Tuesday, August 23, 2011

အမှောင်ဘက်ခြမ်းထဲက မှော်ဝင်လောင်းရိပ်

စာအုပ်အမည် - အမှောင်ဘက်ခြမ်း - The Dark Side (သို့) သူခိုးစာအုပ်

စာစီ ပုံထည့် နေရာချ စာပြင်သူ - ခိုင်စိုးလင်း

အတွင်းပုံများကို ရေးခြစ်သူ - မလေးမေ

စာပေအမှတ်တံဆိပ်ပုံဖေါ်ပေးသူ - ကိုရဲ

စာမူခွင့်ပြုချက်အမှတ် - ၁၀၉ / ၁၁၀ -၃၈၀- ၂၀၁၁ 


ထုတ်ဝေသူ -မျက်နှာဖုံးစာပေ

ပါဝင်ရေးသားကြသူများ - ဟန်သစ်ငြိမ်၊ ဟယ်ရီလွင်၊ နေမြဲ၊ တင်ထွန်းမြိုင် ၊ မိုးလှိုင်ည၊ နေဦး ၊ လင်းဒီပ ၊ ညိုမင်းခ၊ ကိုမျိုး ၊ ကြည်သက်ဟန်၊ မှိုင်း (ဆေး -၂)၊ သြမြိုင် ၊ နန်းညီ၊ ဇာတိ၊
သက်ဝေ၊ တေလေ၊ ပန်ဒိုရာ ၊ ကျော်ညိုသွေး ၊ ခိုင်စိုးလင်း နှင့် ချစ်ကြည်အေး
 
ရေးဖော်မိတ်ဆွေများ၏ လက်ရာကို ဤနေရာ တွင် Download ချ ဖတ်ရှုနိုင်ပြီ…။ 




မြိုင်သည် မှန်ကို နောက်ဆုံးအကြိမ်အဖြစ် ကြည့်လိုက်ပြန်သည်။ ခဏလေး..၊ နှုတ်ခမ်းကလေး မြိုင့် နှုတ်ခမ်းကလေး နဲနဲများရဲလွန်းနေသလား ထင်မိသည်။ အို...ဘာဖြစ်လဲ၊ ဒီလိုပဲ၊ ဒီပုံစံပဲ မဟုတ်လား။ အများသူငါအလယ်မှာ ထင်းထင်းကြီး ပေါ်လွင်ထင်ရှားနေရမည့်အလှ။ မြိုင် မျက်လုံးကလေး လက်ကနဲနေအောင် မှန်ထဲကို ပြုံးကြည့်မိပြန်သည်။ တစ်ဆက်တည်းပင် လက်မှ နာရီကိုကြည့် လိုက်မိသည်။ မြိုင် မသွားချင်သေး။ "သူမ" ဆိုလျင် အနည်းဆုံး နာရီဝက်ခန့် နောက်ကျပြီးမှ ပွဲတက်တတ်သူ။ ဝတ်ထားသော ဂါဝန်အနက်ကလေးကို ဆွဲဆန့်ရင်း မတ်တတ် ထရပ်မိပြန်သည်။ စိတ်တို့က ဂနာမငြိမ်ချင်။ ကားမောင်းချိန် ၄၅မိနစ်ခန့်လည်း ထည့်တွက်ရဦးမည်။ ရေအေးအေးလေး တစ်ငုံလောက် သောက်ချလိုက်၍ စိတ်လည်း အနည်းငယ် အေးသွားသလိုလိုရှိသည်။ ရပြီ၊ မြိုင် လေပူကလေး တစ်ချက် မှုတ်ထုတ်၊ လေ ကလေးတစ်ချက် ချွန်၍ အချစ်တော် ခွေးကလေး ဝိုင်းတုန်ကို နှုတ်ဆက်ပြီး ကားမောင်းထွက်ခဲ့တော့သည်။

မြိုင်သည် သူ့ကိုယ်သူ "သူမ"ဟု အထင်ရောက်နေသည်။ "သူမ" ဆိုတာက ဘက်စ်ဆဲလားစာရေးဆရာ စင်သီယာချို၏ ဝတ္ထုဇာတ်ကောင် နာမည်။ စင်သီယာချို၏ "သူမ" အခန်းဆက်ဝတ္ထုရှည်မှာ တီဗီ ဇာတ်လမ်းတွဲအဖြစ် ရိုက်ကူး၍ တစ်လတိုင်တိုင် ရုပ်မြင်သံကြားမှလွှင့်ရာ လူအများ နေ့စဉ် စောင့်မျှော် ကြည့်ရှုရသည်အထိ အောင်မြင်မှုရခဲ့သည့် ဇာတ်လမ်းဖြစ်သည်။ ဝတ္ထုထဲက “သူမ”က မာနခဲ၊ ခက်ထန်၍ ပြိုင်ဆိုင်မှုများ၌ အနိုင်ရလိုစိတ် ပြင်းထန်သူ၊ ပြတ်သား၍ အစွန်းရောက်လွန်းသူ၊ ခေါင်းမာ၍ မာဘိုရို မန်းသော (Marlboro Menthol) စီးကရက်ကို နှုတ်ခမ်းဖျား၌ လှလှပပလေး တေ့၍ သောက်တတ်သူ။ သည်မျှမကသေး၊ “သူမ” ရယ်လိုက်လျင် နှုတ်ခမ်းဖျားလေး ကော့တက်သွားရုံ၊ သွားမပေါ်စေဘဲ၊ အသံတဟင်းဟင်း မထွက်စေဘဲ မျက်ဝန်းများကို ညှို့၍သာ ရယ်တတ်သူတည်း။ မြိုင်တစ်ယောက် သည်လို ရယ်တတ်ဖို့ မှန်ရှေ့မှာ အတော်ကျင့်ယူခဲ့ရပါသည်။

“သူမ”သည် ထမီကို တရွတ်တိုက်၍ တစောင်းဆွဲဝတ်သည်။ မြိုင်သည်လည်း “သူမ”စတိုင်လ်ကိုခိုး၍ ထမီတစောင်းဆွဲ ဝတ်သည်။ “သူမ”က ပုံဆန်းဆန်း ကြိုးသိုင်းဖိနပ်အပါးကလေးတွေကို မြေကြီးပေါ် တရှပ်ရှပ်နှင့် တိုက်၍ စီးသည်။ မြိုင်သည်လည်း ကြိုးသိုင်းဖိနပ်ရောင်စုံလေးတွေနှင့် မြေကြီးရှပ်တိုက် စီးလေတော့သည်။ မြိုင်၏ အဖျားတညီတည်းသော ဆံပင်ရှည်ကြီးကို သရီးစတက်ပ်ညှပ်၍ ကောက်ပြီး ရှေ့ ဆံပင်တွေကို ဆာမူရိုင်းပုံ နဖူးပေါ်တိတိချထားသည်မှာလည်း “သူမ”၏ စတိုင်လ်ပင် ဖြစ်သည်။ “သူမ”က မျက်တောင်တု အမြဲတပ်သည်။ မြိုင်သည်လည်း အိပ်ချိန်မှလွဲ၍ မျက်တောင်တုပါးပါးလေး အမြဲ တပ်ထား သည်။ “သူမ”လိုပင် မျက်နှာပြောင်လေးနှင့် ဘာမှ မလိမ်းမချယ်သော်လည်း နှုတ်ခမ်းငုံဖူးကလေး ကိုမူ ရဲရဲနီအောင် နှုတ်ခမ်းဆိုးဆေး တင်ထားတတ်သည်။

“သူမ”သည် မြိုင့်အပေါ် ဤမျှထိ လွှမ်းမိုးထားသည်။ မြိုင်မှာကား “သူမ”၏ ပုံ၊ “သူမ”၏ ဟန်၊ “သူမ”၏ စတိုင်လ်များအတိုင်း ပျော်ပျော်ကြီး အတုခိုး၍ နေတော့သည်။ တစ်ချို့ ယောက်ျားလေးများက “သူမနဲ့ အပြင်မှာ တွေ့ရတာ ဝမ်းသာတယ်ဗျာ” ဟု မိတ်ဆက်ပေးစဉ်မှာ ဆိုလာခဲ့လျင်မူ မြိုင်တစ်ယောက် နှုတ်ခမ်း ဖျားလေးများ ကော့တက်နေအောင် ကြေကြေနပ်နပ်ကြီး ပြုံးမိတတ်တော့သည်။

@@@~~~~~~~@@@~~~~~~~@@@
ကစ်ကစ်တို့ခြံထဲ မြိုင့်ကား ချိုးအဝင်မှာ ခြံတံခါးဖွင့်ထားပါလျက် ဟွန်းနှစ်ချက် ဆင့်တီးလိုက်သေးသည်။ “သူမ”လိုပင် ကားပါ့ကင်ကို အတည့်ဝင်မနေဘဲ ဂရုမထားဟန် ခပ်စောင်းစောင်း ထိုးချင်သလို ထိုးရပ်သည်။ ကားရပ်သော် ထင်သည့်အတိုင်းပင် အားလုံး၏ အကြည့်များကား ကားပေါ်မှထွက်ကျလာမည့် မြိုင့်ခြေထောက်ကလေးအပေါ် စိတ်ဝင်တစား ရှိနှင့်နေကြပြီ။ မြိုင်သည် တမင် မဆင်းသေးဘဲ ကစ်ကစ်အားပေးမည့် လက်ဆောင်ထုတ်ပေါ်မှ ဖဲကြိုးလေးကို အချိန်ဆွဲ၍ ပြန်ချည်နေလိုက်သေးသည်။ ပြီးမှ မျက်နှာထားတည်တည်၊ နှုတ်ခမ်းကလေးတင်းတင်းစေ့ကာ ရင်ကလေးချီချီနှင့် ကားပေါ်မှ ဆင်းလျှောက်သည်။ ဘယ်သူ့ကိုမှ မကြည့်ဘဲ ကစ်ကစ်ဆီတန်းသွားကာ ပါးကလေးပေါ် မွေးနေ့အနမ်းပေး၍ လက်ဆောင်ထုတ်ကလေး ပေးလိုက်လေသည်။ ဘယ်ကိုမှ မကြည့်သော်လည်းပဲ မြိုင်သေချာလှသည်၊ အားလုံး၏ အကြည့်တို့ မြိုင့်အပေါ်မှာဆိုတာ မြိုင်က ကြေးကြီးကြီးနှင့်ပင် လောင်းလိုက်ချင်သေးသည်။

စားစရာအတွက် အသားကင်နေသော ဘာဘီကျူးဖိုကလေးဘက် လှမ်းမျှော်ကြည့်ရင်း မျက်လုံးထောင့်စွန်းမှ ရဲရဲကို မသိမသာရှာမိသည်။ မြိုင့်တွက်ကိန်း မမှားပါ။ ရဲရဲဆိုသည့် ရဲစွေးက ဂရေ့စ်တို့ မိန်းကလေး အုပ်စုကြားမှာ။ စိတ်ထဲ အနည်းငယ် တင်းချင်သလိုလိုပေမဲ့ မြိုင့်ကို ဒီလိုမျိုးချိုး၍ မရပါ။ “သူမ”ဆိုလျင် ခပ်ပြုံးပြုံးကလေးနှင့် ဟန်ဆောင်ချိုမြနေဦးမှာ။ မြိုင် မျက်နှာကလေးကို ဘာမှမဖြစ်သလို အကြည်သာဆုံး ထားရင်း စားစရာတစ်ချို့ ပန်းကန်ထဲ ပုံထည့်ကာ ရဲရဲတို့အုပ်စုကို ကျောပေးထားသော ခုံမှာထိုင်စားရင်း စတိတ်ခ်ျပေါ်က စန္ဒယား တေးသွားကိုသာ နားစွင့်ထားလိုက်တော့သည်။

မြိုင်နှင့်ရဲရဲက ငယ်သူငယ်ချင်းတွေ။ ရဲရဲ မိဘတွေက ချမ်းသာသည်။ ငယ်စဉ်က ပိုးဟပ်ဖြူလို ကောင်ကလေး သည် ကြီးပြင်းလာသောအခါ ကိုရီးယားမင်းသားတွေလို ဖြူနုကာ၊ မျက်နှာသွယ်သွယ်၊ နှုတ်ခမ်းရဲရဲနှင့် မိန်းမချော ချောသူကလေး ဖြစ်လာသည်။ ရဲရဲအနားမှာ မိန်းကလေးတွေ ဝိုင်းလေ၊ မြိုင်က ရဲရဲကို မုန်းမိလေ ဖြစ်သည်။ မြိုင် သည်လို ယောက်ျားမျိုးကို မကြိုက်ပါ။ "သူမ"သည်လည်း သည်လိုယောက်ျားမျိုးကို ရွေးမှ မရွေးချယ်ခဲ့သည်ပဲ။  ယောက်ျားဆို အရပ်မားမား၊ အသားညိုညို၊ ခိုင်ကျည်သော မေးရိုးနှင့် သမာသမတ်ကျကျ အပေါ်အောက်မျှတသော နှုတ်ခမ်းပြည့်ပြည့်တို့ ရှိရမည်။ ငွေကြေးချမ်းသာခြင်းသည် အပြစ် မဟုတ်သော်လည်း သူဋ္ဌေးသားမဖြစ်စေရ။ ကိုယ်စွမ်းကိုယ်စနှင့် ကြီးပွားသူကိုသာ "သူမ"က အထင်ကြီးလေးစားသလို မြိုင်သည်လည်း အတူတူပင်။ ရဲရဲကို မြိုင် သည်နေ့အထိ အထင်ကြီး လေးစား၍ မရပါ။

ပြီးတော့ ရဲရဲ အားနာတတ်လွန်းသည်ကိုလည်း မြိုင်မကြိုက်ပါ။ ခုပင် မြိုင်ရောက်လာတာ သိလျက်နှင့် ဂရေ့စ်တို့နားမှ မခွာ၊ အားနာနာနှင့် ဆက်ထိုင်နေသေးသည်။ ဂရေ့စ် ရဲရဲကို ကြွေနေတာ တစ်လောကလုံး အသိ။ ဘယ်လိုနည်းနှင့်ရရ၊ ရအောင်ယူမယ်ဟု ကြွေးကြော်ထားသူ ဖြစ်၍ မြိုင့်ကိုလည်း အမျိုးမျိုးပြိုင်ဆိုင်နေ တတ်သူပင်။ ဂရေ့စ်မှာ ရွက်ကြမ်းရည်ကြိုရုပ်ကလေး ဖြစ်သော်လည်း အသားအရည် ဖြူစင်ဝင်းပ၍ ဝတ်သမျှအသွေးအဆင်နှင့် လိုက်ဖက်သူကလေး ဖြစ်သည်။ ထို့ပြင် ခေတ်မီတိုးတက်သော အလှပြင်ပစ္စည်း ကိရိယာများကြောင့် ရွက်ကြမ်းရည်ကြိုကလေးမှ ပပဝတီဖြစ်အောင် ပြင်ဆင်တတ်သူလည်း ဖြစ်သေးသည်။

ရဲရဲသည် ငယ်စဉ်ကပင် မြိုင့်အနွံအတာခံကာ အရာရာ မြိုင့်သဘောကျဖြစ်စေလျက် မကြာခင်ကမှ မြိုင့်ကို ချစ်ခွင့်တောင်းထားသူလည်း ဖြစ်သည်။ ဒီနေ့ ရဲရဲကို အဖြေပေးမည်ဟု မြိုင် ပြောထားခဲ့သည်။ မြိုင်ကတော့ ရဲရဲအပေါ် ချစ်နေသလား စဉ်းတောင် မစဉ်းစားမိပါ။ အချိန်တန်လျင် မာမီတို့ သဘောတူသော သမားတော်ကြီး ဦးဇော်သီဟနှင့် လက်ထပ်ရမည်။ ဒါပဲ မြိုင်သိသည်။ နောက်တစ်ခု မြိုင်သိတာ ရှိသေးသည်။ ဂရေ့စ်ကို အနိုင်ရလိုသည်။ ဂရေ့စ် အသည်းအသန် ကြွေနေသောရဲရဲကို မြိုင် ပစ်ပစ်ခါခါ ငြင်းလိုက်ခြင်း သည် ဂရေ့စ်အပေါ် အပြတ်အသတ် အနိုင်ယူခြင်းပင်။ ဒူးထောက် တောင်းပန်ချင် တောင်းပန်မည်ဖြစ်သော ရဲရဲကို ဂရေစ့်ရှေ့မှာ " ရဲရဲ နင့်ကို ငါ ဘယ်တော့မှ ချစ်မှာ မဟုတ်ဘူး"ဟု စိမ်းစိမ်းပြတ်ပြတ် ပြောပစ် လိုက်မည်။ အတွေးနှင့် မြိုင့်မျက်နှာလေး လက်ကနဲ ပြုံးလိုက်မိသလိုတောင် ထင်မိသည်။ "သူမ"ဆိုလျင် လည်း သည်နေရာမှာ ပြုံးမိမှာပဲ ဖြစ်သည်။

ခဏကြာတော့ ရဲရဲက မြိုင့်ဘေးကခုံကို ဆွဲယူကာ လာဝင်ထိုင်သည်။ ရဲရဲထံမှ အရက်နံ့ကြောင့် မြိုင် နှာခေါင်းရှုံ့မိသည်။ ဘယ်အချိန်ထဲက သောက်ထားကြသည် မသိ၊ ရဲရဲ အတော်မူးနေပုံ ရသည်။ မြိုင် နဲနဲလန့်လာသည်။ ရဲရဲ တစ်ခါမှ သည်လောက်ထိ ယောက်ျားမဆန်စဖူး။ မြိုင့်မျက်နှာကို ခပ်တည်တည်ပင် မျက်လုံးများထဲထိကြည့်၍ စကားပြောလာသည်။  ရဲရဲထံမှ အကြည့်ရဲရဲတစ်ချို့နှင့် "သိတ်ချစ်တယ် မြိုင်ရယ်" ဟူသောစကားအကြားမှာ ရုတ်တရက် မြိုင့် တစ်ကိုယ်လုံး ဖျင်းကနဲ နွေးသွားသလိုလို၊ နုညံ့သော အကြင်နာ စိတ်ကလေး ဖျတ်ကနဲ ရင်ထဲ ရောက်လာသလိုလို။ အို ဒါ ရဲရဲပင်ကိုယ်စိတ် မဟုတ်ဘူး၊ အရက်ကြောင့် သွေးကြွနေတာဟူသော အတွေး၌ မြိုင့် အမုန်းတို့ အုံကြွလာခဲ့ပြီ။

မြိုင် ဝုန်းကနဲ ထရပ်လိုက်သည်။ ဒေါသကြောင့် ကျယ်လောင်သွားသောအသံသည် အားလုံး၏ အကြည့်များ အား မြိုင်တို့စားပွဲသို့ ရောက်လာစေသည်။ “ရဲရဲ ငါ နင့်ကို ဘယ်တော့မှ မချစ်ဘူး” ပြောပြီး မြိုင် လှည့် အထွက်၊ ကားပေါ်တက်ပြီး မောင်းထွက်လိုက်ဖို့ပဲ ဖြစ်သည်။ သို့သော် မထင်မှတ်စွာပင် ရဲရဲက မြိုင့်ကို လက်လှမ်းဆွဲကာ ရင်ခွင်ထဲ ဆွဲသွင်းလိုက်တော့သည်။ မျှော်လင့်မထား၍ မြိုင်တစ်ယောက် ရဲရဲ ရင်ခွင်ထဲ ကြက်သေသေကာ မရုန်းနိုင်။ သတိပြန်ဝင် လာသော် တင်းတင်းဖက်ထားသော ရဲရဲကို ပါးတစ်ချက် ခပ်ကြမ်းကြမ်း ရိုက်လိုက်မိရက်သား ဖြစ်လေသည်။ ရဲရဲသည် ခုံ နေရာမှာပင် ခေါင်းငိုက်စိုက်ချကာ မြိုင့်အား ဖက်ထားသောလက်တို့ကို ဖြေလျှော့ပေးလိုက်လေသည်။  ဖြူနုသော ရဲရဲပါးပြင်မှာ မြိုင့်လက်ဝါးရာနှင့် အရှက်တို့ရောလျက် ချင်းချင်းနီလေ၏။
 @@@~~~~~~~@@@~~~~~~~@@@
စိတ်ကို အတန်တန်ထိန်း၍ ကားမောင်းနေရင်းမှ ပါးပြင်ပေါ်သို့ မျက်ရည်များ ပေါက်ပေါက်ကျ လာသည်။ ဘာဖြစ်လို့ပါလိမ့်၊ မြိုင် နားမလည်ပါ။ "သူမ"ဆိုရင် သည်လိုမျိုး ငိုမှာ မဟုတ်။ မဟုတ်သေးပါဘူး၊ မြိုင် ငိုတာမှ မဟုတ်တာဘဲ။ မျက်ရည်တို့ အလိုလို စီးကျခြင်းသာ။ မြိုင် ကြိုးစား၍ ပြုံးသည်။ ဂရေစ့်ကို နိုင်ခဲ့ပြီပဲ။ "သူမ" ကြေနပ်မှာပါ။ မြိုင်က မြိုင်မှ မဟုတ်တာ။ မြိုင်၌ မြိုင့်စိတ်၊ မြိုင့်ကိုယ်ဟူ၍ မရှိတော့။ အားလုံး “သူမ”စိတ်၊ “သူမ”ကိုယ်ပင်။
အစစ အရာရာ “သူမ”မျက်လုံး၊ “သူမ”အပြုံး၊ “သူမ”စတိုင်လ်တို့အား ရူးရူးမူးမူး အတုခိုးခဲ့သော မြိုင့်အတွက် ပြန်လည်ပေးဆပ်လိုက်ရသော ကြေးကဖြင့် ကြီးမြင့်လွန်းလှပါသည်။ ယခုတော့ မြိုင့်နှလုံးသားကိုပင် မြိုင် မပိုင်တော့။ မြိုင့်နှလုံးသားသည် “သူမ”၏နှလုံးသား ဖြစ်၍ နေခဲ့ပြီ။
နည်းနည်းကလေးမှ မရိပ်မိ၊ မသိရှိခင်မှာပင် ချစ်တတ်သော မြိုင့်နှလုံးသားတို့ကို “သူမ”က သိမ်းနှုတ် ခိုးယူသွားခဲ့ပြီ ဖြစ်သည်။




19 comments:

Anonymous said...

မချစ်...
အစ်မကိုအတုခိုးရင်ကော..
ညီမဘာဖြစ်သွားနိုင်လဲဟင်..:P
မိစံ

ချစ်ကြည်အေး said...

တို့လိုပဲ အသဲမာသူကြီး ဖြစ်သွားမှာပေါ့ မံစိရယ်...:)

မမင်း said...

ဟင် မကြီးချစ်က အသဲမာတယ်လား... (ခေါင်းကိုတွင်တွင်ခါလျက် ရေးသွားသည်)

ချစ်ကြည်အေး said...

မမင်း@ ဟဲဟဲ ဟဲဟဲ...

(ခေါင်းကိုတွင်တွင်ခါလျက် ရယ်သွားသည်)

မိုးငွေ့...... said...

“နှုတ်ခမ်းကလေး နဲနဲများရဲလွန်းနေသလား” အဲဒီနေရာလေးဖတ်ရင် မကြီးနှုတ်ခမ်းကိုမြင်ယောင်မိသွားတယ်....။ ဒါပေမယ့် တို့အမကနှုတ်ခမ်း နီညိုရင့်ရင့်နဲ့ဆို ပိုလှမှာသေချာတယ်....။

ချော(အစိမ်းရောင်လွင်ပြင်) said...

မြိုင်ရဲ့ ပုံကို ပုံဖော်ထားတာဖတ်ပြီး ကွက်ကွက်ကွင်းကွင်းမြင်ယောင်မိတယ်
ပြီးတော့ ဂျစ်ကန်ကန် မာနကြီးကြီးနဲ့ တော်တော်လည်း ချောမောလှပမဲ့ မိန်းခလေးနော်။
ဒါပေမဲ့... သူများကို အတုခိုးရင်း ကိုယ့်နှလုံးသားကိုပါ ကိုယ်မပိုင်တော့တာတော့ ဝမ်းနည်းစရာရယ်.

Nyi Linn Thit said...

ဇတ်သိမ်းလေး လှတယ် အမ ချစ်ကြည်အေး...၊ မြန်မာ ဗီဒီယိုတွေ ထဲကလို ငိုယိုပြီး၊ အတင်း ကားမောင်းထွက်၊ ကားတိုက်၊ အောက်ပိုင်းသေ၊ နောင်တရ၊ ရဲရဲရဲ့ အကြင်နာမှာ ပျော်ကျ...အဲ...အဲဒီလို တွေများ ဖြစ်သွား မလားလို့ (တဆိတ်ကလေး) စိုးရိမ်သွား သေးတယ်။းD

T T Sweet said...

ဖတ်ပြီးတာ ကြာလှရှိပြီး) ဟိုနေ့က ပန်ဒိုရာမှာ PDF လေးဆွဲပြီး ဖတ်ထားတာ။ ရေးဟန်ကတော့ ရေလည်မိုက်တယ်။ ကြိုက်တယ်။ ဆရာမကြီး ကြည်အေးရေးဟန်နဲ့ တော်တော်ဆင်သဗျ။

Anonymous said...

ညီမ ချစ်ကြည်

အသဲမာတာလား ယုံဘူးနော်
အမှောင်ဘက်ခြမ်းထဲက မှော်ဝင်လောင်းရိပ် အောက်မှာ ညီမ ချစ်ကြည် ကြာကြာမနေဘူးလို့ ယုံကြည်နေတယ်


ရွှေစင်ဦး

sonata-cantata said...

ငယ်ငယ်တုန်းက သူ့စာတွေ မဖတ်ခဲ့ရလို့ တော်သေး...ကိုယ့်နှလုံးသားလေး လောင်းရိပ်မိခံရရင် ဒွက်ခ

မှ။
ဒေါင်ဒေါင်မြည်တဲ့ အသည်း

T2A said...

ဇာတ်သိမ်းလေးကောင်းသဗျ.....မချစ် ။ ရေးဟန်ကကြည်အေးဟန်လွှမ်းနေတယ်။

Anonymous said...

ဖတ်လို့ကောင်းချက်တော်...

သြော်...မြိုင်...မြိုင်....
ကိုယ့်အသည်းကိုယ်မပိုင်လောက်အောင်တောင် လောင်းရိပ်မိရသလားကွယ်...ဆိုးပ

ဂျင်းစုတ်

An Asian Tour Operator said...

အားပါးပါး... ဘာပြောရမှန်းကို မသိတော့ဘူး။

မဒမ်ကိုး said...

မာနိုင်ဘူး..မမချစ် .
များအသည်းကတော့ပျော့တယ်
ဒါဘဲ ..း)

ခင်တဲ့
ညီမ
မဒိုးကန်

mstint said...

အသဲမာတယ်လို့ ထင်ရသူတွေရဲ့ အတွင်းသဏ္ဍာန်က ပိုနူးညံ့ပျော့ပြောင်းတတ်တယ်။ တကယ်တော့ မသိစိတ်နဲ့ အားနည်းချက်ကို ဖုံးကွယ်ထားတယ်လို့ ယူဆမိတယ်း)) မဟုတ်ရင် ထင်ကြေးမို့ စိတ်ဆိုးနဲ့နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ချစ်ကြည်အေး said...

ညီမမိုး>.နှုတ်ခမ်းနီ နီညိုရင့်ရင့်...ဟီး အဲဒါဆိုးပြီး ပါးစပ်စေ့ရမှာ မှုတ်တော့ဘူး...

ချော>တော်တော်များများ မိန်းကလေးငယ်တွေက ယူသင့်တာကို မယူဘဲ၊ အတုမခိုးသင့်တာကိုမှ လိုက်တုတတ်ကြတာလေ...

ကိုညီလင်းသစ်> ပြောသလိုဆိုရင်တော့ အရမ်းကို ဇာတ်နာသွားပြီ...ဟဟဟ

မယ်ဆွိရေ> ဆရာမကြီးကိုတော့ လုံးလုံး မမီပေါင်ဗျာ...ကြိုက်တယ်ဆိုလို့ ကျေးကျေးစ်

အမဇင်> နေဘူး၊ မှော်ဝင်လောင်းရိပ်အောက်မှာတော့ မြိုင့်ကိုပဲ ထားခဲ့မှာ...

သီတာ> ခုလည်း မန်းလေးသားကြီးရဲ့ လောင်းရိပ်မိနေတာ မှုတ်လား ခွိ

ကိုတီတီအေ> ကျေးဇူးပါဗျိုးး တကယ်တော့ ဆရာမကြီးစာတွေထက် ကဗျာတွေကို ပိုစွဲလမ်းခဲ့တာ၊ လေးလုံးစပ်တွေလေ...

ဂျင်းစုတ်> ဟုတ်ပါ့တော် ပျော့လွန်းတယ် ကိုယ်တို့နဲ့များ လဲလိုက်ချင်တယ်ကွာ...

ကိုသောမတ်> အားပါး ဘာပြန်ရေးရမှန်းကို မသိတော့ဘူး...

မဒိုးကန်> ပျော့မှန်းသိပါတယ် ကိုရင်သာပျော့ကတော်ရယ်...

အန်တီတင့်> ကိုယ့်ထက်အတွေ့အကြုံရင့်သူဆိုတော့ ထင်ကြေးက မမှားနိုင်ပါဘူးလေ။ အသဲသာမာတယ် ပြောတာ၊ မျက်ရည်က အရင်ကျတာ...ဟီးဟီး:)

မြသွေးနီ said...

“ သူခိုး ” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အကြောင်းအရာ ရွေးချယ်ထားပုံလေးက ထူးခြားနေတယ်။ ဥစ္စာခိုးယူခံရတာက ပြန်ဖြည့်တင်း လို့ရသေးတယ်။ လေးစား၊ နှစ်သက်၊ အားကျရင်းကနေ မိမိရဲ့ စိတ်၊ အမူအကျင့်တွေပါ ခိုးယူခြင်း ခံထားရလိုက်တာကို
ဖော်ပြသွားတာလေး နှစ်သက်မိတယ်။

(Comment တွေ ပေးလို့ ရနေပြန်ပြီ မချစ်ရေ..။ ဒီနေ့ ထီထိုးဦးမှ... :)

ဇွန်မိုးစက် said...

မရေ... ဖတ်နေယင်းရဲ့ ဆရာမကြည်အေး ရေးဟန်အတိုင်းပဲလို့ တွေးနေမိတာ။ ရုပ်ရှင်ကြည့်နေရသလိုပဲ တစ်ကွက်ပြီးတစ်ကွက် မျက်စိထဲမြင်ယောင်ပြီး ဖတ်သွားတယ်။

မိုးယံ said...

ဒေါင်းလို့မရတာ ဆိုးတယ်..ကူပါကယ်ပါ

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်