Thursday, June 2, 2011

ဘော်နီ

တစ်ရက် ကျွန်မရုံးအသွားလမ်းမှာ အမျိုးသမီးကလေး တစ်ယောက် နောက် လှည့်ကြည့် လှည့်ကြည့်နဲ့ လျှောက်လာတာ တွေ့ရတော့ သူ့မျက်လုံးလမ်းကြောင်းအတိုင်း လိုက်ကြည့်မိတယ်။ ဘလောဂ့်ရေးနေသူပီပီ နား မျက်စေ့တွေ ဖွင့်ထားတဲ့သဘော။ လားလား...မြေးအဖွားနှစ်ယောက်။ ဖွားအေလုပ်သူက ကျောပိုးအိတ်လေး လက်ကကိုင်လို့၊ မြေးဖြစ်သူက ဖွားအေလက်ထဲက တွန်းထိုးရုန်းကန်ရင်း ငိုလို့ရယ်။ ဒါကို သားသည်အမေလုပ်သူက နောက်ဆံတငင်ငင်ဖြစ်နေတဲ့ ပုံပါပဲ။

ဘာရယ်မဟုတ် ကျွန်မလည်း ခြေလှမ်းတွေ အရှိန်လျှော့ချရင်း အသာလေး ကြည့်မိပါတယ်။ မအေလုပ်သူက လူကသာ ရုံးသွားမဲ့ ပုံ သေသေသပ်သပ် ဝတ်စားလို့၊ စိတ်ကတော့ ငိုယိုနေတဲ့ သားငယ်ဆီမှာ။ ဖွားအေက တချက် လှည့်ကြည့်ရင်း "သွားသာသွား" လို့ လှမ်းပြောရင်း လက်ယပ်ပြလေတယ်။ ဪ...မြန်မာမိသားစု ကလေးပေကိုး...။ ပြောကာမှ မအေလုပ်သူက သူ့ခြေလှမ်းအစုံကို ရပ်တန့်လို့ သားကလေးဘက် လိုက် ငေးကြည့်နေရှာတော့တယ်။ သူ့ကြည့်ရတာ ဖြစ်နိုင်ရင် သူ့သားကလေးကို ချက်ချင်းပဲ အပြေးသွားလို့ ရင်ခွင်ထဲ ဆွဲသွင်းထွေးပွေ့ထားလိုက်ချင်ပုံပါ။

အဲဒီခဏမှာ ကျွန်မလည်းပဲ မိခင်တယောက်ရဲ့ သားသမီးတွေအပေါ်ထားရှိတဲ့ သမုဒယနှောင်ကြိုး အတင်းအဆကို ခန့်မှန်း ခံစားကြည့်မိတယ်။ ခန့်မှန်း လို့သုံးရတာက ကျွန်မက မိခင်တစ်ယောက် မဟုတ်လို့ပါပဲ။ အဲဒီအချိန်မှာ တကယ်ပဲ ကျွန်မရင်ထဲ သိမ့်ကနဲ လှုပ်လှုပ်ရှားရှားလေး ဖြစ်သွားခဲ့ရတယ်။ သားသည်အမေကလေးက နေရာမှာ ခြေစုံရပ်ရင်း မြေးအဖွားကျောပြင်ကို မျက်စေ့တဆုံး လိုက်ကြည့်နေချိန်မှာ ကျွန်မလည်း ခြေလှမ်းတွေကို သွက်သွက်လှမ်းရင်း ရုံးကားအမီ ဆက်လျှောက် ခဲ့တော့တယ်။

တကယ်ဆို ဒါမျိုးက သားသည်မိခင်တိုင်း သားသမီးတွေကို ကျောင်းအပ်စမှာ ဖြစ်နေကျမို့ ထူးဆန်းတဲ့ ကိစ္စတခု မဟုတ်ပေဘူး။ ဒါပေမဲ့လည်း အဲသလို အဖြစ်အပျက်တွေ မြင်ရတိုင်း ကြေကွဲစရာ အဖြစ်အပျက်တခုဟာ ကျွန်မ အတွေးထဲ ဖျတ်ကနဲ ရောက် ရောက်လာတတ်တာ...။

အဲသည်တုန်းက ကျွန်မက ခပ်ငယ်ငယ်ပဲ ရှိသေးတယ်။ ကျွန်မတို့ ရပ်ကွက်ထဲမှာ ဆရာဝန်မကြီး သားအမိ ရှိတယ်။ ဆရာဝန်မကြီးက ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမ ဖြစ်သွားခဲ့သူ။ အတိအကျ ဆိုရရင် သူ့သားဦး ကလေး မွေးပြီးစမှာပဲ ယောကျာ်းဖြစ်သူ ဆုံးပါးသွားခဲ့တာ။ သားကလေးဟာ  ယောကျာ်းဖြစ်သူက ကိုယ်စားထားခဲ့တာရယ်လို့ ဖူးဖူးမှုတ် ချစ်ရှာတယ်။ တချိန်တည်းမှာပဲ စနေသား သားဦးကြောင့် လင်သေရတယ်ဆိုတဲ့ အယူအဆမှားနဲ့ ချွတ်ချော် မှားယွင်းမှုတိုင်းအတွက် သားဖြစ်သူကို မာန်မဲ အပြစ်တင်လေ့ရှိပြန်တယ်။

ဆရာဝန်မကြီးက ဆေးရုံမှာ ဆေးမကုတော့ဘဲ ရပ်ကွက်ထဲက အိမ်တွေမှာပဲ ပင့်တဲ့ဆီကို လိုက်ကုတယ်။ အဲဒါကလည်း သူ့သားလေးကြောင့်ပဲ သူ အလုပ်ထွက်လိုက်တာ။ သူ အလုပ် လုပ်တဲ့ ဆေးရုံကို ကလေးခေါ်သွားလို့ မရပေမဲ့ သူဆေးကုသွားမဲ့ လူနာအိမ်တွေကိုတော့ သူ့သားကလေးပါ ခေါ်သွားလို့ ရတာကိုး။ ရပ်ကွက်ထဲမှာတော့ ဆရာဝန်မကြီးက ဆေးလိုက်တယ်လို့ နာမည်ကြီးတယ်။ အားဆေးအသွင်းကောင်းသလို ဆေးအစပ်လည်း ကောင်းတယ်။ အကြောဆေး၊ အသားဆေးသွင်းတာ ညင်သာတာမို့ ကျွန်မတို့အဖွား အားဆေးထိုးဖို့ အိမ်ကို အမြဲပင့်ရတယ်။

ဆရာဝန်မကြီးလာတိုင်းလည်း သားလုပ်သူက အမြဲပါလာတာပဲ။ အဲဒီအချိန်မှာ သားလုပ်တဲ့သူက လူပျိုကြီးဖားဖား ဖြစ်နေပြီ။ ငယ်ငယ်ကတည်းက သားကိုမခွဲနိုင်လို့ ကျောင်းအပ်ပြီးမှ ပြန်ထုတ်လိုက်၊   ကျောင်းကို လိုက်ခေါ်လိုက်၊ ကလေးက ငိုတိုင်း မထားခဲ့ရက်လို့ ပြန်ခေါ်လာလိုက်နဲ့ သားဖြစ်သူဟာ ကျောင်းမတက်ခဲ့ရဘဲ အမေနောက် တကောက်ကောက် ထမီစဆွဲ လိုက်နေခဲ့တော့တာ။

ဆရာဝန်မကြီးနဲ့ သူ့သားရဲ့ နာမည်တွေက ဘိုနာမည်လေးတွေ။ နန်စီ ဆိုလား၊ နယ်လီ ဆိုလား ကျွန်မ မမှတ်မိတော့ဘူး။ သားဖြစ်သူ နာမည်ကိုတော့ ဆရာဝန်မကြီးပါးစပ်ဖျားက မချတာမို့ ကျွန်မ ခုထိ မှတ်မိနေပါသေးတယ်။ ထားပါတော့လေ။ ခပ်လွယ်လွယ် " ဘော်နီ" လို့ပဲမှတ်လိုက်ပါ။ ဘော်နီကလေးဟာ အရွယ်ရောက်လာတာနဲ့ အမေနဲ့အတူ အမြဲ မလိုက်တော့ဘူး။ လမ်းပေါ်မှာ လူပေလူတေ ကလေးတွေနဲ့ ပေါင်းမိပြီး ပျက်စီးစပြုလာတယ်။ ရန်ဖြစ်လို့၊ ရိုက်နှက်လာလို့၊ စားသောက်ဆိုင်မှာ ပစ္စည်းတွေ ပေါက်ခွဲ ဖျက်ဆီးခဲ့လို့နဲ့ ဆရာဝန်မကြီးက နောက်ကနေ လိုက်ရှင်းရတော့တယ်။ အဲလိုအခါမျိုးမှာ ဆရာဝန်မကြီးက "ငါတော့ သေလိုက်ချင်တာပါပဲ ဘော်နီရယ်" လို့ ငိုသံ တုန်ခိုက်ခိုက်လေးနဲ့ ဆိုတတ်တယ်။ ဆရာဝန်မကြီးက သိတ်နူးညံ့သိမ်မွေ့သူ၊ စကားပြောသံကအစ ချိုချိုအေးအေး တိုးတိုးညင်ညင် ကလေးရယ်။ ဘော်နီ့ကြောင့် စိတ်ဆိုးပြီဆိုရင်ဖြင့် ဒေါသကြောင့် အသံကြီးက ဝမ်းခေါင်းသံကြီး ပါလာတတ်တယ်။

ဘော်နီက ခွေးချစ်တတ်သူမို့ သူတို့အိမ်မှာ ခွေးတွေ မွေးထားတယ်။ ပြီးတော့ ဘော်နီ့ကိုယ်နံ့ ကလည်း ခွေးတကောင်ရဲ့ အနံ့လို ခပ်အုံ့အုံ့ ချဉ်စုတ်စုတ်ရယ်။ သူတို့အိမ်ကို အဖွားအတွက် ဆေးလိုက်ယူရင်း တခါ ရောက်ဖူးပါတယ်။ ဘော်နီဟာ ကြမ်းပြင်ပေါ်မှာ ခွေးတွေနဲ့ လုံးထွေးနေတာပဲ။ သူတို့အိမ်က မီးသီးဟာ အနီရောင်ကြီး၊ ပြီးတော့ ခပ်မှိန်မှိန်ရယ်။ သူတို့အိမ်ထဲ ဝင်လိုက်တာနဲ့ တမျိုးကြီးပဲ၊ ကျောမလုံသလို၊ ငှက်အုပ်ကြီးတစ်အုပ် ကိုယ့်ကျောနောက်ဘက်က  ဖြန်းကနဲ ထပျံသွားကြသလို...အဲသလို ခံစားမှုမျိုး။ ဒီကြားထဲ ဆရာဝန်မကြီး ဘော်နီ့ကို မေးလိုက်တဲ့ စကားကြောင့် ကျွန်မကျောထဲ စိမ့်ကနဲ ဖြစ်ခဲ့ရတာ။ " ဘော်နီ မင်းဒယ်ဒီကို ညစာ ကျွေးပြီးပြီလား" တဲ့လေ။ အဲသည်တော့မှ ကျွန်မ သတိထားမိတာ။ အခန်းထောင့်က စင်သေးသေးလေးပေါ်မှာ သူ့ယောက်ျားဓါတ်ပုံ၊ ပြီးတော့ ထမင်းပန်းကန်နဲ့   သောက်ရေဖန်ခွက်။

ဒါကြောင့် ထင်ပါရဲ့၊ အရပ်ထဲမှာ လူတစ်ချို့က ဆရာဝန်မကြီးဟာ ယဉ်ယဉ်လေး ရူးနေတာလို့ ပြောကြ တယ်။ ဘော်နီကလေးကရော...သေဆုံးသွားတဲ့ ဖခင်ကို နေ့တိုင်း ထမင်းကျွေးရ၊ ယောက်ျားဖြစ်သူကို နေ့စဉ် တတွတ်တွတ် စကားတွေ တိုင်တည်ပြောဆိုနေတတ်တဲ့ စိတ်မမှန်တဲ့ မိခင်နဲ့ ၊ မှောင်ကုပ်ကုပ် အိမ်ကြီးထဲမှာ ခွေးကြီးတွေနဲ့ပဲ အတူ ကြီးပြင်းခဲ့ရတဲ့ ဘဝ။

အတန်းပညာလည်း မတတ်၊ အသက်မွေးမှုပညာရယ်လို့လည်း လောက်လောက်လားလား မရှိတဲ့ ဘော်နီလေး သူ့အမေ ဆုံးပါးသွားတဲ့အခါ ဘယ်လိုများ ကျန်နေခဲ့မှာပါလိမ့်လို့ ကျွန်မ တွေးဖူးပါရဲ့။ တွေးမိတိုင်းလည်း မရှုနိုင် မကယ်နိုင် သက်ပြင်းအခါခါ ချရင်း အဆုံးသတ်ခဲ့ရတာ။ ပြီးခဲ့တဲ့  နှစ်အနည်းငယ်က  ကြားရတဲ့ သတင်းအရတော့ ဆရာဝန်မကြီး ဆုံးသွားရှာပြီ၊ ဘော်နီလေးကတော့ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ထဲမှာလို့ ကြားခဲ့ရတယ်။ ရင်မောစရာပါပဲ။ သူ့ဘဝရှေ့ရေး ဘယ်လိုများ ဆက်ရှာမှာပါလိမ့်။

 ဘော်နီ့လို  အပင်မသန်၊ ဘဝ မလှခဲ့ရတဲ့ကလေးမျိုးတွေ နောက်ထပ် မရှိပါစေနဲ့၊ ဘော်နီ့ထက် ဘဝဆိုးတဲ့ ကလေးတွေ လောကကြီးထဲ အများကြီး ရှိမနေပါစေနဲ့ လို့ မျှော်လင့်ရင်း ဘော်နီ့ဘဝလေး အေးချမ်းပါစေလို့ ဆန္ဒပြုလိုက်မိပါတော့တယ်။ 


22 comments:

မအိမ်သူ said...

စိတ်မကောင်းစရာဘဲ အမရယ်..အဲဒီလို ကလေးတွေရဲ့ဘ၀ ရင်နာဖို့လဲကောင်း သနားဖို့လဲကောင်းပါရဲ့။ မအိမ်သူလဲ တစ်ယောက်တွေ့ဖူးတယ်။ အမေအို ကျောင်းဆရာမကြီးက ဖူးဖူးမှုတ်ထားတဲ့ အသက် ၂၀ ကျော် ကြီးတောင့် ကြီးမားသားကြီးကို လိုလေသေးမရှိ ရှာဖွေကျွေးပြီး ရုတ်တရက် အမေကြီးက ဗြုန်းဆိုသေသွားတော့ အဲဒီသားက ပညာမတတ်ဘာမတတ် အမေ့လုပ်စာထိုင်စားပြီး ဘော်ကြော့နေလာရာကနေ ဒုက္ခတွေရောက် လုပ်ကိုင်လဲမစားတတ်နဲ့ နောက်ဆုံး ဘယ်ဘ၀ရောက်သွားမှန်းတောင် မသိတော့ဘူးအမရေ..

Anonymous said...

အင်းနော်....အမ
သားသမီးကို ချစ်လွန်းတာက နည်းမမှန်ခဲ့လို့ ပဲ နစ်မွန်းသွားတယ်ဆိုရမယ်။
ဒက်ဒီကတော့ ကြောချမ်းစရာရယ်။ :)
မိသားစု ဘဝလေးနှမျောဖို့ လည်း ကောင်းတယ်။

( ရိုးရ )

ညီမလေး said...

ဟင်းးးးး ဘော်နီလေးတွေ တကယ်ပဲ ထပ်မရှိလာပါစေနဲ့တော့ဗျာ..........

Nyi Linn Thit said...

စိတ်မကောင်းစရာပါပဲ မချစ်ကြည်အေးရေ...၊ ကုဋေရှစ်ဆယ် သူဌေးသားကိုတောင် ဖြတ်ကနဲ သတိရလိုက် မိသေးတယ်၊ ဘာမှ အပြစ်မရှိတဲ့ ကလေးတစ်ယောက်ဟာ ပညာတတ်ရဲ့သားနဲ့ ချစ်ပုံမမှန်တဲ့ မိဘကြောင့် လမ်းမှားပေါ် ရောက်သွားခဲ့ရတာ...၊ ဝမ်းနည်းစရာပဲ...။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဘော်ဘီတို့လို မိသားစုမျိုးတွေ့ဖူးတယ် နီးနီးနားနား မှာတင်ဘဲ။
အဲဒီလို သားသမီးတွေရဲ့ နောက်ဆုံး ရလဒ်ကလည်း သိပ်မကောင်းဘူးအစ်မရယ်
စိတ်မကောင်းစရာ
ဘော်ဘီတို့လို မိသားစုတွေ ပပျောက်ပါစေ

ပန်းချီ said...

ဘော်နီ့ ဘဝလေးအေးချမ်းပါစေလို့ မမနဲ့ထပ်တူဆုတောင်းနေမိတယ်..။ အင်း...ဘဝထဲကသင်ခန်းစာတွေ..
ဘယ်အရာမှ အစွန်းမရောက်မိဖို့ သတိမူကြရမှာပါပဲ..မရေ..။

နေ၀ဿန် said...

အစ်မရေ.. ဖတ်ရင်းနဲ့ ခံစားရတယ်...။ ကမ္ဘာလောကမှာရှိတဲ့ မိဘတွေအားလုံး ချစ်တတ်တဲ့အချစ်နဲ့ ချစ်တတ်ပြီး... ဥပါဒ်ဒဏ်တွေ ကင်းစင်ကြပါစေဗျာ...


ခင်မင်လျက်
နေ၀ဿန်

သိင်္ဂါကျော် said...

စိတ်မကောင်းစရာပဲနော်.. ဆရာဝန်မ ဖြစ်ရဲ့နဲ့ အတွေးအခေါ် မမှန်ခဲ့တာ.. ပြောကြသလိုပဲ.. မူမှန်စိတ်ကနေ နည်းနည်း လွဲချော်နေလို့သာ သား ဖြစ်သူကို လမ်းမှန်အောင် မပြုစု မပျိုးထောင် နိုင်ခဲ့တာ ထင်ပါရဲ့။

Anonymous said...

ချစ်ကြည်အေး ရေ

အခုကို အဲလို သားမျိုးနဲ့ အဲလို အမေ မျိုးကို မျက်စေ့ ရှေ့မှာ တွေ့နေတယ်... ဘယ်အချိန် ဘာဖြစ်မလည်း ဆိုတာ သိနေပေမဲ့.. ကိုယ့် သမီး ကပါဝင်ပတ်သက်နေတော့ မဖြစ်ပါစေနဲ့ ကြားချိန်တွေ မှာ ပြောင်းလဲသွားပါစေလို့ ဆုတောင်းနေရတယ်

ရွှေစင်ဦး

ဆုမြတ်မိုး said...

စိတ်မကောင်းစရာပါပဲ အဲဒီလိုအဖြစ်ဆိုးတွေလူတိုင်းကင်းလွတ်ကြပါစေ

sonata-cantata said...

ချစ်ကြည်ရေ...
မိဘဆွေမျိုးမိတ်ဆွေအသိုင်းအ၀ိုင်းတွေရဲ့ နှုတ်၏ဆောင်မခြင်း၊ လက်၏ဆောင်မခြင်းတွေကို
မရခဲ့တာလား။ လျစ်လျူရှုပြီး မခံယူခဲ့တာလား။
ဆိုးဆိုးဝါးဝါး ဖြစ်ရလေတယ်...။

Turn On Ideas said...

ဖတ်ခဲ့ရသမျှကနေပြောရရင်... အဲဒါဆရာဝန်မကြီးက စိတ်ပျော့တယ်ထင်တယ်...
အစ်မသီတာပြောသလို... နှုတ်၏ဆောင်မခြင်း၊ လက်၏ဆောင်မခြင်းတွေကို
မရခဲ့တာလား။ လျစ်လျူရှုပြီး မခံယူခဲ့တာလား...
ညီတဝမ်းကွဲငပေလေးကို သတိရသွားတယ်...း(

Vista said...

အမလေး ကျောချမ်းထှာ ..
တချို့ တွေလည်း ပညာတတ်ပီး သညာမရှိလို့ အဲလိုဖြစ်ကြတာ

မိုးယံ said...

နံပါတ်တစ် ညံ့ချက်က အမေဆရာဝန်မ၊ နံပါတ်နှစ်က ဘော်နီကိုယ်တိုင်၊ နံပါတ် သုံးက ကကြမ္မာ ...နောက်ဆုံးဖြစ်နိုင်ခြေရှိတဲ့ ကောင်ကို ခုံရုံးတင်ရမယ်ဆိုရင်။

ဒီလိုတွေဖြစ်အောင် ဘယ်သူက နောက်ကွယ်ကနေ ကြိုးကိုင်နေလဲ။ အဲဒါ အရေးကြီးတယ်။

Blackroze said...

စိတ်မကောင်းစရာပါ..မကြီးချစ်ရယ်...

ပညာတတ်ဆရာဝန်တယောက်ဖြစ်ရဲ့သားနဲ့

လောကဓံအလှည့်အပြောင်းကိုမခံနိုင်တဲ့တော့လည်း...

သားလေးလည်းသနားစရာကောင်းသလို.အမေလည်းသနားစရာ

ကောင်းလှပါတယ်...

ကိုအောင်(ပျူနိုင်ငံ) said...

ဘော်နီဘ၀လေး အေးချမ်းပါစေ ...

သက်ဝေ said...

ဘော်နီ့လို ကလေးမျိုးတွေ နောက်ထပ် ရှိမလာပါစေနဲ့လို့ ဆုတောင်းရမှာပဲ....

ထုံးစံအတိုင်း ရှပ်ပြာ ရှပ်ပြာနဲ့ ကော်နီလို့ ဖတ်လိုက်သေးတာ... ဟီး

Anonymous said...

ချစ်နည်းမှန်ဖို့လိုတယ်လို့ ဆိုလိုတာပေါ့
စိတ်ချပါဗျာ ကျွန်တော့ကလေးတွေကို နည်းကျလမ်းကျချစ်ပါ့မယ်


မောင်ဘကြိုင်
နေပြည်တော်မှလာသည်

မြစ်ကျိုးအင်း said...

ညကတင် ဆရာကြီးသာဓုရဲ့ သူ့သားတွေကို ဆုံးမတဲ့အကြောင်းလေးဖတ်ထားလို့ သဘောကျနေမိတာ။ ဒီထဲက မိခင်လိုမျိုးစရိုက်ကိုဖတ်ရတော့ ဒါဟာ သူတည်ဆောက်ခဲ့တဲ့ သားသမီးရဲ့ အနာဂတ်လို့ပဲ မှတ်ယူမိတယ်။ မိဘတွေ ချစ်နည်းမှန်ဖို့ အရေးကြီးပါတယ်။ တော်ကြာ နားရွက်ကိုက်ခံရတဲ့ ပုံပြင်တွေ ထပ်ကြားနေရအုံးမယ်။

မေသိမ့်သိမ့် ကျော် said...

အင်း ငယ်ကတည်းက ဒီလိုဖြစ်လာဖို့ ပုံစံသွင်းခဲ့လိုက်သလိုဖြစ်သွားတယ်ထင်ပါရဲ့။ ချစ်တာနဲ့ နှစ်တာ ခွဲခြားတတ်မှ ကလေးအတွက်ကောင်းလိမ့်မယ်နော်။

ခင်မင်လေးစားလျက်

အမည်မသိ said...

ဆရာဝန်မကြီးက အခြေအနေမကောင်းတော့တာ တခြားသူ့မိသားစုဝင်တွေ မသိကြဘူးလား မသိဘူး။ ကလေးကတော့ သူ့ကိုပျိုးထားတဲ့အတိုင်း ပွင့်မှာပဲလေ။ ကလူသစ်သမီးကတော့ ကျောင်းထားရလွယ်၊ ကျောင်းပျော်သဗျာ။ ကံကောင်းတယ်လို့ပြောလို့ရတယ်။

T T Sweet said...

ဖတ်ရတာ စိတ်မကောင်းလိုက်တာ ... ခလေးကိုချစ်ရာမရောက် နှစ်ရာရောက်တာ ပညာတတ်ဖြစ်ရက်နဲ့ မသိတာလား ...

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်