Tuesday, June 14, 2011

မောင်ကြီးနှမ လက်ဆင်

ခုခေတ် ရွာထဲက လူငယ်တွေကို မောင်ကြီးနှမ သိလား မေးရင်ဖြင့် ဘယ်သူမှ သိကြမယ် မဟုတ်ပေဘူး။ သို့ပေမဲ့ " မောင်ကြီးနှမ လက်ဆင်" ဆိုတာကိုတော့ဖြင့် ကြားရဖန်များလို့ နားရည်ဝနေခဲ့ကြရော့မယ်။ ဟိုး လွန်ခဲ့တဲ့ နှစ် အစိတ်-သုံးဆယ်လောက်ကဆို ဒီရွာထဲမယ် မောင်ကြီးနှမဆို မသိသူ ရှိကိုမရှိဘူး။ မရှိဆို အိမ်တိုင်းလိုလို သူတို့လက်နဲ့ မကင်းကြပဲကိုး။ မကင်းဆို မောင်ကြီး နှမဆိုတာ တခြားဟုတ်ရိုးလား၊ ကျုပ်တို့ ရွာထဲက အနှိပ်သည် လင်မယားရယ်။

ကျုပ်တို့ရွာထဲ လူသစ်တွေ လာ အခြေချကြ၊ လူဟောင်းတွေ စွန့်ခွာသွားကြနဲ့ ကျုပ်ဖြင့် ရွာခံလူရင်းအဖြစ်နဲ့  တွေ့နေ မြင်နေရတာများ ရိုးတောင် ရိုးလှပြီ။ ဒီထဲမှာ မောင်ကြီးနှမ ရွာထဲက ထွက်သွားပုံက သူများနဲ့ မတူဘူး။  တကယ်ဆို သူတို့ လင်မယားက ဒီရွာကို စပြီး အခြေချတဲ့နေ့ကတည်းက ဒီမှာပဲ ခေါင်းချကြပါစို့ရဲ့ဆိုတဲ့ အထဲကဗျ။ အေးလေ ဒါကလည်း ကျုပ်ဘက်က အထင်ရှိခဲ့တာ သက်သက်ရယ်။

သူတို့လင်မယား ရွာထဲ ဝင်လာတဲ့နေ့ကို ကျုပ်မျက်လုံးထဲ ခုထိ မြင်မိတုန်း။ ယောင်္ကျားလုပ်သူက သံသေတ္တာလေးတစ်လုံး လက်ကဆွဲလို့၊ ပင်နီတိုက်ပုံ ဖျင်ကြမ်းကို အောက်ခံစွပ်ကျယ်မပါဘဲ ရင်ကွဲ ဖွင့်ဝတ်လို့၊ မိန်းမလုပ်သူက ထန်းခေါက်ဖာတစ်လုံး ခေါင်းတင်ရွက်လို့၊  ပုဆိုးတစ်ထည်နဲ့ ဖြစ်သလို ချည်ထားတဲ့ အဝတ်ထုပ်တစ်ထုတ်က ဘယ်လက်တံတောင်ဆစ်မှာ တွဲလဲချိတ်လို့၊ အရိပ်ပန်းထည် အဖြူခံအင်္ကျီနဲ့ နက်ပြာရောင် တူတယ်လုံချည်ပေါ်မှာ ဘာအဆင် ဘာအကွက်မှန်း မပေါ်တော့တဲ့ ခါးဝတ်ကလေး ချည်လို့။ ဒါပေသိ သူတို့ နှစ်ယောက်လုံးရဲ့ မျက်လုံးတွေကဖြင့် စူးရှ တောက်ပြောင်လို့။ ဒီရွာကလေးမှာပဲ  တောက်ပလင်းလက်နိုင်တော့မဲ့ သူတို့ရဲ့ အနာဂတ်တွေ ရှိနေသလိုလို။ အဲသလို မျှော်လင့်ချက်တွေ ပွေ့ပိုက်လို့ သူတို့ ရောက်လာခဲ့ကြတယ်။

ထုံးစံအတိုင်း လူသစ်တွေကို သူကြီးဆီပို့၊ လိုအပ်တာတွေ ကူညီအပြီးမှာ သူကြီးက ကျုပ်အကွက်ဘေးက မြေလွတ်မှာ သူတို့ လင်မယား နေဖို့ နေရာ ချပေးတယ်။ ဒါဟာ သူတို့နဲ့ ကျုပ်အကြား တခြားသူတွေနဲ့ မတူတဲ့ သံယောဇဉ်အစပေါ့ဗျာ။ သူတို့ နှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက် "မောင်ကြီးရေ"  "အို နှမရဲ့" နဲ့ ခေါ်ဝေါ်ပုံဆန်းတာကြောင့် ခဏချင်းပဲ ရွာထဲမှာ "မောင်ကြီးနှမ လင်မယား" လို့ အမည်တွင်တယ်။
 

မကြာပါဘူး၊ မောင်ကြီးရော နှမပါ ရွာ လေးနဲ့ တသားတည်း ဖြစ်လာတယ်။ နှစ်ယောက်လုံး နင်းတဲ့ နှိပ်တဲ့ နေရာမှာ အင်မတန် ခြေရော လက်ပါ ပေါက်တဲ့ လင်မယား။ မောင်ကြီးက နှိပ်တဲ့ နေရာမှာ ဝါးဓါးလေးတွေ၊ ဝါးနဲ့လုပ်ထားတဲ့ ပေါက်ဆိန်လိုလို၊ တူလိုလို ဟာလေးတွေ သုံးတတ်တယ်။ ပါးစပ်ကလည်း တတွတ်တွတ် ပြောသေးတာ။

"ကျုပ် ခင်ဗျား ခြေချောင်းထိပ်ကလေးတွေ တချက်ချင်း ခေါက်မယ်၊ ဟိုးပေါင်ရင်းထိ ပူကနဲ ကျင်ကနဲ   ဖြစ်သွားလိမ့်မယ်ဗျ" တဲ့

သူပြောတဲ့အတိုင်း ပေါင်ရင်းထဲ ပူကနဲ ကျင်ကနဲ ဖြစ်သွားလိုက်တာများ။ ပြီးပြန်တော့ ခြေဖဝါး နေရာအနှံ့ သူ့ တူကလေးနဲ့ ခပ်ဆတ်ဆတ် ထုထုပြီး ဒါက သရက်ရွက်ဗျာ၊ ဒါက အသည်း၊ ဒါက နှလုံးနဲ့ အဲသလို ပြောပြောပြီး အကြောကိုမှ ထိထိမိမိ နှိပ်တာ။

ကျုပ်အကြိုက်ဆုံးကတော့ နောက်ဆုံးပိတ် ခြေတွေ လက်တွေ ချိုးနှိပ်ပေးတဲ့ အချိန်ပဲဗျို့။ အဲသလိုအချိန်မှာ စကားတွေ  အမျှင်မပြတ်ပြောတတ်တဲ့ မောင်ကြီးရဲ့ အပြော၊ သူလေးစားရတဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ စာတွေ ကဗျာတွေကို အသံနဲ့ ဌာန်နဲ့ အရွတ်အဖတ်၊ အဲဒါတွေကို ကျုပ်က တစွဲတလမ်း နားထောင်လို့ မဝနိုင် ဖြစ်ရသကိုးဗျ။ 

နှယ်နှယ်ရရတော့ မထင်လေနဲဗျို့။ မောင်ကြီးရဲ့ အဘိုးအဘေးများက နန်းတွင်းမှာ သီပေါဘုရင့် အမှုတော် ထမ်းဖူးသူများ ဖြစ်သတဲ့။ အဲဒီကနေ သားစဉ်မြေးဆက် လက်ဆင့်ကမ်းလာတဲ့ နန်းတွင်းသုံးအနှိပ်ပညာဟာ ခု မောင်ကြီးအထိ ဆိုပါတော့။ မောင်ကြီးဇာတိက ပုဂံနယ်ဘက်က ရွာလေးတစ်ရွာ ဖြစ်တယ်။ အဲဒီရွာဟာ အရင်က ဗြိတိသျှကို လက်နက်ကိုင် တော်လှန်ခဲ့တဲ့ ဗမာ့တော်လှန်ရေး ခေါင်းဆောင် ဗိုလ်ချိုရဲ့ ရွာဖြစ်တာမို့ မောင်ကြီးက သူ့ကိုယ်သူ "ဗိုလ်ချိုမြေ မောင်ကြီး" လို့ ကလောင်နာမည် ယူထားတယ်။ ပုံနှိပ်စာရယ်လို့ တလုံးတလေမှ မဖော်ပြခဲ့ဖူးပေမဲ့ သူ့ကိုယ်သူ ဗိုလ်ချိုမြေ မောင်ကြီးကနေ တပြားသားမှ မလျှော့လေဘူး။ အဲသလို ဗိုလ်ချိုမြေမောင်ကြီးနဲ့ ကျုပ်လို စာရူးပေရူး ပေါင်းလိုက်တော့ ဘာပြောကောင်းမတုန်းဗျာ၊ နှစ်ယောက်ပေါင်းပြီး သွက်သွက်ခါသွားခဲ့ကြတော့တာ။

"နဂိုက ဝါသနာအလို၊ တဗိုလ်ကျ တဗိုလ်ဆိုတဲ့ ဟိုသမယ-တို့ဗမာ အိုကွယ်...ဗိုလ်ချိုတို့ရဲ့ ထိုထိုသို့သော ငသရောက် တရွင်းတိုင်တို့ကတောင်မှ၊ ကြိုကြဆိုကြရှာ ရယ်လို့ ကျုပ်တို့ပုဂံနယ်က ဗိုလ်ချိုအကြောင်းကို ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ပုဂံရွှေစည်းခုံ ဘုရားတိုင် လေးချိုးကြီးမှာ ထည့်သွင်းစပ်ဆိုခဲ့သဗျ"  လို့ သူ့ဗိုလ်ချိုမြေကို ဂုဏ်ယူဝင့်ကြွားတဲ့ အသံဝါကြီးနဲ့ ဆိုတတ် ပြောတတ်တယ်။

"ကျုပ်အကြိုက်ဆုံး ဆရာကြီးရဲ့ လေးချိုးတပုဒ် ရှိသေးတယ်ဗျ၊ ဂဠုန်ပျံဒီပနီ ဋီကာကျမ်းမှာ စပ်ဆိုခဲ့တာ၊ အဆုံးသတ်နားမှာ စပ်ထားပုံ အတော်သင်းတာဗျို့၊ အဲဒီအချိန်က သာယာဝတီနယ်ကနေ ဂဠုန်ဆရာစံရဲ့တပ်ဖွဲ့ကြီး သူပုန်ထနေချိန်ပေါ့ဗျာ "

"ဟ လုပ်စမ်းပါဦးဟ ဗိုလ်ချိုမြေ မောင်ကြီးရ"  လို့ ကျုပ်က တချက်လောက်များ ထောက်လိုက်လို့ ကတော့....

"ဟာ ဆိုပြချင်ပါပြီလားဗျာ...နားထောင်ဗျိုး..."

"ရဂုံစံ ချစ်စရာ တပည့်တို့မှာဖြင့်၊ ဥုံ-အရဟံ သစ္စာဂတိတွေနှင့်၊ ဂဠုန် သရဏံ ဂစ္ဆာမိကြပေတော့....လို့ ဆိုထားသဗျ"

"ဟာ ကောင်းလိုက်ချက်ဗျာ၊ ဂဠုန် သရဏံ ဂစ္ဆာမိ တဲ့လားဗျ ဟားဟားဟား"

 
အဲသည်လို ကျုပ်နဲ့ အင်မတန် ပလဲနံမသင့်ခဲ့တဲ့ မောင်ကြီး။ တခါတလေများ သူ နှိပ်ဖို့အလာ ကျုပ် မပြီးသေးတဲ့ လျှော်တောင်းတွေ ဝိုင်းကူယက်ပေးလား ပေးရဲ့။ ရွာထိပ် ရေချိုတွင်းက သောက်ရေလေး တစ်ပုံးလောက် ငင်ပေးလား ပေးရဲ့။ အင်မတန် ဖင်ပေါ့တဲ့ မောင်ကြီး။

ဟော...မယ်နှမ ကျပြန်တော့ တရားဓမ္မနဲ့ ပတ်သက်လို့ အတော်လေး လေ့ကျက်နှံ့စပ်ပေတာ။

"မယ်နှမရဲ့ မေးစမ်းပါရစေ၊ လူ့ခန္ဓာကိုယ်မှာ မျက်စေ့၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်ရယ်လို့ ဒွာရရုပ် 
ခြောက်ပါးရှိသမို့လား၊ အဲဒါတွေကို ဘာကြောင့် အကြည်ဓါတ်လို့ ခေါ်တာတုန်း၊ အဲဒါလေး လင်းစမ်း ပါဦးအေ" လို့များ ကျုပ်အိမ်ကမိန်းမ မစော အနှိပ်ခံနေတုန်း မေးလိုက်ရင် အပေါ်ကနေ  ခေါင်းတွေ၊ ခါးတွေ တဂျွတ်ဂျွတ် ချိုးဖဲ့ရင်း ရှင်းလင်းပြောပြလေတော့တာ။

"အို အစောနှယ်...ပြောပြရသပေါ့တော်၊ ခန္ဓာကိုယ်မှာရှိတဲ့ ဒွာရ ခြောက်ပါးနဲ့ အာရုံတွေ ထိတွေ့တိုင်းမှာ အပွင့်ဓါတ်ကလေး တစ်ခု ပေါ်တယ်။ အဲဒါကို ပါဠိလိုတော့ ဖဿခေါ်တယ်။ အဲဒီ ဖဿကြောင့် မျက်စေ့ထဲက သန်းခေါင်း ပမာဏလောက်ရှိတဲ့ အကြည်ရုပ်လေးမှာ ပုံရိပ်ထင်တယ်။  အဲသလိုပဲ နှာခေါင်းအတွင်းမှာ ဆိတ်ခွာပုံ အကြည်ရုပ်ကြောင့် အနံ့ကို ရတယ်။ လျှာပေါ်မှာရှိတဲ့ အဖုလေးပေါင်းများစွာမှာလည်း အရသာကို ခံစားနိုင်တဲ့ အကြည်ရုပ်ကလေးတွေ ရှိကြတယ်။ လူခန္ဓာတခုလုံး ဘာနဲ့ပဲ ထိတွေ့၊ ထိတွေ့ ထိမှန်းသိတာဟာ သည်ရုပ်အကြည်တွေကြောင့်ပေါ့ အစောရဲ့။ ပမာပြောရရင် ကန်ရေပြင်ဟာ ရေကြည်မှ သူ့အပေါ် လာထင်ဟပ်သမျှ အရိပ်ထင်သလို ခန္ဓာဟာလည်း သည်ရုပ်အကြည်တွေကြောင့်ပဲ ထိသိ ခံစားနိုင်ကြတာကလား"

"ဪ...ဟုတ်ပြီ ဟုတ်ပြီ နားလည်ပါပြီကော မယ်နှမရယ်..."

အနှိပ်ပေးဖို့လာတိုင်းလည်း " မောင်ကြီးနှမရေ ခဏတော် ဒီဟင်းအိုးလေး ကြည့်ထားစမ်းပါဦး" ဆိုလည်း မငြင်းဘူး၊ အိမ်ရှေ့ မြေကပြင်မီးဖိုမှာ နောက်တစ်အိမ်ကို အနှိပ် မသွားခင်အချိန်ထိ စိတ်ပါလက်ပါ ချက်ပြုတ် ကူသွားတတ်လေရဲ့။ 


" မောင်ကြီးနှမရေ ကျုပ် ဒီမယ် လက်မအားလို့တော် အငယ်ကောင် ချေးယိုချင်လို့တဲ့အေရယ်" ဆိုလို့ကတော့ ကလေးအငယ်ကောင်ကို ချိုင်းကနေ ဆွဲမပြီး ကလေးဖင်အောက် သူ့ခြေနှစ်ချောင်း ထိုးခွင်လို့ ကလေး သေးပေါက်ချေးယို ကိစ္စကအစ မငြီးမငြူ တတ်တဲ့သူ။ ဒါကြောင့်ထင်ပါရဲ့၊ ကျုပ်တို့ ရွာတင်မက တခြားရွာနီးချင်းတွေကပါ အနှိပ်သည်ခေါ်ရင် မောင်ကြီးနှမပဲ အိမ်အပါ ခေါ်လေ့ရှိကြတယ်။

@@@@@@@@@@@@@@@@@@@@@@@

လိုက်လည်းလိုက်တဲ့ မောင်ကြီးနှမ လင်မယား...။ တိုးတက်ကြီးပွားလိုသူတိုင်း အတွက် ခြေတစ်လှမ်းတိုင်း တစ်လှမ်းတိုင်းဟာ ဘယ်လောက် အရေးကြီးကြောင်း ယုံကြည်ကြပုံ၊ ပြောလေ့ရှိကြပုံလည်း တူကြတယ်။ သူတို့ကိုယ်တိုင်လည်း ဘဝတက်လမ်းအတွက် လမ်းစမရသေးခင်မှာ အစစအရာရာ အမြဲသတိ ရှိနေကြကြောင်း၊ ရှာဖွေရသမျှ ကျစ်နေအောင် စုဆောင်းထားတဲ့ အကြောင်းတွေ ကျုပ်ကို ဖွင့်ပြောလေ့ရှိသဗျ။

တစ်ခါနှိပ်ရင် ငွေတစ်ကျပ်၊ တနေ့ သုံးအိမ်ပဲ နှိပ်ဦး၊ ဝင်ငွေ သုံးကျပ်ရှိတယ်။ ဘဲဥ ကြက်ဥတစ်လုံးမှ ဆယ့်ငါးပြား-ပြားနှစ်ဆယ်ရယ်။ တလ ဝင်ငွေ ကိုးဆယ်ဆိုတာ အဲဒီတုန်းက အင်မတန်များလှပြီ။ လင်မယား နှစ်ယောက်ပေါင်းရင် တလဝင်ငွေ တစ်ရာ့ လေးငါးဆယ် အသာလေး ဝင်တာပေါ့။ ဒါဟာ ကျုပ်တို့ခေတ်က အထက်တန်းစာရေးကြီး လစာလောက် ရှိတာ။ ဒါလည်းပဲ မောင်ကြီးနှမ လင်မယားခမျာ ပင်နီတိုက်ပုံ ဖျင်ကြမ်းနဲ့ တူတယ်လုံချည် မွဲပြာပြာက မတက်ဘူး။

စကားကြုံလို့ ပြောရဦးမယ်။ တခါက ရွာအလှူမယ် မောင်ကြီးဝတ်လာတဲ့ ပိုးတိုက်ပုံ ဖက်ဖူးစိမ်းအကြောင်း ဆိုပါတော့။ ဘယ်နှနှစ်လောက်ကများ သိမ်းထားတယ် မဆိုနိုင်ဘူး။ ခေါက်ရိုးရာ အကျိုးသားနဲ့ အင်္ကျီဟာ မောင်ကြီး လက်တစ်ဘက် အပေါ် အမြှောက်မှာ ချိုင်းအောက်က  ရိနေတဲ့ အင်္ကျီခေါက်ရိုးသား ဗြိကနဲ ကွဲထွက်တယ်။ နဂိုကမှ အင်္ကျီအသစ် ပြောင်ပြောင်လက်လက်နဲ့မို့ ဟိုကြည့်ဒီကြည့် ရှက်တက်တက်   ဖြစ်နေတဲ့ မောင်ကြီးဟာ ဗြိကနဲ အသံအကြား  "ဒီအထည်က ကျုပ်အဘ အမွေဗျ၊ မဝတ်တာ ကြာပေါ့"ဆိုပြီး ဟီးကနဲ ရှက်ရယ်တချက် မလုံမလဲ ရယ်လိုက်တာကြောင့် မရယ်မိအောင် သွားနဲ့ အောက်နှုတ်ခမ်းကို ဖိကိုက်ထားကြတဲ့ မဏ္ဍပ်ထဲကလူတွေဟာ ပတ်တုတ်လို့ မရအောင် ဝေါကနဲ ရယ်လိုက်ကြတော့တယ်။ အဲဒီကတည်းက မောင်ကြီးလည်း အသစ်ဆို ဘာကိုမှ မဝတ်တော့ဘူး။

သူတို့ခြံဝိုင်းထဲမှာ ဗူး၊ ဖရုံ၊ ခရမ်းချဉ်၊ ကင်းပုံပင်တွေနဲ့ ဟင်းပဒေသာပင်ဖြစ်လို့၊ အဲဒါတွေပဲ တလှည့်စီ ဟင်းလုပ်စားကြလေတာ။ မောင်ကြီးနှမအတွက် နေ့စဉ် ထမင်းဝိုင်းဆိုတာက ထမင်းတစ်အိုးတည်၊ ငါးပိ တစ်ယောင်းမစာ ဖုတ်၊ ခြံဝိုင်းထဲက ဘူးသီးနဲ့ ပဒါတ်စာလေး ဟင်းမချို တချို ချက်လို့
၊ ဒါကိုပဲ ပူပူလောလော စားကြ၊ သောက်ကြတာပါပဲ။

အဲသည်လို အဝတ်မှာလည်း ဝယ်မဝတ်၊ အစားမှာလည်း ခြံထွက်ရှိတာလေး ဟင်းလုပ်စား ဆိုတော့ကာ ဒီမောင်ကြီးနှမ ဝင်ငွေတွေ ဘယ်နားထားပါလိမ့်လို့ ရွာထဲကလူတွေ စဉ်းစားမိခဲ့ကြတာပေါ့။ ဒါကလည်း ရှင်းတယ်လေ။ ရပ်ရွာသာရေးနာရေးကလွဲလို့ ထွက်ငွေမရှိတဲ့ မောင်ကြီးနှမရဲ့  တလတလဝင်ငွေ တရာ့ငါးဆယ်ဆိုတာ တနှစ်ဝင်ငွေ တထောင့်ရှစ်ရာ။ ဒါဟာ ရွှေ သုံး-လေးကျပ်သား ဝယ်လို့ရတဲ့ ငွေပမာဏ ဖြစ်လေတော့ ခုဆို ရွှေ ဘယ်လောက်သားများ စုမိနေပြီလဲ။ လက်ရှိရွှေဈေး ကလည်း ခြောက်ရာကျော် ခုနှစ်ရာနား နီးလာနေတဲ့အခါ မောင်ကြီးနှမလက်ရှိ အနေအထားဟာ ရွာကလူတွေ   တွေးလည်း တွေးမိချင်စရာ ဖြစ်နေခဲ့တော့တာ။

တနေ့တော့ မောင်ကြီးတို့အိမ်ရှေ့ကို ကားကြီးကားကောင်း တစ်စီးလာရပ်တယ်။ ကားကြီးထဲက ခန္ဓာကိုယ် တုတ်တုတ်ခိုင်ခိုင်၊ ဝတ်ကောင်းစားလှနဲ့ အသားညိုညို လူတစ်ယောက် ထွက်လာပြီး မောင်ကြီးခြံဝိုင်းရှေ့ ရပ်လို့ မောင်ကြီးနှမနာမည် အော်ခေါ်လေရဲ့။ 

ခဏအကြာမှာ မောင်ကြီးထွက်လာပြီး အိမ်ရှေ့ သစ်သားကွပ်ပျစ်လေးပေါ်မှာ နှစ်ယောက်သား စကားထိုင်ပြောကြတယ်။ မယ်နှမ အကြမ်းအိုးလေး၊ အချိုလေး လာချပုံထောက်တော့ အတော် အရာရောက်တဲ့ ဧည့်သည် ဖြစ်မယ်။ ကျုပ် ထင်တဲ့အတိုင်းပါပဲ။ ဧည့်သည် ပြန်သွားတော့  မောင်ကြီးရယ် ကျုပ်အိမ်ကို ခုနင့်က ဧည့်ကျန်  အကြမ်းရည်နဲ့ကြံသကာ ပန်းကန်လေးဆွဲလို့ ရောက်ချလာပါရော။

အကြောင်းက ဒီလိုဗျ။ ကိုဧည့်သည်က အတော် ပေါက်ပေါက်ရောက်ရောက် ရှိတဲ့သူ။ မြို့ပေါ်က အရာရှိ အရာခံမင်းများဆီ တံခါးမရှိ ဓါးမရှိ ဝင်ထွက်လမ်းပေါက်နေတဲ့သူ။ နိုင်ငံရပ်ခြားတွေ ဘာတွေတောင် ရောက်ဖူးသူ ဆိုတာပဲ။ ရွာမှာက ရန်ကုန်မြို့ကြီးတောင် ကျုပ်ရယ် ဆရာတော်ရယ်လောက် ပဲ  ရောက်ဖူးကြတော့ ဒီလိုလူမျိုး နတ်သားလောက် မှတ်တော့တာ။

ဒီလူက မောင်ကြီးနှမတို့လို အနှိပ်သည်တွေ စုစည်းပြီး ရန်ကုန်မြို့ကြီးမှာ ကုမ္ပဏီလီမိတက် ဖွင့်မှာ ဖြစ်တာကြောင့် မိရိုးဖလာ မြန်မာ့အနှိပ်အနင်းပညာနဲ့ ပတ်သက်လို့ သတင်းကြီးတဲ့ မောင်ကြီးနှမကို လာရောက် ကမ်းလှမ်းခြင်း ဖြစ်သတဲ့။ ခုလိုမျိုး ဖဲထီး အနက်ရောင်အပေါ် ဆေးအဖြူနဲ့ အနှိပ်သည်ဗျို့ လို့ ရေးထားတဲ့ထီးကြီး  ဆောင်းပြီး အနီးအနား ရွာတွေကို နေပူစပ်ခါး ခြေတိုအောင် လျှောက်စရာမလို၊ အနှိပ်ခံချင်သူများက လာရောက်အနှိပ်ခံကြမှာ ဖြစ်သတဲ့။

အနှိပ်ခံလိုသူများက မိမိတို့နှစ်သက်ရာ အနှိပ်သည်ကို ရွေးချယ်နိုင်ခွင့်ရှိပြီး၊ သုံးလအတွင်း အများဆုံး အရွေးချယ်ခံရတဲ့ အနှိပ်သမား သုံးယောက် စာရင်းထဲဝင်ရင် အဲသည်အနှိပ်သမား သုံးယောက်ကို ရာထူးတိုး၊ လခတိုးပေးပြီး ကျွမ်းကျင်အနှိပ်တော်အဖြစ် အုပ်ချုပ်သူများထံ အနှိပ်ဆက်သဖို့ စေလွှတ်ခြင်းခံရမတဲ့။ အို...ကောင်းလိုက်တဲ့ အစီအမံဗျာ။

ကျုပ်ကို ပြောပြနေတဲ့ ဗိုလ်ချိုမြေမောင်ကြီးရဲ့ မျက်ဝန်းအစုံဟာ စိတ်အားထက်သန်မှုတွေနဲ့ တောက်ပလို့။ အဲသလိုသာ ရန်ကုန်မြို့ကြီးပေါ် ရောက်ရင် သူ့ရဲ့ ဝါသနာ အရင်းခံဖြစ်တဲ့ ကဗျာတွေ၊ စာတွေ ရေးနိုင်အောင် ဆက်သွယ်ကြိုးစားမယ်လို့လည်း ဆိုသေးတယ်။ ကျုပ် ယုံပါတယ်။ ဒီမောင်ကြီးနှမ လင်မယားဟာ သူတို့ ရှေ့ဆက်လှမ်းမဲ့ ခြေလှမ်းတွေအတွက် ငွေကြေးရော အသက်မွေးဝမ်းကြောင်းပညာပါ ပေါက်ရောက် ကျွမ်းကျင်ကြတဲ့အပြင် စာပေ ဗဟုသုတလည်း နှံ့စပ်၊ လောကီ လောကုတ်လည်း ပတ်ပတ်နပ်နပ် သိကြတာကြောင့် တနေ့ ထွန်းပေါက်ဦးမှာပဲ ဆိုတာ။ 

"ကျုပ်လည်းပဲ တနေ့ ရန်ကုန်ရွှေမြို့တော်ကြီးပေါ်မှာ  စာရေးဆရာ အကျော်အမော် ဖြစ်မလာဘူးလို့ ဘယ်သူပြောနိုင်မလဲဗျာ"

"ဟားဟားဟား  ဟုတ်ပါ့  ဟုတ်ပါ့ ယုံပါတယ် ဗိုလ်ချိုမြေ မောင်ကြီးရာ၊ ခင်ဗျား စာရေးဆရာ အကျော်အမော် ဖြစ်ရင်သာ ကျုပ် မမေ့နဲ့ပေါ့ဗျာ...ဟားဟားဟား"

"ဒါပေသိ ကျုပ်က ခေါင်းမညိတ်သေးပေါင်ဗျာ၊ မယ်နှမတို့၊ မိတ်ဆွေတို့နဲ့   နှီးနှောကြည့်ပါဦးမယ်   ပြောထား သဗျ"

"ကောင်းပါလေ့ဗျာ  ကောင်းပါလေ့"

အဲသည်လို ကောင်းတိုင်ပင် ဆိုးတိုင်ပင် အမျိုးအဆွေတမျှ ကျုပ်နဲ့ နီးနီးကပ်ကပ် ရှိခဲ့တဲ့ မောင်ကြီး...။

နောက် ဆယ်ရက်လောက် အကြာမှာ အဲဒီလူ တစ်ခေါက် ပြန်လာပြန်တယ်။ မကြာပါဘူး၊ နောက်တခါ တပတ်လောက်အကြာမှာ တတိယအခေါက်...။ ထုံးစံအတိုင်းပဲ ဧည့်ပြန်သွားတာနဲ့ မောင်ကြီးခမျာ ကျုပ်အိမ်ဖက် ကူးလာရှာတယ်။

"ကျုပ်တော့ သဘောတူလိုက်ပြီဗျာ...အဆောက်အဦးဓါတ်ပုံတွေ ယူလာပြတယ်ဗျို့၊ သူ့ လုပ်ငန်းက အတော် ကြီးကျယ်တာကလား"

"ဆိုပါဦးဗျာ"

"ဒီလိုဗျာ ကုမ္ပဏီမှာ အလုပ် လုပ်သူတိုင်းဟာ တနေ့မှာ ဖက်စပ် ပိုင်ရှင်ဖြစ်ခွင့် ရှိသတဲ့ဗျာ"

"ဘယ်လိုရယ်ဗျ"

"ဒီလိုဗျာ...ကျုပ်တို့အားလုံး အလုပ်ရှင်၊ အလုပ်သမား တန်းတူ ကုမ္ပဏီရဲ့ အစုရှယ်ယာ ဝယ်ယူနိုင်တယ်။ အစုရှယ်ယာ များများပိုင်လေ၊ အကျိုးအမြတ် များများရလေ၊ အစုရှယ်ယာ ဆယ့်ငါးရာခိုင်နှုန်း ပိုင်တာနဲ့ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒါရိုက်တာအဖွဲ့ဝင်အဖြစ် အကျိုး ခံစားခွင့် ရမယ်ဗျာ"

"ကျုပ်ဖြင့် နားမလည်ပေါင် ဗိုလ်ချိုမြေ မောင်ကြီးရယ်"

"နားမလည်ဆို ခင်ဗျားတို့ဟာက လေ့မှ မလေ့လာပဲကိုးဗျာ...

ပြောလည်း ခံရရုံရှိတာ။ ကျုပ်တို့ဖြင့် မောင်ကြီးလောက် စာဖတ်မကြေတာ ဝန်ခံရမှာပါပဲ။ ရွာမှာက သတင်းစာဖတ်သူရယ်လို့ ရွာဦးကျောင်းက ဆရာတော်ပြီးရင် မောင်ကြီး ရှိတာကိုး။

@@@@@@@@@@@@@@@@@@@@@@@

အဲသည်နေ့ကစလို့ " မောင်ကြီးနှမတို့လင်မယား မြို့ပေါ်တက် အလုပ် လုပ်တော့မယ်ဟေ့၊ ကုမ္ပဏီ လီမိတက်မှာ" ဆိုတဲ့သတင်းဟာ တရွာလုံး အနှံ့ တောမီးကြီးများလို  ပြန့်တယ်။ မောင်ကြီးနှမတို့   ခြံဝိုင်းလေးထဲလည်း နေ့နေ့ညည ခြေချင်းလိမ်မတတ် နှုတ်ဆက်ကြသူတွေနဲ့ စည်ကားလို့။

"မောင်ကြီးနှမရေ မြို့ရောက်ရင် ကျုပ်တို့လည်း မမေ့နဲ့ဦးဗျ နော"

"တစ်နှစ် တစ်ခေါက်လောက်တော့ ရွာပြန်လာခဲ့ပါဦးဗျ"

"လိပ်စာလေး ဘာလေးပေးခဲ့ပေါ့ဗျာ၊ ကျုပ်တို့  မြို့ရောက်တဲ့အခါ ဝင်လာရအောင်"

"ကျုပ်ကိုယ်တိုင် ဟောဒီလက်နဲ့ လုံးထားတဲ့ သဲလွတ်ခဲလွတ် ထန်းလျက်ခဲ အသန့်လေးတွေချည်း မြို့လက်ဆောင် ပေးလိုက်ဦးမယ်တော်ရေ"

"အို...အတော်ပဲ၊ မနှစ်က ဝါဖြူခင်းထဲ ဝါနီလေးနှစ်တန်းစွက်လို့ စိုက်ထားတဲ့ ဝါနီကနေ ကျုပ်ကိုယ်တိုင် ဝါကောက်ပြီး ယက္ကန်းစင်တင်ထားတဲ့ ပင်နီဖျင်ကြမ်းလေး၊ မယ်နှမအတွက် ပေးလိုက်ပါရစေတော်"

မောင်ကြီးနှမလည်း မျက်နှာထန်းလျက်တုံး ဖြစ်လို့၊ လာသမျှလူ အကြမ်းရည် တိုက်ရလွန်းလို့ မယ်နှမနှယ် ရေနွေးအိုး မီးမပြတ်ထိုးရတာဖြင့် မျက်ခွက်မှာ ထင်းမီးခိုးစွဲရော့။

တရွာလုံးမလည်း ဒါပဲ ပြောစရာဖြစ်ဆို၊ ကိုယ့်ရွာသား မြို့မှာ တူတူတန်တန် အရာဝင်တော့မှာကိုးဗျ။ ဒီတော့လည်း ဒါပဲ နေ့ရှိသရွေ့ ပြန်ပြန်ကျော့နေကြရင်းက တစ်နေ့တော့ တရွာလုံး အံ့အားကြီးသင့်ခဲ့ ရတဲ့နေ့ ရောက်လာခဲ့တော့တယ်။


မောင်ကြီးနှမရယ် သူတို့အိမ်လေးထဲ မရှိတော့ဘူး။  အိမ်ထဲမယ် ထရံမှာကပ်ထားတဲ့ ဇာတ်ပွဲကြော်ငြာ ကလွဲလို့ ဘာဆိုဘာမှ မရှိတော့တာ။ ကျုပ် အတော် အံ့ဩသွားတယ်။ ဒီလူတွေနှယ် နှုတ်ဆက်စကားလေး တခွန်းဆိုဖို့တောင် သတိမရခဲ့တာလား။ အချိန်ပဲ မရခဲ့လို့လား။ မြို့ပေါ်တက်လို့ ကြီးပွားမယ်မှ မကြံသေး၊ အနီးဆုံး ကျုပ်လိုလူကိုတောင် အရေးတယူ နှုတ်ဆက်မသွားတဲ့ အဖြစ်ရယ်။ ကျုပ်မှာ တွေးမိလေလေ ဝမ်းနည်းမိလေ...။ 


ရွာထဲမလည်း တီးတိုးတီးတိုးနဲ့ မောင်ကြီးနှမ ရွာထဲက ပျောက်သွားတဲ့ အကြောင်းချည်း ပြောကြ ပြန်တော့တယ်။ တစ်ရက်က နှစ်ရက်၊ တစ်လက နှစ်လ ကြာလာတာနဲ့ အမျှ အသံတွေလည်း တဖြည်းဖြည်း တိုးတိတ်လို့ လာတယ်။ နောက်ဆုံးတော့ ပျောက်သောသူ ရှာမတွေ့ဘဲ၊  ပျောက်သောသူ ကြာရင်မေ့ ဖြစ်ခဲ့တော့တယ်။  ခုဆို သူတို့ နေသွားတဲ့ ခြံဝိုင်းလေးထဲ လူသစ်တွေ လာရောက် အခြေချခဲ့ပြီ။ ရွာထဲက စကားဝိုင်း မလည်း  မောင်ကြီးနှမအကြောင်း ပါမလာတတ်တော့တာ ကြာခဲ့ပြီ။ အချိန်တွေ လွန်မြောက်လာတာနဲ့ အမျှ မေ့တေ့တေ့ ဖြစ်လာပြီ ဆိုပါစို့ဗျာ။ သို့သော်လည်း အမှန်ကို ဝန်ခံရရင်ဖြင့် သူတို့ နှုတ်မဆက် ဘဲ ပျောက်သွားပုံက ကျုပ်စိတ်ထဲ ပဟေဠိတစ်ခု ဖြစ်နေတုန်း...။

တနေ့တော့ ရပ်ရေးရွာရေး ဆွေးနွေးကြဖို့ ဆရာတော် အခေါ်ရှိတယ်ဆိုတာနဲ့ ရွာဦးကျောင်းဘက် ထွက်ခဲ့တယ်။ ကိစ္စက ရွာမှာ ကထိန်ခင်းကြဖို့ပါ။ နှစ်စဉ် ခင်းနေကျပေမဲ့ ဒီနှစ်ကျကာမှ ဇာတ်ပွဲသွင်းချင်တဲ့ ရွာ့မျက်နှာဖုံး အလှူ့ဒါယိကာမတွေကြောင့် အပျော်အပါးမစွက်ဘဲ ကုသိုလ်ရေး သက်သက်လုပ်ချင်တဲ့ ဆရာတော့်မှာ အခက်ကြုံရတော့တယ်။ တစ်ဘက်ကလည်း ဒကာအရင်း တွေမို့ မငြိုငြင်စေချင်ဘူးပေါ့ဗျာ။

တကယ်တမ်း ဇာတ်ပွဲသွင်းကြပြီဟေ့ဆို ရွာနီးချုပ်စပ်က ညအိပ်ညနေ ပွဲကြည့်လာကြမဲ့သူတွေ အတွက် ဧည့်ခံကျွေးမွေးဖို့ ကိုယ့်ရွာက အိမ်ရှင်ရွာအနေနဲ့ ဧည့်ဝတ်ကျေစေရမှာ။ ရွာဘုန်းကြီးကျောင်း ဆိုတာက ကျောင်းလာသမျှ ဧည့်သည် ထမင်းချိန်တန် ထမင်း ကျွေးရပေတာကိုး။ ဒီတော့ လိုအပ်တာလေး စာရင်းလုပ်ပြီး ဝယ်ရခြမ်းရအောင် ကျုပ်နဲ့အတူ လေး-ငါးယောက် ကျက်သရေခန်းထဲဆင်းပြီး လက်ကျန် ငါးပိ၊ ပဲ၊ ပုဇွန်ခြောက်၊ ငါးခြောက်တွဲတွေ ရေတွက်ကြတယ်။ အဲဒီမှာ ငါးခြောက်ထုတ်ထားတဲ့ သတင်းစာစက္ကူက စာလုံးမဲကြီးနဲ့ သတင်းတပုဒ်ကြောင့် ကျုပ် မျက်လုံးတွေ ပြာနောက်သွားခဲ့ရတယ်။

"လူလိမ်ဂိုဏ်းကြီးအား ဖော်ထုတ်ဖမ်းဆီး၍ ပုဒ်မ ၄၂၀နှင့် ရုံးတင် အရေးယူနိုင်ခဲ့ပြီ"....တဲ့။ သတင်းစာနေ့စွဲက မောင်ကြီးနှမ ရွာက မထွက်ခင်လေးတင်။

 နှစ်ခါ-သုံးခါလောက်သာ ခပ်လှမ်းလှမ်းက မြင်လိုက်ရပေမဲ့ ကျုပ် ကောင်းကောင်းကြီး မှတ်မိတယ်။ စာလုံးမဲမဲကြီးတွေအောက်မှာ သူ့ဓါတ်ပုံ...၊ ခန္ဓာကိုယ် တုတ်တုတ်ခိုင်ခိုင်၊ ဝတ်ကောင်းစားလှနဲ့ အသားညိုညိုလူ၊ သူမှ သူ။

"ဟာ" ကနဲ ကျုပ်ပါးစပ်က ထွက်ရုံရှိသေး၊ ကျက်သရေခန်းထဲကလူကုန် ကျုပ်နား ဝိုင်းအုံ လာကြတော့တယ်။ ကျုပ် ဘာစကားမှ ဆက်မပြောနိုင်ဘူး၊ သတင်းစာ စာရွက်အပိုင်းထဲ လက်ညှိုးထိုးပြရုံပဲ တတ်နိုင်တယ်။ နောက်ဆုံးတော့ ငါးပိတွေ၊ ငါးခြောက်တွေ အသာထားလို့ ဆရာတော်ရှေ့ရောက်သွားခဲ့ကြတော့တယ်။ ဆရာတော်က ပြုံးတော်မူတယ်။ သိပြီးသားဆိုတဲ့ သဘော။ ခဏနေမှ ခေါင်းတငြိမ့်ငြိမ့်နဲ့ မိန့်တော်မူတယ်။

"ငါ သိပြီးသားပါ ဒကာတို့ရဲ့၊ ဟဲ့ မောင်ငွေ နင့် ပြောမသွားဘူးလား"

ကျုပ် ခေါင်းခါပြလိုက်တော့ ဆရာတော်က ဆက်မိန့်တယ်။

"အိမ်း တိုးတက်ရာ တိုးတက်ကြောင်း ရှာတာကဖြင့် ကောင်းပါသကွယ်၊ နို့ပေတဲ့ သေချာအောင် စူးစမ်းလေ့လာဖို့လည်း လိုသေးမဟုတ်လား၊ ငါးစာမြင်ရုံနဲ့ မဆင်မခြင် ဟပ်ရင်တော့ အာခေါင် ချိတ်စူး မှာပေါ့ဗျာ၊ ဘယ်လိုပဲ စာပေနှံ့စပ်လို့ စာသိပေသိ သိတယ်ထားဦး၊ အမြင့်တက်ချင်စိတ်နဲ့ သတိဆိုတာလေး တချက် လွတ်လိုက်တာနဲ့ နေမှုထိုင်မှုဘဝတွေ ဇောက်ထိုး ဖြစ်သွားတတ်တာ မျိုးဗျ၊ လိမ်ညာစားချင်တဲ့ သူမျိုးဆိုတာ လူတွေရဲ့ ဟာကွက် ပျော့ကွက်ကို အများတကာထက် ပိုသိကြတယ်ကွဲ့"

"တင်ပါ့ဘုရား"

"ခုတော့ စုဆောင်းထားတာလေးတွေလည်း လက်လွန်ပြီးပါသွားတယ် မှတ်တယ်၊၊ လူလိမ်ဂိုဏ်းကလည်း ဖမ်းဆီးမိလို့ ဟိုကောင်က ထောင်ထဲရောက်တယ် သတင်းစာထဲ ပါအလာ၊ ဒီတော့ မျှော်သာမျှော်ရ အလကားချည်း ဖြစ်သွားတော့ ရှက်ရှာတယ် ထင်ပါရဲ့..."

"မှန်ပါ၊ အရှက်လွန်ပြီး ရွာကထွက်သွားတာ ဖြစ်နိုင်ပါတယ်ဘုရား"

"ပြီးတော့ လူဆိုတာမျိုးက သူများခြေလှမ်းသာ မြင်တတ်ကြပြီး ကိုယ့်ခြေလှမ်း ကိုယ် မြင်ဖို့ဆိုတာများ ကျတော့ ခက်သားမဟုတ်လားဟဲ့"

"မှန်ပါဘုရား"

ဆရာတော်ကို ဝတ်ဖြည့်ပြီး ကျုပ်တို့လူစု ရွာဘက် ပြန်အလာ၊ အပြန်လမ်းတလျှောက် ကျုပ်ခြေထောက်တွေ ဟာ မြေကြီးပေါ် ကတ္တရာစေး သုတ်ထားသလို မ မရအောင် လေးလံလွန်းလှတယ်။ ကျုပ်စိတ်ထဲ   မောင်ကြီးနှမမျက်နှာပဲ တရေးရေး ပေါ်လာနေခဲ့တာ။ ဖြစ်မှ ဖြစ်ရလေဗျာ။ ဒီလိုမှန်းသိ မရ ရအောင် တားခဲ့ပါတယ်။ သို့ပေမဲ့...မောင်ကြီးရယ် ခင်ဗျားက ကျုပ်ထက် ပိုပြီး နှံ့စပ်သိမြင်တဲ့လူ ဆိုတော့လည်း မတားရဲခဲ့ဘူးဗျာ။ ခင်ဗျား ဘဝ ကြီးပွားတိုးတက်မဲ့ အရေးကိုး။

"အဲဒါ မှတ်ထားနော် အေးမြ နင်တို့မိန်းကလေးတွေ မြို့သားမြင်တိုင်း ငမ်းငမ်းတက်နေ၊ ဟိုက လူကောင်းမှန်း မသိ၊ လူဆိုးမှန်းမသိနဲ့"

"အံမာ ကိုကြီးသာရယ် ကျုပ်တို့က အဲလောက် လူကဲခတ် မညံ့သေးဘူး၊ မအသေးပါဘူးတော် ကတည်း"

"ဘာ ကတည်းလဲ အဲဒါ ညည်းတို့ မိန်းကလေးတွေ သတိထားဖို့၊ မောင်ကြီးနှမလက်ဆင်နော် မှတ်ထား"

"ဘာတုန်းဟဲ့ အဲ့ဒီ လက်ဆင်ဆိုကြီးတာက"

"ဟာ အရီးစော...အင်္ဂလိပ်လို L E S S O N လက်ဆင်၊ အဲဒါ မြန်မာလို သင်ခန်းစာကို ပြောတာဗျာ...မှတ်ထား လက်ဆင် လက်ဆင်"

စိတ်မကောင်းဖြစ်နေရတဲ့ကြားထဲ လူပျိုခေါင်း ကိုကြီးသာတို့တစ်သိုက် ပြောနေကြတဲ့ စကားအကြားမှာ ကျုပ်မျက်နှာတောင် ပြုံးစေ့စေ့ကြီး ဖြစ်သွားခဲ့ရတယ်။

အဲဒီကစလို့ ရွာထဲမယ် အလှမ်းကျယ် အလယ်လပ်ဖြစ်မစိုးလို့၊ အခြေအနေမှန်ကို အသေအချာ မစုံစမ်းပဲ တိုးတက်ချင်စိတ်လေးတခုထဲနဲ့ လက်လက်ထနေတဲ့ လူငယ်တွေကို " မောင်ကြီးနှမ လက်ဆင်နော်၊ မောင်ကြီးနှမလက်ဆင် သိတယ်မဟုတ်လား" လို့ ပြောစမှတ် ဖြစ်ခဲ့ကြတယ်။ ခုဆိုရင်ဖြင့် ရွာထဲက လူငယ်တွေဟာ လယ်ထဲ မဆင်းချင်ကြတော့ဘူး။ မိရိုးဖလာ ဝါစိုက် ဗိုင်းငင် မလုပ်ချင်ကြတော့ဘူး။ တိုးတက်လာတဲ့ ခေတ်နဲ့အညီ တခြားစီးပွားရေးလုပ်ငန်းတွေ ပြောင်း လုပ်လာကြတာကို ကျုပ်လက်ခံ ပါတယ်။ လူငယ်တွေ အတွေးအမြင် ကျယ်ပြန့်လာတာ ဟာလည်း သဘောကျချင်စရာပါ။ ကျုပ်တို့တုန်းက ရန်ကုန်ရွှေမြို့တော်ကြီးလောက် သွားပြီး အလုပ် လုပ်၊ အခြေချနိုင်ရင် ဟုတ်လှပြီ။ ခုတော့ လူငယ်တွေ နိုင်ငံတကာအထိ ခြေဆန့်လို့ အလုပ်အကိုင်တွေနဲ့ အခြေအနေတကျ ဖြစ်နေကြတဲ့ ခေတ်။ ဒီတော့ ရွာကလူငယ်တွေလည်း လူငယ်ပီပီ စွန့်စားချင်၊ လုပ်ကြည့်ချင်လာကြတယ်။ အဲဒီ အနေအထားမှာ ရွာထဲက လူကြီးတွေက လူငယ်တွေကို များများ မပြောဘူး၊ တစ်ခွန်းပဲ သတိပေးသလို ပြောလေ့ရှိတယ်။  ရွာမှာ အင်မတန် ဟစ် ဖြစ်သွားတဲ့ “မောင်ကြီးနှမလက်ဆင်” တဲ့...။


29 comments:

  1. မချစ်ရေ ဖတ်လို့ကောင်းလိုက်တာ ဇာတ်လမ်းထဲ မျောသွားတယ်။ ဟုတ်ပနော် အလှမ်းကျယ် အလယ်လတ် ချင်တဲ့လူတွေအတွက် လက်ဆင်ကောင်းဘဲ.. ဖွတ်မရတဲ့အပြင် ဓါးမပါဆုံးတဲ့ အဖြစ်.. :)

    ReplyDelete
  2. Their method of massage is quite interesting.Let's compare with massage palors at shwepyigyi.
    Mg gyi's Gyidaw

    ReplyDelete
  3. အရမ်း ဂွတ်တယ်.. မချစ်..

    လက်ဆင်ပဲ

    ဘိုချိုမြေ ချစ်ကြည်အေး လုပ်တော့.. ရပြီ။း)

    ReplyDelete
  4. ဟာ သိပ်ရေးနိုင်တာပဲ ခုနက မှ ရင်ကိုထိ ဘတ်ပီးတယ် ခုအသစ်ထပ်တင်တယ် လက်ကို စက်တပ်ထားသလားဒေါ်ချစ်

    ReplyDelete
  5. ဘယ်ကကူးချလာတာလဲဗျ။. ကောင်းလိုက်တာ :)

    ReplyDelete
  6. ပြည်ကောင်းအောင်Wed Jun 15, 04:08:00 AM GMT+8

    ကောင်းတယ် မမချစ်။ လေသံရော၊ အကြောင်းအရာရော၊ တင်ပြပုံရော..အကုန်ဂွတ်တယ်။

    ReplyDelete
  7. တခါတလေ စွန့်မှ စားရတယ်လေဗျာ :P

    ReplyDelete
  8. တောရွာလေးထဲလူကိုယ်တိုင်ေ၇ာက်သွားသလိုပါပဲ တီချစ်ကြည်
    အရမ်းကောင်းတာပဲး)

    ReplyDelete
  9. An Asian Tour OperatorWed Jun 15, 11:31:00 AM GMT+8

    အစ်မချစ် လက်ရာ ကတော့ "ပရို" ပဲဗျို..။

    ReplyDelete
  10. ရေးတတ်လိုက်တာ မချစ်

    ReplyDelete
  11. ကောင်းလိုက်တဲ့ပိုစ့်လေး
    အားပေးသွားပါတယ်မမရေ...

    ခင်မင်လေးစားစွာဖြင့်
    ချစ်ခြင်းအလကာင်္

    ReplyDelete
  12. တော်တော်ဖတ်လို့ကောင်းတယ်..။ အရေးအသားကတော့ ညှက်နေရောပဲ..။ လက်ဆင်လည်း ရပါရဲ့..။း))))


    ခင်မင်လျက်
    နေ၀ဿန်

    ReplyDelete
  13. ချက်ချင်းကို အနှိပ်ခံချင်လာအောင် ရေးလဲရေးတတ်တယ်...
    လက်ဆင်ပဲ...

    ReplyDelete
  14. ပန်းချီWed Jun 15, 03:38:00 PM GMT+8

    ရွာနောက်ခံ ဗွီဒီယိုကားလေးလာကြည့်ရသလိုပဲ..အသုံးအနှုန်းတွေအလန်းပါလား မမချစ်ကြည်..။ သဘာဝကျလိုက်တာ.. ။ "လက်ဆင်" ရသွားပြီး))

    ReplyDelete
  15. အရေးအသားပြောစရာမရှိ ... ဇာတ်လမ်း very good ... ရေးတတ်ပါပေတယ် ... ဟိုးအရင်က ပေဖူးလွှာမှာ ဖတ်ဖူးတဲ့ ဆရာ ၀င်းဖေတို့ လက်ရာမျိုး ...

    ReplyDelete
  16. အပေါ်က ကွန်မန့်တွေမှာ ပါခဲ့တဲ့ စကားလုံးကိုပဲ ထပ်ပြောပါဦးမယ်၊ “အရမ်းကောင်းတယ်ဗျာ...”၊
    ကျေးလက် “လေ” နဲ့ လက်ဆင်ပေးသွားလိုက်တာ တစ်ပုဒ်လုံးဆုံးတဲ့အထိ တုပ်တုပ်တောင် မလှုပ်နိုင်ဘူး၊း)

    ReplyDelete
  17. ကိုညီလင်းသစ်လိုပဲ အစကနေ အဆုံးထိ မလှုပ်တမ်း ဖတ်ပလိုက်တာ ချစ်ကြည်ရေ
    တကယ်ပါ အဟုတ်...မောင်ကြီးနှမ ကျားကိုက်ရပါစေရဲ့း)

    ReplyDelete
  18. ယိုးဒယားသွားပြီး အနှိပ်ခံမယ့်အစား မောင်ကြီးနှမ လက်ဆင် ရှိရာကို ရှာသွားတော့မယ်

    ReplyDelete
  19. သေသေချာချာတော့ လေ့လာထားရမယ်..

    ခေါင်းစဉ် သည် စွဲဆောင်မှု ရှိ၏။ဇတ်လမ်းသည် ဖတ်ခေါင်း၏ ။

    ဇတ်သိမ်းသည် ပညာ ရ၏။

    ရေးသူသည် အလွန်တော်၏။

    ReplyDelete
  20. ချစ်ကြည်အေး ရေ

    မောင်ကြီးနှမ လက်ဆင် လေး ကတော့ မိုက်တယ်ဗျို့ မျက်လုံးတောင်ကျယ်သွားတယ်

    ReplyDelete
  21. အစ်မလက်ရာတွေ ပိုပိုကောင်းလားတယ်


    မောင်ဘကြိုင်
    နေပြည်တော်မှလာသည်

    ReplyDelete
  22. မောင်ကြီးနှမ လက်ဆင်ကိုအပြီးထိဆုံးအောင်ဖတ်ပြီးသကာလ လက်ဆင်တွေတကယ်ရသွားပါတယ်....

    ReplyDelete
  23. အစ်မချစ်က ဒီလိုရေးဟန်တွေလဲဖြစ်သား ဖတ်လို့ကောင်းသလို သင်ခန်းစာယူဖို့လဲကောင်းတယ်။ မောင်ကြီး ရှာဦးမှး)

    ReplyDelete
  24. ဖတ်လို့ကောင်းလိုက်တာ... မောင်ကြီးနှမ သနားပါတယ်...

    ReplyDelete
  25. မရေ... အခုမှပဲ အေးအေးဆေးဆေး လာဖတ်ရတယ်။ အရေးအသားရော ဇာတ်လမ်းဆင်ထားပုံလေးပါ ကောင်းတယ် အစ်မ။
    ဆရာတော်တစ်ပါးမိန့်ဖူးတာ သွားသတိရတယ်။ “လောကမှာ အလိမ်ခံလူတန်းစားတစ်ရပ်ဆိုတာ အမြဲရှိတယ်၊ လိမ်တတ်ဖို့ပဲလိုတာ” တဲ့။
    သတိပြုဆင်ခြင်စရာလက်ဆင်ပါ ထည့်ထားပေးတဲ့ ဒီစာစုလေးကို ကြိုက်တယ်။း)

    ပီ.အက်စ်. အမရေ “လျှာ” ဖြစ်ရမှာ “လျာ” ဖြစ်နေတယ်။

    ReplyDelete
  26. လိမ်တဲ့သူတွေကတော့ အနှိပ်သည်ပါမချန် လိမ်ကြတာပါပဲလား။
    အလှမ်းကျယ်တာက အပြစ်မဟုတ်ပေမယ့် သေသေချာချာ လေ့လာသုံးသပ်မှု
    မရှိတာက အပြစ်လို့ ထင်တာပဲအစ်မရေ။ လူဆိုတာ ပိုကောင်းမယ့်အခြေအနေကို မျှော်လင့်ကြတာမျိုး မဟုတ်လား။

    ReplyDelete
  27. ဒီတခါပဲ ဒီလောက်ရှည်တဲ့ ၀ထ္တု တထိုင်တည်းဖတ်ဖူးတယ်
    စကာလုံးတွေက ဆွဲခေါ်သွားလိုက်သလိုပဲ
    လက်ဆင်ယူသွားတယ်နော်း)

    ReplyDelete
  28. မချစ်ရေ

    ကောင်းလွန်းလို့ အသက်ရှူဖို့မေးသွားတယ်။ လက်ဆင် လက်ဆင်တယ်ကြောက်ဖို့ကောင်းပါလား။


    ခင်တဲ့

    ReplyDelete
  29. ဒီလောက်ရှည်တဲ့ စာကို တစ်ထိုင်တည်းဖတ်ဖြစ်သွားတယ်... တကယ့် လက်ဆင်ပါပဲဗျာ....လောဘေုကာင့် မမြင်နိုင် ဖြစ်သွားရတာပါ...

    ခင်မင်လျှက်

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...