုမှာ သူ့တန်ရာတန်ကြေးက ရှိနေပြီးသားပါ။ ပေးထားတဲ့ အလကားအတွက် အခြားပစ္စည်းတစ်ခုအပေါ်မှာ ကာဗာဖြစ်ထားပြီးသားပါ။ ဒါကြောင့် သိထားရမှာက လောကမှာ ဘယ်အရာမှ အလကားမရဘူးဆိုတာပါပဲ။
 
ပြန်စဉ်းစားကြည့်ပါဦး။ ကျွန်မတို့အိမ်မှာ မလိုအပ်ဘဲ ဝယ်လာပြီး ချောင်ထိုးထားတဲ့ ပစ္စည်းတွေ၊ အလကားရလို့ ယူလာပြီး မသုံးဖြစ်တဲ့ပစ္စည်းတွေ ဘယ်လောက်များ များနေပြီလဲ။ Buy one get one freeတို့၊ Buy two get one freeတို့မှာ ကျွန်မတို့ ဘယ်လောက်များ အတုန်းအရုန်းဖြစ်ခဲ့ဖူးပြီလဲ။

အရောင်းကျွမ်းကျင်သူတွေ၊ မြှင့်တင်သူတွေဟာ ရှင်တို့ ကျွန်မတို့လို လူသားတွေပဲ။ ဒါထက်ပိုတာက သူတို့ဟာ လူ့အထာ၊ လူ့လောဘကို နပ်နေအောင် သိကြတဲ့သူတွေ၊ အသေအချာ လေ့လာ လေ့ကျင့်ပြီးသားသူတွေ ဆိုတာပါပဲ။ သူတို့ဟာ သူတို့ရောင်းကုန်ကို လူတွေလက်ထဲ ဘယ်လိုထည့်ရမယ် ဆိုတာ သိနေကြတဲ့ သူတွေ။ ရောင်းမစွံတဲ့ကုန်ကို ကျွန်မတို့ အိတ်ထဲကပိုက်ဆံနဲ့ ဘယ်လို လဲနိုင်မလဲ ဆိုတာကို အမြဲကြံဆနေကြတဲ့ သူတွေပဲဆိုတာ သိထားပါ။

နောက်တစ်ခုက ကျွန်မတို့ဟာ ပစ္စည်းတစ်ခုကို လူတွေတန်းစီဝယ်ယူနေပြီဆိုရင် ကိုယ်လည်း အများနောက်က တန်းစီဝယ်ယူလိုက်ချင်စိတ် ရှိနေတတ်ကြတယ်။ ဒါဟာ အတော်တန်လို့ပဲ ဆိုပြီး စိတ်က အလိုလို ဆုံးဖြတ်တတ်ကြတယ်။ တကယ်လိုနေတာ ဟုတ်ရဲ့လားလို့ ဘယ်တော့မှ မစဉ်းစားတတ်ကြဘူး။ (အဲဒါကြောင့် ကျွန်မသာ ဆိုင်ဖွင့်ရင် ဆိုင်ရှေ့မှာ ကျွန်မဆွေမျိုးတွေကို တန်းစီခိုင်းထားမယ် စိတ်ကူးတယ်ရှင့်) ပြောရရင် ဒါလည်းပဲ သူတို့ရဲ့ လှည့်ကွက်တစ်ခုသာပါပဲ။ မြင်အောင်ကြည့်တတ်ဖို့သာ လိုပါတယ်။

လူဆိုတာများကလည်း လက်ထဲငွေရွှင်နေရင် တော်ရုံဈေးလောက်ကို သိပ်ကြည့်မနေဘဲ ဝယ်လိုက်တတ်တာမျိုး မဟုတ်လား။ ခုလို စိတ်ရောလူပါ ပေါ့ပါးကြည်လင်နေတဲ့ နှစ် တနှစ် ရဲ့ နောက်ဆုံးလမျိုးမှာဆိုရင် ပိုပြီးတောင် လက်လွယ်နေတတ်ပါသေးတယ်။

ဒါကြောင့်အချုပ်ပြောရရင် တစ်နှစ်တာလုံး လူပင်ပန်း စိတ်ပင်ပန်းနဲ့ အလုပ်လုပ်ပြီး ရလာတဲ့ ငွေလေးကို သေချာ စီစစ်သုံးတတ်ကြပါစေ၊ မလိုအပ်တာတွေ မဝယ်မိကြပါစေနဲ့၊ sales ဆိုတိုင်း၊ Free ဆိုတိုင်း၊ လူတွေ တန်းစီနေတိုင်းလည်း မယုံမိကြပါစေနဲ့လို့ သတိပေးချင်တာပါပဲ။

အန်တီချစ်ကြည်အေး လေသံက The grandmother-next door လေသံများ ပေါက်နေသလားပဲ…း) ဘာပဲဖြစ်ဖြစ် ချစ်လို့ ပြောတယ် မှတ်ကြပါ။