Sunday, March 27, 2011

သတို့သမီး...


မို့အစ်ရောင်ရမ်းနေတဲ့ မျက်ခွံအစုံကို မိတ်ကပ်နဲ့ ဖို့ထားခဲ့တယ်...
ဖျားနာနေတဲ့ နှုတ်ခမ်းအစုံကတော့ နှုတ်ခမ်းဆိုးဆေးနဲ့ ကူကယ်ရာရလို့....
ဦးနှောက်ထဲမှာတော့ သူမရဲ့ တန်ကြေးကို တွက်ချက်နေရင်း...
တလှမ်းချင်း.....
ခမ်းမထဲက လူအုပ်ကြားကနေ ခပ်ဝေးဝေး အပြေးကလေး လှမ်းထွက်...

တခဏပါပဲ....
ခံစားမှုမဲ့စွာ ခမ်းမဆီ ပြန်အလာမှာတော့
သူမရဲ့ နှလုံးသားအစုံကို တနေရာရာမှာ လွှတ်ချထားခဲ့ဟန် ရှိလေရဲ့...


Friday, March 25, 2011

ဤတနေ့

ငယ်ငယ်တုန်းက မွေးနေ့ဆိုရင် ဘာရယ်မသိ လွှတ်ပျော်တာပဲ။ အဖေက အိမ်မှာ အစားအသောက်တွေချက်၊ အိမ်နားက သူငယ်ချင်းတွေ ခေါ်ပြီး စားကြ သောက်ကြ၊ ပြီးတော့ အဖေ ဝယ်ပေးတဲ့ ဂါဝန်အသစ်လည်း ဝတ်ရ၊ အိမ်နီးချင်းတွေဆီ ချိုင့်နဲ့ ပို့ပေးတဲ့အခါ အဖေက ကျမလက်ကိုဆွဲရင်း "ဒီနေ့ ကျနော့်သမီးမွေးနေ့လေ" ဆိုတာ ကြားရတာကိုပဲ အပျော်ကြီး ပျော်ခဲ့တာ။ 

အရွယ်လေးရလာတဲ့အခါကျတော့ မွေးနေ့မှာ အဖေချက်ကျွေးတဲ့ အိမ်က အစားအသောက်ထက် သူငယ်ချင်းတွေနဲ့အတူ စားသောက်ဆိုင်သွားပြီး စားကြရတာကို ပိုမက်လာတယ်။ သူငယ်ချင်းတွေပေးတဲ့ မွေးနေ့လက်ဆောင်တွေ၊ မွေးနေ့ကဒ်လေးတွေအပေါ် နှစ်သက်ရင်ခုန်စပြုလာခဲ့ပြီ။  

အိမ်ထောင်ကျပြီးလို့ လူလတ်ပိုင်းထဲ ရောက်လာတဲ့အခါ  မွေးနေ့တွေမှာ အလှုအတန်းလုပ်၊ ကုသိုလ်ရေးဘက် နွယ်လာတာ များခဲ့သလို သူနဲ့ နှစ်ယောက်ထဲ အေးအေးလူလူ ညစာ သွားစားကြတာမျိုးပဲ ရှိတော့တယ်။ တခါတလေများ မွေးနေ့ဆိုတာကို မေ့တောင်နေတယ်။ ခု ဘလော့ဂ်ရေးဖြစ်မှသာ ကိုယ့်မွေးနေ့လေးကိုယ် သတိတရ ရှိနေတတ်တာ။ ပိုစ့်တပုဒ်ရ ဘယ်နည်းမတုန်း နော်...

အထူးတဆန်းရယ်လည်း မဟုတ်ပါဘူးလေ။ မွေးနေ့ဆိုတာက ပုံမှန် သူလို ကိုယ်လို နေ့တွေထဲက တနေ့ပါပဲ။ လောကကြီးထဲ လူအဖြစ်နဲ့ လုပ်စားနေလာတာ ခုဆိုရင် ဘယ်နှနှစ် ရှိခဲ့ပြီ၊ ဘဝရည်မှန်းချက်တွေထဲက ဘာတွေကဖြင့် ပြည့်စုံခဲ့ပြီ၊ အမှန်တွေ ရှိခဲ့သလို မှားတာတွေလည်း တနင့်တပိုး ရှိခဲ့ပြီ၊ မိမိကိုယ်ကျိုး အများအကျိုး ဒါတွေ ဒါတွေဖြင့် လုပ်ခဲ့ပြီ စသည်ဖြင့် ကိုယ့်သမိုင်းကိုယ် ပြန်လှည့်ကြည့်ဖို့ အချိုးအဆစ်နေရာလေး တခု။

Transit တခုနဲ့တူတဲ့ လူ့ဘဝထဲအရောက် မွေးထုတ်ပေးခဲ့တဲ့ အမေ့ကျေးဇူးကို အမှတ်ထင်ထင် ရှိတဲ့နေ့ဆိုလည်း ဟုတ်တယ်။ မွေးနေ့ဆိုတာ ရှိခဲ့လို့ သေနေ့ဆိုတာလည်း ရှိနေတာ။ လူတယောက်ရဲ့ ဘဝတန်ဘိုးဟာ အဲဒီ နှစ်နေ့အကြားက သူ့ရဲ့ နေထိုင်နည်းပဲ ဖြစ်တယ်။ စွန့်ပစ်ထားခဲ့ရမဲ့ တဘဝစာတွေကို တခုတ်တရ ရှာဖွေနေကြပြီး သံသရာခရီးမှာ ယူဆောင်သွားဖို့ကျတော့ အမေ့မေ့ အလျော့လျော့။

ကျမက ဘဝမှာ ဘာတခုမှ ကြီးကြီးမားမား ဖြစ်လာဖို့ ရည်ရွယ်ချက် မရှိခဲ့သူ။ ဆိုတော့ကာ လက်ရှိအနေအထားအရ ရည်ရွယ်ချက် ပေါက်မြောက် အောင်မြင်နေသူလို့ ဆိုရမှာဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် အေးချမ်းတဲ့ ဘဝထဲမှာမို့ နေပျော်ပါတယ်။ နေရာ ဆိုတာက ဘယ်မှာနေနေ၊ တတ်နိုင်လို့ မိုးပေါ်တက်နေနေ စိတ်ထားတတ်မှ အေးချမ်းမယ် မဟုတ်လား။

ဒီလိုပါပဲ မွေးနေ့ ရောက်လာတိုင်း တွေးဖြစ်တဲ့ အတွေးတွေကိုက တနှစ်ထက် တနှစ် ပိုပိုရင့်ရော်လာခဲ့တာ။ မေ့တတ်တာ တခုပဲ အတော်ဆိုး...။ ခုဆို မွေးနေ့သာဆိုတယ် ကိုယ့်ကိုယ်ကို ဘယ်နှနှစ် ပြည့်လို့ ပြည့်သွားမှန်း မသိ။ ဪ...မေ့တတ်လိုက်တာများ ပြောပါတယ်.....


Monday, March 21, 2011

မောင်တို့ ယောင်္ကျားတွေရယ်

ကျမ အလုပ်ဝင်စ ပထမဦးဆုံး လုပ်ခဲ့တဲ့ရုံးမှာ ကျမတို့ဌာနက အမျိုးသမီးတယောက် နေကာမျက်မှန်အမဲကြီး ဝတ်လို့ ရုံးတက်လာတာ သတိထားခဲ့မိတယ်။ နေကာမျက်မှန် အကြည်လေးတွေ In door-အင်ဒိုးမှာ စတိုင်ထုတ်ပြီး တပ်ကြတာ တွေ့ဖူးပေမဲ့ ရုံးလိုနေရာမျိုးမှာ ခုလို မျက်မှန်မဲမဲကြီး တပ်ထားတာကိုတော့ ကျမ တောသူမက ထူးဆန်းသလို ခံစားမိသေးတယ်။ နောက်မှ အကြောင်းသိ ဖြစ်နေကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေ ပြောပြတာက သူဟာ ယောကျာင်္းဖြစ်သူနဲ့ စကားများ ရန်ဖြစ်လို့ မျက်နှာမှာ ဒဏ်ရာရတိုင်း ရုံးကို နေကာမျက်မှန်အမဲ တပ်လာတတ်သူဆိုတာ သိလိုက်ရတယ်။ ဖြစ်ရလေခြင်းရယ်လို့ သူ့အပေါ် ဂရုဏာ သက်မိသွားသလို အဲဒီနေ့က သူ့ဘက်ကို ခဏခဏ လှည့်မကြည့်ဖြစ်အောင် သတိထား နေခဲ့မိတယ်။

ကျမ ငယ်ငယ်က အဖေနဲ့ အမေ စကားများကြတဲ့အခါ ဒေါသကြီးပြီး စိတ်ဆတ်တဲ့ အဖေက လက်ပါ ပါလာတတ်တယ်။ နောက်တနေ့ အမေ့ မျက်နှာမှာ ညိုမဲမဲ ဒါဏ်ရာတွေ တွေ့တယ်ဆိုရင်ပဲ ကျမချစ်တဲ့ အဖေ့ကို တပတ်လောက် စကားမပြောဘဲ မုန်းနေမိတတ်တယ်။ စိတ်ထဲကလည်း အမေ့ကို သနားလိုက်တာ၊ အမေ့ဒါဏ်ရာတွေကို လက်ညှိုးလေးနဲ့ မရဲတရဲ တို့ထိကြည့်ရင်း နာသွားမှာ စိုးနေခဲ့ဖူးတယ်။ ဒါပေမဲ့ ၂၄နာရီမှ မပြည့်ခင်မှာပဲ "အကိုရေ-ညီမလေးရေ" နဲ့ သူတို့ နှစ်ယောက်ရဲ့ "ရန်ဖြစ် ပြန်ချစ် ဇာတ်လမ်းတွဲ"ကို ကြည့်ကြရပြန်တယ်။ ကျမတို့ အရွယ်လေး ရလာတော့မှ အဖေ အမေ့ကို ရိုက်တာ မတွေ့ရတော့တာ။

ဟိုးတနှစ်က...၂၀၀၉ ထင်ပါရဲ့ Rihanna ဆိုတဲ့ အဆိုတော်မကလေးနဲ့ သူ့ချစ်သူ Chris brown တို့ စကားများကြရာက  Rihanna မျက်နှာမှာ ဖူးယောင်ညိုမဲနေတဲ့ ဒဏ်ရာတွေ ရသွားတဲ့အထိ ဖြစ်ခဲ့တာ။ Oprah Winfreyကတောင် Rihannaကို Brownနဲ့ လမ်းခွဲဖို့ သူ့Talk showကနေတဆင့် ပြောခဲ့သေးတာ။ Oprahက "Love doesn't hurt and if a man hits you once he will hit you again"  "အချစ်ဆိုတာမှာ နာကျင်မှု မပါဝင်ဘူး ယောင်္ကျားတယောက်ဟာ မင်းကို တကြိမ် ရိုက်နှက်ဖူးပြီးသွားရင် နောက်တကြိမ် ထပ်ရိုက်ဦးမှာပဲ" လို့ ဆိုခဲ့တယ်။ http://www.telegraph.co.uk/

"In our country the statistic is one out of four women being battered by their boyfriends." ငါတို့ နိုင်ငံရဲ့ စာရင်းအင်း အချက်အလက်တွေအရ အမျိုးသမီး လေးယောက်မှာ တယောက်ဟာ သူ့ချစ်သူရဲ့ လက်ရုံး အားကိုးပြီး ကိုယ်ထိလက်ရောက် အနိုင်ကျင့် နှိပ်စက်မှုကို ခံနေကြရတယ်" လို့ Oprahက ဆိုထားသေးတယ်။ ကျမတို့ဆီမှာတော့ အဲသည်လို အဖြစ်မျိုးတွေအတွက် အချက်အလက် စာရင်းအင်းတွေ ကောက်ယူထားတာမျိုး ရှိ၊ မရှိ ကျမ မသိပါဘူး။ သို့ပေတဲ့ အဲသည်လို အဖြစ်မျိုးတွေ တော်တော်များများ ရှိနေမှာ သေချာလွန်းလှတယ်။

အိမ်ကလူကြီးက ပြောတတ်တယ်။ ဒီလူတွေ ကိုယ်ချစ်လို့ ယူထားတဲ့ မိန်းမကို ဘာကြောင့်များ အသားနာအောင် ရိုက်နှက်တတ်ကြသလဲ ကိုယ် နားမလည်နိုင်ဘူး...တဲ့။ သူက စိတ်ထား နုညံ့တဲ့သူတယောက်မို့ သူများ အသားနာမှာ စိုးရိမ်တတ်သူ၊ သူများ အသားနာအောင် မလုပ်ရက်သူမို့ ကျမဖြင့် ဖော့ရိုးကလေးနဲ့တောင် အရွယ် မခံခဲ့ဖူးပါဘူး။
(ဟာ ချစ်ကြည်အေး ဘလော့ဂ်Adsတွေ သိတ်များသကွာ:))

အထက်မှာ ပြောခဲ့တဲ့ အမျိုးသမီး သုံးဦးကို ပြန်ကြည့်မယ်ဆိုရင် ပထမ အမျိုးသမီးဟာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တဲ့ ပညာတတ် အမျိုးသမီးတဦး၊ ဒုတိယ အမျိုးသမီးကဘွဲ့ရ ပညာတတ်မဟုတ်တဲ့ အချိန်ပြည့် အိမ်ရှင်မ၊ စားဝတ်နေရေးအတွက် ယောင်္ကျားအပေါ် မှီခို အားထားနေရတဲ့ အမျိုးသမီး တဦး၊ တတိယ Rihanna ကျပြန်တော့ နာမည်ကြီး အနုပညာရှင် ငယ်ရွယ်သူကလေး၊ ဒါ့အပြင် သူတို့ရဲ့ ဆက်ဆံရေးက သမီးရည်းစား ချစ်သူတွေ အဆင့်ပဲ ရှိကြသေးတာ။

ဒီတော့ အမျိုးသမီးတွေဟာ ကိုယ့် ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်သူ ဖြစ်စေ မရပ်တည်နိုင်ဘဲ မှီခိုနေသူ ဖြစ်စေ၊ ပညာတတ်သူ ဖြစ်စေ ပညာမတတ်သူ ဖြစ်စေ၊ လက်ထပ်ပြီးသည် ဖြစ်စေ လက်မထပ်ခင် ဖြစ်စေ၊ လူလတ်ပိုင်း မိန်းမ ဖြစ်စေ ငယ်ရွယ်သူ မိန်းမပျို ဖြစ်နေပါစေ ယောင်္ကျားတွေရဲ့ လက်ရုံးအားကိုးပြီး ရိုက်နှက်တတ်သမျှကို ခါးစည်းခံခဲ့ကြရသူတွေ တယ်များတာပဲ ဆိုတာ တွေးမိရပါတယ်။ ဆိုတော့ကာ "မရခင် ဖျာလိုလိတ်ကာ ထိပ်ပေါ်တင် ရပြီးပြန်တော့ ဖျာလိုခင်း ခြေနဲ့ နင်းခြေတတ်ကြတယ်" ဆိုတာကိုတောင် ပြင်ရဦးတော့ မလိုလို...။ မရခင်ကတည်းက ဖျာလိုခင်း ခြေနဲ့ အနင်း ခံနေကြရတော့တာကိုး...။

အရွယ်ရောက်ပြီးတဲ့ ယောင်္ကျားတယောက်နဲ့ မိန်းမတယောက်ရဲ့ ပတ်သက် ဆက်ဆံမှုတိုင်းမှာ ယောင်္ကျားတွေကချည်း အနိုင်အထက်ရနေတာမျိုးတော့ မဟုတ်ပြန်ပါဘူး။ အမျိုးသမီးတွေအပေါ်စီးက နေရာယူထားတတ်တဲ့ ရှားရှားပါးပါး Female Dominate အနေအထားမျိုးတွေလည်း ရှိတတ်ပါတယ်။ များသောအားဖြင့် မိသားစု စားဝတ်နေရေးတခုလုံးဟာ မိန်းမဖြစ်သူအပေါ် လုံးဝ မှီခိုနေရတဲ့ အခါမျိုး၊ ထက်မြက် ပြတ်သားပြီး ဦးဆောင်လိုစိတ်ရှိသူ မိန်းမနဲ့ အနေအေးလွန်းပြီး စကားနဲ ရန်စဲ စိတ်ထားမျိုး ရှိတတ်တဲ့ယောင်္ကျားတွေရဲ့ အိမ်ထောင်ရေးတွေမှာအဲသည် ပုံစံမျိုး တွေ့ရတတ်ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ပတ်သက်ဆက်ဆံမှုတခု၊ အိမ်ထောင်တခုရယ်လို့ ဖြစ်လာပြီဆိုရင် မိန်းမနိုင်တယ်၊ ယောင်္ကျားနိုင်တယ် ဆိုတာမျိုးထက် နှစ်ဦးနှစ်ဘက် သာတူညီမျှတဲ့ တန်းတူ ဆက်ဆံရေးမျိုးသာလျှင် အကောင်းဆုံး ဖြစ်ပါတယ်။  အဲသည်လိုဆိုပေမဲ့ တကယ်တမ်းမှာ မိန်းမတွေဟာ မဟာပုရိသဝါဒ လက်ကိုင်ထားတတ်တဲ့ ယောင်္ကျားတွေရဲ့ လက်ရုံးအားကိုးမှုနဲ့ နှိပ်စက် ညှဉ်းပန်းမှုအောက်မှာပဲ ရှိနေကြပါသေးတယ်ဆိုတာ ငြင်းစရာမလိုတဲ့ အချက်ပါပဲ။

ရိုက်နှက်တတ်တဲ့ ယောင်္ကျားတွေရဲ့ မိန်းမကို ရိုက်ရခြင်း အကြောင်းရင်းတွေကလည်း များ များလွန်းလှပါရဲ့။ ဘဝ ဘဝများစွာမှာ မိုက်တိုင်ဆန်နဲ့ ညီအကို ၁၀ဝမ်းကွဲ တော်လာသူလို့ စိတ်ကြီးဝင်နေပြီး မိန်းမမျက်နှာ သဲအိတ်လုပ် လက်သီးထိုးကျင့်နေသူများလည်း ပါကောင်း ပါ ပါလိမ့်မယ်။

၁) အလုပ်ထဲ အဆင်မပြေဘဲ စိတ်ဖိစီးမှုတွေကြောင့် အိမ်ရောက်ရင် နားပူတတ်တဲ့ မိန်းမအပေါ် ဒေါသမြားဦးလှည့်တတ်ခြင်း
၂) မိန်းမအပေါ် ချစ်လွန်းလို့ သဝန်ကြောင်ရာက ဟိုလူ ဒီလူနဲ့ ယိုးစွပ် ရိုက်နှက်တတ်ခြင်း
၃) နှစ်ဘက်သော ဆွေမျိုးမိဘ အရေးအခင်းကြောင့် စကားများ ရန်ဖြစ်ရာက ရိုက်နှက်တတ်ခြင်း
၎) သောက်စား မူးယစ်လာတိုင်း သွေးဆိုးရစ်တတ်ပြီး ရန်ရှာ ရိုက်နှက်တတ်ခြင်း
၅) မိသားစုအတွင်း အိမ်တွင်းရေး ပြဿနာ (Domestic Violence)တွေကနေ အတုမြင် အတတ်သင်ပြီး ရိုက်နှက်တတ်ခြင်း
ဥပမာ...သားလုပ်သူက အဖေဖြစ်သူဟာ အမေ့ကို ရိုက်နှက်တတ်တာကို တွေ့မြင်နေရခြင်း တွေကြောင့်ပါပဲ။

အဲဒီထဲမှာ ၁) ကနေ ၃) အထိက တခါတလေမှသာ ဖြစ်တတ်ပေမဲ့ ၄နဲ့၅ကတော့ ဖြစ်ရိုးဖြစ်စဉ် အနိုင်အထက်ပြုမှု (Cycle of abuse)ထဲမှာ ပါဝင်ပြီး မကြာခဏဆိုသလို ဖြစ်လေ့ ရှိပါတယ်။

အနိုင်အထက်ပြုခြင်းဆိုတာမှာ ကိုယ်ထိလက်ရောက် ရိုက်နှက်ခြင်း၊ နင်ပဲငဆ စကားနဲ့ အနိုင်ယူခြင်း၊ စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်စေခြင်းတို့အပြင် လိင်မှုဆိုင်ရာ အလိုမတူဘဲ အနိုင်အထက်ပြုခြင်းတို့ ဖြစ်နိုင်ပါတယ်။  ဒါဆိုရင် အဲသည်လို အနိုင်အထက် ပြုမှုတွေကို သိရက်နဲ့ ကျမတို့ မိန်းမတွေ ဘာ့ကြောင့်များ အနှိပ်စက်ခံ ဘဝမှာပဲ ရေငုံနှုတ်ပိတ် နေတတ်ကြပါသလဲ။

ကျမတို့ မိန်းမတွေမှာ အဖြေ အသင့် ရှိကြပါတယ်။

၁) စားဝတ်နေ ၃မျိုးစလုံး ယောင်္ကျားအပေါ် မှီခို နေရခြင်း
၂) သားသမီးမျက်နှာ ငဲ့ကွက်ပြီး မိမိကလေးတွေအား ဖခင်မဲ့ဘဝ အရောက်မခံနိုင်ခြင်း
၃)ဘာသာရေးအရ ဘုရားသခင် ကြိုက်တော်မမူဟု ယုံကြည်သည့်အပြင် မိမိတယောက်အတွက် မျိုးရိုးဂုဏ်သိက္ခာ မထိခိုက်စေလိုခြင်း
၎) အချစ်ကြီးလွန်း၍ အပြစ်မမြင်ဘဲ အသားအနာခံ ပေါင်းသင်းနေခြင်း
၅) အမျိုးသမီးတို့၏ မွေးရာပါ ဗီဇအရ မိခင်စိတ် ကြီးမား၍ အစဉ် ခွင့်လွှတ် နားလည် ပေးတတ်ခြင်း တို့ပါပဲ။


တရားဝင် လက်ထပ်ထားတဲ့ ကိုယ့်မိန်းမ ကိုယ်ရိုက်တာဆိုပေမဲ့ ဒါဟာ တရားဥပဒေအရ အရေးယူနိုင်တဲ့ ရာဇဝတ်မှုဖြစ်တယ်ဆိုတာ သတိချပ်စေချင်ပါတယ်။ သိတ်ဆိုးဝါးလာလို့ သည်းမခံနိုင်တဲ့အဆုံး မိန်းမဖြစ်သူက တိုင်တန်းဖို့ ကြိုးစားတဲ့အခါတွေမှာ ယောင်္ကျားလုပ်သူဟာ ရဲတိုင်ရင် မိန်းမနဲ့ ကလေးတွေရဲ့ အသက်ကိုပါ သတ်ပစ်မယ် ဆိုတဲ့အထိ  ကြိမ်းတတ်သလို မိမိကိုယ်ကို သတ်သေပစ်မယ်လို့လည်း ခြိမ်းခြောက်တတ်ပြန်ပါတယ်။ ဒီလိုနဲ့ပဲ မိန်းမတွေဟာ အသံမဲ့ ငိုရှိုက်ရင်း စိတ်၏ ဆင်းရဲခြင်းများစွာနဲ့ ဆက်လက်ပေါင်းသင်း နေကြရပြန်ပါတယ်။

ကျမအနေနဲ့လည်း တည်ဆောက်ထားတဲ့ အိမ်ထောင်တခုကို လွယ်လွယ် ပြိုကွဲပျက်စီး မသွားစေချင်ပါဘူး။ သို့သော်လည်း ဒီလိုမျိုးပဲ တသက်လုံး အနှိပ်စက်ခံ ပေါင်းသင်းနေဖို့ကျတော့လည်း အားမပေးချင်ပြန်ပါဘူး။ ယောင်္ကျားအပေါ် စားဝတ်နေရေးအရ မှီခိုနေကြရတဲ့ အမျိုးသမီးတွေအနေနဲ့ မိမိကိုယ်ကို အားကိုးနိုင်အောင် အရင် ကြိုးစားကြပါ။ ပညာမတတ်ရင်တောင်မှ အချုပ်အလုပ်၊ အချက်အပြုတ်၊ နှုတ်မှု လက်မှု ပညာလေးတခုခုတတ်ရင် အဲဒီအပေါ် ကျွမ်းကျင်လာအောင် ကြိုးစားပြီး ဝင်ငွေရှာနိုင်အောင် အရင် အားထုတ်ကြပါ။ ဒီလိုနည်းနဲ့ မိမိ အိမ်ထောင်ဘက်ရဲ့ လေးစားမှု(Respect) အရင်ရယူပါ။

ဘယ်မိန်းကလေးမဆို သပ်သပ်ရပ်ရပ် ရှိတာလေး လှအောင်ဝတ်၊ သနပ်ခါး ဖွေးဖွေးကလေးနဲ့ဆို ကြည့်ချင်၊ ချစ်ချင်စဖွယ် ဖြစ်သွားကြတာပါပဲ။ ယောင်္ကျားတွေမှာ ဆန့်ကျင်ဘက်လိင်ရဲ့ အလှအပကို ခံစား(Appreciate)တတ်တဲ့ ဗီဇ ပါလာပြီးသားဆိုတာ မမေ့ကြစေချင်ပါ။ ကျမတို့ မိန်းမတွေ အထူးသဖြင့် မြန်မာ မိန်းမတွေဟာ အိမ်ထောင်ကျပြီးရင် ကိုယ့်ကိုယ်ကို ပစ်ထားတတ်ကြတယ်။ အဲဒါ မှားပါတယ်။ ရပြီး ပိုင်ပြီးသွားတဲ့ ယောင်္ကျားတွေရဲ့ သဘောကိုက မြင်ဖန်များတော့ ရိုးသွားတတ်တာ။ ဒီအထဲ ဖြစ်သလို နေလိုက်ပြန်တော့ သူတို့အတွက် ကိုယ့်အပေါ် စိတ်ဝင်စားမှု လျော့နည်း သွားစေတတ်ပါတယ်။ အလွန်အကျွံ အလှမက်ဖို့ မဆိုလိုပါ။ သပ်ရပ်ကြော့ရှင်း နုညံ့စွာနဲ့ မိမိ အိမ်ထောင်ဘက် မိမိအပေါ် ချစ်ခင်မပျက်အောင် နေတတ်ရပါမယ်။ ဖြစ်နိုင်ရင် မိဘတွေကို အိမ်မှာ မကြာမကြာ ခေါ်ပြီး အတူနေခြင်း၊ မိဘအိမ်နဲ့ အနီးအနားမှာ နေထိုင်ခြင်းတွေနဲ့ ကြိုးစားကြည့်နိုင်ပါတယ်။

တချို့ယောင်္ကျားတွေ ကျပြန်တော့ ဒေါသအလျောက် ရိုက်နှက်ပြီးလို့ စိတ်ပြေသွားတဲ့အခါ မိန်းမဖြစ်သူ ကြေနပ်အောင် အပျော့ဆွဲလေးနဲ့ ချော့မော့တတ်ကြပါတယ်။ နောက်နောင် ဘယ်တော့မှ မဖြစ်စေရပါဘူးဆိုတဲ့ ကတိကဝတ်တွေလည်း အမျိုးမျိုး ပေးလို့ ဆိုတော့ကာ ကျမတို့ မိန်းမတွေဟာ အနှိပ်စက်ခံဘဝကို ကြောက်ရွံ့စွာ၊ ပြန်လည် အရေးပေး အချော့အမြူခံရမှုအပေါ် နှစ်လိုစွာနဲ့ပဲ ယောကျာင်္းအနားက မခွာနိုင် ဖြစ်နေကြရပြန်ပါရဲ့။ မိန်းမတွေရဲ့ မွေးရာပါ ဗီဇစိတ် အခြေခံဟာ မေတ္တာကြီးမားတဲ့ မိခင်စိတ် ဖြစ်တာကိုက ယောကျာင်္းတွေအတွက် အခွင့်ထူးတရပ် ဖြစ်နေပါတော့တယ်။

ကျမ ကြားဖူးတဲ့ ဟာသလေးတခု ရှိပါတယ်။ စကားလုံး အတိအကျ မဟုတ်ဘဲ မှတ်မိသလို ပြန်ပြောပြပါမယ်။

ယောင်္ကျားလုပ်သူရဲ့ ရိုက်နှက်နှိပ်စက်မှုကို သည်းမခံနိုင်တော့တဲ့ မိန်းမဟာ တနေ့မှာ ရွာသူကြီးဆီသွားရောက်လို့ အရိုက်ခံထားရတဲ့ ဒဏ်ရာတွေ ပြပြီး တိုင်တန်းသတဲ့။ ဒါနဲ့ သူကြီးဖြစ်သူက အဲဒီယောကျာင်္းကို ဖမ်းချုပ်ပြီး သူကြီးအိမ်မှာ ထိပ်တုံးခတ်ထားလိုက်တယ်။ နောက်တနေ့ တရွာလုံးရှေ့မှာ အမှုစစ်တဲ့အခါ  လက်နောက်ပြန် ကြိုးတုပ်လို့ ခေါင်းလေး ငိုက်စိုက်ချပြီး ထွက်လာတဲ့ ယောင်္ကျားလုပ်သူကို တွေ့တဲ့အခါ မိန်းမဖြစ်သူဟာ သူ့ ရင်ထဲ အသည်းထဲ ကျင်ကနဲနေအောင် သနားစိတ် ဖြစ်သွားမိတော့တယ်။ ဒါနဲ့ပဲ စိတ်ပြောင်းသွားပြီး သူ့ယောကျာင်္း အချုပ်မကျရအောင် ထွက်ဆိုမယ်လို့ စိတ် ပိုင်းဖြတ်လိုက်သတဲ့။

သူကြီးမေးသမျှ မေးခွန်းတွေ ဖြစ်တဲ့ "ယောင်္ကျားဖြစ်သူက ရိုက်နှက်တတ်သလား"  "ဒီဒဏ်ရာတွေဟာ နင့် ယောင်္ကျား ရိုက်ထားတာ မဟုတ်လား" ဆိုတဲ့ မေးခွန်းတွေ ဖြေတဲ့ အခါမှာ "မရိုက်ပါဘူးတော် ကျုပ်ဟာကျုပ် ချော်လဲလို့ ရထားတဲ့ ဒဏ်ရာတွေပါ" လို့ပဲ တွင်တွင် ဖြေသတဲ့။ စိတ်အချဉ်ပေါက်လာတဲ့ သူကြီးက "ဒါဆို နင့်ဘယ်ဘက် နားရွက် တခြမ်းပဲ့နေတာကရော နင့်ယောကျာင်္း ကိုက်ဖြတ်ထားတာ မဟုတ်လို့ ဘာလဲ" လို့ အပိုင် ချည်တုပ်ပြီး မေးသတဲ့။ အဲဒီမှာ မိန်းမ ဖြစ်သူက "အို သူကြီးနှယ် သူ လုပ်တာ မဟုတ်ရပါဘူးတော် ကျုပ်ဟာကျုပ် ကိုက်ဖြတ်ထားတာပါတော့်" လို့ ဖြေသတဲ့....

အင်း....အဲဒါ ကျမတို့ မိန်းမတွေပါပဲလေ....





ရေးရင်းနဲ့ ပိုစ့်က အတော်ရှည်သွားတာမို့ လာဖတ်သူ မိတ်ဆွေ သူငယ်ချင်းများ အားလုံးကို အချိန်ပေးဖတ်ရတဲ့အတွက် အားနာမိပါတယ်...ခင်လည်း ခင်ပါတယ်နော်...:)

Wednesday, March 16, 2011

R YoJan Paramen La Ban

စားသွားပြီလား...။ ခေါင်းလေးကုတ် စဉ်းစား၊ မေးစေ့ပွတ် စဉ်းစား၊ မျက်မှောင်ကျူံ့ စဉ်းစား၊ အဘိဓာန် လှန်ဖို့ စဉ်းစားနေသူများ ခဏကလေး နားလိုက်ကြပါ။ ချစ်ကြည်အေး ဒစ်ရှင်နရီ အလိုအရတော့ "အာရောဂျံ ပရမံ လာဘံ ကျန်းမာရေးသည် လာဘ်ကြီးတပါး" လို့ အဆိုရှိထားတာကို အင်္ဂလိပ်လို မြန်မာမှုပြုကြည့်လိုက်တာပါ။ ချက်တင်းတွေမှာ ဘားဂလစ်ရှ်နဲ့ ပြောကြသလို ဆိုပါတော့။ အဲသလို လာဘ်ကြီးတပါးလို့ ဆိုထားပေမဲ့ သွားပေးရင် ဘယ်ဌာနကမှ ယူမှာတော့ မဟုတ်ပေဘူးပေါ့။ သို့သော် ကိုယ်တိုင် မကျန်းမာတဲ့ အခါကျမှသာ အဲဒီ ကျန်းမာရေး ဆိုတာကြီးက အင်မတန် အရေးကြီးမှန်း လက်ခံကြရတာ။ ငွေနဲ့ပေးဝယ်လို့မှ မရတာကလား။

ခုတလော ကျမရော အိမ်ကလူကြီးပါ ကျန်းမာရေး မကောင်းလိုက်တာများ...။ သူ့ ရောဂါက ခုထိ ဘာမှန်းကို ရေရေရာရာ မသိသေးတာ။ ခေါင်းကို MRI Scan ရိုက်ပါ ဆိုလို့လည်း ရိုက်ပြီးပြီ။ အထဲမှာ ဦးနှောက်တွေက သူ့နေရာနဲ့သူပဲ ဘာမှ မှားမနေဘူး။ ဒါနဲ့ ဆရာဝန်က အပေါ်ယံ ဖြစ်တာပါ ဆိုပြီး အိမ်ပြန်လွှတ်လိုက်တယ်။ ညဘက်ကြီး သူ ခေါင်းတွေ မူးလှချည့် ဆိုပြီး အရေးပေါ်ရောက်သွားသေးတယ်။ NUH က A&E (Accident and Emergency) ကိုပေါ့။ ည ၁၁နာရီက သွားလိုက်တာ မနက် ၂နာရီကျော်မှ အိမ်ပြန်ရောက်တယ်။ သူ့ကို ဆေးခွင့် ၂ရက်ပေးလိုက်လို့ သူက အိပ်ရာထဲ နားနေချိန်မှာ ကျမက မနက်အစောထ၊ ရုံးသွားတက်ရတယ်။ "အချစ်ဆိုတာ မျှဝေ ခံစားခြင်း"ဆိုတဲ့ အချက်ကို အင်မတန် သံသယ ဖြစ်သွားတယ်။

ရွာပြန်တုန်းက သူ့သူငယ်ချင်းတွေနဲ့ ပြောကြ နောက်ကြတာ သတိရမိသေးတယ်။

"ဆရာအောင်သင်းက ပြောတယ်...လေး-သုည ဆေးရုံအဝ တဲ့ကွ ငါတို့များ အသက်၄၀ကျော်မှာ ဆေးရုံအဝ မဟုတ်ဘူး ဟိုးအထဲကိုတောင် အခေါက်ခေါက် အခါခါရှိပြီကွာ" တဲ့ တယောက်က ပြောတော့ နောက်တယောက်က
"လေး-သုည ဆေးရုံအဝဆိုတော့ ငါးဆယ်-သွားမယ်များ ဖြစ်နေမလားကွာ ဟီးဟီး" တဲ့....

ဒါနဲ့ ကျန်တဲ့သူတွေအားလုံးက "အေး အေး မင်းပဲသွား" လို့ ဝိုင်း သမကြတယ်။ တကယ်ပါပဲ ခေတ်ကြီးကိုက လို့ အပြစ်မရှိတဲ့ ခေတ်ကြီးကိုပဲ ဆွဲ ဆွဲ မထည့်ချင်ဘူး။ လူတွေကိုက အနာမျိုး ၉၆ပါး ဆိုတာရဲ့ ဟိုဘက်ကို လွန်နေတော့တာ။ ဖြစ်လိုက်မှဖြင့် ရောဂါတွေက ထူးပေ့ ဆန်းပေ့ဆိုတာတွေချည်း...။

ကျမကတော့ သွေးအားနည်းတဲ့ ရောဂါ။ သွေးနီဥနဲနေတဲ့ ရောဂါ။ Anaemic လို့ ခေါ်ပါတယ်။ ကြာလှပါပြီ အဲဒီရောဂါက ကျမအတွက် အိမ်သည်လို ဖြစ်နေပါပြီ။ ဘာမှ မလုပ်ရဘဲကို ပင်ပန်းနေတတ်ပေမဲ့ ကိုယ်လုပ်ချင်တာလေးများ လုပ်နေရရင်ဖြင့် ပင်ပန်းတယ်ကို မထင်တာ။ မတ်တတ်နာဆိုတော့ကာ လူတွေက ကျမကို ဟိုပွဲမှာလည်းတွေ့၊ ဒီပွဲမှာလည်းတွေ့နဲ့ နေသာမကောင်းဘူး ဆိုတယ် ပြင်ဆင် ဝတ်စားလို့ နေရာတိုင်းမှာ သူ့မျက်နှာ ဆိုတာလို ဖြစ်နေတော့ လူမမာစာရင်း မသွင်းကြဘူး၊ မသနားကြဘူးပေါ့။ အဲဒါ စိတ်ဆောင်နေလို့သာရယ် အိမ်ရောက်တာနဲ့ လူက ဗုန်းကနဲ အိပ်ရာပေါ် ဆန့်ဆန့်ကြီး ခဏလောက် နေလိုက်ရမှ။ ရောဂါကိုက မူယာမာယာများနေသလိုလို ဖြစ်နေရော။ ဒါပေမဲ့ အိုကေပါတယ်။ ဖြစ်လာမှသာ ဆေးလေးသောက်၊ နားနေလိုက် ပြီးတာပဲ။ ကျမတို့ မိန်းမတွေက အဲသလို...။

တကယ်တမ်း အိမ်ကလူကြီး မကျန်းမာမှ "အမျိုးသမီးများသည် ရောဂါဝေဒနာအား ခံနိုင်စွမ်း၌ အမျိုးသားများထက်ပင် ပို၍ ကြံ့ကြံ့ခံနိုင်ကြပေသည်" ဆိုတဲ့ အဆိုတရပ်ကို ကိုယ့်ဘာသာ တင်သွင်းပြီး မိမိဘာသာ အတည်ပြု ဖြစ်တော့တယ်။ တကယ်ပါပဲ။ ကိုယ်သာ ဖြစ်လိုက်ချင်တော့တယ်။ သာမန် အချိန်မှာ ဘယ်လောက်ပဲ ငါဟဲ့ ယောင်္ကျားနေနေ အဲသလို နာမကျန်းတဲ့ အချိန်တွေမှာ ပီဘိ ကလေးငယ်လေးလိုပဲ။ သူဟာ အရင်က သိတ်ကျန်းမာတဲ့လူ၊ အနာရောဂါ ဝေးလို့ တနှစ်နေလို့ ဆေးခွင့်တရက် မယူတဲ့လူစား၊ ဆေးတလုံး မသောက်တဲ့ လူစားဆိုတော့ ခုလို ဘာဖြစ်မှန်း မသိဘဲ ညနေ ညနေ မူး မူးနေတာဟာ သူ့အတွက်တော့ တကယ့် အပြင်းစားကြီးပဲ။

တချိန်လုံး သူ့မှာ အဲဒီ မူးတဲ့ ဝေဒနာကိုပဲ အာရုံစိုက်နေတော့တယ်။ ခုထိ မမူးသေးဘူး ဆိုတာမျိုး ပြောသေးတယ်။ မူးလာအောင်ပဲ စောင့်နေသလိုလို...ခက်တယ်။ သူ့ရောဂါက ၁၀၀ရာနှုန်းမှာ စိတ်က ၉၉ ရာနှုန်းလောက် ဖြစ်နေတာ ကျမက သိလေတော့ သူ မူးတတ်တဲ့ အချိန်နီးလာရင် သူ့ကို အာရုံပြောင်းပေးဖို့ ကြိုးစားရတယ်။ ကာရာအိုကေ ဆိုပြတာမျိုး၊ အိမ် အပြင် ခေါ်ထုတ်ပြီး စိတ်လက်ကြည်လင်စေတာမျိုး တွေပေါ့။ ဒါပေမဲ့ ဒါကလည်း ခဏပါပဲ။ တရုတ် အပ်စိုက်ကုထုံးနဲ့ ကုကြည့်ဖို့ နောက်ဆုံးသွားပြခဲ့တဲ့ ဆရာဝန်က အကြံပေးခဲ့ပေမဲ့ သူရော ကျမပါ အဲသလို ကိုယ့်အသားထဲ အပ်တွေ အများကြီး အစိုက်ခံရမဲ့အရေး မတွေးဝံ့ဘူး ဖြစ်နေကြတာမို့ မိတ်ဆွေတွေ ဝေမျှတဲ့ ဆေးမြီးတိုလေးတွေနဲ့ပဲ အိမ်မှာ ကုကြည့်ကြတယ်။

၁) ခြေဖဝါးကို ဆားနဲ့ပွတ်ပြီး ခြေမျက်စေ့ မြုတ်အောင် ရေနွေးနွေးထဲ စိမ်ပါ...
၂) ရှားစောင်းလက်ပတ်နဲ့ သကြား ခေါက်ပြီး ရောစားပါ
၃) ဒိန်ချဉ် (အသင့်လုပ်ပြီးသား မဟုတ်) စားပါ
၎) Hot Pad ဇက်ကြောပေါ် တနာရီခြား တခါ ကပ်ပေးပါ
၅) မျက်မှန် ချွတ်ထားရင် မျက်မှန် ပြန်တပ်ကြည့်ပါ

နံပါတ် ၅ ဖြစ်တဲ့ မျက်မှန်တပ်တာက လွဲလို့ ကျန်တာတွေကို ကျမပဲ လုပ်ပေးရပါတယ်။ အလုပ်က အပြန် ချက်ပြုတ် စားသောက် ဆေးကြောပြီးတာနဲ့ ကျမက ထမင်းချက်တဖြစ်လဲ သူနာပြုဖြစ်ရပြန်တယ်။ ပါးစပ်ကလည်း ပျောက်သွားမှာပါ၊ ပျောက်ပြီနော်၊ အတော် ကောင်းလာပြီပဲတို့ ဆိုပြီး အားပေးစကား လုံးချင်း တအုပ်ပြီး တအုပ် ထုတ်ရသေးတာ။ "အိုင် ကန် ဘီ ယူဝါ ဟီးရိုး ဘေးဘေ..." သီချင်းလေးတောင် ဆိုသေး။

အဲဒါတွေအပြင် ခလုတ်ထိမှ အမိတတယ်ပဲ ဆိုချင်ဆို ဘုရားကုလည်း ကုရသေးတယ်။ ဘုန်းကြီးကျောင်း ခေါ်သွားတယ်။ အိမ်က ဘုရားစင်ရှေ့မှာ တရားမှတ်ခိုင်းတယ်။ မူးနေတဲ့ ခေါင်းပေါ်မှာ စိတ်ကို ထားပြီး မှတ်တာမျိုးပေါ့။ ဒါဟာ တကယ်လုပ်သင့်တာပါ။ အနာရောဂါ မပြောနဲ့ သဘာဝဘေးအန္တာရာယ် ရင်ဆိုင်နေရတဲ့ ဂျပန်လို နေရာမျိုးမှာဆိုလည်း ကြိုတင် ကာကွယ်မှုတွေ အပြင် ဗုဒ္ဓနုဿတိ ထုံမွမ်းနေသင့်တယ်။ အဆိုးဆုံးဖြစ်မဲ့ဟာတောင် အသက်သာဆုံးလောက်နဲ့တင် ပြီးသွားနိုင်ပါလိမ့်မယ်။

သူ သက်သာတယ် ဆိုတဲ့နေ့တွေမှာ ကျမ ပြုံးနိုင်ပေမဲ့ အဲသလို ဘက်စုံ ကုနေတဲ့ကြားက တခါတခါ ခေါင်းမူးတယ် ဆိုလာပြန်ရင် ကျမမှာ အိမ်နံရံနဲ့ ခေါင်းသာ အုံးကနဲ ပြေး ပြေး ဆောင့်လိုက်ချင်တော့တယ်။

ခုတော့ ကျမမှာ သူ့မျက်နှာပဲ မှန်လုပ် ကြည့်နေရတဲ့ အဖြစ်။ ကံတူ အကျိုးပေးမို့လို့ လင်ရယ် မယားရယ် ဖြစ်လာတဲ့အခါ ရေမြင့်ရင် ကြာတင့်၊ အိမ်ရှေ့ပူ အိမ်နောက် မချမ်းသာ ဆိုတဲ့ စကားတွေရဲ့ အဓိပ္ပါယ်တွေက အာရုံမှာ ပို ပို လေးနက်ထင်လင်းလို့ လာတယ်။ ဒါတောင် ကျမတို့မှာ သားသမီးရယ်လို့ မရှိကြလို့သာ။ ရှိများ ရှိရင် သူတို့လေးတွေ အတွက်ပါ ပူရဦးမှာ။ ဘာနဲ့မှ လဲလှယ် ဝယ်ယူလို့ မရနိုင်တဲ့ ကျန်းမာရေး...။ တကယ်ဖြစ်မှ တကယ်ပူရတော့တာ။ ခုနေများ အလိုချင်ဆုံးဆု တခုတောင်းပါ ဆိုရင် ကျန်းမာရေး ကောင်းပါစေ ဆိုတဲ့ဆုပဲ တောင်းဖြစ်မှာ။

မိတ်ဆွေ သူငယ်ချင်းများ အားလုံးလည်း ကျန်းမာရေးအတွက် အနေ၊ အစား၊ ကိုယ်လက် လှုပ်ရှားမှုတွေနဲ့ ကြိုတင် ပြင်ဆင် ထိုးစစ် ဆင်နိုင်ကြပါစေ။ ကျန်းမာခြင်းဆိုတဲ့ ဆုလာဘ်နဲ့ ပြည့်စုံနိုင်ကြပါစေရှင်....


Sunday, March 13, 2011

တောင်ကြီးစာ လွမ်းချင်း

ကျမတို့ တောင်ကြီးဝင်တော့ နေ့လည် ၂နာရီ နီးပါး ရှိပြီ။ အင်းလေးကအထွက် တောင်ကြီးရောက်မှ စားမဟဲ့ လို့ တင်းထားသမျှလေးလည်း ခပ်ယဲ့ယဲ့ပဲ ကျန်တော့လေတာ။ ထမင်းဆိုင် ရှာဖွေရေး လုပ်ကြပြန်တော့ ရှမ်းဆိုင်မှ စားမှာနော် လို့ အရေးဆိုမိသေးတယ်။ တကယ်တော့ အဲသည်အချိန်မှာ ဘာစားရ စားရ ဆိုရလောက်အောင် ဆာလောင်လွန်းလှပြီ။ နောက်ဆုံးတော့ နယ်ခံ မိတ်ဆွေတယောက်ရဲ့ လမ်းညွှန်မှုနဲ့ မောခမ်း ဆိုတဲ့ ဆိုင်လေးကို ရွေးချယ်လိုက်ကြတယ်။ သူတို့က အဲသလို "သျှမ်း"တယ်...


မှာစားခဲ့သမျှတွေပါ....

ဝက် အူချိုကြော် :)

ဆေးဘဲဥသုတ် (စလုံးကနဲ့ မတူဘူး)

ဘေဘီကိုက်လန် (ဒါလည်း စလုံးကနဲ့ မတူ ဘာကွာမှန်းကို မသိတာ)

ဝက်နံကြော် (ဒါလည်း ပိုချိုတယ်)

ပဲပြား ရွှေပဲသီးကြော်


ဟင်းရည်ကို ငါးခေါင်းနဲ့ မျှစ်ဟင်းမှာစားခဲ့ပြီး ဟင်းရည်လာချတဲ့အချိန်မှာ ထမင်းတဝက်ကျိုးနေပြီမို့ ဓါတ်ပုံရိုက်ဖို့ အာရုံမရဘူး ဖြစ်သွားတယ်။ မှန်းသာ ကြည့်လိုက်ကြပါတော့။ ဟင်းအရသာလေးတွေက အကုန် အဆင်ပြေပါတယ်။

နေ့လည်စာ စားပြီးတော့ ထမ်ဆမ်းဂူကို သွားခဲ့ကြတယ်။ ထမ်ဆမ်းဂူက ဓါတ်ပုံတွေ များများတင်ဖို့ ရှိတာမို့ နောက်တပိုစ့် သပ်သပ်ရေးပါမယ်။ ခုတော့ အဲဒါကို ကျော်ပြီး တောင်ကြီးမြို့ ညဈေးထဲမှာ စားခဲ့တဲ့ ညစာလေးကိုပဲ လက်စနဲ့ တင်လိုက်ပါဦးမယ်။ အစားအသောက် မတင်တာ ကြာပြီမို့ အတိုးနဲ့ တင်လိုက်ပါတယ် :)

ကျမ အကြိုက် ဟင်းထုပ် (ရင်တွေ တုန်နေတာ လက်တောင် တုန်သွားတာ ကြည့်...)

ရှမ်းထမင်းနယ် (အရမ်း....ကောင်း)

နှစ်ပြန်ကြော်

အကြော်စုံ

ရှမ်းထမင်းသုတ် (လက်တွေ တုန်တယ်ကွာ အရေးထဲ...)

ညဈေးကို ရိုက်တာ ဘယ်က မော်ဒယ်ဘွိုင်း ၂ယောက် ပါလာတယ် မသိဘူး


စကားစပ်မိလို့ ကျမ မိတ်ဆွေ အကိုတယောက်နဲ့ ဖုန်းပြောဖြစ်တာလေး ပြန်ပြောပြပါရစေ။ တနေ့ သူက ဆိုလာတယ်။

"နင်တို့ မိန်းကလေးတွေဟာ အတော်ကို ဒုက္ခပေးတယ်"

ဟာ ဘလိုင်းရှော့ကြီးပါလား အမျိုးသမီးထုကြီးအတွက် ဒါကို ကျမ ဖြေရှင်းမှကို ဖြစ်မယ်။

"ဘာဖြစ်လို့လဲ အကိုရ"

"နင်တို့ မိန်းကလေးတွေလေ ချက်ချင်တာတွေ ချက်၊ စားချင်တာတွေ စားလာပြီး ဓါတ်ပုံတွေရိုက် ပြီးတော့ ဖေ့စ်ဘုတ်ပေါ် တက်ဂ်ကြ၊ ဘလော့ဂ်ပေါ်တွေ တင်ကြ နဲ့ ငါတို့မှာ မစားရ အညှော်ခံ"

"ဟားဟား အကိုကလည်း ဒါများ"

"အမယ် ညီမလေးရဲ့ နင် သိလား အဲဒီပုံတွေကြည့်ပြီး ငါတို့မှာ စားချင်ရက်နဲ့ မစားရတာ၊ နင်တို့ ငရဲကြီးမယ် လူတွေကို ရသာတဏှာစိတ်တွေ ပေါ်အောင် နှိပ်စက်နေကြတာ..."

ကျမ ရယ်ရင်းကနေ သူ့ပြန်ပြောဖို့ အလျင်အမြန် စကားလုံး ရှာရတယ်။

"ဟာ အဲဒါ အကို လွဲပြီ။ ဒီမယ် ရသာတဏှာစိတ် ပေါ်လို့ ပေါ်မှန်း သိနေတာ အဲဒါ အကို တော်တယ်။ အဲဒီ ရသာတဏှာစိတ်ဟာ မြဲသလား မမြဲဘူးလား ဖြေ..."

သူ သိသွားပြီ အဲဒီအကို...အကြပ်ရိုက်သွားတယ် ပြီးမှ...

"မမြဲဘူးဟာ..."

"အေးလေ အကို မှန်တယ် စားစရာတွေ ကြည့်မိလို့ ရသာတဏှာစိတ် ပေါ်လာတာကို သိတယ် အဲဒီ ရသာတဏှာစိတ် ပေါ်ပြီး ပျက်သွားတယ် မမြဲဘူးဆိုတာလည်း အကို လက်ခံတယ် ဒါဆို ပြီးပြီလေ...အဲဒါလေးမှာ အမှတ်စိတ်လေးထည့်ပြီး ဖြစ် ပျက် မှတ်လိုက်စမ်းပါ အကိုရ၊ ဟော မိုးကုတ်ဆရာတော်ဘုရားကြီး ပြောသလို ရှေ့က ဖြစ် ပျက် နောက်က မဂ် တဲ့ အကိုရ....ကဲ ဘယ်လောက် အကျိုးရှိသွားလဲ၊ ညီမတို့ မိန်းကလေးတွေကို ကျေးဇူးတောင် တင်ရဦးမှာ"

"ဟားဟားဟား နင် လူလည်" ဆိုပြီး ပြောလည်းပြော ရယ်လည်းရယ်ပါတယ်။

ကျမကတော့ ဒီပိုစ့်ရေးရင်း တောင်ကြီးစာလေးတွေကို လွမ်းနေမိတော့တာ...ကဲ...စာလာဖတ်သူ၊ အစားလာငမ်းသူ သူငယ်ချင်းတွေရော....ကျမ ပြောသလို အမှတ်ကလေးနဲ့ ရှုရင်း စား...အဲ...ရှုရင်း မှတ်ကြည့်ကြပါလား....:P

အဆင်ပြေကြပါစေ...Cheers !!!


Wednesday, March 9, 2011

အင်းလေး ဖောင်တော်ဦးဘုရား ဖူးကြရအောင်



ဖောင်တော်ဦးဘုရားကို အရောက်မှာတော့ အန်တီ ဒေါ်မြင့်မြင့်ခင်ရဲ့ နောင်အင်းလေး သီချင်းထဲက စာသားတွေ ကျမနှုတ်ဖျားက ထွက်ကျလာတော့မတတ်ပါပဲ။ ချမ်းလွန်းတော့ အဲသည်တုန်းကသာ အသံထွက်လာရင်တောင် မေးရိုက်သံလေး တဂတ်ဂတ်နဲ့ လွမ်းလွမ်းဆွေးဆွေး အသံကလေး ထွက်လာဦးမှာ...တကယ်။

ကျမတို့နဲ့ အတူလိုက်ပါလာတဲ့ စလုံးက မိတ်ဆွေတွေကို ဖောင်တော်ဦးဘုရားသမိုင်းကြောင်း ကျမ သိသလောက် ပြန်ရှင်းပြခဲ့ရာမှာ အဖူးမျှော်ခံ ဒေသစာရီ ကြွချီရာက လေကြီးမိုးကြီးကျလို့ ဘုရား ၅ဆူလုံး ရေထဲ မြုတ်သွားကြောင်း၊ ပြန်လည် ရှာဖွေ ဆယ်ယူတဲ့အခါ ၄ဆူပဲ ပြန်ရခဲ့ပြီး ကျန်တဆူဟာ ဦးခေါင်းတော်ပေါ်မှာ ဒိုက်မှော်တွေ ငြိတွယ်လျက် မူလ စံကျောင်းနေရာကို ပြန်ရောက်နေကြောင်း၊ ဒုတိယ အကြိမ်မှာလည်း အဲသည်လိုပဲ ထပ်မံဖြစ်တာကြောင့် နောင် အဖူးမျှော်ခံကြွတဲ့အခါ ၄ဆူသာ ပင့်ဆောင်စေတော့ကြောင်း ပြောပြခဲ့ပါတယ်။ အင်မတန် အံ့ဩတဲ့ အမူအရာတွေနဲ့ REALLY ? IS IT ?? ဆိုတာတွေကြောင့် ပိုပြီးရှင်းသွားအောင် ဖောင်တော်ဦးဘုရားသမိုင်းကြောင်းကို အင်္ဂလိပ်လို ရေးသားထားတဲ့ စာအုပ်ငယ်လေးတွေ တယောက် တအုပ် ဝယ်ပေးလိုက်ပါသေးတယ်။ အဲသလိုပါပဲ မချစ်ကြည်အေးတို့ အိတ်စိုက်ဂိုက် ဆိုတာ...။


ဆင်းတုတော်တွေကို အမျိုးသားတွေ ကိုယ်တိုင်ကိုယ်ကျ ရွှေချနေချိန်မှာ ကျမတို့ အမျိုးသမီးတွေ ရွှေချခွင့် မရှိတဲ့အတွက် ဆွမ်းတော်ပွဲ ဝယ်ပြီး ဘုရားဆွမ်းတော် ကပ်ခဲ့ပါတယ်။


ဘုရားက အပြန်မှာ စက်လှေသမားက ကျမတို့အဖွဲ့ကို ငွေပန်းထိမ် လုပ်ငန်း တခုဆီ ပို့ဆောင်ပေးခဲ့ပါတယ်။ ကျမက ပုံမှန်ဆို ဈေးဆစ်လေ့ မရှိပါဘူး။ ကျမ ကိုယ်တိုင် သုံးဖို့အတွက် ဆိုရင်ပေါ့လေ။ ကိုယ်လည်း သဘောကျ၊ တန်ဘိုးလည်း သိတ်မများဘဲ ကိုယ်ပေးနိုင်လောက်တဲ့ ငွေပမာဏဆိုရင် ဆစ်မနေတော့ပဲ ပေးဝယ်လိုက်တာပါပဲ။ ဈေးရောင်းသူအတွက် ကျန်တဲ့ အမြတ်အစွန်းဆိုတာ သူတို့မိသားစု စားဝတ်နေရေးပဲ မဟုတ်လား။ အဲဒီအတွက် တဖက်တလမ်းက ကူညီရာရောက်တယ်လို့ပဲ ကျမ သဘောထားတတ်ပါတယ်။ သိတ်လိုချင်နေပြီး ကိုယ် လက်လှမ်းမမီတဲ့ဈေး၊ မတန်တဆ မြှင့်တင်ထားတယ် ထင်မှသာ ဆစ်တတ်သူပါ။

ခုလည်းပဲ ကျမတို့နဲ့ ခရီးသွားဖော် တယောက်က ငွေအစစ်နဲ့ လုပ်ထားတဲ့ ငွေငါးပုံ ဆွဲသီးကလေး ၂ခု ဝယ်လိုတာမို့ ကျမကို ဈေးဆစ်ကြည့်ပေးဖို့ ဆိုလာတာကြောင့် ကူညီ ဈေးညှိပေးပြီး ငွေငါးကလေး ၂ကောင် ဝယ်ဖြစ်သွားခဲ့ပါတယ်။ ပန်းထိမ်ကအထွက် ကျမတို့ စက်လှေပေါ် အရောက်မှာ လှေကလေးတစင်း ကျမတို့ စက်လှေနားကပ်လာပြီး ဈေးရောင်းလာခဲ့ပါတယ်။ လှေပေါ်က မိန်းမပျိုလေး နှစ်ယောက်က "အားပေးပါဦးရှင့်" ဆိုတာကြောင့် သူတို့ လှေဝမ်းထဲ ခင်းကျင်းထားတဲ့ အထည်လေးတွေ ကြည့်မိတော့ ခုနကလေးတင် ကျမတို့ ဝယ်လာတဲ့ ငွေငါးကလေး ၂ကောင် လက်ကနဲ သွားတွေ့မိလိုက်ပါတယ်။

မနေနိုင် မထိုင်နိုင် ဈေးမေးမိတဲ့ ကျမ...ဈေးသိရတော့ ဟာ ကနဲ ဖြစ်သွားရတယ်။ ငါတော့ ဈေးကြီးမိလာပြီ ပြီးတော့ သူများအတွက် ဈေးဆစ်ပေးခဲ့တာ။ ခုဟာက ၃ဆလောက် ဈေးကွာနေတဲ့ အဖြစ်ရယ်လေ။ အဲသည်ခဏ စိတ်ထဲ မကောင်းဖြစ်သွားခဲ့ရတာ...မြန်လိုက်တဲ့ စိတ်နှယ်...။ "ဈေး ချိုလှချည်လား ညီမရယ်" လို့ ကျမက မေးပြောလေး ပြောတော့မှ "ဒါတွေက အရောတွေရှင့်" တဲ့။ ကြည့်....ဘယ်လောက် ချစ်စရာကောင်းတဲ့ အင်းသူလေးတွေလဲလို့။ သည်တော့မှ ကျမလည်း ပြုံးနိုင်တော့တယ်။ သူတို့ ရောင်းထည်လေးတွေက ငွေအသန့် မဟုတ်ဘဲ ဘော်တို့ တခြား သတ္တုလေးတွေနဲ့ အရောဖြစ်နေလို့ ဈေးချိုနေတာကိုး။ အဲသည်လို ရိုးရိုးသားသား ရောင်းချတာလေးကိုက ချစ်စရာ...။

အင်းလေးကန်ကြီးထဲ စက်လှေကလေးနဲ့ သွားနေခိုက်မှာ ကျမတို့ မိတ်ဆွေ နိုင်ငံခြားသားတွေရဲ့ မျက်နှာပေါ်က သဘောအကျကြီး ကျနေတဲ့ မျက်နှာ အရိပ်အကဲတွေကို အသိသာကြီး မြင်နေရတာမို့ ရင်ထဲ ပီတိဖြစ်ရတယ်။ ကျမတို့ ဇနီးမောင်နှံ စိတ်ထဲမှာ "ဒါ ငတို့ တိုင်းပြည်ရဲ့ အလှ၊ သဘာဝ အလှစစ်စစ်တွေ ကြည့်ထားကြ" ဆိုတဲ့ အတွေးနဲ့၊ မျက်နှာကိုတော့ မိန့်မိန့်ကြီး ပြုံးလို့ပေါ့။

တကယ်ပါပဲ ဇင်ယော်လေးတွေ အစာကျွေးပြန်တော့လည်း ပစ်မြှောက်ကျွေးလိုက်တဲ့ အစာမှန်သမျှ လေထဲ ပျံဝဲရင်း မလွတ်တမ်း ထိုးယူ ကိုက်ချီနေကြတာကို ကြည့်ရင်း "ဟန်လိဟိုက်...(so smart/so clever)-ငှက်ကလေးတွေ အရမ်းတော်တာပဲနော်" ဆိုပြီး သူတို့ အချင်းချင်း ပြောသံကြားမိတာ။ "ဒါ ငတို့ တိုင်းပြည်က ဇင်ယော်တွေကွ" လို့ စိတ်ထဲ ကျေနပ်မိပြန်ပါရော။ ဪ...ဇင်ယော်ဆိုတာကတော့ ဘယ်နိုင်ငံက ဇင်ယော် ဖြစ်ဖြစ် မွေးရာပါ တတ်မြောက်မှုနဲ့ ကျွမ်းကျင် လိမ္မာနေကြမှာပါ။

ဒါပေမဲ့လည်း ဒါ ကိုယ့်တိုင်းပြည်က ဇင်ယော်၊ ကိုယ့်တိုင်းပြည်ရဲ့ သဘာဝ အလှအပ၊ ကိုယ့်တိုင်းပြည်ရဲ့ ရေမြေ တောတောင်၊ ကိုယ့်တိုင်းပြည်ရဲ့ သစ်မြစ် သစ်ပင်၊ ကိုယ့်တိုင်းပြည်ရဲ့ မြစ်ချောင်း အင်းအိုင်...အို မြင်မြင်သမျှပါပဲ မျက်စေ့ထဲ လှလို့ ပလို့ ကျေနပ် ဂုဏ်ယူမိနေတော့တာ။ မျက်ရည်တောင် ဝဲမိတယ်။ ဝမ်းနည်းမိတာလား ဝမ်းသာ ကျေနပ်မိတာများလား မခွဲခြားနိုင်ခဲ့အောင်ပါပဲ။

အင်းလေးကန်ကြီးကို နှုတ်ဆက်ထွက်ခွာလာခဲ့ချိန်မှာတော့ နေ့လည် ၁၂နာရီ နီးပါး ရှိနေပါပြီ။ တဝစားခဲ့ကြတဲ့ မနက်စာကြောင့် နေ့လည်စာကို တောင်ကြီး ရောက်မှပဲ စားကြဖို့ အားလုံး သဘောတူကြတယ်။ အစားအသောက်အကြောင်း ပြောမှ ဒီခရီးစဉ်တလျှောက် စားခဲ့သမျှ အစားအသောက်တွေ မတင်ရသေးတာ သတိရတယ်။ တင်ဦးမှ တင်ဦးမှ....။ ခုတော့ "ဂွတ်ဘိုင် အင်းလေး.... ဟဲလို တောင်ကြီး...." လို့သာ နှုတ်ဆက်ရင်း ဆက်လက် ထွက်ခွာခဲ့ကြပါတော့တယ်....


Monday, March 7, 2011

အင်းပေါခုံ-ကြာရိုးချည်မျှင် လက်ရက္ကန်းစင်သို့ တခေါက်

ကျမတို့ အင်းပေါခုံရွာကို ရောက်တော့ ကျမစိတ်ထဲ အင်းလေးချည်ထည် ပတ်ထမီလေးတွေ ဝယ်ဖို့သာ စိတ်စောနေမိတယ်။ တကယ်တော့ အဲဒီ မတိုင်ခင် ရေပေါ်ဈေးဆိုင်လေးတခုမှာ လက်ရက်ထည် ထမီ ၄ကွင်း ဝယ်ခဲ့ပြီးသားပါ။ ဒါပေမဲ့ ပုဂံရောက်တဲ့အခါ မြန်မာထမီလေး ဝတ်ချင်တဲ့စိတ်ကြောင့် အဆင်သင့် ဝတ်နိုင်တဲ့ အင်းလေးဆင် ပတ်ထမီလေးတွေ ထပ် ဝယ်ချင်မိပြန်တာပါ။



အရင်ကတော့ ကြာရိုးချည်မျှင်နဲ့ ရက်လုပ်တာဆိုလို့ ကြာသင်္ကန်း ဆိုတာကိုပဲ ကျမ ရင်းနှီးခဲ့ရတာ။ ဝါဆိုတဲ့အခါ မြတ်စွာဘုရားရှင်ကို သန့်ရှင်း မွန်မြတ်စွာသော ကြာသင်္ကန်းတော် ဆက်ကပ်လှူဒါန်းတဲ့ပွဲတွေ ကျမ ငယ်ငယ်က ကြုံခဲ့ဖူးတာကိုး။ အဲဒီကတည်းက ကြာသင်္ကန်းတော်ဆိုတာကို လက်နဲ့ ထိတွေ့ကြည့်ပြီး ကြာရိုးမျှင်တွေကနေ အထည်ဖြစ်အောင် ဘယ်လိုများ ရက်လုပ်ရပါလိမ့်လို့ တွေးခဲ့ဖူးပါတယ်။

ခု မျက်မြင် တွေ့ရတော့မှ အင်မတန် လက်ဝင်ပြီး စိတ်ရှည်လက်ရှည် အချိန်ယူ လုပ်ရမှန်း သိခဲ့ရပါတယ်။ ကြာရိုးအရှည်လိုက်ကနေ လက်နှစ်ဆစ်သာသာ အရှည်လေးတွေ ဖြတ်ဖြတ်ပြီး အမျှင်မပြတ် ထွက်လာတဲ့ ကြာရိုးမျှင်ကလေးတွေကို ခုံပေါ်တင်လို့ လက်ကလေးနဲ့ လှိမ့်ကာ လှိမ့်ကာ အမျှင်တန်းကလေးတွေ ဖြစ်အောင် ခိုင်ခန့်အောင် လုပ်ယူရပါတယ်။ ပြီးမှ ဗိုင်းငင် ချည်ရှင်း၊ လိုရာ အရောင်ဆိုး အခြောက်ခံ နောက်ဆုံး လွန်းအိမ်ကလေးထဲ ရစ်လို့ ယက္ကန်းစင် တင်ရပါတယ်။ ကြာရိုးချည်မျှင်နဲ့ ရက်လုပ်တဲ့ အထည် အပြင် ပိုးထည်၊ ချည်ထည်၊ ပိုးစစ်စစ်၊ ပိုးအရော၊ ကြာရိုးချည်မျှင်နဲ့ ပိုးအရော အဲသည်လို အထည်ဆန်းလေးတွေ၊ အဆင်ဆန်းလေးတွေ ရက်လုပ်နေတာကိုလည်း တွေ့ခဲ့ရသေးပါတယ်။








အဝတ်တထည် ဖြစ်လာဖို့ရာ တကယ်ကို မလွယ်လှတာပါ။ ဒါကြောင့် ကျမတို့ အဖိုးအဖွားများဟာ အထည်တထည်ဆို မေ့လောက်အောင် ဝတ်တတ်ကြတာမျိုးပါ။ ဝတ်မရတော့တာတောင်မှ လက်ခု အဖြစ်၊ ခြေသုတ်ဝတ်အဖြစ် သုံးတတ်ကြသေးတာပါ။ ဟိုးတုန်းကတော့ ကျေးရွာတွေမှာ အိမ်တိုင်းလိုလို ရက္ကန်းစင်ရှိကြပြီး ကိုယ်တိုင် လက်ရက်ထည်လေးတွေပဲ ဝတ်ကြရတာမို့ တထည်ဆို ဆိုသလောက် ဆွေးအောင် ဝတ်တတ်ကြတာ။

ခုဆိုရင် ကြာရိုးချည်မျှင်နဲ့ ရက်တဲ့ အထည်တွေဟာ မြန်မာပြည်ထဲကနေ ကမ္ဘာကိုတောင် ခြေဆန့်လို့ ကျော်ကြားစ ပြုနေပြီ ဖြစ်ပါတယ်။ ကြာရိုးချည်မျှင်နဲ့ အထည်ရက်လုပ်တဲ့အခါ ရှေးရိုး အစဉ်အလာအတိုင်း ရက်လုပ်သူဟာ ငါးပါးသီလ စောင့်ထိန်းပြီးမှ ရက်လုပ်ကြရတယ်လို့ ဆိုပါတယ်။ အသေးစိတ် ဖတ်ချင်ရင် ဒီမှာ သွားဖတ်ကြည့်နိုင်ပါတယ်။

စိတ်ဝင်တစားနဲ့ ဓါတ်ပုံတွေ လိုက်ရိုက်ရင်း စက်လှေပေါ် ပြန်ရောက်မှ ပတ်ထမီ မဝယ်ခဲ့မိတာကို သတိရပါတော့တယ်။ ပုဂံရောက်ရင် ရေပေါ်ဈေးဆိုင်လေးက ကျမ ဝယ်လာဖြစ်ပြီး မချုပ်ရသေးတဲ့ ထမီကွင်းလေးတွေပဲ ဒီအတိုင်း ပတ်ဝတ်ရင် ကောင်းမလားတောင် စိတ်ကူးမိသေးရဲ့...



Thursday, March 3, 2011

အင်းလေး

အင်မတန် အေးလွန်းတဲ့ မနက်စောစောမှာ အင်းလေးရေပြင်ပေါ်က စက်လှေ တစင်းပေါ်မှာ ကျမတို့ ရှိနေခဲ့တယ်...

ကျွန်းမျောပေါ်က ချစ်စရာအိမ်ကလေးတွေ...


ဇင်ယော်ငှက်ကလေးတွေ...အရုပ်ကလေးတွေလိုပဲ...

ဟာ...ဇင်ယော်ကလေး အစာကို လှမ်းဟပ်တော့မယ်...အမိအရ ရိုက်နိုင်တာ တော်တယ်ကွာ.......ရိုက်တဲ့သူ...



အင်းသားသေရင် ငါးဖိန်းစား....ငါးဖိန်းသေရင် အင်းသားစားသတဲ့...


ဒါမျိုး ကမ္ဘာမှာ မြန်မာပဲ ရှိတယ်....


အင်းလေးမှာ ရိုက်ခဲ့တဲ့ ပုံတချို့ တင်လိုက်ပါတယ်....
နောက်တပိုစ့်ကျမှ ကြာခြည်နဲ့ ယက်လုပ်တဲ့ ယက်ကန်းခုံက ပုံလေးတွေ တင်ပါဦးမယ်.....