Monday, May 30, 2011

ယနေ့မှစ နှစ်တစ်ရာတိုင်...

ကျွန်မ ဘလော့မရေးခင်ကတည်းက သူ့ ဘလော့ဂ်ဖတ်သူ ဖြစ်ခဲ့တာ။ သူ့စာတွေက ခပ်ထေ့ထေ့၊ သရော် တော်တော်၊ ပြုံးချင်စရာ၊ တစ်ဘက်မှာ တွေးစရာတွေလည်း ပေးစွမ်းနိုင်တာကြောင့် ခုထိလည်းပဲ ကျွန်မက သူ့ရဲ့ ပုံမှန် ဘလော့ဂ်ဖတ်သူ ဖြစ်နေတာ။ အခု အဲဒီ မောင်ငယ်ကလေး စွံသွားပြီ။ သူ့ မင်္ဂလာပွဲကိုလည်း ကျွန်မ တက်ရောက်ခွင့် ရခဲ့၊ သူ့ရဲ့ နှလုံးသားအဖော်လေးကိုလည်း တွေ့ဆုံနှုတ်ဆက်ခဲ့ရ၊ မင်္ဂလာမောင်နှံ တည်ခင်းတဲ့ ညစာကိုလည်း စားခဲ့ရတဲ့ ပြီးခဲ့တဲ့ စနေညက ပွဲလေးအကြောင်း မျှဝေပါရစေရှင်....


သူက "The Gardener" ဘလော့ဂ်ပိုင်ရှင်...ခင်မင်သူတချို့က "ကိုဇက်"၊ ရင်းနှီးနောက်ပြောင်လိုသူ တချို့က "ဇီးပြား"လို့ ချစ်စနိုးခေါ်လေ့ရှိကြတဲ့ "Zephyr" (ဇက်ဖှာ) ပဲ ဖြစ်ပါတယ်။ 



၇နာရီ ရှပ်ပ်-ဒေါင်ကနဲ ဒင်ကနဲ အတီးမှာ ပွဲစမှာ ဆိုတဲ့အတွက် မင်္ဂလာပွဲ ကျင်းပရာ "Yunnan Garden Restaurant(NTU-Alumni Club)" ကို ၇နာရီမထိုးခင် ၅မိနစ်တိတိ အလိုမှာ ရောက်သွားခဲ့ပါတယ်။ တကယ်ပွဲစတော့ ၈နာရီနီးပါးလောက် ရှိနေပါပြီ။ ဒတ်ဇန့်မက်တာ-ပြဿနာ မရှိပါဘူး၊ နောက်ကျမှ စတော့ ဗိုက်ဆာနေတာမို့ ပိုစားဝင်တာပေါ့။ ပွဲမစခင် လူရှင်းတုန်းလေး ရိုက်စရာရှိတာလေး အေးဆေး ရိုက်ပါတယ်...




အခမ်းအနား စီစဉ်သူက မင်္ဂလာမောင်နှံကို ကြိုဆိုဖို့ အားလုံး မတ်တတ်ရပ်ကြပါတဲ့။ မရပ်ရင် ဟိုက ဝင်မလာ၊ ဟိုက ဝင်မလာတော့ ဒီက မစားရ..ဆိုတော့ကာ၊ ဟုတ်ကဲ့ အားလုံး တက်ညီလက်ညီ မတ်တတ်ရပ်ကြပါတယ်။  လည်ပင်းတွေအားလုံး ခမ်းမ အဝင်ဝဘက် လိမ်ငေးလိုက်ကြတဲ့ အချိန်မှာပဲ...ဟော...ချစ်စရာ့ အသစ်စက်စက် မင်္ဂလာမောင်နှံ လျှောက်လှမ်းလို့ ဝင်လာကြပါပြီ။ သတို့သားက ခမ်းမကြေး၊ အစားအသောက်ဖိုး၊ ဘာကြေး ညာကြေး မရှင်းရသေးခင်တောင်မှ ခေါင်းငိုက်စိုက် ချလို့...။ ခုချိန်မှာ ဘာ ကောက်ရ ကောက်ရ မနည်းဘူး မဟုတ်လားတဲ့။ ကျွန်မ တွေးကြည့်တာပါ။ သူကတော့ မပြောပါဘူး။ ဪ...အင်းး အင်းး ရှက်နေတာ ဖြစ်မယ် :)





မင်္ဂလာညစာက အပီဆွဲ အဝစား၊ ဗိုက်အပြည့် အစာသွတ်စား၊ သုံး-လေးခေါက် မဝမချင်း စား၊ ဗိုက်ရိုက်စား ဆိုတဲ့ ဘူဖေးစံနစ်နဲ့ ဧည့်ခံပါတယ်။ မချစ်ကြည်အေးတို့ကတော့ တနေ့ကမှ ပေါင်ချိန်လိုက်တာ တစ်ကီလိုခွဲ တိတိကြီးများတောင် တက်နေတာ သိရလို့ ညစာနဲနဲ လျှော့စားဖို့၊ တစ်ပန်းကန်တိတိပဲ စားဖို့ သံဓိဋ္ဌာန် ပြတ်ပြတ်သားသား၊ တိတ်တိတ်လေး၊ လူမသိ သူမသိ ချထားခဲ့ပါတယ်...(((အဟမ်းးး))) စားခါနီး လင်ပန်းလိုက်ရှာတာ မတွေ့လို့ ချထားပေးတဲ့ ပန်းကန်ပြား ခပ်သေးသေးနဲ့ပဲ တစ်ပန်းကန်တိတိ စားခဲ့တယ်။ တကယ် တကယ် အဓိဌာန် အောင်မြင်တဲ့ သဘောပေါ့လေ။


ဒါတွေက မင်္ဂလာမောင်နှံ တည်ခင်းဧည့်ခံတဲ့ ညစာဟင်းလျာတွေပါ...













ဧည့်ခံပွဲလေးက ရင်းနှီးခင်မင်သူများ၊ လုပ်ဖော်ကိုင်ဖက်များနဲ့ လက်ပွန်းတတီး နွေးထွေးခဲ့ရတဲ့ လူငယ်ပွဲလေး တပွဲပါ။ ဟင်းတွေကလည်း ကျွန်မတို့ မြန်မာပါးစပ်ထဲ အတော်အရသာ ရှိပါတယ်။ စားပြီးကြတော့ ဓါတ်ပုံရိုက်ကြ၊ ပြီးတော့ မင်္ဂလာမောင်နှံကို နှုတ်ဆက်လို့ ပြန်ခဲ့ကြပါတော့တယ်။


ဆလိုက်ရှိုး ဓါတ်ပုံများ ကို ဒီမှာ ကြည့်နိုင်ကြပါတယ်:)

မောင်လေးကိုဇက် နဲ့ ညီမငယ် ရည်မွန်တို့ တဦးနဲ့တဦး ချစ်ခင်ကြင်နာစွာ  ယနေ့မှ စ၍ နှစ်တရာတိုင် ပေါင်းဖက်မြတ်နိုးနိုင်ကြပါစေရှင်.....:)
 

19 comments:

  1. ခိုင်မာတဲ့ သံဓိပ်ထန်ဆိုတာ ဒါမျိုးကိုး...ဟီဟိ

    မင်္ဂလာမောင်နှံသည် ယနေ့မှ စနှစ်တရာတိုင် ပျော်ရွှင်ကြည်နူးစွာ ဘ၀ခရီးကို ဖြတ်သန်းနိုင်ပါစေ။

    ReplyDelete
  2. ကိုဇီးပြားတို့  မင်္ဂလာမောင်နှံ ယနေ့မှ စနှစ်တရာတိုင် ပျော်ရွှင်ကြည်နူးစွာ ဘ၀ခရီးကို အေးအတူပူအမျှ ဖြတ်သန်းနိုင်ပါစေ။ ( သူ့ ဘလော့ကမန့် မရလို့ )

    မချစ်ကြည် စားခါနီး လင်ပန်းရှာတာမတွေ့ ဘူးလား စကောမရှာလို့ တော်သေး .. ဟိ။

    ReplyDelete
  3. မချစ်ပုံလည်းမပါဘူး...ထပ်တင်ပေးပါ..မြင်ဖူးချင်တယ်...ထပ်တင်ပေးပါ..

    အိန္ဒြာ

    ReplyDelete
  4. ယနေ့မှစ...နှစ်တရာတိုင်ပါစေဗျာ...။
    အစ်မတပန်းကန်ထဲစားခဲ့တယ်ဆိုတာတော့ယုံဘူးးးးးးးး:)

    ReplyDelete
  5. မချစ်ပုံလည်းမပါဘူး... ထပ်တင်ပေးပါ.. မြင်ဖူးချင်တယ်... ထပ်တင်ပေးပါ...

    သက်ဝေ

    ReplyDelete
  6. အဲ... စချင် နောက်ချင်ဇောနဲ့ မင်္ဂလာမောင်နှံကို ဆုတောင်းပေးဖို့ မေ့သွားတယ်...
    မင်္ဂလာ မောင်နှံနှစ်ဦး ရာသက်တိုင် ချစ်ခင်ကြင်နာစွာ လက်တွဲနိုင်ပါစေ...း)

    ReplyDelete
  7. မချစ်ပုံလည်းမပါဘူး... ထပ်တင်ပေးပါ.. မြင်ဖူးချင်တယ်... ထပ်တင်ပေးပါ...
    kom

    ReplyDelete
  8. Zephyr နဲ့ ရည်မွန် တို့ ဇနီးမောင်နံ. ပျော်ရွင်ကျမ်းမာစိတ်ချမ်းသာစွာ အတူယှဉ်တွဲ အမြဲနေနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
    kom

    ReplyDelete
  9. 30 May 11, 09:57 PM
    CV: အမေး ~ မင်္ဂလာပွဲမှာ စုံတွဲတွေ ဘာလို့ တစ်ယောက်လက်ကို တစ်ယောက် ကိုင်လေ့ရှိကြသလဲ။ အဖြေ ~ ဒါက ထုံးတမ်းအစဉ်အလာ တစ်ခုပါပဲ။ လက်ဝှေ့သမားတွေ မသတ်ပုတ်ခင်မှာ လက်ဆွဲနှုတ်ဆက်ကြသလိုမျိုးပေါ့။
    (kom ကူးချသည်)

    ReplyDelete
  10. မင်္ဂလာပွဲလေးက အားကျစရာလေး။ ကလေးကို ခဏဘေးဖယ်ထားပြီး ကိုအိမ်သားနဲ့ မအိမ်သူတို့ အဲဒီလို မင်္ဂလာပြန်ဆောင်ချင်သွားတယ် .. :P မင်္ဂလာမောင်နှံ အတူတွဲပြီး ရတုပေါင်းများစွာ နွဲနိုင်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်ရှင်။

    ReplyDelete
  11. Zephyrနဲ့ ရည်မွန်တို့ ဇနီးမောင်နှံ့ ပျော်ရွှင်ကျမ်းမာစိတ်ချမ်းသာစွာ အတူယှဉ်တွဲ အမြဲနေနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်။

    Zephyrဆိုတဲ့ နာမည်တော့ မြင်ဖူးနေတာကြာပြီ.. စိမ်းလန်းစိုပြေ ဝင်ပေါက်က ဆိုင်းပုဒ်မှာလေ.. :P
    အစ်မ မနော်ဟရီတော့ ချွေးမချောချောရပြီပေါ့..

    ReplyDelete
  12. မစားရပေမဲ့လည်း ထပ်တူ ဆုတောင်းပါတယ်ဗျာ ချစ်ကြည်အေး စားရလည်း ရွှေစင်ဦး စားရသလိုပါဘဲ နှိုတ်စက်ပ

    ReplyDelete
  13. ပျော်စရာမင်္ဂလာဆောင်လေးဘဲ
    မင်္ဂလာမောင်နှံတို့ သက်ထက်ဆုံး ချစ်ခင်ကြင်နာစွာ ပေါင်းသင်းနိုင်ကြပါစေ
    အစားအသောက်တွေလည်း မစားရ ၀ခမန်း သွားရေ ကျသွားပါတယ်...
    အစ်မချစ်က ကျွန်မတို့အတွက်ပါ ပိုစားလာတယ် ထင်တယ်း)

    ReplyDelete
  14. ဒီအစ်ကိုကြီးမြင်ဖူးပါတယ် မှတ်တယ်.. မြင်ဖူးတာကိုးလေး...း))
    မင်္ဂလာဇနီးမောင်နှံ အသစ်စက်စက်ကလေး ရာသက်ပန် ရိုးမြေကြပေါင်းသင်းနိုင်ကြပါစေရှင်..။

    ဟုတ်တယ် အစ်မချစ်ကြည် တစ်ပန်းကန်တည်းစားတာ ရုံဘူးးးးး။းP

    ReplyDelete
  15. ဟုတ်တယ် ဟုတ်တယ်.. မမချစ် ပုံမြင်ဖူးချင်လို့ တင်ပါဗျို့...။ မမသက်ဝေရဲ့ တောင်းဆိုချက်ကို အပြတ်အသတ်ထောက်ခံပါတယ် :P

    (ချစ်လို့ ကြည်စယ်သွား)

    ReplyDelete
  16. မင်္ဂလာ ရှိပါပေတယ်။

    AATO

    ReplyDelete
  17. တစ်ဘ၀လုံး ပျော်ပျော်ရွှင်ရွှင် ပေါင်းသင်းနိုင်ကြပါစေဗျာ.... စားစရာတွေကြည့်ရင်း ဂလုသွားပါတယ်..း)


    ခင်မင်လျက်
    နေ၀ဿန်

    ReplyDelete
  18. အီလိုက်တာကွယ်...။ ဒီလင်ဒီမယား အိုအောင်ပေါင်းနိုင်စေ...!

    ReplyDelete
  19. ဇက် ဆီ မှာ နှုတ်ဆက် မရ လို့.. မင်္ဂလာအခမ်းအနားမှူး မချစ် ဆီမှာပဲ.. နှုတ်ဆက် ဆုချွေ သွားပါတယ်။ မမြင်ဖူး..မသိကြပေမဲ့.. ဘလော့ဂ် မောင်နှမ မိတ်ဆွေ ဇက် တယောက်..မုဒ် အသစ် ကလေး နဲ့..စာလှလှ လေး တွေ ဆက်ရေးနိုင်ပါစေ လို့..။
    စလုံးက.. ဘလော့ဂါ မင်လာဆောင်တွေ မှန်သမျှ လိုက်လံ စားသောက်..( အဲ.. ချီးမြှင့် အားပေး တဲ့..) မမချစ် ကြီး တယောက်လည်း.. လှသထက်လှ. နုသထက်နု.. စားသထက် စားနိုင်ပါစေ သော်ဝ်..

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...