Monday, May 30, 2011

ယနေ့မှစ နှစ်တစ်ရာတိုင်...

ကျွန်မ ဘလော့မရေးခင်ကတည်းက သူ့ ဘလော့ဂ်ဖတ်သူ ဖြစ်ခဲ့တာ။ သူ့စာတွေက ခပ်ထေ့ထေ့၊ သရော် တော်တော်၊ ပြုံးချင်စရာ၊ တစ်ဘက်မှာ တွေးစရာတွေလည်း ပေးစွမ်းနိုင်တာကြောင့် ခုထိလည်းပဲ ကျွန်မက သူ့ရဲ့ ပုံမှန် ဘလော့ဂ်ဖတ်သူ ဖြစ်နေတာ။ အခု အဲဒီ မောင်ငယ်ကလေး စွံသွားပြီ။ သူ့ မင်္ဂလာပွဲကိုလည်း ကျွန်မ တက်ရောက်ခွင့် ရခဲ့၊ သူ့ရဲ့ နှလုံးသားအဖော်လေးကိုလည်း တွေ့ဆုံနှုတ်ဆက်ခဲ့ရ၊ မင်္ဂလာမောင်နှံ တည်ခင်းတဲ့ ညစာကိုလည်း စားခဲ့ရတဲ့ ပြီးခဲ့တဲ့ စနေညက ပွဲလေးအကြောင်း မျှဝေပါရစေရှင်....


သူက "The Gardener" ဘလော့ဂ်ပိုင်ရှင်...ခင်မင်သူတချို့က "ကိုဇက်"၊ ရင်းနှီးနောက်ပြောင်လိုသူ တချို့က "ဇီးပြား"လို့ ချစ်စနိုးခေါ်လေ့ရှိကြတဲ့ "Zephyr" (ဇက်ဖှာ) ပဲ ဖြစ်ပါတယ်။ 



၇နာရီ ရှပ်ပ်-ဒေါင်ကနဲ ဒင်ကနဲ အတီးမှာ ပွဲစမှာ ဆိုတဲ့အတွက် မင်္ဂလာပွဲ ကျင်းပရာ "Yunnan Garden Restaurant(NTU-Alumni Club)" ကို ၇နာရီမထိုးခင် ၅မိနစ်တိတိ အလိုမှာ ရောက်သွားခဲ့ပါတယ်။ တကယ်ပွဲစတော့ ၈နာရီနီးပါးလောက် ရှိနေပါပြီ။ ဒတ်ဇန့်မက်တာ-ပြဿနာ မရှိပါဘူး၊ နောက်ကျမှ စတော့ ဗိုက်ဆာနေတာမို့ ပိုစားဝင်တာပေါ့။ ပွဲမစခင် လူရှင်းတုန်းလေး ရိုက်စရာရှိတာလေး အေးဆေး ရိုက်ပါတယ်...




အခမ်းအနား စီစဉ်သူက မင်္ဂလာမောင်နှံကို ကြိုဆိုဖို့ အားလုံး မတ်တတ်ရပ်ကြပါတဲ့။ မရပ်ရင် ဟိုက ဝင်မလာ၊ ဟိုက ဝင်မလာတော့ ဒီက မစားရ..ဆိုတော့ကာ၊ ဟုတ်ကဲ့ အားလုံး တက်ညီလက်ညီ မတ်တတ်ရပ်ကြပါတယ်။  လည်ပင်းတွေအားလုံး ခမ်းမ အဝင်ဝဘက် လိမ်ငေးလိုက်ကြတဲ့ အချိန်မှာပဲ...ဟော...ချစ်စရာ့ အသစ်စက်စက် မင်္ဂလာမောင်နှံ လျှောက်လှမ်းလို့ ဝင်လာကြပါပြီ။ သတို့သားက ခမ်းမကြေး၊ အစားအသောက်ဖိုး၊ ဘာကြေး ညာကြေး မရှင်းရသေးခင်တောင်မှ ခေါင်းငိုက်စိုက် ချလို့...။ ခုချိန်မှာ ဘာ ကောက်ရ ကောက်ရ မနည်းဘူး မဟုတ်လားတဲ့။ ကျွန်မ တွေးကြည့်တာပါ။ သူကတော့ မပြောပါဘူး။ ဪ...အင်းး အင်းး ရှက်နေတာ ဖြစ်မယ် :)





မင်္ဂလာညစာက အပီဆွဲ အဝစား၊ ဗိုက်အပြည့် အစာသွတ်စား၊ သုံး-လေးခေါက် မဝမချင်း စား၊ ဗိုက်ရိုက်စား ဆိုတဲ့ ဘူဖေးစံနစ်နဲ့ ဧည့်ခံပါတယ်။ မချစ်ကြည်အေးတို့ကတော့ တနေ့ကမှ ပေါင်ချိန်လိုက်တာ တစ်ကီလိုခွဲ တိတိကြီးများတောင် တက်နေတာ သိရလို့ ညစာနဲနဲ လျှော့စားဖို့၊ တစ်ပန်းကန်တိတိပဲ စားဖို့ သံဓိဋ္ဌာန် ပြတ်ပြတ်သားသား၊ တိတ်တိတ်လေး၊ လူမသိ သူမသိ ချထားခဲ့ပါတယ်...(((အဟမ်းးး))) စားခါနီး လင်ပန်းလိုက်ရှာတာ မတွေ့လို့ ချထားပေးတဲ့ ပန်းကန်ပြား ခပ်သေးသေးနဲ့ပဲ တစ်ပန်းကန်တိတိ စားခဲ့တယ်။ တကယ် တကယ် အဓိဌာန် အောင်မြင်တဲ့ သဘောပေါ့လေ။


ဒါတွေက မင်္ဂလာမောင်နှံ တည်ခင်းဧည့်ခံတဲ့ ညစာဟင်းလျာတွေပါ...













ဧည့်ခံပွဲလေးက ရင်းနှီးခင်မင်သူများ၊ လုပ်ဖော်ကိုင်ဖက်များနဲ့ လက်ပွန်းတတီး နွေးထွေးခဲ့ရတဲ့ လူငယ်ပွဲလေး တပွဲပါ။ ဟင်းတွေကလည်း ကျွန်မတို့ မြန်မာပါးစပ်ထဲ အတော်အရသာ ရှိပါတယ်။ စားပြီးကြတော့ ဓါတ်ပုံရိုက်ကြ၊ ပြီးတော့ မင်္ဂလာမောင်နှံကို နှုတ်ဆက်လို့ ပြန်ခဲ့ကြပါတော့တယ်။


ဆလိုက်ရှိုး ဓါတ်ပုံများ ကို ဒီမှာ ကြည့်နိုင်ကြပါတယ်:)

မောင်လေးကိုဇက် နဲ့ ညီမငယ် ရည်မွန်တို့ တဦးနဲ့တဦး ချစ်ခင်ကြင်နာစွာ  ယနေ့မှ စ၍ နှစ်တရာတိုင် ပေါင်းဖက်မြတ်နိုးနိုင်ကြပါစေရှင်.....:)
 

Wednesday, May 25, 2011

ဆွမ်းဦးပုညရှင်စေတီတော် ဖူးကြစို့

ကျွန်မတို့ ဆွမ်းဦးပုညရှင်စေတီ တည်ရှိရာ ငဖားတောင်ထိပ်ကိုရောက်တော့ ညနေ လေးနာရီထိုးလုပြီ။  အဝေးက လှမ်း မျှော်ကြည့်လိုက်ရင် ဖားသဏ္ဍာန်နဲ့ တူတဲ့အတွက် ငဖားတောင်လို့ ခေါ်ဆိုကြတာဖြစ်ပြီး ၃၇ခုသော  စစ်ကိုင်းတောင်စဉ်တောင်တန်းကြီးတွေထဲက တခုအပါအဝင် ဖြစ်ပါသတဲ့။



♫♪ပုညရှင် စေတီအပါး...စစ်ကိုင်းတောင် စစ်ကိုင်းတောင်အထက်နားဆီက အရှေ့တလွှား ရှူလိုက်ရင်လေ...ဧရာဝတီ ဒုဌာဝတီ နတ်ပန်းချီဆေးစုံ ကွန့်ရော့လေသလား ဝဲလက်ယာ အတွန့်တွန့်နဲ့ အလွန့် အလွန် သာယာပါပေ...သည်♫♪ ဆိုတဲ့ စစ်ကိုင်းတောင် သီချင်းရဲ့ ခြေဆင်းအပိုဒ်ကလေး သတိရမိသေးတော့တယ်...။




ကြည့်စမ်းပါဦး...ဧရာဝတီဟာ ကွေ့ကာ ဝိုက်ကာ လွန့်လူး စီးဆင်းနေလိုက်တာ။ အနားမှာ ရှိတဲ့ အခပေး ကြည့်ရတဲ့ မှန်ပြောင်းနဲ့ ကြည့်မိတဲ့အခါ မြစ်တွင်းသွား အပျော်စီးသဘောင်္ကြီးဖြစ်တဲ့ "Road To Mandalay" ကိုတောင် တွေ့ရပါသေးရဲ့။ ရှုခင်းတွေက လှလိုက်တာ.......ညနေပေမဲ့ နေရောင်မကျသေးတာမို့ ပတ်ဝန်းကျင် တောတောင်သစ်ပင် အရာရာအားလုံးဟာ အပူရှိန်အောက်မှာ ကြွတ်ဆတ်ဆတ်နိုင်လှသလို အနီ အညို အမှိုင်းရောင်တွေနဲ့ မှုန်မှုန်ဆိုင်းဆိုင်းရယ်။




အာရုံခံတန်ဆောင်းထဲက ဆွမ်းဦးပုညရှင်ဘုရား ရုပ်ပွားတော်ကို ဦးဆုံး ဖူးမျှော် ကြည်ညိုကြတယ်။

အာရုံခံတန်ဆောင်းထဲက ဆွမ်းဦးပုညရှင်ဘုရား



ဆွမ်းဦးပုညရှင်စေတီတော်မြတ်


ဆွမ်းဦးပုညရှင်စေတီကတော့ ပြုပြင်မွမ်းမံနေတာမို့ လုံးတော်ပြည့် ဖူးခွင့် မရခဲ့ပါဘူး။ ခုလိုပဲ ရသေ့စိတ်ဖြေ အပြင်ကနေ မှန်းပြီး ဖူးမျှော်ခဲ့ကြရပါတယ်။

ရင်ပြင်တော်ပေါ်မှာ...


 ဆွမ်းဦးပုညရှင်စေတီကို  ပဒေသရာဇ် ပြည့်ရှင် သီဟသူရဲ့ ပညာရှိအမတ် ဦးပုညက ၆၇၄ ခုနှစ်-ပင်းယခေတ်မှာ တည်ထားခဲ့တာ ဖြစ်ပါတယ်။ စစ်ကိုင်းတောင်စဉ်တန်းကြီးတွေရဲ့ ဒုတိယ အမြင့်ဆုံးဖြစ်တဲ့ ငဖားတောင်ထိပ်ပေါ်က ဆွမ်းဦးပုညရှင်စေတီဟာ အမြင့် ၂၉ မီတာ၊ အပေါ်မှာ ဆင့်တင်ထားတော်မူတဲ့ ထီးတော်အမြင့်က  ၈ မီတာ ရှိတယ်လို့ ဆိုပါတယ်။

ရှေးမြန်မာမင်းအဆက်ဆက်က ဗုဒ္ဓဓါတ်တော် မွေတော်တွေ ထည့်သွင်းထာပနာထားခဲ့တဲ့ ဒီစေတီမှာ အင်မတန် ထူးခြားလှတဲ့အချက်က တည်ထားစဉ်ကတည်းက အခု အချိန်ထိ ဘယ်သူ လူသား တဦးတလေကမှ ဆွမ်းဦး ကပ်လှူခွင့် မရရှိခဲ့သးတာပါပဲ။ ကျွန်မ ကြားဖူးတာကတော့ စေတီကြီးကို စောင့်ကြပ်တဲ့  သူတော်ကောင်းနတ်တွေက ဆွမ်းဦး လာကပ်ကြတယ် ဆိုတာပါ။ ဘယ်လောက်ပဲ အာရုဏ်မတိုင်မီ စောင့်ပြီး ဆွမ်းကပ်ကပ်၊ ဘုရားအရှေ့မှာ ဆွမ်းပွဲ ၁၀ ပွဲခန့် အမြဲ ဆက်ကပ်ထားပြီး ဖြစ်နေတတ်တယ်လို့ အဆိုရှိပါတယ်။

ကျွန်မတို့ဘေးမှာ ရွှေပလောင် ငွေပလောင်အုပ်စု ဘုရားဝတ်ပြုနေတာလည်း တွေ့ခဲ့ပါရဲ့။ ပြီးတော့ ဓါတ်ပုံတွေ ရိုက်တယ်။ အဲဒီအုပ်စုထဲက တယောက်က ခင်မင်ဖော်ရွေဟန်နဲ့ ကျွန်မအနားရောက်လာခဲ့တော့ ကျွန်မက ပြုံးပြ နှုတ်ဆက်ရင်း သေချာအောင် "ဘာလူမျိုးလဲဟင်" လို့ မေးမိတယ်။ သူက" ငွေပလောင်" လို့ ပြန် ဖြေရင်း ကျွန်မလည်ပင်းမှာ ချိတ်ထားတဲ့ ကင်မရာကြီးကိုပဲ စိတ်ဝင်တစား ကြည့်နေတော့တယ်။ 


ဒါနဲ့ ကျွန်မက "ဓါတ်ပုံ ရိုက်မလားဟင်" ဆိုတော့ သူက နှုတ်က ဘာမှပြန်မဖြေဘဲ ပိုစ့်ပေးနေတာက အရင်...။ 


ဓါတ်ပုံ ရိုက်ပေးပြီး ကင်မရာ စခရင်မှာ သူ့ပုံလေးကို ပြန် ပြတော့ သူက စခရင်ကို လက်ညှိုးလေးနဲ့ လှမ်းထိကြည့်ရင်း သူ့ပုံကို "လှတယ်" လို့ ပြောခဲ့တာ....။ သူ့ဟန်ပန်က ရိုးရှင်းပြီး ချစ်စရာကောင်းတာမို့ ကျွန်မဖြင့် မပြုံးဘဲ မနေနိုင်အောင်ပါ။ "အင်တာနက်ပေါ် ဒီဓါတ်ပုံတင်လိုက်မယ်နော်" ဆိုတော့ ခေါင်းညိတ်ပြရှာတယ်။ အင်တာနက် ဆိုတာ ဘာလဲ... သူ သိ မသိ မသေချာပေမဲ့ နောက်တခေါက် သူနဲ့တွေ့ပြီး သူ့ဓါတ်ပုံလေး ကူးပေးလိုက်ချင်တဲ့ စိတ်တွေ ကျွန်မ ရင်ထဲ တဖွားဖွား ပေါ်လာခဲ့မိတော့တာ။

ပုညရှင်စေတီအပါးက ပြန်လာခဲ့ကြတော့ ညနေ ၅နာရီ စွန်းစွန်း...။ ကျွန်မတို့ မန္တလေးပြန် ဆင်းရဦးမယ်။ ပြန်ရောက်တာနဲ့ အမောဖြေ၊ ရေမိုးချိုးပြီးကြရင် သူငယ်ချင်းတွေနဲ့ နှုတ်ဆက်ညစာစားဖို့ "တူးတူး မြန်မာထမင်းဆိုင်"မှာ အယောက် အစိတ်စာ ဘုတ်ကင်လုပ်ထားခဲ့တာ...။ မနက်ဖြန် မနက်စောစော မန္တလေးကို နှုတ်ဆက်ထားရစ်လို့ ကျွန်မတို့ ခရီးဆက်ကြရဦးမှာ...တောင်ကြီး၊ အင်းလေး၊ ပင်းတယနဲ့ ပုဂံကိုပေါ့။

စာကြွင်း : တောင်ကြီး နဲ့ အင်းလေး ခရီးတွေ ရေးပြီးခဲ့ပါပြီ။ ပင်းတယ နဲ့ ပုဂံ အကြွေးမှတ်ထားကြပါ။   ဖြည်းဖြည်း နား နားပြီး ရေးပါမယ်...:)



Ref: http://wikimyanmar.co.cc/
Special Thanks : ကျွန်မလိုချင်တဲ့ အချက်အလက်များ ရှာဖွေ ပေးခဲ့တဲ့ AATO ဘလော့ဂ်ပိုင်ရှင် ကိုသောမတ်စ်...Big thanks to you Bro :)

Saturday, May 21, 2011

စစ်ကိုင်းခရီး အဆက်

ကျွန်မရဲ့အကျင့်ကိုက ဟိုစပ်စပ် ဒီစပ်စပ်ရယ်...။ ဟိုဟာလည်း တပိုင်း၊ ဒီဟာလည်း တစနဲ့ ထားခဲ့တတ်တဲ့ အကျင့်။ မေ့ကုန်ကြပြီ ထင်ပါရဲ့ ကျွန်မရေးလက်စ ရွာပြန်ခရီးစဉ်ကလေး အကြောင်း...။ ကဲ ပြန်စကြပါစိုရဲ့... စစ်ကိုင်းကို ပြန်သွားကြရအောင်ပါ။ မနက်ပိုင်းတုန်းက စစ်ကိုင်း မျက်မမြင်ကလေးများကျောင်းကို သွားခဲ့ကြတယ်လေ။ နေ့လည်မတော့ ကျွန်မတို့အားလုံး ဆာလောင်နေခဲ့ကြပြီ။ ကားသမားနဲ့ ကျွန်မ အကိုတော်ရဲ့ ရီကော်မန်ဒေးရှင်းဖြစ်တဲ့ "သိတ်စားကောင်းတယ်" ဆိုတဲ့ စားသောက်ဆိုင်တဆိုင်ကို လှည့်ရှာကြတယ်။ ဒီနားမှာပဲ  ဒီနားမှာပဲ ဆိုပေမဲ့ လည်ထွက်နေပြီး ဆိုင်က ရှာမတွေ့နိုင်ဘူး။ တွေ့တော့လည်း ဆိုင်က ပိတ်ထားပြန်ရော။ မတတ်နိုင်တော့ဘူး နောက်ဆုံး "မဆိုးပါဘူး စားပျော်ပါတယ်" ဆိုတဲ့ ဆိုင်တဆိုင်ကိုပဲ ဦးတည်ခဲ့ကြတော့တယ်။  


ဆိုင်နာမည်က သူဇာတဲ့။ အေးဆေးပဲ စားမဲ့သူလာမှ ထ ချက်တဲ့ဆိုင်...။ အရွက်တွေတောင် အခင်းထဲက ခုခူး ခုကြော်တယ် ထင်ရတယ်။ လတ်ဆတ်တာပေါ့။ အနည်းငယ် စောင့်ရပေမဲ့ ဗိုက်ဆာနေကြတာမို့ တကမ္ဘာလောက်ကြာတယ် ထင်ခဲ့ကြတာ။ စားမဲ့လူ များတာနဲ့ ဟင်းတမျိုးကို ၂ပွဲစီမှာကြတယ်။ ဟင်းပွဲတွေ ရောက်လာမှ မျက်လုံးပြူးကြရတာ။ တပွဲ တပွဲကို နဲတာ မဟုတ်ဘူး။ အရမ်းဆာနေကြပေမဲ့ သေချာတယ်။ ဘယ်လိုမှ မကုန်နိုင်ဘူး။ တတ်နိုင်ပါဘူး ကုန်သလောက်ပဲ စားကြတာပေါ့။





တချို့ပုံတွေ မရိုက်လိုက်မိဘူး။ ကြက်ဥလိတ် စပါယ်ရှယ် ဆိုတာ မှာသေးတယ်။ နောက် မမှတ်မိတော့ဘူး။
အစားအသောက်တွေက ထင်ထားတာထက် စားကောင်းပြီး ဈေးလည်း ချိုပါတယ်။ ငွေရှင်းတော့ ၄သောင်းတောင် မပြည့်ဘူးလို့ မှတ်မိပါတယ်။ 

အချိုတည်းဖို့ မလိုင်ထိုးမုန့် အရမ်းမိုက်တယ် အီစိမ့်နေအောင် စားကောင်းတယ် (အလှူရှင်က အမရွှေဇင်ဦးပါ :)


စားအပြီးမှာ စစ်ကိုင်း ကောင်းမှုတော်ကို သွားခဲ့ကြတယ်။ စစ်ကိုင်း ကောင်းမှုတော်ပိုစ့်ကို ကျွန်မ ရေးခဲ့ပြီးပါပြီ။ စစ်ကိုင်း ကောင်းမှုတော်ဘုရား ရင်ပြင်ပေါ်မှာ ရိုက်ခဲ့တဲ့ ပုံလေးတချို့ တင်လိုက်ပါတယ်...






ပြောပြရဦးမယ်။ နေ့လည်စာတွေက ထင်ထားတဲ့အတိုင်း မကုန်နိုင်ကြဘူး။ တဝက်လောက်နီးနီး ကျန်နေတာနဲ့ "ထုတ်သွားကြရအောင် လမ်းမှာ ဆာတော့ စားကြတာပေါ့"လို့ အချင်းချင်း တိုင်ပင်ပြော ပြောကြပါသေးရဲ့။ ထိုးမုန့်လေးစားရင်း ရေနွေးကြမ်းသောက်၊ စကားစမြည် ပြောကြတုန်းမှာပဲ အသံခပ်ယဲ့ယဲ့လေး နှစ်သံ နားထဲကြားမိတာနဲ့ အသံလာရာ လှမ်းကြည့်မိတယ်။ အဘွားအို နှစ်ယောက်၊ လက်ထဲမှာ ခြင်းတောင်း ခပ်စုတ်စုတ် ဟောင်းဟောင်းလေးတွေ ကိုယ်စီနဲ့။ ကျွန်မ အမျိုးသားက အသာလေးထသွားပြီး မေးတော့မှ "သူတို့ ထမင်း မစားရသေးတာမို့ ထမင်းကျန် ဟင်းကျန်လေးများ ရှိသေးရင် ပေးပါ" လို့ ဆိုသတဲ့။ ဒါနဲ့ပဲ ကျွန်မတို့ ထုတ်သွားမယ် ရည်ရွယ်ထားတာတွေ အကုန် ထုတ်ပေးလိုက်တယ်။ ဆုတွေ တောင်းပေးသွားလိုက်ကြတာမှ အရှည်ကြီးပါပဲ။ ကျွန်မတို့လည်း ပီတိဖြစ်ကြရတယ်။ 

ပီတိဖြစ်နေရင်းက တွေးမိတဲ့ အတွေးလေး ပြောပြချင်သေးတယ်။ အခု လှူလိုက်တဲ့ အစားအသောက်တွေက စားမကုန်တော့အောင် ပိုနေလို့ လှူခဲ့တာ။ တကယ်လို့များ ဗိုက်တွေကလည်း အရမ်းဆာနေပြီ၊ ကျွန်မတို့ မစားရသေးခင် အဘွားအိုတွေ ရောက်လာခဲ့မယ်။ ဟင်းပွဲတွေကလည်း ထပ်မှာလို့ မရနိုင်တော့ဘူး...ဆိုခဲ့ရင်။ လှူနိုင်ပါ့မလား...ကျွန်မတို့ မစားဘဲ လှူနိုင်ပါဦးမလား...။

သတိထားမိတာက ကျွန်မတို့တတွေအားလုံး ပိုမှ လှူကြတယ်။ ကိုယ့်အတွက် ပြည့်ဝမှ ကျန်တဲ့သူအတွက် စဉ်းစားတတ်ကြတယ်။ ဒါ လူ့သဘာဝပဲလေ...ရှိမှ လှူနိုင်မှာပေါ့လို့ ဆင်ခြေပေးနိုင်ပါတယ်။  

မြတ်စွာဘုရား အလောင်းတော်ဖြစ်စဉ် ဘဝ ဘဝပေါင်းများစွာမှာ လှူဒါန်းခဲ့တဲ့ အသွေး အသားတွေ၊ မျက်လုံးလိုချင်သူအတွက် မျက်လုံးတော်တွေ လှူခဲ့တာ နည်းမှ မနည်းပါဘဲကလား။ ဒါ ပိုနေလို့ လှူတာ မဟုတ်ဘူးနော်။ ဒါ့ကြောင့်လည်း ဘုရားဖြစ်ခဲ့တာ၊ လူတိုင်း မလုပ်နိုင်၊ မတတ်နိုင်တဲ့ စွန့်ခြင်းကြီးတွေနဲ့ သတ္တဝါတွေအတွက် ပေးဆပ်တော် မူခဲ့တာ။ တွေးရင်းနဲ့ ကျွန်မ ကြက်သီးတွေတောင် ထခဲ့ရတယ်။ ကြည်ညိုစရာ ကောင်းလွန်းလို့ပါ။ ဘုရားမဖြစ်ခင် အလောင်းတော် ဘဝမှာကိုပဲ ကြည်ညိုစရာကောင်းလွန်းတာမို့ ဘုရားရဲ့ ဂုဏ်တော်တွေ ပွားရင်း စိတ်ထဲကနေ အကြိမ်ကြိမ် ဦးချမိခဲ့တော့တာ။

အဲဒီကနေ ဆွမ်းဦးပုညရှင်ဘုရားကို ဆက်ခဲ့ကြတယ်...



ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...