Monday, June 20, 2011

မချောရဲ့ အမှတ်တရ စုစည်းမှုနဲ့ ဦးညီရေးတဲ့ ကိုကြီးကျောက် ဘဝကောက်ကြောင်း

မချောဆိုတာက ကိုကြီးကျောက်ရဲ့ တပည့်မ ဖြစ်ခဲ့ဖူးသူ၊ ဦးညီကတော့ ကိုကြီးကျောက်ရဲ့ အကိုပါ။

လင့်ခ်ထဲမှာ မြင်းခြံက ကိုကြီးကျောက်မိသားစုအတွက် ကိုကြီးကျောက်နဲ့ ပါတ်သက်သမျှ မချောရဲ့ စုစည်းမှုလေးတွေပါပါတယ်။ ပြီးတော့ ကိုကြီးကျောက် ဆုံးပါးသွားတုန်းက ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေ။ အဆုံးမှာတော့ ဦးညီရဲ့ ကိုကြီးကျောက် ငယ်ဘဝ ကောက်ကြောင်းလေးတွေကို အကိုတယောက်ရဲ့ မေတ္တာနဲ့ ရေးသီထားတဲ့ ကြည်နူးဖွယ်၊ ဝမ်းနည်းဖွယ် စာလေးတစောင်နဲ့ အနားသတ် ပေးထားပါတယ်။ ဒီလင့်ခ်က ဇွန်လ-၂၆ရက်မှာ Expired ဖြစ်မှာပါ။

အမှတ်တရ သိမ်းထားချင်သူများအတွက် ဝေမျှလိုက်ပါတယ်။

မချောရဲ့ အမှတ်တရ စုစည်းမှုနဲ့ ဦးညီရေးတဲ့ ကိုကြီးကျောက် ဘဝကောက်ကြောင်း

ဒီလင့်ခ်လေးကို အမှတ်တရ ပို့လာတဲ့ မချောနဲ့ ငယ်ဘဝကောက်ကြောင်းလေးအတွက် ဦးညီတို့ကို ကျေးဇူး အထူး တင်ရှိကြောင်း ပြောလိုက်ပါရစေရှင်...

http://www.mediafire.com/?s8plstigp7cy682   ( ဒီမှာ ဒေါင်းသွားကြပါ)




ဒီလင့်ခ်ကိုတော့ အကျိုးတော်ဆောင် ကိုဘွိုင်းဇ် မှ ကျေးဇူးပြု၍ ကူညီလုပ်ပေးသွားတာပါ....
ရှဲ့ရှဲ့ ကဘွိုက် :)




Saturday, June 18, 2011

စမ်းရေ...


စမ်းရေ...
ညင်ညင်သာသာလေးပါပဲ...စီးမြဲ ဆင်းမြဲ...

မျက်နှာမူရာဘက် ဦးတည်၊ ခြေဦးလှည့်တဲ့နောက် လမ်းပေါက်အောင်လျှောက်တယ်...
အရောင်အဝါ တောက်ကြွားလိုက်ပုံကတော့
ကမ္ဘာကိုတောင် ထုတ်ချင်းပေါက် လင်းချင်းတယ်။

တသွင်သွင် တစိမ့်စိမ့်...ငြိမ့်ငြိမ့်ကလေးပါပဲ...
မျက်နှာပြင်ကြည်တော့ မြင်မြင်သမျှ မဖောက်မပြန်
အရှိအမှန်တိုင်း ထင်ဟပ်တယ်။

နွဲ့နွဲ့ကလေးပဲ...
ဒါပေမဲ့...
အရှိန် ရှိတယ် အရွေ့ရှိတယ်
အင်အားရှိတယ် မေတ္တာတရားရှိတယ်
ရိုးဂုဏ်ရှိတယ် ဉာဏ်ပညာရှိတယ်
အလင်းရှိတယ် ခွင့်လွှတ်ခြင်းရှိတယ်
တားဆီးလို့မရဘူး
ပိတ်ပင်လို့မရဘူး
ချည်နှောင်လို့မရဘူး
သူ့မူ သူ့ဟန်အတိုင်း တစ်လှမ်းချင်း...
ဘယ်တော့မှ နောက်ပြန်မစီးဆင်းမဲ့
သူမဟာ
သဘာဝရဲ့ စမ်းရေကြည်...

သဘာဝရဲ့ စမ်းရေကြည်.....


Tuesday, June 14, 2011

မောင်ကြီးနှမ လက်ဆင်

ခုခေတ် ရွာထဲက လူငယ်တွေကို မောင်ကြီးနှမ သိလား မေးရင်ဖြင့် ဘယ်သူမှ သိကြမယ် မဟုတ်ပေဘူး။ သို့ပေမဲ့ " မောင်ကြီးနှမ လက်ဆင်" ဆိုတာကိုတော့ဖြင့် ကြားရဖန်များလို့ နားရည်ဝနေခဲ့ကြရော့မယ်။ ဟိုး လွန်ခဲ့တဲ့ နှစ် အစိတ်-သုံးဆယ်လောက်ကဆို ဒီရွာထဲမယ် မောင်ကြီးနှမဆို မသိသူ ရှိကိုမရှိဘူး။ မရှိဆို အိမ်တိုင်းလိုလို သူတို့လက်နဲ့ မကင်းကြပဲကိုး။ မကင်းဆို မောင်ကြီး နှမဆိုတာ တခြားဟုတ်ရိုးလား၊ ကျုပ်တို့ ရွာထဲက အနှိပ်သည် လင်မယားရယ်။

ကျုပ်တို့ရွာထဲ လူသစ်တွေ လာ အခြေချကြ၊ လူဟောင်းတွေ စွန့်ခွာသွားကြနဲ့ ကျုပ်ဖြင့် ရွာခံလူရင်းအဖြစ်နဲ့  တွေ့နေ မြင်နေရတာများ ရိုးတောင် ရိုးလှပြီ။ ဒီထဲမှာ မောင်ကြီးနှမ ရွာထဲက ထွက်သွားပုံက သူများနဲ့ မတူဘူး။  တကယ်ဆို သူတို့ လင်မယားက ဒီရွာကို စပြီး အခြေချတဲ့နေ့ကတည်းက ဒီမှာပဲ ခေါင်းချကြပါစို့ရဲ့ဆိုတဲ့ အထဲကဗျ။ အေးလေ ဒါကလည်း ကျုပ်ဘက်က အထင်ရှိခဲ့တာ သက်သက်ရယ်။

သူတို့လင်မယား ရွာထဲ ဝင်လာတဲ့နေ့ကို ကျုပ်မျက်လုံးထဲ ခုထိ မြင်မိတုန်း။ ယောင်္ကျားလုပ်သူက သံသေတ္တာလေးတစ်လုံး လက်ကဆွဲလို့၊ ပင်နီတိုက်ပုံ ဖျင်ကြမ်းကို အောက်ခံစွပ်ကျယ်မပါဘဲ ရင်ကွဲ ဖွင့်ဝတ်လို့၊ မိန်းမလုပ်သူက ထန်းခေါက်ဖာတစ်လုံး ခေါင်းတင်ရွက်လို့၊  ပုဆိုးတစ်ထည်နဲ့ ဖြစ်သလို ချည်ထားတဲ့ အဝတ်ထုပ်တစ်ထုတ်က ဘယ်လက်တံတောင်ဆစ်မှာ တွဲလဲချိတ်လို့၊ အရိပ်ပန်းထည် အဖြူခံအင်္ကျီနဲ့ နက်ပြာရောင် တူတယ်လုံချည်ပေါ်မှာ ဘာအဆင် ဘာအကွက်မှန်း မပေါ်တော့တဲ့ ခါးဝတ်ကလေး ချည်လို့။ ဒါပေသိ သူတို့ နှစ်ယောက်လုံးရဲ့ မျက်လုံးတွေကဖြင့် စူးရှ တောက်ပြောင်လို့။ ဒီရွာကလေးမှာပဲ  တောက်ပလင်းလက်နိုင်တော့မဲ့ သူတို့ရဲ့ အနာဂတ်တွေ ရှိနေသလိုလို။ အဲသလို မျှော်လင့်ချက်တွေ ပွေ့ပိုက်လို့ သူတို့ ရောက်လာခဲ့ကြတယ်။

ထုံးစံအတိုင်း လူသစ်တွေကို သူကြီးဆီပို့၊ လိုအပ်တာတွေ ကူညီအပြီးမှာ သူကြီးက ကျုပ်အကွက်ဘေးက မြေလွတ်မှာ သူတို့ လင်မယား နေဖို့ နေရာ ချပေးတယ်။ ဒါဟာ သူတို့နဲ့ ကျုပ်အကြား တခြားသူတွေနဲ့ မတူတဲ့ သံယောဇဉ်အစပေါ့ဗျာ။ သူတို့ နှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက် "မောင်ကြီးရေ"  "အို နှမရဲ့" နဲ့ ခေါ်ဝေါ်ပုံဆန်းတာကြောင့် ခဏချင်းပဲ ရွာထဲမှာ "မောင်ကြီးနှမ လင်မယား" လို့ အမည်တွင်တယ်။
 

မကြာပါဘူး၊ မောင်ကြီးရော နှမပါ ရွာ လေးနဲ့ တသားတည်း ဖြစ်လာတယ်။ နှစ်ယောက်လုံး နင်းတဲ့ နှိပ်တဲ့ နေရာမှာ အင်မတန် ခြေရော လက်ပါ ပေါက်တဲ့ လင်မယား။ မောင်ကြီးက နှိပ်တဲ့ နေရာမှာ ဝါးဓါးလေးတွေ၊ ဝါးနဲ့လုပ်ထားတဲ့ ပေါက်ဆိန်လိုလို၊ တူလိုလို ဟာလေးတွေ သုံးတတ်တယ်။ ပါးစပ်ကလည်း တတွတ်တွတ် ပြောသေးတာ။

"ကျုပ် ခင်ဗျား ခြေချောင်းထိပ်ကလေးတွေ တချက်ချင်း ခေါက်မယ်၊ ဟိုးပေါင်ရင်းထိ ပူကနဲ ကျင်ကနဲ   ဖြစ်သွားလိမ့်မယ်ဗျ" တဲ့

သူပြောတဲ့အတိုင်း ပေါင်ရင်းထဲ ပူကနဲ ကျင်ကနဲ ဖြစ်သွားလိုက်တာများ။ ပြီးပြန်တော့ ခြေဖဝါး နေရာအနှံ့ သူ့ တူကလေးနဲ့ ခပ်ဆတ်ဆတ် ထုထုပြီး ဒါက သရက်ရွက်ဗျာ၊ ဒါက အသည်း၊ ဒါက နှလုံးနဲ့ အဲသလို ပြောပြောပြီး အကြောကိုမှ ထိထိမိမိ နှိပ်တာ။

ကျုပ်အကြိုက်ဆုံးကတော့ နောက်ဆုံးပိတ် ခြေတွေ လက်တွေ ချိုးနှိပ်ပေးတဲ့ အချိန်ပဲဗျို့။ အဲသလိုအချိန်မှာ စကားတွေ  အမျှင်မပြတ်ပြောတတ်တဲ့ မောင်ကြီးရဲ့ အပြော၊ သူလေးစားရတဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ စာတွေ ကဗျာတွေကို အသံနဲ့ ဌာန်နဲ့ အရွတ်အဖတ်၊ အဲဒါတွေကို ကျုပ်က တစွဲတလမ်း နားထောင်လို့ မဝနိုင် ဖြစ်ရသကိုးဗျ။ 

နှယ်နှယ်ရရတော့ မထင်လေနဲဗျို့။ မောင်ကြီးရဲ့ အဘိုးအဘေးများက နန်းတွင်းမှာ သီပေါဘုရင့် အမှုတော် ထမ်းဖူးသူများ ဖြစ်သတဲ့။ အဲဒီကနေ သားစဉ်မြေးဆက် လက်ဆင့်ကမ်းလာတဲ့ နန်းတွင်းသုံးအနှိပ်ပညာဟာ ခု မောင်ကြီးအထိ ဆိုပါတော့။ မောင်ကြီးဇာတိက ပုဂံနယ်ဘက်က ရွာလေးတစ်ရွာ ဖြစ်တယ်။ အဲဒီရွာဟာ အရင်က ဗြိတိသျှကို လက်နက်ကိုင် တော်လှန်ခဲ့တဲ့ ဗမာ့တော်လှန်ရေး ခေါင်းဆောင် ဗိုလ်ချိုရဲ့ ရွာဖြစ်တာမို့ မောင်ကြီးက သူ့ကိုယ်သူ "ဗိုလ်ချိုမြေ မောင်ကြီး" လို့ ကလောင်နာမည် ယူထားတယ်။ ပုံနှိပ်စာရယ်လို့ တလုံးတလေမှ မဖော်ပြခဲ့ဖူးပေမဲ့ သူ့ကိုယ်သူ ဗိုလ်ချိုမြေ မောင်ကြီးကနေ တပြားသားမှ မလျှော့လေဘူး။ အဲသလို ဗိုလ်ချိုမြေမောင်ကြီးနဲ့ ကျုပ်လို စာရူးပေရူး ပေါင်းလိုက်တော့ ဘာပြောကောင်းမတုန်းဗျာ၊ နှစ်ယောက်ပေါင်းပြီး သွက်သွက်ခါသွားခဲ့ကြတော့တာ။

"နဂိုက ဝါသနာအလို၊ တဗိုလ်ကျ တဗိုလ်ဆိုတဲ့ ဟိုသမယ-တို့ဗမာ အိုကွယ်...ဗိုလ်ချိုတို့ရဲ့ ထိုထိုသို့သော ငသရောက် တရွင်းတိုင်တို့ကတောင်မှ၊ ကြိုကြဆိုကြရှာ ရယ်လို့ ကျုပ်တို့ပုဂံနယ်က ဗိုလ်ချိုအကြောင်းကို ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ပုဂံရွှေစည်းခုံ ဘုရားတိုင် လေးချိုးကြီးမှာ ထည့်သွင်းစပ်ဆိုခဲ့သဗျ"  လို့ သူ့ဗိုလ်ချိုမြေကို ဂုဏ်ယူဝင့်ကြွားတဲ့ အသံဝါကြီးနဲ့ ဆိုတတ် ပြောတတ်တယ်။

"ကျုပ်အကြိုက်ဆုံး ဆရာကြီးရဲ့ လေးချိုးတပုဒ် ရှိသေးတယ်ဗျ၊ ဂဠုန်ပျံဒီပနီ ဋီကာကျမ်းမှာ စပ်ဆိုခဲ့တာ၊ အဆုံးသတ်နားမှာ စပ်ထားပုံ အတော်သင်းတာဗျို့၊ အဲဒီအချိန်က သာယာဝတီနယ်ကနေ ဂဠုန်ဆရာစံရဲ့တပ်ဖွဲ့ကြီး သူပုန်ထနေချိန်ပေါ့ဗျာ "

"ဟ လုပ်စမ်းပါဦးဟ ဗိုလ်ချိုမြေ မောင်ကြီးရ"  လို့ ကျုပ်က တချက်လောက်များ ထောက်လိုက်လို့ ကတော့....

"ဟာ ဆိုပြချင်ပါပြီလားဗျာ...နားထောင်ဗျိုး..."

"ရဂုံစံ ချစ်စရာ တပည့်တို့မှာဖြင့်၊ ဥုံ-အရဟံ သစ္စာဂတိတွေနှင့်၊ ဂဠုန် သရဏံ ဂစ္ဆာမိကြပေတော့....လို့ ဆိုထားသဗျ"

"ဟာ ကောင်းလိုက်ချက်ဗျာ၊ ဂဠုန် သရဏံ ဂစ္ဆာမိ တဲ့လားဗျ ဟားဟားဟား"

 
အဲသည်လို ကျုပ်နဲ့ အင်မတန် ပလဲနံမသင့်ခဲ့တဲ့ မောင်ကြီး။ တခါတလေများ သူ နှိပ်ဖို့အလာ ကျုပ် မပြီးသေးတဲ့ လျှော်တောင်းတွေ ဝိုင်းကူယက်ပေးလား ပေးရဲ့။ ရွာထိပ် ရေချိုတွင်းက သောက်ရေလေး တစ်ပုံးလောက် ငင်ပေးလား ပေးရဲ့။ အင်မတန် ဖင်ပေါ့တဲ့ မောင်ကြီး။

ဟော...မယ်နှမ ကျပြန်တော့ တရားဓမ္မနဲ့ ပတ်သက်လို့ အတော်လေး လေ့ကျက်နှံ့စပ်ပေတာ။

"မယ်နှမရဲ့ မေးစမ်းပါရစေ၊ လူ့ခန္ဓာကိုယ်မှာ မျက်စေ့၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်ရယ်လို့ ဒွာရရုပ် 
ခြောက်ပါးရှိသမို့လား၊ အဲဒါတွေကို ဘာကြောင့် အကြည်ဓါတ်လို့ ခေါ်တာတုန်း၊ အဲဒါလေး လင်းစမ်း ပါဦးအေ" လို့များ ကျုပ်အိမ်ကမိန်းမ မစော အနှိပ်ခံနေတုန်း မေးလိုက်ရင် အပေါ်ကနေ  ခေါင်းတွေ၊ ခါးတွေ တဂျွတ်ဂျွတ် ချိုးဖဲ့ရင်း ရှင်းလင်းပြောပြလေတော့တာ။

"အို အစောနှယ်...ပြောပြရသပေါ့တော်၊ ခန္ဓာကိုယ်မှာရှိတဲ့ ဒွာရ ခြောက်ပါးနဲ့ အာရုံတွေ ထိတွေ့တိုင်းမှာ အပွင့်ဓါတ်ကလေး တစ်ခု ပေါ်တယ်။ အဲဒါကို ပါဠိလိုတော့ ဖဿခေါ်တယ်။ အဲဒီ ဖဿကြောင့် မျက်စေ့ထဲက သန်းခေါင်း ပမာဏလောက်ရှိတဲ့ အကြည်ရုပ်လေးမှာ ပုံရိပ်ထင်တယ်။  အဲသလိုပဲ နှာခေါင်းအတွင်းမှာ ဆိတ်ခွာပုံ အကြည်ရုပ်ကြောင့် အနံ့ကို ရတယ်။ လျှာပေါ်မှာရှိတဲ့ အဖုလေးပေါင်းများစွာမှာလည်း အရသာကို ခံစားနိုင်တဲ့ အကြည်ရုပ်ကလေးတွေ ရှိကြတယ်။ လူခန္ဓာတခုလုံး ဘာနဲ့ပဲ ထိတွေ့၊ ထိတွေ့ ထိမှန်းသိတာဟာ သည်ရုပ်အကြည်တွေကြောင့်ပေါ့ အစောရဲ့။ ပမာပြောရရင် ကန်ရေပြင်ဟာ ရေကြည်မှ သူ့အပေါ် လာထင်ဟပ်သမျှ အရိပ်ထင်သလို ခန္ဓာဟာလည်း သည်ရုပ်အကြည်တွေကြောင့်ပဲ ထိသိ ခံစားနိုင်ကြတာကလား"

"ဪ...ဟုတ်ပြီ ဟုတ်ပြီ နားလည်ပါပြီကော မယ်နှမရယ်..."

အနှိပ်ပေးဖို့လာတိုင်းလည်း " မောင်ကြီးနှမရေ ခဏတော် ဒီဟင်းအိုးလေး ကြည့်ထားစမ်းပါဦး" ဆိုလည်း မငြင်းဘူး၊ အိမ်ရှေ့ မြေကပြင်မီးဖိုမှာ နောက်တစ်အိမ်ကို အနှိပ် မသွားခင်အချိန်ထိ စိတ်ပါလက်ပါ ချက်ပြုတ် ကူသွားတတ်လေရဲ့။ 


" မောင်ကြီးနှမရေ ကျုပ် ဒီမယ် လက်မအားလို့တော် အငယ်ကောင် ချေးယိုချင်လို့တဲ့အေရယ်" ဆိုလို့ကတော့ ကလေးအငယ်ကောင်ကို ချိုင်းကနေ ဆွဲမပြီး ကလေးဖင်အောက် သူ့ခြေနှစ်ချောင်း ထိုးခွင်လို့ ကလေး သေးပေါက်ချေးယို ကိစ္စကအစ မငြီးမငြူ တတ်တဲ့သူ။ ဒါကြောင့်ထင်ပါရဲ့၊ ကျုပ်တို့ ရွာတင်မက တခြားရွာနီးချင်းတွေကပါ အနှိပ်သည်ခေါ်ရင် မောင်ကြီးနှမပဲ အိမ်အပါ ခေါ်လေ့ရှိကြတယ်။

@@@@@@@@@@@@@@@@@@@@@@@

လိုက်လည်းလိုက်တဲ့ မောင်ကြီးနှမ လင်မယား...။ တိုးတက်ကြီးပွားလိုသူတိုင်း အတွက် ခြေတစ်လှမ်းတိုင်း တစ်လှမ်းတိုင်းဟာ ဘယ်လောက် အရေးကြီးကြောင်း ယုံကြည်ကြပုံ၊ ပြောလေ့ရှိကြပုံလည်း တူကြတယ်။ သူတို့ကိုယ်တိုင်လည်း ဘဝတက်လမ်းအတွက် လမ်းစမရသေးခင်မှာ အစစအရာရာ အမြဲသတိ ရှိနေကြကြောင်း၊ ရှာဖွေရသမျှ ကျစ်နေအောင် စုဆောင်းထားတဲ့ အကြောင်းတွေ ကျုပ်ကို ဖွင့်ပြောလေ့ရှိသဗျ။

တစ်ခါနှိပ်ရင် ငွေတစ်ကျပ်၊ တနေ့ သုံးအိမ်ပဲ နှိပ်ဦး၊ ဝင်ငွေ သုံးကျပ်ရှိတယ်။ ဘဲဥ ကြက်ဥတစ်လုံးမှ ဆယ့်ငါးပြား-ပြားနှစ်ဆယ်ရယ်။ တလ ဝင်ငွေ ကိုးဆယ်ဆိုတာ အဲဒီတုန်းက အင်မတန်များလှပြီ။ လင်မယား နှစ်ယောက်ပေါင်းရင် တလဝင်ငွေ တစ်ရာ့ လေးငါးဆယ် အသာလေး ဝင်တာပေါ့။ ဒါဟာ ကျုပ်တို့ခေတ်က အထက်တန်းစာရေးကြီး လစာလောက် ရှိတာ။ ဒါလည်းပဲ မောင်ကြီးနှမ လင်မယားခမျာ ပင်နီတိုက်ပုံ ဖျင်ကြမ်းနဲ့ တူတယ်လုံချည် မွဲပြာပြာက မတက်ဘူး။

စကားကြုံလို့ ပြောရဦးမယ်။ တခါက ရွာအလှူမယ် မောင်ကြီးဝတ်လာတဲ့ ပိုးတိုက်ပုံ ဖက်ဖူးစိမ်းအကြောင်း ဆိုပါတော့။ ဘယ်နှနှစ်လောက်ကများ သိမ်းထားတယ် မဆိုနိုင်ဘူး။ ခေါက်ရိုးရာ အကျိုးသားနဲ့ အင်္ကျီဟာ မောင်ကြီး လက်တစ်ဘက် အပေါ် အမြှောက်မှာ ချိုင်းအောက်က  ရိနေတဲ့ အင်္ကျီခေါက်ရိုးသား ဗြိကနဲ ကွဲထွက်တယ်။ နဂိုကမှ အင်္ကျီအသစ် ပြောင်ပြောင်လက်လက်နဲ့မို့ ဟိုကြည့်ဒီကြည့် ရှက်တက်တက်   ဖြစ်နေတဲ့ မောင်ကြီးဟာ ဗြိကနဲ အသံအကြား  "ဒီအထည်က ကျုပ်အဘ အမွေဗျ၊ မဝတ်တာ ကြာပေါ့"ဆိုပြီး ဟီးကနဲ ရှက်ရယ်တချက် မလုံမလဲ ရယ်လိုက်တာကြောင့် မရယ်မိအောင် သွားနဲ့ အောက်နှုတ်ခမ်းကို ဖိကိုက်ထားကြတဲ့ မဏ္ဍပ်ထဲကလူတွေဟာ ပတ်တုတ်လို့ မရအောင် ဝေါကနဲ ရယ်လိုက်ကြတော့တယ်။ အဲဒီကတည်းက မောင်ကြီးလည်း အသစ်ဆို ဘာကိုမှ မဝတ်တော့ဘူး။

သူတို့ခြံဝိုင်းထဲမှာ ဗူး၊ ဖရုံ၊ ခရမ်းချဉ်၊ ကင်းပုံပင်တွေနဲ့ ဟင်းပဒေသာပင်ဖြစ်လို့၊ အဲဒါတွေပဲ တလှည့်စီ ဟင်းလုပ်စားကြလေတာ။ မောင်ကြီးနှမအတွက် နေ့စဉ် ထမင်းဝိုင်းဆိုတာက ထမင်းတစ်အိုးတည်၊ ငါးပိ တစ်ယောင်းမစာ ဖုတ်၊ ခြံဝိုင်းထဲက ဘူးသီးနဲ့ ပဒါတ်စာလေး ဟင်းမချို တချို ချက်လို့
၊ ဒါကိုပဲ ပူပူလောလော စားကြ၊ သောက်ကြတာပါပဲ။

အဲသည်လို အဝတ်မှာလည်း ဝယ်မဝတ်၊ အစားမှာလည်း ခြံထွက်ရှိတာလေး ဟင်းလုပ်စား ဆိုတော့ကာ ဒီမောင်ကြီးနှမ ဝင်ငွေတွေ ဘယ်နားထားပါလိမ့်လို့ ရွာထဲကလူတွေ စဉ်းစားမိခဲ့ကြတာပေါ့။ ဒါကလည်း ရှင်းတယ်လေ။ ရပ်ရွာသာရေးနာရေးကလွဲလို့ ထွက်ငွေမရှိတဲ့ မောင်ကြီးနှမရဲ့  တလတလဝင်ငွေ တရာ့ငါးဆယ်ဆိုတာ တနှစ်ဝင်ငွေ တထောင့်ရှစ်ရာ။ ဒါဟာ ရွှေ သုံး-လေးကျပ်သား ဝယ်လို့ရတဲ့ ငွေပမာဏ ဖြစ်လေတော့ ခုဆို ရွှေ ဘယ်လောက်သားများ စုမိနေပြီလဲ။ လက်ရှိရွှေဈေး ကလည်း ခြောက်ရာကျော် ခုနှစ်ရာနား နီးလာနေတဲ့အခါ မောင်ကြီးနှမလက်ရှိ အနေအထားဟာ ရွာကလူတွေ   တွေးလည်း တွေးမိချင်စရာ ဖြစ်နေခဲ့တော့တာ။

တနေ့တော့ မောင်ကြီးတို့အိမ်ရှေ့ကို ကားကြီးကားကောင်း တစ်စီးလာရပ်တယ်။ ကားကြီးထဲက ခန္ဓာကိုယ် တုတ်တုတ်ခိုင်ခိုင်၊ ဝတ်ကောင်းစားလှနဲ့ အသားညိုညို လူတစ်ယောက် ထွက်လာပြီး မောင်ကြီးခြံဝိုင်းရှေ့ ရပ်လို့ မောင်ကြီးနှမနာမည် အော်ခေါ်လေရဲ့။ 

ခဏအကြာမှာ မောင်ကြီးထွက်လာပြီး အိမ်ရှေ့ သစ်သားကွပ်ပျစ်လေးပေါ်မှာ နှစ်ယောက်သား စကားထိုင်ပြောကြတယ်။ မယ်နှမ အကြမ်းအိုးလေး၊ အချိုလေး လာချပုံထောက်တော့ အတော် အရာရောက်တဲ့ ဧည့်သည် ဖြစ်မယ်။ ကျုပ် ထင်တဲ့အတိုင်းပါပဲ။ ဧည့်သည် ပြန်သွားတော့  မောင်ကြီးရယ် ကျုပ်အိမ်ကို ခုနင့်က ဧည့်ကျန်  အကြမ်းရည်နဲ့ကြံသကာ ပန်းကန်လေးဆွဲလို့ ရောက်ချလာပါရော။

အကြောင်းက ဒီလိုဗျ။ ကိုဧည့်သည်က အတော် ပေါက်ပေါက်ရောက်ရောက် ရှိတဲ့သူ။ မြို့ပေါ်က အရာရှိ အရာခံမင်းများဆီ တံခါးမရှိ ဓါးမရှိ ဝင်ထွက်လမ်းပေါက်နေတဲ့သူ။ နိုင်ငံရပ်ခြားတွေ ဘာတွေတောင် ရောက်ဖူးသူ ဆိုတာပဲ။ ရွာမှာက ရန်ကုန်မြို့ကြီးတောင် ကျုပ်ရယ် ဆရာတော်ရယ်လောက် ပဲ  ရောက်ဖူးကြတော့ ဒီလိုလူမျိုး နတ်သားလောက် မှတ်တော့တာ။

ဒီလူက မောင်ကြီးနှမတို့လို အနှိပ်သည်တွေ စုစည်းပြီး ရန်ကုန်မြို့ကြီးမှာ ကုမ္ပဏီလီမိတက် ဖွင့်မှာ ဖြစ်တာကြောင့် မိရိုးဖလာ မြန်မာ့အနှိပ်အနင်းပညာနဲ့ ပတ်သက်လို့ သတင်းကြီးတဲ့ မောင်ကြီးနှမကို လာရောက် ကမ်းလှမ်းခြင်း ဖြစ်သတဲ့။ ခုလိုမျိုး ဖဲထီး အနက်ရောင်အပေါ် ဆေးအဖြူနဲ့ အနှိပ်သည်ဗျို့ လို့ ရေးထားတဲ့ထီးကြီး  ဆောင်းပြီး အနီးအနား ရွာတွေကို နေပူစပ်ခါး ခြေတိုအောင် လျှောက်စရာမလို၊ အနှိပ်ခံချင်သူများက လာရောက်အနှိပ်ခံကြမှာ ဖြစ်သတဲ့။

အနှိပ်ခံလိုသူများက မိမိတို့နှစ်သက်ရာ အနှိပ်သည်ကို ရွေးချယ်နိုင်ခွင့်ရှိပြီး၊ သုံးလအတွင်း အများဆုံး အရွေးချယ်ခံရတဲ့ အနှိပ်သမား သုံးယောက် စာရင်းထဲဝင်ရင် အဲသည်အနှိပ်သမား သုံးယောက်ကို ရာထူးတိုး၊ လခတိုးပေးပြီး ကျွမ်းကျင်အနှိပ်တော်အဖြစ် အုပ်ချုပ်သူများထံ အနှိပ်ဆက်သဖို့ စေလွှတ်ခြင်းခံရမတဲ့။ အို...ကောင်းလိုက်တဲ့ အစီအမံဗျာ။

ကျုပ်ကို ပြောပြနေတဲ့ ဗိုလ်ချိုမြေမောင်ကြီးရဲ့ မျက်ဝန်းအစုံဟာ စိတ်အားထက်သန်မှုတွေနဲ့ တောက်ပလို့။ အဲသလိုသာ ရန်ကုန်မြို့ကြီးပေါ် ရောက်ရင် သူ့ရဲ့ ဝါသနာ အရင်းခံဖြစ်တဲ့ ကဗျာတွေ၊ စာတွေ ရေးနိုင်အောင် ဆက်သွယ်ကြိုးစားမယ်လို့လည်း ဆိုသေးတယ်။ ကျုပ် ယုံပါတယ်။ ဒီမောင်ကြီးနှမ လင်မယားဟာ သူတို့ ရှေ့ဆက်လှမ်းမဲ့ ခြေလှမ်းတွေအတွက် ငွေကြေးရော အသက်မွေးဝမ်းကြောင်းပညာပါ ပေါက်ရောက် ကျွမ်းကျင်ကြတဲ့အပြင် စာပေ ဗဟုသုတလည်း နှံ့စပ်၊ လောကီ လောကုတ်လည်း ပတ်ပတ်နပ်နပ် သိကြတာကြောင့် တနေ့ ထွန်းပေါက်ဦးမှာပဲ ဆိုတာ။ 

"ကျုပ်လည်းပဲ တနေ့ ရန်ကုန်ရွှေမြို့တော်ကြီးပေါ်မှာ  စာရေးဆရာ အကျော်အမော် ဖြစ်မလာဘူးလို့ ဘယ်သူပြောနိုင်မလဲဗျာ"

"ဟားဟားဟား  ဟုတ်ပါ့  ဟုတ်ပါ့ ယုံပါတယ် ဗိုလ်ချိုမြေ မောင်ကြီးရာ၊ ခင်ဗျား စာရေးဆရာ အကျော်အမော် ဖြစ်ရင်သာ ကျုပ် မမေ့နဲ့ပေါ့ဗျာ...ဟားဟားဟား"

"ဒါပေသိ ကျုပ်က ခေါင်းမညိတ်သေးပေါင်ဗျာ၊ မယ်နှမတို့၊ မိတ်ဆွေတို့နဲ့   နှီးနှောကြည့်ပါဦးမယ်   ပြောထား သဗျ"

"ကောင်းပါလေ့ဗျာ  ကောင်းပါလေ့"

အဲသည်လို ကောင်းတိုင်ပင် ဆိုးတိုင်ပင် အမျိုးအဆွေတမျှ ကျုပ်နဲ့ နီးနီးကပ်ကပ် ရှိခဲ့တဲ့ မောင်ကြီး...။

နောက် ဆယ်ရက်လောက် အကြာမှာ အဲဒီလူ တစ်ခေါက် ပြန်လာပြန်တယ်။ မကြာပါဘူး၊ နောက်တခါ တပတ်လောက်အကြာမှာ တတိယအခေါက်...။ ထုံးစံအတိုင်းပဲ ဧည့်ပြန်သွားတာနဲ့ မောင်ကြီးခမျာ ကျုပ်အိမ်ဖက် ကူးလာရှာတယ်။

"ကျုပ်တော့ သဘောတူလိုက်ပြီဗျာ...အဆောက်အဦးဓါတ်ပုံတွေ ယူလာပြတယ်ဗျို့၊ သူ့ လုပ်ငန်းက အတော် ကြီးကျယ်တာကလား"

"ဆိုပါဦးဗျာ"

"ဒီလိုဗျာ ကုမ္ပဏီမှာ အလုပ် လုပ်သူတိုင်းဟာ တနေ့မှာ ဖက်စပ် ပိုင်ရှင်ဖြစ်ခွင့် ရှိသတဲ့ဗျာ"

"ဘယ်လိုရယ်ဗျ"

"ဒီလိုဗျာ...ကျုပ်တို့အားလုံး အလုပ်ရှင်၊ အလုပ်သမား တန်းတူ ကုမ္ပဏီရဲ့ အစုရှယ်ယာ ဝယ်ယူနိုင်တယ်။ အစုရှယ်ယာ များများပိုင်လေ၊ အကျိုးအမြတ် များများရလေ၊ အစုရှယ်ယာ ဆယ့်ငါးရာခိုင်နှုန်း ပိုင်တာနဲ့ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒါရိုက်တာအဖွဲ့ဝင်အဖြစ် အကျိုး ခံစားခွင့် ရမယ်ဗျာ"

"ကျုပ်ဖြင့် နားမလည်ပေါင် ဗိုလ်ချိုမြေ မောင်ကြီးရယ်"

"နားမလည်ဆို ခင်ဗျားတို့ဟာက လေ့မှ မလေ့လာပဲကိုးဗျာ...

ပြောလည်း ခံရရုံရှိတာ။ ကျုပ်တို့ဖြင့် မောင်ကြီးလောက် စာဖတ်မကြေတာ ဝန်ခံရမှာပါပဲ။ ရွာမှာက သတင်းစာဖတ်သူရယ်လို့ ရွာဦးကျောင်းက ဆရာတော်ပြီးရင် မောင်ကြီး ရှိတာကိုး။

@@@@@@@@@@@@@@@@@@@@@@@

အဲသည်နေ့ကစလို့ " မောင်ကြီးနှမတို့လင်မယား မြို့ပေါ်တက် အလုပ် လုပ်တော့မယ်ဟေ့၊ ကုမ္ပဏီ လီမိတက်မှာ" ဆိုတဲ့သတင်းဟာ တရွာလုံး အနှံ့ တောမီးကြီးများလို  ပြန့်တယ်။ မောင်ကြီးနှမတို့   ခြံဝိုင်းလေးထဲလည်း နေ့နေ့ညည ခြေချင်းလိမ်မတတ် နှုတ်ဆက်ကြသူတွေနဲ့ စည်ကားလို့။

"မောင်ကြီးနှမရေ မြို့ရောက်ရင် ကျုပ်တို့လည်း မမေ့နဲ့ဦးဗျ နော"

"တစ်နှစ် တစ်ခေါက်လောက်တော့ ရွာပြန်လာခဲ့ပါဦးဗျ"

"လိပ်စာလေး ဘာလေးပေးခဲ့ပေါ့ဗျာ၊ ကျုပ်တို့  မြို့ရောက်တဲ့အခါ ဝင်လာရအောင်"

"ကျုပ်ကိုယ်တိုင် ဟောဒီလက်နဲ့ လုံးထားတဲ့ သဲလွတ်ခဲလွတ် ထန်းလျက်ခဲ အသန့်လေးတွေချည်း မြို့လက်ဆောင် ပေးလိုက်ဦးမယ်တော်ရေ"

"အို...အတော်ပဲ၊ မနှစ်က ဝါဖြူခင်းထဲ ဝါနီလေးနှစ်တန်းစွက်လို့ စိုက်ထားတဲ့ ဝါနီကနေ ကျုပ်ကိုယ်တိုင် ဝါကောက်ပြီး ယက္ကန်းစင်တင်ထားတဲ့ ပင်နီဖျင်ကြမ်းလေး၊ မယ်နှမအတွက် ပေးလိုက်ပါရစေတော်"

မောင်ကြီးနှမလည်း မျက်နှာထန်းလျက်တုံး ဖြစ်လို့၊ လာသမျှလူ အကြမ်းရည် တိုက်ရလွန်းလို့ မယ်နှမနှယ် ရေနွေးအိုး မီးမပြတ်ထိုးရတာဖြင့် မျက်ခွက်မှာ ထင်းမီးခိုးစွဲရော့။

တရွာလုံးမလည်း ဒါပဲ ပြောစရာဖြစ်ဆို၊ ကိုယ့်ရွာသား မြို့မှာ တူတူတန်တန် အရာဝင်တော့မှာကိုးဗျ။ ဒီတော့လည်း ဒါပဲ နေ့ရှိသရွေ့ ပြန်ပြန်ကျော့နေကြရင်းက တစ်နေ့တော့ တရွာလုံး အံ့အားကြီးသင့်ခဲ့ ရတဲ့နေ့ ရောက်လာခဲ့တော့တယ်။


မောင်ကြီးနှမရယ် သူတို့အိမ်လေးထဲ မရှိတော့ဘူး။  အိမ်ထဲမယ် ထရံမှာကပ်ထားတဲ့ ဇာတ်ပွဲကြော်ငြာ ကလွဲလို့ ဘာဆိုဘာမှ မရှိတော့တာ။ ကျုပ် အတော် အံ့ဩသွားတယ်။ ဒီလူတွေနှယ် နှုတ်ဆက်စကားလေး တခွန်းဆိုဖို့တောင် သတိမရခဲ့တာလား။ အချိန်ပဲ မရခဲ့လို့လား။ မြို့ပေါ်တက်လို့ ကြီးပွားမယ်မှ မကြံသေး၊ အနီးဆုံး ကျုပ်လိုလူကိုတောင် အရေးတယူ နှုတ်ဆက်မသွားတဲ့ အဖြစ်ရယ်။ ကျုပ်မှာ တွေးမိလေလေ ဝမ်းနည်းမိလေ...။ 


ရွာထဲမလည်း တီးတိုးတီးတိုးနဲ့ မောင်ကြီးနှမ ရွာထဲက ပျောက်သွားတဲ့ အကြောင်းချည်း ပြောကြ ပြန်တော့တယ်။ တစ်ရက်က နှစ်ရက်၊ တစ်လက နှစ်လ ကြာလာတာနဲ့ အမျှ အသံတွေလည်း တဖြည်းဖြည်း တိုးတိတ်လို့ လာတယ်။ နောက်ဆုံးတော့ ပျောက်သောသူ ရှာမတွေ့ဘဲ၊  ပျောက်သောသူ ကြာရင်မေ့ ဖြစ်ခဲ့တော့တယ်။  ခုဆို သူတို့ နေသွားတဲ့ ခြံဝိုင်းလေးထဲ လူသစ်တွေ လာရောက် အခြေချခဲ့ပြီ။ ရွာထဲက စကားဝိုင်း မလည်း  မောင်ကြီးနှမအကြောင်း ပါမလာတတ်တော့တာ ကြာခဲ့ပြီ။ အချိန်တွေ လွန်မြောက်လာတာနဲ့ အမျှ မေ့တေ့တေ့ ဖြစ်လာပြီ ဆိုပါစို့ဗျာ။ သို့သော်လည်း အမှန်ကို ဝန်ခံရရင်ဖြင့် သူတို့ နှုတ်မဆက် ဘဲ ပျောက်သွားပုံက ကျုပ်စိတ်ထဲ ပဟေဠိတစ်ခု ဖြစ်နေတုန်း...။

တနေ့တော့ ရပ်ရေးရွာရေး ဆွေးနွေးကြဖို့ ဆရာတော် အခေါ်ရှိတယ်ဆိုတာနဲ့ ရွာဦးကျောင်းဘက် ထွက်ခဲ့တယ်။ ကိစ္စက ရွာမှာ ကထိန်ခင်းကြဖို့ပါ။ နှစ်စဉ် ခင်းနေကျပေမဲ့ ဒီနှစ်ကျကာမှ ဇာတ်ပွဲသွင်းချင်တဲ့ ရွာ့မျက်နှာဖုံး အလှူ့ဒါယိကာမတွေကြောင့် အပျော်အပါးမစွက်ဘဲ ကုသိုလ်ရေး သက်သက်လုပ်ချင်တဲ့ ဆရာတော့်မှာ အခက်ကြုံရတော့တယ်။ တစ်ဘက်ကလည်း ဒကာအရင်း တွေမို့ မငြိုငြင်စေချင်ဘူးပေါ့ဗျာ။

တကယ်တမ်း ဇာတ်ပွဲသွင်းကြပြီဟေ့ဆို ရွာနီးချုပ်စပ်က ညအိပ်ညနေ ပွဲကြည့်လာကြမဲ့သူတွေ အတွက် ဧည့်ခံကျွေးမွေးဖို့ ကိုယ့်ရွာက အိမ်ရှင်ရွာအနေနဲ့ ဧည့်ဝတ်ကျေစေရမှာ။ ရွာဘုန်းကြီးကျောင်း ဆိုတာက ကျောင်းလာသမျှ ဧည့်သည် ထမင်းချိန်တန် ထမင်း ကျွေးရပေတာကိုး။ ဒီတော့ လိုအပ်တာလေး စာရင်းလုပ်ပြီး ဝယ်ရခြမ်းရအောင် ကျုပ်နဲ့အတူ လေး-ငါးယောက် ကျက်သရေခန်းထဲဆင်းပြီး လက်ကျန် ငါးပိ၊ ပဲ၊ ပုဇွန်ခြောက်၊ ငါးခြောက်တွဲတွေ ရေတွက်ကြတယ်။ အဲဒီမှာ ငါးခြောက်ထုတ်ထားတဲ့ သတင်းစာစက္ကူက စာလုံးမဲကြီးနဲ့ သတင်းတပုဒ်ကြောင့် ကျုပ် မျက်လုံးတွေ ပြာနောက်သွားခဲ့ရတယ်။

"လူလိမ်ဂိုဏ်းကြီးအား ဖော်ထုတ်ဖမ်းဆီး၍ ပုဒ်မ ၄၂၀နှင့် ရုံးတင် အရေးယူနိုင်ခဲ့ပြီ"....တဲ့။ သတင်းစာနေ့စွဲက မောင်ကြီးနှမ ရွာက မထွက်ခင်လေးတင်။

 နှစ်ခါ-သုံးခါလောက်သာ ခပ်လှမ်းလှမ်းက မြင်လိုက်ရပေမဲ့ ကျုပ် ကောင်းကောင်းကြီး မှတ်မိတယ်။ စာလုံးမဲမဲကြီးတွေအောက်မှာ သူ့ဓါတ်ပုံ...၊ ခန္ဓာကိုယ် တုတ်တုတ်ခိုင်ခိုင်၊ ဝတ်ကောင်းစားလှနဲ့ အသားညိုညိုလူ၊ သူမှ သူ။

"ဟာ" ကနဲ ကျုပ်ပါးစပ်က ထွက်ရုံရှိသေး၊ ကျက်သရေခန်းထဲကလူကုန် ကျုပ်နား ဝိုင်းအုံ လာကြတော့တယ်။ ကျုပ် ဘာစကားမှ ဆက်မပြောနိုင်ဘူး၊ သတင်းစာ စာရွက်အပိုင်းထဲ လက်ညှိုးထိုးပြရုံပဲ တတ်နိုင်တယ်။ နောက်ဆုံးတော့ ငါးပိတွေ၊ ငါးခြောက်တွေ အသာထားလို့ ဆရာတော်ရှေ့ရောက်သွားခဲ့ကြတော့တယ်။ ဆရာတော်က ပြုံးတော်မူတယ်။ သိပြီးသားဆိုတဲ့ သဘော။ ခဏနေမှ ခေါင်းတငြိမ့်ငြိမ့်နဲ့ မိန့်တော်မူတယ်။

"ငါ သိပြီးသားပါ ဒကာတို့ရဲ့၊ ဟဲ့ မောင်ငွေ နင့် ပြောမသွားဘူးလား"

ကျုပ် ခေါင်းခါပြလိုက်တော့ ဆရာတော်က ဆက်မိန့်တယ်။

"အိမ်း တိုးတက်ရာ တိုးတက်ကြောင်း ရှာတာကဖြင့် ကောင်းပါသကွယ်၊ နို့ပေတဲ့ သေချာအောင် စူးစမ်းလေ့လာဖို့လည်း လိုသေးမဟုတ်လား၊ ငါးစာမြင်ရုံနဲ့ မဆင်မခြင် ဟပ်ရင်တော့ အာခေါင် ချိတ်စူး မှာပေါ့ဗျာ၊ ဘယ်လိုပဲ စာပေနှံ့စပ်လို့ စာသိပေသိ သိတယ်ထားဦး၊ အမြင့်တက်ချင်စိတ်နဲ့ သတိဆိုတာလေး တချက် လွတ်လိုက်တာနဲ့ နေမှုထိုင်မှုဘဝတွေ ဇောက်ထိုး ဖြစ်သွားတတ်တာ မျိုးဗျ၊ လိမ်ညာစားချင်တဲ့ သူမျိုးဆိုတာ လူတွေရဲ့ ဟာကွက် ပျော့ကွက်ကို အများတကာထက် ပိုသိကြတယ်ကွဲ့"

"တင်ပါ့ဘုရား"

"ခုတော့ စုဆောင်းထားတာလေးတွေလည်း လက်လွန်ပြီးပါသွားတယ် မှတ်တယ်၊၊ လူလိမ်ဂိုဏ်းကလည်း ဖမ်းဆီးမိလို့ ဟိုကောင်က ထောင်ထဲရောက်တယ် သတင်းစာထဲ ပါအလာ၊ ဒီတော့ မျှော်သာမျှော်ရ အလကားချည်း ဖြစ်သွားတော့ ရှက်ရှာတယ် ထင်ပါရဲ့..."

"မှန်ပါ၊ အရှက်လွန်ပြီး ရွာကထွက်သွားတာ ဖြစ်နိုင်ပါတယ်ဘုရား"

"ပြီးတော့ လူဆိုတာမျိုးက သူများခြေလှမ်းသာ မြင်တတ်ကြပြီး ကိုယ့်ခြေလှမ်း ကိုယ် မြင်ဖို့ဆိုတာများ ကျတော့ ခက်သားမဟုတ်လားဟဲ့"

"မှန်ပါဘုရား"

ဆရာတော်ကို ဝတ်ဖြည့်ပြီး ကျုပ်တို့လူစု ရွာဘက် ပြန်အလာ၊ အပြန်လမ်းတလျှောက် ကျုပ်ခြေထောက်တွေ ဟာ မြေကြီးပေါ် ကတ္တရာစေး သုတ်ထားသလို မ မရအောင် လေးလံလွန်းလှတယ်။ ကျုပ်စိတ်ထဲ   မောင်ကြီးနှမမျက်နှာပဲ တရေးရေး ပေါ်လာနေခဲ့တာ။ ဖြစ်မှ ဖြစ်ရလေဗျာ။ ဒီလိုမှန်းသိ မရ ရအောင် တားခဲ့ပါတယ်။ သို့ပေမဲ့...မောင်ကြီးရယ် ခင်ဗျားက ကျုပ်ထက် ပိုပြီး နှံ့စပ်သိမြင်တဲ့လူ ဆိုတော့လည်း မတားရဲခဲ့ဘူးဗျာ။ ခင်ဗျား ဘဝ ကြီးပွားတိုးတက်မဲ့ အရေးကိုး။

"အဲဒါ မှတ်ထားနော် အေးမြ နင်တို့မိန်းကလေးတွေ မြို့သားမြင်တိုင်း ငမ်းငမ်းတက်နေ၊ ဟိုက လူကောင်းမှန်း မသိ၊ လူဆိုးမှန်းမသိနဲ့"

"အံမာ ကိုကြီးသာရယ် ကျုပ်တို့က အဲလောက် လူကဲခတ် မညံ့သေးဘူး၊ မအသေးပါဘူးတော် ကတည်း"

"ဘာ ကတည်းလဲ အဲဒါ ညည်းတို့ မိန်းကလေးတွေ သတိထားဖို့၊ မောင်ကြီးနှမလက်ဆင်နော် မှတ်ထား"

"ဘာတုန်းဟဲ့ အဲ့ဒီ လက်ဆင်ဆိုကြီးတာက"

"ဟာ အရီးစော...အင်္ဂလိပ်လို L E S S O N လက်ဆင်၊ အဲဒါ မြန်မာလို သင်ခန်းစာကို ပြောတာဗျာ...မှတ်ထား လက်ဆင် လက်ဆင်"

စိတ်မကောင်းဖြစ်နေရတဲ့ကြားထဲ လူပျိုခေါင်း ကိုကြီးသာတို့တစ်သိုက် ပြောနေကြတဲ့ စကားအကြားမှာ ကျုပ်မျက်နှာတောင် ပြုံးစေ့စေ့ကြီး ဖြစ်သွားခဲ့ရတယ်။

အဲဒီကစလို့ ရွာထဲမယ် အလှမ်းကျယ် အလယ်လပ်ဖြစ်မစိုးလို့၊ အခြေအနေမှန်ကို အသေအချာ မစုံစမ်းပဲ တိုးတက်ချင်စိတ်လေးတခုထဲနဲ့ လက်လက်ထနေတဲ့ လူငယ်တွေကို " မောင်ကြီးနှမ လက်ဆင်နော်၊ မောင်ကြီးနှမလက်ဆင် သိတယ်မဟုတ်လား" လို့ ပြောစမှတ် ဖြစ်ခဲ့ကြတယ်။ ခုဆိုရင်ဖြင့် ရွာထဲက လူငယ်တွေဟာ လယ်ထဲ မဆင်းချင်ကြတော့ဘူး။ မိရိုးဖလာ ဝါစိုက် ဗိုင်းငင် မလုပ်ချင်ကြတော့ဘူး။ တိုးတက်လာတဲ့ ခေတ်နဲ့အညီ တခြားစီးပွားရေးလုပ်ငန်းတွေ ပြောင်း လုပ်လာကြတာကို ကျုပ်လက်ခံ ပါတယ်။ လူငယ်တွေ အတွေးအမြင် ကျယ်ပြန့်လာတာ ဟာလည်း သဘောကျချင်စရာပါ။ ကျုပ်တို့တုန်းက ရန်ကုန်ရွှေမြို့တော်ကြီးလောက် သွားပြီး အလုပ် လုပ်၊ အခြေချနိုင်ရင် ဟုတ်လှပြီ။ ခုတော့ လူငယ်တွေ နိုင်ငံတကာအထိ ခြေဆန့်လို့ အလုပ်အကိုင်တွေနဲ့ အခြေအနေတကျ ဖြစ်နေကြတဲ့ ခေတ်။ ဒီတော့ ရွာကလူငယ်တွေလည်း လူငယ်ပီပီ စွန့်စားချင်၊ လုပ်ကြည့်ချင်လာကြတယ်။ အဲဒီ အနေအထားမှာ ရွာထဲက လူကြီးတွေက လူငယ်တွေကို များများ မပြောဘူး၊ တစ်ခွန်းပဲ သတိပေးသလို ပြောလေ့ရှိတယ်။  ရွာမှာ အင်မတန် ဟစ် ဖြစ်သွားတဲ့ “မောင်ကြီးနှမလက်ဆင်” တဲ့...။


Monday, June 13, 2011

ရင်ကိုထိစေခဲ့သော ခရီးစဉ်လေးတစ်ခု-၂

အစီအစဉ်အရဆိုရင်တော့ မအူပင်မြို့ပေါ် ဆိုက်ကားတစ်စီးနဲ့ ဘုရားစုံဖူးကြတဲ့အခန်း၊ ပြီးတော့ မောမောပမ်းပမ်း ဗိုက်ဆာဆာနဲ့ အမျိုးအိမ်မှာ ထမင်းစားကြတဲ့အခန်း ဖြစ်ရမှာ။ ဒါပေမဲ့ ရင်ကိုအမြန်ထိပါစေတော့ ဆိုပြီး အဲဒီအခန်းတွေ ကျော်ပစ်လိုက်တယ်။
ဟာ...ဟင်...ကတောက်....!!!

(ထမင်းစားပွဲကြီးကို မျက်စေ့ထဲ မြင်ယောင်ရင်း ပိတ်သတ်ကြီးမှ အလွန့် အလွန် စိတ်ပျက်သွားသံ......)

ဝက်သိုးထိုးနည်းနဲ့ အတိုပဲ ချုပ်လိုက်ကြပါစို့။ မအူပင်ဈေးထဲမှာ စာရေးကိရိယာတွေ၊ မုန့်မျိုးစုံတွေ ဝင်ဝယ်ကြတယ်။ ပြီးတာနဲ့ ကျိုက်လတ်မြို့ထဲက ကျေးရွာစုတစ်ခုဖြစ်တဲ့ " ရွှေဘိုစု" ဆိုတဲ့ ရွာကလေးဆီ ကားတဆင့် ထပ်စီးကြရတယ်။ ၄၅မိနစ်လောက် ရှိမယ် ထင်ပါရဲ့၊ ကားပေါ်က ဆင်းခဲ့ကြပြီး ရောက်သွားပြီလား ဆိုတော့ မရောက်သေးပါဘူး။ ကယ်ရီယာနဲ့ ရွာထဲ စီးသွားရဦးမှာတဲ့။ ကျွန်မမှာ ကိုယ့်ပိုင်ရာဆိုင်ရာ မဟုတ်လေတော့ မျက်စေ့သူငယ် နားသူငယ်နဲ့ သူတို့ ခေါ်တဲ့နောက် လိုက်ရတာပါပဲ။

ကယ်ရီယာဆိုလို့ ဘာများလဲ မှတ်တယ်၊ ဆိုင်ကယ်ကို ပြောတာ ဖြစ်နေတယ်။ နောက်ထိုင်ခုံမှာ ကတ္တီပါဖုံလေးနဲ့ ပါစင်ဂျာထိုင်ဖို့ အသေအချာလုပ်ထားတဲ့ ဆိုင်ကယ်ပါ။ ထမီနဲ့မို့ နောက်ကနေ မိန်းမထိုင် ဘေးစောင်းလေး ထိုင်လိုက်ရင်း ရပြီဆိုတာနဲ့ အရှိန်နဲ့ မောင်းထွက်လိုက်တာ ပေါင်ပေါ်တင်ထားတဲ့ ပစ္စည်းတွေရယ်၊ လွယ်ထားတဲ့အိတ်ရယ်၊ လည်ပင်းက ကင်မရာကြီးရယ်နဲ့ လူက ကိုးရိုးကားရားကို ဖြစ်လို့။ ပြုတ်ကျခဲ့မစိုးလို့ နောက်ကတန်းလေးကို လက်တစ်ဘက်နဲ့ ထိန်းကိုင်ရင်း ကိုယ်က ဆိုင်ကယ်ပေါ် တောင့်တောင့်ကြီး ပါသွားခဲ့တာ။ ဆိုင်ကယ်မောင်းတဲ့ မောင်လေးက "အစ်မ အားမနာနဲ့ ကျွန်တော့်ခါး ဖက်ထားလို့ရတယ်နော်"တဲ့။ ကျွန်မမှာ ကြောက်ကြောက်နဲ့ ရယ်ချင်သွားသေးတယ်။

ဆိုင်ကယ်က မူလတန်းကျောင်းလေးရဲ့ အရှေ့တည့်တည့်မှာ ရပ်တယ်။ ကျောင်းလေးက တကယ့်ကို သေးသေးလေး၊ စာသင်ခန်းလေး ၃ခန်းပဲရှိတယ်။ စာသင်ခန်းလေးထဲက ကလေးတွေကို မြင်လိုက်ရတဲ့အခါမှာ ကျွန်မရင်ထဲ ကျင်ကနဲ ဖြစ်သွားခဲ့ရတယ်။ ကလေးတချို့ဟာ ကျောင်းဝတ်စုံ အဖြူအစိမ်းတောင် မရှိကြရှာဘူး ထင်ပါရဲ့။ အိမ်နေ နွမ်းဖတ်ဖတ်ကလေးတွေ ဝတ်လို့ရယ်။ ဆရာမက "အလှူရှင်လာတယ်၊ အလှူရှင်ကို နှုတ်ဆက်ကြရအောင်"ဆိုတော့ အားလုံး တယောက်တပေါက်နဲ့ "မင်္ဂလာပါ" လို့ လက်အုပ်လေးချီရင်း နှုတ်ဆက်ကြတယ်။





ပြီးတာနဲ့ ကလေးတွေကို ဗလာစာအုပ်၊ ခဲတံ၊ ပေတံ၊ ခဲဖျက်၊ ချွန်စက်၊ ကွန်ပါဗူး နဲ့ မုန့်တွေ ဝေငှပေးကြပါတယ်။ ကလေးတွေ ပျော်လိုက်ကြတာများ ကွန်ပါဗူးပေါ်က အရုပ်လေးတွေ တယောက်ဟာနဲ့ တယောက် လဲကြည့်ကြ၊ အထဲမှာ ရေနဲ့ ငွေမှုန်စလေးတွေပါတဲ့ ပေတံလေးတွေကို အပေါ်ကိုထောင်ပြီး လှုပ်ကြည့်ကြနဲ့၊ ကျွန်မမှာ သူတို့လေးတွေကြည့်ရင်း မျက်ရည်ဝဲမိတာ ခဏခဏရယ်။ တချို့က မုန့်တွေကို လွယ်အိတ်လေးထဲ ထည့်သိမ်းနေတာ မြင်ရလို့ ကျွန်မက "စားလေ သမီးရဲ့" ဆိုတော့ ခေါင်းခါပြရှာတယ်။ သူ မစားဘဲ အိမ်က အဖေ အမေဖို့၊ မောင်လေး ညီမလေးဖို့ သိမ်းသွားတာ ဖြစ်မှာ။

ကျွန်မအတွက်တော့ ဒီတစ်ခါအလှူဟာ တကယ့်ကို ထိထိခိုက်ခိုက် ခံစားခဲ့ရတာပါ။ လိုအပ်နေတဲ့ နေရာလေးအတွက် ခုလို တနိုင်လေး လှူလိုက်လို့ ရခဲ့တဲ့ပီတိဟာ ကုန်တဲ့ငွေပမာဏနဲ့ ဘယ်လိုမှ အချိုးချလို့ မရစကောင်းပါဘူး။ နောက်တခါ ကားအပြတ်ငှားပြီး လှူဖို့ပစ္စည်းတွေ သယ်နိုင်သလောက် သယ်ယူသွားဖို့ တွေးမိရတယ်။ ပြီးတော့ ကျောင်းဝတ်စုံ ဖြူစိမ်းကလေးတွေ ချုပ်သွားဖို့လည်း မမေ့စေရဘူး။ လွတ်အိတ်၊ ဖိနပ် အစုံ တတ်နိုင်သလောက် ဝယ်သွားမယ်လို့ ခေါင်းထဲမှာ တေးထားလိုက်တယ်။

ဒီကလေးတွေကို ကျွန်မ တွေ့ခဲ့ရသလောက် သူတို့ မျက်လုံးလေးတွေကိုက အရောင်ဖျော့ဖျော့လေးတွေ။ သူတို့ကို ကြည့်ရတာ ကလေးရယ်လို့ အပူအပင်မဲ့ မဟုတ်ဘဲ တစ်ခုခု လေးလံနေသလို ခံစားရတယ်။ သူတို့တွေထဲမှာ နောက်နှစ်ဆိုရင် ကျောင်းနှုတ်တော့မယ်လို့ မိဘတွေ ဆုံးဖြတ်ထားသူ ဘယ်နှစ်ယောက်များ ရှိမှာပါလိမ့်။ "ဒီနေ့ ကျောင်းမသွားနဲ့ အမေ့ဝိုင်းကူ" ဆိုပြီး အိမ်မှာ မိဘလုပ်ကူနေရလို့ စာသင်ခန်းထဲ ရောက်မလာနိုင်တဲ့ ကလေးတွေရော ဘယ်နှစ်ယောက်များ ရှိပါလိမ့်မလဲ။

ကလေးတွေနဲ့ ဆရာမတွေကို နှုတ်ဆက်၊ ကျောင်းကလေးကို နှုတ်ဆက်ပြီး နောက်တစ်ခေါက် ထပ်လာပါဦးမဲ့ အကြောင်းလေး တီးတိုးရင်း ပြန်ခဲ့ကြပါတော့တယ်။ 


ရန်ကုန် အဝေးပြေးဂိတ်ကို ပြန်ရောက်တော့ ဆည်းဆာလွန်ချိန်။ နေ့သစ်တနေ့ရဲ့အလင်းကို ရောက်ဖို့ အမှောင်ကို ကြိုဆိုကြရမယ် မဟုတ်ပါလား....


Saturday, June 11, 2011

ရင်ကိုထိစေခဲ့သော ခရီးစဉ်လေးတစ်ခု

ပြန်နွှေးဦးမှ....။ စစ်ကိုင်းတောင်တန်းကြီးတွေဆီက ပြန်လာပြီ။ မှတ်မိတယ်နော်...။ ကဲ ခု စစ်ကိုင်းကနေ ရွှေမန်းမြို့ကိုမဆင်းဘဲ ဟိုး အောက်ပြည်အောက်ရွာကို ပြန်ဆင်းကြပါစို့...။ အရင်က X-မြို့တော်ဖြစ်ခဲ့တဲ့ မြို့ရန်ကုန်ကို ပြန်သွားကြမယ်။ ရင်ထဲမှာ ရှိနေခဲ့တဲ့ ဆန္ဒလေးတစ်ခု ဆိုပါတော့၊ အဲဒီဖြစ်ချင်မှုလေးတစ်ခု ဖြစ်မြောက်ခဲ့တာမို့ အဲဒီတစ်ခုနဲ့တင် အတော်လေး စိတ်ကြေနပ်ခဲ့ရတဲ့   ပြည်တော်ပြန်ခရီးစဉ်ပါပဲ။

ထုံးစံအတိုင်း အမေ့လွမ်းလို့ ခေါင်းစဉ်တပ်ပြီး ရန်ကုန်ပြန်ရင် ဘယ်တုန်းကမှ အိမ်မကပ်တဲ့ကျွန်မက အဲဒီနေ့ကလည်း ညနေမှောင်မှ အိမ်ပြန်ရောက်ပါတယ်။ ဧည့်ခန်းထဲမှာ အဖွားဘက်က အမျိုးတော်တဲ့ ရွှေဘိုစုရွာက အစ်မကြီးနှစ်ယောက်...။ ဒါနဲ့ အင်္ကျီမလဲသေးဘဲ သူတို့နဲ့ထိုင်ပြီး အာလူးဖုတ်ပါတယ်။ အာလူး ၃လုံးခန့်အကျက်မှာ အစ်မတစ်ယောက်က "ညည်း ရွာ တစ်ညလောက် လိုက်အိပ်ပါလားအေ"...တဲ့။ သူပြောမှပဲ ကျွန်မတွေးမိတော့တာက ငါ ရွာကို နောက်ဆုံးအကြိမ်ရောက်ခဲ့တုန်းက ဘယ်နှနှစ်ကပါလိမ့်လို့ ပြန်စဉ်းစားယူရတယ်။

အေးလေ...သူတို့လည်းပဲ နိုင်ဂျန်ဂါးက ခဏ ပြန်ရောက်နေတဲ့ ညီမတော်ကို ရွာခေါ် မျက်နှာပြချင် ရှာပေလိမ့်မယ်။ ဒါပေမဲ့ ခက်တာက ကျွန်မမှာ ညဘက် အပွိုင့်မန့်တွေ ပြည့်နေခဲ့တာ။ ဟိုသူငယ်ချင်းနဲ့ ဒင်နာ၊ ဒီမိတ်ဆွေနဲ့ ညစာ၊ ဟိုလူနဲ့ ထမင်းစားပွဲနဲ့...အို ညဘက် အချိန်အားကို မရှိတော့တာ။ ဒါနဲ့ " နေ့ချင်းပြန်သွားလို့ရရင် လိုက်မယ် အမရယ်၊ ဒါထက် အမတို့ရွာမှာ မူလတန်းကျောင်း ရှိတယ်နော်" ဆိုတော့ "ရှိတာပေါ့ဟ၊ ပထမဆုံးထွက်တဲ့ကားနဲ့လိုက်ရင် နေ့ချင်းပြန်ရောက်တယ်" ဆိုတာနဲ့ ချက်ချင်းပဲ နောက်တနေ့ မနက်စောစော ခရီးထွက်ဖို့ ပြင်ရပါတော့တယ်။ 

စောစောအိပ်ကြပါ။ ကျွန်မနဲ့အတူ လိုက်မယ်ဆို မနက်ဖြန် အစောကြီး အိပ်ရာထရပါမယ်:)) မထွက်ခင် ကင်မရာအိတ်ကို အရင် စစ်ဆေးရပါတယ်။ အကုန်စုံပြီဆိုမှ ညီအစ်မနှစ်ယောက် ချမ်းချမ်းစီးစီးမှာ အိမ်က ထွက်ကြတယ်။ အိမ်ကထွက်တော့ မနက် ၅နာရီတောင် မထိုးသေးဘူး။ အဝေးပြေးကားဂိတ်ကို ကျွန်မတို့ရောက်တော့ ရွာက အမနှစ်ယောက်က ရောက်နှင့်နေခဲ့ပြီ။ မျက်နှာမှာတောင် သနပ်ခါးပိန်းကျားရိုက်လို့။ တကယ်ဆို နံနက်ခင်းက ပီပီပြင်ပြင် လင်းတောင် မလင်းချင်သေးဘူး။ ကားဂိတ်မှာ ပေါက်စီဝယ်စားတယ်။ အို အစွဲကြီးလိုက်ပုံများ ဒါကမှ ငတို့ရွာကပေါက်စီဆိုပြီး ၂လုံးကြီးများတောင် တီးပစ်လိုက်တယ်။ သမာဓိကားဂိတ်ကဝယ်ပြီး ကားလက်မှတ်ဖိုးကို အစ်မတွေပဲ ပေးပါတယ်။ မအူပင်အထိကို ခန့်မှန်းခြေ ၃နာရီသာသာပဲ မောင်းရ မှာဖြစ်ပြီး ကားခက တယောက် တစ်ထောင်ပဲ ပေးရပါတယ်။ တန်လိုက်တာ ဆိုတာ...အားနေလို့ကတော့ ရန်ကုန်-မအူပင် လွန်းထိုးတောင် စီးလိုက်ချင်သေးတယ်။

အဲဒီကားကြီးနဲ့ သွားခဲ့တယ်...


သာမင်ညောင်ညကား မှတ်နေလား...မအူပင် တက္ကသိုစ်စ်ကို ရောက်တဲ့ကား...


ဖူဂျီဘတ်စ်တဲ့...ဂျပန်ကို မသွားဘူး၊ ဒေးဒရဲ ဆိုလား၊ ဘာလား ညာလား...



ပြောင်းပြုတ် ပူပူလေး...ရမယ်...(သူအော်တာ အလယ်က ဖူး ပြုတ်ကျကျန်ခဲ့ရှာတယ်)
ဟောဒီက ထန်းပိန်မြစ်ပြုတ်...
ဝယ်ဦးမလား အစ်မ ဇီးသီး ဇီးယို ချိုတယ်လေ...


အဲဒါတွေ တစ်ခုမှ ဝယ်မစားရဲဘူး။ အရင့် အရင်အတွေ့အကြုံအရ ပန်းကမ္ဘာလေးထဲ ရောက်ရောက်သွားလို့ ခရီးသွားတိုင်း လူရော စိတ်ပါ ပင်ပန်းခဲ့ဖူးတာ။ ဒီတော့ ကားပေါ်ကနေ စိတ်နဲ့ပဲ တွင်တွင်ကြီး ပစ်မှားနေခဲ့ရတယ်။ ပိတ်သတ်ကြီးကို အစားအသောက်တွေ ဘလော့ဂ်ပေါ် တင်ပေးခဲ့မိတာ ချက်ချင်း ဝဋ်လည်တာပဲ...

ရွာအဝင်လမ်းကလေး...
ဂွတိုရေ...ငါပြန်လာပြီဟေ့....(ဓါတ်ရှင်တွေထဲမတော့ အဲလို အော်မှာ...:)


အဘတစ်ယောက် နောက်ဖေးအဖီလေးမှာ ထိုင်နေတာ...အေးအေးလူလူ


စုံစီနဲ့ နဖာရောင်းတဲ့ဆိုင်ကလေး


ဒါမျိုး...ငတို့ရွာမှာပဲ ရှိတယ်...


မီးပွိုင့်မရှိ၊ ပလက်ဖောင်းမရှိ၊ နားလည်မှုပဲ ရှိတယ်။ အားလုံးက My Grandmother's road, My Great Grandpa's road လို့ သဘောထားပြီး လျှောက်ကြတယ်၊ အေးဆေးပဲ...


မအူပင်မြို့ နာရီစင်...


ဒါ တကယ်သွားမဲ့ရွာ မဟုတ်သေးဘူး။ မအူပင်မြို့မှာ ခရီးတစ်ထောက်နားရင်း၊ ဘုရားလည်းဖူး၊ အမျိုး တစ်ယောက်အိမ် ထမင်းလည်း ဝင်စားခဲ့တာ...။

ဟင်...မချစ်ကြည်အေးပြောတော့ ရင်ကို ထိစေသော...ဘာညာနဲ့ ခုချိန်ထိ ဘယ်ကိုမှလည်း မထိသေးပါလား...။ လာမှာပါ...။ နောက်တပိုစ့်မှာ ထိချင်တဲ့နေရာကို ထိပါလိမ့်မယ်။ စိတ်ရှည်ရှည် ထားကြပါ။

အပိုင်း ၂ မျှော့....

Wednesday, June 8, 2011

ဤ = ကျွဲ


ရာသီတွေ ပျက်နေတဲ့ ယန္တရားတစ်ခုထဲမှာ
ဝဿန်လွန်မှ ရွာချလိုက်တဲ့ မိုးအတွက်
ဘယ်သူကမှ စိတ်ပျက်လက်ပျက် ဖြစ်မနေခဲ့ဘူး။

သူကပဲ ပက်ပက်စက်စက် ကာလအတွက်အချက် မှန်နေခဲ့သလိုလို
ထစ်ချုန်းမိုးဟာ ရွာရိုးကိုးပေါက် မျက်နှာပြောင်တိုက် လျှောက်တယ်
ဒါတင်မက....
ဝင့်ဝင့်ထည်ထည်  ပြိုးကနဲ ပြက်ကနဲ ခြိမ်းများတောင် ခြိမ်းနေလိုက်ပုံ...။


နောက်ဆုံးတော့ အောင်ရမည် သုံးကြိမ် ဟစ်ကြွေးပြီး အခမ်းအနားကို ရုတ်သိမ်းတယ်
ကဲ...လူကြီးမင်းများ သဘောတူရင် လက်ခုပ်တီးကြပါ....




Sunday, June 5, 2011

အငြိမ့်ပွဲ ကြော်ငြာ


အငြိမ့်ပွဲ ကြည့်ချင်သူများအတွက် အကယ်ဒမီများရှင် မေသန်းနုနဲ့ အနုပညာရှင်ပေါင်းများစွာ ပါဝင်ကပြမဲ့ "ပါရမီရှင်အငြိမ့်" ပရိတ်သတ်များရှေ့မှောက် အရောက်လာပါတော့မယ်။ စိတ်ဖိစီးမှုတွေနဲ့ တပြည်ခြားမှာ လုပ်ငန်းခွင် ဝင်နေကြရတဲ့ ရွှေမြန်မာများအတွက် ဘဝအမောတွေ ပြေလျော့စေမဲ့ ပွဲလေးတပွဲပေါ့ရှင်။ လက်မှတ်ဈေးတွေက S$၃၀၊ S$၄၀ နဲ့ S$၅၀ ဖြစ်ပြီး ပွဲချိန်က နေ့လည် ၁နာရီခွဲကနေ ည ၈နာရီခွဲ ဖြစ်ပါတယ်။ လက်မှတ်တစ်စောင် ဝယ်တိုင်း ဝယ်တိုင်း "ရနံ့သစ် စားသောက်ဆိုင်"မှာ ထမင်းတနပ် "ကျသလောက်ရှင်း စံနစ်" နဲ့ ကျွေးမယ်လို့ ဆိုပါတယ်...အဟမ်းးး

ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ရှင်းကျားပူက မဟုတ်ဘဲ တပြည်တရွာက လာရောက်ကြည့်ရှု အားပေးကြမဲ့သူများ အတွက် အသွားအပြန် အမ်အေအိုင်ကြီး စီးပြီး လာရောက်ကြည့်ရှုနိုင်ဖို့ စီစဉ်ပေးထားပါသတဲ့။ လေယာဉ်ခ လုံးဝ ဖရီး ဖြစ်သလို ထိုင်ခုံကလည်း ဖရီး စိတင်းပါပဲ တဲ့။ "အင်ဂျင်ပေါ်ခွထိုင် ဦးရာလူစံနစ် " လို့ ဆိုပါတယ်...((ဟမ်))

ဟော...ဒါတင်ပဲလားဆိုတော့ ကျန်ပါသေးတယ်။ အငြိမ့်ပွဲ ကျင်းပမဲ့နေရာ စင်္ကာပူပိုလီ-ဒိုဗာ ရထားဘူတာ (စင်္ကာပူမြို့အနောက်ဖက်)မှာ ဖြစ်တာမို့ ဟိုး အရှေ့ဖျားက လာကြည့်ကြမဲ့သူများအတွက် MRTကို "ကြိုက်ရာရထား တက်စီးစံနစ်"နဲ့ ၅မိနစ် တစီးကျ စီစဉ်ပေးထားတယ်လို့ ဆိုပြန်ပါတယ်...အဟမ်းးးအဟမ်းးး ဒီကြော်ငြာရေးရတာ အင်မတန် ချောင်းဆိုးတယ်...:)

လက်မှတ်တွေကို အမြန်ဝယ်ထားနိုင်မှ နေရာကောင်းရဖို့ စိတ်ချရပါမယ်။ ကံစမ်းမဲအစီအစဉ်လည်း ပါသေးတာမို့ လက်မှတ်တွေကို အသေအချာ သိမ်းထားကြရန် ဖြစ်ပါတယ်။ လက်မှတ်တွေကို ပန်နီဆူလာက ဒေဝီဦးနဲ့ သပြေနုမှာ ဝယ်ယူရရှိနိုင်ပါတယ်။

ဒေဝီဦး (Peninsula Plaza, #05-17)
သပြေနု (Peninsula Plaza, #02-55)

Day & Date : Sunday , 3rd of July 2011
Time :1:30pm-8:30pm
Location : Singapore Poly Convention Centre

အသေးစိတ် ဖုန်းဆက်မေးမြန်းချင်သူများအတွက်တော့ ဒေါ်သန်းသန်းနု (91052531), ကိုဘိုဘိုဝင်း (81612244), စန်းလင်းထွဋ် (98004118), Joseph (97701198), Jamiee (91080950), and Aaron (91869140) နံပါတ်တွေကို ဆက်သွယ်နိုင်ကြောင်း သတင်းကောင်း ပါးလိုက်ရပါတယ်ရှင်.....

*MRT-Mass Rapid Transit (Myanmar Railways Transport မဟုတ်သည်ကို သတိချပ်ကြရန်)


Thursday, June 2, 2011

ဘော်နီ

တစ်ရက် ကျွန်မရုံးအသွားလမ်းမှာ အမျိုးသမီးကလေး တစ်ယောက် နောက် လှည့်ကြည့် လှည့်ကြည့်နဲ့ လျှောက်လာတာ တွေ့ရတော့ သူ့မျက်လုံးလမ်းကြောင်းအတိုင်း လိုက်ကြည့်မိတယ်။ ဘလောဂ့်ရေးနေသူပီပီ နား မျက်စေ့တွေ ဖွင့်ထားတဲ့သဘော။ လားလား...မြေးအဖွားနှစ်ယောက်။ ဖွားအေလုပ်သူက ကျောပိုးအိတ်လေး လက်ကကိုင်လို့၊ မြေးဖြစ်သူက ဖွားအေလက်ထဲက တွန်းထိုးရုန်းကန်ရင်း ငိုလို့ရယ်။ ဒါကို သားသည်အမေလုပ်သူက နောက်ဆံတငင်ငင်ဖြစ်နေတဲ့ ပုံပါပဲ။

ဘာရယ်မဟုတ် ကျွန်မလည်း ခြေလှမ်းတွေ အရှိန်လျှော့ချရင်း အသာလေး ကြည့်မိပါတယ်။ မအေလုပ်သူက လူကသာ ရုံးသွားမဲ့ ပုံ သေသေသပ်သပ် ဝတ်စားလို့၊ စိတ်ကတော့ ငိုယိုနေတဲ့ သားငယ်ဆီမှာ။ ဖွားအေက တချက် လှည့်ကြည့်ရင်း "သွားသာသွား" လို့ လှမ်းပြောရင်း လက်ယပ်ပြလေတယ်။ ဪ...မြန်မာမိသားစု ကလေးပေကိုး...။ ပြောကာမှ မအေလုပ်သူက သူ့ခြေလှမ်းအစုံကို ရပ်တန့်လို့ သားကလေးဘက် လိုက် ငေးကြည့်နေရှာတော့တယ်။ သူ့ကြည့်ရတာ ဖြစ်နိုင်ရင် သူ့သားကလေးကို ချက်ချင်းပဲ အပြေးသွားလို့ ရင်ခွင်ထဲ ဆွဲသွင်းထွေးပွေ့ထားလိုက်ချင်ပုံပါ။

အဲဒီခဏမှာ ကျွန်မလည်းပဲ မိခင်တယောက်ရဲ့ သားသမီးတွေအပေါ်ထားရှိတဲ့ သမုဒယနှောင်ကြိုး အတင်းအဆကို ခန့်မှန်း ခံစားကြည့်မိတယ်။ ခန့်မှန်း လို့သုံးရတာက ကျွန်မက မိခင်တစ်ယောက် မဟုတ်လို့ပါပဲ။ အဲဒီအချိန်မှာ တကယ်ပဲ ကျွန်မရင်ထဲ သိမ့်ကနဲ လှုပ်လှုပ်ရှားရှားလေး ဖြစ်သွားခဲ့ရတယ်။ သားသည်အမေကလေးက နေရာမှာ ခြေစုံရပ်ရင်း မြေးအဖွားကျောပြင်ကို မျက်စေ့တဆုံး လိုက်ကြည့်နေချိန်မှာ ကျွန်မလည်း ခြေလှမ်းတွေကို သွက်သွက်လှမ်းရင်း ရုံးကားအမီ ဆက်လျှောက် ခဲ့တော့တယ်။

တကယ်ဆို ဒါမျိုးက သားသည်မိခင်တိုင်း သားသမီးတွေကို ကျောင်းအပ်စမှာ ဖြစ်နေကျမို့ ထူးဆန်းတဲ့ ကိစ္စတခု မဟုတ်ပေဘူး။ ဒါပေမဲ့လည်း အဲသလို အဖြစ်အပျက်တွေ မြင်ရတိုင်း ကြေကွဲစရာ အဖြစ်အပျက်တခုဟာ ကျွန်မ အတွေးထဲ ဖျတ်ကနဲ ရောက် ရောက်လာတတ်တာ...။

အဲသည်တုန်းက ကျွန်မက ခပ်ငယ်ငယ်ပဲ ရှိသေးတယ်။ ကျွန်မတို့ ရပ်ကွက်ထဲမှာ ဆရာဝန်မကြီး သားအမိ ရှိတယ်။ ဆရာဝန်မကြီးက ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမ ဖြစ်သွားခဲ့သူ။ အတိအကျ ဆိုရရင် သူ့သားဦး ကလေး မွေးပြီးစမှာပဲ ယောကျာ်းဖြစ်သူ ဆုံးပါးသွားခဲ့တာ။ သားကလေးဟာ  ယောကျာ်းဖြစ်သူက ကိုယ်စားထားခဲ့တာရယ်လို့ ဖူးဖူးမှုတ် ချစ်ရှာတယ်။ တချိန်တည်းမှာပဲ စနေသား သားဦးကြောင့် လင်သေရတယ်ဆိုတဲ့ အယူအဆမှားနဲ့ ချွတ်ချော် မှားယွင်းမှုတိုင်းအတွက် သားဖြစ်သူကို မာန်မဲ အပြစ်တင်လေ့ရှိပြန်တယ်။

ဆရာဝန်မကြီးက ဆေးရုံမှာ ဆေးမကုတော့ဘဲ ရပ်ကွက်ထဲက အိမ်တွေမှာပဲ ပင့်တဲ့ဆီကို လိုက်ကုတယ်။ အဲဒါကလည်း သူ့သားလေးကြောင့်ပဲ သူ အလုပ်ထွက်လိုက်တာ။ သူ အလုပ် လုပ်တဲ့ ဆေးရုံကို ကလေးခေါ်သွားလို့ မရပေမဲ့ သူဆေးကုသွားမဲ့ လူနာအိမ်တွေကိုတော့ သူ့သားကလေးပါ ခေါ်သွားလို့ ရတာကိုး။ ရပ်ကွက်ထဲမှာတော့ ဆရာဝန်မကြီးက ဆေးလိုက်တယ်လို့ နာမည်ကြီးတယ်။ အားဆေးအသွင်းကောင်းသလို ဆေးအစပ်လည်း ကောင်းတယ်။ အကြောဆေး၊ အသားဆေးသွင်းတာ ညင်သာတာမို့ ကျွန်မတို့အဖွား အားဆေးထိုးဖို့ အိမ်ကို အမြဲပင့်ရတယ်။

ဆရာဝန်မကြီးလာတိုင်းလည်း သားလုပ်သူက အမြဲပါလာတာပဲ။ အဲဒီအချိန်မှာ သားလုပ်တဲ့သူက လူပျိုကြီးဖားဖား ဖြစ်နေပြီ။ ငယ်ငယ်ကတည်းက သားကိုမခွဲနိုင်လို့ ကျောင်းအပ်ပြီးမှ ပြန်ထုတ်လိုက်၊   ကျောင်းကို လိုက်ခေါ်လိုက်၊ ကလေးက ငိုတိုင်း မထားခဲ့ရက်လို့ ပြန်ခေါ်လာလိုက်နဲ့ သားဖြစ်သူဟာ ကျောင်းမတက်ခဲ့ရဘဲ အမေနောက် တကောက်ကောက် ထမီစဆွဲ လိုက်နေခဲ့တော့တာ။

ဆရာဝန်မကြီးနဲ့ သူ့သားရဲ့ နာမည်တွေက ဘိုနာမည်လေးတွေ။ နန်စီ ဆိုလား၊ နယ်လီ ဆိုလား ကျွန်မ မမှတ်မိတော့ဘူး။ သားဖြစ်သူ နာမည်ကိုတော့ ဆရာဝန်မကြီးပါးစပ်ဖျားက မချတာမို့ ကျွန်မ ခုထိ မှတ်မိနေပါသေးတယ်။ ထားပါတော့လေ။ ခပ်လွယ်လွယ် " ဘော်နီ" လို့ပဲမှတ်လိုက်ပါ။ ဘော်နီကလေးဟာ အရွယ်ရောက်လာတာနဲ့ အမေနဲ့အတူ အမြဲ မလိုက်တော့ဘူး။ လမ်းပေါ်မှာ လူပေလူတေ ကလေးတွေနဲ့ ပေါင်းမိပြီး ပျက်စီးစပြုလာတယ်။ ရန်ဖြစ်လို့၊ ရိုက်နှက်လာလို့၊ စားသောက်ဆိုင်မှာ ပစ္စည်းတွေ ပေါက်ခွဲ ဖျက်ဆီးခဲ့လို့နဲ့ ဆရာဝန်မကြီးက နောက်ကနေ လိုက်ရှင်းရတော့တယ်။ အဲလိုအခါမျိုးမှာ ဆရာဝန်မကြီးက "ငါတော့ သေလိုက်ချင်တာပါပဲ ဘော်နီရယ်" လို့ ငိုသံ တုန်ခိုက်ခိုက်လေးနဲ့ ဆိုတတ်တယ်။ ဆရာဝန်မကြီးက သိတ်နူးညံ့သိမ်မွေ့သူ၊ စကားပြောသံကအစ ချိုချိုအေးအေး တိုးတိုးညင်ညင် ကလေးရယ်။ ဘော်နီ့ကြောင့် စိတ်ဆိုးပြီဆိုရင်ဖြင့် ဒေါသကြောင့် အသံကြီးက ဝမ်းခေါင်းသံကြီး ပါလာတတ်တယ်။

ဘော်နီက ခွေးချစ်တတ်သူမို့ သူတို့အိမ်မှာ ခွေးတွေ မွေးထားတယ်။ ပြီးတော့ ဘော်နီ့ကိုယ်နံ့ ကလည်း ခွေးတကောင်ရဲ့ အနံ့လို ခပ်အုံ့အုံ့ ချဉ်စုတ်စုတ်ရယ်။ သူတို့အိမ်ကို အဖွားအတွက် ဆေးလိုက်ယူရင်း တခါ ရောက်ဖူးပါတယ်။ ဘော်နီဟာ ကြမ်းပြင်ပေါ်မှာ ခွေးတွေနဲ့ လုံးထွေးနေတာပဲ။ သူတို့အိမ်က မီးသီးဟာ အနီရောင်ကြီး၊ ပြီးတော့ ခပ်မှိန်မှိန်ရယ်။ သူတို့အိမ်ထဲ ဝင်လိုက်တာနဲ့ တမျိုးကြီးပဲ၊ ကျောမလုံသလို၊ ငှက်အုပ်ကြီးတစ်အုပ် ကိုယ့်ကျောနောက်ဘက်က  ဖြန်းကနဲ ထပျံသွားကြသလို...အဲသလို ခံစားမှုမျိုး။ ဒီကြားထဲ ဆရာဝန်မကြီး ဘော်နီ့ကို မေးလိုက်တဲ့ စကားကြောင့် ကျွန်မကျောထဲ စိမ့်ကနဲ ဖြစ်ခဲ့ရတာ။ " ဘော်နီ မင်းဒယ်ဒီကို ညစာ ကျွေးပြီးပြီလား" တဲ့လေ။ အဲသည်တော့မှ ကျွန်မ သတိထားမိတာ။ အခန်းထောင့်က စင်သေးသေးလေးပေါ်မှာ သူ့ယောက်ျားဓါတ်ပုံ၊ ပြီးတော့ ထမင်းပန်းကန်နဲ့   သောက်ရေဖန်ခွက်။

ဒါကြောင့် ထင်ပါရဲ့၊ အရပ်ထဲမှာ လူတစ်ချို့က ဆရာဝန်မကြီးဟာ ယဉ်ယဉ်လေး ရူးနေတာလို့ ပြောကြ တယ်။ ဘော်နီကလေးကရော...သေဆုံးသွားတဲ့ ဖခင်ကို နေ့တိုင်း ထမင်းကျွေးရ၊ ယောက်ျားဖြစ်သူကို နေ့စဉ် တတွတ်တွတ် စကားတွေ တိုင်တည်ပြောဆိုနေတတ်တဲ့ စိတ်မမှန်တဲ့ မိခင်နဲ့ ၊ မှောင်ကုပ်ကုပ် အိမ်ကြီးထဲမှာ ခွေးကြီးတွေနဲ့ပဲ အတူ ကြီးပြင်းခဲ့ရတဲ့ ဘဝ။

အတန်းပညာလည်း မတတ်၊ အသက်မွေးမှုပညာရယ်လို့လည်း လောက်လောက်လားလား မရှိတဲ့ ဘော်နီလေး သူ့အမေ ဆုံးပါးသွားတဲ့အခါ ဘယ်လိုများ ကျန်နေခဲ့မှာပါလိမ့်လို့ ကျွန်မ တွေးဖူးပါရဲ့။ တွေးမိတိုင်းလည်း မရှုနိုင် မကယ်နိုင် သက်ပြင်းအခါခါ ချရင်း အဆုံးသတ်ခဲ့ရတာ။ ပြီးခဲ့တဲ့  နှစ်အနည်းငယ်က  ကြားရတဲ့ သတင်းအရတော့ ဆရာဝန်မကြီး ဆုံးသွားရှာပြီ၊ ဘော်နီလေးကတော့ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ထဲမှာလို့ ကြားခဲ့ရတယ်။ ရင်မောစရာပါပဲ။ သူ့ဘဝရှေ့ရေး ဘယ်လိုများ ဆက်ရှာမှာပါလိမ့်။

 ဘော်နီ့လို  အပင်မသန်၊ ဘဝ မလှခဲ့ရတဲ့ကလေးမျိုးတွေ နောက်ထပ် မရှိပါစေနဲ့၊ ဘော်နီ့ထက် ဘဝဆိုးတဲ့ ကလေးတွေ လောကကြီးထဲ အများကြီး ရှိမနေပါစေနဲ့ လို့ မျှော်လင့်ရင်း ဘော်နီ့ဘဝလေး အေးချမ်းပါစေလို့ ဆန္ဒပြုလိုက်မိပါတော့တယ်။