Monday, September 12, 2011

ရောင်စုံပန်းငုံကလေးများရဲ့ လုမ္ဗနီဥယျာဉ်

ကျွန်မတို့ ဇနီးမောင်နှံမှာ သားသမီး မထွန်းကားတဲ့အတွက် သူ့ဘက်ကိုယ့်ဘက် နှစ်ဖက်မောင်နှမတွေ က မွေးလာတဲ့ တူ၊ တူမကလေးတွေအပေါ်ပဲ ချစ်နေကြရပါတယ်။  တူ၊ တူမကလေးတွေ ဘယ်အရွယ်တွေ ရောက်ကုန်ကြပြီလဲ၊ ကျန်းမာရဲ့လား၊ အစားရော အစုံစားရဲ့လား၊ အရပ်ရော ထွက်လာပြီလား၊ ဘယ်လိုစကားလေးတွေ စပြောနေပြီလဲ စသဖြင့် ဖုန်းဆက်တိုင်း မေးဖြစ်နေတော့တာပါပဲ။ တခါတလေလည်း သူတို့လေးတွေ အိမ်မှာရှိနေချိန်ဆို တီတီတာတာ ချစ်ဖွယ်ရာအသံကလေးတွေကို ဖုန်းထဲကနေ ကြားရတတ်ပြန်သေးတယ်။

အထူးသဖြင့်တော့ ကျွန်မ မှာလေ့ရှိတာက ကလေးတွေကို မရိုက်ဖို့ပါပဲ။ ကျွန်မငယ်ငယ်ကတည်းက (ကျွန်မက မွေးချင်း၆ယောက်မှာ အကြီးဆုံးပါ) မောင်ညီမလေးတွေကို မိဘတွေက ရိုက်တဲ့အခါ ရှေ့ကကြားဝင်ခံပြီး ဝင်ဆွဲလေ့ရှိပါတယ်။ ကျွန်မမျက်စေ့ရှေ့မှာ အရိုက်ခံနေရတဲ့ မောင်လေး၊ ညီမလေးတွေကို ကျွန်မ မကြည့်ရက်ခဲ့ပါဘူး။ သူတို့က အရိုက်ခံရလို့ငို၊ ကျွန်မလည်း ဘေးကနေ ဝင်ဆွဲရင်း ငိုပါပဲ။ အဲသလိုမှ မရရင် လမ်းထိပ် သွားထွက်ထိုင်ပြီး မျက်စေ့ရှေ့မှာ တွေ့နေရတဲ့ ဖြတ်သွားနေတဲ့ ကားတဝီဝီတွေကို ငေးကြည့်နေတတ်ပါတယ်။ တကယ်တော့ ကားတွေကို အာရုံစိုက် ကြည့်နေခဲ့တာလားဆိုတော့လည်း မဟုတ်ပြန်ပါဘူး။ မျက်လုံးက မျက်ရည်တွေ စီးကျနေတာကို မသုတ်ဘဲ နေတာမို့ ဝေဝါးနေခဲ့တာရယ်။ ကျွန်မ အဲဒီအရွယ် ခပ်ငယ်ငယ်ထဲက တွေးမိခဲ့တာက လူကြီးတွေဟာ သူတို့ရဲ့ ဒေါသတွေကိုထွက်ပေါက်ပေးဖို့၊ ဒါမှမဟုတ် သူတို့ဖြစ်စေချင်သလို မဖြစ်ရကောင်းလားရယ်လို့ ဂရုဏာဒေါသနဲ့  ကလေးတွေကို ရိုက်နှက်တာ ဆိုတာပါပဲ။ ဘာ့ကြောင့်ပဲဖြစ်စေ ကလေးတွေကို ရိုက်နှက်တာကိုတော့ လုံးဝမနှစ်သက်ခဲ့မိတာပါ။

ကလေးတစ်ယောက် စာမေးပွဲကျလို့၊ အမှတ်နည်းလို့ အသုံးမကျတဲ့ကလေးလို့ ပြောတာကိုလည်း ဘယ်လိုမှ လက်မခံနိုင်ပါဘူး။ အတန်းပညာတတ်မှ လူတော်ဖြစ်ရမှာလား၊ ကလေးတွေမှာရှိတဲ့ တခြား ထူးချွန်ထက်မြက်တာလေးတွေ  လေ့လာပြီး မြေတောင်မြှောက်ပေးရမှာက အဓိကမဟုတ်လားရယ်လို့ ကျွန်မအမြဲတမ်း ယုံကြည်ထားတာကလွဲလို့ ချက်ကျလက်ကျ ရှင်းမပြတတ်ခဲ့ပါဘူး။ ဆရာကိုတာရေးတဲ့ ဉာဏ်များခြင်းဆိုတဲ့ စာအုပ်ကလေး ဖတ်မိတဲ့အခါမှာ ကျွန်မပြောချင်တာတွေကို စံနစ်တကျရေးပြ ထားတာ ဖြစ်နေတာမို့ အတော်လေး နှစ်သက်အားရမိခဲ့တယ်။ ဖတ်နေရင်းကပဲ ဆရာ့အရေးအသားနဲ့ ခံယူချက်တွေဟာ ဘယ်လောက် ဖခင်ကောင်း ဆန်သလဲဆိုတာ တွေ့လာရတယ်။ ကျွန်မဖြင့် စာတစ်အုပ်လုံးကို ပြုံးပြုံးကြီး ဖတ်မိခဲ့တော့တာပါပဲ။ 

ဆရာတွေရေးတဲ့စာအုပ်တွေကို ဘယ်တုန်းကမှ ရီဗြူးမရေးခဲ့ဖူးပေမဲ့ ဆရာကိုတာရဲ့ ဉာဏ်များခြင်းဆိုတဲ့ ဒီစာအုပ်လေးကိုတော့ မိဘတိုင်း ဖတ်သင့်တယ်လို့ ယူဆမိတာမို့ တစ်ချို့အချက်အလက်လေးတွေ ကို ကောက်နှုတ်ရေးပြချင်ပါတယ်။


ဆရာကိုတာက ဉာဏ်များခြင်းရဲ့ အဖွင့်မှာ ခုလို ဆိုခဲ့ပါတယ်။

ဉာဏ်များတယ်ဆိုရင် မကောင်းတဲ့ အဓိပ္ပါယ်လို့ ယူဆနိုင်တယ်။ အတော်ဉာဏ်များတဲ့လူဆိုရင် အဲဒီလူဟာ ကောက်တယ်၊ ပရိယာယ်ဝေဝုစ်ရှိတယ် စသည်ဖြင့် အဓိပ္ပါယ်ကောက်ကြတယ်။
သာမန်အားဖြင့် ကျွန်တော်တို့လို လူပြိန်းတွေကတော့ ဉာဏ်ဆိုတာ လူတိုင်းလူတိုင်း အနည်းနဲ့အများ ပိုင်ဆိုင်ကြတဲ့ တစ်ခုတည်းသော ယေဘူယျအရည်အချင်းတစ်ခုလို့ စဉ်းစားလေ့ရှိတယ်။
ဒါပေမဲ့ ဆရာကြီး ဟိုးဝဒ်ဂါဒနာက ဉာဏ်ဆိုတာ တစ်ခုတည်းသော ပစ္စည်းဆိုတာမျိုးကို စွန့်လိုက်ကြပါတော့တဲ့ဗျာ။ သူက အမ်အိုင်သီအိုရီဆိုတာ ဉာဏ်များစွာ (Multiple Intelligences) သီအိုရီရဲ့ အတိုကောက်ပါပဲ။ ဉာဏ်များတယ်ဆိုရင် ကောင်းသတဲ့ဗျား။

ဟိုးဝဒ်ဂါဒနာရဲ့ ဉာဏ်တွေကို အမှတ်စဉ်ထိုးရရင်

၁) ဘာသာစကားဉာဏ် (Linguistic intelligence)
၂) လောဂျစ်-သင်္ချာဉာဏ် (Logical-mathematical intelligence)
၃) ဂီတဉာဏ် (Musical intelligence)
၎) ကွက်လပ် အကွာအဝေးဉာဏ် (Spatial intelligence)
၅) ခန္ဓာကိုယ် လှုပ်ရှားရွေ့လျားဉာဏ် (Bodily-Kines thetic intelligence)
၆) လူအချင်းချင်း ဆက်ဆံရေးဉာဏ် (Inter personal intelligence)
၇) လူအတွင်းကြည့်ဉာဏ် (Intra personal intelligence) နဲ့
၈) သဘာဝဉာဏ် (Natural intelligence) ရယ်လို့ ဉာဏ်၈မျိုး ခွဲခြားပြခဲ့ပါတယ်။

ကျွန်တော့်အနေနဲ့ မနှစ်က ဒီလိုအချိန်မှာ ဉာဏ်များစွာအကြောင်း၊ ဆယ်တန်းကို ဂုဏ်ထူးမြောက်မြားစွာနဲ့ အောင်တဲ့ ကျောင်းသားများ ကို ပြောပြခဲ့ဖူးတယ်။ ပြောတဲ့ ရည်ရွယ်ချက်ကတော့ မင်းတို့ တော်တာတော့ မှန်တယ်၊ မင်းတို့က ဂုဏ်ထူး အများကြီး ရတာကိုး၊ ဒါပေမဲ့ မင်းတို့ဟာ မင်းတို့ သေသေချာချာ စဉ်းစားကြည့်၊ ဘာသာစကား ကျွမ်းကျွမ်းကျင်ကျင် ရေးတတ်သားတတ်တဲ့ ဉာဏ်နဲ့ လောဂျစ် သင်္ချာဉာဏ်ရှိရင်၊ ကျောင်း စာမေးပွဲဆိုတာမျိုးက ကောင်းကောင်းဖြေနိုင်တာမျိုး မဟုတ်ဘူးလား၊ တခြားဉာဏ်တွေ ရှိတဲ့ တခြားဉာဏ်တွေကောင်းတဲ့လူတွေလည်း အပြင်လောကကြီးမှာ ရှိတယ်။ စာမေးပွဲတွေ အများကြီးအောင်တဲ့ အတန်းတွေအများကြီးအောင်တဲ့ ပါရဂူဘွဲ့ရသူတွေ မကြီးပွားပေမဲ့ ကြီးပွားအောင်မြင်နေတဲ့ စီးပွားရေးသမားတွေ ရှိတယ်။ သူတို့ဟာ ကျောင်းစာသင်ဖို့ လိုတဲ့ ဉာဏ်မကောင်းပေမဲ့ ( ကျောင်းစာသင်ဖို့ ဘာသာစကား ဉာဏ်၊ လောဂျစ်-သင်္ချာဉာဏ်ပဲ လိုတယ်) လူလူချင်းဆက်ဆံတဲ့ဉာဏ် ကောင်းတယ်။

ဆရာတာ စာရေးတယ်ကွာ၊ ဆရာတာလို စာရေးဆရာမှာ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်တတ်တဲ့ဉာဏ် ရှိလို့ ရေးနိုင်တာပါပဲ။ မင်းတို့တစ်တွေ ကိုယ့်ကိုယ်ကိုယ် ငါ တော်လှပြီဆိုပြီး ဘဝင်မမြင့်ဖို့နဲ့ တခြားလူတွေရဲ့ ကောင်းကွက်ကို ကြည့်တတ်စေချင်လို့၊ ဒီအပြင် ငါ့မှာ ကျောင်းစာသင်ဖို့ လိုအပ်တဲ့ ဉာဏ်စွမ်းအပြင် တခြား ဘာဉာဏ်တွေများ ကောင်းနေအုံးမလဲလို့ သတိပြုမိစေချင်တာနဲ့ ဒီအမ်အိုင်သီအိုရီကို ဆွေးနွေးရတာပါပဲလို့ ရှင်းပြရတယ်။  

ကဲ ဒါလောက်ဆိုရင်ဖြင့် စာသင်ခန်းထဲမှာ သူများတန်းတူ မထူးချွန်နိုင်တဲ့ မိမိကလေးတွေရဲ့ အဖြစ်ဟာ ဘာကြောင့်လဲဆိုတာ မိဘတွေ ရိပ်မိနိုင်လောက်ပြီ လို့ ကျွန်မယုံကြည်ပါတယ်။ ဒါဟာ အားငယ်စရာ မဟုတ်ပါဘူး။ မိမိကလေးရဲ့ တခြားဉာဏ်ရည်ကို အကဲခတ်လေ့လာပြီး ရေလောင်းပေါင်းသင်ပေးဖို့သာ လိုပါတယ်။

ဉာဏ်များခြင်း စာအုပ်လေးထဲမှာ ဆရာကိုတာရေးထားတာတွေက သူ့ရဲ့ လုမ္ဗနီကျောင်းကလေး မှာ ပြုလုပ်လေ့ရှိတဲ့ အလုပ်ရုံဆွေးနွေးပွဲတွေမှာ စိတ်ပညာဆရာ ဒေါက်တာသိန်းလွင်ရဲ့ ပို့ချချက်တွေထဲ ကနေ သူနားလည်သလို ပြန်လည်ရေးသားထားတာလို့ ဆရာက ဆိုပါတယ်။

စာအုပ်ထဲမှာ ခေါင်းစဉ်ငယ်လေးတွေ ၁၃ပိုင်း ခွဲထားပါတယ်။ အဲဒီထဲက တစ်ပိုင်းဖြစ်တဲ့ "မိကောင်းဖကောင်းဖြစ်ခြင်း အနုပညာ"ဆိုတာမှာ မိဘ ၃မျိုးခွဲခြားပြထားပါတယ်။

၁) အာဏာရှင်ဆန်ဆန် ပြုမူတတ်သော (ဝါ) နိုင်လိုမင်းထက်ပြုတတ်သော၊ အင်အားသုံးသော မိဘ
၂) အဆီးအတားမရှိ မိဘ နဲ့
၃) အားကိုးအားထားပြုစရာ (စည်းကမ်းကျနစေသူ)မိဘ တွေပါပဲ။

အဲဒီမှာ ဆရာကိုတာရဲ့ စာကြွင်းကလေးကလည်း ပြုံးချင်စရာရယ်...

စာကြွင်း။ ။ "ကိုရင်တာက စာတော့ရေးတတ်ပါပေတယ်လို့ ဒီစာကို ဖတ်ပြီးတဲ့အခါ ကျွန်တော့်ဇနီးက ပြောတယ်။ စာတော့ ရေးတတ်တယ်၊ ဒါပေမဲ့ အဖေကောင်းဖြစ်ဖို့တော့ လိုသေးတယ် လို့ ဝေဖန်တဲ့ သဘောပါပဲ။ ကိုရင်တာဟာ နိုင်လိုမင်းထက်ပြုတဲ့ မိဘအမျိုးအစားနဲ့ အဆီးအတားမရှိ မိဘအမျိုးအစား ဒီနှစ်ခုကြားမှာ လမ်းသလားနေတဲ့ အဖပီတာကြီးပါပဲ၊ အားကိုးအားထားစရာ အဖေကြီးက ရာခိုင်နှုန်း နည်းနေတယ်၊ ကြိုးစားဦး ကိုရင်တာ"လို့ ပြောပါတယ်။

ပြီးတော့ "သူငယ်ဥယျာဉ် (၁)" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဆရာက သူ့ရဲ့ လုမ္ဗနီကလေးကျောင်းရဲ့ တစွန်းတစကို ဒီလို ဖွင့်လှစ်ပြခဲ့ပါတယ်။

လုမ္ဗနီကလေးကျောင်းမှာလည်း ကလေးလေးတွေ ရှိတယ်။ ကလေးတွေဟာ အရုပ်တွေ ဆွဲရတာပေါ့။ လက်ချောင်းကလေးတွေ သန်အောင်လို့တဲ့၊ ကလေးစိတ်ကူးလေးတွေကိုလည်း ပွင့်အာဖို့တဲ့။ ကလေးလေးတစ်ယောက်က ပုံလေးတစ်ပုံ ဆွဲတယ်။ လိပ်ကလေး တစ်ကောင်ပုံပါပဲ။ အဲဒီလိပ်ကလေးဟာ တိမ်တွေထဲမှာ ရောက်နေတယ်။ သမီး လိပ်ကလေးဟာ လှလိုက်တာ၊ တိမ်တွေပေါ်မှာ လိပ်ကလေး ကစားနေတာလားလို့ ဆရာမဒေါ်နီလာက မေးတယ်။ အဲဒါ နတ်သမီးလိပ် လေ။ ဒါကြောင့် မိုးပေါ်မှာ ရောက်နေတာလို့ သမီးလေးက ပြန်ဖြေတယ်။ သမီးလေး စိတ်ကူး ဆန်းပါတယ်။ ကျွန်တော်တို့ လည်း သူ့လို စိတ်မကူးတတ်ဘူး။ ဆရာမ ဒေါ်နီလာလည်း စိတ်မကူးတတ်ပါဘူး။ ကလေးလေးတစ်ယောက် ဘာလုပ်လုပ် သူ့မှာ စိတ်ကူးရှိတယ်။ သူက အသေအချာ လုပ်နေတာ။ ဒါ့ကြောင့် သူ့ဘာသာ စကားတတ်သလောက် ပြန်ပြောတတ်တယ်။

ကလေးလေးတွေ လုပ်တာကို မကောင်းဘူး၊ မတူဘူး မပြောအပ်ဘူး၊ ဘာကြောင့် အဲသလို လုပ်တာပါလဲလို့ မေးရင် သူက သူပြောတတ်သလို စီကာ ပတ်ကုံး ပြန်ပြောပြလိမ့်မယ်။ ပြီးတော့ ကလေးဟာ ချီးမွမ်းတာကို အလွန်ကြိုက်တာပေါ့ လို့ ဆရာက ဆိုပါတယ်။

"သူငယ်ဥယျာဉ် (၄)"  မှာတော့ စာသင်ချင်တယ် ပြောတာ ကလေးသဘာဝ မဟုတ်။ ကစားချင် တယ် ပြောတာမှ ကလေးသဘာဝ၊ ကကြီး ခခွေး ရေးတာ သူ့အတွက် ဘာမှ အဓိပ္ပါယ် မရှိ၊ သူ ဘယ်လုပ်ချင်မလဲ လို့ဆိုထားပါတယ်။ စာ စမရေးမီ ကလေးတွေအတွက် လိုအပ်တဲ့ ကျွမ်းကျင်မှုတွေ ကိုလည်း ပြောပြထားပါသေးတယ်။

စက္ကူဆုတ်တာ (စက္ကူတစ်ရွက်ကို ကြိုက်သလို အဆုတ်အဖြဲခိုင်းတယ်၊ တဖြည်းဖြည်း သေးသေးလေးထိ ဆုတ်တတ်၊ ဖြဲတတ်လာတယ်။ ကလေးရဲ့ လက်ချောင်းလေးတွေ သန်အောင် ကျင့်ပေးနေတာ ဖြစ်ပါတယ်) ရွှံ့နဲ့ ကစားခိုင်းတာ play dough ဆိုတာ ရှိတယ်။ သူကတော့ အရောင်နဲ့ပေါ့။ ရွှံ့ပါပဲ။ အရုပ်ကလေးတွေ လျှောက်လုပ်တယ်။ ဒါလဲ လက်သန်အောင် ကျင့်တာပါပဲ။ အရောင်ခြယ်တယ်။ စက္ကူပေါ်မှာ ကပ်တယ်၊ သဲနဲ့ ဆော့တယ်။ လုမ္ဗနီမှာတော့ မွန်တက်ဆိုရီ ကစားတဲ့ ပစ္စည်းတစ်ချို့ရှိတယ်။ သစ်သားတူထုတာတို့၊ သစ်သားတုံးတွေ စီတာတို့၊ ကြွက်သားငယ်ငယ်တွေကို သန်အောင် လေ့ကျင့်ပေး တာတွေပါ။

Pre-writing skills အတော်များများရပြီး လက်ချောင်းကလေးတွေ သန်လာတော့မှ ဝလုံး မဝိုင်းခင် မျဉ်းဖြောင့်ကလေးတွေ ဆွဲခိုင်း၊ အစက်ကလေးတွေ လိုက်ဆက်ခိုင်းပေါ့။  တဖြည်းဖြည်း ပန်းပင်လေးတွေ ကြီးလာသလို စာရေးဖို့ အဆင်သင့် ဖြစ်လာမှ စာရေးဖို့ လုပ်ပါတယ်။ ခရေယွန်နဲ့ အရောင်ခြယ်၊ ဆွဲချင်တာဆွဲ၊ မျဉ်းဖြောင့်၊ မျဉ်းလဲ၊ မျဉ်းစောင်း နောက်ပြီးမှ မျဉ်းကွေးပေါ့။ မျဉ်းဆွဲတဲ့အခါ အရောင်စုံလေးတွေနဲ့ ဆွဲခိုင်းတာမို့ အရောင်လည်း မှတ်မိ၊ ကလေးတွေလည်း ပျော်စေပါတယ်တဲ့။ ပြီးမှ ဝလုံးရေးစေတာပါ။ အဲဒီမှာ  ချက်ချင်း ဝလုံးရေးဖို့ ကလေးလေးတွေအတွက် ခက်ခဲလှတယ်ဆိုတာ မိဘတွေ သဘောပေါက်ဖို့ လိုပါတယ်။  ကျောင်းမှာတော့ ကလေးသဘာဝကို မဆန့်ကျင်စေလိုတဲ့အတွက် ကစားစေတဲ့နည်း (Play way approach) နဲ့ စာသင်တာမို့ ကလေးတွေ ပျော်ကြပါတယ်။ ငြိမ်ငြိမ်ကလေးထိုင်ပြီး ရေးနေရတာဟာ ကလေးသဘာဝနဲ့ ဆန့်ကျင်နေတာမို့ပါလို့ ဆရာတာက ဆိုထားပါတယ်။

"သူငယ်ဥယျာဉ် (၃)"  မှာ စိတ်ပညာဆရာ ဦးသိန်းလွင် ပြောထားတာလေးဟာလည်း မိဘတွေ၊ ဆရာတွေ သတိပြုရမဲ့ အချက်ပါပဲ။

ကလေးတွေ စာဖတ်ချင်စိတ်ရှိအောင် ဘယ်လိုလုပ်မလဲ ဆိုတော့ ကလေးပုံပြောစာအုပ် တစ်အုပ်ဝယ်၊ ပုံပြောပါ။ ကောင်းတဲ့နေရာ ရောက်ရင် ရပ်ထား။ ကလေးကို ဆက်စဉ်းစား ခိုင်းပေါ့။ နောက်နေ့မှ ပြောမယ်ပေါ့။ ကလေးဟာ သူ့အလိုအလျောက် စဉ်းစားလိမ့်မယ်။ ဒါမှမဟုတ် စာဖတ်စကလေးဟာ ကြိုးစားဖတ်ရင် ဖတ်လိမ့်မယ်။

သို့သော် အဲသလို ကြိုးပမ်းလုပ်ဆောင်ရတဲ့ ကိစ္စလေးတွေမှာ အလှမ်းမမီတာမျိုး မလုပ်ပါနဲ့။ မမီတမီ မလှမ်းမကမ်းလေးတွေပဲ လုပ်ပါတဲ့။ အဲဒါကို သင်ယူမှုဆိုင်ရာပညာမှာ ဖွံ့ဖြိုးမှုနှင့် လျော်ညီသော ကိစ္စများ (Developmentally Appropriate Tasks-DAT)လို့ ခေါ်သတဲ့။

ကလေးရဲ့ ဖွံ့ဖြိုးမှုက ၁ကျပ်ဖိုးရှိတယ် ဆိုပါစို့။ တစ်ကျပ်နဲ့ ဆယ်ပြားဖိုး အလုပ်ပေးပါတဲ့။ တစ်ကျပ်နဲ့ ပြားနှစ်ဆယ်ဖိုး မပေးနဲ့တဲ့။ တစ်ကျပ်ဖိုးလည်း မပေးပါနဲ့တဲ့။ တစ်ကျပ်နဲ့ ဆယ်ပြားအလုပ်ကို အပေါင်းတစ် (+1 intervention)လှုံ့ဆွမှုလို့ခေါ်ပါတယ်။ တစ်ကျပ်ဖိုးပဲပေးလို့ ကလေးအတွက် လှုံ့ဆွမှုမဖြစ်ရင် ကလေးအဖို့ ငြီးငွေ့သွားမှာပဲ။ လှုံ့ဆွမှုလည်း ဖြစ်မှာ မဟုတ်ဘူးတဲ့။ ကလေးကို အထင်ကြီးပြီး သို့မဟုတ် မိဘက လောဘကြီးပြီး တစ်ကျပ်အပြင် ပြား၂၀ဖိုး၊ ပြား၅၀ဖိုး ထပ်ပေါင်းပေးရင်လည်း ကလေး အပေါ် ဖိအား (Stress)များလိမ့်မယ်။ လောဘလည်း မကြီးနဲ့၊ အထင်လည်း မသေးနဲ့တဲ့။

အပေါင်းတစ် လှုံ့ဆွမှုလုပ်တတ်ဖို့ အလွန်အရေးကြီးပါတယ်။ အပေါင်းတစ် လှုံ့ဆွမှုဟုတ် မဟုတ် တော်တဲ့ ဆရာတွေ၊ ကလေးတစ်ယောက်ချင်းစီကို ဂရုစိုက်ကြည့်တဲ့၊ ကလေးကို စိတ်ဝင်စားတဲ့သူတွေပဲ သိမယ်။ ပြီးတော့ ကလေးတစ်ယောက်ချင်းမှာ ကိုယ်ပိုင်လက္ခဏာရှိတယ်။ ဘယ်သူနဲ့မှ မတူတဲ့ သီးသန့်သဘောရှိပါတယ်။ ကလေးရဲ့ အားနည်းချက်၊ အားကောင်းချက်တွေကို ကြည့်ပြီး အားကောင်းချက်ပေါ်မှာ တည်ဆောက်ရမှာ ဖြစ်ပါတယ်။ အားနည်းချက်ကိုတော့ ခဏခဏ မဖော်ပြပါနဲ့တဲ့။

"မိဘ ဆရာပူးပေါင်း ကလေးပညာကောင်း"ဆိုတာ အလကားရေးထားတာ မဟုတ်ပါဘူး။ မိဘတွေ သိစေချင်ပါတယ်။ ဆရာတွေကိုလည်း သိစေချင်လို့ ဆရာကိုတာရဲ့ ဉာဏ်များခြင်း စာအုပ်လေးထဲက ဆွဲယူ ထုတ်နှုတ် ပြခဲ့တာပါ။ မြန်မာပြည်မှာ အဲသလို ကလေးကျောင်းကလေးတွေရှိတာ ကျွန်မဖြင့် ဝမ်းသာကြေနပ် မိသလို တည်ထောင်ဖွင့်လှစ်သူတွေကိုလည်း ကျေးဇူးတင် မဆုံးပါဘူး။ ကလေးလေးတွေကို သူတို့ရဲ့ စိတ်ကို နားလည်ပြီး စံနစ်တကျ ပြုစုပျိုးထောင်ပေးခြင်းဟာ အနာဂတ်ကို ပုံပန်းတကျ ဆေးရောင်ခြယ်ခြင်းဖြစ်တယ် လို့ ကျွန်မ ယုံကြည်မိပါတယ်။ လုမ္ဗနီလိုမျိုး အလားတူ တခြားကလေးကျောင်းလေးတွေ ရှိကောင်း ရှိမှာပါ။ များလေ ကောင်းလေပါပဲ။

ကလေးတွေရဲ့ စိတ်၊ အတွေး၊ ကျန်းမာရေး၊ သင်ယူမှု စတာတွေကို နည်းမှန်လမ်းမှန်နဲ့ သင်ကြားပျိုးထောင်ပေးမဲ့၊ အနာဂတ်ရဲ့ ရောင်စုံ ပန်းဖူးငုံကလေးတွေ ပိုးထိုးလောက်ကိုက်ခြင်းမှ ကင်းဝေးစေမဲ့ လုမ္ဗနီလို  ဥယျာဉ်လေးတွေ များစွာ ပေါ်ထွန်းလာစေဖို့ပဲ မျှော်လင့်မိပါရဲ့။


24 comments:

Nyi Linn Thit said...

လုမ္ဗနီကျောင်းကလေးရဲ့ သင်ကြားမှုက ဒီအတိုင်းဆို နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ အတော်လေး နီးစပ်တာကို တွေ့ရပါတယ်၊ ကျနော့်သားကလည်း ဒီအရွယ်ပဲ ဖြစ်လို့ ကျောင်းကို ဘယ်လို ချဉ်းကပ်မလဲဆိုတဲ့ အကြောင်းတွေ လေ့လာဖြစ်နေတဲ့အချိန်မှာ မချစ်ကြည်အေးရဲ့ ဒီပို့စ်နဲ့ စာအုပ်အညွှန်းက အချိန်ကိုက်ကို စိတ်ဝင်စားစရာ ကောင်းတယ်၊ အများအားဖြင့် ကလေးတွေကို လူကြီးတွေက သူတို့ရဲ့ အတ္တအခြေခံနဲ့ပဲ ချဉ်းကပ်လေ့ ရှိပါတယ်၊ သူတို့ သိထားတဲ့၊ လက်ခံတဲ့ ဘောင်တွေထဲကနေပဲ တရားသေ၊ တလမ်းသွား မြင်လေ့ ရှိကြတယ်၊ တကယ်တော့ ကိုယ့်ကိုယ်ကို သူတို့လေးတွေရဲ့ အဆင့်မှာ ချလိုက်ပြီး ကိုယ်ချင်းစာ စိတ်လေးနဲ့ ဝင်ကြည့်တဲ့အခါ တကယ်ပဲ စိတ်ဝင်စားဖို့ ကောင်းတာ တွေ့ရပါတယ်၊ ဒီပို့စ်လေးကို ဖတ်ပြီး အများကြီးပဲ ဖြန့်ထွက်တွေးမိ သွားတယ် မချစ်ကြည်ရေ.....။

မြသွေးနီ said...

မချစ်ရေ..
လုမ္ပဏီကျောင်းကို သဘောအရမ်းကောင်းပြီး ပရဟိတအလုပ်တွေ အများကြီးလုပ်တဲ့ ဆရာကိုတာ့ရဲ့ ဇနီး မမကြီးရဲ့ ကျေးဇူးနဲ့ ရောက်ဖူးပါတယ်။ လုမ္ပဏီကျောင်းဟာ တကယ့်နိုင်ငံတကာ အဆင့်မှီ မြန်မာကလေးများအတွက် မြန်မာမှုက မကင်းလွတ်စေအောင် စီစဉ်ထားတဲ့ ရှားရှားပါးပါး ကျောင်းတစ်ကျောင်းပါ။ ကလေးစာပေတွေကိုလည်း စေတနာထားပြီး သေချာပုံနှိပ်ထုတ်ဝေပေးနေတာ အားရစရာပါ..။ အစ်မလင့်ခ်ကို မမကြီးကို share လိုက်ပါ့မယ်နော်..။

MGTHANT said...

အခုလို အရှည်ကြီး ရေးပြတာ ကျေးဇူးတင်ပါသည်။ ကျနော်လည်း ကလေးကို ရိုက်တာမကြိုက်လို့ တူလေးကို ထိန်းခဲ့တုန်းက ကလေးရိုက်တဲ့အမနဲ့ ခဏခဏ မကြည်ဘူး :P

Zephyr said...

မုန့်ဆီကြော်ကတော့ နောက်နှစ်အနည်းငယ်မှကြော်မယ်။ အဲဒီစာအုပ်ကိုတော့ မြန်မာပြည်ပြန်တုန်းက ပြန်ယူလာခဲ့တယ်။ :)

ကလေးတွေအကြောင်းနဲ့ပတ်သက်ရင် စာအုပ်လေးအုပ်ကိုသဘောကျတယ်။
(၁) ရင်သွေးငယ်တို့ရဲ့မနက်ဖြန် (မောင်သစ်ဆင်း)
(၂)ကလေးပြဿနာ(ပါရဂူ)
(၃)ဘာကြောင့် ကျောင်းတက်ရတာလဲ။ (ကိုတာ)
(၄)ဉာဏ်များခြင်း (ကိုတာ)

ကိုတာရေးတာတွေကို စေတနာပါလို့ကြိုက်တယ်။ ပါဂျရိုးစီးတဲ့စာရေးဆရာဆိုပြီး တစ်ချို့ကစကြ နောက်ကြပေမယ့် သူကတော့ ပြုံးပြုံးပဲ။

ကလေးတွေကို လက်ပိုက်ခိုင်းတာတောင် သူ မကြိုက်တဲ့အကြောင်းလည်း သဘောကျတယ်။

လုမ္ဗနီ ကျောင်းကတော့ ဈေးကြီးတာကလွဲရင် ကျန်တာတွေကို သဘောကျပါတယ်။

ကိုတာဟာ သင့်ဘ၀မှာ ပေးစာရေးကတည်းက ဦးနှောက်စားတဲ့စာဖတ်သူဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ သင့်ဘ၀ကနေ စာပေလောကထဲဝင်လာပြီး မုံရွေးကို ထူထောင်ခဲ့ပါတယ်။ အဖိုးနည်းသက်သာပြီး လူငယ်တွေဖတ်သင့်တဲ့ မိတ်ဆက်စာစဉ်တွေ အမြောက်အမြားထုတ်ခဲ့ပါတယ်။ စံပယ်ဖြူမဂ္ဂဇင်းကိုလလည်း ပြန်လည်အသက်သွင်းခဲ့ပါတယ်။

သူ့ရဲ့ အအောင်မြင်ဆုံးစာအုပ်ကိတော့ ဖြန့်ထွက်တွေးခြင်း (Lateral thinking မိတ်ဆက်)ဖြစ်ပါတယ်။

နောက်ထပ် ပညာတတ်လောကမှာ နည်းနည်းဂယက်ရိုက်စေခဲ့တာတွေကတော့ သိပ္ပံပညာရှင်တစ်ယောက်ရဲ့စာသင်ကျောင်း၊ ရစ်ချက်ဖိုင်းဖိုင်းအကြောင်း၊ ကျွန်တော်သည်မျောက်ကဆင်းသက်၏။ အတွေးလှည်းဘီး၊ ကိုရင်တာ နှစ်ပါးသွား နှစ်အုပ်တွဲတွေဖြစ်ပါတယ်။

နောက်ပိုင်းမှာ သစ်ညပ်ဟန်းရဲ့စာတွေကို ဘာသာပြန်တာတွေလည်းကောင်းပါတယ်။ ကိုတာ့အကြောင်းတွေလို့ နည်းနည်းဝင်ပွားမိသွားပါတယ် မချစ်ရေ။

Regards,
Zephyr

Zephyr said...

ရစ်ချက်ဖိုင်းမန်း*

Computer said...

What of you know about that guy?
For starters, he is a son-in-law of Htun Kyi, and the publishing business is run on monies stolen from country and people. (Who dare to say it is otherwise?)
He himself makes acquaintances with figures like Saya Gyi Paragu and entering writer's sphere.
Also the publishing is one of the for-show businesses to money laundering vices stated above.
No personal attack, but he was sent to Singapore on government's expenses while his father-in-law still holds a chair in regime.
He wrote some articles about leadership in which disgraced the Lady in a veiled way.
Of his translated stuffs, if one track to the sources like de Bono et al, a lot of things are incorrect or interpreted in twisted ways (remember sources/authors are Liberal-Democrats and so of their ideas).
So it is no wonder even educated persons can be deceived.
After all that guy is more or less in the same league with someone like Mg Sue Sann, except he writes in less disgusting way than MSS,and if one really likes to learn /explore things it is suggested that better look for sources, assuming they already live in abroad with easy access to everything. General public inside the country could not be blame for lack of resources or access, but educated ones abroad should know better about who are hypocrites and opportunists.

sosegado said...

ဒါပေမဲ့ တစ်ချို့ ကလေးတွေက ရိုက် မှရတယ်၊

Zephyr said...

computer,

နာမည်ရင်းနဲ့ရေးရမှာမကြောက်ပါနဲ့လေ။ ဘယ်သူမှမဖမ်းပါဘူး။ သူဟာ ဘယ်သူ့သားမက်လဲဆိုတာကို ဖတ်တာမဟုတ်တဲ့အတွက် စာဖတ်သူတွေမှာပြဿနာမရှိလှပါဘူး။ သူရေးတာကိုမှားတယ်လို့ပြောတာကိုလည်း ဟုတ်ရင်လည်းဟုတ်မယ်လို့လက်ခံပေးလို့ရနိုင်ပါသေးတယ်။ ဆရာကြီးပါရဂူကို သူလေးစားတယ်ဆိုတာကိုတော့ အပိုလုပ်တာလား၊ တကယ်အလေးထားတာလား ဆရာ့ပါရဂူ့အသိုင်းအ၀ိုင်းကိုသာမေးကြည့်စေချင်ပါတယ်။ ဆရာပါရဂူ ၂၀၀၃ ၀န်ကျင်းမှာ အသည်းအသန်ဖြစ်တယ်ဆိုလား သတင်းထွက်တုန်းက အရင်ဆုံးရောက်တာ ကိုတာတို့ဖြစ်ပါတယ်။

ကျန်တာတွေကိုတော့အထွေအထူးမပြောချင်ပါဘူး။ ကလေးတွေအကြောင်းကိုဖတ်တာဖြစ်တဲ့အတွက် ကလေးတွေအတွက်ကောင်းတာရေးတာကို သဘောကျပါတယ်။ နောက်တစ်ချက်က ဒေါက်တာကျော်စိန်ရဲ့ အလုပ်ရုံဆွေးနွေးပွဲကဟာတွေကို ရေးထားတယ်ဆိုတာ တကယ်ဖတ်ရင်သိပါလိမ့်မယ်။

နောက်ဆုံးတစ်ခုက မုံရွေးကို ငွေကြေးခ၀ါချဖို့ဖွင့်ထားတယ်ဆိုလို့ အတော်လေးအံ့သြပါတယ်။ မုံရွေးရောက်ဖူးရင် အဲဒီကလူတွေနဲ့တကယ်သိရင် ငွေကြေးခွက်ခွက်လန်တာတွေရောသိမှာပါ။ နောက်ပြီး မြန်မာပြည်မှာ ငွေကြေးခ၀ါချဖို့အတွက်တော့ စာပေထုတ်ဝေရေးထက်ပိုပြီး အဆင်ပြေတာတွေအများကြီးရှိပါသေးတယ်။

Silta ကို ဖွင့်တာကမှ Money Laundry Point of view အတွက်ပိုပြီးသပ်ရပ်တဲ့ အကြံအစည်ဖြစ်ဦးမယ်။

စာရေးတဲ့သူနဲ့ သူ့ရဲ့စာကိုခွဲခြားပြီးဖတ်ကြည့်ပြီးနောက်တစ်ခေါက်ဝေဖန်ချက်ရေးစေချင်ပါသေးတယ်။

ဟစ်ပိုခရစ်နဲ့အော့ပါထူးနစ်ဆိုတာတွေကတော့ ပြင်းလွန်းတယ်ထင်ပါတယ်။

အခုရေးထားတဲ့ ကလေးတွေအကြောင်းမှာရော အမြင်မတော်တာများပါသွားပါသလား နောက်တစ်ခါ ကွန်မင့်ပြန်လာဖတ်တဲ့အခါ ရေးခဲ့စေချင်ပါသေးတယ်။

ခင်မင်စွာဖြင့်
Zephyr

ps. Ma chit kyi aye, အမွှာလေးမွေးရင် တစ်ယောက်ပြန်ရောင်းမယ်နော်။ ၀ယ်မယ်မဟုတ်လား။

ချစ်ကြည်အေး said...

ကျေးဇူးတင်ပါတယ် ကိုညီလင်းသစ်၊ မြသွေး နဲ့ ကိုမောင်သန့်ရေ :)

ကိုဆိုစီ>> ဟာဗျာ၊ အဲဒါ ရိုက်ကျင့် ရှိသွားလို့ပါဗျ...

ကိုZ ပြောတဲ့ စာအုပ် ၄အုပ်မှာ ဒီတစ်အုပ်ပဲ ဖတ်ဖူးတယ်။ ကျန် ၃အုပ်ကို ဒီတခါပြန်ရင် ဝယ်ဖို့ စာရင်းတို့ထားလိုက်ပြီဗျ။ ဟုတ်တယ်၊ ဆရာတာက လက်မပိုက်ဘဲ သဘာဝအတိုင်း လက်လေး တရမ်းရမ်းရှိစေချင်တာ။ သဘောကျတာတွေသာ ရေးရရင် တစ်အုပ်လုံး ရိုက်တင်ရမဲ့ အပေါက်ပဲ ကိုZ ရေ။ ပိုစ့်တအားရှည်သွားမစိုးလို့ မနဲ ဘရိတ်အုပ်လိုက်ရတာ။
ကိုZ စိတ်နိုင်ရင် ၂ယောက်လုံးယူမယ်။ တော်ကြာ အိမ်ကလူနဲ့ လုချီနေရအုံးမယ် :))

ကွန်ပြူတာ>> အရှည်အရှည်တော့ မရေးတော့ဘူးဗျာ၊ ကိုZ ကလည်း ပြန်ဖြေပေးထားပြီးပြီပဲ။( ကျေးဇူးပါ ကိုZ)
ဆရာတာ ဘယ်သူဘယ်ဝါဆိုတာထက် သူ့စာတွေနဲ့ သူ့ရဲ့လုပ်ရပ်ကိုပဲ ကြည့်စေချင်ပါတယ်။ ကလေးတွေကို ပြုစုပျိုးထောင်ပေးနေတာကိုက လူသားဆန်လှပါပြီ။ ဒါလောက်ပါပဲ...

PAUK said...

အစ်မချစ်
ဒီပို့စ်ကို ဖတ်ရတာ ကြိုက်တယ်..။

blackroze said...
This comment has been removed by the author.
ညီရဲသစ် said...

နုနယ်တဲ့ ကလေး အရွယ်လေးတွေကို တတ်နိုင်ရင် မရိုက်တာ အကောင်းဆုံး ပါဘဲ။ ဒါပေမယ့် တချို့ ကလေးတွေက တော်တော် ဆိုးတယ်။ သူတို့ ကြောက်ရမဲ့သူ မရှိရင် မလွယ်ဘူး။ ခုနောက်ပိုင်း အဲဒီလို ကလေးတွေ များလာပြီ။ ဒီလို ကျောင်းလေးတွေ မြန်မာပြည်မှာ များများရှိဖို့ လိုအပ်ပါတယ်။ ဒါမှ ကလေးတွေ လိမ္မာ ယဉ်ကျေးလာမှာ...

blackroze said...

မကြီးချစ်ရေ
ကလေးဆိုတာ လုံးဝမရိုက်ဘဲနဲ့လည်းထားလို့
မရသေးဘူးအမ..ရိုက်သင့်တဲ့အချိန်..ရိုက်သင့်တဲ့
နေရာဆိုတာလည်းရှိတယ်အမ..
ကလေးရဲ့ဆန္ဒကိုလွတ်လပ်စွာအကောင်အထည်
ဖော်ခွင့်ပေးရတာမျိုးလည်းရှိပါတယ်..
ညီမမှာတူတယောက်ရှိတယ်..အကိုဝမ်းကွဲကမွေးတာ
ဒါပေမဲ့အကိုတို့လင်မယားကကွဲနေတော့..ကလေးကို
အဘွားတွေ..အဒေါ်တွေကဘဲကြည့်ရူ့ရတာပေါ့
ညီမတူကအရမ်းဆိုးတယ်..
တရက်အိမ်သွားလည်တော့ မနက်ပိုင်းမုန့်ဟင်းခါးဝယ်
စားတော့..သူကနံနံပင်တွေငှက်ပျောအူတွေကို
ဝါးပြီးထွေးထုတ်တယ်..ထွေးတဲ့အခါကောင်းကောင်း
မထွေးဘဲ..ဖူးးး ဆိုပြီးထွေးပလိုက်တာ..
အဲတော့ ညီမက သားသား အဲလိုမထွေးရဘူး
အရမ်းညစ်ပတ်တယ်..သားမဝါးနိုင်လို့ထွေးရင်
အမှိုက်ပုံးထဲသွားထွေးရတယ်..လို့ပြောလိုက်တာ
သူ့ကိုအဲလိုပြောရမလားဆိုပြီး..စိတ်ကောက်ပြီးတော့
အိမ်ရှေ့ကိုဝုန်းဒိုင်းနေအောင်ဆောင့်ကြီးအောင့်ကြီး
နဲ့ထွက်သွားတာ..အသက် 5နှစ်ဘဲရှိသေးတဲ့ကလေးနော်..ဖြစ်ချင်တော့..
ညီမရဲ့အဘွားကဘုရားရှိခိုးနေတယ်..
အဲတော့သူ့ကိုသားအဲလိုမကြမ်းတမ်းရဘူး..
ဘွားဘွားကြီး..ဘုရားရှိခိုးနေတယ်လို့ပြောပြတာ..
ပိုဆိုးသွားတယ်..
တံခါးတွေအဝတ်ထည့်တဲ့ခြင်းတောင်းတွေ
ဘာတွေကိုခြေထောက်နဲ့
လိုက်ကန်တာ..သူ့ကိုအဲလိုမလုပ်နဲ့လို့
ပြောတဲ့အတွက် သူကပိုလုပ်မယ်ဆိုတဲ့ သဘော..
အဲလိုအချိန်မှာအဲကလေးကိုမရိုက်သင့်ဘူးလား..အမ
ရိုက်ပြီးဆုံးမသင့်တဲ့ကလေးတွေလည်းရှိပါတယ်

အကောင်းဆုံးကတော့ ကလေးဆိုတာမရိုက်ဘဲနဲ့
သူတို့နားလည်အောင်ပြောပြနိုင်ရင်တော့
အကောင်းဆုံးပေါ့အမရယ်..

Computer said...

The act of defending someone is an admirable feat even the case is not really sound. It is duly noted with full credits.

The person in the question is politically incorrect both in a way of factually and figuratively speaking.

Do you think it is justified or even acceptable to praise about it while the whole business is build upon stolen properties from the state and people. Then by merely producing half-baked translations of popular science books and all that just for the sake of the so called betterment to people?
If you are, in anyway and means, associated with these people and clans, then I rest my case.

And you did not openly acknowledge these facts while they hold true.

Where those capital and monies comes from to do such and such less than or marginally profitable businesses? Publishing? Private school? Some more?

Such practices are more dangerous than obvious businessman like tay za because they look perfectly fine on the surface but in the long run equally damaging because it is also propagating doctrine in subtle and less obtrusive ways. And not to mention being targeted to more educated audiences.

The fact that (ex) regime supreme council member's son-in-law explaining or preaching about Liberal-Democrat ideologies to the poor public? Could be very good joke of irony to say the least. May be Toffler or Friedman will have a good laugh. Told you so, it is really flat.

Why are you abroad if you are not associated with any of them, may I ask? Answer is obvious that because of these thugs and thieves. Otherwise you will write your blog in Yangon home and I reply from, say Taunggyi, and while both parties being on fibre lines.

Of authors on a personal note,Kyaw Win deserves most credit to the bunch, he paid his dues and done his homework, had real involvement in movements nonetheless so he really knows his stuffs and not being pretentious with less patronizing style and tone anyway. But it is rather irrelevant here though is related.

If you like the idea of shaping children's future, why you not ever say a good word on those purely good-will schools that are being forced to shut down. I rather want to see on your very blog openly discussing and praising the right thing. They do not have air-conditioned class rooms or even basic amenities, rather in extremely dire state but well tested to withstand time and history.

The one you talked about is only for 'yay por cee' class, if not all.

It is also important to look at someone not only what they do, but also where they come from and to whom they associated with, honestly say I.

Now I truly rest my case.

Regards.

ချစ်ကြည်အေး said...

ကွန်ပြူတာ>> ကော်မန့် အရှည်ကြီး ခြေခြေမြစ်မြစ် ရေးပြတာ ကျေးဇူးတင်ပါတယ်။

ကျွန်မဘက်က အယူအဆလေး ပြောပြပါရစေ။
လူတစ်ယောက်ရဲ့ ရာဇဝင်ကို တူးဆွပြီး နာကျင်ကြစတမ်းဆိုရင် ဟိုး ပုဂံခေတ်ကနေ ခုထိ နာကျင်စရာတွေ ရှိနေမှာပါ။
ကျွန်မကတော့ အနုပညာရှင်တွေကို သူတို့ရဲ့ ကုန်ထွက်နဲ့ပဲ တိုင်းတာချင်ပါတယ်။
ဘာ့ကြောင့်လဲဆိုတော့ လောကမှာ လူကောင်း လူဆိုးရယ်လို့ ၂မျိုးပဲရှိပြီး အဲဒီ ၂မျိုးဟာ ခေါင်းနဲ့ပန်းလို ကပ်လျက်ပါ။ လူတွေဟာ အမြဲ မကောင်းနိုင်သလို အမြဲတမ်းပဲလည်း ဆိုးမနေနိုင်ကြပါဘူး။
အဲဒါကြောင့် လူတွေကို လူကောင်းလူဆိုးရယ်လို့ လေဘယ်လ် မတပ်ဘဲ တပြေးညီပဲ မြင်ပါတယ်။ လက်ရှိ အနေအထားကိုပဲ မြင်အောင် ကြည့်ပါတယ်။
(စကားမစပ် ကျွန်မနဲ့ ဆရာတာ အမျိုးမတော်ဘူးရှင့်၊ အဲလိုပဲ ကျွန်မတို့ အသိုင်းအဝိုင်းမှာ စစ်နဲ့တူတာဆိုလို့ ရေစစ်တောင် မရှိပါဘူး ကွန်ပြူတာရေ...)

ဒီကျောင်းလေးတခုထဲကို ကျွန်မ ပြောနေတာ မဟုတ်ပါဘူး။ ကျွန်မ မသိတဲ့ ဒီလို ကျောင်းလေးတွေ ရှိကောင်း ရှိမှာပါလို့ ကျွန်မ ရေးထားပါတယ်။
ဒီပိုစ့်မှာ ကျွန်မ ပြောချင်ခဲ့တာက စံနစ်ပါ။ စည်းကမ်းရှိသော၊ သိပ္ပံနည်းကျသော၊ လက်တွေ့ကျသော ပျိုးထောင်မှုပါ။
ဒါလေးတွေကို တခြားသောကျောင်း၊ တခြားသော ဆရာ မိဘတွေ သတိပြုစေချင်လို့ ရေးခဲ့တာပါ။
စာရေးသူကို ဖြစ်စေ၊ ကျောင်းကလေးကို ဖြစ်စေ ကောင်းတာတွေအတွက်တော့ ချီးကျူးရမှာပါ။
ကောင်းတဲ့အရာမှန်သမျှကို ကိုယ်နဲ့ ဆန့်ကျင်ဘက်ဆီကတောင် ယူသင့်ရင် ယူရမှာပါပဲ
ကိုယ် သူ့ကို လက်မခံနိုင်တာနဲ့ပဲ သူဘာလုပ်လုပ် အကောင်းမမြင်နိုင်တာမျိုးတော့ မဖြစ်သင့်ဘူး မဟုတ်လား...


ကျွန်မ အမြင်သက်သက်ပါ။
ခင်မင်စွာဖြင့်
ချစ်ကြည်အေး

ချော(အစိမ်းရောင်လွင်ပြင်) said...

ညီမမှာလည်း တူကလေးတစ်ယောက်ရှိတယ်
ကလေးက ချစ်ဖို့တော့ကောင်းတယ်
ဆိုးတဲ့အခါလည်းဆိုးတယ်
ဒါကြောင့် တခါတခါ စိတ်မရှည်ရင် ရိုက်မိရော ဒါပေမဲ့ကလေးကို သူများရိုက်ပြန်ရင်လည်း မကြိုက်ဘူး။ မရိုက်ဘဲနဲ့ အကျိုးအကြောင်းပြောပြလို့ နားလည်နိုင်မဲ့နည်းလမ်းကတော့ အကောင်းဆုံးဘဲထင်ပါတယ်နော်

မောင်ဘကြိုင် said...

း) အစ်မအမြင်တွေကို အတင်းလိုက်တူတာတော့ဟုတ်ဖူး
ကြိုက်တယ် ကလေးတွေအတွက်လူသားဆန်ဆန်အလုပ်ကျွေးပြုနေသူတိုင်းကို ကျေးဇူးတင်တယ် လေးစားတယ်


မောင်ဘကြိုင်
blog does not allow anonymous comments.ဆိုတာနဲ့ မောင်ဘကြိုင်အခက်တွေ့ပြီ ဒါပေမယ့် ဘုရားတပြီးအကောင့်ဖွင့်မန့်လိုက်တယ် အုံဖွဟဲ့ တက်စမ်းးးးးးးး

မောင်ဘကြိုင် said...

ဟိဟိ တွေ့လား တက်သွားပြီ

မောင်ဘကြိုင်

မဒမ်ကိုး said...

မွေးလာရင်ဘယ်လိုပုံစံနဲ့နေပေးနိုင်မလဲ
ခုထဲကစဉ်းစားရတော့မယ် မမချစ်ရေ .း)

An Asian Tour Operator said...

သားသမီး တွေကို စနစ်တကျ ပြုစု ပျိုးထောင်ပြီး ထိန်းကျောင်း ဖို့ အရေးကြီးတယ် ဆိုတာ နားလည်ပါ တယ်။ တခါတလေ တော့ လည်း အစွမ်းကုန်လွှတ်ပေး ထား လိုက်တယ်။ဒါပေမယ့် တခါတလေ ရိုက်ချင်စရာ (စိန်ခေါ်တဲ့ ပုံစံ ညစ်ကျယ်ကျယ် လေးတွေခင်ဗျ)။ ဆံပင် တောင် ၁ လက်မထက် ပိုမထား နိုင်တာ ကြာပေါ့။

မေသိမ့်သိမ့် ကျော် said...

ကလေးတွေကို စနစ်တကျ ဘယ်လိုပြုစုပျိုးထောင်ရမယ်ဆိုတာကို စာအုပ်အညွှန်းလေးနဲ့ အတူ စနစ်တကျ တင်ပြသွားလို့ ကျေးဇူးတင်ပါတယ် အစ်မချစ်ရေ။ ဆရာမဖြစ်ချင်ပြီး ကလေးချစ်တတ်သူအတွက်တော့ လေ့လာမှတ်သားစရာ ၊ စဉ်းစားစရာတွေရသွားပါတယ်။

ခင်တဲ့
မေသိမ့်

လသာည said...

မမရေ.. မရောက်တာကြာပြီ။ ဟိုဒင်း လူတုတ်ကွေး မိလိုက်၊ နက် တုတ်ကွေး မိလိုက် ဖြစ်ဖြစ်နေတာနဲ့ (^^)"..။

အခုလို ကလေးမိဘတွေ၊ မူကြို/မူလတန်း ကျောင်းဆရာတွေအတွက် ဆောင်ထားရင် အကျိုးရှိမယ့် စာအုပ်လေးတွေကို မိတ်ဆက်ပေးတာတွေလို့ တကယ့်ကို ကျေးဇူးတင်ပါတယ်။

Howard Gardner ရဲ့ Multiple Intelligences ကို ဆရာက ထည့်သွင်း မိတ်ဆက် ပေးထားတာ တွေ့ရလို့လည်း ၀မ်းသာမိပါတယ်။ အဲဒါကတော့ လူတိုင်းသိသင့်တယ်လို့ ထင်လို့ပါ။

မမချစ်ကို. ကျေးဇူး အထူး တင်ပါတယ်။

ဝေလင်း ( Вэй Линн) said...

ကလေးတွေကို ရိုက်တာကို ဦးနှောက်အသိ( စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာကို ထိခိုက်စေလို့၊ ဘာလို့ ညာလို့) ကြောင့် ဆန့်ကျင်ခဲ့တာမဟုတ်ပဲ နှလုံးသားအသိနဲ့ ကလေးတွေရိုက်ခံရတာ မြင်တိုင်းနာကျင်တတ်တာ ကြောင့် ဆန့်ကျင်မိခဲ့တာအစ်မရ။ ကလေးချစ်တတ်သူလည်း မဟုတ်ပါပဲနဲ့ ကလေးတွေရိုက်ခံရရင် ကိုယ်နဲ့လည်းဘာမှ မဆိုင်ပါပဲနဲ့ အလကားနေရင် ၀မ်းနည်းတာလိုလို၊ စိတ်မကောင်းတာလိုလို၊ ရိုက်နေတဲ့ မိဘကိုပဲ အပြစ်တင်ချင်သလိုလို ဖြစ်လာမိပြန်တယ်။ မိဘတွေဘက်ကိုလည်း စာနာပါတယ်။ တစ်နေ့တစ်နေ့ စားဖို့သောက်ဖို့တောင် မနည်းရုန်းကန်နေရတဲ့ မိဘတွေမှာဆို ကလေးက ကကျိုးကကြောင် လုပ်လာရင် ထိန်းချုပ်ထားရတာတွေ အကုန်လုံးက ကလေးအပေါ်ပုံကျသွားတာမျိုးတွေပေါ့။ ဆရာကိုတာရဲ့ စာတွေကိုတော့ ကြိုက်တယ်။ သူပါပဲဖြစ်နေဖြစ်နေပေါ့။ စာအုပ်ဖတ်ရင် တစ်ခါတလေ စာရေးဆရာဘယ်သူဘယ်ဝါတောင် သတိထားမိချင်မှ ထားမိတာ။ အထုပ္ပတ္တိအကျဉ်းတွေ ဘာတွေပါလာရင်လည်း ကျော်ဖတ်တာပဲ များတယ်။ အစ်မပြောတာလေး သဘောကျတယ်။ အနုပညာရှင်ရဲ့တန်ဖိုးကို သူ့ရဲ့အနုပညာနဲ့ပဲ သတ်မှတ်တိုင်းတာသင့်တယ်။

ဝေလင်း ( Вэй Линн) said...

မိန်းမတောင်မရသေးပေမယ့်.. (ယူဖို့တော့ ၁၀ နှစ်စီမံကိန်းဆွဲထားပါတယ်) ကလေးမရိုက်ဖို့တော့ လုံးဝဆုံးဖြတ်ထားတယ်အစ်မရေ... :)))

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်