Wednesday, December 14, 2011

ခြင်္သေ့ကျွန်းသူ

ရွှေဒေါင်းတောင် အွန်လိုင်းဂျာနယ်အတွက် ရေးဖြစ်ခဲ့တဲ့ ၀တ္ထုတိုလေးပါ။ ဖတ်ပြီးသူတွေလည်း ရှိကြပါ လိမ့်မယ်။ မဖတ်ရသေးသူတွေအတွက်ရော၊ ကျွန်မ ဘလော့ဂ်လေးပေါ်မှာပါ အမှတ်တရ သိမ်းထားချင် တာကြောင့် ပြန်တင်လိုက်ပါတယ်။ ဖတ်ကြည့်ကြပါဦးနော်....


(၁)
လွန်ခဲ့သောတနှစ်က ချစ်သောမြို့ကလေးဆီ ရင်ငွေ့လှူံရန်  သူမ ပြန်ခဲ့သည်။ မြေနီလမ်းကလေးပေါ် ရည်ရွယ်ချက်မဲ့ ခြေဦးတည့်ရာသွားနေရင်းက မြို့ကလေး၏ အတန်အသင့် ပြောင်းလဲနေသော လူနေမှူ အငွေ့အသက်တို့ကို လိုလိုချင်ချင် ရှိုက်မောနေဖြစ်ခဲ့သေးသည်။ လေပြေညှင်းတို့ ဝေ့ဝေ့၀ဲဝဲ လွှမ်းခြုံ ထားခြင်းခံရသော မြို့ကလေး၏ညနေခင်းသည်ပင် တလွှားလွှား တလွင့်လွင့် ရှိနေသယောင်။

“ခြင်္သေ့ကျွန်းသူကြီး အလည်ပြန်လာတာလား”

ခပ်ထေ့ထေ့ ကိုစည့်အသံ။ ခပ်လှောင်လှောင် ကိုစည့်မျက်ဝန်းထဲက အရောင်တွေ။ နာကျင်မှူတို့နှင့် ချိန်စက်လျှက် သူမ ဘယ်လိုနှလုံးသားမျိုးနှင့်မှ မမေ့ခဲ့နိုင်ပါ။

“ကလေးတွေရော နေကောင်းတယ်နော်၊ စည်သူ့ အမျိုးသမီးရော ကျန်းမာတယ် မဟုတ်လား”

ဒါ သူမဘက်က အကောင်းဆုံး အားထုတ်မှူပါပဲ။ တစ်စက်ကလေးမှ မျက်စေ့မျက်နှာ မပျက် ပြုံးယောင် ယောင် ဖြစ်နေခဲ့သေးသည်တောင် ထင်မိပါရဲ့…။ ခပ်သွယ်သွယ် ကိုစည့်မျက်နှာက ပိုလို့ပင် ပါးလျစွာ၊ ရှည်သော ကိုစည့်အရပ်ကို ရှိရင်းစွဲထက် မြင့်မားစေတာကြောင့် သူမ ကိုယ်တိုင် မြေကြီးနှင့် ကပ်လျက် ရပ်နေသလို ခံစားခဲ့ရလေသည်။ အို… ကိုစည့်အနားမှာရှိချိန်တိုင်း သူမ သေးငယ်သိမ်ဝပ်စွာ ခံစား ရမြဲပါလေ။

မေးလိုက်စမ်းပါစေ စိတ်ကတောင်းဆိုခဲ့လျှက် သူမ ဖြေဆိုချင်သော မေးခွန်းတစ်ခုကိုမူ ကိုစည် မမေးခဲ့ ပါ။ ကျောခိုင်းလှည့်ထွက်ချိန်ကျမှ ကိုစည့်မျက်နှာကို ရှေ့တည့်တည့်ထားကာ စိတ်ထဲက အားပါးတရ ရေရွတ် မိသည်။ “အင်း ကျွန်မ ငြိမ်းသုခင် ခုထိ တစ်ယောက်ထဲပါပဲတဲ့ ရှင်” ကိုစည် ကြားနိုင်မည်မဟုတ်သော် လည်း သူမကတော့ ခုလို စိတ်ထဲကပြောခွင့်ရတာကိုပင် နှစ်လိုအားရ ရှိလှစွာ။ သူမတို့က စကားလုံးမဲ့ ကြားသိနိုင် ကြသူတွေ။ တစ်ချိန်တုန်းက ဆိုပါတော့လေ။ 




11 comments:

မဒမ်ကိုး said...

ဖတ်ပြီးပြီ ကောင်းလို့ လိုက်တောင်လုပ်ထားသေး မမချစ်ရဲ့ ဟိဟိ

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

အမ် ဒီမှာတပိုင်းတစနဲ့
ဟိုဘက်လိုက်သွားအုံးမှ

jasmine(တောင်ကြီး) said...

မဖတ်ဖူးသေးပါဘူး
ခုမှဖတ်ဖူးတာ-တပိုင်းစီလား

ကိုရင် said...

နောက်တစ်ခါ ထပ်ဖတ်သွားတယ် အမရေ

မြသွေးနီ said...

ကိုင်း...ကူးပြီ..ဟိုဘကိကို.... :)

မြသွေးနီ said...

ဒီမှာ အဆုံးထိ ဖတ်မရလို့ ဟိုမှာ သွားဖတ်...။
ဟိုမှာ မန့်မရလို့... ဒီမှာ ပြန်လာမန့်...။
အွန်လိုင်းမဂ္ဂဇင်းတွေမှာသာမက ပုံနှိပ်မဂ္ဂဇင်းတွေမှာပါ ဖတ်ခွင့်ရနေတာမို့
ဝမ်းသာဂုဏ်ယူလျှက်ပါ မချစ်ရေ...။

Petu Lay said...

အရမ်းကောင်းပါတယ်။ ဒို့ကတော့ပြန်ဖြစ်အောင်ကိုပြန်ဦးမှာ :)

pyaykaungaung said...

The post has been read with an empathizing heart; yes, material wealth should be pursued, but a happy family life shouldn't be sacrificed to gain it.

Nyi Linn Thit said...

အစလေး ဖတ်မိတော့လည်း မနေနိုင်၊ မထိုင်နိုင် ဟိုဖက်အထိ လိုက်သွားရတော့ တာပေါ့ဗျာ..၊း) မဖတ်ဖူး သေးဘူး၊ မျက်မှောက်ကို ထင်ဟပ်တဲ့ ဝတ္ထုကောင်းလေးမို့ ဒီဖက်ကို တခါ ပြန်လာပြီး “အပရီရှီရိတ်” ပြန်လာလုပ်တာ...။းD

မိစံ said...

ဒီကိုလာတယ်.
ပြီးတော့..
ဟိုဖက်ကူးတယ်
ပြီးတော့.ပြန်လာတယ်
အားလုံးပေါင်း.သုံးခေါက်တိတိဖြစ်ပါတယ်း))
သို့ပေမယ့်..ကူးရကျိုး.နပ်ပါတယ် :P
ပြည်ပရောက်မြန်မာများအားလုံးသို့..
ဝဲလ်ကမ်းတူမြန်မား))

စိတ်အေးချမ်းသာစွာနဲ့
မိသားစုတွေ.ပြန်လည်ဆုံဆည်းနိုင်ကြပါစေ

ချော(အစိမ်းရောင်လွင်ပြင်) said...

ပိုစ့်လေးဖတ်ပြီး ကိုယ့်ကိုယ်ကို ပြန်မေးမိတယ်
ငါရော အိမ်ပြန်ချင်တယ် အော်နေပြီး ဘာကြောင့် ခုထိ မပြန်သေးတာဘဲ
ပျော်လို့ နေတာလား၊ မပြည့်စုံသေးလို့ မပြန်သေးတာလား လို့ မေးမိတယ်
တကယ်လို့ ပြည့်စုံမှသာ ပြန်ကျကြေးဆို လူတွေရဲ့ လောဘစိတ်အလိုအရ ဘယ်တော့မှ ဘယ်လောက်ရမှ ပြည့်စုံတယ်လို့ ထင်မိမှာ မဟုတ်ဘူးနော်။။ အချိန်မလွန်ခင်လေး အိမ်ပြန်နိုင်အောင် ကြိုးစားချင်မိတယ်

Post a Comment

ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်