Sunday, July 24, 2011

မေတ္တာတေး

ကျွန်မ အမျိုးသားရဲ့ အထက်အရာရှိ၊ သြစတေးလျက လူဖြူတစ်ယောက်နဲ့ ရင်းနှီးခင်မင်ခဲ့ဖူးပါတယ်။ သူ့နာမည်က မက်သယူး(Matthew) တဲ့။ အရင်ကလည်း အလုပ်ကိစ္စနဲ့ ပါတ်သက်လို့ လူဖြူတွေ တော်တော်များများနဲ့ မိတ်ဆွေဖြစ်ခဲ့ဖူးပါတယ်။ အဲဒီထဲမှာမှ မက်သယူးဆိုတဲ့ သူ့ကို ကျွန်မ ပိုခင်မိတယ်။ သူ့ရဲ့ စိတ်ထားဖြူစင်ပုံ၊ မာန်မာန မရှိပုံ၊ သနားကြင်နာတတ်ပုံ ဒါတွေကို သူနဲ့ ပေါင်းကြည့်မှ သိလာရလို့ပါပဲ။ ရာထူးက ကြီးပေမဲ့ လူက လူငယ်၊ လူတော်တစ်ယောက်ပါ။ သူ့မျက်နှာက ချောမောတယ် ဆိုတာထက် ရှင်းသန့်တာ၊ အပြုံးရိပ်သန်းနေပြီး နုညံ့ပျော့ပြောင်းဟန်နဲ့ တချိန်တည်းမှာပဲ ယုံကြည်မှုအပြည့်နဲ့ ထက်မြက်သူတစ်ယောက်ဆိုတာ သိသာစေတဲ့ ရုပ်ရည်မျိုးပါ။  

အဲဒီတုန်းကတော့ ကုမ္ပဏီစားပွဲသောက်ပွဲတွေနဲ့ မကြာခဏဆိုသလို တွေ့ဖြစ်ကြပါတယ်။ သူက ကျွန်မအမျိုးသားကို တော်တော်လေး ခင်ရှာသူပါ။ လက်ရှိမှာ သူတို့ ကုမ္ပဏီချင်းမတူကြတော့ပေမဲ့ ဖုန်း အဆက်အသွယ်ရှိကြတုန်းပါပဲ။ တစ်နေ့က ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းတစ်ယောက် မင်္ဂလာပွဲမှာတောင် ကျွန်မ သူ့ကို သတိတရ ရှိခဲ့သေးတာ။ ငါးမန်းတောင်ဟင်းချို တခွက်ကြောင့်ဆိုပါတော့။

ဟိုးအရင် ညစာစားပွဲ တစ်ခုမှာ မက်သယူးရယ်၊ ကျွန်မတို့ လင်မယားရယ် တစ်စားပွဲထဲမှာ ညစာ စားဖြစ်ကြတယ်။ ငါးမန်းတောင်ဟင်းချိုလာချတဲ့အခါ သူ လုံးဝ မသောက်ပါဘူး။ ကျွန်မက စပ်စပ်စုစု မေးကြည့်တော့မှ သူ့ရဲ့ သတ္တဝါတွေအပေါ်ထားတဲ့ မေတ္တာစိတ်လေးကို ကျွန်မ သိလိုက်ရတော့တယ်။ ကျွန်မကို ပြောပြနေတဲ့အချိန်မှာ သူ့မျက်နှာပေါ် ထင်းထင်းမြင်နေရတဲ့ စာနာစိတ်ကလေး၊ အဲဒီစိတ်ကလေးဟာ ကျွန်မရင်ထဲကို ပူးကပ်ဝင်ရောက်ခဲ့တော့တာ။ အဲဒီကတည်းက ခုထိ ကျွန်မ ငါးမန်းတောင်ဟင်းချို  မသောက်တော့တာ ၈နှစ်ကျော် ကြာခဲ့ပြီ။

ငါးမန်းတောင်ဟင်းချိုကို လူတွေ ဘာကြောင့် တန်ဘိုးထားပြီး သောက်ကြသလဲ။ အထူးသဖြင့် မင်္ဂလာဧည့်ခံပွဲတွေ၊ ကုမ္ပဏီအထက်လူကြီးတွေရဲ့ စီးပွားရေး တွေ့ဆုံ ဆွေးနွေးပွဲတွေ၊ အထက်တန်းလွှာတွေရဲ့ပွဲတွေမှာ များသောအားဖြင့် တည်ခင်းဧည့်ခံတတ် ကြတယ်။  ဈေးကြီး ဟင်းလျာတစ်ခွက်အနေနဲ့ ဂုဏ်လုပ်သောက်တတ်ကြတယ်။ ငါးမန်းတောင်ဟင်းချိုသောက်သုံးခြင်းဟာ wealth, power, prestige and honor တွေကို ကိုယ်စားပြုတယ်လို့ ဆိုထားတယ်။ ငါးမန်းတောင်ဟင်းချိုဟာ လိင်မှုရေးရာတွေအတွက်၊ အသားအရည်အတွက်၊ တရုတ်လို qi လို့ ခေါ်တဲ့ energy-အားအင် အတွက်၊  နှလုံးရောဂါကို ဖြစ်ပွားစေတဲ့ ကိုလက်စထရောကို ကျစေတဲ့အတွက် ကောင်းတယ် လို့ဆိုကြတယ်။ ဒီအကျိုးတွေကို တစ်ခြားသော ဟင်းလျာ စားသောက်ဖွယ်တွေဆီကလည်း ရနိုင်ပါရက်နဲ့ ဘာ့ကြောင့် ငါးမန်းတောင်ဟင်းချိုကိုပဲ တန်ဘိုးတထား သောက်နေကြတာပါလိမ့်။ ဒါကလည်း ငါးမန်းတောင်ဟင်းချို တစ်ခွက်ရဲ့ နောက်ကွယ်က သနားစရာ မျိုးတုံးလု ငါးမန်းတွေရဲ့ ဘယ်ပုံဘယ်နည်း သေကြရတယ်ဆိုတာကို မသိကြလို့ နေမှာပါပဲ။

ငါးမန်းတောင်ရဖို့ ငါးမန်းအရှင်ဆီက ဖြတ်ယူပြီးတဲ့အခါ အသက်ရှင်နေသေးတဲ့ ငါးမန်းကို ပင်လယ်ထဲ ဒီအတိုင်း ပြန်လွှတ်ခဲ့ကြတာ။ အဲဒီအခါ ဒုက္ခိတအဖြစ်နဲ့ ရေမကူးနိုင်တော့တဲ့ ငါးမန်းဟာ ဟိုး ပင်လယ်ရေအောက်ကြမ်းပြင်အထိ နစ်မြုတ်သွားပြီး တဖြည်းဖြည်း သေမဲ့နေ့စောင့်ရင်း သေရရှာတာ။ အဲဒါကို ကြားရတဲ့အခါ ကျွန်မ စိတ်ထဲ မကောင်းလိုက်တာ။ တစ်ခါတည်း အသေသတ်လိုက်တာထက်ဆိုးတဲ့ မသေမရှင်အဖြစ်ကြီးနဲ့ သူ့ခမျာ ဘယ်လောက်များ မချိမဆန့် ခံစားသွားရပါလိမ့်။

In a process called finning, the fins are cut from living sharks. After the fins have been cut off, the remainder of the fish, which is often still alive, is thrown back into the sea. When returned to the ocean, the finless shark is unable to swim, and sinks to the ocean bottom and dies a slow death.

ငါးမန်းတောင်ဟင်းချိုဟာ အကြိမ်များစွာ အလွန်အကျွံသောက်ရင်တော့ မာကျူရီပါဝင်မှုနှုန်း မြင့်တဲ့အတွက် အမျိုးသားတွေမှာ သားသမီးရနိုင်ခြေကျဆင်းတတ်ပြီး ကလေးသူငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေလည်း မသောက်သုံးသင့်ဘူးလို့ "FDA" (Food and Drug Administration)က ဆိုပါတယ်။

 "Shark fin may cause sterility because of mercury and other heavy metals contamination," said Victor Wu, an officer at the United States-based WildAid, "and the risk to men is much higher than women."
 
ငါးမန်းတောင်အခြောက် ၁၀၀ ဂရမ်မှာ  ကယ်လစီယမ်၊ အန်နာဂျီ နဲ့ ဖော့စ်ဖောရပ်တွေ ပါဝင်နှုန်း အမြင့်မားဆုံးဆိုတာ အောက်က ဇယားမှာ ကြည့်ပါ။

Chemical composition of dried shark fins

Water 14.0 g
Protein* 83.5 g
Fat 0.3 g
Carbohydrate 0.0 g
Ash 2.2 g
Calcium 146.0 mg
Phosphorus 194.0 mg
Iron 15.2 mg
Food energy 337 kcal

* The protein of shark fin is deficient in the essential amino acid Tryptophan.
Source: Food composition tables, People's health publication, Beijing
ငါးမန်းတစ်ကောင်လုံးမှာရှိတဲ့ ဆူးတောင် ၈ခုကို ဖြတ်ပြီးတဲ့အခါ ပထမတန်းစား၊ ဒုတိယတန်းစားရယ်လို့ အရည်အသွေးခွဲခြားပြီး ဈေးကွက်သွင်းပါတယ်။ ကြည့်ပါဦး သူ့ရဲ့ ရေယက်ဆူးတောင်တွေ မရှိတော့တဲ့ ငါးမန်းတစ်ကောင်၊ ဒုက္ခိတဖြစ်သွားတဲ့ ငါးမန်းတစ်ကောင်ကို...။

Relative commercial value of shark fins


'Save the sharks, forgo that bowl of fin soup' (ST, Dec 6) ဆောင်းပါးကိုရေးခဲ့တဲ့ Mr Bernard Harrison ရဲ့ အဆိုအရ ၂၀၁၇ခုနှစ်မှာ ငါးမန်းမျိုးနွယ်စု ၂၀လောက် မျိုးတုံးတော့မယ် လို့ ဆိုထားပါတယ်။ အဲဒီဆောင်းပါးဟာ Dr Giam Choo Hooရဲ့ Eat shark's fin soup without feeling guilty (ST, Dec 1) ရဲ့ ဆောင်းပါးကို ပြန်လည် အချေအတင်ရေးထားတဲ့ ဆောင်းပါးပါပဲ။ စိတ်ဝင်စားစရာပါ။ တစ်ဖက်နဲ့ တစ်ဖက် အမြင်တွေ၊ ခံယူချက်တွေ ဖလှယ်ရင်း ရေးလိုက်ကြတာ တစ်ချို့က စားသုံးသင့်တယ်၊ တစ်ချို့က မစားသုံးသင့်ဘူးနဲ့ တကယ့်ကို အချေအတင် ဆွေးနွေးခဲ့ကြတာ။

၂၀၁၀ခုနှစ် စာရင်းအရ တစ်နှစ်မှာ ငါးမန်းကောင်ရေ သန်း ၇၀ကနေ ၇၅သန်းအထိ ဖမ်းကြရတယ်လို့ဆိုတယ်။ ရှင်းရှင်းလေးပါပဲ။ ဝယ်လိုအားများနေသမျှ ရောင်းလိုအားက လိုက်များပေးနေရတော့မှာပါပဲ။ ဒါပေမဲ့ သတိပြုဖို့က ငါးမန်းမျိုးနွယ်တွေဟာ အကန့်အသတ်ရှိပါတယ်။ ငါးမန်းမျိုးနွယ်တွေရဲ့ သက်တမ်းက များသောအားဖြင့် အနှစ် ၂၀ကနေ အနှစ် ၃၀ထိ ရှိတတ်ကြပြီး spiny dogfish နဲ့ Whale sharks မျိုးနွယ်စုတွေက အနှစ် ၁၀၀ကျော် အသက်ရှည်တတ်ကြပါတယ်။ ပျမ်းမျှအားဖြင့် ၁၃နှစ်က ၁၅နှစ်အတွင်းမှာ ငါးမန်းပျို-ငါးမန်းအပျိုမတွေ ဖြစ်လာပြီး ချစ်မှုရေးရာ အိမ်ထောင်သားမွေး ပြလုပ်တတ်ကြပါသတဲ့။ အဲဒီမှာ ပြုံးချင်စရာလေးတစ်ခု ဖတ်မိတာက ငါးမန်းမတွေမှာ ငါးမန်းထီးကိုက်ရာလေးတွေ ရှိတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ငါးမန်းထီးက ငါးမန်းအမကို သူ စိတ်ဝင်စားကြောင်း ပြတဲ့အနေနဲ့ ကိုက်ခြင်းပါတဲ့။ ဒါကြောင့်လည်း သဘာဝကြီးက ငါးမန်းမတွေကို အရေခွံ (အသား)ပိုထူပေးထားရတာကိုး။

The bite marks may also come from courtship behavior: the male may bite the female to show his interest. In some species, females have evolved thicker skin to withstand these bites.

ဟာဝိုင်အီမှာတော့ ၂၀၁၁ခုနှစ်  ဂျူလိုင်လက စလို့ စားသောက်ဆိုင်တွေမှာ ငါးမန်းတောင်ဟင်းချိုရောင်းချ  ခွင့်ကို ပိတ်လိုက်ပြီဖြစ်ပါတယ်။ ငါးမန်းတောင်ဟင်းချိုရောင်းချ ခွင့်ကို တရားဝင် ပိတ်ပင်တဲ့ ပထမဆုံးသော အမေရိကရဲ့  မြို့လေးတမြို့ပါ။ မကြာခင် ကမ္ဘာအနှံ့က တခြားမြို့လေးတွေကိုပါ ပြန့်နှံ့ဖို့ မျှော်လင့်ရပါတယ်။ တချို့ကလည်း ခုလို ရောင်းချခွင့် ပိတ်ပင်မဲ့အစား ငါးမန်းတောင်ဟင်းချိုတစ်ခွက်ရဲ့ ရာဇဝင် ကိုသာ ပြန့်အောင်၊ လူတွေသိလာအောင် လုပ်ဖို့ လိုအပ်တယ်လို့ ဆိုကြပြန်ပါတယ်။ ဒါကတော့ လူတွေရဲ့ ကိုယ်ချင်းစာစိတ်၊ နုညံ့တဲ့ စိတ်နှလုံးအပေါ် ယုံကြည်သေချာတဲ့စိတ်နဲ့ ပြောတာ ဖြစ်ပါတယ်။

ကျွန်မလိုပေါ့။ မသိခင်က သောက်ခဲ့ပေမဲ့ မက်သယူးပြောပြလို့ စာနာစိတ်တွေနဲ့ အင်တာနက်တွေမှာ ပြန် ရှာဖတ်ရင်း အတည်ပြု၊ ပြီးတော့ ခုထိ လုံးဝ မသောက်တော့တာ။ အဲလိုပဲ ကျွန်မလို မသိလို့ သောက်ဖြစ်နေကြတဲ့ မိတ်ဆွေတွေအတွက် ရည်ရွယ်ပြီး ဒီပိုစ့်လေးကို ရေးဖြစ်ပါတယ်။ တစ်ယောက်က နှစ်ယောက်၊ နှစ်ယောက်က သုံးယောက်နဲ့ တဖြည်းဖြည်း သိသိလာကြဖို့၊ သိပြီး ရှောင်ကြဉ်ကြစေဖို့ ရည်ရွယ်ရင်း ဖြစ်ပါတယ်။ 

"Say no to shark fin soup"


Ref. and Image credit :


Monday, July 18, 2011

ရာဇဝင်ထဲမှာ "---------------" ကို ထားရစ်ခဲ့...

မီးရထားသံလမ်းတစ်ခုကို ကျွန်မ ဓါတ်ပုံ သွားရိုက်ခဲ့တယ်။ မီးရထားသံလမ်းများ ဘာဆန်းလို့လဲ မေးစရာရှိတာပေါ့။ ကျွန်မ အခု ပြောပြမယ်။ အဲဒီ မီးရထားသံလမ်းရဲ့ ရာဇဝင်ကို....။

အဲဒီရထားလမ်းနဲ့ပတ်သက်လို့ စင်္ကာပူ-မလေးရှားအကြား 
(ဘဘလီကွမ်းယူ လက်ထက်) ၁၉၉၀ကနေစပြီး ညှိနှိုင်းမှုတွေ အကြိမ်ကြိမ် လုပ်ခဲ့လိုက်ကြတာ ဘဘလီသား ဦးဦးလီ (လီရှန်းလုံ) လက်ထက်ကျမှပဲ အဆင်တပြေ ညှိနှိုင်းနိုင်ခဲ့တော့တယ်။ အတိအကျဆိုရရင် ၂၀၁၁ မေလ ၂၄ရက်နေ့က သဘောတူ ညှိနှိုင်းပြီးဆုံးသွားခဲ့ပြီး၊ Tanjong Pagar-တန်ဂျွန်ပါဂါမီးရထားဘူတာရုံမှာ အခုလို ကြော်ငြာကပ်ခဲ့ပါတယ်။ 



Tanjong Pagar-တန်ဂျွန်ပါဂါမီးရထားဘူတာကို ၁၉၃၂-မေလ ၃ရက်နေ့ကျမှ ဖွင့်ခဲ့တာဆိုတော့ အဲဒီမတိုင်ခင်က ရထားစီးခရီးသည်တွေဟာ Woodlands-သစ်တောမြေမှာ ဆင်းပြီး Johor-ဂျိုဟိုးကို ဖယ်ရီနဲ့ ဆက်သွားခဲ့ကြရတာပါ။ အဲဒီတုန်းကတော့ မလေးရှား-စင်္ကာပူ မခွဲကြသေးတာမို့ လူဝင်မှူကြီးကြပ်ရေးနဲ့ ပတ်သက်တဲ့ ပြဿနာတွေ မရှိခဲ့ပေမဲ့ ၁၉၆၅-ဩဂတ်စ်မှာ စင်္ကာပူက မလေးရှားကနေ ခွဲထွက်တဲ့အခါ စင်္ကာပူပိုင်နယ်မြေထဲ ရောက်နေတဲ့ မလေးရှားပိုင် မီးရထားလမ်းနဲ့ ဘူတာရုံတွေ နေရာပြောင်းရွှေ့ရေးအတွက် အကြိမ်ကြိမ် ညှိနှိုင်းမှုတွေ လုပ်ခဲ့ကြပါတယ်။

မလေးရှားနဲ့ စင်္ကာပူအကြား ၁၉၉၀က ပြုလုပ်ခဲ့တဲ့ သဘောတူညီချက်အရ Tanjong Pagar-တန်ဂျွန်ပါဂါမီးရထားဘူတာကို Bukit Timah-ဘူကစ်တီးမားကို ရွှေ့ပေးဖို့နဲ့ ရွှေ့ပြီးတဲ့အခါ အဲဒီနေရာမှာ စီးပွားရေးလုပ်ငန်း အကျိုးတူ ပူးပေါင်းဆောင်ရွက်ကြဖို့ မလေးရှားဘက်က သဘောတူခဲ့ပါတယ်။ အပြန်အလှန်အနေနဲ့ စင်္ကာပူဘက်ကလည်း Tanjong Pagar-တန်ဂျွန်ပါဂါ မီးရထားဘူတာနေရာမှာ ပရိုက်ဗိတ်လီမိတက်ကုမ္ပဏီတစ်ခု တည်ဆောက်ပြီး မလေးရှား ၆၀% ၊ စင်္ကာပူ ၄၀%အတိုင်း အကျိုးအမြတ် ခွဲဝေကြဖို့ သဘောတူခဲ့ပါတယ်။

အဲဒီမှာ ဘယ်လိုဖြစ်ကြတယ် မပြောတတ်ပါဘူး။ နားလည်မှုတွေ လွဲကြပြီး စင်္ကာပူက သဘောတူညီမှုကို ချက်ချင်းအကောင်အထည်ဖော်လိုပြီး မလေးရှားဘက်ကတော့ ဘူတာရွှေ့ပြောင်းဖို့ ဆုံးဖြတ်ချက် ကျပြီးမှ ဖြစ်မယ်လို့ ဆိုခဲ့ကြရင်းကနေ ညှိမရဖြစ်ခဲ့လိုက်ကြတာ...ခုလက်ရှိ ၂၀၁၁ ကျမှ အပြီးသတ်ကြပါတော့တယ်။ မူလက ဘူတာရုံ ရွှေ့ဖို့လျာထားတဲ့ Bukit Timah-ဘူကစ်တီးမားကို မဟုတ်ဘဲ Woodlands-သစ်တောမြေအထိ ရွှေ့ပေးဖို့
မလေးရှားဘက်က သဘောတူခဲ့တာ ဖြစ်ပါတယ်။ တခြား အပြန်အလှန် သဘောတူညီချက်တွေ၊ ပူးပေါင်းဆောင်ရွက်ရေး  ရှေ့လုပ်ငန်းစဉ်တွေလည်း ညှိနှိုင်းခဲ့ကြပါသေးတယ်။



Bukit Timah-ဘူကစ်တီးမား ဘူတာရုံကလေး



တန်ဂျွန်ဘာဂါဘူတာကနေ ရထားပို့ဆောင်ဆက်သွယ်ရေးကို ပြုလုပ်တော့မှာ မဟုတ်ပေမဲ့ ပင်မဘူတာရုံ အဆောက်အဦးကိုတော့ National Monument of Singapore အဖြစ်သတ်မှတ်ပြီး ဆက်လက်ထားရှိဖို့ နှစ်နိုင်ငံ သဘောတူညီမှုတွေရခဲ့တဲ့ ဧပြီလ ၉ရက်နေ့က ဆုံးဖြတ်ခဲ့ကြပါတယ်။ တကယ်လည်း ထားသင့်ပါတယ်။ ကြည့်ပါဦး ဘယ်လောက် ထုနဲ့ထည်နဲ့ ဆောက်ထားတဲ့ ရှေးလက်ရာ အဆောက်အဦးကြီးလဲ ဆိုတာ...။








မလေးရှားနိုင်ငံ လွတ်လပ်ရေးရအပြီး
(၁၉၆၂ခုနှစ်)မှာ အဲဒီ လှပထည်ဝါတဲ့ ဗြိတိသျှလက်ရာ ဘူတာရုံအဆောက်အဦးကြီးကို Keretapi Tanah Melayu (KTM) သို့မဟုတ် Malayan Railways Limited လို့ နာမည်တပ်ခဲ့ပြီး မြန်မာလိုတော့  "မလေးရှား မီးရထားပို့ဆောင်ဆက်သွယ်ရေး" ပေါ့လေ။ ဟိုးအရင် ဗြိတိသျှကိုလိုနီခေတ်ရဲ့ ကာလများဆီတုန်းကတော့ FMSR-Federated Malay States Railways လို့ ခေါ်ခဲ့ပါသတဲ့။ အဲဒါကြီးကို French construction firm တစ်ခုဖြစ်တဲ့ Brossard and Mopin Ltd က ဖို့မြေ (Reclaimed Land) ပေါ်မှာ ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၃၂ ခုနှစ် မေလ ၂ရက်နေ့မှာ တရားဝင် ဖွင့်လှစ်ပေးခဲ့တာပါ။

F M S R လို့ အတိုကောက် ရေးထိုးထားတဲ့ စာလုံးတစ်ခုချင်းစီရဲ့ အောက်ခြေမှာတော့ အီတလီနိုင်ငံသား Rudolfo Nolli ရဲ့ လက်ရာ အဖြူရောင် ကျောက်ရုပ်တုကြီး ၄ခုကို တွေ့နိုင်ပါတယ်။ အဲဒီ ကျောက်ရုပ်တုကြီး ၄ခုဟာ စင်္ကာပူ-မလေးရှား နှစ်နိုင်ငံရဲ့ စီးပွားရေး ဒေါက်တိုင်ကြီး ၄ခုဖြစ်တဲ့ စိုက်ပျိုးရေး၊ ကူးသန်းရောင်းဝယ်ရေး၊ သယ်ယူပို့ဆောင်ရေးနဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေကို ကိုယ်စားပြုတယ်လို့ ဆိုပါတယ်။




ဘူတာရုံအတွင်းဘက် နံရံပေါ်က ဆေးရေးပန်းချီကားတွေ...


ခုတော့ ဒီသံလမ်းတွေကို ဖျက်ပစ်တော့မှာပါ။ နှစ်ပေါင်း  ၇၉နှစ် (၁၉၃၂-၂၀၁၁) သက်တမ်းရှိခဲ့တဲ့ မီးရထားလမ်းတစ်ခုအပေါ် လူတွေ ဘယ်လောက်တောင် ငြိတွယ်မှုတွေ ရှိခဲ့ကြပါလိမ့်မလဲ။ ကျွန်မ တွေးကြည့်မိပါတယ်။

နောက်ဆုံးရထားကိုတော့ ဇွန်လ ၃၀ရက်နေ့ ည ၁၁ နာရီမှာ ဂျိုဟိုးနယ်ရဲ့ စူလတန် Ibrahim Iskandarကိုယ်တိုင် မောင်းနှင် ထွက်ခွာသွားခဲ့ပြီး၊ နာရီပိုင်းအကြာ ဂျူလိုင် ၁ရက်နေ့အကူးမှာ တရားဝင် ပိတ်ကြောင်း ကြေငြာခဲ့ပါတယ်။ ရထားအသွားအလာ မရှိတော့ပြီဖြစ်တဲ့ အဲဒီ သံလမ်းပေါ်မှာ အမှတ်တရ  လမ်းလျှောက်ကြ၊ ဓါတ်ပုံရိုက်နိုင်ကြဖို့ ပြည်သူလူထုကို နှစ်ပတ်တိတိ ခွင့်ပြု ဖွင့်လှစ်ပေးထားခဲ့ပါသေးတယ်။ 









သံလမ်းဘေးက ပန်းချီကျော်တွေရဲ့ နံရံဆေးရေး လက်ရာ...






ကွန်ကရစ် ဇလီဖားတုံးပေါ်က KTM အမှတ်အသား...















နောင်တစ်ချိန်မှာ စကားအဖြစ်ပဲ ပြောပြနိုင်တော့မဲ့၊ မှတ်တမ်းတင် ဓါတ်ပုံတွေကနေ တစ်ဆင့်ပဲ ကြည့်ရှုနိုင်တော့မဲ့ အဲဒီ မီးရထားသံလမ်းပေါ် အမှတ်တရ သွားရောက် လျှောက်လှမ်းခဲ့ကြသူတွေ အများကြီးပါ။ ကင်မရာကြီးသေး ကိုယ်စီနဲ့ ပေါ့။ တကယ့် အမှတ်တရတစ်ခုပါပဲ။ 

ခုတော့ တကယ်ပဲ ရာဇဝင်ထဲမှာ "မီးရထားသံလမ်း"ကို ထားရစ်ခဲ့ကြရပါပြီ.....




 


Ref. and Photos Credit:http://en.wikipedia.org/wiki/Tanjong_Pagar_railway_station
http://infopedia.nl.sg/articles/SIP_954_2005-01-10.html
ပုံတစ်ချို့ :ညီမဖြူမေ နဲ့ ကိုယ်တိုင်


ကျွန်မနဲ့အတူ ဓါတ်ပုံရိုက် သွားခဲ့ကြတဲ့ ညီမလေး နှစ်ယောက်နဲ့ မောင်လေး တစ်ယောက်ကိုလည်း ကျေးဇူး အများကြီး တင်ပါတယ်...:)

Sunday, July 10, 2011

ရှန့်ဟိုင်း မင်္ဂလာပွဲလေးတစ်ခုအကြောင်း

မနေ့က အဖြစ်ကတော့ မပြောချင်ဘူး၊ ပြော ကို မပြောချင်ဘူး။ မနေ့က တနေ့လုံးလိုလို ကျွန်မက အပြင်မှာ၊ နေ့လည်ဘက် အိမ်ကို ခဏပြန်ရောက်တဲ့ အချိန်မှာ အိမ်ကလူကြီးက သိုးနေအောင် အိပ်နေတာ။ သူက ညဂျူတီ ဆယ်ရက် ဆက်ဆင်းပေးနေရတာလေ။ ကျွန်မကဖြင့် မနက်ပိုင်းက ရထားသံလမ်း ဓါတ်ပုံ သွားရိုက်ခဲ့ပြီး၊ ညနေကျတော့ အရင် P&G ရုံးမှာ အတူလုပ်ခဲ့တဲ့ တရုတ်မလေးရဲ့ မင်္ဂလာဆောင်ကို သွားလိုက်တာ ည ၁၂နာရီ ထိုးခါနီးမှ အိမ်ပြန်ရောက်တော့တယ်။ ကျွန်မ အိမ်ပြန်ရောက်ချိန်မှာ သူက အလုပ်ထဲမှာ။ ကိုယ့်ကိုယ်ကို မပိုင်ဘဲ ပြည်သူက ပိုင်တာပါလားလို့ တွေးရင်း ဝမ်းနည်းသွားတယ်:) အလုပ်ကိစ္စတွေကိုယ်စီနဲ့ နှစ်ပတ်မလည်နိုင်ကြတဲ့ ကျွန်မတို့အဖြစ်က စိတ်နုသူများဆိုရင်ဖြင့် မျက်ရည်ကျလောက်ပါရဲ့။

မနက်ပိုင်း တပိုင်းလုံး ဓါတ်ပုံထွက်ရိုက်ခဲ့တာက တစ်ကြောင်း၊ ပိုစ့်တင်ဖို့ ရည်ရွယ်ချက် မရှိတာက တစ်ကြောင်း အဲဒီလို နှစ်ကြောင်းသော အချက်ကြောင့် ကင်မရာ အိမ်မှာထားခဲ့ပြီး ပေါ့ပေါ့ပါးပါးပဲ သွားခဲ့လိုက်တာ ဟိုကျမှ နောင်တတွေ ထိုင်သီနေရတော့တာ။

မင်္ဂလာဆောင်က Grand Shanghai ဆိုတဲ့ Restaurantမှာ လုပ်တာပါ။ ဝင်သွားတာနဲ့ အနီရောင်တွေ ခပ်များများသုံးပြီး ပြင်ဆင်ထားတဲ့ ခမ်းမကို ကြည့်၊ စားပွဲအပြင်အဆင်တွေ ကြည့်ရင်း တကယ့်ကို ရှန့်ဟိုင်းရောက်နေသလို ခံစားရတာပါ။ ကျွန်မက သတို့သမီးအကြောင်း သိသူပီပီ သူဟာ အင်မတန် စေ့စပ်သေချာလွန်းသူမို့ သူ့မင်္ဂလာဆောင်မှာ ဟာကွက်မရှိမှာကို သေချာခဲ့ပြီးသားပါ။ တိုက်တိုက်ဆိုင်ဆိုင် သူနဲ့ကျွန်မက P&Gကို အလုပ်ဝင်ရက် တရက်ထဲ ဖြစ်ခဲ့ပြီး ထွက်တော့လည်း မရှေးမနှောင်း ထွက်ခဲ့ကြသူတွေ။ မနေ့ညက အားလုံး ၅ယောက် ပြန်တွေ့ခဲ့ကြတဲ့အထဲမှာ ၂ယောက်ပဲ ခုထိ P&Gမှာ ဆက်မြဲနေကြပြီး သတို့သမီး၊ ကျွန်မနဲ့ ကျန်တစ်ယောက်က အလုပ်အသစ်တွေမှာပါ။ အသစ်သာဆိုရတယ်၊ P&Gက ထွက်ခဲ့ကြတာ ၃နှစ်တောင် ရှိခဲ့ပါပြီ။ ဒါပေမဲ့ ကျွန်မတို့ အချင်းချင်း အမြဲ အဆက်အသွယ်ရှိကြတဲ့အပြင် ၃လတကြိမ် တွေ့ဆုံစားသောက်လေ့ရှိကြတာပါ။

အစားအသောက်တွေ စားရတဲ့အခါမှာတော့ သူဘာ့ကြောင့် ဒီဆိုင်ကို ရွေးရသလဲဆိုတာ ကျွန်မ ကောင်းကောင်း သိသွားခဲ့ရပါတယ်။ ပွဲတိုင်း ပွဲတိုင်းဟာ သူ့အရသာနဲ့သူ စားကောင်းလွန်းနေတယ်။ အလယ်မှာ ပွဲကြီးတပွဲထဲ ချတာမျိုး မဟုတ်ဘဲ တယောက်တပွဲစီ ကျွေးပါတယ်။

တဆိုင်လုံးရဲ့ နီကြင်ကြင်မီးရောင်ကြောင့် ဟန်းဖုန်းနဲ့ ရိုက်တဲ့အခါ အရောင်ထွက် အင်မတန်ဆိုးပါတယ်။ ပုံတွေကို သည်းခံ ကြည့်ပေးကြပါနော်...

Cold Dish Combination


Shark's Fin Soup-ကျွန်မက အဲဒါ မသောက်ဘူး...


Sauteed Prawns with Salted Egg Yolk
ကိုလှစောတွေ များမှန်းသိတယ် ဒါပေမဲ့ စားကောင်းတယ်၊ နောက်မှ ဆေးသောက်ကြတာပေါ့ 


Braised Abalone with Black Mushroom Spinach-ဘေဘီ အဘယ်လုံနီ...:)


Fillet of Smoked Duck and Pau-ဘဲအရေခွံက ပါးပါးကြွပ်ကြွပ်လေး...:)


Steamed Soon Hock with Soya Sauce


Deep Fried Scallops with Yam


Shanghai Pork and Crabmeat Dumplings
ထိပ်စုစုလေးကို ကိုက်ဖောက်ပြီး အထဲက အရည်လေးတွေ စုပ်သောက်၊ ပြီးမှ ဂျင်းဖတ်လေးတွေနဲ့ တွဲစားရတာ၊ ဒါမျိုး  DinTaiFung မှာလည်း ရှိတယ်...


Chilled Sago with Pomelo and mango






Chello နဲ့ စန္ဒရား အရမ်းကြိုက်တယ် နားထောင်ရတာ အရသာရှိတယ်:)


တရုတ်သီချင်းတွေပဲဆိုတာ ရှန့်ဟိုင်းမှာ ညစာ စားနေရသလိုပဲ၊ တကယ် ရှန့်ဟိုင်းရောက်နေသလို ဆိုင်တခုလုံးထဲမှာ ရှန့်ဟိုင်း အငွေ့အသက်တွေရအောင် ဖန်တီးထားတယ်...


ပိုစ့်မတင်ပါဘူးလေ ဆိုပေမဲ့ အစားအသောက် ညွှန်းချင်လို့ တင်လိုက်ပါတယ်။ မင်္ဂလာညစာ ဘယ်မှာ ကျွေးရင်ကောင်းမလဲ စဉ်းစားနေသူမောင်နှံတွေ အတွက်ပါ။

Dennisက ဒေါ်ဝါဝါဝင်းရွှေသား ဝါဇင်နဲ့ ခပ်ဆင်ဆင်ရယ်...


Dennis နဲ့ Carol တို့ ဇနီးမောင်နှံ ရာသက်ပန် ရိုးမြေကျ ပေါင်းကြရပါစေလို့ ဆုတောင်းလိုက်ပါတယ်... 


Friday, July 8, 2011

ချစ်ခွန်းတုံ့တင်...နှောင်တွယ်ငင်လျက်...

ဘယ်ပွဲပဲ တက်တက်၊ ဘယ်ကိုပဲ သွားသွား အတူသွားကြဖို့ ရည်ရွယ်တာပါပဲ။ ဒါပေမဲ့ အနားနီးတော့ သူ့အလုပ်က ကဖျက်ယဖျက်လုပ်ပြန်ရော...။ ဒါနဲ့ပဲ ကျွန်မမှာ အိမ်ကလူကြီးမပါဘဲ တစ်ယောက်ထဲ သွားလာနေရတော့တာ...။ ဘယ်လောက်များလည်းဆို တစ်ချို့က ကျွန်မကို အပျိုကြီးလို့ မှတ်နေကြတဲ့ အထိပါပဲ။ 

ကဲ...ကျွန်မ အပျိုကြီး မဟုတ်ပါဘူးနော်၊ ၉ရက် ဂျူလိုင်က ကျွန်မတို့ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့ပါ။


အချစ်ဆိုတာကို မယုံတဲ့ ကျွန်မအတွက်တော့ အချစ်ရဲ့ ဟိုးဘက်စွန်းထိ ပိုသာလွန်းတဲ့ သူ့ရဲ့ အိမ်ထောင်ဘက်လို တစ်သွယ်၊ ဖခင်လို တစ်ဖုံ၊ အစ်ကိုတစ်ယောက်လို တစ်မျိုး မရိုးနိုင်တဲ့ မေတ္တာတွေ အကြားမှာ နှစ်သက်လွန်းစွာ စီးမျောခွင့်ရခဲ့တာ ၁၁နှစ် တိုင်ခဲ့ပါပြီ။ ကျွန်မ အင်မတန်မှ ကံကောင်းလွန်းသူပါ....

မနေ့တနေ့ကလိုပါပဲလေ၊ အချိန်တွေ အကုန် မြန်လိုက်ပုံများ....။


Monday, July 4, 2011

အရူးတစ်ယောက် လမ်းပေါ်မှာ...


အရူးက ပြောနေတယ် တတွတ်တွတ်ပဲ ငါ့ခေါင်းထဲက တရွရွထိုးနေတဲ့ပိုးတွေ ကူထုတ်ပေးကြပါတဲ့ အရူးက အော်ဟစ်နေတယ်  နေစမ်းပါဦး ခင်ဗျားတို့က ဘာလဲ ခင်ဗျားတို့ကရော အရူးမဟုတ်လို့လား လူ့ဘဝကြီးဟာ ဒုက္ခတွေနဲ့ ဝတ်မှုန်ကူးထားတဲ့ ပျားရည်  ခု ကျုပ်က လူ့ဘဝကြီးထဲက လူမဟုတ်တော့ဘူး သွားပြီဗျာ ခင်ဗျားတို့ ဘာသိလို့တုန်း အသားတွေ ငါးတွေ အသီးအရွက်တွေတောင် တောက်စင် အဆိပ်တွေ ဖြစ်ကုန်ပြီ မက်ကောင်းဒီဇီးတဲ့ ဝက်နားရွက်ပြာတဲ့ အီကိုလိုင်းတဲ့ ဟိုဟာမစားရဲ ဒီဟာမစားရဲ ကမ္ဘာကြီး အဆိပ်တွေ တက်လိုက်ပုံက ခဲခဲလှူပ်   ရှုနေတဲ့ လေတွေထဲ အဆိပ်ငွေ့တွေ ပါမနေဘူးလို့ ခင်ဗျားလည်း မသိနိုင်ဘူးလေ  အရူးက လွယ်အိတ်ထဲက တစ်ရှူးစတွေထုတ် ခပ် သေးသေးလေးဖြစ်အောင် လုံးပြီး နှာခေါင်းပေါက်ထဲ ထိုးထည့်လိုက်တယ် ဘယ်ဘက်ပြီး ညာဘက် ဟုတ်ပြီ ခုမှ စိတ်ချသွားဟန်နဲ့ ပြုံးတယ် ကြွက်ပြုံးကလေး   အရူးက ကား လာနေတာတွေ့လို့ ပလက်ဖောင်းပေါ် ခုန်တက် ရှောင်လိုက်တယ်  ဘေးဘီဝဲယာကို မျက်လုံးပြူး မျက်ဆန်ပြူးနဲ့ ကြည့်တယ် ပြီးတော့ လွယ်အိတ်ကို ငုံ့ကြည့်ပြီး ခပ်တင်းတင်း ဖိကိုင်လိုက်တယ် ဟော ဟိုမှာ ဖုကောက် အဲဒီအထဲ ရင်ကော့ဝင်သွားတယ်  စားပွဲပေါ်က မသိမ်းရသေးတဲ့ ထမင်းတဝက် ဟင်းတခွက်အကျန်တွေကို စားနေတဲ့ ငှက်တွေကို မောင်းထုတ်ပြီး သူ အားပါးတရ စားလိုက်တယ် လက်နှစ်ဖက်လုံးနဲ့ ကြုံးကြုံးပြီး စားတယ် ခင်ဗျားတို့ ဘာသိလို့လဲ အာဖရိကကို သိလား WFS ကြားဖူးလား FAOရော သိလား လူတွေ ဘယ်လောက် ဆာလောင်နေကြတယ်ဆိုတာရော သိလား ခက်တယ် ခင်ဗျားတို့လူတွေ ခု ကျုပ်က လူ့ဘဝကြီးထဲက လူမဟုတ်တော့ဘူး သွားပြီဗျာ ပြီးတော့ ကားလမ်းမအလယ် ထွက် ဘတ်စ်တစီးကို လက်ပြ တားစီးလိုက်တယ် ကားပေါ်ရောက်တော့ ဘေးဘီဝဲယာကို အကဲခတ်တယ် စိတ်ချရပြီဆိုမှ လွယ်အိတ်ထဲက တစ်ရှူးစတွေ ထုတ်ပြီး မျက်နှာပေါ်တည့်တည့်ထိုးနေတဲ့ အဲကွန်းက လေပေါက်တွေထဲ ထိုးထည့်လိုက်တယ် အဆိပ်တွေ အဆိပ်တွေတဲ့ ပါးစပ်ကလည်း ရွစိရွစိ ရွတ်လို့  ဂိတ်ဆုံးရောက်တော့ ကားပေါ်က မဆင်းသေးဘဲ ဒီကား နတ်ပြည်ရောက်လားတဲ့ မောင်းသူကို မေးတယ် ခေါင်းခါပြလိုက်တော့ ဟာ ကားမှားစီးမိပြီ ဆောရီး ဆိုပြီး ကားပေါ်က ခုန်ဆင်းလိုက်တယ် စိတ်သွားရာနောက် ကောက်ကောက် ပါအောင် လျှောက်နေတဲ့ ခြေထောက်တွေနဲ့အရူးဟာ တနေရာရောက်တော့ ခုံတန်းတခုမှာ ထိုင်လိုက် တယ် ဘေးဘီဝဲယာကို မျက်လုံးစွေပြီး အကဲခတ်တယ် သေချာပြီဆိုမှ လွယ်အိတ်ထဲက ပစ္စည်းတွေကို ခုံပေါ် သွန်ချလိုက်တယ် ဘီးအကြိုးတချောင်း တစ်ရှူးသုံးထုပ် နားဖာကလော်တချောင်း ငှက်မွှေးနားကြပ်တံတခု သတင်းစာစက္ကူတထပ် ငွေအကြွေစေ့တွေ မှန်တဘက်ပြုတ်နေတဲ့ ကော်ကိုင်း မျက်မှန်တလက် ဘောက်ချာဖြတ်ပိုင်းတွေ   စုဆောင်းမိသမျှ ပစ္စည်းတွေကို  လက်နှစ်ဘက်နဲ့  ဝလုံးပုံဝိုင်းပြီး ထွေးပိုက်ထားရင်း မျက်လုံးတွေအရောင်တလက်လက် ထွက်လာအောင် တစိမ့်စိမ့် ပြုံး ကြည့်တယ် အားရပြီဆိုမှ လွယ်အိတ်ထဲ ပြန်သိမ်းလိုက်တယ် ဘေးဘီဝဲယာကို ကျီးကြည့် ကြည့်တယ် လူတယောက် သူ သိတ်မသင်္ကာဘူး သူ့လွယ်အိတ်တွေကို စိုက်ကြည့်နေလိုက်တာ သူ အဲဒီနေရာက အမြန်ပြေးထွက်လိုက်တယ် လွယ်အိတ်ကြီးကိုလည်း လက်တဘက်က ခပ်တင်းတင်း ဖိအုပ်ကိုင်လို့ ပြေးနေတယ် ဟော ရှေ့မှာ မြစ်ကူးတံတား အရူးဟာ ဆက်ပြေးတယ် ရှေ့ဆက်ပြေးတယ် တခုခုကို တွေးမိဟန်နဲ့ ခဏရပ်လိုက်တယ် လွယ်အိတ်ကို ရင်ခွင်ထဲ တင်းတင်းပိုက်လိုက်ရင်း အော်ဟစ်ရယ်လိုက်သေးတယ်  စိတ်ကြိုး ပြတ်နေတဲ့ အရူးဟာ သူ မကြာခင်မှာပဲ နတ်ပြည်ရောက်တော့မှာလို့ ခပ်ပြုံးပြုံး ပြောနေရင်း ရေထဲ ဝုန်းကနဲ ခုန်ချလိုက်တယ် ခု ကျုပ်က လူ့ဘဝကြီးထဲက လူမဟုတ်တော့ဘူး သွားပြီဗျာ


ဝေါဟာရ
တောက်စင်-Toxin
မက်ကောင်းဒီဇီး-Mad Cow Disease
အီကိုလိုင်း-E.Coli
WFS-World Food Summit
FAO-Food and Agriculture Organization
ဖုကောက်-Food Court


Saturday, July 2, 2011

ပြိုင်တူတွန်းလျင်...

ငယ်ငယ်တုန်းက ကျွန်မတို့ကို ကောင်းစေချင်တဲ့ဆန္ဒနဲ့ အမေ တစ်ခုခုလုပ်ခိုင်းတာကို မလုပ်တဲ့အခါ "နင်တို့ကို ဇိကုပ်ပြီး နတ်ပြည်တင်ပေးနေတာ နားလည်လား" လို့ အမေပြောလေ့ရှိတာ သတိရမိတယ်။ ကျွန်မ အလှည့်ရောက်လာတဲ့အခါ ပရဟိတ အဖွဲ့အစည်း တစ်ခုခုအတွက် အလှူငွေကောက်တိုင်း ပြောမနာ ဆိုမနာ သူငယ်ချင်းတွေကိုဆို "နင်တို့ အလှူငွေထည့်ကြ၊ ငါက ဇိကုပ် နတ်ပြည်တင်ပေးနေတာနော်၊ ကပ်စေးကုတ်မနေကြနဲ့ အဲဒါပဲ" လို့ ဖိအားပေးပြီး အလှူခံခဲ့မိတာကို သတိရမိပြန်တယ်။ ခုလည်း ထိုနည်းလည်းကောင်းပါပဲ၊ ကျွန်မမှာ ဇိကုပ် နတ်ပြည်တင်ပေးဖို့၊ တနည်းဆိုရရင် "အကျိုးမျှော်၍   နှိုးဆော် လိုက်ရပါသည်" ဆိုတာမျိုး လုပ်ဖို့အချိန် ကျရောက်လာပြန်ပါပြီ။

ကျွန်မ မျက်နှာက အလှူခံပုံးပုံ ပေါက်ပြီးသားမို့ ရှေ့မျက်နှာ ရှေ့ထားပြီးတော့ပဲ ပြောလိုက်ချင်ပါရဲ့။  အလှူခံ ချင်ပါတယ်။ ငွေအား၊ လူအား၊ ဉာဏ်ပညာအား အစရှိသဖြင့် တတ်စွမ်းသမျှ ပါဝင်လှူဒါန်းကြဖို့ တိုက်တွန်းနှိုးဆော်ပါရစေ။ အကြောင်းရင်း ရည်ရွယ်ချက်ကို အသေး မစိတ်တစိတ် ပြောပြပါမယ်။ အဖွဲ့ရဲ့ လှုပ်ရှားမှုအသေးစိတ်သတင်းတွေကိုတော့ ရသအလင်းဖောင်ဒေးရှင်း မိတ်ဆက် (အိန္ဒြာရဲ့ ဘလော့ဂ်) မှာ အသေးစိတ် ဖော်ပြထားပါတယ်။

မိတ်ဆွေများထဲမှာ သိပြီး၊ ပါဝင်လှူဒါန်းပြီးနေကြသူတွေလည်း ရှိကြမှာပါ။ ဒီလိုပါ။ စင်ကာပူနိုင်ငံမှာရှိတဲ့ အနုပညာချစ်မက်သူတွေ စုစည်းထားကြတဲ့ "ရသအလင်း ဖောင်ဒေးရှင်း" ဆိုတဲ့ အဖွဲ့လေးတဖွဲ့နဲ့ ရင်းနှီးနွေးထွေးစေချင်တာပါ။ အဖွဲ့လေးရဲ့ ရည်ရွယ်ချက်က မြန်မာပြည်မှာ ရှိကြတဲ့ စာပေအနုပညာရှင်များ ရဲ့ ကျန်းမာရေးထောက်ပံ့မှုအတွက် တတ်နိုင်သလောက် ဝိုင်းဝန်း ဝါးကူပေးကြဖို့ပါ။

အနုပညာရှင်တွေထဲမှာမှ စာပေအနုပညာရှင်က ပိုပြီး ချို့တဲ့လေ့ရှိကြတာ အားလုံးအသိပါ။ သို့သော် သူတို့ဟာ စီးပွားရေးအရသာ ချို့တဲ့ချင် ချို့တဲ့မယ်၊ အနုပညာတော့ ကြွယ်ပိုးကြွယ်ဝရှိကြတဲ့ လူတန်းစားတွေ။  စာတွေ၊ ကဗျာတွေ ဖန်တီးမှုထဲ သူတို့ဘဝတစ်ခုလုံး ပုံအပ်မြှုတ်နှံထားကြသူတွေ။ ထမင်းစားဖို့ အနုပညာလုပ်ကြတာ မဟုတ်ဘူး၊ အနုပညာဆက်လက် ဖန်တီးနိုင်ဖို့ ထမင်းစားကြတာ...ဆိုတဲ့ လူတွေ။

သူတို့ ဖန်တီးထားတဲ့ စာတွေ၊ ကဗျာတွေ၊ ကာတွန်းတွေဆီက အားအင်တွေ၊ မျှော်လင့်ချက် အလင်းရောင်တွေ၊ မနက်ဖြန်များစွာတွေကို ကျွန်မတို့ ခံစားခဲ့ကြ၊ စားသုံးခဲ့ကြဖူးပြီ။ အဲသည်လို ဘဝကို ရိုးရှင်းစွာဖြတ်သန်းရင်း အနုပညာနဲ့ ပြည်သူတွေကို အကျိုးပြုခဲ့၊ အကျိုးပြုနေဆဲ စာပေအနုပညာရှင်များကို အနုပညာ ခံစားသူအနေနဲ့  ကျွန်မတို့ ဘာတွေများ ပြန်လည် တုံ့ပြန် ပေးဆပ်နိုင်ကြပါမလဲ။

ဇရာ၊ ဗျာဓိ ဆိုတဲ့ အိုခြင်း၊ နာခြင်းဟာ သတ္တဝါတိုင်း မရှောင်မလွှဲသာ ကြုံကြရတာ ဖြစ်လေတော့ သူတို့ရဲ့ အိုချိန်၊ နာချိန်တွေမှာ လူရော စိတ်ပါ နာလန်ထဖို့ဆိုတာ မိတ်ဆွေကောင်းတွေရဲ့ ဖေးမမှုက အဓိကကျပါတယ်။ ဒီလိုအချိန်မှာ ကျွန်မတို့ဘက်က တတ်စွမ်းသလောက် ပြန်လည်ကျေးဇူးဆပ်နိုင်ကြဖို့ ပါ။ ကျေးဇူးရှိသူတွေအပေါ် ကျေးဇူးသိတတ်၍ တုံ့လှယ် ပေးဆပ်ခြင်းသည် မင်္ဂလာတစ်ပါးပဲ မဟုတ်ပါ လားရှင်...။    

ထုံးစံအတိုင်း...အဖွဲ့အစည်းလေးတစ်ခု ဖြစ်လာဖို့ လူအား၊ ငွေအား၊ ဉာဏ်ပညာအားတွေ များစွာ လိုအပ် ပါတယ်။ လစဉ်အလှူငွေအဖြစ် စင်္ကာပူဒေါ်လာ ၂၀ သတ်မှတ်ထားပါတယ်။ သို့သော် မိမိအဆင်ပြေတဲ့ ငွေပမာဏလှူလည်း ရပါတယ်။ မွေးနေ့အမှတ်တရ၊ မင်္ဂလာနှစ်ပတ်လည်၊ တိုတိုပေါက်လို့ ဘာညာ...အဲသလို အထူးအလှူငွေတွေကိုလည်း ဝမ်းမြောက်ဝမ်းသာစွာ လက်ခံပါတယ်ရှင်။ အဖွဲ့ရဲ့ ဘဏ်အကောင့်က 194 – 63221 – 5   Posb Savingပါ။ နိုင်ငံရပ်ခြားက အလှူရှင်တွေအတွက်လည်း Paypalနဲ့ ထည့်ဝင်လှူဒါန်းနိုင်ဖို့ အစီအစဉ် ရှိပါတယ်။ အဖွဲရဲ့ ဝက်ဘ်ပိတ်ခ်ျလေး ကိုလည်း ဒီမှာ သွားရောက်လည်ပတ် ဖတ်ရှူရင်း သဒ္ဒါပွားနိုင်ကြပါတယ်။

ဝက်ဘ်ပိတ်ခ်ျဆိုလို့ ဒီနေရာကနေ ကျေးဇူးစကား ဆိုပါရစေ၊ မအားမလပ်တဲ့ အလုပ်၊ မိသားစုတာဝန်တွေကြားကနေ အဖွဲ့ရဲ့ ဝက်ဘ်ပိတ်ခ်ျလေး အခုလို ဖြစ်လာဖို့ စေတနာ၊ သဒ္ဒါထက်သန်စွာ လုပ်အားအလှူပေးတဲ့ သားသားအဂ္ဂတို့အမေနဲ့ မိသားစုလေးကို အထူး ကျေးဇူးတင်ကြောင်း အဖွဲ့ရဲ့ကိုယ်စား ပြောပါရစေရှင်။ တဆက်တည်းမှာပဲ ကျွန်မတို့ ဝက်ဘ်ပိတ်ခ်ျအတွက် Contributor တစ်ယောက်လောက် လိုချင်ပါတယ်။ လုပ်အားအလှူပေးလိုသူ၊ ဝက်ဘ်ကျွမ်းကျင်သူတယောက်..."သင့်ကို ရသအလင်းမှ အလိုရှိနေပါတယ်"။ ပြီးတော့ မိမိကိုယ်ပိုင်အားလပ်ချိန်ထဲက နဲနဲလေးဖဲ့ပြီး အဖွဲ့အတွက် လုပ်အားအလှူပေးနိုင်မယ့် အမှုဆောင်အသစ်တွေလည်း လိုအပ်နေပါသေးတယ်။

အားလုံး တက်ညီလက်ညီ တစ်ယောက် တစ်လက် ဝိုင်းကူ တွန်းရွှေ့ကြရင်၊ ပြိုင်တူ တွန်းကြရင်ဖြင့် ရှေ့ကို ရွေ့နိုင်မယ် မဟုတ်ပါလားရှင်....

Related Posts to read :

ကိုဇက်ဖှာရဲ့ ပိုစ့်

အိန္ဒြာရဲ့ပိုစ့် (ရသအလင်းဖောင်ဒေးရှင်း မိတ်ဆက်)