Tuesday, October 18, 2011

စိနတိုင်းသွားတောလား-၃

ပိတ်သတ်ကြီးများရဲ့တောင်းဆိုချက်အရ ပီကင်းခရီးစဉ်ကို ဟိုးအစကနေ ပြန်စရေးပါမယ်။ တစ်နေ့မှာပေါ့ ရှင်၊ အိမ်ကလူရယ် ကျွန်မရယ် ခပ်စောစော အိပ်ရာထပြီး ရှင်းကျားဖောရဲ့ ဟိုးအရှေ့ဖျားက အိတ်စ်ပို-Expo လို့ခေါ်တဲ့ ဂိုထောင်ကြီးတွေရှိရာအရပ်ကို ရထားစီးပြီး သွားခဲ့ကြတယ်။ အဲဒီမှာ Natas Travel Fair လို့ခေါ်တဲ့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းရှင်ကြီးတွေ အစုလိုက် အပုံလိုက် ဈေးပြိုင်လျှော့ဈေးနဲ့ ခရီးသွားလက်မှတ်တွေ ကို ရောင်းချတဲ့ပွဲကြီးရှိတယ်လေ။

အုပ်စုလိုက် (Group Tour)ပဲသွားသွား၊ ကိုယ့်အစီအစဉ်နဲ့ကိုယ် (Free & Easy) ပဲ သွားသွား၊ ဒါမှမဟုတ် လေယာဉ်လက်မှတ်ချည်းပဲ ဝယ်ဝယ်၊ ဟိုတယ်ပဲ ဘွတ်ကင်လုပ်လုပ် အကုန်ရတယ်။

ကျွန်မတို့နှစ်ယောက်က ကိုယ့်ကိုယ်ကို စောလှပြီနဲ့ စောလှကြည် မှတ်နေတာ၊ ဟိုရောက်မှ  အထဲဝင်ဖို့ တန်းစီနေတဲ့ လူအုပ်ကြီးတစ်အုပ်ကို ကိုယ့်ရှေ့မှာ ဒေါင်လိုက်ကြီးတွေ ရပ်နေတာ တွေ့လိုက်ရတယ်။ ဒါတောင် အထဲဝင်ဖို့ တစ်ယောက် ၄ကျပ်၊ ဒီလူအုပ်ကြီးနဲ့ဆို မနည်းဘူးပဲ။ ဘာမှ မဝယ်ဘူးပဲထား တစ်နေ့လူဝင်ခတင် နည်းမှာမဟုတ်။ ကွာ...ဒီလူအုပ်ကြီး ချစ်ကြည်အေးဘလော့ဂ် တစ်ခါဝင်ဖတ် တစ်ကျပ် လုပ်လိုက်ရရင်တော့...ဟင်းဟင်းးး

အဝင်ဝမှာတင် အိတ်အကြီးကြီး တစ်ယောက်တစ်လုံးပေးတယ်။ အထဲမှာ ခမ်းမကြီးက ကျယ်သလောက် Travel Agent တွေကလည်း သူ့နေရာနဲ့သူ အများကြီး။ ကျွန်မတို့လည်း လူအုပ်ကြီးထဲ မျောပြီးပါလာရင်း နဲ့ ဖြတ်သွားသမျှ Travel Agent တွေက ကမ်းပေးနေသမျှ အကုန်ယူပြီး လွယ်ထားတဲ့ အိတ်ကြီးထဲ ပစ်ထည့် ထားလိုက်တာပဲ။ ကမ်းတာက ကြော်ငြာတွေရယ်၊ အမှတ်တရပစ္စည်းလေးတွေရယ်ပါ။ ဘောလ်ပန်၊ အိတ်ဆောင် ပြက္ခဒိန်၊ Sticky note pad အဲဒါမျိုးလေးတွေပါ။

တစ်နေရာအရောက်မှာ ကျွန်မတို့သွားနေကျ Agentကိုတွေ့တာနဲ့ ဈေးစနည်းနာကြတယ်။ ပီကင်းကို အုပ်စုလိုက် ၈ရက်ခရီးစဉ် S$၁၃၃၀တဲ့၊ ချိုင်းနားအဲတဲ့။ ဒါ မဟုတ်သေးဘူး။ ပုံမှန်ဈေးလောက်ပဲရှိတာများ။ ကျွန်မတို့ တစ်ယောက်နဲ့ တစ်ယောက်ကြည့်ကြတယ်။ မျက်စပစ်ပြတယ်။ လျှာထုတ်ပြတယ်။ လျှောက်ကြည့်ဦးမယ် ပြောပြီး ကောင်တာထဲက အောင်မြင်စွာ ပြန်ထွက်လာကြတယ်။ လူတွေများ မုန်လာဥချဉ်မှတ်လို့။

နောက်တစ်ကောင်တာ ရှေးကအတိုင်းပဲ ဈေးမေးတယ်။ ပီကင်းကို အုပ်စုလိုက် ၈ရက်ခရီးစဉ် S$၉၂၄ တဲ့။ ကက်သေးပစိဖိတ်အဲနဲ့ ဟောင်ကောင်ထရန်စစ်တဲ့။ Local 5star ဟိုတယ်တဲ့။ ဟယ်...မဆိုးဘူးပဲပေါ့။ ဘတ်ဂျက်က တစ်ယောက် ၁၀၀၀ဆိုတော့ ဝင်တယ်ပေါ့။ ဒါပေမဲ့ နောက်တစ်ခု ထပ်မေးကြည့်ကြရအောင်ပါ ဆိုပြီး ရှေ့ဆက်လျှောက်ခဲ့ကြတယ်။

နောက်တစ်ကောင်တာ ရှေးကအတိုင်းပဲ ဈေးမေးတယ်။ ပီကင်းကို အုပ်စုလိုက် ၈ရက်ခရီးစဉ် S$၈၅၈တဲ့။ ကက်သေးပစိဖိတ်အဲနဲ့ ဟောင်ကောင်ထရန်စစ်တဲ့။ Local 4star ဟိုတယ်တဲ့။ ကြယ်တစ်လုံးလေး ကွာလိုက်တာနဲ့ ၆၆ကျပ်ကြီးများတောင် ကွာသွားတယ်။ နှစ်ယောက်စာဆိုတော့ ၁၃၂ကျပ်ပေါ့။ မနက်၊ နေ့လည်၊ ညစာတွေလည်း အကုန်ပါတယ်။ ဟိုတယ်မှာနေချိန်ရယ်လို့ ညအိပ်ချိန်ပဲဆိုတော့ ကြယ်ကလေးတစ်လုံးကွာတဲ့အတွက် ဝီဒုံ့မိုင်း ပဲပေါ့ရှင်။ ၈ရက်ခရီးစဉ်ကို S$၈၅၈မို့ တစ်ရက်ကို S$၁၀၇.၂၅ပဲ ကျတယ်။ ဟန်ကျပြီဟေ့ဆိုပြီး ပျော်ပျော်ပါးပါးကြီး ဝယ်တယ်ကွာ ဝယ်တယ်ကွာဆိုပြီး ဝယ်ပစ်ခဲ့လိုက်တယ်။

ပြောချင်တာက မိတ်ဆွေများ အဲသလို ဈေးရောင်းပွဲတွေသွားဖြစ်ခဲ့ရင် စိတ်ကြိုက်မတွေ့မချင်း ရှာပါ။ ပတ်ပါ။ မေးပါ။ စုံပါ။ စမ်းပါ။  ကိုယ့်အိတ်ထဲက အသပြာ ထွက်ရမဲ့အရေးဖြစ်တာမို့ အရမ်းကာရော အားမနာပါနှင့်။ စိတ်တိုင်းကျဖြစ်ပြီဆိုမှ ဝယ်ပါ။ ဤကား စီကေအေ၏ မေတ္တာလက်ဆောင် Buying Tipsဖြစ်သတည်းးး

တိုတိုပဲ ပြောကြပါစို့။ ဒါနဲ့ပဲ လေဆိပ်ဆင်းကြရော။ ချက်အင် ည ၁၁ခွဲကို အိမ်ကည၁၀နာရီမှာထွက်တယ်။ ချက်ချင်းတက်ကစီရ၊ ချောမွေ့စွာနဲ့ပဲ လေဆိပ်ရောက်တော့ ည ၁၀ခွဲပဲ ရှိသေးတာ။ အိမ်ကလူ လိန်ပျံချစ်ပုံများ။ အဲလိုအစောကြီးသွား၊ ကျွန်မ မျက်နှာကြီး ဘေးချထားပြီး လိန်ပျံကြည့်သတဲ့ရှင်။ ကျွန်မလည်း လေဆိပ်ထဲ လိန်လို့ ပိန်လို့။ ဟိုရိုက် ဒီရိုက်၊ ရိုက်စရာကုန်သွားတော့ ကိုယ့်ဘာသာ ပြန်ရိုက် (ဓါတ်ပုံ)နဲ့ပဲ...မနက် ၁နာရီခွဲ ဟောင်ကောင် ကို ထွက်မဲ့လိန်ပျံပေါ်တက်။ ကျွေးသမျှ အပြောင်စား၊ အိပ်မယ် လုပ်ရင်း ပျော်သွားရင်းနဲ့ပဲ မနက်၅နာရီ မှာ ဟောင်ကောင်လေဆိပ်ရောက်ကရော။

ဟောင်ကောင်လေဆိပ်ကြီးကဖြင့် မနိုးသေးဘူး။ ဒါနဲ့ ချက်အင်လုပ်ရမဲ့ ဂိတ်နဲ့ မနီးမဝေးက ၃ယောက်တန်း ခုံပေါ်မှာ ဆန့်ဆန့်လေး လျောင်းတယ်။ အလယ်က ခုံလက်တန်းတွေကြောင့် ကွေးမရခဲ့ပေါင်ပါရှင်။

ဆက်အိပ်မရတော့တာနဲ့ ဟိုနားဒီနား စားသောက်ဆိုင်လေးတွေနား ရစ်သီရစ်သီငေးကြတယ်။ စားကောင်းမယ်ထင်တဲ့ တစ်ဆိုင်ရှေ့ရပ်ပြီးမေးတယ်။ စင်္ကာပူဒေါ်လာနဲ့ ပေးလို့ ရမလားပေါ့။ မရဘူးတဲ့၊ ယူအက်စ်နဲ့ ယူရိုပဲတဲ့ရှင်။ တကယ်က တရုတ်ငွေ ယွမ်လဲလာတာကို သုံးမရဘူး ထင်ပြီး၊ စလုံးပိုက်ဆံတော့ သုံးလို့ရမယ် မှတ်တာ။ ခရက်ဒစ်ကဒ်နဲ့တော့ ရသတဲ့။ 

ဒါနဲ့ မှာမလို့လုပ်တော့ မဖွင့်သေးဘူးတဲ့။ ၆နာရီမှ ဖွင့်မယ်တဲ့။ နာရီကြည့်လိုက်တော့ ၅နာရီ ၅၅။ အဲဒီအရောင်းကောင်မလေး ဝတုတ်ကလေးကို ကိုင်ပေါက်ပစ်ချင်လိုက်တာများ။ ၅မိနစ် စောင့်လိုက် လို့ရပေမဲ့ ဆက်ဆံရေး ဆင်းရဲပုံကြောင့် မစားခဲ့ကြဘူး။ လျောင်းတော်မူခဲ့တဲ့နေရာ ဆန့်ဆန့်ကလေး ဆီပဲ ပြန်လာခဲ့ကြတယ်။

ပိုစ့်ရှည်သွားပြီ၊ ဘလော့ဂ်ဂါ အိပ်ငိုက်သည်။ ဆက်ပါဦးမည်...ZZzzzzzz.....



Wednesday, October 12, 2011

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်မှုစာရင်း

မင်္ဂလာရှိတဲ့ သီတင်းကျွတ်လပြည့်နေ့မှာ မင်္ဂလာသတင်းလေး မျှဝေလိုက်ပါတယ်ရှင်....

အင်းစိန်ထောင် လွတ်စာရင်း
၁။မအေးသီခိုင်၊
၂။မအေးချမ်း၊
၃။မယဉ်ကြည်၊
၎။ ဒေါ်သန်းသန်းဌေး
၅။အောင်မိုးလွင်
၆။ စောကလဲထူး
၇။ စောသန်းရွှေ
၈။ ဖိုးခွါး(ခ)အောင်ကျော်စိုး
၉။ အောင်ကျော်မိုး
၁၀။ ကိုလတ်(ခ)မောင်မောင်လတ်(ဗကသ)
၁၁။ စပ်ခွန်အောင်
၁၂။ စောနိုင်
၁၃။ ဇော်လေး
၁၄။ ကိုဇော်လင်းထွန်း
၁၅။ ဦးဘတင့်
၁၆။ ထွန်းထွန်းဦး
၁၇။ ဒိုးလေး
၁၈။ နိုင်ဝင်း

သာယာဝတီထောင်လွတ်လူစာရင်း
၁။ထွန်းဇော်(ခ)ဇော်မြင့်ဦး၊
၂-စိုးမင်းဦး(ခ)ဇန်ဇန် ၊
၃-ကြည်လွင်၊
၎-ကိုမျိုး(ခ)ကျော်မျိုးမင်း၊
၅-အောင်မင်း၊
၆-စိုးလှိုင်၊
၇-ရဲမြင့်၊
၈-စောဖလူး ၊
၉-စောလှဝင်း၊
၁၀-မောင်မောင်အေး၊
၁၁-မိုးညွန့်ဇော် ၊
၁၂-ထန်ကိုဟောက်၊
၁၃-ဇော်လင်းဥိး၊
၁၄-စောသက်ထွန်း၊
၁၅-ကျော်သူရ(အသေးလေး)၊
၁၆-လှဝင်း၊ ၁၇-မြင့်ဦး၊
၁၈-အောင်ခိုင်၊
၁၉-ကျော်ဆန်း၊
၂၀-ရှမ်းပု၊
၂၁-မောင်မောင်လတ်(ခ)ကိုလတ်၊
၂၂-ပေါ်လွင်(ခ)ကိုပေါ်၊
၂၃-နိုင်ဝင်း(ခ)ဦးနန္ဒဝံသ၊
၂၄-နေမင်း(ခ)ဝင်းရွှေ၊
၂၅-နေဝင်းအောင်(ခ)ဦးတိက္ခ၊
၂၆-ကျော်မောင်
၂ရ-မငယ်
၂၈-စောပလိုလောလ

လားရှိုးအကျဉ်းထောင်
၁။ ဦးစိန္တိမာ၊
၂။ ဦးအောင်ဇော်ဦး (NLD)၊
၃။ ဦးအုန်းကျော် (NLD)၊
၎။တင်တင်ချို (NLD)

ပူတာအို အကျဉ်းထောင်
၁။ ဒေါ်ဝင်းမြမြ (NLD)။

ကသာအကျဉ်းထောင်
၁။ဦးစောလှိုင် (အင်းတော် လွှတ်တော်အမတ် - NLD)

ကျောက်ဖြူအကျဉ်းထောင်
၁။အာကာဗိုလ်(GW)
၂။ဇော်ထက်ကိုကို
၃။

ဘူးသီးတောင်အကျဉ်းထောင်
၁။ကိုကိုကြီး(စမ်းချောင်း)
၂။ကိုသန်းထွန်းဇင်

မိတ္ထီလာအကျဉ်းထောင်
၁။ဒေါ်စမ်းစမ်းတင်
၂။ကိုညွန့်ဝင်း

တောင်ကြီးအကျဉ်းထောင်
၁။ဦးကျော်ခင်(NLD)

တောင်ငူအကျဉ်းထောင်
၁။ကိုဇော်ရဲဝင်း
၂။အောင်ဇေဖြိုး ၊
၃။ဂျိမ်း
၎။ညီညီဦး

စစ်တွေအကျဉ်းထောင်
၁။SSPC ဥက္ကဌ ဗိုလ်ချုပ်ဆေထင်(ခ) စိုင်းကျော်စိန်

မြစ်ကြီးနားအကျဉ်းထောင်
၁။ကိုဇာဂနာ
၂။ကိုဇင်မင်းထွန်း၊
၃။ကိုကြင်စန်း၊
၎။ကိုမျိုးအောင်သန်း၊

ကလေးထောင်အကျဉ်းထောင်
၁။ ကိုမင်းအောင်
၂။ဦးအေးချို
၃။ဦးသိန်းလွင်ဦး
၎။ကိုလှိုင်မျိုး
၅။ကိုမြင့်နိုင်
၆။ ကိုအောင်အောင်

မအူပင် အကျဉ်းထောင်
၁။ နွဲ့နှင်းရည်

ပခုက္ကူ အကျဉ်းထောင်
၁။ချစ်ကိုလင်း

မြင်းခြံ အကျဉ်းထောင်
၁။ အောင်သိုက်စိုး၊
၂။သီဟ၀င်းတင်

လွိုင်ကော် အကျဉ်းထောင်
၁။ ဦးပီတာ

မော်လမြိုင် အကျဉ်းထောင်
၁။ ဖြိုးဖြိုးအောင်

ပဲခူးအကျဉ်းထောင်
၁။ ဦးစိန်လှိုင်
၂။ ဦးတိုးကြည်
၃။ ကိုညီညီ (ခေါ်) ရဲသူကို
၎။ ကိုဝဏ္ဏအောင်

ဟင်္သာတ အကျဉ်းထောင်
၁။ ကိုသန့်ဇော် (ရွှေပြည်သာ)
၂။ မအေးသီတာ (ပန်းချီဆရာ ငှက်ပျောသီးဇော်ဝင်း၏ သမီး)

ရမည်းသင်း အကျဉ်းထောင်
၁။ သော်ဇင်ထွန်း
၂။  နေဇာမျိုးဝင်း
   
   
အများကြီးကျန်နေပါသေးတယ်....
ကွဲကွာနေကြတဲ့ မိသားစုဝင်တွေ အမြန်ဆုံး ပြန်လည် တွေ့ဆုံနိုင်ကြပါစေ....
**အပ်ဒိတ်များ သိကြရင် ကော်မန့်မှာ ထားခဲ့ကြပေးပါ...

Ref: The Voice, Eleven Media, ဧရာဝတီ Blog
Special Thanks: စုစည်းသူ ကိုမှိုင်းနဲ့ e-mail ဖြင့်မျှဝေပေးသော ရသအလင်းမှ နောင်တော်ကြီး ဆရာဘို


Monday, October 10, 2011

မိခင်ဧရာဝတီအတွက် စာပေဟောပြောပွဲ

ကျွန်မတို့ အားလုံး မြတ်နိုးကြတဲ့ "ဧရာဝတီ"၊ ဘိုးဘွားပိုင်စစ်စစ် မြစ်တစ်စင်း၊ သမိုင်းအဆက်ဆက် လူသားတွေရဲ့အကျိုး သယ်ပိုးခဲ့တဲ့ "ဧရာဝတီ"၊ မြစ်ကြီးနားမြို့ရဲ့ မြောက်ဘက် ၂၈မိုင်အကွာ မေခ (အင်မိုင်ခ)နဲ့ မလိခတို့ ပေါင်းဆုံရာ မြစ်ဆုံအလှ၊ အဲဒီအလှ တစ်ခုတည်းနဲ့တင် နိုင်ငံကျက်သရေ တစ်ပါးဖြစ် တဲ့ "ဧရာဝတီ"၊ ကီလိုမီတာ ၁၅၅၀ အလျားရှည်တဲ့ မြန်မာ တစ်မျိုးသားလုံးပိုင် "ဧရာဝတီ"၊ အခမ်းနား ဆုံးသော သက်ရှိသမိုင်းတစ်စောင် မိခင် "ဧရာဝတီ"...

အားလုံး သိပြီးကြတဲ့အတိုင်း ဧရာဝတီမြစ်ကြီးရဲ့ မွေးဖွားရာအစဖြစ်တဲ့ မြစ်ဆုံမှာ ဆောက်လုပ်မဲ့ ရေကာတာ တည်ဆောက်မှု စီမံကိန်းကြီးဟာ ကျွန်မတို့ နိုင်ငံသားအားလုံးအတွက် သွေးပျက်စရာ အိပ်မက်ဆိုးကြီးတစ်ခုပဲ မဟုတ်ပါလားရှင်။ ဘယ်လိုကြောင့်ပဲဖြစ်စေ ဧရာဝတီကို လုံးဝ အဆုံးအရှုံး မခံနိုင်တာဟာ မြန်မာနိုင်ငံသား အားလုံးရဲ့ ဆန္ဒပါ။ ပြီးတော့ ဆရာသစ္စာနီ ပြောခဲ့သလို ခုချိန်မှာ "ဧရာဝတီအရေးဟာ အားလုံးရဲ့အရေး" ပါပဲ။

အဲသလို အားလုံးရဲ့အရေး ဖြစ်တာနဲ့အညီ ပြည်တွင်းပြည်ပက ဧရာဝတီကို ချစ်မက်မြတ်နိုးသူ နိုင်ငံသားတိုင်း ရဲ့ နှလုံးသားထဲက အသံတွေဟာ ချင်းချင်းနီလို့၊ အယူအဆ အတွေးအခေါ်တွေ မတူကွဲပြားကြလို့ တစ်လမ်း စီလျှောက်နေကြ သူတွေတောင် ပြန်လည် လက်ချင်းတွဲ မြဲကြလို့...။ အမိဧရာဝတီဟာ "ငြိမ်းချမ်းရေးရဲ့ တမန်တော်" ဖြစ်လို့သွားပြန်တယ်။ ကြည်နူးစရာ....။

အားလုံးရဲ့ ညီညွတ်မှုကြောင့် ရခဲ့တဲ့ ရလာဒ်တစ်ခုဖြစ်တဲ့ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ရဲ့
"မြစ်ဆုံရေကာတာစီမံကိန်း တည်ဆောက်မှုကို မိမိတို့ အစိုးရလက်ထက်မှာ ရပ်ဆိုင်းထားမယ်" ဆိုတဲ့ သတင်း ထုတ်ပြန်မှု။ ဧရာဝတီချစ်သူအားလုံးရဲ့ မျက်နှာမှာ အပြုံးတွေ ဝေစည်စေခဲ့တဲ့ အဖြစ်ရယ်။ သမ္မတကြီးရဲ့ နှုတ်စကား ကတိကဝတ်ကို ကျွန်မတို့အားလုံး တန်ဘိုးထားပါတယ်။ ရှေ့ဆက်ပြီးတော့လည်း လုံးဝ ရပ်ဆိုင်းသွားဖို့ မျှော်လင့်ရပါတယ်။ ဒီနေရာမှာ မျှော်လင့်နေရုံနဲ့ မပြီးသေးဘဲ လုပ်စရာရှိတာတွေ လက်တွေ့ လုပ်ဆောင်ဖို့ လိုအပ်နေပါသေးတယ်။

ကျွန်မအပါအဝင် အများစုဟာ အရင်က ဧရာဝတီ သက်ဆိုးရှည်ရေး၊ ဧရာဝတီ ကျန်းမာသန်စွမ်းစေရေး အတွက် ဘာမှ လုပ်မပေးနိုင်ခဲ့ကြဘူး။ လုပ်ရကောင်းမှန်းလည်း နားမလည်ခဲ့ကြဘူးလေ။ ခုချိန်မှာတော့ သိသင့်သလောက် သိခဲ့ကြရပြီ။ အသိပညာရှင်၊ အတတ်ပညာရှင်တွေ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နားလည်သူတွေ၊ ရေစီးရေလာကောင်းမွန်ဖို့ မြစ်ကြောင်း ထိန်းသိမ်းရေး တတ်သိ နားလည် သူတွေ၊ မြစ်ကြောင်းထဲမှာ ရှင်သန်ပေါက်ပွားနေတဲ့ ဇီဝမျိုးကွဲတွေ အကြောင်း နားလည်သူတွေ အို..... အများကြီး ပါပဲလေ။ မြစ်ကြီးတစ်စင်းဟာ လူသားတွေအပေါ်အကျိုးပြုသလို လူသားတွေဟာလည်း မြစ်ကြီး ရဲ့ ကျေးဇူးကို နားလည်ချစ်ခင်စွာ မြစ်ကို ပြန်လည်စောင့်ရှောက်ခြင်းဟာ မင်္ဂလာတစ်ပါးပဲ မဟုတ်ပါလား ရှင်။  ကျွန်မတို့မှာ ဧရာဝတီအတွက် ရှေ့ဆက်လုပ်ကြဖို့ လုပ်ငန်းစဉ်တွေ အများကြီး ရှိနေပါသေးတယ်။

ဆိုရရင် မြစ်ကို ချစ်မက်စွာ စောင့်ရှောက်လိုသူတိုင်းဟာ အဲဒီမြစ်ကြီးနဲ့ ပတ်သက်သမျှကိုတော့ သိထားသင့် တာပေါ့ရှင်။ အဲဒီကွက်လပ်ကလေးကို ဖြည့်စွမ်းဖို့၊ ဧရာဝတီချစ်သူအားလုံးကို မြစ်တွေနဲ့၊ ဧရာဝတီနဲ့ ပတ်သက်သမျှ သုတ ရသ အဖုံဖုံကို ပြောကြား ဟောပြောပေးဖို့ စာပေဟောပြောပွဲလေး တစ်ပွဲ မကြာခင် နားထောင်ကြရပါတော့မယ်။ စင်္ကာပူနိုင်ငံက ဧရာဝတီကို ချစ်မြတ်နိုးသူများ လက်ချင်းယှက်လို့ ဖွဲ့စည်းထားတဲ့ “ဧရာဝတီကို ထာဝရရှင်သန်စေလိုသူများ (စင်္ကာပူ)”  အဖွဲ့ရဲ့ ဦးဆောင်စီစဉ်မှုနဲ့ အကောင်အထည်ပေါ်လာတော့မဲ့ ပွဲလေးတစ်ပွဲပါ။



ဆရာအော်ပီကျယ်က “ကူ၍တွန်းပေးပါ”၊ ဆရာမောင်စိန်ဝင်း (ပုတီးကုန်း)က “ကျွန်တော်နှင့် ကျွန်တော်၏ မြစ်”၊ ဆရာမြင့်မောင်ကျော်က “ဧရာဝတီရဲ့ ဝိညာဉ်” နဲ့ ဆရာဦးထွန်းလွင်က “အိမ်နီးချင်းမှ မြစ်ကောများ” ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ ဟောပြောကြမှာဖြစ်ပါတယ်။

ဧရာဝတီအတွက် စာပေဟောပြောပွဲကျင်းပမဲ့ အသေးစိတ် အစီအစဉ်ကတော့....
နေ့ရက် : ၂၆-၁၀-၁၁ ဗုဒ္ဓဟူးနေ့ (ဒေပါဗါလီ ရုံးပိတ်ရက်)
အချိန်   : နေ့လည် ၂နာရီမှ ညနေ ၈နာရီခွဲ အထိ
နေရာ   : FooChow Building,  21 Tyrwhitt Road (Lavender MRT အနီး)
ညနေစာ : ဒန်ပေါက်ထမင်း

လက်မှတ်တွေကို S$၁၀၊ S$၁၅၊ S$၂၀ နှုန်းတွေနဲ့ ဝယ်ယူနိုင်ပြီး ရောင်းချပေးမဲ့ နေရာတွေက ပန်နီစူလာမှာ ရှိတဲ့....
ရနံ့သစ် မြန်မာစားသောက်ဆိုင်
LEO International  (#03-60) နဲ့
လမ်းပြကြယ် စာကြည့်တိုက် (#04-09) တို့ပါပဲ။
လက်မှတ်တွေကိုတော့ ၉ရက်နေ့ (တနင်္ဂနွေ)မှာ စတင်ရောင်းချမှာဖြစ်ပြီး၊ လက်မှတ်ရောင်းဌာနတွေမှာ လက်မှတ်ကူရောင်းပေးဖို့ အချိန်ရော လူပါ လုပ်အားပေးနိုင်မဲ့ လူငယ်တွေကိုလည်း ကြိုဆိုပါတယ်ရှင်။ 

အသေးစိတ်သိချင်ရင်တော့
မအိ-91682037
ကိုရဲမျိုး-93853167
ကိုအောင်ခိုင်ဇော်-85523466
ကိုကျော်ဇင်-90042156 တို့ဆီ ဆက်သွယ် မေးမြန်းနိုင်ကြပါတယ်။

ဒါ့အပြင် ပွဲကရတဲ့ငွေအားလုံးကိုလည်း “ဧရာဝတီမြစ်ကြောင်း ပြန်လည်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ကဏ္ဍများ”အတွက် လှူဦးမှာဆိုတော့ အင်မတန် ရည်ရွယ်ချက်ကောင်းတဲ့ ပွဲကလေး လည်း ဖြစ်သေးရဲ့။ ကျွန်မဖြင့် သွားကိုသွားရမဲ့ပွဲလို့ စိတ်ထဲ တေးထားမိပါတယ်။ မိတ်ဆွေများ အားလုံးလည်း ပြက္ခဒိန်မှာ မင်နီကလေးနဲ့ မမေ့မလျော့ ရေးခြစ်ထားလိုက် ကြပါဦးလေ။

အားလုံးချစ်တဲ့ ဧရာဝတီအတွက် နှလုံးသားချင်း ဝတ်မှုန်ကူးမဲ့ ပွဲ၊ ရင်ဘတ်တွေချင်း တံတား ထိုးချိတ်ဆက်မဲ့ ပွဲလေးတစ်ပွဲ ဖြစ်တာမို့ အဲဒီနေ့လေးမှာ မပျက်မကွက် ဆုံတွေ့ကြပါစို့လားရှင်....


Monday, October 3, 2011

စိနတိုင်းသွားတောလား-၂

ခရီးအစကနေ အဆုံးထိ အစီအစဉ်အတိုင်း ရေးဖို့ပဲ၊ ဒါပေမဲ့ ညီမလေးများက ဂရိတ်ဝေါကြီး ကြည့်ချင်လှချည်ရဲ့ ဆိုတာနဲ့ ဂရိတ်ဝေါကြီးကို အရင် ဆွဲတင်ပေးလိုက်ပါရတယ်။ အဲဒီနေ့က စိတ်စောနေလို့ ကျွန်မမှာ မနက်စာတောင် ဖြောင့်အောင် မစားနိုင်ဘူး။ ဒါကို ကိုရွှေတိုးဂိုက်က လမ်းကြုံလို့ဆိုပြီး ကျောက်စိမ်းအရောင်းပြခန်းတစ်ခုကို အရင်ဆုံး ခေါ်သွားပြတယ်။ ရေလည်ပဲ၊ တင်းတယ်ကွာ။ ဒီက မြန်မာပြည်သူပါ။ သူတို့ကျောက်စိမ်း စိတ်မဝင်စားလှပါဘူး။ သို့သော် အများနဲ့ ဆိုတော့ကာ သည်းခံ ဒကာမကြီး သည်းခံလော့ ဆိုပြီး ဆက်ဖ်ကူးလ်လင်းဒေါင်း လုပ်ရတော့တာ။ ဗဟုသုတရတာပေါ့လေဆိုပြီး တာဝန်ရှိတဲ့သူ ရှင်းပြတာတွေ စိတ်မပါလှစွာ နားထောင်ခဲ့ပါတယ်။

ကမ္ဘာမှာ တရုတ်ပြည်ကထွက်တဲ့ ကျောက်စိမ်းဟာ အရည်အသွေး အကောင်းဆုံးဖြစ်တယ် တဲ့။ ဟာ... အဲဒီစကားအကြားမှာ အိပ်ချင်နေသေးတဲ့ ကျွန်မမျက်လုံးတွေ ပြူးကျယ်ထွက်သွားတယ်။ ဒီငတိကတော့ကွာ...၊ ပေါက်ဖော်ကြီးကတော့ကွာ လုပ်ချလိုက်ပြန်ပြီ။ ကျွန်မတို့ တစ်အုပ်စုလုံးကို ရှင်းကျားဖောက စလုံးတရုတ်တွေ ထင်သလား မပြောတတ်ပါဘူး။ ကြားရတာ တော်တော် ဖီလင်အောက်သွားတယ်။ ဒါနဲ့ပဲ " ဟေ့ ငါတို့က မြန်မာကွ " လို့ ပြောလိုက်မှ ငတိက နဲနဲရှိန်သွားပုံရတယ်။ အဲဒါနဲ့ ဘေးနားက အရောင်းဝန်ထမ်း အမျိုးသမီးက "ဟုတ်တယ် နင်တို့ မြန်မာပြည်က ကျောက်စိမ်း အရည်အသွေး သိတ်ကောင်းတယ်" လို့ ဝင်ပြောတယ်။ အဲဒီအမျိုးသမီး ကယ်လို့ပေါ့ကွာ၊ ထားလိုက်ပါတော့လေ။ အတိတ်ကို အတိတ်မှာပဲ...ဟင်း...

ဟော...အားလုံး ရောက်ချင်နေကြတဲ့ မဟာတံတိုင်းကြီး ရှေ့မှာ မြင်နေရပါပြီ။ အဲဒီကောင်ကြီးက ဘေဂျင်း လက်စွပ်ကြီး ၇ကွင်း (7 rings of Beijing) ရဲ့ အဖျားအနား၊ စကတ်အပြင်ဘက် (Outskirt)မှာ ရှိတာ။ ဒီလိုလေ ဘေဂျင်းကို အတွင်းပိုင်း မြို့လယ်ကနေ စက်ဝိုင်းတစ်ဝိုင်း ဝိုင်းတာကို 1st ring (Ring Road)-အဲဒီမှာကတော့ CBD area မို့ တကယ့်ဒိတ်ဒိတ်ကြဲနေရာတွေချည်းပဲ၊ နောက်တစ်ဝိုင်း 2nd Ring Road၊ နောက်တစ်ဝိုင်း 3rd Ring Road၊ အဲလိုနဲ့ ဝိုင်းသွားလိုက်ရင် ဘေဂျင်းမြို့အစွန်ဆုံးထိ ၇ကွင်းရှိပါတယ်။ မဟာတံတိုင်းကြီးက အဲဒီ ၇ကွင်းရဲ့ အပြင်ဘက်မှာရှိပြီး ဘေဂျင်းမြို့ထဲနဲ့ မိုင် ၅၀ခန့် ဝေးပါတယ်။






မင်းဆက် ၃ဆက်ဖြစ်တဲ့ Qin Dynasty၊ Han Dynasty နဲ့ Ming Dynasty ၃ဆက်တိုင်တိုင် လက်ဆင့်ကမ်း ဆောက်လုပ်ခဲ့ကြပြီး ကီလိုမီတာပေါင်း ၈၈၅၀ (၅၅၀၀မိုင်) ရှည်လျားပါသတဲ့။ ဒါက အဖြောင့်တိုင်းရင်ပေါ့၊ ကြားက မြစ်ချောင်းတောင်တန်းတွေ၊ သဘာဝအတားအဆီးတွေ မပါဘဲ သူ့တံတိုင်းကြီး သက်သက်ဆိုရင်တော့ ၆၂၆၀ကီလိုမီတာ (၃၈၉၀မိုင်) ရှိပါတယ်။ သူက တစ်ဆက်တည်း မဟုတ်ဘဲ ပြတ်နေတဲ့ အပိုင်းပိုင်းတွေ ရှိနေတဲ့အတွက် မူရင်းရည်ရွယ်ချက်ဖြစ်တဲ့ မွန်ဂိုနဲ့ တခြား ကျူးကျော်သူတွေရဲ့ ရန်က ကာကွယ်ဖို့ဆိုတာကြီးဟာ မဖြစ်လာနိုင်ဘဲ ကမ္ဘာ့အံ့ဘွယ် ၇ပါး စာရင်းဝင်တော့ ဖြစ်နေပါသေးရဲ့။ အဲဒါအပြင် ယူနက်စကိုရဲ့ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် လည်း ဖြစ်သေးတယ်။





မဟာတံတိုင်းကြီးကို စစ်သား၊ အရပ်သားနဲ့ ရာဇဝတ်သား အဲဒီ သား၃သားနဲ့ ဆောက်လုပ်ခဲ့တာ ဖြစ်ပါသတဲ့။ စစ်သားတွေက အမိန့်အရလာရပြီး အရပ်သားတွေကိုတော့ ဖိအားပေးစေခိုင်းခဲ့တာပါ။ ရာဇဝတ်သားတွေ ကိုတော့ အလုပ်ကြမ်း ၄နှစ်အမိန့်နဲ့ ခိုင်းစေခဲ့တာပါပဲ။ အဲဒီသား၃သားရဲ့ အသက်၊ သွေး၊ ချွေးပေါင်းများစွာ ရင်းနှီးပေးဆပ်ခဲ့ကြရတဲ့ တံတိုင်းကြီးဖြစ်ပြီး အလုပ်သမားပေါင်း မီလီယံနဲ့ချီခဲ့ပါတယ်။






"We climbed the Great Wall"
အိုင်အမ် ဟီးရိုးအင်း ညှင်း ညှင်း :P


လက်မှတ်က တစ်ယောက်ကို ၄၅ယွမ်-စလုံး ၈ကျပ်ဝန်းကျင်


မဟာတံတိုင်းကြီးရဲ့ လှေကားထစ်တွေဟာ အနိမ့်အမြင့် အထူအပါး မတူကြဘူး။ တစ်ချို့ ၄လက်မကနေ တစ်ချို့ တစ်ပေသာသာမြင့်ကြတာလေ။ ဒီတော့ မြေပြင်ညီပေါ်လျှောက်နေကျ ခြေထောက်တွေက တယ် မမြှောက်ချင်ဘူး။ ဘေးတစ်ဘက်တစ်ချက်က လက်ကိုင် သံတန်းနိမ့်နိမ့်တွေကို အားပြုရင်း ပေါင်နဲ့ ခြေသလုံးကို ၉၀ဒီဂရီချိုးမြှောက်လို့ ကမ္ဘာမြေဆွဲအားကို ဆန့်ကျင်ပြီး တက်ခဲ့ရတာ ပေါ့သေးသေးမှတ်လို့။  အပေါ်တစ်ဆင့်ထိ တက်ပြီး အောင်မြင်စွာနဲ့   အောက်ပြန်ဆင်း ခဲ့ကြတယ်။ အချိန်ရရင်တော့ ဆက်တက်ချင်သေးသား။ အမယ်... ဒါတောင် အောက်ရောက်တော့ ခြေသလုံး စင်စစ်က ဂျယ်လီတွေကို ဖြစ်လို့။ တုန်တုန် တုန်တုန်နဲ့...။

အောက်ပြန်ရောက်တော့ အိမ်သာဆိုတာတွေ့လို့ ဝမ်းသာအားရ၊ မြှားပြထားတဲ့အတိုင်း ကြည့်တော့မှ ပန်းကန်လုံးကလေးနဲ့ ကပချီနိုဆိုပါရောလား၊ တမျိုးပဲ...။ ပေါက်ဖော်ကြီး အားကီးနောက်လယ်....


အစီအစဉ်အရတော့ ဒါကြီးတက်ပြီးရင် နေ့လည်စာပဲ...အဟမ်းးး၊ ဆက်ပါဦးမယ်...:)




http://www.travelchinaguide.com/