Monday, June 13, 2011

ရင်ကိုထိစေခဲ့သော ခရီးစဉ်လေးတစ်ခု-၂

အစီအစဉ်အရဆိုရင်တော့ မအူပင်မြို့ပေါ် ဆိုက်ကားတစ်စီးနဲ့ ဘုရားစုံဖူးကြတဲ့အခန်း၊ ပြီးတော့ မောမောပမ်းပမ်း ဗိုက်ဆာဆာနဲ့ အမျိုးအိမ်မှာ ထမင်းစားကြတဲ့အခန်း ဖြစ်ရမှာ။ ဒါပေမဲ့ ရင်ကိုအမြန်ထိပါစေတော့ ဆိုပြီး အဲဒီအခန်းတွေ ကျော်ပစ်လိုက်တယ်။
ဟာ...ဟင်...ကတောက်....!!!

(ထမင်းစားပွဲကြီးကို မျက်စေ့ထဲ မြင်ယောင်ရင်း ပိတ်သတ်ကြီးမှ အလွန့် အလွန် စိတ်ပျက်သွားသံ......)

ဝက်သိုးထိုးနည်းနဲ့ အတိုပဲ ချုပ်လိုက်ကြပါစို့။ မအူပင်ဈေးထဲမှာ စာရေးကိရိယာတွေ၊ မုန့်မျိုးစုံတွေ ဝင်ဝယ်ကြတယ်။ ပြီးတာနဲ့ ကျိုက်လတ်မြို့ထဲက ကျေးရွာစုတစ်ခုဖြစ်တဲ့ " ရွှေဘိုစု" ဆိုတဲ့ ရွာကလေးဆီ ကားတဆင့် ထပ်စီးကြရတယ်။ ၄၅မိနစ်လောက် ရှိမယ် ထင်ပါရဲ့၊ ကားပေါ်က ဆင်းခဲ့ကြပြီး ရောက်သွားပြီလား ဆိုတော့ မရောက်သေးပါဘူး။ ကယ်ရီယာနဲ့ ရွာထဲ စီးသွားရဦးမှာတဲ့။ ကျွန်မမှာ ကိုယ့်ပိုင်ရာဆိုင်ရာ မဟုတ်လေတော့ မျက်စေ့သူငယ် နားသူငယ်နဲ့ သူတို့ ခေါ်တဲ့နောက် လိုက်ရတာပါပဲ။

ကယ်ရီယာဆိုလို့ ဘာများလဲ မှတ်တယ်၊ ဆိုင်ကယ်ကို ပြောတာ ဖြစ်နေတယ်။ နောက်ထိုင်ခုံမှာ ကတ္တီပါဖုံလေးနဲ့ ပါစင်ဂျာထိုင်ဖို့ အသေအချာလုပ်ထားတဲ့ ဆိုင်ကယ်ပါ။ ထမီနဲ့မို့ နောက်ကနေ မိန်းမထိုင် ဘေးစောင်းလေး ထိုင်လိုက်ရင်း ရပြီဆိုတာနဲ့ အရှိန်နဲ့ မောင်းထွက်လိုက်တာ ပေါင်ပေါ်တင်ထားတဲ့ ပစ္စည်းတွေရယ်၊ လွယ်ထားတဲ့အိတ်ရယ်၊ လည်ပင်းက ကင်မရာကြီးရယ်နဲ့ လူက ကိုးရိုးကားရားကို ဖြစ်လို့။ ပြုတ်ကျခဲ့မစိုးလို့ နောက်ကတန်းလေးကို လက်တစ်ဘက်နဲ့ ထိန်းကိုင်ရင်း ကိုယ်က ဆိုင်ကယ်ပေါ် တောင့်တောင့်ကြီး ပါသွားခဲ့တာ။ ဆိုင်ကယ်မောင်းတဲ့ မောင်လေးက "အစ်မ အားမနာနဲ့ ကျွန်တော့်ခါး ဖက်ထားလို့ရတယ်နော်"တဲ့။ ကျွန်မမှာ ကြောက်ကြောက်နဲ့ ရယ်ချင်သွားသေးတယ်။

ဆိုင်ကယ်က မူလတန်းကျောင်းလေးရဲ့ အရှေ့တည့်တည့်မှာ ရပ်တယ်။ ကျောင်းလေးက တကယ့်ကို သေးသေးလေး၊ စာသင်ခန်းလေး ၃ခန်းပဲရှိတယ်။ စာသင်ခန်းလေးထဲက ကလေးတွေကို မြင်လိုက်ရတဲ့အခါမှာ ကျွန်မရင်ထဲ ကျင်ကနဲ ဖြစ်သွားခဲ့ရတယ်။ ကလေးတချို့ဟာ ကျောင်းဝတ်စုံ အဖြူအစိမ်းတောင် မရှိကြရှာဘူး ထင်ပါရဲ့။ အိမ်နေ နွမ်းဖတ်ဖတ်ကလေးတွေ ဝတ်လို့ရယ်။ ဆရာမက "အလှူရှင်လာတယ်၊ အလှူရှင်ကို နှုတ်ဆက်ကြရအောင်"ဆိုတော့ အားလုံး တယောက်တပေါက်နဲ့ "မင်္ဂလာပါ" လို့ လက်အုပ်လေးချီရင်း နှုတ်ဆက်ကြတယ်။





ပြီးတာနဲ့ ကလေးတွေကို ဗလာစာအုပ်၊ ခဲတံ၊ ပေတံ၊ ခဲဖျက်၊ ချွန်စက်၊ ကွန်ပါဗူး နဲ့ မုန့်တွေ ဝေငှပေးကြပါတယ်။ ကလေးတွေ ပျော်လိုက်ကြတာများ ကွန်ပါဗူးပေါ်က အရုပ်လေးတွေ တယောက်ဟာနဲ့ တယောက် လဲကြည့်ကြ၊ အထဲမှာ ရေနဲ့ ငွေမှုန်စလေးတွေပါတဲ့ ပေတံလေးတွေကို အပေါ်ကိုထောင်ပြီး လှုပ်ကြည့်ကြနဲ့၊ ကျွန်မမှာ သူတို့လေးတွေကြည့်ရင်း မျက်ရည်ဝဲမိတာ ခဏခဏရယ်။ တချို့က မုန့်တွေကို လွယ်အိတ်လေးထဲ ထည့်သိမ်းနေတာ မြင်ရလို့ ကျွန်မက "စားလေ သမီးရဲ့" ဆိုတော့ ခေါင်းခါပြရှာတယ်။ သူ မစားဘဲ အိမ်က အဖေ အမေဖို့၊ မောင်လေး ညီမလေးဖို့ သိမ်းသွားတာ ဖြစ်မှာ။

ကျွန်မအတွက်တော့ ဒီတစ်ခါအလှူဟာ တကယ့်ကို ထိထိခိုက်ခိုက် ခံစားခဲ့ရတာပါ။ လိုအပ်နေတဲ့ နေရာလေးအတွက် ခုလို တနိုင်လေး လှူလိုက်လို့ ရခဲ့တဲ့ပီတိဟာ ကုန်တဲ့ငွေပမာဏနဲ့ ဘယ်လိုမှ အချိုးချလို့ မရစကောင်းပါဘူး။ နောက်တခါ ကားအပြတ်ငှားပြီး လှူဖို့ပစ္စည်းတွေ သယ်နိုင်သလောက် သယ်ယူသွားဖို့ တွေးမိရတယ်။ ပြီးတော့ ကျောင်းဝတ်စုံ ဖြူစိမ်းကလေးတွေ ချုပ်သွားဖို့လည်း မမေ့စေရဘူး။ လွတ်အိတ်၊ ဖိနပ် အစုံ တတ်နိုင်သလောက် ဝယ်သွားမယ်လို့ ခေါင်းထဲမှာ တေးထားလိုက်တယ်။

ဒီကလေးတွေကို ကျွန်မ တွေ့ခဲ့ရသလောက် သူတို့ မျက်လုံးလေးတွေကိုက အရောင်ဖျော့ဖျော့လေးတွေ။ သူတို့ကို ကြည့်ရတာ ကလေးရယ်လို့ အပူအပင်မဲ့ မဟုတ်ဘဲ တစ်ခုခု လေးလံနေသလို ခံစားရတယ်။ သူတို့တွေထဲမှာ နောက်နှစ်ဆိုရင် ကျောင်းနှုတ်တော့မယ်လို့ မိဘတွေ ဆုံးဖြတ်ထားသူ ဘယ်နှစ်ယောက်များ ရှိမှာပါလိမ့်။ "ဒီနေ့ ကျောင်းမသွားနဲ့ အမေ့ဝိုင်းကူ" ဆိုပြီး အိမ်မှာ မိဘလုပ်ကူနေရလို့ စာသင်ခန်းထဲ ရောက်မလာနိုင်တဲ့ ကလေးတွေရော ဘယ်နှစ်ယောက်များ ရှိပါလိမ့်မလဲ။

ကလေးတွေနဲ့ ဆရာမတွေကို နှုတ်ဆက်၊ ကျောင်းကလေးကို နှုတ်ဆက်ပြီး နောက်တစ်ခေါက် ထပ်လာပါဦးမဲ့ အကြောင်းလေး တီးတိုးရင်း ပြန်ခဲ့ကြပါတော့တယ်။ 


ရန်ကုန် အဝေးပြေးဂိတ်ကို ပြန်ရောက်တော့ ဆည်းဆာလွန်ချိန်။ နေ့သစ်တနေ့ရဲ့အလင်းကို ရောက်ဖို့ အမှောင်ကို ကြိုဆိုကြရမယ် မဟုတ်ပါလား....


19 comments:

Turn On Ideas said...

သာဓု သာဓု သာဓု
ရင်ကိုထိစေသော အစ်မချစ်ရဲ့ပို့စ်လေးတစ်ခု

Nyi Linn Thit said...

ဒီတခါတော့ ထိသွားပြီ၊ တကယ့်ကို ဟတ်တ် တည့်တည့်ပဲ...၊ ကလေးတွေ ဓါတ်ပုံကပါ ပိုပြီးတော့ စိတ်ထိခိုက်စေတယ်၊ ဒါပေမယ့် မချစ်ကြည်အေးရဲ့ အလှူပစ္စည်းတွေကို ရပြီး သူတို့ပျော်တဲ့အကြောင်း ကြားရတာ ရင်ထဲမှာ ထပ်တူပီတိ ဖြစ်ရပါတယ်၊ သွားခဲ့တဲ့ ခရီးစဉ်လေးက တိုပေမယ့် ဒီခရီးအကြောင်း ပို့စ်လေးက ပေးတဲ့ ခံစားမှုကတော့ တကယ့်ကိုပဲ ရှည်ရှည်လျားလျား....။

sonata-cantata said...

ရင်ကို ထိမှန်သွားတာများ
ကိုယ်တကယ် မခံစားနိုင်ဘူး အချစ်ကြည်ရယ်
ကျိုက်လတ်ကနေ ရှေ့ဆက်သွားရင် တို့များရွာကို ရောက်ပါတယ်
ကျိုက်လတ်၊ ကျိုက်ထော်၊ ကျုံကျိုက်---> ရုပ်ဆိုင်

မြစ်ကျိုးအင်း said...

ကလေးတစ်ယောက်ရဲ့ အပူအပင်မရှိတဲ့ မျက်ဝန်းမျိုး မမြင်တွေ့ခဲ့ရတာ ဖတ်ရင်း စိတ်မကောင်းဖြစ်မိပါတယ်။
တနိင်တပိုင်လှူနိင်ခဲ့တာ ဝမ်းမြှောက်မိပါရဲ့။
ကလေးတွေအတွက် အချိန်ပိုင်းလေးဖြစ်ဖြစ် ပျော်ရွှင်ခွင့် ရလိုက်တာဟာ ဘာမှမရတာထက်တော့ ပိုကောင်းတယ်မဟုတ်လား။ နောက်ထပ် အလှူကြီးများလှူနိင်ပါစေ။

ပြည်ကောင်းအောင် said...

အရင် ပါလီမန်ခေတ်တုန်းက မြန်မာပြည်က ဆန္ဒပြပွဲတခုမှာ ရှေ့က ဗမာအုပ်က တစုံတရာ တောင်းဆို တာကို နောက်ကလိုက်လာတဲ့ ဗမာလို အများကြီးမတတ်တဲ့ အိန္ဒိယနွယ်ဖွား အုပ်က “အား.. တူတူ ပဲ၊ အား..တူတူ ပဲ” (ရှေ့က ပြောသွားတာနဲ့ အတူတူပဲ) လို့ လိုက်အော်ရင်း ဆန္ဒပြခဲ့ ကြသတဲ့။ အခု ကျနော် ပြောချင်တာကို ရှေ့ကလူတွေ ပြောသွားကြပြီး ဖြစ်လို့ ( ရှေ့ကလူတွေနဲ့ )“အား..တူတူပဲ” လို့ ပြောခဲ့ပါတယ်။ (၁) အလှူအတွက် ပီတိ ဖြစ်ရပါတယ်။ (၂) ကျနော်တို့ ရင်တွေကိုလည်း တည့်တည့်ကြီး လာမှန်ပါတယ်။

ပန်းချီ said...

မျက်ရည်စတွေသိမ်းလို့ ပြန်သွားရပြီ မမရေ..။ သူတို့လေးတွေရဲ့ ဘဝတွေကို သနားဂရုဏာသက်မိရတယ်..။ ရန်ကုန်ပြန်ဖြစ်ရင် အဲဒိဘက်ကိုသွားဦးမှလို့ စိတ်ထဲတေးထားလိုက်ပြီ..။

မြင့်မြတ်တဲ့အလှူဒါနအတွက် လေးစားစွာ၊ ကြည်နူးဝမ်းမြောက်စွာ သာဓုသုံးကြိမ်ခေါ်လိုက်ပါတယ်..။

SHWE ZIN U said...

ချစ်ကြည်အေး ညီမ ရေ

ညီမ ရဲ့ ရင်ကို ထိစေတာတာ အမ မျှော်မှန်းထားတဲ့ အရာမဟုတ်ပေမဲ့ တကယ် ကို ထိပါတယ် ဒီမှာ ဒီလိုမျိုးတွေဘဲ သူတို့ မှာ ............ အင်း........

An Asian Tour Operator said...

နောက်ထပ် အများကြီး လှူ နိုင်ပါစေ။

Anonymous said...

အေးဗျာ............
သားတစ်ယောက်ဖခင်တစ်ယောက်အနေနဲ. ခံစားကြည့်မိပါတယ်ဗျာ ။ မျက်ရည်ဝဲလာတယ်။ ကလေးအားလုံးကို ကလေးလေးတွေလိုပဲမြင်ချင်တယ်ဗျာ ။ နောက်နောင်ကြုံကြိုက်ရင်ပြောပါဦး ။ လှုရအောင်လို.။

တီတီအေ

မိုးငွေ့...... said...

ခုမှတကယ် ရင်ကိုထိတာ....။ ညီမလေးလဲ မကြီးလိုပဲ အဲဒီကလေးတွေတွေ့ရင် မျက်ရည်ဝဲရော...။ လှူနေကျမိဘမဲ့ကျောင်းကိုစရောက်တုန်းကဆို ငိုကိုငိုပစ်လိုက်တာ...သနားလို့လေ..။ မကြီးအလှူအတွက် သာဓုသုံးကြိမ်ခေါ်လိုက်ပါတယ်...။

Anonymous said...

Why you didn't go and donate to white Elephants in Nay Pyi Daw?
Myanmar leaders said that if White Elephants are there, country will rich and perfect.
Dontate next time to White Elephants too like Myanmar Tycoons.

ဇွန်မိုးစက် said...

မရေ... မြန်မာပြည်က ချို့တဲ့ကြတဲ့ ကလေးတွေရဲ့ မျက်ဝန်းမှာ အစ်မပြောသလို အရောင်ဖျော့နေတာ ညီမလည်း သတိထားမိတယ်။ လိုအပ်ချက်တွေ သိပ်များနေတဲ့ ကိုယ့်တိုင်းပြည်ပြန်တိုင်း ရခဲ့တဲ့ စိတ်ထိခိုက်မှုတွေလည်း မနည်းတော့ပါဘူး မရယ်။း(
ဒါကြောင့်လည်းလေ.. ဇွန်တို့သူငယ်ချင်းတစ်စု ကိုယ်နိုင်သလောက် ပံ့ပိုးကြမယ်လို့ ဆုံးဖြတ်ထားတယ်။
အစ်မချစ်ရဲ့ အလှူအတွက် သာဓု...သာဓု...သာဓုလို့ သုံးကြိမ်ခေါ်သွားတယ်နော်။း)

ညိမ်းနိုင် said...

ဆိုင်ကယ်နောက်မှာ နှစ်ကျပ်ခွဲကြီးနဲ့ ဆလင်းဘက်အိပ်ကြီးလွယ်ပြီးအထုတ်အပိုးတွေနဲ့တောင့်တောင့်ကြီးပါ
သွားတဲ့အစ်မပုံကို မြင်ယောင်ရင်း ရီနေမိတာ..။အဲ....ရီလို့မှမဆုံးသေး...စိတ်မကောင်းဖြစ်ရပါရော....:(
ဒီကကလေးတွေရဲ့ မျက်လုံးတွေနဲ့ ကျွန်တ်ာတို့ ညန်မာပီ ကြီးက ကလေးတွေရဲ့ မျက်လုံးတွေကို နှိုင်းယှဉ်
မိတိုင်း ရင်ထဲမကောင်းဘူးအစ်မရာ...။အစ်မရဲ့ အလှုအတွက် ဝမ်းသာမိပါတယ်...။ခြောက်သွေ့နေတဲ့ ကန္တာရ
အမိမြန်မာပြည်အတွက် အေးမြတဲ့ မိုးရေစက်ကလေးတစ်စက်ပေါ့နော်...၊ဒီလိုမိုးရေစက်ကလေးတွေ နောက်
ထပ်အများကြီး....အများကြီး....ကျလာ၊ရလာရင်တော့ စိုပြည်လန်းစမ်းလာမှာမလွဲပါအစ်မရာ...။

Anonymous said...

Comment 1 to 13 ......Ah Tu Tu Bel:)
The post me feeling:) n :(
Gyidaw

တီချမ်း said...

ဘရာဗာ ဒေါ်ချစ်

မအိမ်သူ said...

အားကျလိုက်တာ အမရေ။ ရန်ကုန်ပြန်ဖြစ်တဲ့ အချိန်ကျရင် အဲဒီလို လှူနိုင်အောင် အခုထဲက ပြင်ဆင်ထားအုံးမှဘဲ။ ကလေးတွေသနားစရာ...

ကလူသစ် said...

((( သာဓု ))))

အခြေအနေက မြန်မာပြည်က လမ်းတွေလိုပဲ။ အခြေခံကမကောင်းတော့ နောက်က အမြဲတမ်းလိုက်ပြင်နေရတယ်။ ဘယ်တော့မှလဲ ကောင်းကောင်းကန်းကန်းဖြစ်မလာဘူး။ ခုဟာက အမြင်မတော်တဲ့သူတွေကပါ ၀င်နေရတာပဲ။

Anonymous said...

ဒီလိုလှူတာကောင်းပါတယ်။
ဒီထက်ပိုပြီးလက်တွေ့ကျတဲ့ စုပေါင်းကူညီမှုကို စဉ်းစားပြီးအကောင်အထည်ဖော်နိုင်ယင်...

ei cho said...

နောက်ထပ် အများကြီး လှူ နိုင်ပါစေ။

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်