Saturday, July 2, 2011

ပြိုင်တူတွန်းလျင်...

ငယ်ငယ်တုန်းက ကျွန်မတို့ကို ကောင်းစေချင်တဲ့ဆန္ဒနဲ့ အမေ တစ်ခုခုလုပ်ခိုင်းတာကို မလုပ်တဲ့အခါ "နင်တို့ကို ဇိကုပ်ပြီး နတ်ပြည်တင်ပေးနေတာ နားလည်လား" လို့ အမေပြောလေ့ရှိတာ သတိရမိတယ်။ ကျွန်မ အလှည့်ရောက်လာတဲ့အခါ ပရဟိတ အဖွဲ့အစည်း တစ်ခုခုအတွက် အလှူငွေကောက်တိုင်း ပြောမနာ ဆိုမနာ သူငယ်ချင်းတွေကိုဆို "နင်တို့ အလှူငွေထည့်ကြ၊ ငါက ဇိကုပ် နတ်ပြည်တင်ပေးနေတာနော်၊ ကပ်စေးကုတ်မနေကြနဲ့ အဲဒါပဲ" လို့ ဖိအားပေးပြီး အလှူခံခဲ့မိတာကို သတိရမိပြန်တယ်။ ခုလည်း ထိုနည်းလည်းကောင်းပါပဲ၊ ကျွန်မမှာ ဇိကုပ် နတ်ပြည်တင်ပေးဖို့၊ တနည်းဆိုရရင် "အကျိုးမျှော်၍   နှိုးဆော် လိုက်ရပါသည်" ဆိုတာမျိုး လုပ်ဖို့အချိန် ကျရောက်လာပြန်ပါပြီ။

ကျွန်မ မျက်နှာက အလှူခံပုံးပုံ ပေါက်ပြီးသားမို့ ရှေ့မျက်နှာ ရှေ့ထားပြီးတော့ပဲ ပြောလိုက်ချင်ပါရဲ့။  အလှူခံ ချင်ပါတယ်။ ငွေအား၊ လူအား၊ ဉာဏ်ပညာအား အစရှိသဖြင့် တတ်စွမ်းသမျှ ပါဝင်လှူဒါန်းကြဖို့ တိုက်တွန်းနှိုးဆော်ပါရစေ။ အကြောင်းရင်း ရည်ရွယ်ချက်ကို အသေး မစိတ်တစိတ် ပြောပြပါမယ်။ အဖွဲ့ရဲ့ လှုပ်ရှားမှုအသေးစိတ်သတင်းတွေကိုတော့ ရသအလင်းဖောင်ဒေးရှင်း မိတ်ဆက် (အိန္ဒြာရဲ့ ဘလော့ဂ်) မှာ အသေးစိတ် ဖော်ပြထားပါတယ်။

မိတ်ဆွေများထဲမှာ သိပြီး၊ ပါဝင်လှူဒါန်းပြီးနေကြသူတွေလည်း ရှိကြမှာပါ။ ဒီလိုပါ။ စင်ကာပူနိုင်ငံမှာရှိတဲ့ အနုပညာချစ်မက်သူတွေ စုစည်းထားကြတဲ့ "ရသအလင်း ဖောင်ဒေးရှင်း" ဆိုတဲ့ အဖွဲ့လေးတဖွဲ့နဲ့ ရင်းနှီးနွေးထွေးစေချင်တာပါ။ အဖွဲ့လေးရဲ့ ရည်ရွယ်ချက်က မြန်မာပြည်မှာ ရှိကြတဲ့ စာပေအနုပညာရှင်များ ရဲ့ ကျန်းမာရေးထောက်ပံ့မှုအတွက် တတ်နိုင်သလောက် ဝိုင်းဝန်း ဝါးကူပေးကြဖို့ပါ။

အနုပညာရှင်တွေထဲမှာမှ စာပေအနုပညာရှင်က ပိုပြီး ချို့တဲ့လေ့ရှိကြတာ အားလုံးအသိပါ။ သို့သော် သူတို့ဟာ စီးပွားရေးအရသာ ချို့တဲ့ချင် ချို့တဲ့မယ်၊ အနုပညာတော့ ကြွယ်ပိုးကြွယ်ဝရှိကြတဲ့ လူတန်းစားတွေ။  စာတွေ၊ ကဗျာတွေ ဖန်တီးမှုထဲ သူတို့ဘဝတစ်ခုလုံး ပုံအပ်မြှုတ်နှံထားကြသူတွေ။ ထမင်းစားဖို့ အနုပညာလုပ်ကြတာ မဟုတ်ဘူး၊ အနုပညာဆက်လက် ဖန်တီးနိုင်ဖို့ ထမင်းစားကြတာ...ဆိုတဲ့ လူတွေ။

သူတို့ ဖန်တီးထားတဲ့ စာတွေ၊ ကဗျာတွေ၊ ကာတွန်းတွေဆီက အားအင်တွေ၊ မျှော်လင့်ချက် အလင်းရောင်တွေ၊ မနက်ဖြန်များစွာတွေကို ကျွန်မတို့ ခံစားခဲ့ကြ၊ စားသုံးခဲ့ကြဖူးပြီ။ အဲသည်လို ဘဝကို ရိုးရှင်းစွာဖြတ်သန်းရင်း အနုပညာနဲ့ ပြည်သူတွေကို အကျိုးပြုခဲ့၊ အကျိုးပြုနေဆဲ စာပေအနုပညာရှင်များကို အနုပညာ ခံစားသူအနေနဲ့  ကျွန်မတို့ ဘာတွေများ ပြန်လည် တုံ့ပြန် ပေးဆပ်နိုင်ကြပါမလဲ။

ဇရာ၊ ဗျာဓိ ဆိုတဲ့ အိုခြင်း၊ နာခြင်းဟာ သတ္တဝါတိုင်း မရှောင်မလွှဲသာ ကြုံကြရတာ ဖြစ်လေတော့ သူတို့ရဲ့ အိုချိန်၊ နာချိန်တွေမှာ လူရော စိတ်ပါ နာလန်ထဖို့ဆိုတာ မိတ်ဆွေကောင်းတွေရဲ့ ဖေးမမှုက အဓိကကျပါတယ်။ ဒီလိုအချိန်မှာ ကျွန်မတို့ဘက်က တတ်စွမ်းသလောက် ပြန်လည်ကျေးဇူးဆပ်နိုင်ကြဖို့ ပါ။ ကျေးဇူးရှိသူတွေအပေါ် ကျေးဇူးသိတတ်၍ တုံ့လှယ် ပေးဆပ်ခြင်းသည် မင်္ဂလာတစ်ပါးပဲ မဟုတ်ပါ လားရှင်...။    

ထုံးစံအတိုင်း...အဖွဲ့အစည်းလေးတစ်ခု ဖြစ်လာဖို့ လူအား၊ ငွေအား၊ ဉာဏ်ပညာအားတွေ များစွာ လိုအပ် ပါတယ်။ လစဉ်အလှူငွေအဖြစ် စင်္ကာပူဒေါ်လာ ၂၀ သတ်မှတ်ထားပါတယ်။ သို့သော် မိမိအဆင်ပြေတဲ့ ငွေပမာဏလှူလည်း ရပါတယ်။ မွေးနေ့အမှတ်တရ၊ မင်္ဂလာနှစ်ပတ်လည်၊ တိုတိုပေါက်လို့ ဘာညာ...အဲသလို အထူးအလှူငွေတွေကိုလည်း ဝမ်းမြောက်ဝမ်းသာစွာ လက်ခံပါတယ်ရှင်။ အဖွဲ့ရဲ့ ဘဏ်အကောင့်က 194 – 63221 – 5   Posb Savingပါ။ နိုင်ငံရပ်ခြားက အလှူရှင်တွေအတွက်လည်း Paypalနဲ့ ထည့်ဝင်လှူဒါန်းနိုင်ဖို့ အစီအစဉ် ရှိပါတယ်။ အဖွဲရဲ့ ဝက်ဘ်ပိတ်ခ်ျလေး ကိုလည်း ဒီမှာ သွားရောက်လည်ပတ် ဖတ်ရှူရင်း သဒ္ဒါပွားနိုင်ကြပါတယ်။

ဝက်ဘ်ပိတ်ခ်ျဆိုလို့ ဒီနေရာကနေ ကျေးဇူးစကား ဆိုပါရစေ၊ မအားမလပ်တဲ့ အလုပ်၊ မိသားစုတာဝန်တွေကြားကနေ အဖွဲ့ရဲ့ ဝက်ဘ်ပိတ်ခ်ျလေး အခုလို ဖြစ်လာဖို့ စေတနာ၊ သဒ္ဒါထက်သန်စွာ လုပ်အားအလှူပေးတဲ့ သားသားအဂ္ဂတို့အမေနဲ့ မိသားစုလေးကို အထူး ကျေးဇူးတင်ကြောင်း အဖွဲ့ရဲ့ကိုယ်စား ပြောပါရစေရှင်။ တဆက်တည်းမှာပဲ ကျွန်မတို့ ဝက်ဘ်ပိတ်ခ်ျအတွက် Contributor တစ်ယောက်လောက် လိုချင်ပါတယ်။ လုပ်အားအလှူပေးလိုသူ၊ ဝက်ဘ်ကျွမ်းကျင်သူတယောက်..."သင့်ကို ရသအလင်းမှ အလိုရှိနေပါတယ်"။ ပြီးတော့ မိမိကိုယ်ပိုင်အားလပ်ချိန်ထဲက နဲနဲလေးဖဲ့ပြီး အဖွဲ့အတွက် လုပ်အားအလှူပေးနိုင်မယ့် အမှုဆောင်အသစ်တွေလည်း လိုအပ်နေပါသေးတယ်။

အားလုံး တက်ညီလက်ညီ တစ်ယောက် တစ်လက် ဝိုင်းကူ တွန်းရွှေ့ကြရင်၊ ပြိုင်တူ တွန်းကြရင်ဖြင့် ရှေ့ကို ရွေ့နိုင်မယ် မဟုတ်ပါလားရှင်....

Related Posts to read :

ကိုဇက်ဖှာရဲ့ ပိုစ့်

အိန္ဒြာရဲ့ပိုစ့် (ရသအလင်းဖောင်ဒေးရှင်း မိတ်ဆက်)

8 comments:

  1. great foundation~!

    ReplyDelete
  2. ကောင်းပါတယ်....တွန်းကြတာပေါ့ဗျာ...နော့

    ReplyDelete
  3. သိပ်ကောင်းတဲ့ အစီစဉ်လေးပဲ။ သာဓုခေါ်ပါတယ်။

    ReplyDelete
  4. သားတွန်...ကျေးဇူးပါ...:)

    မောင်ညိမ်းနိုင်...ကူတွန်းမယ်ဆိုလို့ ဝမ်းသာပါ၏...:)

    မငယ် ဟုတ်တယ်၊ ကျမလည်း သဘောကျတယ်။ သိတ်ကောင်းတဲ့ ရည်ရွယ်ချက်ပါ...:)

    ReplyDelete
  5. ပြိုင်တူတွန်းရင် ရွေ့နိုင်တယ်အစ်မ...
    အားပေးနေမယ် အကောင်ထည်အောင်မြင်ပါစေ...

    မောင်ဘကြိုင်
    နေပြည်တော်မှလာသည်

    ReplyDelete
  6. မိတ်ဆွေကြီး မောင်ဘကြိုင် နေပြည်တော်မှ လာရောက် ကူတွန်းသွားတဲ့အတွက် ကျေးဇူး....:)

    ReplyDelete
  7. မကြီး
    ဇိကုပ် လိုက်တဲ့အတွက် ကျေးဇူးတင်ပါတယ်
    နတ်ပြည်ရောက်မှာသေချာသွားပြီ.. အဲ လစဉ်လှူဖို့ သဒ္ဓါပေါက်သွားပါတယ်
    အကျိုးမျှော် နှိုးဆော်သော ကုသိုလ်တော်အား သာဓု ခေါ်သွားပါတယ်

    ReplyDelete
  8. ညီမ မမင်း>> ကျေးဇူးပါညီမရေ လစဉ်လှူမယ်ဆိုတဲ့အတွက် ဝမ်းသာစွာ သာဓုခေါ်လိုက်ပါတယ်....:)

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...