Tuesday, November 1, 2011

၆လပြည့် ရသအလင်း

အလုပ်တွေများနေလို့ စာမရေးဖြစ်တာပါ လို့...မပြောတော့ဘူး....:)

၂၉ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ရသအလင်း ဖောင်ဒေးရှင်းရဲ့ ၆လပြည့်ပွဲလေးမှာ ဆရာသည်မော်နိုင်ရဲ့ အနုပညာပြကွက်တွေနဲ့အတူ ခင်းကျင်းပြသခွင့်ရခဲ့တဲ့အတွက် ပီတိဖြစ်ရတယ်။  ကျေးဇူးလည်း တင်ပါတယ် ဆရာ....

ပွဲလေးတစ်ခု  ချောမွေ့ အောင်မြင်စွာပြီးဆုံးခဲ့လို့ အားထုတ်ဖန်တီးခဲ့ကြသူ မောင်နှမတွေနဲ့ ထပ်တူ ကြည်နူးပီတိဖြစ်ရပါတယ်။ ကျွန်မ စာမရေးနိုင်သေးခင်မှာ ပွဲကိုတက်ရောက်ခဲ့တဲ့ ဘလော့ဂ်ဂါ မောင်ငယ် ဖိုးစိန်ရဲ့ ဖေ့စ်ဘုတ်က မှတ်စုကလေးကိုပဲ ပြန်လည် ဝေမျှပါရစေရှင်။ 

မောင်လေးရေ... ရသအလင်း (၆)လပြည့်မှာ မောင်လေးကဗျာ တစ်ပုစ်လောက်ရွတ်ပါလား.. မမတို့ ရသအလင်း(၆)လပြည့်ကို ကဗျာရွတ်ပွဲနဲ့ အတူ သည်မော်နိုင်ရဲ့  အနုပညာ ပြကွက်တွေပေါင်းပြီး ပွဲလေးတခု လုပ်မလို့ ဆိုပြီး ကိုယ့်အမ ဒါဒါက ပြောတော့ လွယ်လင့်တကူပဲ ခေါင်းညိတ်ခဲ့တယ်။ ကဗျာက ရွတ်ချင်တာ ထက် မမတို့ပွဲမှာ ဘာလုပ်မလဲ ဆိုတာ စိတ်ဝင်စားတာရယ်.. အားကြိုးမာန်တက် နေ့မအား ညမနား ကြိုးစား လုပ်နေရှာတဲ့ ကိုယ့်အမကို သနားတာရယ် ကူညီဖို့ ခေါင်းညိတ်လိုက်တယ်။

အဲဒီအချိန်က စပြီး ကိုယ့်အမ ကဗျာတွေပို့တော့တာပဲ...။ ကိုယ်လဲ အိမ်မှာ ဇွဲကောင်းကောင်းနဲ့ သံကုန်ဟစ်တာပဲ။ အတက်လဲ မသိ အကျလဲ မသိ၊ ရွတ်ရပြီးရောပဲ။ မရွတ်ရလဲ အကြောင်းမဟုတ် ကူညီရရင် ပြီးရော ပြောထားပေမယ့် ကိုယ့်အမကတော့ ကဗျာတွေ ပို့ပေးရှာပါတယ်။ ပို့ပေးတဲ့ ကဗျာကလဲ မန်းတလေးသိန်းဇော်ရဲ့  ခင်.. ဆိုတဲ့ အချစ်ကဗျာ..။ ကိုယ့်လို နေရင်းထိုင်ရင်း ရန်လိုနေတဲ့ စုတ်ချွန်းချွန်းမျက်နှာနဲ့ စူထော်ထော် နှုတ်ခမ်းပိုင်ရှင်ကိုများ အချစ်ကဗျာ နုနုလေး ရွတ်ခိုင်းတဲ့ မမ ကိုတော်တော်လေးစားသွားတယ်။ မသကာ သူကဗျာလေး ရွတ်ရ ရွတ်ရဆိုပေမယ့် သူ့ကို ရောင်းအားမြှင့်တင်တယ်လို့ သူများမြင်မှာစိုးလို့ ကိုယ်ရွတ်ချင်တဲ့ ကဗျာလေး မရွတ်ရဘူး။ ဒီလိုပါပဲ...။ နောက်တော့လဲ ဒီလိုပါပဲပေါ့..။ ရွေးရင်းနဲ့ ကိုယ့် စိတ်ဓာတ်နဲ့ ကိုက်ညီတဲ့ ကဗျာဆရာ လှသန်းရဲ့  ကိုယ့်ဖိနပ်ဟာ ကိုယ့်ခံတပ်ပါပဲ ဆိုတဲ့ ကဗျာကို ပို့ပေးတော့ ကောင်းကောင်း မကောင်းကောင်း ဒီကဗျာပဲ ရွတ်တော့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒါနဲ့ သောကြာနေ့ ညမှာ မချစ်တို့ ဇနီးမောင်နှံ အိမ်မှာ ရီဟာဆယ် လုပ်ပါတယ်။ မချစ်ရဲ့ ရောက်တာနဲ့ ပြူပြူငှာငှာပဲ အကြိုက်လေးတွေ ချပေးတော့ ကိုယ့်ခမျာ လောက စည်းစိမ်တွေ တက်ရင် သူများရွတ်တာတွေကို ဆရာလုပ်နေတယ်။ မချစ်ချက်တဲ့ မုန့်ဟင်းခါးကလဲ အရမ်း စားကောင်းပါတယ်။ ရစ်တက်နေတာတောင် နှစ်ပန်းကန် ကုန်သွားပါတယ်။  မကြာခင်မှာပဲ အဖော်ပြုမယ့်သူတွေ ရောက်လာတော့ ထပ်ပြီး ရစ်တက်သွားလိုက်တာ အိမ်ပြန်တော့ ကိုယ့်အမ ဖုန်းတွေပါတဲ့ အိတ်ကို အိမ်အထိ မှားဆွဲသွားတဲ့ အထိပါပဲ..။ မူးနေတာကို ကျေးဇူးတင်လိုက်ပါ။ မူးပြီးမှားဆွဲလို့ အိမ်ပြန်ရောက်တာ။ နောက်မဟုတ်ရင်လမ်းမှာပျောက်ပါပြီး။

စနေနေ့ ညနေမှာ ရသအလင်းရဲ့  ပွဲလေးကို စတင်ပါတယ်။ အခန်းကို အချိန်နဲ့ ငှားရတဲ့အတွက် ဧည့်သည်မရောက်ခင် ဘောလုံးတွေ ဆင်ရ.. အခန်းရေမွှေးဖျန်းရ... ဧည့်ကြိုစားပွဲ ခင်ရ.. စက်ပစ္စည်းတွေဆင်ရနဲ့ အားလုံး တက်ညီလက်ညီ ပျော်စရာ ကောင်းပါတယ်။ အခမ်းအနားမှုးကို မချစ်က အင်္ဂလိပ်လို တလှည့် မြန်မာလို တလှည့် ပြောပါတယ်။ စင်ပေါ်မှာ မျက်နှာချိုချိုလေးနဲ့ အခမ်းအနား အစအဆုံး သရုပ်ဆောင်သွားပါတယ်။ လေးစားပါတယ်။

ပထမဆုံး အခန်းအနားဖွင့်ပြီးတော့ ကိုသည်မော်နိုင်ကို မိတ်ဆက်ပါတယ်။ ကိုသည်မော်နိုင်ရဲ့ Short film (၃) ခုကို ပြသပါတယ်။ အရင်က ကိုသည်မော်နိုင်ကို မသိပါဘူး။ အခု Short Film ကို ကြည့်ပြီးတော့ ကိုသည်မော်နိုင်ရဲ့  အနုပညာကို လေးစားအသိအမှတ်ပြုပါတယ်။ ပထမဆုံး ပြသတဲ့ ထဲကမှာ The Clinic ဆိုတာလေးကို သဘောကျပါတယ်။ ကိုယ်ကြီးပြင်းလာတဲ့ ရပ်ကွက်ထဲမှာ ယနေ့ အချိန်ထိ ဒီလိုလူမျိုးတွေ ကိုတွေ့ခဲ့ရသလို ခုချိန်ထိ ရှိနေသေးတယ် ဆိုတာပါပဲ။

အခန်းအနား အစီအစဉ်အရ ကို သည်မော်နိုင်ရဲ့  Short Film ပြီးရင် ကဗျာရွတ်ပွဲ စဖို့ပါ။ ကဗျာရွတ်ပွဲ အစကို ရသအလင်း ဥက္ကဌ ရနံ့သစ် စားသောက်ဆိုင် ပိုင်ရှင် ကိုဘိုဘိုဝင်းနဲ့ ဖွင့်ဖို့ပါ။ ဒါပေမယ့် ကိုဘိုဘိုဝင်းပျောက်နေတဲ့ အတွက် ဖွင့်ပွဲ ကို ကိုယ်နဲ့ စလိုက်ရပါတယ်။

မချစ်က ဖိုးစိန် လို့ခေါ်လို့ စင်ပေါ်တက် ဂစ်တာနဲ့ တီးလုံးလိုက်ပေးမယ့် ကိုမိုးမောင်တို့ ကြိုးညှိ နေချိန်မှာ ငယ်ငယ်တုန်းက ပထမဆုံး ကဗျာလွတ် ပြိုင်ပွဲဝင်တာကို သတိရမိပါတယ်။ အဲဒီအချိန်တုန်းက အမေက တိုက်ပုံရယ် တောင်ရှည်ပုဆိုးရယ်..မောက်ကျက်သရေ ခေါင်းပေါင်းရယ် ၀တ်စေပြီး အလံကိုင်ပြီး နိုင်ငံ အကျိုးပြုကဗျာ(မှတ်မိတော့ဘူး)ကိုရွတ်စေပါတယ်။ အမေဆင်ပေးတာက အဖေပုဆိုးကို ဖြတ်ပြီး တောင်ရှည် ပုဆိုးလုပ်ထားတာဆိုတော့ ပုဆိုးက တတောင်လောက်ရှေ့ထွက်နေတာကို ဘယ်လိုမှ သဘောမကျပါဘူး။ ဒီကြားထဲ ကျပ်သွားတဲ့ တိုက်ပုံ နဲ့ ချောင်နေတဲ့ ခေါင်းပေါင်းကလဲ ပါသေးတယ်။ ဒီလိုနဲ့ ကိုယ့်အလှည့်ရောက် လို့ စင်ပေါ်တက်တော့ အောက်က ဒိုင်လူကြီး အပါအ၀င် ပွဲကြည့်ပရိတ်သတ်တွေက သဘောကျပြီးရယ်တော့ ကိုယ့်ခမျာ ဒေါသတွေ ထွက်ပြီး နင်တို့ငါ့ကိုဘာရယ်တာလဲ.. ငါစိတ်တိုလာပြီးနော်ဆိုပြီး.. ၀တ်ထားတဲ့ ခေါင်းပေါင်းတွေ ... စီးထားတဲ့ ဖိနပ်တွေနဲ့ ရှေ့ မှာမြင်သမျှ ဒိုင်လူကြီး တွေကို လှမ်းရိုက်တော့တာပါပဲ..။ အမေ စင်ပေါ်တက်ဆွဲ ပြီး ဆင်းတောလဲ ပေတေပြီး မဆင်းပဲ ပြီးအောင် ရွတ်မယ်ဆိုလို့ အောက်ကလူတွေ ရယ်ချင်ရက်နဲ့ မရယ်ရဲ ပဲ ကျနော်ကဗျာရွတ် ပြီးတဲ့ အထိကို စောင့်ပြီး ရယ်ကြရတဲ့ အဖြစ်ကိုရောက်ရတာပါပဲ...။ ဒီလိုသတိရရင်းနဲ့ ကိုယ့်ဖိနပ်ဟာ ကိုယ်ခံတပ်ပါပဲ ဆိုတဲ့ ကဗျာဆရာ လှသန်းရဲ့  ကဗျာကို ရွတ်ခဲ့ပါတယ်။

ကိုယ်ပြီးသွားတော့ ကိုဘိုဘိုဝင်းရွတ်ပါတယ်။ ငုယင်ဗန်ထရွိုင်းဆိုတဲ့ ကဗျာလေးပါ။ ရီဟာဆယ်ထက် ပိုပြီး အသက်ပါပါ မာန်ပါပါနဲ့ ရွတ်တာ အနောက်က လူတွေ မျက်ရည်လည်တဲ့ အထိ ဖြစ်သွားပါတယ်။ တခုပဲ စိုးရိမ်ရပါတယ်။ ကိုဘိုဘိုဝင်းက ပွဲစင်အရှေ့ ကို မျက်နှာ မူရွတ်ရင်း မာန်ပါလာတော့ တဖြည်းဖြည်းနဲ့ လှည့်သွားလိုက်တာ နံရံထဲဝင်တော့မယ့် အတိုင်းပါပဲ။ ကဗျာရှည်ရင် နံရံထဲမှာစိုးရိမ်ရလို့ ရသအလင်းအဖွဲ့သားတွေက ဥက္ကဌ အတွက် ပြေးဆွဲဖို့ အသင့် အနေအထား ဖြစ်နေပါတယ်။ ကဗျာရွတ်သွားတာ အရမ်းကို ကောင်းပါတယ်။

ပြီးတော့ ကျနော့် သူငယ်ချင်း အရင်းခေါက်ခေါက်ဖြစ်တဲ့ ကိုလင်းလင်းဇော် အလှည့်ပါ။ လူစီ ရဲ့  လက်ဆောင် ဆိုတဲ့ ကဗျာကိုရွတ်ပါတယ်။ သူငယ်ချင်းရွတ်သွားတာ အရမ်းကောင်းပါတယ်။ မျက်စိမှိတ်ပြီး ပြောပါတယ်။ ကိုယ့်ငချဉ်ကိုယ်မှ မချဉ်ရင် သူများလဲ စားမှာ မဟုတ်ပါဘူး။ ပြီးတာနဲ့ ဘယ်သူမှ လက်ခုတ်မတီးခင် ကိုယ် တီးပါတယ်။ မြန်မြန်ပြီးသွားလို့......လို့ တော့ မထင်လိုက်ပါနဲ့။

ပြီးတော့ မချစ်က သူမရဲ့ ကိုယ်တိုင် ခံစား ရေးဖွဲ့ထားတဲ့ ချစ်ခြင်းနဲ့ မျောလွင့် အတူ ဆိုတဲ့ ကဗျာကို အသံလေးအေးအေးနွဲ့ နွဲ့လေးနဲ့ ရွတ်တာ နားထောင်လို့ကောင်းပါတယ်။ (ခုအခါလဲ ပေါက်တူးလုပ်ပြန်ပြီး)။ ဘေးမှာ ထိုင်နေတဲ့ မချစ်ရဲ့ ကိုကို ကို လှမ်းကြည့်လိုက်တော့လဲ ချစ် ရွတ်နေတာကို ကြည်နူးစွာ ပြုံးပြီး နားထောင်နေတာကို တွေ့ရတယ်။ အဲဒီအချိန် ဘာသတိရလဲ ဆိုတော့ ရီဟာဆယ်ညက မချစ်ကိုကို ကိုယ်တိုင်စပ်ပြီးရွတ်ပြတဲ့ ကဗျာပါပဲ....။ ချစ်သူက ဘာ..တုံး.. ဆိုလဲ မသိပါဘူး။ သိချင်ရင် မချစ်ကိုမေးကြပါ။

 ပြီးတော့ အမြင့်လို့ ခေါ်တဲ့ ကိုမိုးမြင့်တိမ် အလှည့်ပါပဲ။ ဖာစီယာ ဆိုတဲ့ ကဗျာကို ရွတ်သွားပါတယ်။ ကဗျာရွတ်သွားတဲ့ထဲမှာ အမြင့် အကောင်းဆုံးပဲ။ အသံလဲကောင်း ကဗျာကလဲ ကောင်း ရုပ်ကလဲ ချော ဆိုတော့ သူ့ကိုငေးရင်း ကဗျာမှာ မျောသွားတယ်။ တခုပဲ စိတ်ကွက်စရာ... ကဗျာမှာ ခံစား.. အမြင့်ကို ကြည့်နေရင်း မျက်ခုံးနားပေါ်က ပေါက်နေတဲ့ ၀က်ခြံဖုကြီးကို ညှစ်ထုတ်ပြစ်ချင်တဲ့ စိတ်.. သနပ်ခါးလေးတို့ပြီး ဖုံးပေးချင်တဲ့ စိတ် ကလေးက တဖွားဖွား ပေါ်ပေါ်လာတယ်။ သြော်... လူကနေပေမယ့် စိတ်က မနေပုံများ.... ။ ကံကောင်းသွားတယ် မှတ်ပါ ကိုမိုးမြင့်တိမ်...။

ကဗျာရွတ်ပွဲ ပထမပိုင်းပြီးတော့ ကိုဇော်ဇော်ထွန်းရဲ့  အနုပညာ ခံစားမှု ပြောင်းလဲ လာပုံတွေကို ရှင်းပြပါတယ်။ အီးလို ပြောသွားပါတယ်။ နှာခေါင်းမပိတ်ပါနဲ့။ အင်္ဂလိပ်လို ပြောတာပါ။ ကဗျာတွေကို အင်္ဂလိပ်လို ဘာသာပြန်ပြီး မကြာခင် စာအုပ်ထုတ်တော့မှာပါ။ ဂုဏ်ယူစရာပါ။ စကာင်္ပူက မလောက်လေး မလောက်စား လဲလား ပြောတတ်တဲ့ စကာင်္ပူ အထီး အမတွေကို ခေါ်ပြချင်ပါတယ်။ (ဒါလဲ လိပ်မျိုးပါပဲ)။
 
ပြီးတော့ ကိုသည်မော်နိုင်ရဲ့  ဇာတ်လမ်းတို တပုဒ်ပြအပြီးမှာ ရသအလင်း အကြောင်းနဲ့ လှူ တန်းခဲ့တဲ့ စာရေးဆရာ ၊ ဆရာမ အနုပညာရှင်တွေကို ဆလိုက်ရှိုးနဲ့ ပြပါတယ်။ ဓာတ်ပုံတွေကို ကြည့်ပြီး အနုပညာသည်တွေ ခံစားနေရတဲ့ ဝေဒနာတွေကို သနားမိသလို ၊ ဒီလို အနုပညာသမားတွေကို တတ်နိုင်သမျှထောက်ပံ့မှု ပြုနေတဲ့ ရသအလင်းက အကိုတွေ အမတွေကို တအားလေးစားပါတယ်။ အဲဒီမှာ ပြတဲ့ ဆလိုက်ရှိုးက ပိုပြီး တတပ် တအား ပါဝင်ချင်စိတ် တွေ ဖြစ်စေပါတယ်။ ဂုဏ်ယူပါတယ်။

၁၅ မိနစ်ကြာ ပထမပိုင်းပြီးတော့ ဒုတိယပိုင်း အစီအစဉ်ကို စပါတယ်။ ဒီဇိုင်းနာ ကိုမိုးကြယ်က ရသအလင်း (၆) လပြည့်အတွက် ပန်းချီကားတချပ်လက်ဆောင်ပေးပါတယ်။ အရမ်းသဘောကျပါတယ်။ ကိုယ်မလုပ်နိုင်တဲ့ အရာ တခြားလူလုပ်တတ်ရင် သဘောကျတာ အကျင့်ပါနေလို့ သဘောကျပါတယ်။ ကိုမိုးကြယ် ဒီဇိုင်းတွေက လက်ရာ ကောင်းပါတယ်။ ကောင်မလေးတွေအတွက်ဆို စိတ်စေတနာ ရှေ့ထားပြီး ဒီဇိုင်းဆွဲပေးကြောင်းလဲ သိရပါတယ်။ (ကြော်ငြာပါ)။

ပြီးတော့ ကိုဘုန်းမြတ်ကျော်ရဲ့  ကိုယ်တိုင်ရေးကဗျာ အမေ ဆိုတဲ့ ကဗျာလေးနဲ့ စပါတယ်။ ကဗျာလေးက ကောင်းတော့ ကိုယ့်အမေကိုယ် အရမ်းသတိရမိပါတယ်။ ကိုယ့်အမေကို သတိရလို့ ဈာန်ဝင်နေတုန်း.. ဟိုသွားဒီသွားနဲ့ ကိုဟိန်းထိုက်ဈာန် တယောက် အလုပ်ရှုပ်နေပါတယ်။ မေးကြည့်တော့မှ အတွင်းခံဘောင်းဘီ ပျောက်လို့တဲ့။

ပြီးတော့ မကြာခင် စွံတော့မယ်လို့ သတင်း သဲ့သဲ့ ထွက်နေတဲ့ (သားမပြောဘူးနော်... သူများဆီက ကြားတာ) ကိုလင်းဒီပက ညီအကို မောင်နှမများ ကဗျာကို ရွတ်ပါတယ်။ လက်ရှိ ဖြစ်ပျက်နေတဲ့  နိုင်ငံခြားရောက်နေ သူတွေ အတွက်ကဗျာပါပဲ။ ကိုဒီပဆီက စားရပါစေ။

နောက်တယောက်က အသားဖြူဖြူ ချောချော သန့်သန့် အိမ်မက်ရှင်က ကိုယ်တိုင်ရေး ကဗျာတစ်ပုဒ်ဖြစ်တဲ့ ငါနေတဲ့ မြို့ ဆိုတဲ့ ကဗျာကို ရွတ်ပြန်တယ်။ အိမ်က ညီတွေ တကြောင်းစ နှစ်ကြောင်းစ မှတ်မိနေတဲ့ထိ ကဗျာက ကောင်းပါတယ်။ (ဒါလဲ ပေါက်တူးပါပဲ)။ အဲဒီနောက် ကိုကျော်ဇောခိုင်ရဲ့  ကဗျာအတွေးကိုပေးသော တခြားကဗျာများ ဆိုတဲ့ ဆောင်းပါး ကဗျာ တစ်ပုစ်ကိုရွတ်ပါတယ်။ ရွတ်ရင်းနဲ့ ဈာန်ဝင်လာတာ နားထောင် လို့ ကောင်းပါတယ်။ အဲဒီအချိန် ကိုဟိန်းထိုက်ဈာန်က ဘေးနားထိုင်နေတဲ့ အမဆီ လာပြီး အတင်းစာရွက် လာလှန်ပါတယ်။ ဘေးက အမက အကြောက်အကန် ငြင်းရှာပါတယ်။ ကိုဟိန်းတယောက် ပျာနေပါတယ်။ အတွင်းခံဘောင်းဘီ ဘယ်သူ့ဆီ မှားပါသွားလဲ မသိဘူး တဲ့။

အဲဒီအချိန် လီလီ ဘီယာ တက်ငှဲ့ ပါတယ်။ ကိုယ်အမ မဒါက လီလီဆိုတဲ့ ကဗျာကို ရွတ်တာ ကိုယ်တိုင်လီလီနဲ့ ထိုင်ပြီး ဘီယာသောက်ချင်တဲ့ စိတ်ဖြစ်တဲ့ အထိပါပဲ။ လီလီ ဘီယာငှဲ့ သွားပါတယ်။ အရမ်းကောင်းတဲ့ ကဗျာလေးပါလီလီ.. အဲလေ.. အမအိန္ဒြာ...

ကိုဟိန်းထိုက်ဈာန်အလှည့်ရောက်ပါပြီး။ အတွင်းခံဘောင်းဘီ နောက်ဆုံး ရှာမရတဲ့ အဆုံး ပရိတ်သတ်ရှေ့ မှာ အတွင်းခံ ဘောင်းဘီ ပျောက်သွားတဲ့ အကြောင်းတရားဝင် ကြေငြာတော့ ပရိတ်သတ်တွေက တ၀ါးဝါးပွဲ ကျပေါ့..။ အတွင်းခံဘောင်းဘီ ဆိုတာက ကဗျာပါ။ အင်္ဂလိပ်ကဗျာဆရာတယောက်ရေးထားတာကို ကိုဇော်ဇော်ထွန်းက မြန်မာလို ဘာသာပြန်ထားတာ.. ။ အရမ်းကို လေးနက်တယ်။ ဘာသာပြန်တော်တယ်။ အတွင်းခံစာရွက်ပျောက်လို့ ပရောဂျက်တာနဲ့ ထိုးပြီး ကိုဟိန်းတယောက်ကဗျာ ဖတ်တော့မှ ပရောဂျက်တာမှာ ပေါ်တဲ့ ကဗျာကို ဖတ်.. အတွေးတွေနယ်ချဲ့  ရင် တဟားဟား တ၀ါးဝါးနဲ့ ပွဲ စည်ခဲ့ပါတယ်။ အတွင်းခံဘောင်းဘီ မှားပါသွားတဲ့သူကို ကျေးဇူးတင်ပါတယ်။ အတွင်းခံဘောင်းဘီကို တမင်များ ဖျောက်ပြီး နည်းသစ်ကဗျာ ဖတ်နည်းကို ထွင်ခဲ့တဲ့ ကိုဟိန်းထိုက်ဈာန်ကိုလဲ ကျေးဇူးတင်ပါတယ်။ ပွဲ ကြည့်ပရိတ်သတ်များ အရမ်းသဘောကျခဲ့တဲ့ နောက်ဆုံးပိတ် အိတ်နဲ့ လွယ်ခဲ့တဲ့ ကဗျာလေးပါ။

နောက်ဆုံးမှာ ကိုသည်မော်နိုင်ရဲ့  ရင်နစ်စရာ ဖြစ်ရပ်မှန် နာဂစ်စ်Documentary ကို တစ်နာရီခွဲ ကြာအောင် ကြည့်ပါတယ်။ ကြည့်သူတိုင်း သနားစိတ်တွေ နဲ့ စုပ်တသပ်သပ်... မျက်ရည်စ လည်လည်နဲ့ ကြည့်ခဲ့ရပါတယ်။ အရမ်းကောင်းတဲ့ ဒေါ့ကူမန်ထရီလေးပါ။ ပြီးသွားတော့ ပွဲသိမ်းစကားပြောမယ့် မချစ်တောင် ရင်ထဲမှာ စို့ပြီး ဘာမှ မပြောနိုင်ဖြစ်ခဲ့လို့ စိတ်မကောင်း ဖြစ်နေပါသေးတယ်။ နောက်တခါက မချစ် အတွက် (၅)မိနစ်စာ ပိုပေးပါ။ မချစ် မတင်လိုက်ရတဲ့ ကျေးဇူးတင်စကား နောက်တပွဲမှာ ပေါင်းပြောပါမယ်။

ဘာဖြစ်ဖြစ်ရသအလင်းရဲ့  ခြောက်လပြည့် မွေးနေ့ ညလေးက ရသပေါင်းစုံကိုပေးပါတယ်။ ဗဟုသုတလဲ ရပါတယ်။ ပျော်စရာ ကြည်နူးစရာလဲ ကောင်းပါတယ်။ ကိုယ့်အမတွေ အကိုတွေရဲ့  ပွဲ ဖြစ်သွားတဲ့ ပီတိ အပြုံးတွေကို မြင်တော့ ကြည်နူးရပါတယ်။

တကယ်ကို မွန်မြတ်သန့်စင်တဲ့ စေတနာတွေပါ။ သူများနိုင်ငံမှာ ကိုယ့်မိသားစု အတွက် ရုန်းကန်နေရပေမယ့် ရတဲ့ အချိန်လေးမှာ ရှိတဲ့ ချွေးနည်းစာလေးနဲ့ ဒီအဖွဲ့ကို ဖွဲ့စည်းပြီး တကယ်လိုအပ်တဲ့ အနုပညာရှင်တွေကို ပင်ပင်ပန်းပန်း အားကြိုးမာန်တက် ကူညီလုပ်ဆောင်နေတာ တွေ့ရတော့ အားကျတယ်။ လေးစားမိတယ်။ အနုပညာ ၀ါသနာပါသူတွေအနေနဲ့ ကိုယ်မှာ ရှိတဲ့ ပိုက်ဆံလေး နည်းနည်းနဲ့ ကိုယ် ချစ်မြတ်နိုးတဲ့ အနုပညာရှင်တွေရဲ့  ကျန်းမာရေး အညံ့ချိန်တွေမှာ ကူညီခွင့်ရတာ ကျေနပ်ကြည်နူးစရာကောင်းလှပါတယ်။ ကိုယ့် တတ်နိုင်တဲ့ ပိုက်ဆံလေးနဲ့ ပေးလိုက်ရတဲ့ အချိန်၊ တဖက်သားက တအားလိုအပ်နေတဲ့ အချိန်မှာ ကူညီခွင့်ရတာ အရမ်းကို ပီတိဖြစ် ကုသိုလ်ရတဲ့ အလုပ်တခုပါ။

"အနုပညာရှင်ကို သူ့ အနုပညာက စောင့်ရှောက်တယ်"တဲ့။ ရသအလင်းရဲ့ ဆောင်ပုဒ်လေးပါ။

ကိုယ်စောင့်ရှောက်နိုင်တဲ့ ငွေကြေးနဲ့ တကယ်တန်ဖိုးမဖြတ်နိုင်တဲ့ အနုပညာရှင်တွေရဲ့  အသက်ကို ဆက်ပေးရင်း.. အနုပညာကို အသက်ပြန်သွင်းရင်း.. အနုပညာ ကုသိုလ်ယူကြပါလို့ တိုက်တွန်းပါတယ်။

ရသအလင်းကို တကယ့် စိတ်ရင်း စေတနာနဲ့ ဖွဲ့စည်းထားတဲ့ ညီအကို မောင်နှမများကိုလဲ အထူး ချစ်ခင်လေးစား အားကျပါတယ်။ ရသအလင်း ဖောင်ဒေးရှင်း အဓွန့် ရှည်တည်တံ့ပါစေ။ အနုပညာကို လက်ဆင့်ကမ်းရင်း အနုပညာရှင်တွေကို အသက်ဆက် မှော်သွင်းနိုင်ပါစေ။





"ရသအလင်းဖောင်ဒေးရှင်း ထာဝစဉ် အဓွန့်ရှည်ပါစေ"

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်



အရင်က ရသအလင်းအတွက် ကျွန်မ ရေးခဲ့ဖူးတဲ့ ပြိုင်တူတွန်းလျင်...ဆိုတဲ့ ပိုစ့်လေးပါ....


13 comments:

မိုးမြင့်တိမ် said...

ကြည်နူးချမ်းမြေ့စရာပါ အမရေ။ ဒါနဲ့ စကားမစပ် အမကိုကို ရွတ်ပြတဲ့ ကဗျာလေး ပြန်ရွတ်ပြပါဦး။ မေ့သွားလို့။ အဟဲ။

မိုးမြင့်တိမ်

ချစ်ကြည်အေး said...

ဟမ် အမြင့် အေးပါ အေးပါ၊ နားထောင်ချင်ရင် အိမ်လာခဲ့၊ သူ တစ်ခေါက်ပြန်ရွတ်ပြလိမ့်မယ် :)

ဟုတ်ပါ့ မောင်လေးရေ၊ စိန်စိန်တို့ အမြင့်တို့ လင်းလင်းတို့ အားလုံးကိုလည်း ကျေးဇူးတင်တယ်။ အားလုံး ဝိုင်းဝန်းခဲ့ကြလို့ အောင်မြင်ခဲ့တာပါ :))

ဖိုးစိန် said...

သောကြာ လို ညမျိုးလာမယ်လေ... အမြည်းစုံ... အရသာစုံနဲ့... ဟိဟီးးးး....

jasmine(တောင်ကြီး) said...

မမချစ်
အနုပညာရှင်ကို သူ့ အနုပညာက စောင့်ရှောက်တယ်တဲ့

အဲဒီစာသားလေးကိုရွှေကွပ်ထားချင်တယ်ပိုက်ဆံရှိရင်လေ
ကြိုက်လွန်လွန်းလို့ပါ။

mstint said...

မချစ်ရေ ကိုယ်တိုင်မရောက်ဖြစ်ခဲ့တဲ့ '၆လပြည့် ရသအလင်း' ကိုဖတ်လိုက်ရတော့လည်း ကိုယ်တိုင်ရောက်သွားသလိုပါပဲ။ အသံဖိုင်လေးသာ ပါလာရင် အလုံးစုံပြည့်စုံသွားပြီး)။
ပြန်လည်မျှဝေပေးတာ ကျေးဇူးပါ မချစ်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ညီရဲသစ် said...

ဟိုတနေ့ က ဓာတ်ပုံတွေ ကြည့်ပြီး ကတည်းက တော်တော် ပျော်ဖို့ ကောင်းမယ် ဆိုတာ သိပြီးသားပါ...
တကယ်တော့ အစ်မချစ် ပြန်ပြောပြတာနဲ့ တင် တော်တော်လေး ပြည့်စုံနေပါပြီ...
ခုစာဖတ်လိုက်ရတော့ ပိုပြည့်စုံသွားတာပေါ့...

မြသွေးနီ said...

ဒါကြောင့် ပို့စ်တွေမရေးနိုင်ပဲ ပျောက်ချက်သားကောင်းနေတာကိုး....။ အားကျ၊ အားရ၊ ၀မ်းသာစရာတွေပါဘဲ အစ်မရေ..။ ရသအလင်း၆လပြည့်မှသည် နောင်..လာမယ့် နေ့ရက်များစွာတိုင် အဓွန့်ရှည်ခိုင်မြဲပြီး အောင်မြင်စွာနဲ့ ကောင်းမှုများစွာ ဆောင်ရွက်နိုင်ပါစေနော်..။

ချစ်ကြည်အေး said...

မောင်လေးဖိုးစိန် သိတ်ရတာပေါ့၊ လာဖြစ်အောင်သာလာခဲ့...

စပါယ်လေး...ဟုတ်တယ် အမလည်း အဲဒီဆောင်ပုဒ်ကို သိတ်ကြိုက်တယ်....

ဟုတ်ကဲ့ တီတင့် တစ်ယောက်ယောက်များ ရက်ကော့ဒ်လုပ်ထားလား မေးကြည့်ပါဦးမယ်နော်:)

မောင်လေး ညီရဲ နောက်တခါ ကဗျာရွတ်ခိုင်းမယ်၊ ကျင့်ထား ဒါပဲ :)

ညီမမြသွေးရေ ဟုတ်ပါ့ ရသအလင်း အဓွန့်ရှည် တည်တံ့ဖို့ အတူ ဆုတောင်းကြရအောင်...!

အဖြူရောင်နတ်သမီး said...

ရသအလင်း အဓွန့်ရှည် တည်တံ့ပါစေ....

blackroze said...

မကြီးချစ်..
ရှင်းကျားပေါ မှာ အဲလိုတွေစုပြီး
လုပ်ဖြစ်တယ်နော် အားကျစရာ

rose of sharon said...

ဝမ်းသာကြည်နူးမိပါတယ်... ရသအလင်းအဓွန့်ရှည်တည်တံ့ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်....

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုယ်တိုင်မလာနိုင်တော့လည်း သူများရေးထားတာလေးတွေ ဖတ်ပြီး ကဗျာရွတ်နေမဲ့ ပုံစံလေးတွေ မြင်ယောင်ပြီး တကယ်နားထောင်နေရသလို ခံစားချက်ကို ပွားယူသွားပါတယ်အစ်မရေ..
ဖိုးစိန်ကလည်း အရေးကောင်းတော့ ဟာသလေးတွေ နှောပြီး ကိုယ်ပါ လိုက်ပါပြုံးရယ်ရင်း ပျော်စရာပွဲလေးဖြစ်ကြောင်း ခံစားလိုက်မိပါတယ်. ရသအလင်းဖောင်ဒေးရှင်း ၆လပြည့်မှသည်.. နောင်နှစ်ပေါင်း များစွာတိုင် ရသအလင်းရောင်များကို ဖြန့်ဖြူးဝေငှပေးနိုင်ပါစေလို့..

မောင်ဘကြိုင် (ချဉ်ပေါင်ခြံ) said...

း) အောင်မြင်ပါစေဗျား
ကဗျာဆိုရွတ်ချင်တယ်း)

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်