Tuesday, August 30, 2011

ဘလော့ဂ်နေ့ ဆုမွန်ကောင်း

၂၀၀၉ခု နှစ်စအထိ ဘလော့ဂ်ဆိုတာ၊ ဘလော့ဂ်ဂါဆိုတာ ဘာမှန်းမသိသေး၊ ခုထိလည်း မှုန်ဝါးဝါးနဲ့ သူများဘလော့ဂ်နေ့ဆိုတာနဲ့ လိုက်ဘလော့ဂ်နေ့နေတဲ့သူကို ချစ်ကြည်အေးလို့ ဆိုရင် မမှားပေဘူး။ တကယ်...။ ၂၀၀၉အစပိုင်းလောက်မှာ သူငယ်ချင်းသက်ဝေရဲ့ ကောင်းမှုကြောင့် ဖေ့စ်ဘုတ် စသုံးဖြစ် တာက စခဲ့တယ်။ ရည်ရွယ်ချက်က သိတ်ကြီးတယ်။ Pet Societyဆိုတဲ့ ဂိမ်းလေးထဲက အကောင်လေးတွေ မွေးပြီး ကစားကြည့်ချင်လို့။ အဲဒီနောက် ယာစိုက်၊ ငါးမွေး၊ ကော်ဖီဆိုင်ဖွင့်နဲ့ ဂိမ်းအစွဲကြီးစွဲရာက အိမ်နီးချင်း၊ ယာနီးချင်း၊ ဆိုင်နီးချင်းတွေ တိုးပွားလာပြီး ဖဘမှာလည်း ကစားဖော်မိတ်ဆွေတွေ တိုးလာခဲ့ပါရော။

အဲလိုနဲ့ပဲ ဖဘမှာ တစ်ချို့သောသူတွေရဲ့ စတေးတပ်စ်တွေဖတ်ပြီး ရယ်ရတာကိုကြိုက်တဲ့ ကျွန်မက သူတို့နဲ့ မိတ်ဆွေဖွဲ့ဖြစ်ခဲ့တယ်။ ခင်မင်စရာကောင်းတယ်။ ဖဘမှာ တခွိခွိ တခွစ်ခွစ်နဲ့ သူတို့က ရယ်ကြ၊ ပြောကြနဲ့ ရယ်။ အမယ်...ငှင်းငှင်းတို့၊ ညှင်းညှင်းညှင်းတို့၊ ငှဲလျောင်း ငှဲလျောင်းတို့တောင်ပါသေးတယ်။ အာမေဒိတ်တွေကလည်း အဆန်းတကြယ် ((ဟမ်))တို့၊ ငှင် !! တို့၊ အလို!!!...တို့၊ အို...စုံတကာစိ ပါပေတယ်။ ကျွန်မမှာဖြင့် ဟိုကြည့် ဒီကြည့် ဟိုရယ် ဒီရယ်နဲ့။ ဒီလူတွေ အတော်တော့ ရယ်စရာ ကောင်းသားလို့ ထင်ခဲ့မိတာ။ နောက်မှသိရတာက ထိုထိုသော အနှီပုဂ္ဂိုလ်တို့သည် ဘလော့ဂ်ဂါများ ဖြစ်ကြကုန်၏ တဲ့။ အလို... ဖြစ်ရလေ၊ ရယ်ရလွန်းလို့ ရင်တုန်ပန်းတုန် ရှိလှပါတော့တယ် အသင် ဘလော့ဂ်ဂါ....။

အင်းးးဟုတ်ပါပြီ၊ ဒါဖြင့် ကိုယ်ရော ဘလောဂ့်ဂါလုပ်လို့ရလားဆိုတော့ ရတယ် တဲ့။ ဒါနဲ့ပဲ သူငယ်ချင်း အကောင်းစားလေးသက်ဝေရဲ့ ချောက်တွန်းမှုနဲ့ ဘလော့ဂ်လေးတစ်ခု လူလူသူသူ ပိုင်လာခဲ့ တယ်။ အေးအေးနေ နေတာ ကြည့်မရရင် ဘလောဂ့်တစ်ခုသာ ဖွင့်ပေးလိုက်လို့ ဆိုရိုးတွေတောင် ပြင်ရတော့ မလိုလို။ အဲဒီမှာ မှတ်မိလို့ ပြောပြချင်သေးတယ်။ သက်ဝေက မေးတယ်။ နင်က ဘယ်လို စာမျိုးတွေ ရေးမှာ လဲ တဲ့။ “ငါက ဟာသတွေရေးချင်တာဟ”၊ ကျွန်မ မဆိုင်းမတွ ပြန်ဖြေခဲ့တာ သတိရနေသေးတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၂က ကိုကြီးကျောက်နဲ့ ပြောဖြစ်ခဲ့တာလေး အမှတ်တရ ဖတ်ကြည့်ကြပါဦး။ ကိုကြီးကျောက်က ကျွန်မအမျိုးသားကို စာရေးဖို့ ခိုင်းခဲ့တာပါ။

10:28 AM maungnaipe: သူ့လဲစာရေးခိုင်း..တော်တော်ရီရမယ်
 me: not his hobby,  he likes to read news only
10:29 AM maungnaipe: အင်း..ဒါတော့ မတတ်နိုင်ဘူး
 me: but he gives me some ideas about funny funny stuffs
 maungnaipe: ဟုတ်မယ်..
 me: yeah,  but being a woman got limit to write
10:30 AM cant write so openly like you :(
  some jokes
  u agree ?
10:31 AM maungnaipe: အင်းဒါတော့ဟုတ်တယ်..ကိုကြီးကျောက်တို့သာလက်လွယ်စပယ်တွေရေးပစ်တာ..မိန်းကလေးအနေနဲ့ကြ ရေးဖို့မလွယ်ဘူး
 me: even now, some say , I am a bit kind of, ahh...how do i put in words???
 maungnaipe: တခါတလေ ကိုယ်ရေးတာ သိတ်လွန်သွားသလားလို့တောင်စိုးရိမ်မိတယ်
 10:33 AM me: u know right,  I write about all funny funny ones
  ur writing is OK ko gyi,  people love u:)
 maungnaipe: ဟုတ်တယ်..ညည်းစာတွေက ပုံမှန်အမျိုးသမီတွေ ရေးလေ့ရေးထရှိတဲ့ လမ်းကြောင်း မျိုးတော့ မဟုတ်ဘူး

ကျွန်မ ဘလော့ဂ်ရေးစ အရှိန်လေးရလာတဲ့အခါ ကော်မန့်မှာ၊ စီဘောက်မှာ ဘာတွေ ရေးနေ တာလဲတို့၊ ပေါတာမကြီး၊ ပေါရဲလိုက်တာ တို့ အဲသလိုတွေ အရေးခံခဲ့ရဖူးတာ။ ကိုကြီးကျောက်ကတော့ ကျွန်မကို အားပေးခဲ့ရှာပါတယ်။ ကျွန်မကိုက ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးလေးတွေပဲ ရေးချင်ခဲ့တာ။ စဉ်းစားကြည့်ပါ။ အင်မတန် စိတ်ဖိအားများနေတဲ့ ပတ်ဝန်းကျင်မှာ လူတွေဟာ ဖြေလျှော့ပစ်လိုက်ဖို့ လိုလာတယ် မဟုတ်လား။ စာဖတ်ပြီး အနည်းဆုံး ပြုံးမိတယ်ဆိုရင်ပဲ နည်းသလား။ ဒီတော့ သူ့နည်း သူ့ဟန်နဲ့ ကိုယ်တွေ့ဟာသလေးတွေ ရေးနေတဲ့ ဘလောဂ့်လေးတွေကို ကျွန်မ နှစ်သက်မိတယ်။ ဒါဟာ ဖြေဖျော်မှု တစ်ခုလို့ ကျွန်မ ယူဆပါတယ်။

စာလေး စာခန့်တွေ၊ စာကောင်း စာသန့်တွေ ရေးနေကြသူတွေ၊ စိတ်ဓါတ်ခွန်အားဖြည့် စာလေးတွေ ရေးနေကြသူတွေ၊ ရသ သုတရေးနေကြသူတွေ၊ ချက်နည်းပြုတ်နည်းရေးနေကြသူတွေ အများကြီးပါပဲ။ ကျွန်မအတွက်တော့ ဘယ်စာမဆို တစ်ခုခု ယူတတ်ရင် ရတာပဲလို့ ယုံကြည်တဲ့အတွက် အားထုတ်ရေးသား နေကြတဲ့ ဘလော့ဂါတိုင်းကို လေးစားချစ်ခင်စိတ် ဖြစ်ရပါတယ်။

စကားစပ်မိလို့ ပြောရဦးမယ်။ မကြာသေးပါဘူး။ မဂ္ဂဇင်းတစ်ခုကို ဘလော့ဂ်မှာ ရေးဖူးတဲ့ ဆောင်းပါးတစ်ပုဒ် လှမ်းပို့လိုက်ပါတယ်။ အွန်လိုင်းမှာ တစ်ရက်တွေ့တာနဲ့ ရွေး/ပယ် မေးကြည့်တဲ့အခါ ပယ်ပါတယ်တဲ့၊ ကျွန်မအရေးအသားက တစ်မျိုး၊ ဖတ်ကောင်းပေမဲ့ မာဆတ်ဆတ်နဲ့မို့ ပယ်လိုက်ပါတယ် တဲ့။ အို...ကျွန်မ ဝမ်းသာမိပုံများ၊ ဟုတ်တယ်...ကျွန်မရေးဟန်က စကားပြောများတယ်။ အပြင်မှာ စကားပြောရင်လည်း ဆတ်တောက်တောက်နဲ့ ဟိုရောက်ဒီရောက် ပြောတတ်တာမျိုး။  မြန်မြန် ရေပက်မဝင်လည်း ပြောတတ် တယ်။ ဒီတော့ ရေးဟန်ကို သွားလွှမ်းနေတတ်တာ။ ဝတ္ထုတိုရေးရင်သာ ဇာတ်ကောင်စရိုက် ဖမ်းရေးရင်း ချစ်ကြည်အေး ပျောက်သွားတတ်ပေမဲ့ ဆောင်းပါးတွေရေးရင်တော့ “ချစ်ကြည်အေးလေ” မိနေတော့တာ။

တခါတလေ မာဆတ်ဆတ်ကို သတိထားမိလို့ Tone ချပြီး ရေးမိ ပြောမိတဲ့အခါ အချိုလွန်သွားပြီး ဟန်လုပ်နေ ရသလို၊ အပေါ်ယံလို ခံစားရတတ်လို့။ အင်းးး မာဆတ်ဆတ်အတိုင်းပဲ ကောင်းပါတယ်လို့ စဉ်းစားမိပြန်တယ်။ ဘာပဲဖြစ်ဖြစ် အခုလို သိလိုက်ရတာဟာ ကိုယ်သတိမထားမိတဲ့ ကိုယ့်ရဲ့ရေးဟန်ကို ထောက်ပြလိုက်တာမို့ ဝမ်းသာရပါတယ်လို့ ပြောခဲ့တာ။

အားလုံးလိုပါပဲ၊ ဘလော့ဂ်ရဲ့ အစမှာ အစားမဖြောင့်၊ အအိပ်မဖြောင့် ရူးသွပ်ခဲ့တယ်။ ဟိုဘလော့ဂ်လည်၊ ဒီဘလော့ဂ်လည် ကော်မန့်ရေး မိတ်ဆွေဖွဲ့နဲ့ ကူးစက်တတ်တဲ့ ရောဂါတစ်ခုကို အများနည်းတူ ခံစားခဲ့ ရတာရယ်။ ဒါကိုပဲ ပျော်လို့။ ဒါပေမဲ့ ခုတစ်လော ကျွန်မရဲ့ ကျန်းမာရေးအရရော၊ ဘလော့ဂ်ရဲ့ သဘာဝ ဂငယ်ကွေ့ကို တက်နေရတဲ့အခိုက်မို့ရော အရင်ကလို စိတ်သွားတိုင်း ကိုယ်မပါ ဖြစ်နေခဲ့တယ်။ 

အဲ...နောက်တစ်ခုက အိုင်ဖုန်းကြောင့် စာတွေကို ဖုန်းထဲကနေပဲ အဖတ်များလာတာ၊ နောက်ဆုံးတစ်ခုက အိမ်ကလူကြီးနဲ့ ကွန်ပြူတာလုနေရတာကြောင့်လို့ပဲ ဆိုရပါတော့မယ်။ သူက တီဗီက CNA သတင်းလည်း အလွတ်မပေး၊ သတင်းမီဒီယာ ဝက်ဘ်ဆိုက်တွေလည်း အလွတ်မပေးတဲ့ သတင်းသရဲ။ ဟော...လာပြီ၊ ချစ်ကြည်အေးတို့ ပြောရင်းဆိုရင်း ကြော်ငြာဝင်ချလာပုံ...:)

အင်းးး ကျန်းမာရေးဆိုလို့ ပြောရရင် ကျွန်မက ငယ်ကတည်းက သွေးထဲမှာ ရှိရမဲ့ သွေးနီဥ (ဟေမိုဂလိုဘင်) ပါဝင်မှုနှူန်းနဲနေတဲ့ ရောဂါပါ။ ကြည့်ရင်တော့ လူက အလတ်ကြီးရယ်။ ဒါပေမဲ့ ဘာမှ မလုပ်ခင်ကို လူက ပင်ပန်းနေပြီ၊ အဲသလိုမျိုး။ ခုပဲ ရှော့ပင်းထွက်တာ အကောင်း၊ အိမ်ပြန်ရောက်တော့ နေလို့မကောင်း ဆိုတာမျိုး။ ဟုတ်တယ်။ မသိရင် မူယာမာယာများနေသလိုပဲ။ တကယ်က စိတ်ဆောင်နေလို့သာ။ ဆေးဝါး အစားအစာ၊ အအိပ်အနေ ဂရုစိုက်နေလိုက်ရတာ။ ပြီးခဲ့တဲ့ ၂ပတ်က သွေးအဖြေရတော့မှ စိတ်အေးရတယ်။ အားလုံး back to normal ပဲ။ ဒါပေမဲ့ မာဂျင်နယ်လေး၊ နဲနဲလေး ပုံမှန်ရှိရမဲ့ ပမာဏထက် ၀.၂ လောက်ပိုပြီး ကပ်သီဝင်သွားတာ။  ဖိုက်စတားအဆင့်က ပြုတ်သွားတယ် ဆိုပါတော့။ အရင်ကဆို သွေးစစ်လိုက်တိုင်း ပုံမှန်ရှိမနေတဲ့ ဒေတာတွေဘေးမှာ ကြယ်ပွင့်လေးတွေနဲ့ ပြထားတတ်တာကိုး။ အနည်းဆုံး  ကြယ်ငါးလုံး ရှိခဲ့ရာကနေ ခု ဇီးရိုးမို့ ပျော်သွားတယ် ဆိုရမယ်။

ရေးရင်းနဲ့ ချော်သွားပြီ ထင်ပါရဲ့။ ရေးချင်တာက ဘလော့ဂ်နဲ့ ပတ်သက်ရင် အရင်ကလို စိတ်လိုက်မာန်ပါတွေ လုပ်မရတော့ဘူးလို့ ပြောပြချင်တာ။

ဘလော့ဂ်ရေးခဲ့တာ လာမဲ့ နိုဝင်ဘာမှာ ၂နှစ်ပြည့်ပါမယ်။ ရေးခဲ့တဲ့တလျှောက်မှာ ရလာတဲ့ စာရေးသူ မိတ်ဆွေ၊ စာဖတ်သူမိတ်ဆွေတွေလည်း အများကြီးရခဲ့ပါရဲ့။ စာရေးတဲ့နေရာမှာလည်း ခံစားရသလို ရေးခဲ့တာမို့ လိုင်းတစ်ခု သီးသန့်ရှိမနေဘဲ အစုံရေးခဲ့တာပါပဲ။ အသေအချာ ပြောနိုင်တာက ကျွန်မ ဘယ်သူ တစ်ဦးတစ်ယောက်အပေါ်ကိုမှ ထိခိုက်နစ်နာလိုစိတ်နဲ့ ရေးဖွဲ့ခြင်း မရှိခဲ့တာပါပဲ။ 

နောက်တစ်ခုက ကော်မန့်ကိစ္စပါ။ ဖတ်ပြီးလို့ မန့်ခဲ့သည်ဖြစ်စေ၊ အချိန်မရလို့ မမန့်ခဲ့သည်ဖြစ်စေ ကျွန်မ နားလည်ပါတယ်။ ကျွန်မကိုယ်တိုင် ဖတ်ရတာကို နှစ်ခြိုက်နေတဲ့အတွက် လာဖတ်ကြတာကိုပဲ ကျေးဇူး တင်ပါတယ်။ ခင်မင်ရင်းနှီးစွာ အချိန်ပေးပြီး ပြောဆိုရေးသားခဲ့တဲ့ ကော်မန့်တွေအတွက်လည်း  ကျေးဇူး တင်ပါတယ်။ ကျွန်မ အချိန်အားရရင် ရသလို  ကော်မန့်တွေကို ပြန်လှန်ရေးသားလေ့ရှိပါတယ်။ ရေးရ တာ ပျော်လို့ပါပဲ။

ဖြတ်သန်းခဲ့တဲ့တစ်လျှောက်မှာ ချစ်သူခင်သူတွေ ရှိခဲ့သလို၊ မနှစ်သက်သူ မုန်းသူတွေလည်း ရှိနိုင်ကောင်း သလို၊ မချစ်မမုန်းတွေလည်း ရှိမှာပါပဲ။ ဘလော့ဂ်ရေးစကနေ ခုချိန်ထိ ကျွန်မအပေါ် ဖေးဖေးမမ မေတ္တာ ရင်းစွဲနဲ့ ခင်မင်ခဲ့ကြသူများအားလုံးအပေါ် ကျွန်မ ကျေးဇူးတင်ပါတယ်။ အားလုံးပဲ စိတ္တသုခ၊ ကာယသုခ နဲ့ ပြည့်စုံကြပါစေ၊ ဆန္ဒရှိသလောက် ဘလော့ဂ်ရေးနိုင်ကြပါစေလို့ ၃၁ရက် ဩဂတ်စ်မှာ ကျရောက်မဲ့ ဘလော့ဂ်နေ့အမှတ်တရ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။

ဒီတက်ဂ်ပို့စ်အတွက် မိတ်ဆွေကြီး ကိုအောင် (ပျူနိုင်ငံ)ကို ကျေးဇူးအထူးပါ...:)

"Happy Blog Day"

CHEERS !!!


Friday, August 26, 2011

အခမ်းနားဆုံးသော သက်ရှိကဗျာသို့

ဧ ရာ ဝ တီ....
ကြည်ကြည်လင်လင် ပီပီသသ
လှပတဲ့ မြစ်တစ်စင်း
သွေးချင်းတို့အပိုင်
ငါတို့နိုင်ငံရဲ့ ရတနာ
မြစ်နှစ်ဖြာရဲ့ ရင်နှစ်....။

ဧရာဝတီ... ဧရာဝတီငဲ့...
လူသားတွေအပေါ်  သင်တာဝန်ကျေခဲ့သမျှ
သင့်အလှည့်ကျကာမှ
မကြားဝံ့ မနာသာ
နားနဲ့မနာ  ဖဝါးနဲ့လည်းမနာ
ရင်ဘတ်တစ်ခုလုံးနဲ့ နာ...
ဧရာဝတီ  မျက်ရည်ကျရှာတယ်.....။


အငြင်းပွားမနေကြနဲ့
အချင်းများမနေကြနဲ့တော့
တစ်သားတည်း တစ်ညီတူ
ဧရာဝတီကို ကူကယ်ကြဖို့
ငါတို့ရဲ့ မေတ္တာဆေးမြီးတိုနဲ့
စွမ်းသလောက် ဖေးမ
ခမ်းနားလှပတဲ့ ရာဇဝင်များရဲ့ ပိုင်ရှင်ကို...။

ဧရာဝတီ... ဧရာဝတီရယ်...
အားမပျော့ပါနဲ့
အားမလျှော့လိုက်ပါနဲ့...
သင့်ရဲ့ သေဆုံးခြင်းဟာ  ငါတို့ရဲ့ သေဆုံးခြင်းသာဖြစ်တယ်
ငါတို့အားလုံး...
ငါတို့တစ်တွေအားလုံး
ချစ်မြတ်နိုးခြင်း  စာနာခြင်းများစွာနဲ့
သင့်အတွက်  သင့်ဘက်မှာ
ထာဝရ ကမ္ဘာတည်သရွေ့ဆိုတာ...
ဧရာဝတီ ကြားသိစေ...

ဧရာဝတီ ကြား သိ စေ...။




Photo Source:unknown၊ အလင်းစက်များ ဘလော့ဂ်မှ ယူသုံးပါသည်။ ပိုင်ရှင်ပေါ်ပါက credit ထည့်ပေးမည် ဖြစ်ပါကြောင်း

Tuesday, August 23, 2011

အမှောင်ဘက်ခြမ်းထဲက မှော်ဝင်လောင်းရိပ်

စာအုပ်အမည် - အမှောင်ဘက်ခြမ်း - The Dark Side (သို့) သူခိုးစာအုပ်

စာစီ ပုံထည့် နေရာချ စာပြင်သူ - ခိုင်စိုးလင်း

အတွင်းပုံများကို ရေးခြစ်သူ - မလေးမေ

စာပေအမှတ်တံဆိပ်ပုံဖေါ်ပေးသူ - ကိုရဲ

စာမူခွင့်ပြုချက်အမှတ် - ၁၀၉ / ၁၁၀ -၃၈၀- ၂၀၁၁ 


ထုတ်ဝေသူ -မျက်နှာဖုံးစာပေ

ပါဝင်ရေးသားကြသူများ - ဟန်သစ်ငြိမ်၊ ဟယ်ရီလွင်၊ နေမြဲ၊ တင်ထွန်းမြိုင် ၊ မိုးလှိုင်ည၊ နေဦး ၊ လင်းဒီပ ၊ ညိုမင်းခ၊ ကိုမျိုး ၊ ကြည်သက်ဟန်၊ မှိုင်း (ဆေး -၂)၊ သြမြိုင် ၊ နန်းညီ၊ ဇာတိ၊
သက်ဝေ၊ တေလေ၊ ပန်ဒိုရာ ၊ ကျော်ညိုသွေး ၊ ခိုင်စိုးလင်း နှင့် ချစ်ကြည်အေး
 
ရေးဖော်မိတ်ဆွေများ၏ လက်ရာကို ဤနေရာ တွင် Download ချ ဖတ်ရှုနိုင်ပြီ…။ 




မြိုင်သည် မှန်ကို နောက်ဆုံးအကြိမ်အဖြစ် ကြည့်လိုက်ပြန်သည်။ ခဏလေး..၊ နှုတ်ခမ်းကလေး မြိုင့် နှုတ်ခမ်းကလေး နဲနဲများရဲလွန်းနေသလား ထင်မိသည်။ အို...ဘာဖြစ်လဲ၊ ဒီလိုပဲ၊ ဒီပုံစံပဲ မဟုတ်လား။ အများသူငါအလယ်မှာ ထင်းထင်းကြီး ပေါ်လွင်ထင်ရှားနေရမည့်အလှ။ မြိုင် မျက်လုံးကလေး လက်ကနဲနေအောင် မှန်ထဲကို ပြုံးကြည့်မိပြန်သည်။ တစ်ဆက်တည်းပင် လက်မှ နာရီကိုကြည့် လိုက်မိသည်။ မြိုင် မသွားချင်သေး။ "သူမ" ဆိုလျင် အနည်းဆုံး နာရီဝက်ခန့် နောက်ကျပြီးမှ ပွဲတက်တတ်သူ။ ဝတ်ထားသော ဂါဝန်အနက်ကလေးကို ဆွဲဆန့်ရင်း မတ်တတ် ထရပ်မိပြန်သည်။ စိတ်တို့က ဂနာမငြိမ်ချင်။ ကားမောင်းချိန် ၄၅မိနစ်ခန့်လည်း ထည့်တွက်ရဦးမည်။ ရေအေးအေးလေး တစ်ငုံလောက် သောက်ချလိုက်၍ စိတ်လည်း အနည်းငယ် အေးသွားသလိုလိုရှိသည်။ ရပြီ၊ မြိုင် လေပူကလေး တစ်ချက် မှုတ်ထုတ်၊ လေ ကလေးတစ်ချက် ချွန်၍ အချစ်တော် ခွေးကလေး ဝိုင်းတုန်ကို နှုတ်ဆက်ပြီး ကားမောင်းထွက်ခဲ့တော့သည်။

မြိုင်သည် သူ့ကိုယ်သူ "သူမ"ဟု အထင်ရောက်နေသည်။ "သူမ" ဆိုတာက ဘက်စ်ဆဲလားစာရေးဆရာ စင်သီယာချို၏ ဝတ္ထုဇာတ်ကောင် နာမည်။ စင်သီယာချို၏ "သူမ" အခန်းဆက်ဝတ္ထုရှည်မှာ တီဗီ ဇာတ်လမ်းတွဲအဖြစ် ရိုက်ကူး၍ တစ်လတိုင်တိုင် ရုပ်မြင်သံကြားမှလွှင့်ရာ လူအများ နေ့စဉ် စောင့်မျှော် ကြည့်ရှုရသည်အထိ အောင်မြင်မှုရခဲ့သည့် ဇာတ်လမ်းဖြစ်သည်။ ဝတ္ထုထဲက “သူမ”က မာနခဲ၊ ခက်ထန်၍ ပြိုင်ဆိုင်မှုများ၌ အနိုင်ရလိုစိတ် ပြင်းထန်သူ၊ ပြတ်သား၍ အစွန်းရောက်လွန်းသူ၊ ခေါင်းမာ၍ မာဘိုရို မန်းသော (Marlboro Menthol) စီးကရက်ကို နှုတ်ခမ်းဖျား၌ လှလှပပလေး တေ့၍ သောက်တတ်သူ။ သည်မျှမကသေး၊ “သူမ” ရယ်လိုက်လျင် နှုတ်ခမ်းဖျားလေး ကော့တက်သွားရုံ၊ သွားမပေါ်စေဘဲ၊ အသံတဟင်းဟင်း မထွက်စေဘဲ မျက်ဝန်းများကို ညှို့၍သာ ရယ်တတ်သူတည်း။ မြိုင်တစ်ယောက် သည်လို ရယ်တတ်ဖို့ မှန်ရှေ့မှာ အတော်ကျင့်ယူခဲ့ရပါသည်။

“သူမ”သည် ထမီကို တရွတ်တိုက်၍ တစောင်းဆွဲဝတ်သည်။ မြိုင်သည်လည်း “သူမ”စတိုင်လ်ကိုခိုး၍ ထမီတစောင်းဆွဲ ဝတ်သည်။ “သူမ”က ပုံဆန်းဆန်း ကြိုးသိုင်းဖိနပ်အပါးကလေးတွေကို မြေကြီးပေါ် တရှပ်ရှပ်နှင့် တိုက်၍ စီးသည်။ မြိုင်သည်လည်း ကြိုးသိုင်းဖိနပ်ရောင်စုံလေးတွေနှင့် မြေကြီးရှပ်တိုက် စီးလေတော့သည်။ မြိုင်၏ အဖျားတညီတည်းသော ဆံပင်ရှည်ကြီးကို သရီးစတက်ပ်ညှပ်၍ ကောက်ပြီး ရှေ့ ဆံပင်တွေကို ဆာမူရိုင်းပုံ နဖူးပေါ်တိတိချထားသည်မှာလည်း “သူမ”၏ စတိုင်လ်ပင် ဖြစ်သည်။ “သူမ”က မျက်တောင်တု အမြဲတပ်သည်။ မြိုင်သည်လည်း အိပ်ချိန်မှလွဲ၍ မျက်တောင်တုပါးပါးလေး အမြဲ တပ်ထား သည်။ “သူမ”လိုပင် မျက်နှာပြောင်လေးနှင့် ဘာမှ မလိမ်းမချယ်သော်လည်း နှုတ်ခမ်းငုံဖူးကလေး ကိုမူ ရဲရဲနီအောင် နှုတ်ခမ်းဆိုးဆေး တင်ထားတတ်သည်။

“သူမ”သည် မြိုင့်အပေါ် ဤမျှထိ လွှမ်းမိုးထားသည်။ မြိုင်မှာကား “သူမ”၏ ပုံ၊ “သူမ”၏ ဟန်၊ “သူမ”၏ စတိုင်လ်များအတိုင်း ပျော်ပျော်ကြီး အတုခိုး၍ နေတော့သည်။ တစ်ချို့ ယောက်ျားလေးများက “သူမနဲ့ အပြင်မှာ တွေ့ရတာ ဝမ်းသာတယ်ဗျာ” ဟု မိတ်ဆက်ပေးစဉ်မှာ ဆိုလာခဲ့လျင်မူ မြိုင်တစ်ယောက် နှုတ်ခမ်း ဖျားလေးများ ကော့တက်နေအောင် ကြေကြေနပ်နပ်ကြီး ပြုံးမိတတ်တော့သည်။

@@@~~~~~~~@@@~~~~~~~@@@
ကစ်ကစ်တို့ခြံထဲ မြိုင့်ကား ချိုးအဝင်မှာ ခြံတံခါးဖွင့်ထားပါလျက် ဟွန်းနှစ်ချက် ဆင့်တီးလိုက်သေးသည်။ “သူမ”လိုပင် ကားပါ့ကင်ကို အတည့်ဝင်မနေဘဲ ဂရုမထားဟန် ခပ်စောင်းစောင်း ထိုးချင်သလို ထိုးရပ်သည်။ ကားရပ်သော် ထင်သည့်အတိုင်းပင် အားလုံး၏ အကြည့်များကား ကားပေါ်မှထွက်ကျလာမည့် မြိုင့်ခြေထောက်ကလေးအပေါ် စိတ်ဝင်တစား ရှိနှင့်နေကြပြီ။ မြိုင်သည် တမင် မဆင်းသေးဘဲ ကစ်ကစ်အားပေးမည့် လက်ဆောင်ထုတ်ပေါ်မှ ဖဲကြိုးလေးကို အချိန်ဆွဲ၍ ပြန်ချည်နေလိုက်သေးသည်။ ပြီးမှ မျက်နှာထားတည်တည်၊ နှုတ်ခမ်းကလေးတင်းတင်းစေ့ကာ ရင်ကလေးချီချီနှင့် ကားပေါ်မှ ဆင်းလျှောက်သည်။ ဘယ်သူ့ကိုမှ မကြည့်ဘဲ ကစ်ကစ်ဆီတန်းသွားကာ ပါးကလေးပေါ် မွေးနေ့အနမ်းပေး၍ လက်ဆောင်ထုတ်ကလေး ပေးလိုက်လေသည်။ ဘယ်ကိုမှ မကြည့်သော်လည်းပဲ မြိုင်သေချာလှသည်၊ အားလုံး၏ အကြည့်တို့ မြိုင့်အပေါ်မှာဆိုတာ မြိုင်က ကြေးကြီးကြီးနှင့်ပင် လောင်းလိုက်ချင်သေးသည်။

စားစရာအတွက် အသားကင်နေသော ဘာဘီကျူးဖိုကလေးဘက် လှမ်းမျှော်ကြည့်ရင်း မျက်လုံးထောင့်စွန်းမှ ရဲရဲကို မသိမသာရှာမိသည်။ မြိုင့်တွက်ကိန်း မမှားပါ။ ရဲရဲဆိုသည့် ရဲစွေးက ဂရေ့စ်တို့ မိန်းကလေး အုပ်စုကြားမှာ။ စိတ်ထဲ အနည်းငယ် တင်းချင်သလိုလိုပေမဲ့ မြိုင့်ကို ဒီလိုမျိုးချိုး၍ မရပါ။ “သူမ”ဆိုလျင် ခပ်ပြုံးပြုံးကလေးနှင့် ဟန်ဆောင်ချိုမြနေဦးမှာ။ မြိုင် မျက်နှာကလေးကို ဘာမှမဖြစ်သလို အကြည်သာဆုံး ထားရင်း စားစရာတစ်ချို့ ပန်းကန်ထဲ ပုံထည့်ကာ ရဲရဲတို့အုပ်စုကို ကျောပေးထားသော ခုံမှာထိုင်စားရင်း စတိတ်ခ်ျပေါ်က စန္ဒယား တေးသွားကိုသာ နားစွင့်ထားလိုက်တော့သည်။

မြိုင်နှင့်ရဲရဲက ငယ်သူငယ်ချင်းတွေ။ ရဲရဲ မိဘတွေက ချမ်းသာသည်။ ငယ်စဉ်က ပိုးဟပ်ဖြူလို ကောင်ကလေး သည် ကြီးပြင်းလာသောအခါ ကိုရီးယားမင်းသားတွေလို ဖြူနုကာ၊ မျက်နှာသွယ်သွယ်၊ နှုတ်ခမ်းရဲရဲနှင့် မိန်းမချော ချောသူကလေး ဖြစ်လာသည်။ ရဲရဲအနားမှာ မိန်းကလေးတွေ ဝိုင်းလေ၊ မြိုင်က ရဲရဲကို မုန်းမိလေ ဖြစ်သည်။ မြိုင် သည်လို ယောက်ျားမျိုးကို မကြိုက်ပါ။ "သူမ"သည်လည်း သည်လိုယောက်ျားမျိုးကို ရွေးမှ မရွေးချယ်ခဲ့သည်ပဲ။  ယောက်ျားဆို အရပ်မားမား၊ အသားညိုညို၊ ခိုင်ကျည်သော မေးရိုးနှင့် သမာသမတ်ကျကျ အပေါ်အောက်မျှတသော နှုတ်ခမ်းပြည့်ပြည့်တို့ ရှိရမည်။ ငွေကြေးချမ်းသာခြင်းသည် အပြစ် မဟုတ်သော်လည်း သူဋ္ဌေးသားမဖြစ်စေရ။ ကိုယ်စွမ်းကိုယ်စနှင့် ကြီးပွားသူကိုသာ "သူမ"က အထင်ကြီးလေးစားသလို မြိုင်သည်လည်း အတူတူပင်။ ရဲရဲကို မြိုင် သည်နေ့အထိ အထင်ကြီး လေးစား၍ မရပါ။

ပြီးတော့ ရဲရဲ အားနာတတ်လွန်းသည်ကိုလည်း မြိုင်မကြိုက်ပါ။ ခုပင် မြိုင်ရောက်လာတာ သိလျက်နှင့် ဂရေ့စ်တို့နားမှ မခွာ၊ အားနာနာနှင့် ဆက်ထိုင်နေသေးသည်။ ဂရေ့စ် ရဲရဲကို ကြွေနေတာ တစ်လောကလုံး အသိ။ ဘယ်လိုနည်းနှင့်ရရ၊ ရအောင်ယူမယ်ဟု ကြွေးကြော်ထားသူ ဖြစ်၍ မြိုင့်ကိုလည်း အမျိုးမျိုးပြိုင်ဆိုင်နေ တတ်သူပင်။ ဂရေ့စ်မှာ ရွက်ကြမ်းရည်ကြိုရုပ်ကလေး ဖြစ်သော်လည်း အသားအရည် ဖြူစင်ဝင်းပ၍ ဝတ်သမျှအသွေးအဆင်နှင့် လိုက်ဖက်သူကလေး ဖြစ်သည်။ ထို့ပြင် ခေတ်မီတိုးတက်သော အလှပြင်ပစ္စည်း ကိရိယာများကြောင့် ရွက်ကြမ်းရည်ကြိုကလေးမှ ပပဝတီဖြစ်အောင် ပြင်ဆင်တတ်သူလည်း ဖြစ်သေးသည်။

ရဲရဲသည် ငယ်စဉ်ကပင် မြိုင့်အနွံအတာခံကာ အရာရာ မြိုင့်သဘောကျဖြစ်စေလျက် မကြာခင်ကမှ မြိုင့်ကို ချစ်ခွင့်တောင်းထားသူလည်း ဖြစ်သည်။ ဒီနေ့ ရဲရဲကို အဖြေပေးမည်ဟု မြိုင် ပြောထားခဲ့သည်။ မြိုင်ကတော့ ရဲရဲအပေါ် ချစ်နေသလား စဉ်းတောင် မစဉ်းစားမိပါ။ အချိန်တန်လျင် မာမီတို့ သဘောတူသော သမားတော်ကြီး ဦးဇော်သီဟနှင့် လက်ထပ်ရမည်။ ဒါပဲ မြိုင်သိသည်။ နောက်တစ်ခု မြိုင်သိတာ ရှိသေးသည်။ ဂရေ့စ်ကို အနိုင်ရလိုသည်။ ဂရေ့စ် အသည်းအသန် ကြွေနေသောရဲရဲကို မြိုင် ပစ်ပစ်ခါခါ ငြင်းလိုက်ခြင်း သည် ဂရေ့စ်အပေါ် အပြတ်အသတ် အနိုင်ယူခြင်းပင်။ ဒူးထောက် တောင်းပန်ချင် တောင်းပန်မည်ဖြစ်သော ရဲရဲကို ဂရေစ့်ရှေ့မှာ " ရဲရဲ နင့်ကို ငါ ဘယ်တော့မှ ချစ်မှာ မဟုတ်ဘူး"ဟု စိမ်းစိမ်းပြတ်ပြတ် ပြောပစ် လိုက်မည်။ အတွေးနှင့် မြိုင့်မျက်နှာလေး လက်ကနဲ ပြုံးလိုက်မိသလိုတောင် ထင်မိသည်။ "သူမ"ဆိုလျင် လည်း သည်နေရာမှာ ပြုံးမိမှာပဲ ဖြစ်သည်။

ခဏကြာတော့ ရဲရဲက မြိုင့်ဘေးကခုံကို ဆွဲယူကာ လာဝင်ထိုင်သည်။ ရဲရဲထံမှ အရက်နံ့ကြောင့် မြိုင် နှာခေါင်းရှုံ့မိသည်။ ဘယ်အချိန်ထဲက သောက်ထားကြသည် မသိ၊ ရဲရဲ အတော်မူးနေပုံ ရသည်။ မြိုင် နဲနဲလန့်လာသည်။ ရဲရဲ တစ်ခါမှ သည်လောက်ထိ ယောက်ျားမဆန်စဖူး။ မြိုင့်မျက်နှာကို ခပ်တည်တည်ပင် မျက်လုံးများထဲထိကြည့်၍ စကားပြောလာသည်။  ရဲရဲထံမှ အကြည့်ရဲရဲတစ်ချို့နှင့် "သိတ်ချစ်တယ် မြိုင်ရယ်" ဟူသောစကားအကြားမှာ ရုတ်တရက် မြိုင့် တစ်ကိုယ်လုံး ဖျင်းကနဲ နွေးသွားသလိုလို၊ နုညံ့သော အကြင်နာ စိတ်ကလေး ဖျတ်ကနဲ ရင်ထဲ ရောက်လာသလိုလို။ အို ဒါ ရဲရဲပင်ကိုယ်စိတ် မဟုတ်ဘူး၊ အရက်ကြောင့် သွေးကြွနေတာဟူသော အတွေး၌ မြိုင့် အမုန်းတို့ အုံကြွလာခဲ့ပြီ။

မြိုင် ဝုန်းကနဲ ထရပ်လိုက်သည်။ ဒေါသကြောင့် ကျယ်လောင်သွားသောအသံသည် အားလုံး၏ အကြည့်များ အား မြိုင်တို့စားပွဲသို့ ရောက်လာစေသည်။ “ရဲရဲ ငါ နင့်ကို ဘယ်တော့မှ မချစ်ဘူး” ပြောပြီး မြိုင် လှည့် အထွက်၊ ကားပေါ်တက်ပြီး မောင်းထွက်လိုက်ဖို့ပဲ ဖြစ်သည်။ သို့သော် မထင်မှတ်စွာပင် ရဲရဲက မြိုင့်ကို လက်လှမ်းဆွဲကာ ရင်ခွင်ထဲ ဆွဲသွင်းလိုက်တော့သည်။ မျှော်လင့်မထား၍ မြိုင်တစ်ယောက် ရဲရဲ ရင်ခွင်ထဲ ကြက်သေသေကာ မရုန်းနိုင်။ သတိပြန်ဝင် လာသော် တင်းတင်းဖက်ထားသော ရဲရဲကို ပါးတစ်ချက် ခပ်ကြမ်းကြမ်း ရိုက်လိုက်မိရက်သား ဖြစ်လေသည်။ ရဲရဲသည် ခုံ နေရာမှာပင် ခေါင်းငိုက်စိုက်ချကာ မြိုင့်အား ဖက်ထားသောလက်တို့ကို ဖြေလျှော့ပေးလိုက်လေသည်။  ဖြူနုသော ရဲရဲပါးပြင်မှာ မြိုင့်လက်ဝါးရာနှင့် အရှက်တို့ရောလျက် ချင်းချင်းနီလေ၏။
 @@@~~~~~~~@@@~~~~~~~@@@
စိတ်ကို အတန်တန်ထိန်း၍ ကားမောင်းနေရင်းမှ ပါးပြင်ပေါ်သို့ မျက်ရည်များ ပေါက်ပေါက်ကျ လာသည်။ ဘာဖြစ်လို့ပါလိမ့်၊ မြိုင် နားမလည်ပါ။ "သူမ"ဆိုရင် သည်လိုမျိုး ငိုမှာ မဟုတ်။ မဟုတ်သေးပါဘူး၊ မြိုင် ငိုတာမှ မဟုတ်တာဘဲ။ မျက်ရည်တို့ အလိုလို စီးကျခြင်းသာ။ မြိုင် ကြိုးစား၍ ပြုံးသည်။ ဂရေစ့်ကို နိုင်ခဲ့ပြီပဲ။ "သူမ" ကြေနပ်မှာပါ။ မြိုင်က မြိုင်မှ မဟုတ်တာ။ မြိုင်၌ မြိုင့်စိတ်၊ မြိုင့်ကိုယ်ဟူ၍ မရှိတော့။ အားလုံး “သူမ”စိတ်၊ “သူမ”ကိုယ်ပင်။
အစစ အရာရာ “သူမ”မျက်လုံး၊ “သူမ”အပြုံး၊ “သူမ”စတိုင်လ်တို့အား ရူးရူးမူးမူး အတုခိုးခဲ့သော မြိုင့်အတွက် ပြန်လည်ပေးဆပ်လိုက်ရသော ကြေးကဖြင့် ကြီးမြင့်လွန်းလှပါသည်။ ယခုတော့ မြိုင့်နှလုံးသားကိုပင် မြိုင် မပိုင်တော့။ မြိုင့်နှလုံးသားသည် “သူမ”၏နှလုံးသား ဖြစ်၍ နေခဲ့ပြီ။
နည်းနည်းကလေးမှ မရိပ်မိ၊ မသိရှိခင်မှာပင် ချစ်တတ်သော မြိုင့်နှလုံးသားတို့ကို “သူမ”က သိမ်းနှုတ် ခိုးယူသွားခဲ့ပြီ ဖြစ်သည်။




Monday, August 22, 2011

ချစ်သော ပုဂံမြေ-၃

ပြီးခဲ့တဲ့ပိုစ့်မှာတော့ ခေါင်းကြီးပိုင်းထက် အချပ်ပိုက ပိုစွံ၊ ပိုလူကြိုက်များသွားတယ်။ ဒီတစ်ခေါက် ကျွန်မက ဓါတ်ပုံ ရိုက်မထားလိုက်မိလို့ပါ။ အဆင်ပြေရင် မြီးရှည်လုပ်နည်းလေး တင်ပေးပါဦးမယ်။

သရပါနဲ့ ပျဉ်ပြားမင်းဇာတ်လမ်းက မပြီးသေးဘူး။ ဖြိုးက စီဘောက်မှာ ဒီလို ရေးခဲ့တယ်။

"ဒေါက်တာသန်းထွန်းပြောခဲ့တာတော့ သရပါ တံခါးဟာအရင်က ယူဆခဲ့သလို ပျဉ်ပြားမင်းလက်ထက် မှာဆောက်ခဲ့တာမဟုတ်ပါဘူးတဲ့ သက်တမ်းစစ်တဲ့ နည်းနဲ့ ထပ်စစ်ကြည့်တဲ့အခါ ပုဂံမင်းဆက်ပျက်ခါနီး အချိန်လောက်မှာ တည်ဆောက်ခဲ့တာလို့ ပြောပါတယ်"...တဲ့။

ကျွန်မ ဒီတစ်ခေါက်ဝယ်လာတဲ့ ပုဂံစာအုပ်ပါးလေး ၂အုပ်ထဲမှာတော့ ပျဉ်ပြားမင်းတည်ခဲ့တာလို့ပဲ အခိုင်အမာ ဆိုထားပါတယ်။ ဒါနဲ့ ပထမဆုံး ပုဂံရောက်တုန်းက ဝယ်ထားတဲ့ ခပ်ထူထူစာအုပ်ကို ကောက်လှန်ရပါတော့ တယ်။ စာအုပ်နာမည်က "သမိုင်းကပြောသောပုဂံ၊ ပုဂံကပြောသော သမိုင်း"၊ ရေးသူက ဒေါက်တာ သက်လွင်ပါ။ စာအုပ်က ထူထူထဲထဲမို့ အေးဆေးမှ ဖတ်တာပေါ့ဆိုပြီး ဝယ်လာပြီးကတည်းက စာအုပ် စင်ပေါ်မှာ ပါမင့်နင့်ရက်ဆီးဒန့် ပေးထားခဲ့တာ ကြာလှပေါ့။ အခုမှ ဖုန်သုတ်ပြီး ပြန်ဖတ်ရပါတယ်။ တကယ်ဆို ပျဉ်ပြားမင်းခေတ်တုန်းက ချစ်ကြည်အေးလည်းမရှိ၊ ဖြိုးလည်းမရှိဘူးကိုး။ ဒါ့ကြောင့် ပုဂံကို အခေါက်ခေါက် အခါခါသွား၊ အပင်ပန်း အဆင်းရဲခံပြီး ပြုစုရေးသားခဲ့တဲ့ သုတေသီတွေကို ကျွန်မက သိတ်ကျေးဇူး တင်မိ တယ်။ သူတို့ကြောင့် သိချင်တာလေးရှိ၊ စာအုပ်လေးထဲ ကောက်ဖတ်ရုံပဲ။ (ဒါတောင်မှ ကာလာမသုတ်အရဆိုရင်တော့ ကိုယ်တွေ့မှ ယုံနိုင်ရမဲ့ သဘောမဟုတ်လား)

အဲဒီမှာ ပုဂံရာဇဝင်ကို မကြေညက်တဲ့ ကျွန်မအတွက် အသစ် အသစ်သော သိစရာလေးတွေ သိလာရတော့ တာ။

ဆရာဒေါက်တာသက်လွင်ရဲ့စာအုပ်ထဲမှာတော့ ဒီလိုရေးသားထားပါတယ်။

"တမ္မဝတီဦးဝင်းမောင်၏ အဆိုအရ ယခုသရပါတံခါးသည် မူရင်းနေရာမဟုတ်၊ ကြောင်းဖြူမင်းလက်ထက် က အသစ် တည်ဆောက်ခဲ့ဟန်တူသည်" လို့ ဖတ်ရတယ်။

ကြောင်းဖြူမင်းဆိုတာက ကွမ်းဆော် ကြောင်းဖြူမင်း (၉၆၄-၉၈၆)၊ သူက ၃၉ဆက်မြောက် ပုဂံမင်းဆက်ပေါ့။ ဆက်နွယ်နေပုံက ဒီလို။ ပျဉ်ပြားမင်း (၈၄၆-၈၇၈) ပြီးတော့ သူ့ရဲ့သား တန်နက်မင်း (၈၇၈-၉၀၆) က ထီးနန်းဆက်ခံတယ်။ ထုံးစံအရဆိုရင်တော့ တန်နက်မင်းရဲ့သား ကွမ်းဆော်ကြောင်းဖြူမင်းက ထီးနန်းဆက်ခံရမှာ ဖြစ်ပေမဲ့ စလေငခွေးက လုပ်ကြံသတ်ဖြတ်ပြီး ထီးနန်းလုခြင်းကို ခံခဲ့ရသတဲ့။

အဲဒီစလေငခွေးမင်းပြီးတော့ သူ့ရဲ့သား သိန်းခိုမင်း(၉၁၅-၉၃၁) ထီးနန်းတက်ခဲ့ပြီး တောထဲအသွား သခွားသီး ခွင့်မတောင်းဘဲ ဆွတ်စားမိလို့ သခွားခင်းရှင်က သံတူရွင်းနဲ့ ရိုက်သတ်လို့ သေရသတဲ့။ ခုခေတ်လိုပါပဲ၊ အခင်းဖြစ်ပွားပြီးမှ သိန်းခိုမင်းရဲ့ မြင်းထိန်း ရောက်သွားပြီး သခွားခင်းရှင်ကို ငါ့အရှင်ကို ဘာကြောင့်သတ်ရသလဲ ဘာညာပေါ့လေ။ တိုတိုပြောရရင် မင်းကိုသတ်နိုင်တဲ့လူက မင်းအဖြစ်ဆက်ခံရတဲ့ ထုံးစံကြောင့် သခွားခင်းရှင်က တောင်သူကြီးမင်း (ညောင်ဦးစောရဟန်းမင်း)အဖြစ်နဲ့  ထီးနန်းကို မရည်ရွယ် ပါဘဲ ဆက်ခံခဲ့တော့တာ။

အဲဒီ့နောက်မှာမှ တန်နက်မင်း လုပ်ကြံခံရလို့ ထွက်ပြေးတိမ်းရှောင်စဉ် တန်နက်မင်းရဲ့ မိဘုရားက မွေးဖွား ခဲ့တဲ့ သားတော်ဟာ ကွမ်းဆော်ကြောင်းဖြူမင်းအဖြစ် ထီးနန်း ဆက်ခံရတာ။ ဘုရင့်သွေးအစစ်လက်ထဲ ထီးနန်းပြန်ရောက်ခဲ့တယ် ဆိုပါတော့။ ပုဂံရာဇဝင်မှာ ထီးနန်းလုပြီး စံစားလို့ နန်းဆက်ပြတ်သွားတဲ့ ကိစ္စတွေက အများသားရယ်။ 

ကွမ်းဆော်ကြောင်းဖြူမင်းဆိုတာက တစ်ခြားလူဟုတ်ရိုးလား။ ပထမမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ခဲ့ တဲ့ အနော်ရထာမင်းစောရဲ့ ဖခင်ပါပဲ။ ပိုရှင်းသွားအောင် အောက်က ဘုရင်အစဉ်အဆက်ပြဇယားလေးကို ကြည့်ပါ။


မင်းဆက်အမည် နန်းစံနှစ် မှတ်ချက်
ပျဉ်ပြားမင်း ၈၄၆-၈၇၈ သရပါတံခါး ၁၂ရပ် တည်ဆောက်သူ
တန်နက်မင်း ၈၇၈-၉၀၆ ပျဉ်ပြားမင်း၏ သားတော်
စလေငခွေးမင်း ၉၀၆-၉၁၅ တန်နက်မင်းအား လုပ်ကြံ၍ ထီးနန်းလုယူ စိုးစံသူ
သိန်းခိုမင်း ၉၁၅-၉၃၁ စလေငခွေးမင်း၏ သား
တောင်သူကြီးမင်း (ညောင်ဦးစောရဟန်းမင်း) ၉၃၁-၉၆၄ သခွားသီးခွင့်မတောင်းဘဲ စားမိသောသိန်းခိုမင်းအား တူရွင်းဖြင့် ရိုက်သတ်ကာ ဘုရင်ဖြစ်လာသူ
ကွမ်းဆော်ကြောင်းဖြူမင်း ၉၆၄-၉၈၆ တန်နက်မင်း၏ သားတော်





ဒီနေရာမှာ တွေးစရာရှိတာက တမ္မဝတီဦးဝင်းမောင်၏ အဆိုအရ ကြောင်းဖြူမင်းလက်ထက်က အသစ် တည်ဆောက်ခဲ့ဟန်တူသည်ဆိုတော့ကာ အဘိုးဖြစ်သူ ပျဉ်ပြားမင်းရဲ့ သရပါကို မြေးဖြစ်သူ ကွမ်းဆော်ကြောင်းဖြူမင်းက ဆက်လက်တည်ဆောက်ခဲ့တာမို့ သဘာဝကျတယ်လို့ လက်ခံမိတယ်။ တစ်ခါ ဖြိုးရေးသွားတဲ့ ဆရာဒေါက်တာသန်းထွန်းစာအရ ပုဂံမင်းဆက်ပျက်ကာနီးအချိန်လောက်မှာ ဆိုတဲ့အတွက် သက်တမ်းကိုပြန်ကြည့်မိရပြန်ပါတယ်။

ပုဂံမင်းဆက် ၅၅ဆက်အနက် ကွမ်းဆော်ကြောင်းဖြူက ၃၉ဆက်မြောက်မင်းပါ။ နောက်ဆုံး မင်းဆက်ဖြစ် တဲ့ စောမွန်နစ်မင်းက (၁၃၂၅-၁၃၆၉) ဆိုတော့ကာ ကြောင်းဖြူမင်းနန်းတက်နှစ် (၉၆၄-၉၈၆)နဲ့ နှစ်ပေါင်း ၃၈၀လောက် ကွာနေပါတယ်။ ဒါပေမဲ့ ဒါကိုပဲ ပုဂံခေတ်နှောင်းလို့ ယူဆရမယ် ထင်ပါတယ်။ ဒါကြောင့်လည်း ပုဂံရာဇဝင်ကို တုတ်ထမ်းငြင်းလို့ ဆိုကြတာ ဖြစ်မယ်။ ဘာပဲပြောပြော သရပါရဲ့ ပိုင်အိုးနီးယားကတော့ ပျဉ်ပြားမင်းဆိုတာ သေချာပါတယ်။





ပုဂံမှာ စားခဲ့တဲ့ နေ့လည်စာနဲ့ ရိုက်ဖြစ်ခဲ့တဲ့ ပုံတစ်ချို့ပါ...




အဲလို သောက်ကြပါ၊ အငွေ့တွေ နောက်လူဆီ သိတ်မရောက်ဘူး၊ စတိုင်လ်လည်းမိုက်၊ ငွေကုန်လည်း သက်သာ...





Sunday, August 14, 2011

ချစ်သော ပုဂံမြေ-၂

ကိုင်း မျက်လုံးထောင့်စွန်းက မျက်ရည်တွေကို တစ်ရှူးစလေးနဲ့ အသာတို့သုတ်ပြီး ဟီးချငိုခဲ့ရတာကိုရပ်လို့ ပုဂံခရီးကို ဆက်ပါမယ်။ ခုတလော ဟီးချငိုတာတွေ ခေတ်စားနေတယ်...ညှင်း ညှင်း ညှင်း...

ပြီးခဲ့တဲ့ ပိုစ့်မှာ တင်ခဲ့တဲ့ ပုဂံနေအထွက်ပုံကို ရိုက်အပြီး ဟိုတယ်ကိုပြန်ပြီး မနက်စာစားပါတယ်။ ကျွန်မတို့သွားခဲ့တဲ့အချိန်က ပုဂံဧည့်ရာသီကျော်ခဲ့ပြီဆိုတော့ ဟိုတယ်မှာလည်း ဧည့်ရှင်းနေတဲ့အတွက် ထင်ပါရဲ့၊ မနက်စာကို ညဘက်ကတည်းကို ကြိုတင်မှာကြားထားပြီး သူတို့မီနူးထဲက ကြိုက်ရာ ရွေးချယ် ခွင့်ပေးပါတယ်။ ကျွန်မက သူတို့မီနူးထဲမှာ မပါတဲ့ မုန့်ဟင်းခါးစားချင်တယ်ဆိုတော့ ဟိုတယ်ဝန်ထမ်းက အနီးအနား ရတဲ့ဆီကဝယ်ပြီး ရအောင်စီစဉ်ပေးထားရှာပါတယ်။ မုန့်ဟင်းခါးက ပဲအနှစ်များများနဲ့ ပုဂံစတိုင်လ်ချက်ထားတာမို့ စားဖူးနေကျ ရန်ကုန်မုန့်ဟင်းခါးနဲ့ မတူဘဲ အရသာတစ်မျိုးလေး ထူးနေပါတယ်။

မနက်စာစားပြီးလို့ ဟိုတယ်လော်ဘီထဲအရောက်မှာ ကျွန်မတို့ရဲ့ ဧည့်လမ်းညွှန်ကြီးကို တွေ့လိုက်ရပါတယ်။ အရပ်ခပ်ပျပ်ပျပ်၊ အသားညိုညို၊ ကိုယ်လုံးကိုယ်ထည်ပြည့်ပြည့်နဲ့ ပုဆိုးတိုတို၊ လွယ်အိတ်တစ်လုံးလွယ်၊ ကွမ်းဝါးထားတဲ့ အာခေါင်နီနဲ့ သူ့ကိုတွေ့လိုက်ရချိန်မှာ ကျွန်မစိတ်ထဲ အင်မတန်မှ နှစ်လိုခင်မင်ဖွယ် အကိုကြီးတစ်ယောက်ကို တွေ့လိုက်ရသလိုပါ။ စကားတစ်ခွန်း နှစ်ခွန်း ပြောမိကြတဲ့အခါ သူဟာ မြင်းကပါရွာသား ပုဂံသားစစ်စစ်ကြီး ဖြစ်တဲ့အကြောင်း သိလိုက်ရပါတယ်။

ပထမဦးဆုံး ကျွန်မတို့ကို ခေါ်ဆောင်သွားခဲ့တာက ဖွားစောရွာ သစ်မထီးကျောင်းတိုက်အနီးမှာရှိတဲ့ ဓမ္မရာဇိကစေတီကိုပါ။ ၁၁၉၇ခုနှစ် (တချို့စာအုပ်အညွှန်းအရ ၁၁၉၈ခုနှစ်)မှာ နရပတိစည်သူမင်း တည်ခဲ့တာ ဖြစ်ပါတယ်။ များသောအားဖြင့် ပုဂံစေတီပုထိုးတော်တွေမှာ အာရုံခံမုဒ်ဦး လေးဘက်လေးတန် ရှိပေမဲ့ ဓမ္မရာဇိကစေတီမှာတော့ ငါးမျက်နှာမှာ မုဒ်ဦးငါးခုရှိပါတယ်။ ကျွန်မတို့ ဘဒ္ဒကမ္ဘာမှာ ပွင့်တော်မူခဲ့ပြီးသော ဘုရားလေးဆူနဲ့ နောင်ပွင့်မဲ့ အရိမတ္တေယျဘုရားတို့ကို ရည်မှတ်ပြီး ကြေးဆင်းတုငါးဆူ စံပါယ်ဖို့အတွက် မုဒ်ဦး ငါးခုတည်ဆောက်ခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီအတွက် ပန္နက်အောက်ခြေကိုက စတုရန်းပုံမဟုတ်ဘဲ ငါးမြှောင့်ပုံ ပန္နက်ချထားတာ တွေ့ရပါတယ်။





ပစ္စယာတစ်ဆင့်ချင်းမှာ ရေဆင်းပေါက်တွေကို (ဘယ်လိုခေါ်တယ် ကျွန်မမသိပါ) ဒီလို ကွန်ကရစ်တွေ နဲ့ ပြန်ပြင်ထားတာ တွေ့ရပါတယ်...



ပြောရဦးမယ်၊ တွေ့ခဲ့တာ၊ ကြားခဲ့တာလေး။ ဘယ်စာအုပ်ထဲမှာမှ မရှိဘူး ရှာမကြည့်နဲ့။ ပြောပြမယ်၊ တိုးတိုးလေး...။ ဗိုလ်ချုပ်ကြီးတစ်ယောက် တန်ခိုးထွားစဉ်ကတဲ့ကွယ်...  သူ မှာယူ သွန်းလောင်း ထားတဲ့ ကြေးဆင်းတုတော် တစ်ဆူကို ပုဂံလာပြီး လှူသွားသတဲ့။ အဲဒီအထိ ကျွန်မ သာဓု  နှစ်ကြိမ်ခေါ် မိပါတယ်။ သူက အာရုံခံမုဒ်ဦးထဲရှိနေတဲ့ ရှေးဘုရားကို ပလ္လင်ပေါ်က ဘေးကိုချ၊ သူ့ဆင်းတုတော်ကို ပလ္လင်ပေါ် တင်သတဲ့ကွဲ့။ မကြာပါဘူး သူလည်း ရာထူးကပြုတ်လို့ ပလ္လင်အောက်ကျရရှာသတဲ့။ ကိုင်း ပုံပြင်ကလေးကတော့ ဒါပါပဲကွယ်။ သတိပြု မှတ်သားရမဲ့ အချက်ကတော့ ရှေးဘုရား တို့မည်သည် မူလတည်ခဲ့သူက သစ္စာတွေ၊ ကျိန်စာတွေနဲ့ တည်ထားခဲ့ကြတာမို့  ပြောင်းချင် ရွှေ့ချင်၊ ပြင်ချင်တိုင်း ပြင်လို့ မရတဲ့ အချက်ပါပဲ။


နောက်တစ်ခု ပြောပြချင်တာက သရပါတံခါးပါ။ သရပါဆိုတာ " မြားကို ဆီးကာသော တံခါး"လို့ အဓိပ္ပါယ် ရပါတယ်။  ပုဂံရဲ့ ကျုံးမြို့ရိုး လေးမျက်နှာပါတ်လည်မှာ တံခါး ၁၂ရပ်တည်ထားခဲ့တဲ့အနက် သရပါဟာ အရှေ့မျက်နှာ အလယ်ဗဟိုတံခါးဖြစ်ပါတယ်။ ခုတော့ ဒီတံခါးပေါက်တစ်ခုပဲ ထင်ရှားကျန်ရစ်ပါတယ်။ ၈၄၉ ခုနှစ်မှာ ပုဂံရဲ့ ၃၉ဆက်မြောက် ပျဉ်ပြားမင်း တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ တံခါးရဲ့ ဘေး တစ်ဖက်တစ်ချက်မှာတော့ မဟာဂီရိ နတ်မောင်နှမကို အစောင့်အရှောက်အဖြစ် တွေ့နိုင်ပါတယ်။




အချပ်ပို
မနက်စာ ဆီထမင်း 

 
ဒါက ဒီနေ့ အိမ်ကလူ သွေးတောင်းလို့ လုပ်စားဖြစ်တဲ့ မန္တလေး မြီးရှည်ပါ။ စားကြပါဦးလား....


ဝက်ရိုးဟင်းချိုလေးနဲ့ ဝက်ခေါက်ကြော်လေးနဲ့ တွဲစားပါတယ်...


အိမ်ကလူကြီးကတော့ မျက်လုံးလေးသာ မှိတ်ပြီး စားရင် မန္တလေး-ဗထူးကွင်းရှေ့က မြီးရှည် စားနေရသလို ပါပဲ တဲ့... ဟင်း ဟင်း :)))




Monday, August 8, 2011

ချစ်သော ပုဂံမြေ-၁

ခရီးသွားလိုက်ကြပါဦးစို့။ ဒီတစ်ခေါက် ခရီးသွားပိုစ့်က အရင်ခရီးတွေလို နေ့အလိုက် မတင်ဘဲ ခရီး အပိုင်းလိုက်ကလေးတွေ ဖြတ်ဖြတ်တင်နေတာမို့ ဟိုရောက် ဒီရောက်၊ ဒီကြားထဲ ကျွန်မက ဖီလင်လာရာလေးတွေ လိုက်ရေးနေတာမို့ ကြားထဲမှာ အတော်လေးခြား ခြားသွားလို့ ဘုရားဖူးကားကို ပြန်ပြန်ပြီး စက်နှိုးနေရတာ။ ခုလည်းပဲ နံပါတ်တစ်ဂီယာနဲ့ အသာလေး စလှိမ့်ရတော့မှာပါပဲ။ ကဲ ကဲ ပုဂံဘုရားဖူးလိုက်မဲ့သူများ ကားပေါ်တက်ကြ ပါ။ နေရာမလုကြပါနဲ့၊ ကိုယ့်ခုံကိုယ်ထိုင်ကြပါ။ ကားစထွက်ပါပြီ။ ဟော... ရောက်ပါပြီ။ ကားပေါ်က ပြန်ဆင်းကြပါ။ (ဟင်း  သိတ်မြန်တာပဲ...)

ကျွန်မတို့ အင်းထဲကနေ မနက်စာစားအပြီး ၇နာရီခွဲလောက်မှာ ထွက်ခဲ့ကြတယ်။ ဟဲဟိုးလေဆိပ်မှာ ခရီးသွားဖော်၊ ဓါတ်ပုံရိုက်ဖက် ရဲဘော်ကြီးတစ်ယောက်ကို ဝင်ချထားခဲ့ရသေးတယ်။ သူက မလေးရှားကို ပြန်ရမှာ၊  တရုတ်နှစ်ကူး မိသားစုပေါင်းစည်းညစာအတွက် ထိုင်ဝမ်က သူ့သားမိသားစု မလေးရှားလာကြမှာမို့ အမှီပြန်သွားရတာပါ။ သူ့နာမည်က မစ်စတာကိုး-Mr. Koh တဲ့။ အသက်၆၀နားနီးပေမဲ့ ကျွန်မတို့ထက် အပုံကြီး ဖျတ်လတ်သွက်လက်တယ်။ ကျွန်မတို့  မနက်စာစားချိန်ဆို သူက မနက်အစောပိုင်း ဓါတ်ပုံတစ်ခေါက် ထွက်ရိုက်ပြီးသား ဖြစ်နေပြီ။ ဓါတ်ပုံရိုက်တာကိုလည်း အင်မတန် ဝါသနာပါတဲ့သူ။ သွားကြတဲ့ ၇ယောက်မှာ ကျွန်မအပါအဝင် ၃ယောက်က ဓါတ်ပုံသမား။ ၂ယောက်က ဆေးလိပ်သမား။ ကျွန်မအမျိုးသားနဲ့ မန္တလေးက သူ့သူငယ်ချင်းပဲ ဘယ်အုပ်စုထဲမှ ဝင်မရတာ။

လမ်းမှာ ကျောက်ပန်းတောင်းရောက်တော့ လဘက်ရည်သောက် ခဏနားကြတယ်။ နိုင်ငံခြားသားတွေနဲ့မို့ အင်္ဂလိပ် လိုပဲ ပြောနေခဲ့ကြလို့နဲ့ တူပါရဲ့၊ ငွေရှင်းကာနီးမှာ အထဲကနေ လှမ်းအော်သံကြားရတယ်။ " ဟေ့ကောင် အားလုံး သုံးထောင်ကျတယ် တောင်းလိုက်" တဲ့။ လူ၆ယောက် လဘက်ရည် ၅ခွက်ဟာ တခွက်ကို ၂၀၀ကျပ်နဲ့ တွက်ဦးတော့ တစ်ထောင့်နှစ်ရာပဲ ကျသင့်ရမှာ မဟုတ်လား။ စိတ်မကောင်းပေမဲ့ ဪ...ဒေသခံတွေဟာ နိုင်ငံခြားသားတွေအပေါ် လှီးချင် ရိတ်ချင်တဲ့ စိတ်ဟာ  နိုင်ငံတိုင်းမှာရှိပါလား၊ အဲဒီထဲမှာ တို့ ရီပါ့ပလစ် မြန်မာနိုင်ငံတော်သစ်ကြီးလည်း ပါဝင်သည် လို့ တွေးမိရုံကလွဲလို့ ပြောမနေခဲ့တော့ပါဘူး။ သတ္တဝါအပေါင်း ကျန်းမာ ချမ်းသာကြပါစေ။

တစ်ခွက် ၅၀၀ကျပ်တန် ကျောက်ပန်းတောင်း လဘက်ရည်လေး သောက်သွားကြပါဦးလား...


တကယ်က ဆရာလယ်တွင်းသား စောချစ်ပြောပြတဲ့ လှတောသားအကြောင်းထဲက ချိုစိမ့် အီပျစ် ခွေလဲ ကျောက်ပန်းတောင်း ဆိုတာကို အမှတ်ရတာနဲ့ အချိုဒီဂရီကို စမ်းကြည့်ချင်လို့ သောက်ခဲ့တာ။ သောက်အပြီးမှာတော့ ကျွန်မက နောက်မှာ နတ်ရင်ကြပ် ဆိုတဲ့ ဝေါဟာရတစ်ခုတောင် ထပ်ဖြည့်လိုက်ချင်သေး။ တကယ်...နတ်တောင် ရင်ကြပ်မဲ့ လဘက်ရည်။ ကြုံရင် သောက်ကြည့်ခဲ့ကြပေါ့။ အဲ မြန်မာမှတ်ပုံတင်လေးတော့ ပြလိုက်...။

ကျွန်မတို့ ဓါတ်ပုံသမား ၃ယောက်က မဲမဲမြင် ရိုက်ချင်နေကြတာဆိုတော့ တောတွေ့လည်း ကားရပ်ခိုင်း၊ တောင်တွေ့လည်း ကားရပ်ခိုင်း၊ နေကြာခင်းတွေ တွေ့လည်း  ကားရပ်ခိုင်းနဲ့ ခရီးက တယ် ရှေ့မရောက်ချင်လှဘူးပေါ့။ ဆေးလိပ်သမား ၂ယောက်ကလည်း ကားရပ်မှ နီကိုတင်းတွေ အဆုတ်ထဲ ရှိုက်ကြရတာမို့ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေကို ဖြစ်နေတော့တာ။


သစ်လုံးလို့ ခေါ်တယ်...


သာစည်ကို အဖြတ်မှာ အငြိမ့်မင်းသမီးကြီး လေဘာတီမမြရင်ကို သတိရလို့ သူ့မြို့လေးကို ချစ်တဲ့စိတ်နဲ့ ရိုက်ခဲ့တာ...


ရွာဆော်ကြီးဖြစ်တဲ့ ကျွန်မ အမျိုးသားကပဲ ကားပေါ်ပြန်တက်ကြ သွားကြစို့ ဆိုတဲ့စကားကို တွင်တွင်ပြောနေခဲ့ရတယ်။ ဒါတောင် ပုဂံရောက်ချိန်က ည ၇နာရီခွဲဆိုတော့ ကျွန်မတို့ စတင်ခံစားခဲ့ရတဲ့ ပုဂံဟာ တကယ့်ကို မှောင်နဲ့ မဲမဲရယ်။ ကျွန်မတို့တည်းခဲ့တဲ့ ဟိုတယ်က ပုဂံမြို့သစ်ဘက်က ကုမုဒြာမှာပါ။ အခန်းသော့တွေ ရပြီး၊ ရေမိုးချိုးပြီးလို့ ညစာစားဖို့ ဟိုတယ်စားသောက်ဆိုင်မှာ ပြန်ဆုံကြတော့ ည ၉နာရီရှိနေပြီ။ အားလုံးလည်း ဆာလွန်းလှပြီ။ နောက်တစ်နေ့မနက် ပုဂံဘုရားဖူးအတွက် ဧည့်လမ်းညွှန်စီစဉ်တော့ last minute ဖြစ်နေပေမဲ့ အဲမန္တလေးက အဆင်ပြေအောင် စီစဉ်ပေးရှာပါတယ်။ ညစာစားပြီးလို့ အခန်းပြန်အရောက်မှာတော့ တနေ့လုံး ကားစီးခဲ့ရတဲ့ ဒဏ်ကြောင့်ရော၊ မနက်စောစော ပုဂံရဲ့ နေအထွက်ကို ဓါတ်ပုံရိုက်ချင်တာကြောင့်ရော စောစောပဲ အိပ်ယာဝင်ဖြစ်ခဲ့တယ်။

မနက်အစောထရမှာ မကြိုက်တဲ့ကျွန်မက ခရီးသွားတဲ့အခါမှာတော့ ဝိရီယရှိသူ ဖြစ်နေပြန်သေးတယ်။

ဒါ ပုဂံရဲ့ အရုဏ်ဦး....။ လွမ်းစရာ မကောင်းဘူးလား...







ပုဂံရောက်တိုင်း စိတ်ကူးနဲ့ ဖြည့်ကြည့်မိတာက အင်မတန်သာယာဝပြောတဲ့ ပုဂံပြည်ကြီးရဲ့ ပုံရိပ်တွေ၊ အသက်ဝင် လှုပ်ရှားနေမှုတွေပါပဲ။ ပုဂံပြည့်ရှင်မင်းများနဲ့တကွ ပုဂံသူ ပုဂံသားတွေ သွားကြလာကြ၊ သီဆို တီးမှုတ် ကခုန်ကြနဲ့ ဘယ်လောက်များ စည်ကားလှပလိုက်မလဲ ဆိုတာ။

မြန်မာရာဇဝင်အရ ပုဂံမင်းဆက်ပေါင်း ၅၅ ဆက်ရှိတယ်ဆိုပေမဲ့ တကယ်တမ်း ပုဂံရာဇဝင်မှာ ခိုင်ခိုင်မာမာ ကဗျည်းထိုးနိုင်ခဲ့တာက အနော်ရထာမင်းလက်ထက် ( အေဒီ ၁၀၄၄-၇၇) ကျမှ စတင်ခဲ့တယ်လို့ ဆိုပါတယ်။ ပုဂံမှာရှိတဲ့ အဆောက်အဦအမျိုးအစားတွေဖြစ်တဲ့ ၁) စေတီ၊ ၂) ဂူဘုရား၊ ၃) အုတ်ကျောင်း၊ ၄) ဥမင်၊ ၅) ပိဋကတ်တိုက်၊ ၆) သိမ် နဲ့ ၇) ပြာသာဒ်ဆိုတာတွေက အနော်ရထာမင်းလက်ထက်မှာ ရှင်အရဟံရဲ့ သာသနာပြုမှုကြောင့် ထေရဝါဒဗုဒ္ဓဘာသာ ထွန်းကား ပြန့်ပွားရာက စခဲ့တာ ဖြစ်ပါသတဲ့။

ဆက်ပါဦးမယ်။ ကျွန်မမှာ ပုဂံအကြောင်းပြောဖို့ အများကြီး ကျန်ပါသေးတယ်။





Wednesday, August 3, 2011

တံခါးများ၊ သော့များ၊ လူဆိုးများနှင့် ကျွန်မတို့ လူ့ပတ်ဝန်းကျင်

ခေါင်းစဉ်ကို အဲသလို ခန့်ခန့်ကြီး တပ်ပစ်လိုက်တယ်။ အနည်းဆုံးတော့ လူရှိန်တာပေါ့...။

တကယ်တော့ ဘာရယ်လည်း မဟုတ်ပါဘူး။ ဘာရယ် မဟုတ်တာများ ဘာလို့ရေးနေတော့မှာတုန်းလို့ အပြော မစောကြပါနဲ့ဦး။ အဲဒီ ဘာရယ် မဟုတ်တာလေးတွေက ထ ထဟုတ်သွားတတ်လွန်းလို့ ။ ကျွန်မတို့ ဘလော့ဂါတွေဆိုတာက အသံမဲ့ စကားပြောနေကြသူတွေ မဟုတ်လား။ ခံစားမိတာ၊ ပြန်ကြားမိတာ၊ တွေ့မိတာ၊ တွေးမိတာ၊ ကြားမိတာ၊ ကျားမိတာ ဒါလေးတွေ ရှိလာတိုင်း ဘာလော့ရွာလေးထဲ မောင်းထု ချပြနေကျဆိုတော့ အချိန်တန်လာရင် လက်တွေက မနေနိုင်ဘူး။ ရင်ခွင်လွှာတာကျိုးသလို ခံစားမိသမျှ မိုးလိုရွာချပြတတ်ကြတာ... (ဟယ်...ကဗျာဆန်ချက်တော် :))

မိတ်ဆွေတစ်ယောက်ရဲ့အိမ်သစ်အတွက် သော့အသစ်လဲတပ်ဖို့ ပြောဖြစ်ကြရင်းက များပြားလှတဲ့ သော့ မျိုးစုံအကြောင်း တွေးမိခဲ့တာလေးပါ။ သော့ခလောက်ကြီးကြီး သေးသေး၊ ထူထူထဲထဲ ခိုင်ခိုင်ခန့်ခန့်က စလို့ လက်ဗွေရာနဲ့မှ ဖွင့်လို့ရတဲ့သော့၊ ကတ်ပြားလေးနဲ့ ထိုးပြီးမှ ဖွင့်လို့ရတဲ့သော့....အို ပုံစံအမျိုးမျိုး၊ တံဆိပ် အမျိုးမျိုးရယ်။ တံခါးမှ နှစ်ထပ်။ ပထမ သံတံခါးရယ်၊ နောက် သစ်သားတံခါးရယ်။ အိမ်မှာ လူရှိနေရင်တော့ များသောအားဖြင့် အိမ်အတွင်းဘက်က သစ်သားတံခါးကို ဖွင့်ပြီး အပြင်သံတံခါးပဲ သော့ခတ်ထားလေ့ ရှိကြတယ်။ လေရော၊ အလင်းရောင်ရဖို့ အတွက်ရောဆိုပါတော့။

အဲဒီကမှ သော့တစ်စုံရဲ့ လိုအပ်ချက်ကို ဆက်တွေးဖြစ်သွားတယ်။ သော့တစ်စုံရဲ့ လုပ်ဆောင်ချက်က ပိတ်ပင်တားဆီးပေးထားတဲ့ သဘော၊ လုံခြုံမှု တစုံတရာပေးနိုင်တဲ့သဘောပဲ မဟုတ်လား။ နဲနဲရှေ့ဆက်တွေးမိပြန်တော့ တံခါးတစ်ချပ်၊ သော့တစ်စုံဟာ ရုပ်ဝတ္ထုပစ္စည်းတွေရဲ့ လုံခြုံမှုအတွက် ပိတ်ဆို့လုံခြုံစေနိုင်တာ။ စဉ်းစားကြည့်မိတော့ ဝမ်းနည်းစရာတောင် ကောင်းနေပါသေးရဲ့။ ယုံကြည်မှု....။ လူတစ်ဦးနဲ့ တစ်ဦးအပေါ် ယုံကြည်မှုတွေဟာ တံခါးတစ်ချပ်၊ သော့တစ်စုံနဲ့ ခပ်ပါးပါးလှီးချခံခဲ့ရပြီလား။

"ဟာ...ဒါဆိုလည်း မချစ်ကြည်အေးတို့အိမ် သော့မခတ်နဲ့ပေါ့" ဆိုလာလို့ကတော့ "လူတွေကို ယုံတယ်ဟေ့" ဆိုပြီး သော့မခတ်ဘဲ စမ်းကြည့်ချင်သား။ လာထားပဲ...ဟိုက နည်းတယ်တောင် ထင်ဦးမယ်။ ရှိသမျှလေး ပါသွားမစိုးလို့ မစမ်းရဲသေးတာ။ ယုံတတ်လွန်းလို့ ခံရပေါင်းကလည်း များပြီ၊ ကျောကြည့် ဒဏ်ရာတွေချည်းပဲ ဆိုတာမျိုး။

တကယ်တော့ တံခါးမရှိ ဓါးမရှိဆိုတဲ့ စကားကို အင်မတန် သဘောကျမိတာ။  ယုံကြည်ခြင်းရဲ့ ပြယုဂ်၊ ရန်ကင်းရှင်းတဲ့ အဓိပ္ပါယ်၊ ဘယ်လောက် အေးချမ်းလိုက်သလဲ။ စကားမစပ် ဘာလီရောက်ခဲ့တုန်းက ဘာလီရွာတစ်ချို့မှာ အိမ်တွေ တံခါးမရှိတာ တွေ့ခဲ့ဖူးတယ်။  မြန်မာပြည်က ရွာတွေတစ်ချို့မှာလည်း အိမ်တွေမှာ တံခါးမရှိကြဘူး။ ဘယ်သူ့အိမ်မှလည်း ပစ္စည်းမပျောက်ကြဘူး။ ဒါဟာ ခိုးချင်လောက်တဲ့ မက်လောက်စရာပစ္စည်း မရှိလို့တော့ မဟုတ်လောက်ဘူး။ သူတို့မှာလည်း သူတို့အထွာနဲ့သူတို့ သင်ဖြူးဖျာတစ်ချပ်ဟာလည်း လိုချင်စရာ ဖြစ်နေနိုင်တာပဲ။ 

"မိမိ၏ ပိုင်ဆိုင်မှုမဟုတ်သော သူတစ်ပါး၏ ပစ္စည်းဥစ္စာ" ဆိုတဲ့ အသိ...။ အဲဒီအသိနဲ့ပဲ သွားနေခဲ့ ကြတာ။ လူတိုင်းမှာ အဲဒီအသိ ရှိနေသ၍ ဘာသော့မှ မလိုဘူး၊ ဘယ်တံခါးမှ မလိုဘူး။ သိတ်သေချာတယ်။

ခုခေတ် မြို့နေလူတန်းစားတွေကျပြန်တော့ ပိုင်ဆိုင်မှုတွေ များပြားလာတယ်။ နည်းပညာအသစ်တွေ တစ်နေ့ထက်တစ်နေ့ ပေါ်လာတာနဲ့အမျှ အသုံးအဆောင်ပစ္စည်းတွေလည်း သူ့ထက်ငါ တိုးတက်ဆန်းပြား လာတော့တာ။ လိုချင်မှုတွေများရာက ပိုင်ဆိုင်မှုတွေတိုးပွားလာသလို၊ ပိုင်ဆိုင်တဲ့ပစ္စည်းတွေအပေါ်မှာလည်း တွယ်တာမှုတွေကလည်း ကြီးမားလို့လာခဲ့တာ။ ဘာသာရေးဘက်က ကြည့်ပြန်တော့ အဲသလို ပိုင်ဆိုင်တဲ့ ပစ္စည်း တစ်ခုတိုးလေ၊ ကိုယ့်အနားမှာ မီးပုံတစ်ပုံ ဖိုမိလေပဲတဲ့။ တောင်မြို့ဆရာတော်ကြီး အရှင် ဇနကာဘိဝံသ ပြောခဲ့တာ။ ဒီတော့ ပိုင်ဆိုင်မှုများလေ၊ မီးပုံများများ ဖိုမိလေ၊ ပိုင်ဆိုင်မှုများလေ၊ လက်လွတ်ဆုံးရှုံးရမှာ စိုးလေပေါ့။ ဟုတ်တယ်။ ည ည အိပ်ကောင်းခြင်းမှ မအိပ်ရတဲ့ သူဌေးတွေ အများကြီး။ ပူလောင်လိုက်တာများ...။

ဒါဖြင့်ရင် ဘာမှ မရှာမဖွေ၊ မစုမဆောင်းရတော့ဘူးတဲ့လား။ ဟိုး ကျောက်ခေတ်တုန်းကလို နေဖို့ ဂူတစ်လုံး၊ စားဖို့ အမဲလိုက်စရာ လက်နက်လေးမြား၊ အုပ်စုအချင်းချင်း တိုက်ခိုက်ဖို့ တင်းပုတ်တစ်ခုရှိရုံနဲ့ ဂေါ်လီ လုပ်လို့ရတဲ့ခေတ် မဟုတ်တော့ဘူး။

အိုင်ပက်-1-2 ၊ အိုင်ဖုန်း 3-4 တဲ့ 5က လာတော့မယ်။ 3D၊ 4Dတဲ့ အမြင်အာရုံတွေများ ဆန်းပြားလိုက် ပုံ၊ နောက် 5D နဲ့ 6Dတွေကျရင် အနံ့ အရသာတောင် ခံစားလို့ ရကြမလားပဲ။ ကြောက်စရာ လွှတ်ကောင်းအောင် တိုးတက်တဲ့ ခေတ်ကြီး။  ဒါက ကမ္ဘာကြီး တစ်ခုလုံးရဲ့ တိုးတက် ပြောင်းလဲမှု ဖြစ်စဉ်တွေပဲ။ လိုက်ပါရွေ့လျားနေရမှာပဲ။ လူသားသဘာဝ နေထိုင်မှု ဘဝမြင့်မားရေး ကို ဦးတည်ကြတာကိုး။ ဒီတော့ လူတန်းစေ့ နေထိုင်နိုင်ဖို့ ရှာရ ဖွေရမှာပဲ။ ဒီလို ဆင်ခြေတက်ချင် တက်နိုင်တယ်။
ဒါက လောကီပဲ ကြည့်ကြသူတွေအတွက်ပေါ့။ ဆရာတော်ကြီးတွေက သံသရာအတွက် ကြည့်ပြောတာ၊ သံသရာမှာ ဖြတ်သန်းကျင်လည်ချိန် တိုတောင်းလေ၊ ကောင်းလေ။ ပိုင်ဆိုင်မှုနဲလေ၊ ဝန်ကျဉ်းလေ၊ စိတ်ချမ်းသာလေ။ ဒါတောင်မှ "သံသရာ...ဆွဲ ဆန့်လို့ ဘယ်လောက်ပင် ရှည် ရှည်" ဆိုကြသူတွေ ရှိသေးတယ်။ ဆရာတော်တွေ ဟောရင်းသာ ပျံလွန်တော်မူမည်ဆိုတာ...တကယ်ပဲ

ဘယ်လောက်ပဲ နည်းပညာတိုးတက်လို့ ရုပ်ဝတ္ထုပစ္စည်းတွေ တိုးတက်လာပါစေ၊ လူတွေရဲ့ စိတ်လုံခြုံမှု ကျဆင်းလာတာကတော့ မငြင်းနိုင်တဲ့အချက်ပဲ။ ပိုင်ဆိုင်မှုတွေ မလျော့ပါးရအောင် တတ်နိုင်သမျှ ကာကွယ်ကြတယ်။ တံခါးတစ်ချပ်၊ သော့တစ်စုံနဲ့ ကိုယ့်လက်ထဲထားရတာ မလုံခြုံသေးဘူးဆိုရင် သူများလက်ထဲ သွားအပ်ထားတတ်ကြသေးတယ်။ ဘဏ်တွေ၊ အာမခံကုမ္ပဏီတွေမှာပေါ့။ ဒါတွေက မမြင်ရတဲ့ တံခါးတွေ၊ သော့တွေပဲ။ ဒါတွေနဲ့ စိတ်လုံခြုံမှုကို ရှာကြတယ်။ 

လောကမှာ လူကောင်း၊ လူဆိုး နှစ်မျိုးပဲ ရှိတယ်။ သမာအာဇီဝကျကျ ရှာဖွေစားသောက်၊ နေထိုင်စုဆောင်း ကြသူတွေကို လူကောင်းလို့ သတ်မှတ်ရင်  ခိုး ဝှက် တိုက်ခိုက် သတ်ဖြတ်သူတွေကို လူဆိုးစာရင်းထဲ သွင်းရမှာပဲ။ လူဆိုးဆိုတဲ့ လူတန်းစားကလည်း ခေတ်အဆက်ဆက်က ရှိလာခဲ့ကြတဲ့ဟာ၊ သူတို့မှမရှိရင် လူဆိုးဖမ်းတဲ့အလုပ် လုပ်သူတွေ ထမင်းငတ်ရုံရှိတာ။ "ကျည်ဆန်တွေဆိုတာ ပြတိုက်မှာ၊ ကမ္ဘာမှာ မလိုတော့ဘူး" ဆိုတဲ့ သီချင်းက နားထောင်ကောင်းရုံပဲ တကယ် လက်တွေ့မကျဘူး။

အကောင်းအဆိုးဒွန်တွဲနေတဲ့ သဘာဝအမှန်တရားအရ လူကောင်း လူဆိုး နှစ်မျိုးလုံး ရှိကို ရှိရမယ်။ လူဆိုးဆိုတာရှိမှလည်း လူကောင်းရဲ့ တန်ဘိုးကို တွက်စစ်နိုင်တာ။ မျဉ်းတစ်ကြောင်း ဘယ်လောက် တိုပါတယ်ဆိုတာကို သူ့ထက်ရှည်တဲ့ မျဉ်းတစ်ကြောင်းနဲ့ ယှဉ်ကြည့်မှ သိသာနိုင်သလိုပါပဲ။ ဇိန်ဇမာနတို့၊ အာဠာဝကဘီလူးတို့၊ နန္ဓောပန္တနဂါးမင်းတို့ ရှိခဲ့လို့လည်း အောင်ခြင်းရှစ်ပါး ရှိခဲ့ရတာ။ သူတို့တွေကြောင့် လည်း မြတ်စွာဘုရားရဲ့ အတုမရှိတဲ့ အနှိုင်းမဲ့ မေတ္တာတော်ကို မီးမောင်းထိုးပြခွင့်ရခဲ့တာ။ "မေတ္တာဓါတ်နဲ့ ဗုဒ္ဓမြတ်စွာ ဆောင်ကျဉ်းခဲ့ အောင်ခြင်း အဋ္ဌမပါ" ဆိုတာလေ... ။

အစကို ပြန်ကောက်ရရင် တံခါးတစ်ချပ်၊ သော့တစ်စုံရဲ့ လိုအပ်ချက်ကြီး အရေးပါလာပုံကြောင့် လူတွေ တစ်ဦးနဲ့တစ်ဦး အယုံအကြည် ကင်းမဲ့ကြကုန်အံ့လို့ ဝမ်းပန်းတနည်းဖြစ်နေရာက အနည်းငယ် နေသာ ထိုင်သာ ရှိလာတယ်။ လူကောင်းကို လူကောင်းမှန်း မသိတာထက် လူဆိုးကို လူဆိုးမှန်း မသိတာဟာ အန္တာရာယ်ပဲ မဟုတ်လား။ လူဆိုးဆိုတာကလည်း နဖူးမှာ ထရိတ်မာ့ခ် မနှိပ်ထားလေတော့ ကြိုတင် ကာကွယ်ခြင်းသည်သာ အကောင်းဆုံးဆိုတဲ့ အဖြေထွက်လာတယ်။

တံခါးတစ်ချပ်၊ သော့တစ်စုံ လိုအပ်လို့သာ ရှိခဲ့တာ။ အင်း...ဒါပေမဲ့ မိမိ၏ ပိုင်ဆိုင်မှုမဟုတ်သော သူတစ်ပါး၏ ပစ္စည်းဥစ္စာ ဆိုတဲ့ အသိ...။ အဲဒီအသိနဲ့ပဲ သွားနေခဲ့ကြတာ။ လူတိုင်းမှာ အဲဒီအသိ ရှိနေသ၍ ဘာသော့မှ မလိုဘူး၊ ဘယ်တံခါးမှ မလိုဘူး။ အဲဒါလေးကို တွေးမိပြန်တော့လည်း တစ်ယောက်တည်း ခေါင်းတယမ်းယမ်း နဲ့ ရှိနေမိပြန်တယ်။ ကျွန်မကပဲ အတွေးတွေ အောက်အော့ဖ်ယူနီဗာ့စ် ဖြစ်နေပြီလားလို့လေ...။