Sunday, December 18, 2011

လောင်ကျွမ်းခြင်း သီအိုရီ

All about School- "ကျောင်းအကြောင်း"ဆိုတဲ့ e-bookလေး ထွက်ပါပြီ။ 

ပါဝင်ရေးသားသူ : ကိုကိုသက် ၊ ကျော်ညိုသွေး ၊ ကြည်သက်ဟန် ၊ ခိုင်စိုးလင်း ၊ ချစ်ကြည်အေး ၊ ညီဇံလှ ၊ ညိုမင်းခ ၊ နေဦး ၊ ပန်ဒိုရာ ၊ မိုးလှိုင်ည ၊ မှိုင်း (ဆေး -၂) ၊ Louise Jane Cher ၊ သက်ဝေ ၊ ဟန်သစ်ငြိမ် ၊ ဟယ်ရီလွင် ၊ သြမြိုင် 

ပုံရေးဆွဲသူ : မလေးမေ

စီစဉ် / စာပြင်သူ   : ခိုင်စိုးလင်း

ဒီမှာ ဒေါင်းပြီး ဖတ်ရှူ့နိုင်ပါတယ်။

                 
 လောင်ကျွမ်းခြင်း သီအိုရီ



နေကလည်း ပူပြင်းလိုက်တာ၊ ကားတွေကလည်း ကြပ်မှကြပ်။ ဦးဘတင့်တို့ ခပ်ငယ်ငယ်တုန်းကဆို ကားတွေကလည်း အခုလောက် မကြပ်သေး၊ နေကလည်း တစ်လုံးတည်း။ ခုတော့ ကမ္ဘာကြီး ပူနွေးလာလိုက်တာများ နေနှစ်စင်း ပြိုင်ထွက်သလား မှတ်ရတယ်။ လူငယ်တွေလို တိုးနိုင် တွန်းနိုင် တက်နိုင်တဲ့ အရွယ်ကတော့ ဘာပြောကောင်းမလဲ၊ ဒီလိုပဲ ကားတစ်စီးလာရင်း တိုးဝှေ့တက်ရင်းနဲ့ ကားပေါ်ပါသွားတာပဲ။ ဦးဘတင့်တို့အရွယ်သာ…။

ကားတစ်စီးလာတိုင်း လာတိုင်း လုတက်လိုက်ကြတဲ့ လူအုပ်ကြီးဆိုတာ၊ ဦးဘတင့်ပဲ ကားတစ်စီး ထွက်သွားတိုင်း ထွက်သွားတိုင်း ပလက်ဖောင်းဘေးအောက်နားလေးမှာ တခြားလူတွေနဲ့အတူ ကျန်ရစ်တယ်။ ကျန်တဲ့လူတွေသာ ပြောင်းသွားမယ်၊ ဦးဘတင့်ကတော့ မပြောင်းဘူး။ ကြာတော့ စိတ်လျှော့ ပြီး ဖြည်းဖြည်းပဲ လမ်းလေးလျှောက်သွားတာပေါ၊့ လူနည်းတဲ့ မှတ်တိုင်၊ လူချောင်တဲ့ကားတွေ့မှပဲ တက်စီး တာပေါ့လို့ စဉ်းစားရင်း ကားမှတ်တိုင်က ခွာတယ်။

ရုပ်ရှင်ရုံကြီးတွေကို ငေးကြည့်လိုက်၊ လမ်းဘေးက အဆိုင်းသည်ကလေးတွေကို ငေးကြည့်လိုက်၊ ပျားပန်း ခတ်နေတဲ့ လူတွေကို ကြည့်လိုက်နဲ့ပေါ့။ လူတွေ လူတွေ အိမ်ထဲမှာမှ နေကြရဲ့လား၊ အိမ်ရှိလူကုန် လမ်းပေါ်ထွက် အလုပ် လုပ်နေကြသလား မှတ်ရတယ်။

ကိုရီးယားခွေတွေ သုံးခွေမှ တစ်ထောင်ဆိုလား။ အင်း…ဒီနားတစ်ဝိုက်ဆိုရင် အဖမ်းအဆီးတော့ ရှိမှာပဲ။ ဒါပေမဲ့ ဒီလိုပဲ ပါသွားလိုက်၊ ဒဏ်ငွေဆောင်ပြီး ပြန်ထွက်လာလိုက်၊ နေ့ပြန်တိုးနဲ့ ငွေလေးချေးပြီး ပြန်ရင်း လိုက်၊ အရင်းလေး ရလာလိုက်၊ ပြန်အဖမ်းခံရလိုက်၊ အရင်း ပြန်ပြုတ်လိုက်ဆိုတဲ့ သံသရာကြီးထဲ ၀ိုင်းကြီး ပတ်ချာ လည်နေကြတာရယ်။ ဘ၀တွေ ဘ၀တွေ….ဘယ်လိုလုပ်မတုန်း၊ ဘ၀ကြီးက ဒီလိုမှ သူတို့ လုပ်မစားရင် တခြားလည်း ဘာမှ လုပ်မစားတတ်ကြဘူးကိုး။

လမ်းဘေး သစ်သီးသည်ကလေးတွေကိုတွေ့တာ့ အိမ်အတွက် သစ်သီးဆွမ်းကပ်ဖို့ ၀ယ်သွားရင် ကောင်းမ လားတွေးမိရင်း ဈေးမေးလိုက်တယ်။ တရုတ်ပန်းသီးငါးလုံး တစ်ထောင့်ရှစ်ရာ၊ ထောင့်ခြောက်ရာနဲ့ပေးမတဲ့။ လိမ္မော်သီးငါးလုံးက ထောင့်နှစ်ရာတဲ့။ အလုံးက နည်းနည်းတော့သေးတယ်။ တရုတ်ဇီးသီးကြီးတွေကလည်း လှမှ လှ။ မောင်မင်းကြီးသား ပေါက်ဖော်ကြီးများကိုတောင် ကျေးဇူးတင်ရမလိုလို၊ သြစတြေးလျက ပန်းသီးများ ဒီမှာဝယ်လို့ရပါတယ်ဆိုရင်တောင် ဘယ်လိုလုပ် ၀ယ်စားနိုင်မှာတုန်းဗျာ။

ဝယ်တော့ ၀ယ်ချင်သား၊ တော်ကြာ ၀ယ်သွားလို့မှ မျက်နှာမရ ခြေထောက်ရဖြစ်နေမှာလည်း စိုးရသေး။ မဒမ်ဘတင့်လေ…၊ ဟိုတစ်ခါ ၀ယ်သွားမိပါတယ်။ ဈေးကြီးသလေး ဘာလေးနဲ့၊ အညှာနား နည်းနည်းလေး နာနေတာကို သေချာရွေး မ၀ယ်ရကောင်းလားနဲ့ ပွစိ ပွစိလုပ်တော့တာ။ ဦးဘတင့်ဆိုတာကလည်း “ငါဝယ်လာတဲ့ဟာ မကြိုက်ရင် မင်းဟာမင်း ထပ်ဝယ်ကွာ”လို့ ခပ်ငေါက်ငေါက်ပြောဖို့ရာ ငွေ အဲသည် လောက်မပေါတဲ့ ဘတင့်ဖြစ်နေတော့ တိတ်တိတ်လေးပဲ ငြိမ်နေခဲ့ရတယ်။ တော်ပါပြီလေ ၀ယ် မနေတော့ပါဘူး။ မဒမ်ဘတင့်လက်ထဲ ငွေ နယားကလေး အပြည့်အပ်လိုက်တာ ပဲ ကောင်းပါတယ်။

“ဆရာ…ဆရာဦးဘတင့်….ဆရာဦးဘတင့်မဟုတ်လား ခင်ဗျာ”

“ဟေ…အေး၊ ငါ ဘတင့်ပဲ နေပါဦး၊ မင်းက ငါ့တပည့်လား ဘယ်အတန်းကတုန်း”

ဦးဘတင့် တန်းကနဲ မေးချပစ်လိုက်တယ်။ ဆရာဆိုတဲ့လူမျိုးက အဲလိုပဲ၊ လမ်းတွေ့ဘယ်သူဖြစ်ဖြစ် ကိုယ့်တပည့် မှတ်တော့တာ။

“ဟာ ဆရာ ၀မ်းသာလိုက်တာ ဆရာရယ် ကျွန်တော် ရဲလွင်လေ ဆရာရဲ့၊ မှတ်မိလား ကျွန်တော့်ကို”

“ဟား အေး အေး ဟုတ်ပြီကွ ငါ မှတ်မိပြီ ရဲလွင်၊ မင်း ဆက်ရှင်ဖိုက်က မဟုတ်လား၊ မင်းနှယ် လူကောင်ကြီး နည်းမှ မနည်းပဲကွ ဟေး ဟေး”

“ဟုတ်ပါတယ် ဆရာ၊ ဆရာက ကျွန်တော့်ကို မှတ်မိသားပဲ”

“ဟကောင်ရ ဆရာတွေ မှတ်မိတဲ့ကျောင်းသား နှစ်မျိုးပဲ ရှိတယ်ကွ၊ လိမ္မာတဲ့ကျောင်းသားရယ်၊ ဆိုးတဲ့ ကျောင်းသားရယ် ဟားဟားဟား”

“ဟာ ဆရာက လုပ်ပြီ၊ ဟုတ်လည်း ဟုတ်ပါတယ် ဆရာရယ်၊ အဲဒီတုန်းကသာ ဆရာနဲ့ မတွေ့ရင် ကျွန်တော် ခုလိုဖြစ်ချင်မှ ဖြစ်လာမှာပါ၊ ဆရာ့ကျေးဇူးတွေ ကျွန်တော့်အပေါ် အများကြီးပါ ဆရာ။ ခုခေတ်တော့ ဆရာတို့လို ဆရာတွေ ရှားသွားပြီ ဆရာရဲ့၊ ဆရာ ဟိုတုန်းက ပြောခဲ့ဖူးတဲ့စကားလေးလေ ကျွန်တော် အရမ်း သဘောကျခဲ့တာ “ငါတတ်ထားတဲ့ပညာကို ကလေးတွေဆီ ဘယ်တော့မှ ရောင်းမစားဘူးကွ” ဆိုတာလေ၊ ဆရာပေးခဲ့တဲ့ ပညာဒါနနဲ့ပဲ ကျွန်တော်တို့ကောင်တွေ လူ ဖြစ်လာရတာပါ ဆရာရယ်”

“အင်း….အေး ထားပါတော့ကွာ ဒါနဲ့ မင်း အခု ဘာလုပ်နေလဲ”

“ကျွန်တော်က ဒီRoyal Myanmarဟိုတယ်မှာ မန်နေဂျာလေ ဆရာ၊ ဆရာ ခုအားတယ်မဟုတ်လား၊ လာပါဆရာ တစ်ခုခုစားရင်း စကားပြောရအောင်ပါ၊ ပြီးတော့ ဆရာ့အိမ် ပြန်လိုက်ပို့ပေးပါ့မယ် ဆရာ”

ဦးဘတင့်ကတော့ ခေါင်းတညိတ်ညိတ်လုပ်ရင်း တသွေးတမွေးစိုပြည်နေတဲ့ သူ့တပည့်ကြီးကို ပြုံး ကြည့်ရင်း သဘော တကျကျရယ်။ ဒီကောင်က ကျောင်းတုန်းက ခပ်ဆိုးဆိုးကောင်၊ လူက တော်ချင်ပါလျက်နဲ့ အင်မတန် ရွတ်တဲ့ကောင်၊ အတန်း မတက်ဘူး၊ ကျူတိုရီယယ်မဖြေဘူး။ သူ့ စာမေးလို့လည်း ဖြေချင်မှ ဖြေတဲ့ကောင်။ နောက်ဆုံးခုံမှာထိုင်ပြီး လုပ်ချင်ရာ လုပ်နေတတ်တာ။ ထောင့် မကျိုးဘူး ဆိုပါတော့။ ဦးဘတင့်လို ဆရာအငယ်တွေ တော်တော်များများကလည်း ရဲလွင်ဆို လန့်ကြတယ်။ အထူးသဖြင့် ဆရာမ အငယ်လေးတွေ။ ဒီကောင်က စိတ်ထဲမထင်ရင် မထင်သလို လုပ်တတ်တာကိုး။

ဦးဘတင့်က ခြေချော်လက်ချော် ဆရာဖြစ်လာတဲ့ကောင် မဟုတ်ဘူး၊ စာသင်ချင်လွန်းလို့၊ စာပြ၀ါသနာ ပါလွန်းလို့ ကို ကျောင်းဆရာလုပ်ခဲ့တာ။ ပြီးတော့ စေတနာဆရာပဲ ဖြစ်ရမယ်ဆိုတဲ့ ယုံကြည်ချက်ပြင်းပြင်းနဲ့ ချထားတဲ့ ဆုံးဖြတ်ချက်က ဦးဘတင့်နှလုံးသားထဲ ထူးခတ်ထားသလို စွဲနေခဲ့တော့တာ။ တက္ကသိုလ်မှာ နည်းပြဆရာဖြစ်စက အသက် ၂၁နှစ် ရှိသေးတယ်။ ကျောင်းသားတွေနဲ့ဆို သူငယ်ချင်းလို၊ ညီအစ်ကိုလို အရွယ်။ အဲဒီမှာ ရဲလွင်နဲ့တွေ့တာ့တာပဲ။

တစ်နေ့တော့ သူ့မေဂျာဘာသာ ကျူတိုရီယယ်မှာ စွတ်စွတ်ရွတ်ရွတ်လာဖြေတဲ့ ရဲလွင်ကို ဦးဘတင့် အမှတ် အများဆုံး ပေးချ ပစ်လိုက်တယ်။ သူ့ရဲ့ဖြေဆိုပုံကိုလည်း တခြားကျောင်းသားတွေ သိရအောင် နည်းနည်း ဖတ်ပြလိုက်တယ်။ ရဲလွင်ခုံနံပတ် ကိုခေါ်ပြီး ဒီကျောင်းသားဟာဖြင့် အမှတ်အများဆုံး ရသွားတယ်၊ ပြီးတော့မှ ဘယ်သူမှန်း မသိသလိုလိုနဲ့ အဲဒီခုံနံပတ် မတ်တတ်ရပ်ပြပါဆိုတော့ ရှက်သလိုလိုနဲ့ မျက်နှာကြီးရဲနေတဲ့ ရဲလွင်ဟာ ခေါင်းကြီးငုံ့ရင်း ထရပ်ပြရှာတယ်။ အဲဒီနောက်ပိုင်း ရဲလွင် အချိုးနည်းနည်း ပြောင်းသွားတယ်။ အဲဒီလိုနည်းနဲ့ ရဲလွင်ဆိုတဲ့ကောင်ကို ဇက်ကြိုး ချော့တပ်ခဲ့ရတာ။

တကယ်တော့ ဒီကောင်က လူတော်၊ မိဘတွေရဲ့ အိမ်တွင်းရေး မပြေလည်မှုကြောင့် ညစ်တွန်း တွန်းနေတဲ့ လူငယ်ကလေး။ အဖေယူထားတဲ့ နောက်မိန်းမနဲ့လည်း မတဲ့၊ အဖေကိုလည်း ခနိုးခနဲ့၊ လောကကြီးကိုလည်း ရွဲ့နဲ့။ အဲဒီမှာ လောကကြီးက အကောင်းအတိုင်း၊ ရွဲ့လာတာက သူ။ နောက်တော့လည်း ဆရာဦးဘတင့်မှ ဆရာဦးဘတင့်။ ဦးဘတင့်မို့ ပြောရင် တစ်ခွန်းပဲ။

အဲဒီနေ့က ဆရာတပည့်နှစ်ယောက် စကားပြောကောင်းလိုက်ကြတာ မနည်းဖြတ်ချရတယ်။ ရဲလွင်က အိမ်ရှေ့အထိ သူ့ကားလေးနဲ့ လိုက်ပို့ရှာပါတယ်။ ဦးဘတင့်ကတော့ မဒမ်ဘတင့်ကို သူ့တပည့်ကြီး အိမ် ခေါ်ပြသလို ဖြစ်သွားတာ မို့ ကျေနပ်မဆုံးဘူး။ ကားကြီးမောင်းလို့ ဦးဘတင့်အိမ်အတွက် မုန့်ပုံးတွေ၊ အသီးတွေလည်း ပါသေးတာမို့ မဒမ်ဘတင့်လည်း သွားကို မစေ့နိုင်ဘူးပေါ့။ ဒီလိုပါပဲ ဦးဘတင့်တို့ ကျောင်းဆရာဆိုတာမျိုးက တပည့်တွေ သမာအာဇီဝနဲ့ ကြီးပွားနေ တာ မြင်ရရင်များ ပြောမဆုံး၊ ကြွားမဆုံး၊ ကျေနပ် မဆုံးဘူး။ ကျောင်းဆရာပီတိ ဆိုပါတော့လေ...။

ဟိုအရင်က ဦးဘတင့်ဆိုတာ စာသာသင်နေရလို့ကတော့ လာထား ဆိုတာမျိုး။ ရဲလွင်တို့ သူငယ်ချင်း တတွေကို အတန်းပြီးရင် အချိန်ပို စာသင်ပေးတယ်။ အလကားသင်ပေးတဲ့အပြင် လဘက်ရည်ဆိုင်မှာ သင်တဲ့အခါမျိုးဆို ကျောင်းသားတွေကို လဘက်ရည်တိုက်ပြီးတော့ကို သင်ပေးလိုက်သေးတာ။ တကယ့်ကို စစ်စစ် စစ်စစ်မြည်နေတဲ့ နာသုံးနာဆရာအစစ် ဆိုပါတော့ဗျာ။ ငွေမျက်နှာ လုံးဝမကြည့်ခဲ့ဘဲ အိတ်စိုက် သင်ခဲ့တာ။ ဒါတောင် အဲဒီတုန်းက ဦးဘတင့်ရတဲ့လစာနဲ့ သုံးလောက်နေသေးတာပဲ။

အင်း ခုတော့ ခေတ်ကပဲ ပြောင်းသလား၊ လူတွေကပဲ ပြောင်းသလား၊ ကုန်ဈေးနှုန်းတွေကပဲ ပြောင်းကုန် သလား.…၊ လောက်ငှခြင်း မလောက်ငှခြင်းဆိုတာတွေကပဲ ပြောင်းလဲခြင်းတွေကို အသက်သွင်းခဲ့သလား။ ဘာက ဘာတွေကို ပြောင်းလဲစေခဲ့တာလဲ၊ မသိနိုင်တော့ပါဘူး။

အင်္ကျီလေးလဲပြီး ပက်လက်ကုလားထိုင်လေးပေါ် အေးအေးလူလူ ထိုင်နေလိုက်တာ ခဏနေမှ သတိရတယ်။ လွယ်အိတ်ထဲမှာ ကျစ်ကျစ်ပါအောင် လိပ်ထားတဲ့ ငွေစလေးတွေ အိတ်ထဲက ထုတ်ပြီး မဒမ်ဘတင့် ခေါ်ပေးလိုက်တယ်။ နေ့လည်က ကျောင်းသားတွေ ၀ိုင်းကျူရှင်လခ ပေးလိုက်တာပေါ့ဗျာ။ အပ်ငွေက တစ်ကျပ်တစ်ပြားမှ မလျော့တော့ကာ မဒမ်ဘတင့်မျက်နှာဆိုတာ ၀င်းပ ပြုံးချိုလို့။

ဦးဘတင့်မှာသာ…..။ အဲဒီခဏ ရဲလွင်မျက်နှာ ပြေးမြင်တယ်။ ရဲလွင်စကားတွေ ကြားယောင်တယ်။ ကိုယ့်ကိုယ်ကို မှန်ထဲ ပြန်မြင်နေရသလို ဘက်တွေမှားလို့။ ယုံကြည်ချက်နဲ့ ရပ်တည်ချက်တွေ ဟန်ချက် မညီတော့တဲ့အခါ ယိုင်လဲပြိုကျသွားတဲ့ ဖြစ်နေကျတွေထဲ မွန်းကြပ် ပိတ်မှောင်လို့…။ တဒင်္ဂများစွာက ဦးဘတင့်ကို မလှုပ်နိုင်အောင် စုချည်နှောင်တုပ်ထားလိုက်တာ သွေးတွေတောင် တစ်ဒုတ်ဒုတ်တိုးလာသလား မှတ်တယ်။

အဲဒီခဏမှာ လောင်မြိုက်လိုက်ပုံက ခုမှပဲ  နေနှစ်စင်း ချက်ချင်း ထွက်လာသလို ချစ်ချစ်တောက်၊ ဦးဘတင့်ရင်ထဲ ကျွမ်းကနဲ ပူကနဲ…..


13 comments:

မေဇင် said...

အရင်က ဦးဘတင့် လို ဆရာမျိုးတွေ ခု ချိန်ပြန်ရချင်လိုက်တာ အမရယ်။
အဖေတို့ အိမ်ထောင်ဦးကာလတွေတုန်းကလဲ အဖေ့ ကျောင်းဆရာ လစာလေးနဲ့ ကောင်းကောင်းကြီး လောက်ခဲ့တယ်လို့ ကြားဖူးခဲ့တယ်။

ခုတော့........ ဦးဘတင့် ရင်ပူလဲ ပူစရာဖြစ်ပီပေါ့

နောင့်

apyulay said...

နော်တို့ အဘွားခေတ်တုန်းက ရွှေတွေတောင် ၀ယ်နိုင်တယ်တဲ့ ကျောင်းဆရာမကလေ..
အော်...ခေတ်ကလည်းကွာလိုက်တာ..
ခု နော့်မားသား မနည်းရုန်းကန်နေရတယ်..ကျောင်းဆရာမဘ၀တွေများ ဆိုးလိုက်တာ..:(

ချစ်ခင်လျက်
Junemoe

Junemoe said...

အမရေ
စာအုပ်လည်းဒေါင်းသွားတယ်
ဖတ်မယ်ဂျ..
:)

ချစ်ခင်လျက်
Junemoe

Shinlay said...

ဆရာ ဘ၀ ကိုပြန်သတိရမိပါတယ်။
ရေးပြထားတာလေးကို သဘောကျပါတယ်။
စာအုပ်လည်း ကူးသွားပါတယ်။
ကျေးဇူးနော်။

သတိုး said...

ကိုယ်လည်း ကြာကြာမနေနိုင်ခဲ့တဲ့ ဘ၀မှာ ရဲရဲရင့်ရင့် အသက်ထက်ဆုံး နေပြခဲ့ကြတဲ့ ဆရာ၊ ဆရာမတွေကို ကြီးငယ်မဟူ လေးစားမိပါတယ်။ သူတို့ကို မြင်တိုင်းလည်း မျက်နှာပူမိတယ်။ ပြီး ဘာကိုမှန်းမသိ၊ မကျေနပ်ဘူးဗျို့..။
ခင်မင်သော...
သတိုး

မဒမ်ကိုး said...

ကျောင်းတော်ကြီးကိုပြန်လွမ်းမိသလို အရမ်းသတိရစရာကောင်းတဲ့ဆရာဆရာမတချို့ကိုလဲ ပြန်သတိရမိတယ်မမရေ

khin said...

ညလေးရေ

ဖတ်ရှု.ခံစားသွားပါတယ်။ စကားမစပ် အီကို ဘယ်နှစ်ကလဲဟင်။ များက ၈၄-၈၅ ပါ။ ၉၁ မှာပြီးပါတယ်။(စာ၇င်းအင်-စတက်စ်ပါ)

ချော(အစိမ်းရောင်လွင်ပြင်) said...

ကျောင်းဆရာမ ဘဝကို ပျော်လို့ ခဏတာ လုပ်ခဲ့ဖူးပါတယ်.။ တကယ်ကို ပီတိကိုစားခဲ့ရတဲ့အချိန်တွေပါ။ ဝမ်းမဝ ခါးမလှပေမဲ့ ကျေနပ်ခဲ့တယ်။
အကြောင်းကြောင်းကြောင့် ရေရှည် မလုပ်ဖြစ်ခဲ့ဘူး.. ခုပြန်လုပ်မလား မေးရင်တော့ လုပ်ချင်တုန်းပါဘဲ.
ဆရာဦးဘတင့်လို ဆရာတွေအများကြီးရှိမှာပါ။ တပည့်မရှား၊ တစ်ပြားမရှိဘဲ ပီတိကိုစားပြီး အားရှိဖို့ဆိုတာ
ရေရှည်မှာတော့ နေနိုင်ဖို့ခက်တယ်နော်။ မိသားစုတွေ များလာတဲ့အခါ ပိုပြီး ခက်လှပါတယ်။

mstint said...

အရင်ခေတ်က ဆရာမျိုးတွေ ဒီခေတ်မှာ
အတော်ရှားသွားပြီ မချစ်ရေ။ ကျောင်းသားဘဝရဲ့
အငွေ့အသက်လေးတွေကို ပြန်လည်လွမ်းဆွတ်မိတယ်။
ဝတ္ထုလေးကကောင်းတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မိစံ said...

ဆရာ့ဦးဘတင့်လို.ဆရာတွေ
ကြုံတော့.ကြုံခဲ့ဖူးတယ်အစ်မရေ.
ဒါပေမယ့်.အများနဲ့တစ်ယောက်ဆိုတော့....
(အမုန်းမခံချင်တာကြောင့်ထင်ရဲ့..)
ဒုံရင်းက.ဒုံရင်းပြန်ဖြစ်သွားပါတယ်။
စာအုပ်လေး.ဒေါင်းသွားပါတယ်.

ချမ်းမြေ့ပါစေရှင်

ဝေ(စီးပွားရေးတက္ကသိုလ်) said...

နာသုံးနာနဲ့ဆရာ့ဂုဏ်ပြည့်ဝတဲ့ ဆရာ၊ဆရာမတွေ
အကြောင်းရေးရင်ကို မယုံသလိုဖြစ်နေတဲ့ ခေတ်ကြီး
ရောက်နေရတာ ၀မ်းနည်းစရာနော်...
ကျွန်မရေးတဲ့ ဆရာမအကြောင်းဝတ္ထုဆိုရင်လည်း မယုံသလိုနဲ့...။ တကယ်လည်း “ ရှိတော့ရှိတယ်.. ရှားတယ်” ဆိုတဲ့ ခေတ်ဆိုတော့လေ....

မြသွေးနီ said...

နာသုံးနာဆရာတွေ အခုအချိန်မှာ အရမ်းရှားပါးသွားခဲ့ပြီ အစ်မချစ်ရေ..။ ဆရာဦးဘတင့်လို ဆရာမျိုးတွေ များစွာနဲ့ ကြုံခဲ့ခွင့်ရတာ အရမ်းအမှတ်ရမိတယ်။ အခုတော့ ခေတ်ကာလရဲ့ တိုက်စားမှုအောက်မှ အစစ လောင်ကျွမ်းခံနေရတာ စိတ်မကောင်းစရာ...။

pyaykaungaung said...

ကျနော်ကတော့ ဆရာ/ဆရာမတွေက မြန်မာပြည် မှာလို "နာ သုံးနာ" တော့မဟုတ်ဘဲ သူတို့ အလုပ် အပေါ် အရမ်းသစ္စာရှိ ( ethical/ even bookish ) ကြတဲ့ တိုင်းပြည်တခု ကို ရောက်နေ ပါတယ်။ လွန်ခဲ့တဲ့ တပါတ်လောက်ကမှ ပြီးသွားတဲ့ Fall Semester မှာ ကျနော် ဒီက ကောလိပ် တခုမှာ Adobe Dreamweaver CS5 ဆိုတဲ့ Website-creating Software အတန်းတခု ယူခဲ့ပါတယ်။ ကျနော်က အသက်နည်းနည်းကြီးပြီမို့ ကွန်ပြူတာဖက်မှာ ညံ့ပါတယ်။ ဒါကို ဆရာမက လည်းသိပါတယ်။ (ကျနော်က တခါပြရုံနဲ့ နားမ လည်နိုင်လို့ လက်ထောင်ပြီး မေးနေကျကိုးး) ကျနော်တို့ ဒီအတန်းအတွက် Final Project ( Project 3 ) လုပ်ရတော့ ကျနော် Project 2 တုန်းက မြန်မာပြည်အကြောင်း တင် ထား ခဲ့တာကြောင့် "My Neighbor Country: Thailand" ခေါင်းစဉ်နဲ့ တင်လိုက် ပါတယ်။ ကျနော် အဲဒီထဲမှာ ( ဒါ Software Application class ပဲ၊ ကိစ္စ မရှိလောက်ဘူး ဆိုပြီး ) အယုဒ္ဓယ၊ဘန်ကောက် သမိုင်းကြောင်းတွေကို wiki ကနေ copied, pasted လုပ်ထားတာ ရှိပါတယ်။ ဒါကြောင့် ကျနော့် ဆရာမက ဒီ Final Project ကို လက်မခံနိုင်ဘူးလို့ due date မတိုင်ခင် ၁-၂ ရက်အလို လောက်မှာမှ email ပို့လာပါတယ်။ ပြင်ပေးပါမယ် ပြောတာလည်း ဘယ်လိုမှကို ညှိလို့မရပါ။ "You must make a brand new project with a brand new topic before me." လို့ ပဲ ပြောပါတယ်။ ( ကျနော်က ကွန်ပြူတာ ညံ့သလို ရှိတော့ ကိုယ်တိုင် လုပ်တာ မဖြစ်နိုင်ဘူးလို့လည်း ထင်နေဟန်ရှိ ပါတယ်း)) ဒါနဲ့ ချိန်းထားတဲ့နေ့  သူ့ရှေ့မှာနဂို တည်ဆောက်ပြီးသား Project ကို အကုန်ဖျက် ပစ်ပြီး "Books" ဆိုတဲ့ ခေါင်းစဉ်နဲ့ ၂-၃ နာရီ လောက် လုပ်ပြရပါတယ်။ Project အသစ် အကြမ်းဖျင်း ပုံပေါ်လာတော့မှ "ကျမ အခုတော့ ရှင် ဒါကိုလုပ် တတ်ကြောင်း၊ plagiarize လည်း မလုပ်ကြောင်း စိတ်ချသွားပြီ။ ကျန်တာကို ကိုယ့်ဖာသာလုပ်လို့ ရပါပြီ" လို့ပြောပြီး လွှတ်လိုက် ပါတယ်။ အခုအဲဒီ Project က အမှတ် ၁၀၀ အပြည့်ရပြီး ကျနော် Grade B လောက်တော့ ရလိုက်ပါတယ်။ ဒီက ဆရာ/ ဆရာမတွေက အဲလို အတိအကျတွေချည်းပါပဲ။ နည်းနည်း ရက်စက်ဟန် ရှိပေမဲ့ သူတို့ဆီက ကျောင်းဆရာတွေရဲ့ professional ethic ကို သင်ယူလိုက်ရ သလိုတော့ ခံစားမိပါတယ်။ ( ကျနော့် ကော့မန့် ရှည်သွားပါတယ် မချစ်ကြည်အေး .. ကျနော် လည်း မြန်မာပြည် ပညာရေးအတွက် အထောက် အကူ ဖြစ်လိုဖြစ်ငြား ကိုယ့်အတွေ့အကြုံကို ဝေမျှတဲ့
သဘောပါဗျာ ..း)

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်