Monday, July 18, 2011

ရာဇဝင်ထဲမှာ "---------------" ကို ထားရစ်ခဲ့...

မီးရထားသံလမ်းတစ်ခုကို ကျွန်မ ဓါတ်ပုံ သွားရိုက်ခဲ့တယ်။ မီးရထားသံလမ်းများ ဘာဆန်းလို့လဲ မေးစရာရှိတာပေါ့။ ကျွန်မ အခု ပြောပြမယ်။ အဲဒီ မီးရထားသံလမ်းရဲ့ ရာဇဝင်ကို....။

အဲဒီရထားလမ်းနဲ့ပတ်သက်လို့ စင်္ကာပူ-မလေးရှားအကြား 
(ဘဘလီကွမ်းယူ လက်ထက်) ၁၉၉၀ကနေစပြီး ညှိနှိုင်းမှုတွေ အကြိမ်ကြိမ် လုပ်ခဲ့လိုက်ကြတာ ဘဘလီသား ဦးဦးလီ (လီရှန်းလုံ) လက်ထက်ကျမှပဲ အဆင်တပြေ ညှိနှိုင်းနိုင်ခဲ့တော့တယ်။ အတိအကျဆိုရရင် ၂၀၁၁ မေလ ၂၄ရက်နေ့က သဘောတူ ညှိနှိုင်းပြီးဆုံးသွားခဲ့ပြီး၊ Tanjong Pagar-တန်ဂျွန်ပါဂါမီးရထားဘူတာရုံမှာ အခုလို ကြော်ငြာကပ်ခဲ့ပါတယ်။ 



Tanjong Pagar-တန်ဂျွန်ပါဂါမီးရထားဘူတာကို ၁၉၃၂-မေလ ၃ရက်နေ့ကျမှ ဖွင့်ခဲ့တာဆိုတော့ အဲဒီမတိုင်ခင်က ရထားစီးခရီးသည်တွေဟာ Woodlands-သစ်တောမြေမှာ ဆင်းပြီး Johor-ဂျိုဟိုးကို ဖယ်ရီနဲ့ ဆက်သွားခဲ့ကြရတာပါ။ အဲဒီတုန်းကတော့ မလေးရှား-စင်္ကာပူ မခွဲကြသေးတာမို့ လူဝင်မှူကြီးကြပ်ရေးနဲ့ ပတ်သက်တဲ့ ပြဿနာတွေ မရှိခဲ့ပေမဲ့ ၁၉၆၅-ဩဂတ်စ်မှာ စင်္ကာပူက မလေးရှားကနေ ခွဲထွက်တဲ့အခါ စင်္ကာပူပိုင်နယ်မြေထဲ ရောက်နေတဲ့ မလေးရှားပိုင် မီးရထားလမ်းနဲ့ ဘူတာရုံတွေ နေရာပြောင်းရွှေ့ရေးအတွက် အကြိမ်ကြိမ် ညှိနှိုင်းမှုတွေ လုပ်ခဲ့ကြပါတယ်။

မလေးရှားနဲ့ စင်္ကာပူအကြား ၁၉၉၀က ပြုလုပ်ခဲ့တဲ့ သဘောတူညီချက်အရ Tanjong Pagar-တန်ဂျွန်ပါဂါမီးရထားဘူတာကို Bukit Timah-ဘူကစ်တီးမားကို ရွှေ့ပေးဖို့နဲ့ ရွှေ့ပြီးတဲ့အခါ အဲဒီနေရာမှာ စီးပွားရေးလုပ်ငန်း အကျိုးတူ ပူးပေါင်းဆောင်ရွက်ကြဖို့ မလေးရှားဘက်က သဘောတူခဲ့ပါတယ်။ အပြန်အလှန်အနေနဲ့ စင်္ကာပူဘက်ကလည်း Tanjong Pagar-တန်ဂျွန်ပါဂါ မီးရထားဘူတာနေရာမှာ ပရိုက်ဗိတ်လီမိတက်ကုမ္ပဏီတစ်ခု တည်ဆောက်ပြီး မလေးရှား ၆၀% ၊ စင်္ကာပူ ၄၀%အတိုင်း အကျိုးအမြတ် ခွဲဝေကြဖို့ သဘောတူခဲ့ပါတယ်။

အဲဒီမှာ ဘယ်လိုဖြစ်ကြတယ် မပြောတတ်ပါဘူး။ နားလည်မှုတွေ လွဲကြပြီး စင်္ကာပူက သဘောတူညီမှုကို ချက်ချင်းအကောင်အထည်ဖော်လိုပြီး မလေးရှားဘက်ကတော့ ဘူတာရွှေ့ပြောင်းဖို့ ဆုံးဖြတ်ချက် ကျပြီးမှ ဖြစ်မယ်လို့ ဆိုခဲ့ကြရင်းကနေ ညှိမရဖြစ်ခဲ့လိုက်ကြတာ...ခုလက်ရှိ ၂၀၁၁ ကျမှ အပြီးသတ်ကြပါတော့တယ်။ မူလက ဘူတာရုံ ရွှေ့ဖို့လျာထားတဲ့ Bukit Timah-ဘူကစ်တီးမားကို မဟုတ်ဘဲ Woodlands-သစ်တောမြေအထိ ရွှေ့ပေးဖို့
မလေးရှားဘက်က သဘောတူခဲ့တာ ဖြစ်ပါတယ်။ တခြား အပြန်အလှန် သဘောတူညီချက်တွေ၊ ပူးပေါင်းဆောင်ရွက်ရေး  ရှေ့လုပ်ငန်းစဉ်တွေလည်း ညှိနှိုင်းခဲ့ကြပါသေးတယ်။



Bukit Timah-ဘူကစ်တီးမား ဘူတာရုံကလေး



တန်ဂျွန်ဘာဂါဘူတာကနေ ရထားပို့ဆောင်ဆက်သွယ်ရေးကို ပြုလုပ်တော့မှာ မဟုတ်ပေမဲ့ ပင်မဘူတာရုံ အဆောက်အဦးကိုတော့ National Monument of Singapore အဖြစ်သတ်မှတ်ပြီး ဆက်လက်ထားရှိဖို့ နှစ်နိုင်ငံ သဘောတူညီမှုတွေရခဲ့တဲ့ ဧပြီလ ၉ရက်နေ့က ဆုံးဖြတ်ခဲ့ကြပါတယ်။ တကယ်လည်း ထားသင့်ပါတယ်။ ကြည့်ပါဦး ဘယ်လောက် ထုနဲ့ထည်နဲ့ ဆောက်ထားတဲ့ ရှေးလက်ရာ အဆောက်အဦးကြီးလဲ ဆိုတာ...။








မလေးရှားနိုင်ငံ လွတ်လပ်ရေးရအပြီး
(၁၉၆၂ခုနှစ်)မှာ အဲဒီ လှပထည်ဝါတဲ့ ဗြိတိသျှလက်ရာ ဘူတာရုံအဆောက်အဦးကြီးကို Keretapi Tanah Melayu (KTM) သို့မဟုတ် Malayan Railways Limited လို့ နာမည်တပ်ခဲ့ပြီး မြန်မာလိုတော့  "မလေးရှား မီးရထားပို့ဆောင်ဆက်သွယ်ရေး" ပေါ့လေ။ ဟိုးအရင် ဗြိတိသျှကိုလိုနီခေတ်ရဲ့ ကာလများဆီတုန်းကတော့ FMSR-Federated Malay States Railways လို့ ခေါ်ခဲ့ပါသတဲ့။ အဲဒါကြီးကို French construction firm တစ်ခုဖြစ်တဲ့ Brossard and Mopin Ltd က ဖို့မြေ (Reclaimed Land) ပေါ်မှာ ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၃၂ ခုနှစ် မေလ ၂ရက်နေ့မှာ တရားဝင် ဖွင့်လှစ်ပေးခဲ့တာပါ။

F M S R လို့ အတိုကောက် ရေးထိုးထားတဲ့ စာလုံးတစ်ခုချင်းစီရဲ့ အောက်ခြေမှာတော့ အီတလီနိုင်ငံသား Rudolfo Nolli ရဲ့ လက်ရာ အဖြူရောင် ကျောက်ရုပ်တုကြီး ၄ခုကို တွေ့နိုင်ပါတယ်။ အဲဒီ ကျောက်ရုပ်တုကြီး ၄ခုဟာ စင်္ကာပူ-မလေးရှား နှစ်နိုင်ငံရဲ့ စီးပွားရေး ဒေါက်တိုင်ကြီး ၄ခုဖြစ်တဲ့ စိုက်ပျိုးရေး၊ ကူးသန်းရောင်းဝယ်ရေး၊ သယ်ယူပို့ဆောင်ရေးနဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေကို ကိုယ်စားပြုတယ်လို့ ဆိုပါတယ်။




ဘူတာရုံအတွင်းဘက် နံရံပေါ်က ဆေးရေးပန်းချီကားတွေ...


ခုတော့ ဒီသံလမ်းတွေကို ဖျက်ပစ်တော့မှာပါ။ နှစ်ပေါင်း  ၇၉နှစ် (၁၉၃၂-၂၀၁၁) သက်တမ်းရှိခဲ့တဲ့ မီးရထားလမ်းတစ်ခုအပေါ် လူတွေ ဘယ်လောက်တောင် ငြိတွယ်မှုတွေ ရှိခဲ့ကြပါလိမ့်မလဲ။ ကျွန်မ တွေးကြည့်မိပါတယ်။

နောက်ဆုံးရထားကိုတော့ ဇွန်လ ၃၀ရက်နေ့ ည ၁၁ နာရီမှာ ဂျိုဟိုးနယ်ရဲ့ စူလတန် Ibrahim Iskandarကိုယ်တိုင် မောင်းနှင် ထွက်ခွာသွားခဲ့ပြီး၊ နာရီပိုင်းအကြာ ဂျူလိုင် ၁ရက်နေ့အကူးမှာ တရားဝင် ပိတ်ကြောင်း ကြေငြာခဲ့ပါတယ်။ ရထားအသွားအလာ မရှိတော့ပြီဖြစ်တဲ့ အဲဒီ သံလမ်းပေါ်မှာ အမှတ်တရ  လမ်းလျှောက်ကြ၊ ဓါတ်ပုံရိုက်နိုင်ကြဖို့ ပြည်သူလူထုကို နှစ်ပတ်တိတိ ခွင့်ပြု ဖွင့်လှစ်ပေးထားခဲ့ပါသေးတယ်။ 









သံလမ်းဘေးက ပန်းချီကျော်တွေရဲ့ နံရံဆေးရေး လက်ရာ...






ကွန်ကရစ် ဇလီဖားတုံးပေါ်က KTM အမှတ်အသား...















နောင်တစ်ချိန်မှာ စကားအဖြစ်ပဲ ပြောပြနိုင်တော့မဲ့၊ မှတ်တမ်းတင် ဓါတ်ပုံတွေကနေ တစ်ဆင့်ပဲ ကြည့်ရှုနိုင်တော့မဲ့ အဲဒီ မီးရထားသံလမ်းပေါ် အမှတ်တရ သွားရောက် လျှောက်လှမ်းခဲ့ကြသူတွေ အများကြီးပါ။ ကင်မရာကြီးသေး ကိုယ်စီနဲ့ ပေါ့။ တကယ့် အမှတ်တရတစ်ခုပါပဲ။ 

ခုတော့ တကယ်ပဲ ရာဇဝင်ထဲမှာ "မီးရထားသံလမ်း"ကို ထားရစ်ခဲ့ကြရပါပြီ.....




 


Ref. and Photos Credit:http://en.wikipedia.org/wiki/Tanjong_Pagar_railway_station
http://infopedia.nl.sg/articles/SIP_954_2005-01-10.html
ပုံတစ်ချို့ :ညီမဖြူမေ နဲ့ ကိုယ်တိုင်


ကျွန်မနဲ့အတူ ဓါတ်ပုံရိုက် သွားခဲ့ကြတဲ့ ညီမလေး နှစ်ယောက်နဲ့ မောင်လေး တစ်ယောက်ကိုလည်း ကျေးဇူး အများကြီး တင်ပါတယ်...:)

16 comments:

  1. မအားတာနဲ့ မသွားဖြစ်လိုက်ဘူး အဲဒီ ဘူတာရုံက meatball soto သွားစားနေကြ။ အဲဒီအန်တီကြီးလွမ်းထှာ။

    ReplyDelete
  2. ဇလီဖားတုံးဆိုတာကို ငယ်ငယ်က သိပ်သဘောမပေါက်ခဲ့ဘူး။ နွားဖားကြိုးလိုမျိုး ဇလီဆိုတဲ့ အကောင်မှာ ထိုးတဲ့ ဇလီဖားကြိုးတွေနဲ့ တုပ်ထားတဲ့ အတုံး ထင်နေခဲ့တာ။ နောက် အတန်းကြီးလာတော့ ဇလီဖားတုံးဆိုတာကို စာအုပ်တွေထဲ မြင်ဖူးလာတယ်။ ဒါပေမယ့်ဘာလို့ အဲလိုခေါ်မှန်း ဂဃနဏ သိသေးတာ မဟုတ်ဘူး။ ဆယ်တန်းလောက်ရောက်တော့မှ အပြင်စာတွေ အသေဖတ်မိမှ အင်္ဂလိပ်လို (Sleeper) ကို ဇလီဖားလို့ ခေါ်မှန်း သိတော့တယ်။

    ReplyDelete
  3. ချော(အစိမ်းရောင်လွင်ပြင်)Mon Jul 18, 06:56:00 PM GMT+8

    ကိုယ်နဲ့အဝေးကြီးကနေ လှမ်းပြီးစိတ်မကောင်းတွေ ဖြစ်နေမိတယ်း)
    ဟီး ဘာမှလည်းမဆိုင်ဘဲနဲ့လေ
    ရှေးခေတ်ပစ္စည်းတွေကို နှမြောတဲ့စိတ်နဲ့ဘဲ ဖြစ်မှာပါ။
    အစ်မပုံထဲက ရထားလမ်းတွေများ မြန်မာပြည်က ခနော်ခနဲ့ ဇလီဖားတုံးတွေနဲ့ ဘာမှ မဆိုင်ဘူး ကောင်းလိုက်တာ
    မြစ်ကြီးနား မန္တလေးလမ်းများဆို ရထားခုန်လွန်းလို့ ခေါင်းပေါ်ပစ္စည်း ခနခနပြုတ်ကျတတ်တယ်
    အဲလောက်ကောင်းတဲ့ ရထားသံလမ်းတွေ ရှိလို့လေ။

    ReplyDelete
  4. ဟဲဟဲ အဲမီးရထားနဲ့ပတ်သက်လို့ tanjong pagar ဘူတာရုံကစားစရာတွေကောင်းတာဘဲတိတယ်
    ညဘက် ဆိုင်ကယ်ရှောက်စီးပီးရင် supper ဝင်စားလို့လဖက်ရေသောက်လို့ကောင်းတယ်
    ramly burger ရတယ်

    ReplyDelete
  5. ဟာ၊ မလိုက်ဖြစ်လိုက်ဘူး.. နာတယ်ကွာ..

    စနေနေ့တုန်းကလည်း သွားဖို့ခေါ်တဲ့သူရှိတယ်၊ မသွားဖြစ်ပြန်ဘူး..

    နာတယ်ကွာ..

    ReplyDelete
  6. မအားတာနဲ့ အိမ်မလည်ဖြစ်တာ ကြာသွားတယ် အမရေ။ မီးရထားဘူတာရုံကြီးက ကောင်းလိုက်တာ။ အဲဒါကြီးမဖျက်တာဘဲ ကျေးဇူးတင်ရမယ်ထင်တယ်နော်။ အဲဒီလောက်ကောင်းတဲ့ မီးရထားလမ်းကိုတော့ ဖျက်ပြီး ရွှေပြည်ကြီးကို ရွှေ့လို့ရရင်ကောင်းမှာလို့စဉ်းစား မိနေတယ်။ ကိုယ်နဲ့ဘာမှ မဆိုင်ဘဲနဲ့ မချစ်ရေးထားတဲ့စာနဲ့ ဓါတ်ပုံတွေကြည့်ပြီး လွမ်းသလိုတောင် ဖြစ်သွားတယ်။ နှမြောစရာကြီးနော်။

    ReplyDelete
  7. မောင်ဝေးTue Jul 19, 09:46:00 AM GMT+8

    တို့များရဲ့ ရွှေပြည်လို့ခေါ်တဲ့အရပ်မှာရှိတဲ့ မီးရထားသံလမ်းပေါ် လျှောက်သွားရင် အီအီးတွေက ဟိုတပုံ သည်တပုံနဲ့ ဓာတ်ပုံရိုက်လို့ကောင်းမှာမဟုတ်ပါဘူးဗျာ။ ရထားတွဲပေါ်က အိမ်သာတွေဆိုတာက ကြမ်းပြင်မှာအပေါက်တပေါက် ဖောက်ထားတဲ့အခန်းကိုးဗျ၊ ကွာတာပေါ့ဗျာ။

    ReplyDelete
  8. စွဲဆောင်မှုရှိတဲ့ မှတ်တမ်းဓာတ်ပုံတွေလို့ ခံစားမိတယ် ချစ်ကြည်ရေ...

    ReplyDelete
  9. စိတ်ဝင်စားစရာ သမိုင်းဝင် မှတ်တမ်း ပေါ့ အစ်မချစ်။

    ReplyDelete
  10. သမိုင်းဝင်တော့မယ့် ဓါတ်ပုံတွေပဲ မမရေ။ အဟောင်းပေမယ့်လည်း ကောင်းနေဆဲပဲနော်း)

    ReplyDelete
  11. မနက်စောစော သို.မဟုတ် ညနေပိုင်း Jogging လုပ်ရင်း ရထားအဟောင်းကြီးဖြတ်သွား ဖြတ်လာကို ကြုံနေကြ၊ ခုတော့ လွမ်းစရာကြီး၊


    မောင်ဇီ

    ReplyDelete
  12. မချော ပြောသလို

    ကိုယ်နဲ့မဆိုင်ပဲ .. လှမ်းပြီးနှမျောနေမိတယ်

    မချစ်ရေ လာချင်တယ် ဟင့်


    ကြည်ကြည်

    ReplyDelete
  13. မမရေ….
    တကယ်ကို ဗဟုသုတရတဲ့ မသိသေးတာတွေ စုံစုံလင်လင်သိရတဲ့ အရမ်းကောင်းတဲ့ သမိုင်းမှတ်တမ်းတင် post လေးပါ…မမ
    PDF လုပ်ပီးသိမ်းထားပါ့မယ်…
    အသက်တွေကြီးလာလို့ ဖွားလေးဖြစ်ပီး မြေးလေးတွေ ပြန်ပြောပြတဲ့ အခါ ညမကိုယ်လဲ သတိရနော်…
    အတူသွားဖို့ခေါ်တဲ့အတွက်ရယ် နေ့လည်စာကျွေးတဲ့တွက်ရယ် ကျေးဇူးပါလို့….
    Post အသစ်တင်ရင် fb မှာလဲ update လုပ်ပေးပါလားမ ( ဒါက တောင်းဆိုချက် :P)
    <3 u
    ချစ့် ညီမ ဖြူမေ

    (ကိုယ်ပိုင်စက် sf သွင်းဖို့ ပေးထားရလို့ ခုမှမန့်ရတော့တယ်)

    ReplyDelete
  14. Great blog, how about links exchanging? Please contact me asap, Thanks.

    ReplyDelete
  15. ရာဇဝင် ထဲမှာ ထားခဲ့ ဆိုလို့ လန့်သွားတာဘဲ ... ဒီမှာတော့ ရာဇဝင် ထဲမှာ ထားရစ်တာတွေ အများကြီး ဆိုတော့ အင်း ရိုးသွားပြီ ပြောရမှာဘဲ ထားတာမှ အပျောက်ကိုရှင်းသွားတယ်လေ

    ရွှေစင်ဦး

    ReplyDelete
  16. မဆုံနိုင်တဲ့ မျဉ်းပြိုင်တွေ...
    အခုလောက်ဆို အေးချမ်းတဲ့ နေရာတခုခုမှာ သွားဆုံနေကြရောပေါ့...

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်းကအထ...