Wednesday, August 3, 2011

တံခါးများ၊ သော့များ၊ လူဆိုးများနှင့် ကျွန်မတို့ လူ့ပတ်ဝန်းကျင်

ခေါင်းစဉ်ကို အဲသလို ခန့်ခန့်ကြီး တပ်ပစ်လိုက်တယ်။ အနည်းဆုံးတော့ လူရှိန်တာပေါ့...။

တကယ်တော့ ဘာရယ်လည်း မဟုတ်ပါဘူး။ ဘာရယ် မဟုတ်တာများ ဘာလို့ရေးနေတော့မှာတုန်းလို့ အပြော မစောကြပါနဲ့ဦး။ အဲဒီ ဘာရယ် မဟုတ်တာလေးတွေက ထ ထဟုတ်သွားတတ်လွန်းလို့ ။ ကျွန်မတို့ ဘလော့ဂါတွေဆိုတာက အသံမဲ့ စကားပြောနေကြသူတွေ မဟုတ်လား။ ခံစားမိတာ၊ ပြန်ကြားမိတာ၊ တွေ့မိတာ၊ တွေးမိတာ၊ ကြားမိတာ၊ ကျားမိတာ ဒါလေးတွေ ရှိလာတိုင်း ဘာလော့ရွာလေးထဲ မောင်းထု ချပြနေကျဆိုတော့ အချိန်တန်လာရင် လက်တွေက မနေနိုင်ဘူး။ ရင်ခွင်လွှာတာကျိုးသလို ခံစားမိသမျှ မိုးလိုရွာချပြတတ်ကြတာ... (ဟယ်...ကဗျာဆန်ချက်တော် :))

မိတ်ဆွေတစ်ယောက်ရဲ့အိမ်သစ်အတွက် သော့အသစ်လဲတပ်ဖို့ ပြောဖြစ်ကြရင်းက များပြားလှတဲ့ သော့ မျိုးစုံအကြောင်း တွေးမိခဲ့တာလေးပါ။ သော့ခလောက်ကြီးကြီး သေးသေး၊ ထူထူထဲထဲ ခိုင်ခိုင်ခန့်ခန့်က စလို့ လက်ဗွေရာနဲ့မှ ဖွင့်လို့ရတဲ့သော့၊ ကတ်ပြားလေးနဲ့ ထိုးပြီးမှ ဖွင့်လို့ရတဲ့သော့....အို ပုံစံအမျိုးမျိုး၊ တံဆိပ် အမျိုးမျိုးရယ်။ တံခါးမှ နှစ်ထပ်။ ပထမ သံတံခါးရယ်၊ နောက် သစ်သားတံခါးရယ်။ အိမ်မှာ လူရှိနေရင်တော့ များသောအားဖြင့် အိမ်အတွင်းဘက်က သစ်သားတံခါးကို ဖွင့်ပြီး အပြင်သံတံခါးပဲ သော့ခတ်ထားလေ့ ရှိကြတယ်။ လေရော၊ အလင်းရောင်ရဖို့ အတွက်ရောဆိုပါတော့။

အဲဒီကမှ သော့တစ်စုံရဲ့ လိုအပ်ချက်ကို ဆက်တွေးဖြစ်သွားတယ်။ သော့တစ်စုံရဲ့ လုပ်ဆောင်ချက်က ပိတ်ပင်တားဆီးပေးထားတဲ့ သဘော၊ လုံခြုံမှု တစုံတရာပေးနိုင်တဲ့သဘောပဲ မဟုတ်လား။ နဲနဲရှေ့ဆက်တွေးမိပြန်တော့ တံခါးတစ်ချပ်၊ သော့တစ်စုံဟာ ရုပ်ဝတ္ထုပစ္စည်းတွေရဲ့ လုံခြုံမှုအတွက် ပိတ်ဆို့လုံခြုံစေနိုင်တာ။ စဉ်းစားကြည့်မိတော့ ဝမ်းနည်းစရာတောင် ကောင်းနေပါသေးရဲ့။ ယုံကြည်မှု....။ လူတစ်ဦးနဲ့ တစ်ဦးအပေါ် ယုံကြည်မှုတွေဟာ တံခါးတစ်ချပ်၊ သော့တစ်စုံနဲ့ ခပ်ပါးပါးလှီးချခံခဲ့ရပြီလား။

"ဟာ...ဒါဆိုလည်း မချစ်ကြည်အေးတို့အိမ် သော့မခတ်နဲ့ပေါ့" ဆိုလာလို့ကတော့ "လူတွေကို ယုံတယ်ဟေ့" ဆိုပြီး သော့မခတ်ဘဲ စမ်းကြည့်ချင်သား။ လာထားပဲ...ဟိုက နည်းတယ်တောင် ထင်ဦးမယ်။ ရှိသမျှလေး ပါသွားမစိုးလို့ မစမ်းရဲသေးတာ။ ယုံတတ်လွန်းလို့ ခံရပေါင်းကလည်း များပြီ၊ ကျောကြည့် ဒဏ်ရာတွေချည်းပဲ ဆိုတာမျိုး။

တကယ်တော့ တံခါးမရှိ ဓါးမရှိဆိုတဲ့ စကားကို အင်မတန် သဘောကျမိတာ။  ယုံကြည်ခြင်းရဲ့ ပြယုဂ်၊ ရန်ကင်းရှင်းတဲ့ အဓိပ္ပါယ်၊ ဘယ်လောက် အေးချမ်းလိုက်သလဲ။ စကားမစပ် ဘာလီရောက်ခဲ့တုန်းက ဘာလီရွာတစ်ချို့မှာ အိမ်တွေ တံခါးမရှိတာ တွေ့ခဲ့ဖူးတယ်။  မြန်မာပြည်က ရွာတွေတစ်ချို့မှာလည်း အိမ်တွေမှာ တံခါးမရှိကြဘူး။ ဘယ်သူ့အိမ်မှလည်း ပစ္စည်းမပျောက်ကြဘူး။ ဒါဟာ ခိုးချင်လောက်တဲ့ မက်လောက်စရာပစ္စည်း မရှိလို့တော့ မဟုတ်လောက်ဘူး။ သူတို့မှာလည်း သူတို့အထွာနဲ့သူတို့ သင်ဖြူးဖျာတစ်ချပ်ဟာလည်း လိုချင်စရာ ဖြစ်နေနိုင်တာပဲ။ 

"မိမိ၏ ပိုင်ဆိုင်မှုမဟုတ်သော သူတစ်ပါး၏ ပစ္စည်းဥစ္စာ" ဆိုတဲ့ အသိ...။ အဲဒီအသိနဲ့ပဲ သွားနေခဲ့ ကြတာ။ လူတိုင်းမှာ အဲဒီအသိ ရှိနေသ၍ ဘာသော့မှ မလိုဘူး၊ ဘယ်တံခါးမှ မလိုဘူး။ သိတ်သေချာတယ်။

ခုခေတ် မြို့နေလူတန်းစားတွေကျပြန်တော့ ပိုင်ဆိုင်မှုတွေ များပြားလာတယ်။ နည်းပညာအသစ်တွေ တစ်နေ့ထက်တစ်နေ့ ပေါ်လာတာနဲ့အမျှ အသုံးအဆောင်ပစ္စည်းတွေလည်း သူ့ထက်ငါ တိုးတက်ဆန်းပြား လာတော့တာ။ လိုချင်မှုတွေများရာက ပိုင်ဆိုင်မှုတွေတိုးပွားလာသလို၊ ပိုင်ဆိုင်တဲ့ပစ္စည်းတွေအပေါ်မှာလည်း တွယ်တာမှုတွေကလည်း ကြီးမားလို့လာခဲ့တာ။ ဘာသာရေးဘက်က ကြည့်ပြန်တော့ အဲသလို ပိုင်ဆိုင်တဲ့ ပစ္စည်း တစ်ခုတိုးလေ၊ ကိုယ့်အနားမှာ မီးပုံတစ်ပုံ ဖိုမိလေပဲတဲ့။ တောင်မြို့ဆရာတော်ကြီး အရှင် ဇနကာဘိဝံသ ပြောခဲ့တာ။ ဒီတော့ ပိုင်ဆိုင်မှုများလေ၊ မီးပုံများများ ဖိုမိလေ၊ ပိုင်ဆိုင်မှုများလေ၊ လက်လွတ်ဆုံးရှုံးရမှာ စိုးလေပေါ့။ ဟုတ်တယ်။ ည ည အိပ်ကောင်းခြင်းမှ မအိပ်ရတဲ့ သူဌေးတွေ အများကြီး။ ပူလောင်လိုက်တာများ...။

ဒါဖြင့်ရင် ဘာမှ မရှာမဖွေ၊ မစုမဆောင်းရတော့ဘူးတဲ့လား။ ဟိုး ကျောက်ခေတ်တုန်းကလို နေဖို့ ဂူတစ်လုံး၊ စားဖို့ အမဲလိုက်စရာ လက်နက်လေးမြား၊ အုပ်စုအချင်းချင်း တိုက်ခိုက်ဖို့ တင်းပုတ်တစ်ခုရှိရုံနဲ့ ဂေါ်လီ လုပ်လို့ရတဲ့ခေတ် မဟုတ်တော့ဘူး။

အိုင်ပက်-1-2 ၊ အိုင်ဖုန်း 3-4 တဲ့ 5က လာတော့မယ်။ 3D၊ 4Dတဲ့ အမြင်အာရုံတွေများ ဆန်းပြားလိုက် ပုံ၊ နောက် 5D နဲ့ 6Dတွေကျရင် အနံ့ အရသာတောင် ခံစားလို့ ရကြမလားပဲ။ ကြောက်စရာ လွှတ်ကောင်းအောင် တိုးတက်တဲ့ ခေတ်ကြီး။  ဒါက ကမ္ဘာကြီး တစ်ခုလုံးရဲ့ တိုးတက် ပြောင်းလဲမှု ဖြစ်စဉ်တွေပဲ။ လိုက်ပါရွေ့လျားနေရမှာပဲ။ လူသားသဘာဝ နေထိုင်မှု ဘဝမြင့်မားရေး ကို ဦးတည်ကြတာကိုး။ ဒီတော့ လူတန်းစေ့ နေထိုင်နိုင်ဖို့ ရှာရ ဖွေရမှာပဲ။ ဒီလို ဆင်ခြေတက်ချင် တက်နိုင်တယ်။
ဒါက လောကီပဲ ကြည့်ကြသူတွေအတွက်ပေါ့။ ဆရာတော်ကြီးတွေက သံသရာအတွက် ကြည့်ပြောတာ၊ သံသရာမှာ ဖြတ်သန်းကျင်လည်ချိန် တိုတောင်းလေ၊ ကောင်းလေ။ ပိုင်ဆိုင်မှုနဲလေ၊ ဝန်ကျဉ်းလေ၊ စိတ်ချမ်းသာလေ။ ဒါတောင်မှ "သံသရာ...ဆွဲ ဆန့်လို့ ဘယ်လောက်ပင် ရှည် ရှည်" ဆိုကြသူတွေ ရှိသေးတယ်။ ဆရာတော်တွေ ဟောရင်းသာ ပျံလွန်တော်မူမည်ဆိုတာ...တကယ်ပဲ

ဘယ်လောက်ပဲ နည်းပညာတိုးတက်လို့ ရုပ်ဝတ္ထုပစ္စည်းတွေ တိုးတက်လာပါစေ၊ လူတွေရဲ့ စိတ်လုံခြုံမှု ကျဆင်းလာတာကတော့ မငြင်းနိုင်တဲ့အချက်ပဲ။ ပိုင်ဆိုင်မှုတွေ မလျော့ပါးရအောင် တတ်နိုင်သမျှ ကာကွယ်ကြတယ်။ တံခါးတစ်ချပ်၊ သော့တစ်စုံနဲ့ ကိုယ့်လက်ထဲထားရတာ မလုံခြုံသေးဘူးဆိုရင် သူများလက်ထဲ သွားအပ်ထားတတ်ကြသေးတယ်။ ဘဏ်တွေ၊ အာမခံကုမ္ပဏီတွေမှာပေါ့။ ဒါတွေက မမြင်ရတဲ့ တံခါးတွေ၊ သော့တွေပဲ။ ဒါတွေနဲ့ စိတ်လုံခြုံမှုကို ရှာကြတယ်။ 

လောကမှာ လူကောင်း၊ လူဆိုး နှစ်မျိုးပဲ ရှိတယ်။ သမာအာဇီဝကျကျ ရှာဖွေစားသောက်၊ နေထိုင်စုဆောင်း ကြသူတွေကို လူကောင်းလို့ သတ်မှတ်ရင်  ခိုး ဝှက် တိုက်ခိုက် သတ်ဖြတ်သူတွေကို လူဆိုးစာရင်းထဲ သွင်းရမှာပဲ။ လူဆိုးဆိုတဲ့ လူတန်းစားကလည်း ခေတ်အဆက်ဆက်က ရှိလာခဲ့ကြတဲ့ဟာ၊ သူတို့မှမရှိရင် လူဆိုးဖမ်းတဲ့အလုပ် လုပ်သူတွေ ထမင်းငတ်ရုံရှိတာ။ "ကျည်ဆန်တွေဆိုတာ ပြတိုက်မှာ၊ ကမ္ဘာမှာ မလိုတော့ဘူး" ဆိုတဲ့ သီချင်းက နားထောင်ကောင်းရုံပဲ တကယ် လက်တွေ့မကျဘူး။

အကောင်းအဆိုးဒွန်တွဲနေတဲ့ သဘာဝအမှန်တရားအရ လူကောင်း လူဆိုး နှစ်မျိုးလုံး ရှိကို ရှိရမယ်။ လူဆိုးဆိုတာရှိမှလည်း လူကောင်းရဲ့ တန်ဘိုးကို တွက်စစ်နိုင်တာ။ မျဉ်းတစ်ကြောင်း ဘယ်လောက် တိုပါတယ်ဆိုတာကို သူ့ထက်ရှည်တဲ့ မျဉ်းတစ်ကြောင်းနဲ့ ယှဉ်ကြည့်မှ သိသာနိုင်သလိုပါပဲ။ ဇိန်ဇမာနတို့၊ အာဠာဝကဘီလူးတို့၊ နန္ဓောပန္တနဂါးမင်းတို့ ရှိခဲ့လို့လည်း အောင်ခြင်းရှစ်ပါး ရှိခဲ့ရတာ။ သူတို့တွေကြောင့် လည်း မြတ်စွာဘုရားရဲ့ အတုမရှိတဲ့ အနှိုင်းမဲ့ မေတ္တာတော်ကို မီးမောင်းထိုးပြခွင့်ရခဲ့တာ။ "မေတ္တာဓါတ်နဲ့ ဗုဒ္ဓမြတ်စွာ ဆောင်ကျဉ်းခဲ့ အောင်ခြင်း အဋ္ဌမပါ" ဆိုတာလေ... ။

အစကို ပြန်ကောက်ရရင် တံခါးတစ်ချပ်၊ သော့တစ်စုံရဲ့ လိုအပ်ချက်ကြီး အရေးပါလာပုံကြောင့် လူတွေ တစ်ဦးနဲ့တစ်ဦး အယုံအကြည် ကင်းမဲ့ကြကုန်အံ့လို့ ဝမ်းပန်းတနည်းဖြစ်နေရာက အနည်းငယ် နေသာ ထိုင်သာ ရှိလာတယ်။ လူကောင်းကို လူကောင်းမှန်း မသိတာထက် လူဆိုးကို လူဆိုးမှန်း မသိတာဟာ အန္တာရာယ်ပဲ မဟုတ်လား။ လူဆိုးဆိုတာကလည်း နဖူးမှာ ထရိတ်မာ့ခ် မနှိပ်ထားလေတော့ ကြိုတင် ကာကွယ်ခြင်းသည်သာ အကောင်းဆုံးဆိုတဲ့ အဖြေထွက်လာတယ်။

တံခါးတစ်ချပ်၊ သော့တစ်စုံ လိုအပ်လို့သာ ရှိခဲ့တာ။ အင်း...ဒါပေမဲ့ မိမိ၏ ပိုင်ဆိုင်မှုမဟုတ်သော သူတစ်ပါး၏ ပစ္စည်းဥစ္စာ ဆိုတဲ့ အသိ...။ အဲဒီအသိနဲ့ပဲ သွားနေခဲ့ကြတာ။ လူတိုင်းမှာ အဲဒီအသိ ရှိနေသ၍ ဘာသော့မှ မလိုဘူး၊ ဘယ်တံခါးမှ မလိုဘူး။ အဲဒါလေးကို တွေးမိပြန်တော့လည်း တစ်ယောက်တည်း ခေါင်းတယမ်းယမ်း နဲ့ ရှိနေမိပြန်တယ်။ ကျွန်မကပဲ အတွေးတွေ အောက်အော့ဖ်ယူနီဗာ့စ် ဖြစ်နေပြီလားလို့လေ...။


24 comments:

Mon Petit Avatar said...

သော့တွေလိုနေတုန်းပဲမမ။" ကြားမိတာ၊ ကျားမိတာ" လို့ဖွဲ့ထားတာ ကိုသဘောအကျဆုံးပဲ။အာရုံတွေနောက်ကို ပါပါသွားတတ်တော့ ကိုယ့်ကိုကိုယ်ပါသော့ခတ်ဖို့စဉ်းစားတာ စဉ်းစားတာကမတက်တော့ ဆရာတော်တွေကိုအရမ်းအားနာမိသေးတယ်။

Nyi Linn Thit said...

ဟုတ်တယ် မချစ်ကြည်ရေ..၊ တံခါးတွေ တံခါးတွေ ဆိုတာ ကျနော်တို့ လူ့ပတ်ဝန်းကျင်မှာ တကယ့်ကို အများကြီး...၊ တံခါးမရှိတဲ့ အိမ်ရဲ့ အတွင်းဖက်ကို ကြည့်မိပြီး တခါတလေမှာ တချို့လူကောင်း (ဆိုသူ) တွေကလည်း လူဆိုးတွေ ဖြစ်ချင် ဖြစ်သွား ပြန်ရောဗျ၊း) လူကောင်းတွေနဲ့ လူဆိုးတွေကို စည်းခြား ထားပေးဖို့ တံခါးတွေ၊ သော့ခလောက်တွေကတော့ လိုနေဦးမှာ ပါပဲဗျာ..။

မအိမ်သူ said...

တိုက်တိုက်ဆိုင်ဆိုင် အဲဒီ လူကောင်းလူဆိုးအကြောင်း စဉ်းစားနေမိတုန်း မချစ်ပို့စ်ကိုဖတ်လိုက်ရတယ်။ ဟုတ်တယ်နော် တံခါးတွေ သော့တွေ ပိုပိုပြီးလုံခြုံတဲ့ တံခါးတွေ သော့တွေ ဒီခေတ်ကြီးမှာ ပိုများလာသလို ပိုလဲလိုအပ်လာနေတာအမှန်ပဲ။ အဆိုးကပိုများနေပြီလားလို့တော့ မစဉ်းစားချင်ဘူး.....း(

An Asian Tour Operator said...

သော့ဆိုတာ ကြီး က အစောဆုံး လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀၀ လောက် ကတည်းက ကျယ်ကျယ် ပြန့် ပြန့် သုံးခဲ့ ကြောင်း အီဂျစ်မှာ သမိုင်းအထောက် အထား ခိုင်ခိုင်မာမာ တွေ့ တယ်လို့ ဆိုတယ်။ အထောက် အထား မရှိပေမယ့် ဒီထက် အများကြီး စောနိုင်စရာ ရှိတယ် လို့ ပြောကြတယ်။ လိုအပ်ချက် တခု အနေနဲ့ အခု အချိန် ထိ ရှိနေရတုန်း ပဲ။ ကျနော် ကတော့ key ဆိုတဲ့ သော့ချက် ကို တော်တော် သဘောကျ တယ်။ ဘယ်အရာမဆို အဲဒီ သော့ချက် လေး သိတာ နဲ့ ကိစ္စပြီး တာပဲ။

မိုးငွေ့...... said...

နောက်တစ်ခါ ကျားမိရင် ပို့စ်တင်မယ်...ဒါပဲကွယ်....။ အောက်အော့ဖ်ယူနီဗာ့စ်မဖြစ်သေးဘူးမကြီး...။ ဒီပို့စ်က အကြောင်းအရာတွေက လိုအပ်မှုတွေပဲလေ...း))
ရေးးးးး....နာ့အမ တောင်ကျော်နိုင်သွားပြီ....(ငါးမန်းတောင်)...

seesein said...

အမချစ်
သော့မခတ်ဘဲ စမ်းကြည့်ချင်သား။ လာထားပဲ...ဟိုက နည်းတယ်တောင် ထင်ဦးမယ်။
မထင်ပါဘူးဗျာ စစတို့ဆို ဆိုင်မှာ ဘယ်တော့မှ တံခါးသော့မခတ်ဘူးဗျး))
အလင်းဆိုင် ဖြစ်နေလို့ သော့ တောင် ပျောက်နေတာကြာပေါ့။
ကိုအေတီအိုပြောတဲ့ သော့ချက်လေးတော့ လိုချင်သား။


ခင်မင်တဲ့
စစ

တီချမ်း said...

ဒေါ်ချစ်

သိပ်နက်နက်မတွေးပါနဲ့ နက်ရင်မှောင်တယ်

ခေါင်းဖြူမယ်

အိုင်ပက်လေးတော့ တံခါးဝနားထားနော်

မေသိမ့်သိမ့်ကျော် said...

အစ်မရေ မကောင်းသူတွေရှိလာလို့သာ သော့ဆိုတာလိုလာတာပါ။ ကျွန်မ ရှမ်းရွာလေး တစ်ရွာရောက်ဖူးတယ် တစ်အိမ်မှ သော့မခတ်ကြဘူး။ တစ်ရွာလုံးမှာ ခွေးတစ်ကောင်ပဲရှိတယ်။ အဲ သော့မခတ်လို့ ဘာမှမရှိဘူးလို့ မထင်နဲ့နော် အိမ်ထဲမှာ တီဗီ ၊ အောက်စက် ၊ အပေါ်စက် အကုန်ရှိတယ်။ ခြံဝင်းတံခါးက ကျွဲနွားဝင်မှာစိုးလို့ ဝါးလုံးနဲ့ လျှိုထားတဲ့ တံခါးတစ်ခုရှိတယ်။ အိမ်တွေကိုတော့ တံခါးစေ့ရုံပဲစေ့ထားတာတွေ့တယ်။

မတရားသောနည်းလမ်းနဲ့ သူများပစ္စည်းလိုချင်သူတွေကြောင့် သာ သော့ဆိုတာ လိုလာတယ်...။ ကိုယ်ကျင့်တရားနဲ့ သော့တွေရဲ့အဆင့်အတန်း ပြောင်းပြန်အချိုးကျတယ်။


ခင်မင်လေးစားလျက်

မေသိမ့်သိမ့်ကျော် said...

အစ်မရေ မကောင်းသူတွေရှိလာလို့သာ သော့ဆိုတာလိုလာတာပါ။ ကျွန်မ ရှမ်းရွာလေး တစ်ရွာရောက်ဖူးတယ် တစ်အိမ်မှ သော့မခတ်ကြဘူး။ တစ်ရွာလုံးမှာ ခွေးတစ်ကောင်ပဲရှိတယ်။ အဲ သော့မခတ်လို့ ဘာမှမရှိဘူးလို့ မထင်နဲ့နော် အိမ်ထဲမှာ တီဗီ ၊ အောက်စက် ၊ အပေါ်စက် အကုန်ရှိတယ်။ ခြံဝင်းတံခါးက ကျွဲနွားဝင်မှာစိုးလို့ ဝါးလုံးနဲ့ လျှိုထားတဲ့ တံခါးတစ်ခုရှိတယ်။ အိမ်တွေကိုတော့ တံခါးစေ့ရုံပဲစေ့ထားတာတွေ့တယ်။

မတရားသောနည်းလမ်းနဲ့ သူများပစ္စည်းလိုချင်သူတွေကြောင့် သာ သော့ဆိုတာ လိုလာတယ်...။ ကိုယ်ကျင့်တရားနဲ့ သော့တွေရဲ့အဆင့်အတန်း ပြောင်းပြန်အချိုးကျတယ်။


ခင်မင်လေးစားလျက်

Anonymous said...

FB မှာဆိုရင်တော့..just click like button..အမှန်တကယ်ကြိုက်ပါ၏...

Anonymous said...

You may say I'm a dreamer,
But I'm not the only one,
I hope some day you'll join us,
And the world will live as one.

Anonymous said...

What a superb essay!Bravo Daw Chit.Both your post and comments pull my thread of thoughts.Write about fence next time.I dont want to use lock or key and i hate fence but we all have to use them .
Gyidaw

ညိမ်းနိုင် said...

အင်း...မရှိတောင့်တ၊ရှိကြောင့်ကြနေရတော့လည်း၊သော့
တွေ၊တံခါးတွေကတော့ မရှိမဖြစ်တွေဖြစ်လာကြထင်ရဲ့..။
ဒီပို့စ်လေးကြိုက်တယ်ဗျ....၊တွေးစရာလေး...။

blackroze said...

မကြီးချစ်ရယ်..
လူဆိုတာကတော့ဒီလိုပါဘဲ..
လက်အတိုအရှည်မညီသလို
စိတ်ဓါတ်တွေလည်းကွဲပြားနေမှာသေချာတယ်လေ..
အဲတော့ သော့ ဆိုတာလည်း
လိုအပ်နေဦးမှာဘဲ...

တီချမ်း said...

http://chenaddy.blogspot.com/2009/05/blog-post_17.html

အဖြူရောင်နတ်သမီး said...

သော့ ဆိုတာလေးနဲ့ သော့ချက် ဆိုတာလေးကို လေးလေးနက်နက်တွေးမိသွားတယ်..။

တီချမ်း said...

အရေးထဲ ဖိုးမော် လာပြောတဲ့ သော့နဲ့ သော့ခလောက် ပုံပြင် ကို သတိရမိသေးတယ် ကတောက်ပဲ

SHWE ZIN U said...

သော့တွေကို မုန်း လွန်းလို့ ညီမ ရေ အဲဒီလိုဘဲ သူခိုး တွေကိုလည်း မုန်းလွန်းလို့

ခင်မင်စွာဖြင့်
ရွှေစင်ဦး

စော(အဝါရောင်မြေ) said...

မချစ်ရေ
လူတွေက အပြင်ကသော့ကို သတိထားတယ်နော်။
စိတ်ကိုသော့ခတ်နိုင်ရင်တော့ နိဗ်ဗာန်ရောက်မှာပဲ ထင်ပါ့ရဲ့ ။

ZZZ said...

အတွေးနဲ.အရေးကောင်းတယ်

ပန်းချီ said...

မမရေ...
တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ပဲ အိမ်သော့တွေ duplicate သွားလုပ်တာ $20 ကျော်ကျသွားလို့ စိတ်ပိန်နေတာ..
သော့တွေမရှိရင်၊ မခတ်ရရင်ကောင်းမှာပဲ..သီလ၊ သမာဓိခေါင်းပါးနေတဲ့ ဒီခေတ်ကြီးမှာတော့ သော့ခပ်ကြီးကြီးတွေတောင် လိုနေပြီး(

mstint said...

အရာရာမှာ သတိဆိုတာ ပိုတယ်လို့မရှိသလို ကြိုတင်ခန့်မှန်းလို့မရတဲ့ အန္တရာယ်ဆိုတာလည်း အချိန်မရွေးကျရောက်နိုင်တာမို့ ဘဝလုံခြုံရေး စိတ်လုံခြုံရေးအတွက် သော့တစ်စုံဟာ လူတိုင်းအတွက် လိုအပ်တယ်လို့ ထင်မြင်ယူဆပါတယ်ကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

တိုက်တိုက်ဆိုင်ဆိုင်
ကျွန်တော်လည်း ဒီရက်ပိုင်းတွေးမိနေတာ
လူဆိုးနဲ့လူကောင်းအကြောင်း
လူဆိုးကတော့ထားတော့ ဆိုးတာကိုး
လူကောင်းတွေ ကောင်းတာကောင်းတယ် ဒါပေမယ့် အဲဒီ လူကောင်းတွေဆိုးရင် အရမ်းကြောက်စရာကောင်းတယ် အစ်မရဲ့
အဲဒါလေးကိုတွေးတွေးမိနေတာ
ကျွန်တော်တော့ လူကောင်းတွေမဆိုးကြပါစေနဲ့လို့ ဆုအမြဲတောင်းဖြစ်တယ်

အစ်မရဲ့ အိမ်သော့မခတ်ပဲစမ်းတဲ့အချိန်လက်တို့ ဟီး ကားဌားပြီး အကုန်လာသယ်မလို့လေ


မောင်ဘကြိုင်
သော့ပြင်သည်း)

မောင်ကောင်း said...

ကြိုက်၏။

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်