Friday, September 2, 2011

ကျွန်မ မရှိတော့တဲ့အခါ


ကျွန်မ မရှိတော့တဲ့အခါ စိတ်လက်ချမ်းသာစွာ နေရစ်ခဲ့ကြပါ....

သေချာပေါက် ကျွန်မ သွားရတော့မယ်။ ဘယ်ကို သွားရမှာလဲ၊ ဘယ်ကို ရောက်မလဲ၊
အဲဒီမှာ ဘာတွေများ ရှိနေမလဲ၊ ပြီးတော့ ဘယ်သူတွေများ ရှိနေလေမလဲ....
ကျွန်မရဲ့ လာခြင်းကိုရော သူတို့က ဟက်ဟက်ပက်ပက် ဆီးကြိုကြပါ့မလား...

ချစ်ခြင်း၊ မုန်းခြင်းတွေ ရှိခဲ့တယ်။ တမ်းတခြင်း၊ မေ့လျော့ခြင်းတွေ ရှိခဲ့တယ်....
မေတ္တာ၊ မုဒိတာတွေ ထားခဲ့သလို ဣဿာ၊ မစ္ဆရိယတွေလည်း ပွားခဲ့တယ်....
ချီးမွမ်းခြင်းတွေ ရရှိခဲ့သလို ကဲ့ရဲ့ခြင်းတွေလည်း ဝန်းရံလို့....
သမုဒယထုံးဖွဲ့မှုတွေနဲ့ အပြိုပြို အလဲလဲ...
ပုထုဇဉ်ဆိုတဲ့ အရူးလက်မှတ်ဟာ အမှားရဲရဲတွေအတွက် တရားဝင်ခွင့်ပြုမိန့်များလား....

အမြင့်ဆုံး မိုးတိမ်၊ အနက်ဆုံး သမုဒ္ဒရာကြမ်းပြင်...၊ ဒီထက် ပိုမလား...
ဘဝမှာ ဘယ်လောက်ပဲ ကြီးကျယ်ခမ်းနားခဲ့ပါစေ။ အထိနာနာ နိမ့်ပါးကျရှူံးခဲ့ပါစေ....
အားလုံး ထားခဲ့ရတော့မှာ....။ ဘာတဲ့ သမိုင်း ဟုတ်လား...
သမိုင်းတိုင်းဟာ မှန်ကန်မှုတွေနဲ့ သစ္စာရှိနေခဲ့ကြလို့လား...သွားစမ်းပါ...
ဘယ်တော့မှ နွံမနစ်ဘူး ပတ္တမြားအမှန်သာ ဖြစ်ပါစေတဲ့....
အင်း ဆက်ပြောပါလေ၊ ကျွန်မ စိတ်ဝင်စားပါတယ်...
ရှင် သိထားဖို့က ကျွန်မမှာ အချိန်တွေ နဲပါးလွန်းလှပြီ....
ထားခဲ့ရမဲ့ အရာတွေထက် ဘာတွေယူသွားနိုင်မလဲဆိုတာက
ကျွန်မအတွက် ပိုအရေးမကြီးဘူးလားရှင်...
နောက်ဆုံးအချိန် ရောက်နေတဲ့ မိန်းမတစ်ယောက်အတွက်လေ....

ကျွန်မ မရှိတော့တဲ့အခါ စိတ်လက်ချမ်းသာစွာ နေရစ်ခဲ့ကြပါ....

နေစမ်းပါဦး၊ ခဏကလေး...
ကျွန်မ ဘာတွေများ ကောင်းတာ လုပ်ခဲ့သလဲ...
လူတွေအတွက်၊ လူ့ပတ်ဝန်းကျင်အတွက်၊ ကျွန်မကို ချစ်သောသူ...
ကျွန်မက ချစ်သောသူတွေအတွက်...
အင်း...အနဲဆုံးတော့ ကိုယ်တိုင်အတွက်... 
အို...ကျွန်မခေါင်းတွေ ဖျစ်ညှစ်ဆုပ်ချေခံလိုက်ရသလိုပဲ...
အားလုံး ထားခဲ့ရမယ်၊ ဒါပေမဲ့....
အကောင်း အဆိုးဆိုတဲ့ အကြောင်းတရားတွေနဲ့ ပျော်ဝင်ပတ်သက်ခဲ့ဖူးသမျှအတွက်
တူညီတဲ့ အကျိုးတရားတွေ...ဟုတ်တာပေါ့...
အဲဒါတွေက ကျွန်မနဲ့အတူ အရိပ်လို ကပ်လိုက်နေတော့မှာ....

ရဲရင့်ဖို့တော့ လိုမယ်။ အမှန်ကို လက်ခံနိုင်ရမယ်။ အဲလိုမှမဟုတ်ရင် ဥခွံလေးထဲမှာပဲ နေရစ်ခဲ့....
ကျွန်မကတော့ ချို(ဂျို)ချက် မကင်းနိုင်ခဲ့တဲ့သူ....
ဘာပဲဖြစ်ဖြစ် ကျွန်မ ကြေနပ်တယ်၊ ကျွန်မ အခု သွားရတော့မယ်....

ကျွန်မ မရှိတော့တဲ့အခါ စိတ်လက်ချမ်းသာစွာ နေရစ်ခဲ့ကြပါ....

ဘယ်သူပြောလဲ ဖြည်းဖြည်းငြိမ့်ငြိမ့်လေးလို့...
စည်းနှောင်ပိတ်ကြပ်နေတဲ့ကြားမှာ....
အားအင်တွေ ချိနဲ့နေတဲ့ကြားမှာ
တချက်ချက်သွားနေတဲ့ နာရီလက်တံတွေကြားမှာ...
တဖျတ်ဖျတ်ထင်ဟပ်နေတဲ့ နမိတ်ပုံတွေကြားမှာ....
ပင်ပန်းလွန်းလိုက်တာ...၊ အဲဒီ အခိုက်အတန့်ကလေး....
စိတ်တွေဟာ ချည်တိုင်ကနေ ရုန်းကန်တွန်းထိုးလို့....၊ မောလှပါပြီ....
လွှတ်ချခဲ့လိုက်...ကျွန်မ သွားပါရစေတော့၊ လွှတ်ချပစ်ခဲ့လိုက်ပါကွယ်....

အားလုံးပဲ ကျွန်မ မရှိတော့တဲ့အခါ စိတ်လက်ချမ်းသာစွာ နေရစ်ခဲ့ကြပါ....

တဖြည်းဖြည်း တလွင့်လွင့်နဲ့  ပေါ့ပါးလာလိုက်တာ....
သွားရမဲ့လမ်းအတိုင်း ဦးတည်မိတယ် ဆိုရင်ပဲ....
စမ်းရေစီးသံသဲ့သဲ့လိုလို.....တောင်ကမ်းပါးယံတွေ တဖွဲဖွဲ ပြိုကျလာသံလိုလို...
ကျောက်စက်ရေအေးအေး တစ်ပေါက်ချင်း ကျနေသံလိုလို....
ခြေသံတိုးဖွဖွလေး အပြေးလိုက်လာသလိုလို.....
ဆံနွယ်တွေ ဝဲကနဲဖြာအကျမှာ ညာဘက်ပါးပြင်လေး နွေးကနဲ...
စိုစွတ်မှုတွေနဲ့ အနမ်းတစ်ခုများလား...

ဟင့်အင်း...၊ စိတ်တင်းထားမှပေါ့...မငိုလိုက်ပါနဲ့နော်...တဆိတ်လောက်ရှင်....

ချစ်ခင်သူတွေရဲ့ မျက်ရည်တစ်စက်၊ ရှိုက်သံတစ်ချက်ဟာ....
ကျွန်မရဲ့ ခြေလှမ်းတွေကို ပိုးကြိုးမျှင်ကလေးနဲ့ တုံ့ကနဲ တုံ့ကနဲ ဆွဲငင်ရစ်ပတ်နေသလိုရယ်....
နှောင်တွယ်မှု သံယောဇဉ်တွေအားလုံးကို ဖြေလျှော့ထားရစ်လို့  ကျွန်မ သွားရတော့မယ်....

ထပ်ပြောမယ်...ကျွန်မ မရှိတော့တဲ့အခါ စိတ်လက်ချမ်းသာစွာ နေရစ်ခဲ့ကြပါ....

ကျွန်မမျက်နှာပေါ် စီးမိုးကြည့်နေကြတဲ့ မျက်နှာတွေ၊ စာနာစိတ်ကဲနေတဲ့ မျက်ဝန်းတွေ...
ယပ်တောင်တဖျတ်ဖျတ်ခပ်လို့.... အစစ်တွေလား...၊ အတုတွေလား....သွားစမ်းပါ...
ချန်ထားရစ်ခဲ့ရတဲ့ အရာတွေအတွက် ကျွန်မ ရင်နာနေဖို့မှ မလိုအပ်တာဘဲ...
တစ်ခုတော့ ပြောခဲ့ပါရစေ...ဒီမယ်...သေမင်းကို ရှင်တို့ ချစ်တတ်ကြပါ...
ရှင်တို့မျှော်လင့်ထားသလို အော်ဂလီဆန်ချင်စရာ၊ ပျို့အန်ချင်စရာတွေ သူ့မှာ ရှိမနေဘူး...
ရှင်သန်ခြင်းကမှ ရှုပ်ထွေးပွေလီနိုင်သေးတယ်...
မျက်နှာကြီးငယ် လိုက်သေးတယ်...ငွေကြေးဘက် လိုက်သေးတယ်...

ရှင်တို့ သေခြင်းတရားကို ချစ်တတ်ကြပါ။ နေ့တိုင်း သူ့အကြောင်းတွေးပါ...
အဲဒါဟာ မင်္ဂလာအစစ်...
"ငါသည် မုချသေရမည်၊ အချိန်ပိုင်းသာ လိုတော့သည်" တဲ့....
တကယ်ဆို မွေးဖွားခြင်းက သေဆုံးခဲ့ပြီးသား....
ကျွန်မတို့အားလုံး မွေးဖွားပြီးကတည်းက သေခြင်းတရားနဲ့ အနီးကပ်ဆုံးမှာ...
သံသရာက မလွတ်သေးသရွေ့တော့...
"သေဆုံးခြင်းဟာ ဘဝရဲ့အဆုံး မဟုတ်ဘူး၊ အသစ်ဖြစ်တည်မှုတစ်ခုရဲ့ အစသာဖြစ်တယ်...."

ကျွန်မ မရှိတော့တဲ့အခါ စိတ်လက်ချမ်းသာစွာ နေရစ်ခဲ့ကြပါ....

ကျွန်မ မရှိတော့တဲ့အခါ...
အဲဒီနေ့မှာ ခြံထဲက စံပါယ်ရုံကလေးလည်း ပွင့်မြဲတိုင်း ပွင့်၊ မွှေးမြဲတိုင်း မွှေးလို့....



28 comments:

မိုးယံ said...

တစ်ယောက်ယောက်ကိုများ မှာတမ်းခြွေနေသလား အောက်မေ့ရတယ်...

အင်းလေ သမုဒယတွေနဲ့ ရစ်နှောင်တဲ့ လူ့ဘောင်ကတော့ ရှုပ်ထွေးလွန်းပါတယ်..

နေရမှာနဲ့ သေရမှာ..ဘယ်ဟာက သေချာတယ်ဆိုတာ သိပေမယ့်လည်း ကြောက်ဟယ် လန့်ဟယ်. ပုထုဇဉ်နယ်ကတော့... လမ်းဟောင်းကြီးကို လျှောက်နေဆဲပါပဲ....။ မျက်နှာ မလိုက်တတ်တဲ့ ဘော်ဒါကြီးကိုတော့ အမုန်းမပါ အပြုံးမျက်နှာနဲ့ တစ်ချက်လောက် ကြည့်ချင်သေးပါရဲ့။

Nyi Linn Thit said...

ကဗျာလေးဖတ်ပြီး ဆို့သွားတယ် မချစ်ကြည်အေး...၊ ဖတ်နေတုန်းမှာ တချို့အရာတွေက နီးလာလိုက်၊ တချို့အရာတွေကတော့ ဝေးသွားလိုက်နဲ့....၊ Ultimate departure ဆိုတာကို ကျောထဲမှာ စိမ့်ကနဲ ခံစားလိုက်ရ တယ်ဗျာ...။

seesein said...

အမချစ်
ကဗျာဖတ်ပြီး တော်တော်လေး တွေးသွားတယ်
အရမ်း အရမ်းကို ကြိုက်ပါတယ်
အမချစ်က မှာသလို စစကလဲ အမချစ် ကျန်းမာရေး ဂရုစိုက်ဘို့မှာပါတယ်။

ခင်မင်တဲ့
seesein

ကိုကိုမောင်(ပန်းရနံ့) said...

ဟုတ်ပါရဲ့။ သေခြင်းတရားဟာ ဘ၀ရဲ့ အဆုံးမဟုတ်ဘူး။ ဒါကြောင့် အလဟသ်သ မသေသင့်ဘူး။ သေခြင်းအတွက် အဓိပ်ပါယ်ရှိရမယ်။ အဓိပ်ပါယ်ရှိအောင် ဘယ်လို သေကြမလဲ။း)))

ခင်မင်လျှက်

ညီရဲ said...

သမိုင်းတိုင်းဟာ မှန်ကန်မှုတွေနဲ့ သစ္စာရှိနေခဲ့ကြလို့လား...

အဲဒီ စကားလေး ကြိုက်တယ် အစ်မ...
သမိုင်းတိုင်း အမှန်လို့ ပြောလို့ မရပါဘူး။

သဒ္ဓါလှိုင်း said...

ကျမမရှိတော့တဲ့အခါ ကျန်ရစ်ခဲ့မယ့်အရာတွေကလည်း သူ့နေရာနဲ့သူ နေမြဲဖြစ်နေမှာပါ။ သေဆုံးခြင်းတရားကို မေ့လျော့နေတဲ့သူအဖြစ် မသေဆုံးတော့မလိုလို..။ အမချစ်ရဲ့ကဗျာလေးက သတိသံဝေဂတွေနဲ့ ပြည့်နှက်နေခဲ့ပြီး မေ့လျော့နေတဲ့တရား နှလုံးသွင်းမိလိုက်တယ်။
ချစ်တဲ့
ညီမသဒ္ဓါ

Anonymous said...

တစ်နေ့တော့ဒီလိုအဖြစ်မျိုးကြုံလာမှာသိပေမယ့်
ရင်မဆိုင်ချင်သေးဘူး
ခဏမေ့ထားပစ်ချင်တယ်
ဒါပေမယ့်..တားဆီးလို့မှမရပဲနော်!
ကျော်ဟိန်းပြောသလိုပဲပေါ့..
သေမင်းဆိုတာ..ငါတို့ရဲ့ဘော်ဒါကြီး..တဲ့
ခုနေသာ..ခေါက်ခနဲကြွသွားခဲ့ရင်တော့..
သေချာတယ်အစ်မ..တန်းရောက်မှာကျိန်းသေပဲ:P
ခင်မင်လျှက်
မိစံ

မအိမ်သူ said...

ဖတ်လို့မ၀တဲ့ ကဗျာလေးပဲ။ အထပ်ထပ်ဖတ်မိတယ်။ ရှင်သန်ခြင်းရဲ့ အဆုံးမှာ သေချာတာတစ်ခုက အနီးကပ်ဆုံးမှာရှိပြီးသား.. တရားတွေကျ သံဝေဂတွေရပေမယ့်လည်း ပုထုဇဉ်တို့သဘာဝ အနီးဆုံးအရာကို အဝေးဆုံးမှာ တခဏတော့ ထားနေမိကြတာပါပဲ အမချစ်ကြည်အေးရေ...

MGTHANT said...

ဆရာ ဦးဘုန်း(ဓာတု)ပြောတဲ့ မသိ မသာ ဆိုတာ သတိရမိတယ်... အား ဘာကိုမှ မဆိုလိုဘူးနော်.. ကဗျာကို ဖတ်ပြီး.. သတိရမိရုံ သက်သက်

ချယ်ရီမြေ said...

တကယ်ကောင်းတဲ့ မှတ်သားစရာဆောင်းပါးတစ်ပုဒ်ဖတ်သွားပါတယ်.. အကြိုက်ဆုံးစာသားကတော့ `ပုထုဇဉ်ဆိုတဲ့ အရူးလက်မှတ်ဟာ အမှားရဲရဲတွေအတွက် တရားဝင်ခွင့်ပြုမိန့်များလား´ပါ။

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

TZA said...

စပယ်လေးသာ စကားပြောတတ်မယ်ဆိုရင်.. “ဟွန်း.. လူတွေက နာတို့ပန်းတွေထက် အသက်ရှည်ပြီးတော့များ” လို့ ပြောမလားပဲ.. ခစ်ခစ် (ချစ်စရာကောင်းချင်ယောင်ဆောင်လို၍ ရယ်သံပြောင်းသွား)

blackroze said...

မကြီးချစ်ရေ
တနေ့သွားရမှာပါ..လူသားအားလုံးဒီလမ်းကို
ခုတော့စောပါသေးတယ်အမရာ..
နေပါဦး

ချော(အစိမ်းရောင်လွင်ပြင်) said...

အဲဒီနေ့ဟာ တစ်နေ့နေ့ ရောက်လာမယ်ဆိုတာ သေချာသိနေပေမဲ့ တကယ်တမ်းကြုံလာရင် ရင်ဆိုင်နိုင်စွမ်း ရှိပါ့မလား မသိဘူး အစ်မရယ်
ကျွန်မမရှိတဲ့ အခါ စိတ်လက်ချမ်းသာစွာနေခဲ့ပါ ဆိုတဲ့ စကားကြီးက စိတ်ထဲ တစ်မျိုးကြီးခံစားရတယ်။
ဘယ်သူ့ကိုမှ နှုတ်မဆက်ချင်သလို ဘယ်သူရဲ့ နှုတ်ဆက်တာကိုမှ မခံချင်ပါဘူးလေး(

rose of sharon said...

သေဆုံးခြင်းဟာ ဘဝရဲ့အဆုံးမဟုတ်ဘူး......

နေ၀သန် said...

ဟုတ်ကဲ့ပါ.. အစ်မ... စိတ်လက်ချမ်းသာစွာ နေခဲ့ပါ့မယ်... :D... နောက်တာပါ.. တော်တော်လေး ရေးတတ်ပါပေါ့..း))).. ဖတ်ရင်းနဲ့ သေတမ်းစာမှာနေသလား အောက်မေ့ရတယ်....း))))))


ခင်မင်လျက်
နေ၀သန်

မိုးငွေ့...... said...

မကြီးဆွဲထားတဲ့ ပန်းချီနဲ့ ကဗျာလေးက ဟတ်နေတာပဲ...။ နောက်ဆံငင်အောင်ဆွဲထားကြတာကိုရေးဖွဲ့ထားတာလေး သိပ်လှတယ်....။ လူတိုင်းမသွားမဖြစ်သွားရမယ့်လမ်းကို စာရေးသူတွေက သူတို့ရှုဒေါင့်လေးတွေနဲ့ ပုံဖော်ခံစားတတ်ကြတာ....။

မကြီးစိတ်လက်ကျန်းမာပျော်ရွှင်ပါစေ....

တီချမ်း said...

ဘာများ ချန်ခဲ့ပေးမလဲလို့ ဘတ်လိုက်ရတာ စာသာဆုံးတယ် ဘာမှ မချန်ခဲ့ပါလားနော်

တီချမ်း said...

ကြောင်ကလေး ကို ကြည့်ထားပေးပါနော်

ကိုအောင်(ပျူနိုင်ငံ) said...

ကျွန်မ မရှိတော့ရင် ကျွန်တော်တော့ ရှိနေအုံးမှာပါ ... :P

အလင်းသစ် said...

သူများက ပြောနေပြီ ကျွန်မမရှိတော့တဲ့အခါတဲ့...
အင်းး ကျွန်တော်မရှိတော့ရင်ရော..ခဏတော့ သတိရနေကြမယ်ထင်ပါရဲ့...နောက်တော့လဲ လောကကြီးရဲ့ သဘောတရားအတိုင်း "မင်းမရှိလို့လည်း ဘာမှမဖြစ်ပါဘူး"လေ...သူ့ပုံမှန်ပဲ ရှေ့ဆက်နေဦးမှာပါ.. အတ္တနဲ့မကင်းတော့လည်း ကိုယ့်စိတ်ထဲတော့ ကိုယ်မရှိတော့ရင် တစ်ခုခုများဖြစ်သွားလေမလား.. အတွေးတွေကတော့ ဝေဝေဝါးဝါးနဲ့.. အမကြီးရေ..အတွေးလေးတစ်ချို့အတွက် ကျေးဇူးပါ...

မဒမ်ကိုး said...

အင်း အသိတရားတွေကအနီးကပ်ပေးလာသလိုခံစားရတယ်
ရောဂါသည်တစ်ယောက်အဖို့ဘာမှမပြင်ဆင်ရသေးဘူးဖြစ်နေလေရဲ့
ပြောချင်တာကတော့
ကျမမရှိတဲ့အခါ .ကိုရင်ရေ နောက်မိန်းမမယူပါနဲ့လို့ ဟဲဟဲး)
ချစ်တဲ့

မဒိုးကန်

Anonymous said...

မနက်တခါ ညတခါ လာဖတ်သွားပါတယ်။


ပေါက်

T T Sweet said...

လူတိုင်းသွားရမဲ့လမ်းမှို့ မေ့မေ့လျှော့လျှော့ တော့ မနေသင့်ဘူးပေါ့။ ဒါပေမဲ့ အသက်ရှိစဉ်တော့ ပေါ့ပေါ့ပါးပါး ပျော်ပျော်ပါးပါးလေးပဲ နေချင်တယ်ကွယ်။ သတိပေးတဲ့ကဗျာလေးအတွက် ကျေးဇူးတင်ပါတယ် အကြည်ရေ။

SHWE ZIN U said...

ခခက ကတော့ မင်းမရှိရင် မိန်းမ ငယ်ငယ်လေးယူ မယ် ပျော်စရာကြီးတဲ့

mstint said...

နေရစ်သူများစိတ်ချမ်းသာစေချင်သလို သွားသူများလည်း စိတ်ချမ်းသာဖို့လိုတယ်။ စိတ်ချမ်းသာဖို့ နည်းလမ်းလေးတစ်ခုပဲရှိတယ် ဒါန သီလ ဘာဝနာလေးပါသွားဖို့ပေါ့း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

သက်ဝေ said...

ပိုင်ရှင်မဲ့သွားခဲ့ရင် စပါယ်ရုံကလေး အရင်လို မွှေးနိုင်တော့မှာ မဟုတ်ဖူးလေ...

...အလင်းစက်များ said...
This comment has been removed by the author.
...အလင်းစက်များ said...

မနက်မိုးလင်းလို့  အိပ်ယာထ နောက်ကျနေမိတဲ့ အခါ ခပ်ငူငူ ထိုင်ပြီး လမ်းမပေါ်က ကားတွေကို ကြည့်နေမိတယ်။ ကိုယ်အိပ်ယာက နိုးနိုး မနိုးနိုး လောကကြီးက ပုံမှန် လည်ပတ်နေတာပါပဲ။ ကိုယ် က ၀င်ရောက် မလည်ပတ်နိုင်တာလောက်ပဲ ကိုယ့်မှာ ဘေးထွက်သွားတာပဲ ဖြစ်မှာပါ။ အဲ ကိုယ်က အပြီးထွက်ခွာသွားရမယ် ဆို၇င်တော့ ဘာမှ မသိနိုင်တော့ဘူးပေါ့လေ။

တနည်းအားဖြင့် ဘ၀ တည်ငြိမ်စွာ လျောက်လှမ်းနိုင်စေဖို့  ဒီလို စိတ်လမ်းကြောင်း ဦးတည် ဖြောင့်ပေးတဲ့ စာတွေ လိုပါတယ် အစ်မ ချစ်ရေ......လို့  ။

အစ်မ မဒိုးကန်နဲ့  အစ်မ ချစ် နာမည်မှားရေးမိလို့  ပထမ ကော်မန့်  ဖျက်ပစ်လိုက်ရတယ် ဟီး ကြောင်ချက်က အဲ့လို။

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်