Monday, August 8, 2011

ချစ်သော ပုဂံမြေ-၁

ခရီးသွားလိုက်ကြပါဦးစို့။ ဒီတစ်ခေါက် ခရီးသွားပိုစ့်က အရင်ခရီးတွေလို နေ့အလိုက် မတင်ဘဲ ခရီး အပိုင်းလိုက်ကလေးတွေ ဖြတ်ဖြတ်တင်နေတာမို့ ဟိုရောက် ဒီရောက်၊ ဒီကြားထဲ ကျွန်မက ဖီလင်လာရာလေးတွေ လိုက်ရေးနေတာမို့ ကြားထဲမှာ အတော်လေးခြား ခြားသွားလို့ ဘုရားဖူးကားကို ပြန်ပြန်ပြီး စက်နှိုးနေရတာ။ ခုလည်းပဲ နံပါတ်တစ်ဂီယာနဲ့ အသာလေး စလှိမ့်ရတော့မှာပါပဲ။ ကဲ ကဲ ပုဂံဘုရားဖူးလိုက်မဲ့သူများ ကားပေါ်တက်ကြ ပါ။ နေရာမလုကြပါနဲ့၊ ကိုယ့်ခုံကိုယ်ထိုင်ကြပါ။ ကားစထွက်ပါပြီ။ ဟော... ရောက်ပါပြီ။ ကားပေါ်က ပြန်ဆင်းကြပါ။ (ဟင်း  သိတ်မြန်တာပဲ...)

ကျွန်မတို့ အင်းထဲကနေ မနက်စာစားအပြီး ၇နာရီခွဲလောက်မှာ ထွက်ခဲ့ကြတယ်။ ဟဲဟိုးလေဆိပ်မှာ ခရီးသွားဖော်၊ ဓါတ်ပုံရိုက်ဖက် ရဲဘော်ကြီးတစ်ယောက်ကို ဝင်ချထားခဲ့ရသေးတယ်။ သူက မလေးရှားကို ပြန်ရမှာ၊  တရုတ်နှစ်ကူး မိသားစုပေါင်းစည်းညစာအတွက် ထိုင်ဝမ်က သူ့သားမိသားစု မလေးရှားလာကြမှာမို့ အမှီပြန်သွားရတာပါ။ သူ့နာမည်က မစ်စတာကိုး-Mr. Koh တဲ့။ အသက်၆၀နားနီးပေမဲ့ ကျွန်မတို့ထက် အပုံကြီး ဖျတ်လတ်သွက်လက်တယ်။ ကျွန်မတို့  မနက်စာစားချိန်ဆို သူက မနက်အစောပိုင်း ဓါတ်ပုံတစ်ခေါက် ထွက်ရိုက်ပြီးသား ဖြစ်နေပြီ။ ဓါတ်ပုံရိုက်တာကိုလည်း အင်မတန် ဝါသနာပါတဲ့သူ။ သွားကြတဲ့ ၇ယောက်မှာ ကျွန်မအပါအဝင် ၃ယောက်က ဓါတ်ပုံသမား။ ၂ယောက်က ဆေးလိပ်သမား။ ကျွန်မအမျိုးသားနဲ့ မန္တလေးက သူ့သူငယ်ချင်းပဲ ဘယ်အုပ်စုထဲမှ ဝင်မရတာ။

လမ်းမှာ ကျောက်ပန်းတောင်းရောက်တော့ လဘက်ရည်သောက် ခဏနားကြတယ်။ နိုင်ငံခြားသားတွေနဲ့မို့ အင်္ဂလိပ် လိုပဲ ပြောနေခဲ့ကြလို့နဲ့ တူပါရဲ့၊ ငွေရှင်းကာနီးမှာ အထဲကနေ လှမ်းအော်သံကြားရတယ်။ " ဟေ့ကောင် အားလုံး သုံးထောင်ကျတယ် တောင်းလိုက်" တဲ့။ လူ၆ယောက် လဘက်ရည် ၅ခွက်ဟာ တခွက်ကို ၂၀၀ကျပ်နဲ့ တွက်ဦးတော့ တစ်ထောင့်နှစ်ရာပဲ ကျသင့်ရမှာ မဟုတ်လား။ စိတ်မကောင်းပေမဲ့ ဪ...ဒေသခံတွေဟာ နိုင်ငံခြားသားတွေအပေါ် လှီးချင် ရိတ်ချင်တဲ့ စိတ်ဟာ  နိုင်ငံတိုင်းမှာရှိပါလား၊ အဲဒီထဲမှာ တို့ ရီပါ့ပလစ် မြန်မာနိုင်ငံတော်သစ်ကြီးလည်း ပါဝင်သည် လို့ တွေးမိရုံကလွဲလို့ ပြောမနေခဲ့တော့ပါဘူး။ သတ္တဝါအပေါင်း ကျန်းမာ ချမ်းသာကြပါစေ။

တစ်ခွက် ၅၀၀ကျပ်တန် ကျောက်ပန်းတောင်း လဘက်ရည်လေး သောက်သွားကြပါဦးလား...


တကယ်က ဆရာလယ်တွင်းသား စောချစ်ပြောပြတဲ့ လှတောသားအကြောင်းထဲက ချိုစိမ့် အီပျစ် ခွေလဲ ကျောက်ပန်းတောင်း ဆိုတာကို အမှတ်ရတာနဲ့ အချိုဒီဂရီကို စမ်းကြည့်ချင်လို့ သောက်ခဲ့တာ။ သောက်အပြီးမှာတော့ ကျွန်မက နောက်မှာ နတ်ရင်ကြပ် ဆိုတဲ့ ဝေါဟာရတစ်ခုတောင် ထပ်ဖြည့်လိုက်ချင်သေး။ တကယ်...နတ်တောင် ရင်ကြပ်မဲ့ လဘက်ရည်။ ကြုံရင် သောက်ကြည့်ခဲ့ကြပေါ့။ အဲ မြန်မာမှတ်ပုံတင်လေးတော့ ပြလိုက်...။

ကျွန်မတို့ ဓါတ်ပုံသမား ၃ယောက်က မဲမဲမြင် ရိုက်ချင်နေကြတာဆိုတော့ တောတွေ့လည်း ကားရပ်ခိုင်း၊ တောင်တွေ့လည်း ကားရပ်ခိုင်း၊ နေကြာခင်းတွေ တွေ့လည်း  ကားရပ်ခိုင်းနဲ့ ခရီးက တယ် ရှေ့မရောက်ချင်လှဘူးပေါ့။ ဆေးလိပ်သမား ၂ယောက်ကလည်း ကားရပ်မှ နီကိုတင်းတွေ အဆုတ်ထဲ ရှိုက်ကြရတာမို့ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေကို ဖြစ်နေတော့တာ။


သစ်လုံးလို့ ခေါ်တယ်...


သာစည်ကို အဖြတ်မှာ အငြိမ့်မင်းသမီးကြီး လေဘာတီမမြရင်ကို သတိရလို့ သူ့မြို့လေးကို ချစ်တဲ့စိတ်နဲ့ ရိုက်ခဲ့တာ...


ရွာဆော်ကြီးဖြစ်တဲ့ ကျွန်မ အမျိုးသားကပဲ ကားပေါ်ပြန်တက်ကြ သွားကြစို့ ဆိုတဲ့စကားကို တွင်တွင်ပြောနေခဲ့ရတယ်။ ဒါတောင် ပုဂံရောက်ချိန်က ည ၇နာရီခွဲဆိုတော့ ကျွန်မတို့ စတင်ခံစားခဲ့ရတဲ့ ပုဂံဟာ တကယ့်ကို မှောင်နဲ့ မဲမဲရယ်။ ကျွန်မတို့တည်းခဲ့တဲ့ ဟိုတယ်က ပုဂံမြို့သစ်ဘက်က ကုမုဒြာမှာပါ။ အခန်းသော့တွေ ရပြီး၊ ရေမိုးချိုးပြီးလို့ ညစာစားဖို့ ဟိုတယ်စားသောက်ဆိုင်မှာ ပြန်ဆုံကြတော့ ည ၉နာရီရှိနေပြီ။ အားလုံးလည်း ဆာလွန်းလှပြီ။ နောက်တစ်နေ့မနက် ပုဂံဘုရားဖူးအတွက် ဧည့်လမ်းညွှန်စီစဉ်တော့ last minute ဖြစ်နေပေမဲ့ အဲမန္တလေးက အဆင်ပြေအောင် စီစဉ်ပေးရှာပါတယ်။ ညစာစားပြီးလို့ အခန်းပြန်အရောက်မှာတော့ တနေ့လုံး ကားစီးခဲ့ရတဲ့ ဒဏ်ကြောင့်ရော၊ မနက်စောစော ပုဂံရဲ့ နေအထွက်ကို ဓါတ်ပုံရိုက်ချင်တာကြောင့်ရော စောစောပဲ အိပ်ယာဝင်ဖြစ်ခဲ့တယ်။

မနက်အစောထရမှာ မကြိုက်တဲ့ကျွန်မက ခရီးသွားတဲ့အခါမှာတော့ ဝိရီယရှိသူ ဖြစ်နေပြန်သေးတယ်။

ဒါ ပုဂံရဲ့ အရုဏ်ဦး....။ လွမ်းစရာ မကောင်းဘူးလား...







ပုဂံရောက်တိုင်း စိတ်ကူးနဲ့ ဖြည့်ကြည့်မိတာက အင်မတန်သာယာဝပြောတဲ့ ပုဂံပြည်ကြီးရဲ့ ပုံရိပ်တွေ၊ အသက်ဝင် လှုပ်ရှားနေမှုတွေပါပဲ။ ပုဂံပြည့်ရှင်မင်းများနဲ့တကွ ပုဂံသူ ပုဂံသားတွေ သွားကြလာကြ၊ သီဆို တီးမှုတ် ကခုန်ကြနဲ့ ဘယ်လောက်များ စည်ကားလှပလိုက်မလဲ ဆိုတာ။

မြန်မာရာဇဝင်အရ ပုဂံမင်းဆက်ပေါင်း ၅၅ ဆက်ရှိတယ်ဆိုပေမဲ့ တကယ်တမ်း ပုဂံရာဇဝင်မှာ ခိုင်ခိုင်မာမာ ကဗျည်းထိုးနိုင်ခဲ့တာက အနော်ရထာမင်းလက်ထက် ( အေဒီ ၁၀၄၄-၇၇) ကျမှ စတင်ခဲ့တယ်လို့ ဆိုပါတယ်။ ပုဂံမှာရှိတဲ့ အဆောက်အဦအမျိုးအစားတွေဖြစ်တဲ့ ၁) စေတီ၊ ၂) ဂူဘုရား၊ ၃) အုတ်ကျောင်း၊ ၄) ဥမင်၊ ၅) ပိဋကတ်တိုက်၊ ၆) သိမ် နဲ့ ၇) ပြာသာဒ်ဆိုတာတွေက အနော်ရထာမင်းလက်ထက်မှာ ရှင်အရဟံရဲ့ သာသနာပြုမှုကြောင့် ထေရဝါဒဗုဒ္ဓဘာသာ ထွန်းကား ပြန့်ပွားရာက စခဲ့တာ ဖြစ်ပါသတဲ့။

ဆက်ပါဦးမယ်။ ကျွန်မမှာ ပုဂံအကြောင်းပြောဖို့ အများကြီး ကျန်ပါသေးတယ်။





24 comments:

Nyi Linn Thit said...

မချစ်ကြည်အေးက ကျောက်ပန်းတောင်း ဂိတ်ဆုံးနဲ့ ကြုံလာခဲ့တာကိုး..၊ ဂိတ်ဆုံးပါ ဆိုတဲ့အထဲ ဆိုင်ရှင်ကပါ အရောက်ပို့တာနဲ့ တွေ့နေတယ်..၊း) နောက်တခါတော့ မပုတင်နဲ့ အတူသွားမှပဲ..၊ ပုဂံ sunrise ကတော့ လှနေပြီဗျို့..၊ ဆက်ရန်ကို စောင့်နေတယ်..။

လရိပ်အိမ် said...

ကြိုက်တယ်

★Craton said...

ဆက်ပါဆက်ပါ။
နွားအုပ်ကြီးနဲ့ တောင်တွေကိုမြင်ရတာ ရင်ထဲမကောင်း။
ပုထိုးတော်ကြီးတွေ...........................။

မေငြိမ်း said...

ညီမချစ်.. ဖတ်လည်း ဖတ်ချင်။ ဖတ်လည်း မဖတ်ချင်။ ငိုချင်လို့.. ကိုယ့်အိမ်ကိုယ့်ရာလို နေခဲ့ဖူးတဲ့ ပုဂံ...။

ချစ်ကြည်အေး said...

ကိုညီလင်းသစ်>> ဟုတ်ပါ့ ဂိတ်ဆုံးတောင် ကျော်သွားတယ် ပို့လိုက်တာ၊ ပုဂံ sunriseပုံကတော့ လက်သင် လက်ရာပါရှင်၊ ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်...

လရိပ်အိမ်>> ကျေးဇူးပါ...:)

သားတွန်>> ဟုတ်တယ် တီကြည်လည်း ကိုယ့်တိုင်းကိုယ့်ပြည်ထဲ တွေ့ရာကို ခံစားရင်း မျက်ရည်ဝဲရတာ အခါခါပဲ...

အမမေငြိမ်း>> အမ ဖဘကအပြန် ပုဂံကို လွမ်းသွားပြီး ဆွဲထုတ်ရေးလိုက်တာ အမရဲ့...

Anonymous said...

I love the Bagan's sunrise and thank you so much for sharing those beautiful scenes, Ma Ma!
Mon Petit Avatar

Su said...

ပုဂံကိုဘယ်နှခေါက်ရောက်ဖူးမှန်းမသိတော့ဘူး
ဒါပေမဲ့ထပ်သွားချင်နေသေးတယ်

ချစ်ကြည်အေး said...

Sis MPA>>>my pleasure dear :)

စု>> ထပ်သာသွားပါ၊ ဘယ်တော့မှ မရိုးတဲ့ခရီး :)

T T Sweet said...

ပုံလေးတွေလှလိုက်တာ။
ပုဂံကတော့ ဘယ်နှစ်ခါရောက်ရောက် ရှေးလက်ရာ၊ ယဉ်ကျေးမှု အနုပညာတွေက အံ့မခန်း ရင်သပ်ရှုမောဖြစ်ရတာချည်းပါပဲ။

သက်ဝေ said...

သွား ချင် တယ် . . .း((

မအိမ်သူ said...

Sunrise ပုံလေးတွေကလှလိုက်တာ ကြည့်လို့တောင်မ၀ဘူး။ ရိုးတံကြဲကြဲ အပင်တွေနဲ့ပုံကို အကြိုက်ဆုံးပဲ။ သဘာဝအလှလေးတွေ...

ချော(အစိမ်းရောင်လွင်ပြင်) said...

လှလိုက်တဲ့ ပုဂံ
မရောက်တာကြာခဲ့ပြီ
သွားဖို့စိတ်မှာ ရည်
တစ်နေ့နေ့တော့ ဖြစ်ရမည်..
ဓာတ်ပုံတွေ တကယ်လှတယ် အစ်မရယ်
ခုတောင်သွားချင်စိတ်ပေါက်လာပြီ

ညိမ်းနိုင် said...

ပုဂံရဲ့အရုဏ် ကကျက်သရေရှိရှိနဲ့ လွမ်းချင်စရာလေး။

mstint said...

လဘက်ရည်ကို ချိုပေါ့ဆိမ့်လောက်ပဲ ကြိုက်တယ်။
ငယ်ငယ်ထဲက အိမ်မှာကော်ဖီဖျော်လို့ အချိုလွန်သွားရင် ဖေဖေက ဒီကနေ့ ကျောက်ပန်းတောင်း ကော်ဖီလေးပါလားတဲ့း))
ပုဂံကိုအရမ်းသဘောကျလို့ မကြာခနရောက်တယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

SHWE ZIN U said...

ညီမ ချစ်ကြည်အေး ရေ

အများ နဲ့ မတူလို့ ပုဂံ အကြောင်းမရေးတော့ ဘဲနဲ့ ပြန်သွားတယ်

An Asian Tour Operator said...

ပုဂံကို နင့်နင့်နဲနဲ လွမ်းသွားပြီ။

Anonymous said...

ပုဂံဘက်ထပ်သွားချင်သေးတယ်
အားကျလိုက်တာာာာ


မောင်ဘကြိုင်

မဒမ်ကိုး said...

နတ်တောင် ရင်ကြပ်မဲ့ လဘက်ရည်။ကို
မြည်းရင်း

ပုဂံဓာတ်ပုံများကိုခံစားသွားပါတယ်
မမချစ်ရေ
ခင်တဲ့
မဒိုးကန်

မိုးငွေ့...... said...

မေ့တေ့တေ့တောင်ဖြစ်နေပြီ ခရီးသွားအဆက်ကလေးကို..။ နောက်ထပ်အဆက်လေးတင်ပါဦးဗျို့...မဂျစ်..:P

sonata-cantata said...

မလေးရှားမှာတော့ ခြေထောက်ဖြတ်ရမည့် လက်ဘက်ရည် ဆိုတာ ရှိတယ်တဲ့... (ချိုလွန်းလို့ ဆီးချိုဖြစ်ပြီး ခြေထောက်ဖြတ်ရမှာတဲ့းP)

ဆက်သာသွားပါ ချစ်ကြည်ရေ...

မေသိမ့်သိမ့်ကျော် said...

အစ်မချစ်ရေ

ပုဂံကို အရမ်းသွားချင်နေတာ။ ပိုးက ပိုဆိုးသွားပြီ။ လွမ်းစရာကောင်းလိုက်တဲ့ပုံလေးတွေနော်။

ခင်တဲ့

blackroze said...

မကြီးချစ်ရေ
ကျန်တဲ့အပိုင်းလေး မြန်မြန်ဗျိုးးးး
ဖတ်ဖို့စောင့်နေတယ်..

ကိုကိုမောင်(ပန်းရနံ့) said...

ပုဂံကို နှစ်ခေါက်ဘဲ ရောက်ဖူးတယ်။ ထပ်သွားချင်သေးတယ်။ စိတ်ဝင်စားစရာတွေ ပြည့်နှက်နေလို့။း)))

ခင်မင်လျက်

ဇွန်မိုးစက် said...

တစ်ခါမှ မရောက်ဖူးသေးလို့ ၀မ်းနည်းတယ်။ တစ်နေ့တော့ အရောက်ကို သွာဦးမှာ။

ပုဂံပုံတွေ သိပ်လှတယ် အစ်မချစ်။

ဟို..နွားပိန်ပိန်အုပ်ကို တွေ့ရတော့ စိတ်မကောင်းဘူး။ ဇွန်က အဲလိုပဲ စိတ်ပျော့တယ်။ ကိုယ့်နိုင်ငံက လူတင်မကဘူး တိရစ္ဆာန်တွေပါ ပိန်လှီနေကြတာနော်...း((

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်