Wednesday, September 28, 2011

စိနတိုင်းသွားတောလား-၁

ဒီရက်ပိုင်းမှာ ကေအယ်လ် ၂ရက်၊ တရုတ်ပြည် ၈ရက် ပေါင်း ၁၀ရက် ခရီးဆက်တိုက်သွားဖြစ်လိုက်တော့ ဘလော့ဂ်နဲ့ ဝေးသွားတယ်။ မသွားခင်တုန်းကလည်း လိုအပ်တာတွေ စီစဉ် ဝယ်ခြမ်းရနဲ့ ဘလော့ဂ်နဲ့ဝေး ဆိုတော့ အတော်ကြာ ပျောက်သွားတယ်။ မဖြစ်မနေ Scheduleနဲ့ တင်ခဲ့တဲ့ ဧရာဝတီပို့စ်အတိုလေး အပြေးအလွှားတင်ခဲ့တာပဲ ရှိတယ်။ ခု ပြန်လာပါပြီ။ ပင်ပန်းနေပေမဲ့ စာရေးချင်နေတာနဲ့ ရေးလိုက် တာ။  ကေအယ်လ်ခရီးကတော့ စားသောက် ဈေးဝယ်လောက်ပါပဲ။ အဲ...APTက လုပ်တဲ့ ဆံပင်မိတ်ကပ် ရှိုးလေးတစ်ခုကို ကြုံတုန်း ဓါတ်ပုံရိုက်ခဲ့တာပဲ ရှိတယ်။ အဲဒါလေးတော့ နောက်မှ ကြားဖြတ်တင်ပါ့မယ်။ 

ခုတော့ တရုတ်ပြည်ပြန် အတွေ့အကြုံတွေ ပူပူနွေးနွေး ရေးချင်သေးတယ်။ အန်တီ-တရုတ်ပြည်အုပ်စုတွေ ခဲနဲ့လာထုမှာလည်း ကြောက်ရသေး။ သို့သော် ကျွန်မရေးချင်တာက ခရီးသွားအတွေ့အကြုံအပြင် သူတို့ရဲ့ ဒူးအော်ဒိုင်း-Do or Die စိတ်ဓါတ်လေးတွေကို သဘောကျမိတာကြောင့်ပါ။ ဘာကိုမှ မငဲ့ဘဲ ငွေရရင် ဘာမဆိုလုပ်တဲ့ စိတ်ဓါတ်ကိုတော့ မကြိုက်ပါဘူး။ ဒါပေမဲ့ တွေ့ခဲ့ရတဲ့ လူတန်းစား ၂ရပ် ကွာဟချက်တွေ ကတော့ မြင်ရုံနဲ့ သိသာစေပါတယ်။

တောနေ တရုတ်လူတန်းစားက အပေါ်ယံ အေးခဲတဲ့ ရုပ်ရည်ရှိတယ်။ တစ်ယောက်မျက်နှာ တစ်ယောက်ရှေ့ ထားရင်း အိမ်ရှေ့နဲ့ နောက်ဖေးလို အော်ဟစ်ပြောတတ်ကြတယ်။ စိတ်ထဲက ရှိသလို ပြုမူတတ်တယ်။ လမ်းပေါ်မှာ ကိုယ့်ပုခုံးစွန်းကို တွန်းထိုးတိုက်သွားလို့များ ဆောရီး တခွန်းကြားရဖို့ မမျှော်လင့်ပါနဲ့။ သူတို့က သတိတောင် ထားမိချင်မှ ထားမိလိမ့်မယ်။ အရိုင်းဆန်သလိုလို ထင်ရတယ်။ ဒါပေမဲ့ အဲဒါ သူတို့ နေတတ်သလို နေတာပဲ ဖြစ်တယ်။  မြန်မာပြည်မှာ ရန်ကုန်မြို့ကြီးကို မရောက်ဖူးတဲ့ တောရွာနေ လူတွေ ရှိနေသလိုပေါ့။ သူတို့ဆီမှာလည်း တရုတ်ပြည်မကြီးရဲ့ မြို့ကြီးတွေဖြစ်တဲ့ ဘေဂျင်းတို့၊ ရှန့်ဟိုင်တို့ကို မရောက်ဖူးကြသေးတဲ့ လူတွေ ရှိတယ်။

မြို့နေ တရုတ်တွေကတော့ ပညာတတ်များတယ်။ ပိုပြီး ယဉ်ကျေးဖွယ်သော စကားကို ဆိုတတ်တယ်။ အဝတ်အစားကိုလည်း အချိုးတကျ ဝတ်ဆင်တတ်တယ်။ တောနေ တရုတ်တွေလို စတိုင်လ်ဘောင်းဘီကို ရင်ဘတ်ပေါ်တက်မဝတ်ဘူး ဆိုပါတော့။ သတိထားမိတာတစ်ခုက တရုတ်မလေးတွေဟာ အဝတ်အစားကို သာ အလန်းစား ဝတ်စားထားတတ်ကြပေမဲ့ မျက်နှာကို မိတ်ကပ်မလူးဘဲ မျက်နှာအပြောင်နဲ့ နေတတ်ကြတာ ပါပဲ။

ခရီးတစ်ခုအတွက် လနဲ့ချီ ပြင်ဆင်တတ်တာမို့ တရုတ်ပြည်ခရီးအတွက်လည်း ခါတိုင်းလိုပဲ ကြိုတင်ပြင်ဆင် ခဲ့ပါတယ်။ ရာသီဥတုနဲ့ သင့်လျော်မဲ့ အဝတ်အထည်၊ လိုအပ်တဲ့ ဆေးဝါး၊ ပေါ့ပါးခိုင်ခန့်တဲ့ (အသစ်မဟုတ်ဘဲ စီးနေကျ) ဖိနပ်၊ ဦးထုပ်၊ နေကာမျက်မှန်၊ အစုံပါပဲ။ သွားမဲ့နေရာတွေကို အင်တာနက်ထဲမှာ ရှာဖတ် ရပါသေးတယ်။ ဒါတောင် ဒီက Travel Agent ပြောသလို ကော်ဖီထုပ်၊ ခေါက်ဆွဲထုတ်၊ ချီလီဆော့စ်တွေအထိ အသေးစိတ် ယူမသွား ခဲ့မိလို့ ဟိုရောက်မှ လွမ်းချင်သလိုလို ဖြစ်ရတယ်။ ကျွန်မတို့နေခဲ့တာက Local 4Star Hotel မို့လည်း ဖြစ်နိုင်ပါတယ်။

လမ်းဘေးစာလည်း တွေ့ကရာ မစားရဲဘူးကိုး။ ဘာဆီတွေ၊ ဘာအသားတွေနဲ့ ချက်ထားမှန်းမှ မသိတာ။ အပ်က စလို့ ဒုံးပျံအထိ အတုလုပ်နိုင်လွန်းကြသူများမို့ အစားအသောက်နဲ့ ပတ်သက်လို့ နဲနဲတော့ စိုးရိမ်မိတာအမှန်ပါပဲ။ တော်ကြာ ဘဲသားအတုတို့၊ ကြက်ဥအတုတို့ ဗိုက်ထဲသွင်းမိရင် မခက်ပါလား။ ဂိုက်ကိုယ်တိုင်ကလည်း အပြင်စာတွေ မစားကြဖို့ သတိပေးထားပါရဲ့။ သူတို့ကျွေးတဲ့ အစားအစာတွေနဲ့ ကိုယ်က အဆင်မပြေတာ လည်း ဖြစ်နိုင်ပါတယ်။

မနက်စာမှာ ကော်ဖီမပါပါဘူး။ ပေါက်စီကျွေးပေမဲ့ ချီလီဆော့စ်မပေးပါဘူး။ အစားအသောက် ကြေး မများဘူးလို့ ကိုယ့်ကိုယ်ကို ထင်ထားခဲ့တာ ၃ရက်လောက်အကြာမှာတော့ သူတို့အစားအသောက်အနံ့ရရင်ပဲ ပျို့တက်လာပါတော့တယ်။ တော်တော် စိတ်လေသွားပါတယ်။ မစားနိုင်ပါဘူး။ ပထမဦးဆုံးအကြိမ် ဟိုတယ်က မနက်စာတွေဟာ အဲဒီလောက် ကျွန်မကို ဒုက္ခပေးခဲ့တာ။ ကျွန်မတို့ အုပ်စုထဲက အမျှော်အမြင်ကြီးသူတစ်ချို့ကတော့ ညကတည်းက ပေါင်မုန့်၊ ငှက်ပျောသီး၊ ကွတ်ကီး အဲဒါတွေ ဝယ်ထားတတ်ပါတယ်။ International 4-Star Hotelဆိုရင်တော့ မနက်စာ မဆိုးလောက်ဘူး လို့ တွေးမိပါတယ်။

စတားဆိုလို့ မနှစ်က အီပို့-Ipoh (Malaysia) ဘက်မှာ မြန်မာဘုန်းကြီးကျောင်းကထိန်တစ်ခု သွားခဲ့တာ သတိရမိပါသေးတယ်။ မြန်မာတွေချည်းပဲ ဘတ်စ်တစီးနဲ့ သွားခဲ့တာပါ။ ကိုဧရာ မသီတာတို့ မိသားစုကြီး လည်းပါသပေါ့။ အဲဒီမှာ ဂိုက်က မလေးရှားတရုတ်လူမျိုးပါ။ အင်မတန်ပျော်ရွှင်တတ်ပြီး သဘောကောင်းပုံရပါတယ်။ ဟာသတွေ ပြောပြီးရင် သူဘာသာပဲ ဟားဟ လို့ ပီပီသသ အရင်ဆုံး ရယ်တတ်သူ။ သူရယ်တာကြည့်ပြီးမှ ကျွန်မတို့က လိုက်ရယ်ကြရတာ။  လမ်းမှာ ဟိုတယ်မရောက်ခင် ကားပေါ်က လူတွေက ခုတည်းမဲ့ဟိုတယ်က စတားဘယ်နှစ်လုံးလဲ မေးကြပါရော။ သူက ဘယ်လိုပြန်ဖြေတယ် မှတ်တုန်း။  "If you open the window and see the sky, many many stars" တဲ့လေ...ကျွန်မတို့မှာ ရယ်ကြရသေးတယ်။ ခုလည်း မန်းနီး မန်းနီးစတား မြင်ချင်ရင် ပြူတင်းပေါက် ဖွင့်ကြည့်ရမဲ့ပုံပါပဲ။

ဝယ်လာတဲ့ မုန့်လေးတွေပဲ အရင်ချကျွေးပါရစေ။ ဒါတွေကတော့ Tianjin-Food Street ဆိုင်ကြီးတွေက ဝယ်ခဲ့တာမို့ စိတ်ချရပါတယ်။


နောက်မှပဲ ရောက်ခဲ့တဲ့ နေရာတွေ၊ ရိုက်ခဲ့တဲ့ပုံတွေနဲ့ အသေအချာ ရေးတင်ပါမယ်။  ခုတော့ အထုတ်ဖြည်ဖို့ စောင့်နေတဲ့ သေတ္တာ၂လုံးက ဧည့်ခန်းထဲ စန့်စန့်ကြီးရယ်...


Friday, September 23, 2011

မိခင် ဧရာဝတီ....

ဧရာဝတီဟာ ကမ္ဘာမှာ တစ်စင်းတည်းရှိတယ်....
ဘယ်လောက်ပဲ အကျိုးများနေပါစေ၊ အကျိုးအမြတ်ဆိုတဲ့ ရုပ်ဝတ္ထုတန်ဘိုးထက် သမိုင်းတန်ဘိုးကို ကြည့်ရမှာ....


ဧရာဝတီဟာ မြန်မာတို့ရဲ့ ပြယုဂ်....
ဧရာဝတီဟာ မြန်မာတို့ရဲ့ နှလုံးသည်းပွတ်...
ဧရာဝတီဟာ မြန်မာတို့ရဲ့ အသက်သွေးကြော...
ဧရာဝတီဟာ မျိုးဆက်သစ် မြန်မာတို့အတွက် ဘိုးဘွားအမွေအနှစ်...
ဧရာဝတီဟာ မြန်မာဆိုတာရှိသရွေ့ တည်ရှိနေရမဲ့ သက်ရှိသမိုင်းတစ်စောင်...
ကျေးဇူးပြု၍ ဧရာဝတီ ဆက်လက်ရှင်သန်ခွင့်ပေးလိုက်ပါ....


Monday, September 12, 2011

ရောင်စုံပန်းငုံကလေးများရဲ့ လုမ္ဗနီဥယျာဉ်

ကျွန်မတို့ ဇနီးမောင်နှံမှာ သားသမီး မထွန်းကားတဲ့အတွက် သူ့ဘက်ကိုယ့်ဘက် နှစ်ဖက်မောင်နှမတွေ က မွေးလာတဲ့ တူ၊ တူမကလေးတွေအပေါ်ပဲ ချစ်နေကြရပါတယ်။  တူ၊ တူမကလေးတွေ ဘယ်အရွယ်တွေ ရောက်ကုန်ကြပြီလဲ၊ ကျန်းမာရဲ့လား၊ အစားရော အစုံစားရဲ့လား၊ အရပ်ရော ထွက်လာပြီလား၊ ဘယ်လိုစကားလေးတွေ စပြောနေပြီလဲ စသဖြင့် ဖုန်းဆက်တိုင်း မေးဖြစ်နေတော့တာပါပဲ။ တခါတလေလည်း သူတို့လေးတွေ အိမ်မှာရှိနေချိန်ဆို တီတီတာတာ ချစ်ဖွယ်ရာအသံကလေးတွေကို ဖုန်းထဲကနေ ကြားရတတ်ပြန်သေးတယ်။

အထူးသဖြင့်တော့ ကျွန်မ မှာလေ့ရှိတာက ကလေးတွေကို မရိုက်ဖို့ပါပဲ။ ကျွန်မငယ်ငယ်ကတည်းက (ကျွန်မက မွေးချင်း၆ယောက်မှာ အကြီးဆုံးပါ) မောင်ညီမလေးတွေကို မိဘတွေက ရိုက်တဲ့အခါ ရှေ့ကကြားဝင်ခံပြီး ဝင်ဆွဲလေ့ရှိပါတယ်။ ကျွန်မမျက်စေ့ရှေ့မှာ အရိုက်ခံနေရတဲ့ မောင်လေး၊ ညီမလေးတွေကို ကျွန်မ မကြည့်ရက်ခဲ့ပါဘူး။ သူတို့က အရိုက်ခံရလို့ငို၊ ကျွန်မလည်း ဘေးကနေ ဝင်ဆွဲရင်း ငိုပါပဲ။ အဲသလိုမှ မရရင် လမ်းထိပ် သွားထွက်ထိုင်ပြီး မျက်စေ့ရှေ့မှာ တွေ့နေရတဲ့ ဖြတ်သွားနေတဲ့ ကားတဝီဝီတွေကို ငေးကြည့်နေတတ်ပါတယ်။ တကယ်တော့ ကားတွေကို အာရုံစိုက် ကြည့်နေခဲ့တာလားဆိုတော့လည်း မဟုတ်ပြန်ပါဘူး။ မျက်လုံးက မျက်ရည်တွေ စီးကျနေတာကို မသုတ်ဘဲ နေတာမို့ ဝေဝါးနေခဲ့တာရယ်။ ကျွန်မ အဲဒီအရွယ် ခပ်ငယ်ငယ်ထဲက တွေးမိခဲ့တာက လူကြီးတွေဟာ သူတို့ရဲ့ ဒေါသတွေကိုထွက်ပေါက်ပေးဖို့၊ ဒါမှမဟုတ် သူတို့ဖြစ်စေချင်သလို မဖြစ်ရကောင်းလားရယ်လို့ ဂရုဏာဒေါသနဲ့  ကလေးတွေကို ရိုက်နှက်တာ ဆိုတာပါပဲ။ ဘာ့ကြောင့်ပဲဖြစ်စေ ကလေးတွေကို ရိုက်နှက်တာကိုတော့ လုံးဝမနှစ်သက်ခဲ့မိတာပါ။

ကလေးတစ်ယောက် စာမေးပွဲကျလို့၊ အမှတ်နည်းလို့ အသုံးမကျတဲ့ကလေးလို့ ပြောတာကိုလည်း ဘယ်လိုမှ လက်မခံနိုင်ပါဘူး။ အတန်းပညာတတ်မှ လူတော်ဖြစ်ရမှာလား၊ ကလေးတွေမှာရှိတဲ့ တခြား ထူးချွန်ထက်မြက်တာလေးတွေ  လေ့လာပြီး မြေတောင်မြှောက်ပေးရမှာက အဓိကမဟုတ်လားရယ်လို့ ကျွန်မအမြဲတမ်း ယုံကြည်ထားတာကလွဲလို့ ချက်ကျလက်ကျ ရှင်းမပြတတ်ခဲ့ပါဘူး။ ဆရာကိုတာရေးတဲ့ ဉာဏ်များခြင်းဆိုတဲ့ စာအုပ်ကလေး ဖတ်မိတဲ့အခါမှာ ကျွန်မပြောချင်တာတွေကို စံနစ်တကျရေးပြ ထားတာ ဖြစ်နေတာမို့ အတော်လေး နှစ်သက်အားရမိခဲ့တယ်။ ဖတ်နေရင်းကပဲ ဆရာ့အရေးအသားနဲ့ ခံယူချက်တွေဟာ ဘယ်လောက် ဖခင်ကောင်း ဆန်သလဲဆိုတာ တွေ့လာရတယ်။ ကျွန်မဖြင့် စာတစ်အုပ်လုံးကို ပြုံးပြုံးကြီး ဖတ်မိခဲ့တော့တာပါပဲ။ 

ဆရာတွေရေးတဲ့စာအုပ်တွေကို ဘယ်တုန်းကမှ ရီဗြူးမရေးခဲ့ဖူးပေမဲ့ ဆရာကိုတာရဲ့ ဉာဏ်များခြင်းဆိုတဲ့ ဒီစာအုပ်လေးကိုတော့ မိဘတိုင်း ဖတ်သင့်တယ်လို့ ယူဆမိတာမို့ တစ်ချို့အချက်အလက်လေးတွေ ကို ကောက်နှုတ်ရေးပြချင်ပါတယ်။


ဆရာကိုတာက ဉာဏ်များခြင်းရဲ့ အဖွင့်မှာ ခုလို ဆိုခဲ့ပါတယ်။

ဉာဏ်များတယ်ဆိုရင် မကောင်းတဲ့ အဓိပ္ပါယ်လို့ ယူဆနိုင်တယ်။ အတော်ဉာဏ်များတဲ့လူဆိုရင် အဲဒီလူဟာ ကောက်တယ်၊ ပရိယာယ်ဝေဝုစ်ရှိတယ် စသည်ဖြင့် အဓိပ္ပါယ်ကောက်ကြတယ်။
သာမန်အားဖြင့် ကျွန်တော်တို့လို လူပြိန်းတွေကတော့ ဉာဏ်ဆိုတာ လူတိုင်းလူတိုင်း အနည်းနဲ့အများ ပိုင်ဆိုင်ကြတဲ့ တစ်ခုတည်းသော ယေဘူယျအရည်အချင်းတစ်ခုလို့ စဉ်းစားလေ့ရှိတယ်။
ဒါပေမဲ့ ဆရာကြီး ဟိုးဝဒ်ဂါဒနာက ဉာဏ်ဆိုတာ တစ်ခုတည်းသော ပစ္စည်းဆိုတာမျိုးကို စွန့်လိုက်ကြပါတော့တဲ့ဗျာ။ သူက အမ်အိုင်သီအိုရီဆိုတာ ဉာဏ်များစွာ (Multiple Intelligences) သီအိုရီရဲ့ အတိုကောက်ပါပဲ။ ဉာဏ်များတယ်ဆိုရင် ကောင်းသတဲ့ဗျား။

ဟိုးဝဒ်ဂါဒနာရဲ့ ဉာဏ်တွေကို အမှတ်စဉ်ထိုးရရင်

၁) ဘာသာစကားဉာဏ် (Linguistic intelligence)
၂) လောဂျစ်-သင်္ချာဉာဏ် (Logical-mathematical intelligence)
၃) ဂီတဉာဏ် (Musical intelligence)
၎) ကွက်လပ် အကွာအဝေးဉာဏ် (Spatial intelligence)
၅) ခန္ဓာကိုယ် လှုပ်ရှားရွေ့လျားဉာဏ် (Bodily-Kines thetic intelligence)
၆) လူအချင်းချင်း ဆက်ဆံရေးဉာဏ် (Inter personal intelligence)
၇) လူအတွင်းကြည့်ဉာဏ် (Intra personal intelligence) နဲ့
၈) သဘာဝဉာဏ် (Natural intelligence) ရယ်လို့ ဉာဏ်၈မျိုး ခွဲခြားပြခဲ့ပါတယ်။

ကျွန်တော့်အနေနဲ့ မနှစ်က ဒီလိုအချိန်မှာ ဉာဏ်များစွာအကြောင်း၊ ဆယ်တန်းကို ဂုဏ်ထူးမြောက်မြားစွာနဲ့ အောင်တဲ့ ကျောင်းသားများ ကို ပြောပြခဲ့ဖူးတယ်။ ပြောတဲ့ ရည်ရွယ်ချက်ကတော့ မင်းတို့ တော်တာတော့ မှန်တယ်၊ မင်းတို့က ဂုဏ်ထူး အများကြီး ရတာကိုး၊ ဒါပေမဲ့ မင်းတို့ဟာ မင်းတို့ သေသေချာချာ စဉ်းစားကြည့်၊ ဘာသာစကား ကျွမ်းကျွမ်းကျင်ကျင် ရေးတတ်သားတတ်တဲ့ ဉာဏ်နဲ့ လောဂျစ် သင်္ချာဉာဏ်ရှိရင်၊ ကျောင်း စာမေးပွဲဆိုတာမျိုးက ကောင်းကောင်းဖြေနိုင်တာမျိုး မဟုတ်ဘူးလား၊ တခြားဉာဏ်တွေ ရှိတဲ့ တခြားဉာဏ်တွေကောင်းတဲ့လူတွေလည်း အပြင်လောကကြီးမှာ ရှိတယ်။ စာမေးပွဲတွေ အများကြီးအောင်တဲ့ အတန်းတွေအများကြီးအောင်တဲ့ ပါရဂူဘွဲ့ရသူတွေ မကြီးပွားပေမဲ့ ကြီးပွားအောင်မြင်နေတဲ့ စီးပွားရေးသမားတွေ ရှိတယ်။ သူတို့ဟာ ကျောင်းစာသင်ဖို့ လိုတဲ့ ဉာဏ်မကောင်းပေမဲ့ ( ကျောင်းစာသင်ဖို့ ဘာသာစကား ဉာဏ်၊ လောဂျစ်-သင်္ချာဉာဏ်ပဲ လိုတယ်) လူလူချင်းဆက်ဆံတဲ့ဉာဏ် ကောင်းတယ်။

ဆရာတာ စာရေးတယ်ကွာ၊ ဆရာတာလို စာရေးဆရာမှာ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်တတ်တဲ့ဉာဏ် ရှိလို့ ရေးနိုင်တာပါပဲ။ မင်းတို့တစ်တွေ ကိုယ့်ကိုယ်ကိုယ် ငါ တော်လှပြီဆိုပြီး ဘဝင်မမြင့်ဖို့နဲ့ တခြားလူတွေရဲ့ ကောင်းကွက်ကို ကြည့်တတ်စေချင်လို့၊ ဒီအပြင် ငါ့မှာ ကျောင်းစာသင်ဖို့ လိုအပ်တဲ့ ဉာဏ်စွမ်းအပြင် တခြား ဘာဉာဏ်တွေများ ကောင်းနေအုံးမလဲလို့ သတိပြုမိစေချင်တာနဲ့ ဒီအမ်အိုင်သီအိုရီကို ဆွေးနွေးရတာပါပဲလို့ ရှင်းပြရတယ်။  

ကဲ ဒါလောက်ဆိုရင်ဖြင့် စာသင်ခန်းထဲမှာ သူများတန်းတူ မထူးချွန်နိုင်တဲ့ မိမိကလေးတွေရဲ့ အဖြစ်ဟာ ဘာကြောင့်လဲဆိုတာ မိဘတွေ ရိပ်မိနိုင်လောက်ပြီ လို့ ကျွန်မယုံကြည်ပါတယ်။ ဒါဟာ အားငယ်စရာ မဟုတ်ပါဘူး။ မိမိကလေးရဲ့ တခြားဉာဏ်ရည်ကို အကဲခတ်လေ့လာပြီး ရေလောင်းပေါင်းသင်ပေးဖို့သာ လိုပါတယ်။

ဉာဏ်များခြင်း စာအုပ်လေးထဲမှာ ဆရာကိုတာရေးထားတာတွေက သူ့ရဲ့ လုမ္ဗနီကျောင်းကလေး မှာ ပြုလုပ်လေ့ရှိတဲ့ အလုပ်ရုံဆွေးနွေးပွဲတွေမှာ စိတ်ပညာဆရာ ဒေါက်တာသိန်းလွင်ရဲ့ ပို့ချချက်တွေထဲ ကနေ သူနားလည်သလို ပြန်လည်ရေးသားထားတာလို့ ဆရာက ဆိုပါတယ်။

စာအုပ်ထဲမှာ ခေါင်းစဉ်ငယ်လေးတွေ ၁၃ပိုင်း ခွဲထားပါတယ်။ အဲဒီထဲက တစ်ပိုင်းဖြစ်တဲ့ "မိကောင်းဖကောင်းဖြစ်ခြင်း အနုပညာ"ဆိုတာမှာ မိဘ ၃မျိုးခွဲခြားပြထားပါတယ်။

၁) အာဏာရှင်ဆန်ဆန် ပြုမူတတ်သော (ဝါ) နိုင်လိုမင်းထက်ပြုတတ်သော၊ အင်အားသုံးသော မိဘ
၂) အဆီးအတားမရှိ မိဘ နဲ့
၃) အားကိုးအားထားပြုစရာ (စည်းကမ်းကျနစေသူ)မိဘ တွေပါပဲ။

အဲဒီမှာ ဆရာကိုတာရဲ့ စာကြွင်းကလေးကလည်း ပြုံးချင်စရာရယ်...

စာကြွင်း။ ။ "ကိုရင်တာက စာတော့ရေးတတ်ပါပေတယ်လို့ ဒီစာကို ဖတ်ပြီးတဲ့အခါ ကျွန်တော့်ဇနီးက ပြောတယ်။ စာတော့ ရေးတတ်တယ်၊ ဒါပေမဲ့ အဖေကောင်းဖြစ်ဖို့တော့ လိုသေးတယ် လို့ ဝေဖန်တဲ့ သဘောပါပဲ။ ကိုရင်တာဟာ နိုင်လိုမင်းထက်ပြုတဲ့ မိဘအမျိုးအစားနဲ့ အဆီးအတားမရှိ မိဘအမျိုးအစား ဒီနှစ်ခုကြားမှာ လမ်းသလားနေတဲ့ အဖပီတာကြီးပါပဲ၊ အားကိုးအားထားစရာ အဖေကြီးက ရာခိုင်နှုန်း နည်းနေတယ်၊ ကြိုးစားဦး ကိုရင်တာ"လို့ ပြောပါတယ်။

ပြီးတော့ "သူငယ်ဥယျာဉ် (၁)" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဆရာက သူ့ရဲ့ လုမ္ဗနီကလေးကျောင်းရဲ့ တစွန်းတစကို ဒီလို ဖွင့်လှစ်ပြခဲ့ပါတယ်။

လုမ္ဗနီကလေးကျောင်းမှာလည်း ကလေးလေးတွေ ရှိတယ်။ ကလေးတွေဟာ အရုပ်တွေ ဆွဲရတာပေါ့။ လက်ချောင်းကလေးတွေ သန်အောင်လို့တဲ့၊ ကလေးစိတ်ကူးလေးတွေကိုလည်း ပွင့်အာဖို့တဲ့။ ကလေးလေးတစ်ယောက်က ပုံလေးတစ်ပုံ ဆွဲတယ်။ လိပ်ကလေး တစ်ကောင်ပုံပါပဲ။ အဲဒီလိပ်ကလေးဟာ တိမ်တွေထဲမှာ ရောက်နေတယ်။ သမီး လိပ်ကလေးဟာ လှလိုက်တာ၊ တိမ်တွေပေါ်မှာ လိပ်ကလေး ကစားနေတာလားလို့ ဆရာမဒေါ်နီလာက မေးတယ်။ အဲဒါ နတ်သမီးလိပ် လေ။ ဒါကြောင့် မိုးပေါ်မှာ ရောက်နေတာလို့ သမီးလေးက ပြန်ဖြေတယ်။ သမီးလေး စိတ်ကူး ဆန်းပါတယ်။ ကျွန်တော်တို့ လည်း သူ့လို စိတ်မကူးတတ်ဘူး။ ဆရာမ ဒေါ်နီလာလည်း စိတ်မကူးတတ်ပါဘူး။ ကလေးလေးတစ်ယောက် ဘာလုပ်လုပ် သူ့မှာ စိတ်ကူးရှိတယ်။ သူက အသေအချာ လုပ်နေတာ။ ဒါ့ကြောင့် သူ့ဘာသာ စကားတတ်သလောက် ပြန်ပြောတတ်တယ်။

ကလေးလေးတွေ လုပ်တာကို မကောင်းဘူး၊ မတူဘူး မပြောအပ်ဘူး၊ ဘာကြောင့် အဲသလို လုပ်တာပါလဲလို့ မေးရင် သူက သူပြောတတ်သလို စီကာ ပတ်ကုံး ပြန်ပြောပြလိမ့်မယ်။ ပြီးတော့ ကလေးဟာ ချီးမွမ်းတာကို အလွန်ကြိုက်တာပေါ့ လို့ ဆရာက ဆိုပါတယ်။

"သူငယ်ဥယျာဉ် (၄)"  မှာတော့ စာသင်ချင်တယ် ပြောတာ ကလေးသဘာဝ မဟုတ်။ ကစားချင် တယ် ပြောတာမှ ကလေးသဘာဝ၊ ကကြီး ခခွေး ရေးတာ သူ့အတွက် ဘာမှ အဓိပ္ပါယ် မရှိ၊ သူ ဘယ်လုပ်ချင်မလဲ လို့ဆိုထားပါတယ်။ စာ စမရေးမီ ကလေးတွေအတွက် လိုအပ်တဲ့ ကျွမ်းကျင်မှုတွေ ကိုလည်း ပြောပြထားပါသေးတယ်။

စက္ကူဆုတ်တာ (စက္ကူတစ်ရွက်ကို ကြိုက်သလို အဆုတ်အဖြဲခိုင်းတယ်၊ တဖြည်းဖြည်း သေးသေးလေးထိ ဆုတ်တတ်၊ ဖြဲတတ်လာတယ်။ ကလေးရဲ့ လက်ချောင်းလေးတွေ သန်အောင် ကျင့်ပေးနေတာ ဖြစ်ပါတယ်) ရွှံ့နဲ့ ကစားခိုင်းတာ play dough ဆိုတာ ရှိတယ်။ သူကတော့ အရောင်နဲ့ပေါ့။ ရွှံ့ပါပဲ။ အရုပ်ကလေးတွေ လျှောက်လုပ်တယ်။ ဒါလဲ လက်သန်အောင် ကျင့်တာပါပဲ။ အရောင်ခြယ်တယ်။ စက္ကူပေါ်မှာ ကပ်တယ်၊ သဲနဲ့ ဆော့တယ်။ လုမ္ဗနီမှာတော့ မွန်တက်ဆိုရီ ကစားတဲ့ ပစ္စည်းတစ်ချို့ရှိတယ်။ သစ်သားတူထုတာတို့၊ သစ်သားတုံးတွေ စီတာတို့၊ ကြွက်သားငယ်ငယ်တွေကို သန်အောင် လေ့ကျင့်ပေး တာတွေပါ။

Pre-writing skills အတော်များများရပြီး လက်ချောင်းကလေးတွေ သန်လာတော့မှ ဝလုံး မဝိုင်းခင် မျဉ်းဖြောင့်ကလေးတွေ ဆွဲခိုင်း၊ အစက်ကလေးတွေ လိုက်ဆက်ခိုင်းပေါ့။  တဖြည်းဖြည်း ပန်းပင်လေးတွေ ကြီးလာသလို စာရေးဖို့ အဆင်သင့် ဖြစ်လာမှ စာရေးဖို့ လုပ်ပါတယ်။ ခရေယွန်နဲ့ အရောင်ခြယ်၊ ဆွဲချင်တာဆွဲ၊ မျဉ်းဖြောင့်၊ မျဉ်းလဲ၊ မျဉ်းစောင်း နောက်ပြီးမှ မျဉ်းကွေးပေါ့။ မျဉ်းဆွဲတဲ့အခါ အရောင်စုံလေးတွေနဲ့ ဆွဲခိုင်းတာမို့ အရောင်လည်း မှတ်မိ၊ ကလေးတွေလည်း ပျော်စေပါတယ်တဲ့။ ပြီးမှ ဝလုံးရေးစေတာပါ။ အဲဒီမှာ  ချက်ချင်း ဝလုံးရေးဖို့ ကလေးလေးတွေအတွက် ခက်ခဲလှတယ်ဆိုတာ မိဘတွေ သဘောပေါက်ဖို့ လိုပါတယ်။  ကျောင်းမှာတော့ ကလေးသဘာဝကို မဆန့်ကျင်စေလိုတဲ့အတွက် ကစားစေတဲ့နည်း (Play way approach) နဲ့ စာသင်တာမို့ ကလေးတွေ ပျော်ကြပါတယ်။ ငြိမ်ငြိမ်ကလေးထိုင်ပြီး ရေးနေရတာဟာ ကလေးသဘာဝနဲ့ ဆန့်ကျင်နေတာမို့ပါလို့ ဆရာတာက ဆိုထားပါတယ်။

"သူငယ်ဥယျာဉ် (၃)"  မှာ စိတ်ပညာဆရာ ဦးသိန်းလွင် ပြောထားတာလေးဟာလည်း မိဘတွေ၊ ဆရာတွေ သတိပြုရမဲ့ အချက်ပါပဲ။

ကလေးတွေ စာဖတ်ချင်စိတ်ရှိအောင် ဘယ်လိုလုပ်မလဲ ဆိုတော့ ကလေးပုံပြောစာအုပ် တစ်အုပ်ဝယ်၊ ပုံပြောပါ။ ကောင်းတဲ့နေရာ ရောက်ရင် ရပ်ထား။ ကလေးကို ဆက်စဉ်းစား ခိုင်းပေါ့။ နောက်နေ့မှ ပြောမယ်ပေါ့။ ကလေးဟာ သူ့အလိုအလျောက် စဉ်းစားလိမ့်မယ်။ ဒါမှမဟုတ် စာဖတ်စကလေးဟာ ကြိုးစားဖတ်ရင် ဖတ်လိမ့်မယ်။

သို့သော် အဲသလို ကြိုးပမ်းလုပ်ဆောင်ရတဲ့ ကိစ္စလေးတွေမှာ အလှမ်းမမီတာမျိုး မလုပ်ပါနဲ့။ မမီတမီ မလှမ်းမကမ်းလေးတွေပဲ လုပ်ပါတဲ့။ အဲဒါကို သင်ယူမှုဆိုင်ရာပညာမှာ ဖွံ့ဖြိုးမှုနှင့် လျော်ညီသော ကိစ္စများ (Developmentally Appropriate Tasks-DAT)လို့ ခေါ်သတဲ့။

ကလေးရဲ့ ဖွံ့ဖြိုးမှုက ၁ကျပ်ဖိုးရှိတယ် ဆိုပါစို့။ တစ်ကျပ်နဲ့ ဆယ်ပြားဖိုး အလုပ်ပေးပါတဲ့။ တစ်ကျပ်နဲ့ ပြားနှစ်ဆယ်ဖိုး မပေးနဲ့တဲ့။ တစ်ကျပ်ဖိုးလည်း မပေးပါနဲ့တဲ့။ တစ်ကျပ်နဲ့ ဆယ်ပြားအလုပ်ကို အပေါင်းတစ် (+1 intervention)လှုံ့ဆွမှုလို့ခေါ်ပါတယ်။ တစ်ကျပ်ဖိုးပဲပေးလို့ ကလေးအတွက် လှုံ့ဆွမှုမဖြစ်ရင် ကလေးအဖို့ ငြီးငွေ့သွားမှာပဲ။ လှုံ့ဆွမှုလည်း ဖြစ်မှာ မဟုတ်ဘူးတဲ့။ ကလေးကို အထင်ကြီးပြီး သို့မဟုတ် မိဘက လောဘကြီးပြီး တစ်ကျပ်အပြင် ပြား၂၀ဖိုး၊ ပြား၅၀ဖိုး ထပ်ပေါင်းပေးရင်လည်း ကလေး အပေါ် ဖိအား (Stress)များလိမ့်မယ်။ လောဘလည်း မကြီးနဲ့၊ အထင်လည်း မသေးနဲ့တဲ့။

အပေါင်းတစ် လှုံ့ဆွမှုလုပ်တတ်ဖို့ အလွန်အရေးကြီးပါတယ်။ အပေါင်းတစ် လှုံ့ဆွမှုဟုတ် မဟုတ် တော်တဲ့ ဆရာတွေ၊ ကလေးတစ်ယောက်ချင်းစီကို ဂရုစိုက်ကြည့်တဲ့၊ ကလေးကို စိတ်ဝင်စားတဲ့သူတွေပဲ သိမယ်။ ပြီးတော့ ကလေးတစ်ယောက်ချင်းမှာ ကိုယ်ပိုင်လက္ခဏာရှိတယ်။ ဘယ်သူနဲ့မှ မတူတဲ့ သီးသန့်သဘောရှိပါတယ်။ ကလေးရဲ့ အားနည်းချက်၊ အားကောင်းချက်တွေကို ကြည့်ပြီး အားကောင်းချက်ပေါ်မှာ တည်ဆောက်ရမှာ ဖြစ်ပါတယ်။ အားနည်းချက်ကိုတော့ ခဏခဏ မဖော်ပြပါနဲ့တဲ့။

"မိဘ ဆရာပူးပေါင်း ကလေးပညာကောင်း"ဆိုတာ အလကားရေးထားတာ မဟုတ်ပါဘူး။ မိဘတွေ သိစေချင်ပါတယ်။ ဆရာတွေကိုလည်း သိစေချင်လို့ ဆရာကိုတာရဲ့ ဉာဏ်များခြင်း စာအုပ်လေးထဲက ဆွဲယူ ထုတ်နှုတ် ပြခဲ့တာပါ။ မြန်မာပြည်မှာ အဲသလို ကလေးကျောင်းကလေးတွေရှိတာ ကျွန်မဖြင့် ဝမ်းသာကြေနပ် မိသလို တည်ထောင်ဖွင့်လှစ်သူတွေကိုလည်း ကျေးဇူးတင် မဆုံးပါဘူး။ ကလေးလေးတွေကို သူတို့ရဲ့ စိတ်ကို နားလည်ပြီး စံနစ်တကျ ပြုစုပျိုးထောင်ပေးခြင်းဟာ အနာဂတ်ကို ပုံပန်းတကျ ဆေးရောင်ခြယ်ခြင်းဖြစ်တယ် လို့ ကျွန်မ ယုံကြည်မိပါတယ်။ လုမ္ဗနီလိုမျိုး အလားတူ တခြားကလေးကျောင်းလေးတွေ ရှိကောင်း ရှိမှာပါ။ များလေ ကောင်းလေပါပဲ။

ကလေးတွေရဲ့ စိတ်၊ အတွေး၊ ကျန်းမာရေး၊ သင်ယူမှု စတာတွေကို နည်းမှန်လမ်းမှန်နဲ့ သင်ကြားပျိုးထောင်ပေးမဲ့၊ အနာဂတ်ရဲ့ ရောင်စုံ ပန်းဖူးငုံကလေးတွေ ပိုးထိုးလောက်ကိုက်ခြင်းမှ ကင်းဝေးစေမဲ့ လုမ္ဗနီလို  ဥယျာဉ်လေးတွေ များစွာ ပေါ်ထွန်းလာစေဖို့ပဲ မျှော်လင့်မိပါရဲ့။


Thursday, September 8, 2011

ထွေရာလေးပါး-၎

ထွေရာ-၁


သီရိဓမ္မာအာသောကမင်းကြီးရဲ့ ပုံတူပန်းချီကားပါ။ ၂၀၀၉ခုနှစ် ကျွန်မ ဗုဒ္ဓဂယာသွားခဲ့တုန်းက တည်းခဲ့တဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ (အမှတ်မမှားဘူးဆိုရင်တော့ ကုသိနာရုံနားမှာပါ) တွေ့တဲ့ပုံကို ရိုက်ခဲ့တာပါ။ အာသောကမင်းကြီးဟာ သမိုင်းအတွက် အင်မတန် ကျေးဇူးပြုခဲ့တဲ့ ပုဂ္ဂိုလ်ကြီး၊ အထင်ကရနေရာတွေမှာ အာသောကကျောက်တိုင်တွေ စိုက်ထူမှတ်သားခဲ့တဲ့ မင်းကြီးမဟုတ်ပါလား ရှင်။ နှုတ်ခမ်းမွှေးစစနဲ့ ဝင်းဦးလိုလို ခန့်ခန့်ငြားငြား အင်မတန်ကျက်သရေရှိတဲ့ ဥပဓိရုပ်ပိုင်ရှင်...။ မမြင်ဖူးသူများအတွက် အမှတ်တရပေါ့.... 

ထွေရာ-၂


ညီမ မိုးငွေ့ အတွက် စီးဖု (ငါးနဲ့ ပုဇွန်)တုမ်ယန်း ခေါက်ဆွဲပြုတ်လေးပါ။  ကျွန်မက သူခေါက်ဆွဲပြုတ်သောက်ချင် တယ် ပြောလာတော့ "အိုခေ သိတ်ရတာပေါ့ လုပ်ပေးမယ်"ဆိုပြီး အလုပ်တွေ များနေခဲ့လိုက်တာ။ နားလန်ထကာစ သူ့ခမျာ ဂူဂယ်လ်ကနေ စားချင်တာလေးတွေ ဟိုဟာဆွဲစား၊ ဒီဟာဆွဲစားနဲ့...။ ရင်အေးအောင် ဆန်ခေါက်ဆွဲလေးနဲ့ ပြုတ်ထားတယ်။ ပြီးတော့ ပုဇွန်အစစ်မှန်း သိသာအောင် ပုဇွန်နှုတ်ခမ်းမွှေးတွေကို မညှပ်ဘဲထည့်ပစ်လိုက်တယ်။ အပေါ်က နှုတ်ခမ်းမွှေးနဲ့ ဘယ်ဒင်းက ပိုခန့်သတုန်း...မတွေးကြပါနဲ့လို့....(အဟမ်းးး)

ထွေရာ-၃


ဒါကတော့ ပြီးခဲ့တဲ့ ဆန်းဒေးက ဒီမှာလာပြတဲ့ မြန်မာရုပ်ရှင်သွားကြည့်ခဲ့တုန်းကပါ။ သရုပ်ဆောင်တွေက ပြေတီဦး၊ စိုင်းစိုင်းနဲ့ သက်မွန်မြင့်တို့ပါ။ လူတွေများ ရုပ်ရှင်ထက် မင်းလမ်း မုန့်တီစားဖို့ကို ပိုစိတ်ဝင်စားကြတယ်။ စီနေတဲ့အတန်းအရှည်ကြီးနောက်မှာ ဝင်တန်းစီရင်း ကံဆိုးချင်တော့ ကျွန်မတို့ရှေ့ရောက်မှ မုန့်တီဖတ်ကုန်သွားပြီး ကံကောင်းချင်တော့ ရှေ့ကအကိုတော် ဝယ်ထားတဲ့ ထဲက နှစ်ပွဲ ပြန်မျှပေးလို့ စားခဲ့ရပါတယ်။ ဗန္ဓုလဦးထုတ်တို့၊ မျက်နှာဖုံး၊ ဆီးပေါင်း၊ အချဉ်ထုတ်၊ ကွာစေ့၊ နေကြာစေ့တို့လည်း ရောင်းတယ်။ ရွာမှာလိုပဲ။ မတူတာဆိုလို့ အမှိုက်တွေ ရုံထဲချလို့မရတာလေး တစ်ခုပဲ...








ဆရာမပုညခင်ရဲ့ ဝတ္ထုကို "အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်"ဆိုပြီး ပြန်ရိုက်ထားတာပါ။ ကြည့်ပျော်တဲ့ လူငယ်ကြိုက် အချစ်ကားလေးပါ။ လူမငယ်တော့တဲ့ မချစ်ကြည်အေးလည်း ကြိုက်ပါတယ်။ စိုင်းစိုင်းလေးတောင် အိမ်ခေါ်ထမင်းကျွေးဖို့ စဉ်းစားမိသေးတယ်။ မအားနိုင်လွန်းလို့သာ စိတ်လျှော့ လိုက်ရတယ်။ ခုတစ်လော အမြဲတမ်းရိုက်ဖြစ်နေတဲ့ကားက " စီကေအေရယ်၊ အိမ်ကလူကြီးရယ်၊ ဘလောဂ့်ရယ်"....တဲ့။ ရုံတင်ရင် လာအားပေးကြဦးနော်...:)

ထွေရာ-၎


ဒါက အန်တီတင့်ဘလောဂ့်မှာတွေ့လို့ စမ်းထိုးကြည့်တာ။ ရွှေကြည်ဆနွင်းမကင်း...။ ပါဝင်တဲ့ ပစ္စည်းတွေကြည့်ပြီးလိုက်ထိုးတာ အချိုးမသိတော့ နဲနဲပျော့သွားရော၊ လှီးလို့ မကောင်းဘူးပေါ့။ အရသာကတော့ မိုက်တယ်။ ဒါနဲ့ နောက်တစ်ခါ အပိုင်ပဲဆိုပြီး နွားနို့နဲနဲလျှော့ထည့်ပြီး ထိုးလိုက်တာ မာသွားပြန်ပါရောလား။ ဓါးနဲ့လှီးတိုင်း ဖွာထွက်ကုန်တာ။ ရွှေကြည်  ရွှေကြည်... ဒီဘဝအတွက်တော့ ကိုယ်နဲ့မင်းနဲ့ ကီးတွေလွဲနေပါလားကွာ...။

တော်ပါသေးရဲ့ အိမ်ကလူကြီးက အားပေးတတ်ရှာပေလို့...။ "ဟာ ထူးဆန်းတယ်ကွာ၊ ငါ့မိန်းမ ဆနွင်းမကင်းထိုးတာ ငါးသလောက်ဥတွေ ဖြစ်သွားတယ်ကွာ"...တဲ့။ ကတောက် !!!!



Friday, September 2, 2011

ကျွန်မ မရှိတော့တဲ့အခါ


ကျွန်မ မရှိတော့တဲ့အခါ စိတ်လက်ချမ်းသာစွာ နေရစ်ခဲ့ကြပါ....

သေချာပေါက် ကျွန်မ သွားရတော့မယ်။ ဘယ်ကို သွားရမှာလဲ၊ ဘယ်ကို ရောက်မလဲ၊
အဲဒီမှာ ဘာတွေများ ရှိနေမလဲ၊ ပြီးတော့ ဘယ်သူတွေများ ရှိနေလေမလဲ....
ကျွန်မရဲ့ လာခြင်းကိုရော သူတို့က ဟက်ဟက်ပက်ပက် ဆီးကြိုကြပါ့မလား...

ချစ်ခြင်း၊ မုန်းခြင်းတွေ ရှိခဲ့တယ်။ တမ်းတခြင်း၊ မေ့လျော့ခြင်းတွေ ရှိခဲ့တယ်....
မေတ္တာ၊ မုဒိတာတွေ ထားခဲ့သလို ဣဿာ၊ မစ္ဆရိယတွေလည်း ပွားခဲ့တယ်....
ချီးမွမ်းခြင်းတွေ ရရှိခဲ့သလို ကဲ့ရဲ့ခြင်းတွေလည်း ဝန်းရံလို့....
သမုဒယထုံးဖွဲ့မှုတွေနဲ့ အပြိုပြို အလဲလဲ...
ပုထုဇဉ်ဆိုတဲ့ အရူးလက်မှတ်ဟာ အမှားရဲရဲတွေအတွက် တရားဝင်ခွင့်ပြုမိန့်များလား....

အမြင့်ဆုံး မိုးတိမ်၊ အနက်ဆုံး သမုဒ္ဒရာကြမ်းပြင်...၊ ဒီထက် ပိုမလား...
ဘဝမှာ ဘယ်လောက်ပဲ ကြီးကျယ်ခမ်းနားခဲ့ပါစေ။ အထိနာနာ နိမ့်ပါးကျရှူံးခဲ့ပါစေ....
အားလုံး ထားခဲ့ရတော့မှာ....။ ဘာတဲ့ သမိုင်း ဟုတ်လား...
သမိုင်းတိုင်းဟာ မှန်ကန်မှုတွေနဲ့ သစ္စာရှိနေခဲ့ကြလို့လား...သွားစမ်းပါ...
ဘယ်တော့မှ နွံမနစ်ဘူး ပတ္တမြားအမှန်သာ ဖြစ်ပါစေတဲ့....
အင်း ဆက်ပြောပါလေ၊ ကျွန်မ စိတ်ဝင်စားပါတယ်...
ရှင် သိထားဖို့က ကျွန်မမှာ အချိန်တွေ နဲပါးလွန်းလှပြီ....
ထားခဲ့ရမဲ့ အရာတွေထက် ဘာတွေယူသွားနိုင်မလဲဆိုတာက
ကျွန်မအတွက် ပိုအရေးမကြီးဘူးလားရှင်...
နောက်ဆုံးအချိန် ရောက်နေတဲ့ မိန်းမတစ်ယောက်အတွက်လေ....

ကျွန်မ မရှိတော့တဲ့အခါ စိတ်လက်ချမ်းသာစွာ နေရစ်ခဲ့ကြပါ....

နေစမ်းပါဦး၊ ခဏကလေး...
ကျွန်မ ဘာတွေများ ကောင်းတာ လုပ်ခဲ့သလဲ...
လူတွေအတွက်၊ လူ့ပတ်ဝန်းကျင်အတွက်၊ ကျွန်မကို ချစ်သောသူ...
ကျွန်မက ချစ်သောသူတွေအတွက်...
အင်း...အနဲဆုံးတော့ ကိုယ်တိုင်အတွက်... 
အို...ကျွန်မခေါင်းတွေ ဖျစ်ညှစ်ဆုပ်ချေခံလိုက်ရသလိုပဲ...
အားလုံး ထားခဲ့ရမယ်၊ ဒါပေမဲ့....
အကောင်း အဆိုးဆိုတဲ့ အကြောင်းတရားတွေနဲ့ ပျော်ဝင်ပတ်သက်ခဲ့ဖူးသမျှအတွက်
တူညီတဲ့ အကျိုးတရားတွေ...ဟုတ်တာပေါ့...
အဲဒါတွေက ကျွန်မနဲ့အတူ အရိပ်လို ကပ်လိုက်နေတော့မှာ....

ရဲရင့်ဖို့တော့ လိုမယ်။ အမှန်ကို လက်ခံနိုင်ရမယ်။ အဲလိုမှမဟုတ်ရင် ဥခွံလေးထဲမှာပဲ နေရစ်ခဲ့....
ကျွန်မကတော့ ချို(ဂျို)ချက် မကင်းနိုင်ခဲ့တဲ့သူ....
ဘာပဲဖြစ်ဖြစ် ကျွန်မ ကြေနပ်တယ်၊ ကျွန်မ အခု သွားရတော့မယ်....

ကျွန်မ မရှိတော့တဲ့အခါ စိတ်လက်ချမ်းသာစွာ နေရစ်ခဲ့ကြပါ....

ဘယ်သူပြောလဲ ဖြည်းဖြည်းငြိမ့်ငြိမ့်လေးလို့...
စည်းနှောင်ပိတ်ကြပ်နေတဲ့ကြားမှာ....
အားအင်တွေ ချိနဲ့နေတဲ့ကြားမှာ
တချက်ချက်သွားနေတဲ့ နာရီလက်တံတွေကြားမှာ...
တဖျတ်ဖျတ်ထင်ဟပ်နေတဲ့ နမိတ်ပုံတွေကြားမှာ....
ပင်ပန်းလွန်းလိုက်တာ...၊ အဲဒီ အခိုက်အတန့်ကလေး....
စိတ်တွေဟာ ချည်တိုင်ကနေ ရုန်းကန်တွန်းထိုးလို့....၊ မောလှပါပြီ....
လွှတ်ချခဲ့လိုက်...ကျွန်မ သွားပါရစေတော့၊ လွှတ်ချပစ်ခဲ့လိုက်ပါကွယ်....

အားလုံးပဲ ကျွန်မ မရှိတော့တဲ့အခါ စိတ်လက်ချမ်းသာစွာ နေရစ်ခဲ့ကြပါ....

တဖြည်းဖြည်း တလွင့်လွင့်နဲ့  ပေါ့ပါးလာလိုက်တာ....
သွားရမဲ့လမ်းအတိုင်း ဦးတည်မိတယ် ဆိုရင်ပဲ....
စမ်းရေစီးသံသဲ့သဲ့လိုလို.....တောင်ကမ်းပါးယံတွေ တဖွဲဖွဲ ပြိုကျလာသံလိုလို...
ကျောက်စက်ရေအေးအေး တစ်ပေါက်ချင်း ကျနေသံလိုလို....
ခြေသံတိုးဖွဖွလေး အပြေးလိုက်လာသလိုလို.....
ဆံနွယ်တွေ ဝဲကနဲဖြာအကျမှာ ညာဘက်ပါးပြင်လေး နွေးကနဲ...
စိုစွတ်မှုတွေနဲ့ အနမ်းတစ်ခုများလား...

ဟင့်အင်း...၊ စိတ်တင်းထားမှပေါ့...မငိုလိုက်ပါနဲ့နော်...တဆိတ်လောက်ရှင်....

ချစ်ခင်သူတွေရဲ့ မျက်ရည်တစ်စက်၊ ရှိုက်သံတစ်ချက်ဟာ....
ကျွန်မရဲ့ ခြေလှမ်းတွေကို ပိုးကြိုးမျှင်ကလေးနဲ့ တုံ့ကနဲ တုံ့ကနဲ ဆွဲငင်ရစ်ပတ်နေသလိုရယ်....
နှောင်တွယ်မှု သံယောဇဉ်တွေအားလုံးကို ဖြေလျှော့ထားရစ်လို့  ကျွန်မ သွားရတော့မယ်....

ထပ်ပြောမယ်...ကျွန်မ မရှိတော့တဲ့အခါ စိတ်လက်ချမ်းသာစွာ နေရစ်ခဲ့ကြပါ....

ကျွန်မမျက်နှာပေါ် စီးမိုးကြည့်နေကြတဲ့ မျက်နှာတွေ၊ စာနာစိတ်ကဲနေတဲ့ မျက်ဝန်းတွေ...
ယပ်တောင်တဖျတ်ဖျတ်ခပ်လို့.... အစစ်တွေလား...၊ အတုတွေလား....သွားစမ်းပါ...
ချန်ထားရစ်ခဲ့ရတဲ့ အရာတွေအတွက် ကျွန်မ ရင်နာနေဖို့မှ မလိုအပ်တာဘဲ...
တစ်ခုတော့ ပြောခဲ့ပါရစေ...ဒီမယ်...သေမင်းကို ရှင်တို့ ချစ်တတ်ကြပါ...
ရှင်တို့မျှော်လင့်ထားသလို အော်ဂလီဆန်ချင်စရာ၊ ပျို့အန်ချင်စရာတွေ သူ့မှာ ရှိမနေဘူး...
ရှင်သန်ခြင်းကမှ ရှုပ်ထွေးပွေလီနိုင်သေးတယ်...
မျက်နှာကြီးငယ် လိုက်သေးတယ်...ငွေကြေးဘက် လိုက်သေးတယ်...

ရှင်တို့ သေခြင်းတရားကို ချစ်တတ်ကြပါ။ နေ့တိုင်း သူ့အကြောင်းတွေးပါ...
အဲဒါဟာ မင်္ဂလာအစစ်...
"ငါသည် မုချသေရမည်၊ အချိန်ပိုင်းသာ လိုတော့သည်" တဲ့....
တကယ်ဆို မွေးဖွားခြင်းက သေဆုံးခဲ့ပြီးသား....
ကျွန်မတို့အားလုံး မွေးဖွားပြီးကတည်းက သေခြင်းတရားနဲ့ အနီးကပ်ဆုံးမှာ...
သံသရာက မလွတ်သေးသရွေ့တော့...
"သေဆုံးခြင်းဟာ ဘဝရဲ့အဆုံး မဟုတ်ဘူး၊ အသစ်ဖြစ်တည်မှုတစ်ခုရဲ့ အစသာဖြစ်တယ်...."

ကျွန်မ မရှိတော့တဲ့အခါ စိတ်လက်ချမ်းသာစွာ နေရစ်ခဲ့ကြပါ....

ကျွန်မ မရှိတော့တဲ့အခါ...
အဲဒီနေ့မှာ ခြံထဲက စံပါယ်ရုံကလေးလည်း ပွင့်မြဲတိုင်း ပွင့်၊ မွှေးမြဲတိုင်း မွှေးလို့....