Friday, December 23, 2011

ခရစ်စမတ်က လာတော့မယ်


အားလုံးရဲ့ မျက်နှာမှာ ပွဲတော်ညအတွက် ကြိုတင်ပြင်ဆင်မှူတွေနဲ့ အပျော်တွေ ကိုယ်စီတပ်ဆင်လို့ပေါ့ ။ ရုံးမှာ ကျွန်မအထက်လူကြီးက ခရစ်ယာန်ဘာသာဝင်မို့ သူ့အိမ်မှာ နှစ်စဉ် ဆင်နွှဲလေ့ရှိတာရယ်။ ခု သူ အလုပ်ရှုပ်နေပြီ၊ အလုပ်မှာ အာရုံဝင်စားမှူနည်းနေပြီဆိုတော့ ကျွန်မတို့ ပျော်ရွှင်ကြရတယ်။ ရုံးတက်ရတာ ပျော်စရာ။ ဟိုစာရင်းလေး  ပေးပါဦး၊ ဒီစာရင်းလေး မပြီးသေးဘူးလား၊ ဒီလအတွက် တားဂက်ပိုက်ဆံ မပြည့်သေးဘူးလား...။ သူ ပြောလေ့ မေးလေ့ ရှိတာတွေ။ ကျွန်မတို့ မေ့ထားလို့ ရပြီ။ ပျော်လိုက်တာ....ဆိုတာ။

ဒီနှစ် ကျန်းမာရေး သိတ်မကောင်းဘူး။ ခဏခဏ နေမကောင်းချင်ဘူး။ ဖျားတာလည်း မဟုတ်ဘဲနဲ့လေ...။ ညဆို ဘယ်လောက် ညဥ့်နက်အောင် နေနိုင်ပေမဲ့ မနက်ဆို ရှစ်နာရီလောက်အထိတော့ အိပ်ချင်သေးတာ။ မနက် ၇နာရီ ထရတာ ကျွန်မအတွက်တော့ စိတ်ပျက်စရာပဲ။ ည ညဆို တော်တော်နဲ့ အိပ်မပျော်တတ်တော့ အခက်ပေါ့ရှင်။ မနက်မနက် ကိုယ့်ကိုယ်ကို တွန်းထိုးဆွဲထူပြီး ရုံးသွားဖို့ ပြင်ရတာ ဘယ်လောက် စိတ်ညစ် ဖို့ ကောင်းလိုက်သလဲနော်။ ဒီလိုပါပဲ၊ လကုန်ရက်လေးမှာ ၀င်လာတတ်တဲ့ ပိုက်ဆံမျက်နှာလေး ကြည့်ကြည့်ပြီး ဆက်သွားနေရတော့တာ။ ခု ကျွန်မ ပျော်နေတယ်။ ခရစ်စမတ်က လာတော့မယ်။ ပိတ်ရက်တွေ ရှိတယ်။ စာတွေဖတ်၊ စာတွေရေး၊ အပေါင်းအသင်းတွေအတွက်လည်း အချိန်တွေ ပေးရဦးမယ်။ မနက် ရှစ်နာရီထိ အိပ်မယ်။ ကျွန်မ ပျော်လိုက်တာရှင်...။

ရုံးမှာလေ ဟိုက ဒီက ပို့ထားကြတဲ့ ခရစ်စမတ်ကဒ်တွေက အပုံအပင်။ အွန်လိုင်းကနေ ပို့လိုက်တဲ့ e-card လှလှလေးတွေ။ ဒီနေရာကို ကလစ်ပါတဲ့...။ ကလစ်ကြည့်လိုက်တော့ ဖယောင်းတိုင်လေး လင်းကနဲ ထွန်းညှိပေးလိုက်တာ။ ဆက် ကလစ်ပါဦးတဲ့။ အို...နှင်းဖွေးဖွေးကြားထဲမှာ အိမ်ကလေး တစ်လုံး၊ နှင်းရည်လူးနေတဲ့ ခရစ်စမတ်ပင်တွေအနား ဘွားကနဲပေါ်လာပြန်ရော။ ဆက် ကလစ်ပြန်တော့ စန်တာကလော့စ်...မုတ်ဆိတ်မွှေးဖြူကြီးနဲ့ ဟိုး ဟိုးဟိုးဆိုတာ...သူပေါ့တဲ့။ The End ဆိုတာ ရောက်တဲ့အထိ ကလစ်နေမိတော့တယ်။ ပြီးသွားတော့ နောက်တစ်ခေါက်...။ နောက်တစ်ခေါက်...နဲ့။ မျက်နှာပေါ် အပြုံးတစ်ခု တင်ထားရင်း ဆက်တိုက် ကလစ်နေမိတော့တာ။ ကျွန်မ ပျော်နေတယ် သိလား။

ဒီနှစ်တော့ ရုံးမှာ နှင်းအတုစပရေး မဖျန်းဘူးရှင့်။ ကျွန်မက ဖျန်းစေချင်တာ။ နှင်းဖြူဖြူတွေကို နဖူးတွေ့ ဒူးတွေ့ မမြင်ဖူးသူမို့ ခုလို နှင်းအတုကလေးတွေနဲ့သာ ကြည်မွေ့နှစ်သိမ့်နေချင်မိတာ။ ကျွန်မက ရောင့်ရဲလွယ်သူရယ်လေ။ သို့ပေမဲ့ နှင်းတွေကို နေ့စဉ်ရက်ဆက် ကြုံနေကြရတဲ့ သူတွေကဖြင့် မော်တော်ကားတွေ ထွက်မရလို့ နှင်းခွဲနေရတာနဲ့၊ လမ်းတွေ ဆီးနှင်းဖုံးလို့ သွားလာရေး ဒုက္ခရောက်ရတာနဲ့၊ နှူတ်ခမ်းတွေကွဲအက် သွေ့ခြောက်ကုန်တာနဲ့ တဲ့ရှင်။ ကျွန်မက ခပ်ညစ်ညစ်ပြုံးရင်း "ဟင့်အင်း ကိုယ်က နှင်းတွေကို ချစ်တုန်းပဲ" ဆိုတော့ သူတို့ ခပ်ကျယ်ကျယ် ဆဲရေးကြလေတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မ ပျော်တယ်။ ခရစ်စမတ်က လာတော့မယ်။

ဒီလိုအချိန်ဆို ရုံးမှာ တစ်နှစ်ပတ်လုံး စတိုထဲမှာနေရရှာတဲ့ ခရစ်စမတ်အပင်ကြီးကို ဆွဲထုတ်လာကြပြီ။ ပင်စည်၊ အကိုင်း၊ အခက်၊ အရွက်အလက်တွေ သူ့နေရာနဲ့သူ နေသားတကျ ချိတ်ဆက်။ အကိုင်းလေးတွေပေါ် သကြားလုံးကလေးတွေ၊ ခြေအိတ်ပိစိ ကလေးတွေ၊ ထီးကောက် သေးသေးလေး
တွေ၊ ရွှေရောင် ဘော်ငွေရောင် ပုလဲရောင် ဘော်လုံး ရောင်စုံလေးတွေကို ပဒေသာပင်လေးဖြစ်အောင် ချိတ်ဆွဲ။ နှင်းပွင့်တွေလိုလို ၀ါဂွမ်းမွမွကြီးတွေကို အကိုင်းပေါ် လိုက်ကပ်သေးရဲ့။  ဟော...အရမ်းလှသွားပြီ။ ရုံးကကောင်မလေးတွေ ဓါတ်ပုံတွေများတောင် ရိုက်ကြလို့။ လူက အလိုလို မြူးနေခဲ့ပြီ။ ပွဲတော်ညသန်းခေါင် မှာ တီးခတ်မဲ့ ဘုရားကျောင်းက ခေါင်းလောင်းသံတောင် ကြားလာမိပြန်သလိုလိုရယ်။ အားလုံး တစ်ယောက်နဲ့ တစ်ယောက် ပွေ့ဖက်လို့ "မဲရီးခရစ်စမတ်" နားနားကပ်ပြီး ပြောလိုက်ရင်ကိုပဲ...။ အို... ကျွန်မ ပျော်လိုက်တာ...။ ခရစ်စမတ်က လာတော့မတဲ့ရှင်။

ကျွန်မငယ်ငယ်က အိမ်မှာ ခရစ်စမတ်အကြိုည ဓမ္မတေးတွေ လာဆိုကြရင်များ သိတ်ပျော်တာပဲ။ "ဤအိမ်ပေါ်သို့ ကောင်းချီး မင်္ဂလာ ရောက်စေသော်  ရောက်စေသော်" အဲလို သီချင်း စာသားတွေနဲ့ ကောင်းချီးပေး သီဆိုကြတာရယ်။ အမေက ရှိသမျှမုန့်တွေ ချကျွေးတာပဲ။ ပိုက်ဆံလည်း အလှူထည့်လိုက်သေးတာ။ ကျွန်မကတော့ ဘာရယ်မသိဘူး၊ ကိုယ့်အိမ်ပေါ်မှာ ဂစ်တာတွေတီးကြ၊ သီချင်းတွေ ဆိုကြနဲ့ လူစုစုတွေ့ရင် ပျော်နေခဲ့တာပဲ။

ကလေးတုန်းကတော့ စန်တာဖိုးဖိုးကြီးဟာ တစ်ကယ်ပဲ ဖဲကြိုးလှလှလေးနဲ့ စည်းနှောင်ထားတဲ့ လက်ဆောင်ထုတ်တွေများ အိပ်ရာဘေးမှာ လာချထားမလား။ လက်ဆောင်တွေ ထည့်ထားတဲ့ ခြေအိတ်ကလေးများ ခုတင်ခြေရင်းမှာ လာ ချိတ်တွယ်ထားမလား။ အဲဒါတွေဟာ တစ်ကယ် ပဲလားလို့ ခရစ်ယာန်ဘာသာဝင် သူငယ်ချင်းတွေကို မေးကြည့်ရတာ အမော။ 

ဒီနှစ်တော့ သူနဲ့အတူ ၀ိုင်အနီတစ်ခွက်လောက်ဖြစ်ဖြစ် သောက်ကြရရင် ကောင်းမှာပဲ။ ကျွန်မ အယ်လ်ကိုဟောသောက်တာကို သူက မနှစ်သက်လေတော့ တားမြစ်နေဦးမှာလား မသိဘူးနော်။ ဟင့်အင်း နည်းနည်းကလေးရယ်။ ခွင့်ပြုပါနော်။ ကျွန်မ ပျော်ချင်ရုံ သက်သက်ရယ်ပါ။

ဒီဇင်ဘာ၊ နှင်း၊ ခရစ်စမတ်...။ သက်ဆိုင်သူတွေ ပျော်ကြ၊ ရွှင်ကြ၊ ဝေးနေသူတွေလည်း လွမ်းကြ ဆွေးကြနဲ့။ ကျွန်မအတွက်တော့ အမှတ်ရစရာ တယ်မရှိလှဘူး။ အောချတ်လမ်းမကြီးပေါ် လျှောက်မယ်။  လူပင်လယ်ကြီးထဲ အလိုက်တသင့် ပါဝင်စီးမျောမယ်။ လမ်းမကြီးတစ်လျှောက် အလှ ဆင်ထားတဲ့ ရောင်စုံမီးတွေ၊ နှင်းသစ်ပင်ဖြူလွ၊ ရွှေသမင်လှလှလေးတွေရယ်၊ စန်တာ ရယ်  ငေးမောကြည့်ရင်း လမ်း လျှောက်မယ်။ ပြီးရင် လမ်းမှာ တွေ့သမျှလူတွေကိုလည်း မဲရီးခရစ်စမတ်လို့ ဦးအောင်နှူတ်ဆက်ဦးမယ်။ စိတ်ကူးနဲ့တင် ကျွန်မ ပျော်လှပြီ။

တကယ်...၊ ခရစ်စမတ်ကဖြင့် လာတော့မယ်။


တက်ဂ်ရေးပေးဖို့ ပြောလာတဲ့ ညီမငယ် ရိုစ့် ကျေနပ်လိမ့်မယ် ထင်ပါရဲ့ရှင်...



Sunday, December 18, 2011

လောင်ကျွမ်းခြင်း သီအိုရီ

All about School- "ကျောင်းအကြောင်း"ဆိုတဲ့ e-bookလေး ထွက်ပါပြီ။ 

ပါဝင်ရေးသားသူ : ကိုကိုသက် ၊ ကျော်ညိုသွေး ၊ ကြည်သက်ဟန် ၊ ခိုင်စိုးလင်း ၊ ချစ်ကြည်အေး ၊ ညီဇံလှ ၊ ညိုမင်းခ ၊ နေဦး ၊ ပန်ဒိုရာ ၊ မိုးလှိုင်ည ၊ မှိုင်း (ဆေး -၂) ၊ Louise Jane Cher ၊ သက်ဝေ ၊ ဟန်သစ်ငြိမ် ၊ ဟယ်ရီလွင် ၊ သြမြိုင် 

ပုံရေးဆွဲသူ : မလေးမေ

စီစဉ် / စာပြင်သူ   : ခိုင်စိုးလင်း

ဒီမှာ ဒေါင်းပြီး ဖတ်ရှူ့နိုင်ပါတယ်။

                 
 လောင်ကျွမ်းခြင်း သီအိုရီ



နေကလည်း ပူပြင်းလိုက်တာ၊ ကားတွေကလည်း ကြပ်မှကြပ်။ ဦးဘတင့်တို့ ခပ်ငယ်ငယ်တုန်းကဆို ကားတွေကလည်း အခုလောက် မကြပ်သေး၊ နေကလည်း တစ်လုံးတည်း။ ခုတော့ ကမ္ဘာကြီး ပူနွေးလာလိုက်တာများ နေနှစ်စင်း ပြိုင်ထွက်သလား မှတ်ရတယ်။ လူငယ်တွေလို တိုးနိုင် တွန်းနိုင် တက်နိုင်တဲ့ အရွယ်ကတော့ ဘာပြောကောင်းမလဲ၊ ဒီလိုပဲ ကားတစ်စီးလာရင်း တိုးဝှေ့တက်ရင်းနဲ့ ကားပေါ်ပါသွားတာပဲ။ ဦးဘတင့်တို့အရွယ်သာ…။

ကားတစ်စီးလာတိုင်း လာတိုင်း လုတက်လိုက်ကြတဲ့ လူအုပ်ကြီးဆိုတာ၊ ဦးဘတင့်ပဲ ကားတစ်စီး ထွက်သွားတိုင်း ထွက်သွားတိုင်း ပလက်ဖောင်းဘေးအောက်နားလေးမှာ တခြားလူတွေနဲ့အတူ ကျန်ရစ်တယ်။ ကျန်တဲ့လူတွေသာ ပြောင်းသွားမယ်၊ ဦးဘတင့်ကတော့ မပြောင်းဘူး။ ကြာတော့ စိတ်လျှော့ ပြီး ဖြည်းဖြည်းပဲ လမ်းလေးလျှောက်သွားတာပေါ၊့ လူနည်းတဲ့ မှတ်တိုင်၊ လူချောင်တဲ့ကားတွေ့မှပဲ တက်စီး တာပေါ့လို့ စဉ်းစားရင်း ကားမှတ်တိုင်က ခွာတယ်။

ရုပ်ရှင်ရုံကြီးတွေကို ငေးကြည့်လိုက်၊ လမ်းဘေးက အဆိုင်းသည်ကလေးတွေကို ငေးကြည့်လိုက်၊ ပျားပန်း ခတ်နေတဲ့ လူတွေကို ကြည့်လိုက်နဲ့ပေါ့။ လူတွေ လူတွေ အိမ်ထဲမှာမှ နေကြရဲ့လား၊ အိမ်ရှိလူကုန် လမ်းပေါ်ထွက် အလုပ် လုပ်နေကြသလား မှတ်ရတယ်။

ကိုရီးယားခွေတွေ သုံးခွေမှ တစ်ထောင်ဆိုလား။ အင်း…ဒီနားတစ်ဝိုက်ဆိုရင် အဖမ်းအဆီးတော့ ရှိမှာပဲ။ ဒါပေမဲ့ ဒီလိုပဲ ပါသွားလိုက်၊ ဒဏ်ငွေဆောင်ပြီး ပြန်ထွက်လာလိုက်၊ နေ့ပြန်တိုးနဲ့ ငွေလေးချေးပြီး ပြန်ရင်း လိုက်၊ အရင်းလေး ရလာလိုက်၊ ပြန်အဖမ်းခံရလိုက်၊ အရင်း ပြန်ပြုတ်လိုက်ဆိုတဲ့ သံသရာကြီးထဲ ၀ိုင်းကြီး ပတ်ချာ လည်နေကြတာရယ်။ ဘ၀တွေ ဘ၀တွေ….ဘယ်လိုလုပ်မတုန်း၊ ဘ၀ကြီးက ဒီလိုမှ သူတို့ လုပ်မစားရင် တခြားလည်း ဘာမှ လုပ်မစားတတ်ကြဘူးကိုး။

လမ်းဘေး သစ်သီးသည်ကလေးတွေကိုတွေ့တာ့ အိမ်အတွက် သစ်သီးဆွမ်းကပ်ဖို့ ၀ယ်သွားရင် ကောင်းမ လားတွေးမိရင်း ဈေးမေးလိုက်တယ်။ တရုတ်ပန်းသီးငါးလုံး တစ်ထောင့်ရှစ်ရာ၊ ထောင့်ခြောက်ရာနဲ့ပေးမတဲ့။ လိမ္မော်သီးငါးလုံးက ထောင့်နှစ်ရာတဲ့။ အလုံးက နည်းနည်းတော့သေးတယ်။ တရုတ်ဇီးသီးကြီးတွေကလည်း လှမှ လှ။ မောင်မင်းကြီးသား ပေါက်ဖော်ကြီးများကိုတောင် ကျေးဇူးတင်ရမလိုလို၊ သြစတြေးလျက ပန်းသီးများ ဒီမှာဝယ်လို့ရပါတယ်ဆိုရင်တောင် ဘယ်လိုလုပ် ၀ယ်စားနိုင်မှာတုန်းဗျာ။

ဝယ်တော့ ၀ယ်ချင်သား၊ တော်ကြာ ၀ယ်သွားလို့မှ မျက်နှာမရ ခြေထောက်ရဖြစ်နေမှာလည်း စိုးရသေး။ မဒမ်ဘတင့်လေ…၊ ဟိုတစ်ခါ ၀ယ်သွားမိပါတယ်။ ဈေးကြီးသလေး ဘာလေးနဲ့၊ အညှာနား နည်းနည်းလေး နာနေတာကို သေချာရွေး မ၀ယ်ရကောင်းလားနဲ့ ပွစိ ပွစိလုပ်တော့တာ။ ဦးဘတင့်ဆိုတာကလည်း “ငါဝယ်လာတဲ့ဟာ မကြိုက်ရင် မင်းဟာမင်း ထပ်ဝယ်ကွာ”လို့ ခပ်ငေါက်ငေါက်ပြောဖို့ရာ ငွေ အဲသည် လောက်မပေါတဲ့ ဘတင့်ဖြစ်နေတော့ တိတ်တိတ်လေးပဲ ငြိမ်နေခဲ့ရတယ်။ တော်ပါပြီလေ ၀ယ် မနေတော့ပါဘူး။ မဒမ်ဘတင့်လက်ထဲ ငွေ နယားကလေး အပြည့်အပ်လိုက်တာ ပဲ ကောင်းပါတယ်။

“ဆရာ…ဆရာဦးဘတင့်….ဆရာဦးဘတင့်မဟုတ်လား ခင်ဗျာ”

“ဟေ…အေး၊ ငါ ဘတင့်ပဲ နေပါဦး၊ မင်းက ငါ့တပည့်လား ဘယ်အတန်းကတုန်း”

ဦးဘတင့် တန်းကနဲ မေးချပစ်လိုက်တယ်။ ဆရာဆိုတဲ့လူမျိုးက အဲလိုပဲ၊ လမ်းတွေ့ဘယ်သူဖြစ်ဖြစ် ကိုယ့်တပည့် မှတ်တော့တာ။

“ဟာ ဆရာ ၀မ်းသာလိုက်တာ ဆရာရယ် ကျွန်တော် ရဲလွင်လေ ဆရာရဲ့၊ မှတ်မိလား ကျွန်တော့်ကို”

“ဟား အေး အေး ဟုတ်ပြီကွ ငါ မှတ်မိပြီ ရဲလွင်၊ မင်း ဆက်ရှင်ဖိုက်က မဟုတ်လား၊ မင်းနှယ် လူကောင်ကြီး နည်းမှ မနည်းပဲကွ ဟေး ဟေး”

“ဟုတ်ပါတယ် ဆရာ၊ ဆရာက ကျွန်တော့်ကို မှတ်မိသားပဲ”

“ဟကောင်ရ ဆရာတွေ မှတ်မိတဲ့ကျောင်းသား နှစ်မျိုးပဲ ရှိတယ်ကွ၊ လိမ္မာတဲ့ကျောင်းသားရယ်၊ ဆိုးတဲ့ ကျောင်းသားရယ် ဟားဟားဟား”

“ဟာ ဆရာက လုပ်ပြီ၊ ဟုတ်လည်း ဟုတ်ပါတယ် ဆရာရယ်၊ အဲဒီတုန်းကသာ ဆရာနဲ့ မတွေ့ရင် ကျွန်တော် ခုလိုဖြစ်ချင်မှ ဖြစ်လာမှာပါ၊ ဆရာ့ကျေးဇူးတွေ ကျွန်တော့်အပေါ် အများကြီးပါ ဆရာ။ ခုခေတ်တော့ ဆရာတို့လို ဆရာတွေ ရှားသွားပြီ ဆရာရဲ့၊ ဆရာ ဟိုတုန်းက ပြောခဲ့ဖူးတဲ့စကားလေးလေ ကျွန်တော် အရမ်း သဘောကျခဲ့တာ “ငါတတ်ထားတဲ့ပညာကို ကလေးတွေဆီ ဘယ်တော့မှ ရောင်းမစားဘူးကွ” ဆိုတာလေ၊ ဆရာပေးခဲ့တဲ့ ပညာဒါနနဲ့ပဲ ကျွန်တော်တို့ကောင်တွေ လူ ဖြစ်လာရတာပါ ဆရာရယ်”

“အင်း….အေး ထားပါတော့ကွာ ဒါနဲ့ မင်း အခု ဘာလုပ်နေလဲ”

“ကျွန်တော်က ဒီRoyal Myanmarဟိုတယ်မှာ မန်နေဂျာလေ ဆရာ၊ ဆရာ ခုအားတယ်မဟုတ်လား၊ လာပါဆရာ တစ်ခုခုစားရင်း စကားပြောရအောင်ပါ၊ ပြီးတော့ ဆရာ့အိမ် ပြန်လိုက်ပို့ပေးပါ့မယ် ဆရာ”

ဦးဘတင့်ကတော့ ခေါင်းတညိတ်ညိတ်လုပ်ရင်း တသွေးတမွေးစိုပြည်နေတဲ့ သူ့တပည့်ကြီးကို ပြုံး ကြည့်ရင်း သဘော တကျကျရယ်။ ဒီကောင်က ကျောင်းတုန်းက ခပ်ဆိုးဆိုးကောင်၊ လူက တော်ချင်ပါလျက်နဲ့ အင်မတန် ရွတ်တဲ့ကောင်၊ အတန်း မတက်ဘူး၊ ကျူတိုရီယယ်မဖြေဘူး။ သူ့ စာမေးလို့လည်း ဖြေချင်မှ ဖြေတဲ့ကောင်။ နောက်ဆုံးခုံမှာထိုင်ပြီး လုပ်ချင်ရာ လုပ်နေတတ်တာ။ ထောင့် မကျိုးဘူး ဆိုပါတော့။ ဦးဘတင့်လို ဆရာအငယ်တွေ တော်တော်များများကလည်း ရဲလွင်ဆို လန့်ကြတယ်။ အထူးသဖြင့် ဆရာမ အငယ်လေးတွေ။ ဒီကောင်က စိတ်ထဲမထင်ရင် မထင်သလို လုပ်တတ်တာကိုး။

ဦးဘတင့်က ခြေချော်လက်ချော် ဆရာဖြစ်လာတဲ့ကောင် မဟုတ်ဘူး၊ စာသင်ချင်လွန်းလို့၊ စာပြ၀ါသနာ ပါလွန်းလို့ ကို ကျောင်းဆရာလုပ်ခဲ့တာ။ ပြီးတော့ စေတနာဆရာပဲ ဖြစ်ရမယ်ဆိုတဲ့ ယုံကြည်ချက်ပြင်းပြင်းနဲ့ ချထားတဲ့ ဆုံးဖြတ်ချက်က ဦးဘတင့်နှလုံးသားထဲ ထူးခတ်ထားသလို စွဲနေခဲ့တော့တာ။ တက္ကသိုလ်မှာ နည်းပြဆရာဖြစ်စက အသက် ၂၁နှစ် ရှိသေးတယ်။ ကျောင်းသားတွေနဲ့ဆို သူငယ်ချင်းလို၊ ညီအစ်ကိုလို အရွယ်။ အဲဒီမှာ ရဲလွင်နဲ့တွေ့တာ့တာပဲ။

တစ်နေ့တော့ သူ့မေဂျာဘာသာ ကျူတိုရီယယ်မှာ စွတ်စွတ်ရွတ်ရွတ်လာဖြေတဲ့ ရဲလွင်ကို ဦးဘတင့် အမှတ် အများဆုံး ပေးချ ပစ်လိုက်တယ်။ သူ့ရဲ့ဖြေဆိုပုံကိုလည်း တခြားကျောင်းသားတွေ သိရအောင် နည်းနည်း ဖတ်ပြလိုက်တယ်။ ရဲလွင်ခုံနံပတ် ကိုခေါ်ပြီး ဒီကျောင်းသားဟာဖြင့် အမှတ်အများဆုံး ရသွားတယ်၊ ပြီးတော့မှ ဘယ်သူမှန်း မသိသလိုလိုနဲ့ အဲဒီခုံနံပတ် မတ်တတ်ရပ်ပြပါဆိုတော့ ရှက်သလိုလိုနဲ့ မျက်နှာကြီးရဲနေတဲ့ ရဲလွင်ဟာ ခေါင်းကြီးငုံ့ရင်း ထရပ်ပြရှာတယ်။ အဲဒီနောက်ပိုင်း ရဲလွင် အချိုးနည်းနည်း ပြောင်းသွားတယ်။ အဲဒီလိုနည်းနဲ့ ရဲလွင်ဆိုတဲ့ကောင်ကို ဇက်ကြိုး ချော့တပ်ခဲ့ရတာ။

တကယ်တော့ ဒီကောင်က လူတော်၊ မိဘတွေရဲ့ အိမ်တွင်းရေး မပြေလည်မှုကြောင့် ညစ်တွန်း တွန်းနေတဲ့ လူငယ်ကလေး။ အဖေယူထားတဲ့ နောက်မိန်းမနဲ့လည်း မတဲ့၊ အဖေကိုလည်း ခနိုးခနဲ့၊ လောကကြီးကိုလည်း ရွဲ့နဲ့။ အဲဒီမှာ လောကကြီးက အကောင်းအတိုင်း၊ ရွဲ့လာတာက သူ။ နောက်တော့လည်း ဆရာဦးဘတင့်မှ ဆရာဦးဘတင့်။ ဦးဘတင့်မို့ ပြောရင် တစ်ခွန်းပဲ။

အဲဒီနေ့က ဆရာတပည့်နှစ်ယောက် စကားပြောကောင်းလိုက်ကြတာ မနည်းဖြတ်ချရတယ်။ ရဲလွင်က အိမ်ရှေ့အထိ သူ့ကားလေးနဲ့ လိုက်ပို့ရှာပါတယ်။ ဦးဘတင့်ကတော့ မဒမ်ဘတင့်ကို သူ့တပည့်ကြီး အိမ် ခေါ်ပြသလို ဖြစ်သွားတာ မို့ ကျေနပ်မဆုံးဘူး။ ကားကြီးမောင်းလို့ ဦးဘတင့်အိမ်အတွက် မုန့်ပုံးတွေ၊ အသီးတွေလည်း ပါသေးတာမို့ မဒမ်ဘတင့်လည်း သွားကို မစေ့နိုင်ဘူးပေါ့။ ဒီလိုပါပဲ ဦးဘတင့်တို့ ကျောင်းဆရာဆိုတာမျိုးက တပည့်တွေ သမာအာဇီဝနဲ့ ကြီးပွားနေ တာ မြင်ရရင်များ ပြောမဆုံး၊ ကြွားမဆုံး၊ ကျေနပ် မဆုံးဘူး။ ကျောင်းဆရာပီတိ ဆိုပါတော့လေ...။

ဟိုအရင်က ဦးဘတင့်ဆိုတာ စာသာသင်နေရလို့ကတော့ လာထား ဆိုတာမျိုး။ ရဲလွင်တို့ သူငယ်ချင်း တတွေကို အတန်းပြီးရင် အချိန်ပို စာသင်ပေးတယ်။ အလကားသင်ပေးတဲ့အပြင် လဘက်ရည်ဆိုင်မှာ သင်တဲ့အခါမျိုးဆို ကျောင်းသားတွေကို လဘက်ရည်တိုက်ပြီးတော့ကို သင်ပေးလိုက်သေးတာ။ တကယ့်ကို စစ်စစ် စစ်စစ်မြည်နေတဲ့ နာသုံးနာဆရာအစစ် ဆိုပါတော့ဗျာ။ ငွေမျက်နှာ လုံးဝမကြည့်ခဲ့ဘဲ အိတ်စိုက် သင်ခဲ့တာ။ ဒါတောင် အဲဒီတုန်းက ဦးဘတင့်ရတဲ့လစာနဲ့ သုံးလောက်နေသေးတာပဲ။

အင်း ခုတော့ ခေတ်ကပဲ ပြောင်းသလား၊ လူတွေကပဲ ပြောင်းသလား၊ ကုန်ဈေးနှုန်းတွေကပဲ ပြောင်းကုန် သလား.…၊ လောက်ငှခြင်း မလောက်ငှခြင်းဆိုတာတွေကပဲ ပြောင်းလဲခြင်းတွေကို အသက်သွင်းခဲ့သလား။ ဘာက ဘာတွေကို ပြောင်းလဲစေခဲ့တာလဲ၊ မသိနိုင်တော့ပါဘူး။

အင်္ကျီလေးလဲပြီး ပက်လက်ကုလားထိုင်လေးပေါ် အေးအေးလူလူ ထိုင်နေလိုက်တာ ခဏနေမှ သတိရတယ်။ လွယ်အိတ်ထဲမှာ ကျစ်ကျစ်ပါအောင် လိပ်ထားတဲ့ ငွေစလေးတွေ အိတ်ထဲက ထုတ်ပြီး မဒမ်ဘတင့် ခေါ်ပေးလိုက်တယ်။ နေ့လည်က ကျောင်းသားတွေ ၀ိုင်းကျူရှင်လခ ပေးလိုက်တာပေါ့ဗျာ။ အပ်ငွေက တစ်ကျပ်တစ်ပြားမှ မလျော့တော့ကာ မဒမ်ဘတင့်မျက်နှာဆိုတာ ၀င်းပ ပြုံးချိုလို့။

ဦးဘတင့်မှာသာ…..။ အဲဒီခဏ ရဲလွင်မျက်နှာ ပြေးမြင်တယ်။ ရဲလွင်စကားတွေ ကြားယောင်တယ်။ ကိုယ့်ကိုယ်ကို မှန်ထဲ ပြန်မြင်နေရသလို ဘက်တွေမှားလို့။ ယုံကြည်ချက်နဲ့ ရပ်တည်ချက်တွေ ဟန်ချက် မညီတော့တဲ့အခါ ယိုင်လဲပြိုကျသွားတဲ့ ဖြစ်နေကျတွေထဲ မွန်းကြပ် ပိတ်မှောင်လို့…။ တဒင်္ဂများစွာက ဦးဘတင့်ကို မလှုပ်နိုင်အောင် စုချည်နှောင်တုပ်ထားလိုက်တာ သွေးတွေတောင် တစ်ဒုတ်ဒုတ်တိုးလာသလား မှတ်တယ်။

အဲဒီခဏမှာ လောင်မြိုက်လိုက်ပုံက ခုမှပဲ  နေနှစ်စင်း ချက်ချင်း ထွက်လာသလို ချစ်ချစ်တောက်၊ ဦးဘတင့်ရင်ထဲ ကျွမ်းကနဲ ပူကနဲ…..


Wednesday, December 14, 2011

ခြင်္သေ့ကျွန်းသူ

ရွှေဒေါင်းတောင် အွန်လိုင်းဂျာနယ်အတွက် ရေးဖြစ်ခဲ့တဲ့ ၀တ္ထုတိုလေးပါ။ ဖတ်ပြီးသူတွေလည်း ရှိကြပါ လိမ့်မယ်။ မဖတ်ရသေးသူတွေအတွက်ရော၊ ကျွန်မ ဘလော့ဂ်လေးပေါ်မှာပါ အမှတ်တရ သိမ်းထားချင် တာကြောင့် ပြန်တင်လိုက်ပါတယ်။ ဖတ်ကြည့်ကြပါဦးနော်....


(၁)
လွန်ခဲ့သောတနှစ်က ချစ်သောမြို့ကလေးဆီ ရင်ငွေ့လှူံရန်  သူမ ပြန်ခဲ့သည်။ မြေနီလမ်းကလေးပေါ် ရည်ရွယ်ချက်မဲ့ ခြေဦးတည့်ရာသွားနေရင်းက မြို့ကလေး၏ အတန်အသင့် ပြောင်းလဲနေသော လူနေမှူ အငွေ့အသက်တို့ကို လိုလိုချင်ချင် ရှိုက်မောနေဖြစ်ခဲ့သေးသည်။ လေပြေညှင်းတို့ ဝေ့ဝေ့၀ဲဝဲ လွှမ်းခြုံ ထားခြင်းခံရသော မြို့ကလေး၏ညနေခင်းသည်ပင် တလွှားလွှား တလွင့်လွင့် ရှိနေသယောင်။

“ခြင်္သေ့ကျွန်းသူကြီး အလည်ပြန်လာတာလား”

ခပ်ထေ့ထေ့ ကိုစည့်အသံ။ ခပ်လှောင်လှောင် ကိုစည့်မျက်ဝန်းထဲက အရောင်တွေ။ နာကျင်မှူတို့နှင့် ချိန်စက်လျှက် သူမ ဘယ်လိုနှလုံးသားမျိုးနှင့်မှ မမေ့ခဲ့နိုင်ပါ။

“ကလေးတွေရော နေကောင်းတယ်နော်၊ စည်သူ့ အမျိုးသမီးရော ကျန်းမာတယ် မဟုတ်လား”

ဒါ သူမဘက်က အကောင်းဆုံး အားထုတ်မှူပါပဲ။ တစ်စက်ကလေးမှ မျက်စေ့မျက်နှာ မပျက် ပြုံးယောင် ယောင် ဖြစ်နေခဲ့သေးသည်တောင် ထင်မိပါရဲ့…။ ခပ်သွယ်သွယ် ကိုစည့်မျက်နှာက ပိုလို့ပင် ပါးလျစွာ၊ ရှည်သော ကိုစည့်အရပ်ကို ရှိရင်းစွဲထက် မြင့်မားစေတာကြောင့် သူမ ကိုယ်တိုင် မြေကြီးနှင့် ကပ်လျက် ရပ်နေသလို ခံစားခဲ့ရလေသည်။ အို… ကိုစည့်အနားမှာရှိချိန်တိုင်း သူမ သေးငယ်သိမ်ဝပ်စွာ ခံစား ရမြဲပါလေ။

မေးလိုက်စမ်းပါစေ စိတ်ကတောင်းဆိုခဲ့လျှက် သူမ ဖြေဆိုချင်သော မေးခွန်းတစ်ခုကိုမူ ကိုစည် မမေးခဲ့ ပါ။ ကျောခိုင်းလှည့်ထွက်ချိန်ကျမှ ကိုစည့်မျက်နှာကို ရှေ့တည့်တည့်ထားကာ စိတ်ထဲက အားပါးတရ ရေရွတ် မိသည်။ “အင်း ကျွန်မ ငြိမ်းသုခင် ခုထိ တစ်ယောက်ထဲပါပဲတဲ့ ရှင်” ကိုစည် ကြားနိုင်မည်မဟုတ်သော် လည်း သူမကတော့ ခုလို စိတ်ထဲကပြောခွင့်ရတာကိုပင် နှစ်လိုအားရ ရှိလှစွာ။ သူမတို့က စကားလုံးမဲ့ ကြားသိနိုင် ကြသူတွေ။ တစ်ချိန်တုန်းက ဆိုပါတော့လေ။ 




Thursday, December 8, 2011

AaB ရဲ့ ဒုတိယအကြိမ်မြောက် အလှူမှတ်တမ်း

ကျွန်မတို့ အားလုံးမှာ လူသားဆန်တဲ့ စိတ်နှလုံးကိုယ်စီ ရှိကြတယ်။ ရှိအောင်လည်း လေ့ကျက်သင့်တယ်။ ဘာမဆို အလေ့အကျင့်ထုံလာရင် အစွဲအလန်းဖြစ်သွားတတ်တာ ဓမ္မတာပဲ မဟုတ်လား။ ခုဆိုရင် ကျွန်မတို့ ဘလော့ဂ်ဂါ မောင်နှမတွေ၊ ရေးဖော်ရေးဖက်တွေ စုစည်းထားတဲ့ AaB Myanmar (AaB-All about Bloggers) ဆိုတဲ့ အဖွဲ့လေးမှာ ဒါနအထုံ စတင် မျိုးစေ့ချနေပြီလို့ ဆိုရပါမယ်။

မကြာသေးခင်ကမှ ပခုက္ကူနယ်တစ်ဝိုက်မှာ ဖြစ်ပွားခဲ့တဲ့ သဘာဝရေဘေးဒဏ်ကို ကျွန်မတို့ မြန်မာပြည်သူ ပြည်သားတွေ ထိခိုက် နာကျင်စွာ ခံစားခဲ့ကြရတာကို မှတ်မိကြပါလိမ့်မယ်။ အဲဒီတုန်းက AaBက ပထမအကြိမ်အဖြစ် ကျပ်ငွေ ၃၃သိန်းခွဲတိတိ လှူဒါန်းနိုင်ခဲ့ကြပါတယ်။ အသေးစိတ်ကိုတော့ ပခုက္ကူ အလှူမှတ်တမ်း မှာ သွားရောက် ဖတ်ရှူ့နိုင်ကြပါတယ်။

ခုတစ်ခါ သွေးပူနေသေးတဲ့ ကျွန်မတို့အတွက် နောက်ထပ်အလှူတစ်ခု လှူဖြစ်ဖို့ ဖန်လာပြန်ပါတယ်။ ရေးဖော် ဘလော့ဂ်ဂါ ကိုဘွိုင်းဇ်ရဲ့  စတင်လှူံ့ဆော်ပေးမှူက စတင်ခဲ့တာပါ။

မောင်သန်းဇော်ဦးဆိုတဲ့ ရနှစ်အရွယ် စစ်တွေက ကလေးတစ်ယောက် အသည်းမှာ ရေအိတ်တည်တဲ့ ဝေဒနာ ခံစား နေရပြီး အကြီးစားခွဲစိတ်မှူမှ မပြုလုပ်ရင် အသက်ရှင်စရာလမ်း မမြင်ဘူးလို့ သိရပါတယ်။ မူရင်းသတင်းကိုတော့ The Voice Journalကတစ်ဆင့် သိရှိရတာပါ။

ကလေးကို ပုံနဲ့တကွ တွေ့လိုက်ရတဲ့အခါမှာ ကျွန်မတို့အားလုံးပဲ ကလေးငယ်ရဲ့ ခွဲစိတ်စရိတ်ကို တစ်နိုင်တစ်ပိုင် မျှခံပေးချင်စိတ်တွေ ဖြစ်ခဲ့ကြတယ်။ လူသားငယ်ကလေးရဲ့ အသက်တစ်ချောင်းအတွက် ကျွန်မတို့တစ်တွေ  တတ်နိုင် သလောက် ဖေးမပေးလိုက်ချင်တဲ့ စိတ်တွေနဲ့ပေါ့ရှင်။ ခွဲစိတ်ကုသမှူ အောင်မြင်ပါစေလို့လည်း မေတ္တာ ပို့ပေးမိပါရဲ့။
၁ရက်နေ့ကနေ ၇ရက်နေ့ ဒီဇင်ဘာအထိ ကလေးခွဲစိတ်စရိတ်အတွက် အလှူငွေ ကောက်ခံလိုက်ကြတာ စုစုပေါင်း စင်္ကာပူဒေါ်လာ ၁၇၉၀ (ကျပ်ငွေ ၁,၀၉၁,၉၀၀) ရရှိပြီး ကလေးဆီဆက်သွယ်ပေးပို့လို့ လှူဒါန်းခဲ့ကြပါတယ်။ ဆရာဝန်တွေရဲ့ ခန့်မှန်းချက်အရ ခွဲစိတ်ကုသမှူကုန်ကျငွေ အကြမ်း ၁၀သိန်း ကနေ သိန်း ၃၀ခန့် ကုန်ကျနိုင်မယ် ဆိုတော့ကာ ကျွန်မတို့ AaBကနေ ကုသစရိတ်ရဲ့ ၃ပုံ ၁ပုံလှူနိုင်ခဲ့တယ် ဆိုရပါမယ်။ အားလုံးကိုယ်စား အင်မတန် ၀မ်းသာပီတိ ဖြစ်မိရပါတယ်။
နောက်ဆုံးသတင်းအရ မနက်ဖြန် ဒီဇင်ဘာ ၉ရက်နေ့မှာ ကလေးငယ်ကို ခွဲစိတ်ကုသမှူ ပြုလုပ်ကြမယ်လို့ သိရပါတယ်။
ခွဲစိတ်ကုသမှူ အစစအရာရာ အဆင်ပြေ ချောမွေ့ပါစေလို့ ဆုတောင်းရင်း ကလေးအတွက်ပါဝင်လှူဒါန်းကြတဲ့ AaBမှ ရပ်ဝေးရပ်နီး ဘလော့ဂ်ဂါမောင်နှမများ နဲ့ နှလုံးသားချင်းထပ်တူကျသော အလှူရှင်များ၊ စာဖတ်သူများရဲ့ ထက်သန်လှတဲ့ စေတနာ သဒ္ဒါတရားအတွက် အလှူငွေစာရင်းလေးကို ဒီနေရာမှာ မှတ်တမ်းတင်ထားပါရစေရှင်။
1-Dec-11 ITR 50 I-BANK မေသူခိုင် maythukhine.blogspot.com
1-Dec-11 ITR 30 I-BANK IBank ကိုသီဟသစ် arrmanthit.blogspot.com/
1-Dec-11 ITR 50 I-BANK ချစ်ကြည်အေး
1-Dec-11 ATR 50 သိန်းထိုက် (ဖိုးသင်္ကြန်) www.phothagyan.blogspot.com
 1-Dec-11 ATR 50  ပူးတေ april-poo.blogspot.com/
1-Dec-11 ITR 50 I-BANK တီအိုအိုင် (Turns On Idea)  http://turnonideas.blogspot.com
1-Dec-11 ITR 50 I-BANK သက်ဝေ http://www.thet-wai-blog.blogspot.com
1-Dec-11 ITR 30 I-BANK မယ်ကိုး http://www.maecoe.net
1-Dec-11 ITR 50 I-BANK ကိုဘွိုင်းဇ် http://heartstations.blogspot.com/
1-Dec-11 ITR 60 I-BANK အန်တီတင့် http://www.auntytint21183.net 
2-Dec-11 ATR 30 မိုးခါး
2-Dec-11 ATR 30 စိုးမင်းထိုက်
2-Dec-11 ATR 50 မနော်ဖော http://rose-sharon.blogspot.com
2-Dec-11 ATR 50 မေလေး
2-Dec-11 ITR 50 I-BANK မေဇင်အေး http://monethu.blogspot.com
2-Dec-11 ITR 50 I-BANK ကိုလူသစ် http://luthit.blogspot.com
2-Dec-11 ITR 50 I-BANK -ခိုင်စုလတ် http://cherrydreamblog.blogspot.com/
2-Dec-11 ATR 30 ဦးဇော်မြင့်
2-Dec-11 ITR 50 I-BANK ကိုဌေးအောင် http://luula18.blogspot.com
2-Dec-11 ITR 50 I-BANK ဖိုးစိန် http://phoesein.blogspot.com
2-Dec-11 ITR 30 I-BANK ဘိုဘို http://www.mogokthar.com
2-Dec-11 ITR 50 I-BANK အမေ့သား http://amaythar1976.blogspot.com/
3-Dec-11 ITR 50 I-BANK တီဇက်အေ http://www.degolar.info
3-Dec-11 ATR 50 ကိုဇူလိုင် http://july-dream.blogspot.com
3-Dec-11 ITR   30 I-BANK ကိုခင်မောင်ဦး မသန္တာလွင် http://thandarlwin.blogspot.com
3-Dec-11 ITR   10 I-BANK ကိုသက်နိုင်
3-Dec-11 ITR   10 I-BANK ကိုမျိုးထွန်း မ၀တ်ရည်ထွန်း
3-Dec-11 ITR   10 I-BANK ကိုဇင်မင်းငြိမ်း မခင်မာဝင်း
3-Dec-11 ITR   10 I-BANK မအေးမင်းလတ်
3-Dec-11 ITR   10 I-BANK မ၀င်းဝင်းမြင့်
3-Dec-11 ITR   10 I-BANK မဆွေမွန်ဦး
3-Dec-11 ITR   10 I-BANK ကိုဟိန်းလတ်ဝင်း မနီလာမိုး
3-Dec-11 ITR   20 I-BANK ဦးတင်မောင်ညွန့် မိသားစု
3-Dec-11 ITR   10 I-BANK ကိုကျော်ဇေယျ မနိုနိုဝင်း
4-Dec-11 ITR   50 I-BANK ကိုဇော်သက်အောငhttp://www.phoonuthit.com
5-Dec-11 ATR 50 နိုဘယ်မိုး http://www.noblemoe.blogspot.com
5-Dec-11 ITR  20 I-BANK ငြိမ်းချမ်းကျော်
5-Dec-11 ITR  100 I-BANK Oversea Burmese Youth Group (OBYG)
5-Dec-11 ITR  100 I-BANK Anonymous
5-Dec-11 ITR  15  I-BANK မအိခိုင်
5-Dec-11 ITR  30 I-BANK ကိုဇီးရိုး
6-Dec-11 ITR  30 I-BANK ကိုအောင်ကျော်လွင်
6-Dec-11 ITR  50 I-BANK Meredith Johnson
7-Dec-11 ITR  30 I-BANK မခင်ချိုလွင်
7-Dec-11 ITR  20 I-BANK မအေးမြတ်မြတ်မွန်
7-Dec-11 ITR  50 I-BANK ကိုဝင်းကျော်ထွန်း
7-Dec-11         25 မအိမ်သူ http://warkhaungmoe.blogspot.com/

Related Posts:
ကလေးရေ အားတင်းထားပါ
Donation for Kid who needs urgent operation in Myanmar
Rose of Sharon အလှုရှင်များသို့နောက်ဆက်တွဲသတင်း
ကလူသစ်နဲ့ အာလာပ သလ္လာပ မောင်သန်းဇော်ဦး သတင်း update