Saturday, May 14, 2011

၂၀၁၁ စာပေဟောပြောပွဲများ (စင်္ကာပူ)

ဟုတ်ကဲ့...။ "စာပေဟောပြောပွဲများ"...ပါ။ တခုထက် ပိုလွန်လျင် "များ"ဟု သုံးစွဲရသည် မဟုတ်ပါလား။ ထို့ကြောင့် စာပေဟောပြောပွဲများဟု ကျွန်မ သုံးနှုန်းပါသည်။ ယခုနှစ် တပတ်သာခြား၍ စာပေဟောပြောပွဲ   နှစ်ပွဲတိတိ နားထောင်ခဲ့ရပါသည်။ ယခင် ၂နှစ်က ပူးပေါင်းစီစဉ်ခဲ့ကြသော စာပေမြတ်နိုးသူ လူငယ်များနှင့် သဇင် မဂ္ဂဇင်းတို့ ၂ဖွဲ့ကွဲ၍ ကျွန်မတို့  ၂ပွဲနားထောင်ရပါသည်။ လူနှစ်ယောက်ရှိလျင် အသံသုံးသံ ထွက်ချင်သော လူများ၏ ထုံးစံပါပေ။

မည်သို့ပင်ဖြစ်စေ နှစ်ဖွဲ့လုံး၏ ပရိသတ်အပေါ် ထားရှိကြသည့် စေတနာမှာ ပေါ်လွင်ထင်ရှားသည်။ ထို့အတူ စာပေဟောပြောပွဲ နှစ်ပွဲကြီးများတောင် အားပါးတရ နားထောင်ခဲ့ရ၍ စီစဉ်သူ နှစ်ဖွဲ့လုံး၏ အားထုတ်မှုအပေါ် အသိအမှတ်ပြုစွာ ကျေးဇူးလည်း တင်ရပါသည်။

ထိုနှစ်ပွဲ၌ ဟောပြောခဲ့သော ဆရာ၊ ဆရာမများကို နားထောင်အပြီး ကျွန်မ နှစ်သက်သလို နံပါတ်စဉ်တပ်ချင်ပါသည်။

၁) ဆရာအောင်သင်း-ကိုယ့်မြေ ကိုယ့်ရေ / ရပ်ဝေးမြေခြား လူငယ်များသို့

၂) ဆရာကျော်ဝင်း-ကမ္ဘာပြားပြီ

၃) ဆရာချစ်ဦးညို-ကျွန်တော် ခံစားမိသလို ပြောဆိုပါမည်

၎) ဆရာဦးဘုန်း (ဓါတု)-အိမ်

၅) ဆရာမခင်ခင်ထူး-အညာဓလေ့ ရွာဓလေ့

၆) ဆရာဖေမြင့်-ဘဝတိုးတက်ဖို့ စာဖတ်ကြစို့

၇) ဆရာချစ်စံဝင်း-အမေဟူသည် အလွမ်းသည်

စာပေဟောပြောပွဲဟူသည် ဆရာများရေးသော စာအုပ်ကို မျက်စေ့ရှေ့ချပြီး ဖတ်ရသည်နှင့် မတူ၊ ဆရာများ ပြောကြားဝေမျှသော စာအုပ်ထဲမှ၊ လက်တွေ့ဘဝများထဲမှ မှတ်ဖွယ် ဗဟုသုတများ၊ ယူငင်သုံးစွဲဖွယ်များ၊ အတုခိုးအားကျဖွယ်များအား ဝေဝေဆာဆာ နားထောင်ရသည်ဖြစ်ရာ ပို၍ စိတ်ဝင်စားဖွယ်ဖြစ်လေသည်။ ဤသည်မှာ ရေးသော အရေးအသား နိုင်နင်းမှုနှင့် ခေါ်ငင် ဆွဲဆောင်နိုင်စွမ်းသော အဟောအပြောဟူ၍ မတူသော စွမ်းရည် ၂ခု ဖြစ်လေရာ ဆရာတို့၏ စွမ်းရည်ကို  ခေါင်းနှင့်ပန်းသဖွယ် တွေ့ကြရသည်။ တချို့သောဆရာများ၏ ခေါင်းဘက်ခြမ်းနှင့် ပန်းဘက်ခြမ်းသည် စွမ်းရည်တူမျှသလို၊ တချို့သောဆရာများမှာ   ခေါင်းဘက်ခြမ်းက ပို၍ အစွမ်းထက်သည်၊ ပန်းဘက်ခြမ်းက ပို၍ စွမ်းနိုင်သည် စသည်ဖြင့် မှတ်ချက်ချမိရသည်။

ဆရာတယောက်လျင် ဟောပြောချိန် မိနစ် ၉၀ ဝန်းကျင်ရှိရာ ဆရာ၎ယောက်အတွက် ဟောပြောချိန်ချည်း မိနစ် ၃၆၀ (၆နာရီ) ကြာမြင့်ပါသည်။ သို့ဖြစ်ရာ အရေးလည်းကောင်း၊ အဟောအပြော၌လည်း အာဝဇ္ဇာန်းရွှင်သော ဆရာများ၏အလှည့်တွင် နားထောင်သူအပေါင်း၏ ဘဝင်နှလုံးကို သိမ်းကျုံးယူငင် ထားနိုင်ခဲ့ပြီး အချိန် အကုန်မြန်သည်ပင် ထင်ရ၍ အဟောအပြော၌ နှုတ်လေးသောဆရာများ အလှည့်တွင်မူ လက်မှ နာရီကိုသာ မကြာခဏ ကြည့်မိကြောင်း ဝန်ခံရပေမည်။

မည်သို့ပင်ဆိုစေ ဆရာများသည် အဝေးမှ အရောက်လာ၍ စေတနာ နှလုံးသားနှင့် ဟောပြောသကဲ့သို့ ကျွန်မတို့သည်လည်း ရှားပါးသောအချိန်များထဲမှ ဖဲ့၍ ခံယူလိုသော  နှလုံးသားနှင့် နားထောင်ခဲ့ကြပါသည်။ ဆရာများ၏ ဟောပြောမှုနှင့် ပတ်သက်၍ (ယခုဆိုလျင်) အသံဖိုင်များမှတဆင့် နားထောင်နိုင်ကြမည်ဖြစ်၍ ကျွန်မအနေနှင့် အထူးတလည် မဆွေးနွေးလိုပါ။

စာပေမြတ်နိုးသူလူငယ်များ စီစဉ်သောပွဲတွင် ဆရာများ၏ စာအုပ်ဝယ်ယူရာ၌ မလိုအပ်ဘဲ အချိန်ကြာမြင့်နေသည့် အကြောင်းလေး ပြောပြ ချင်ပါသည်။  နောက်ပွဲများ၌ တနည်းတဖုံ စဉ်းစား စီစဉ်သင့်ကြောင်း အကြံပြုလိုပါသည်။ ကျွန်မကို မေးလာလျင် အလွန်ကျေးဇူးတင်စွာ အကြံကောင်းများ ပေးနိုင်ပါလိမ့်မည် :)

 နောက်တချက်မှာ အချိန် ဖြစ်ပါသည်။ အပေါ်မှာ ကျွန်မ ပြောခဲ့သလိုပင် ဆရာတဦးလျင် မိနစ် ၉၀နှင့် ဆရာများ ဟောပြောချိန်သက်သက်ချည်းပင် ၆နာရီ ကြာမြင့်ပါသည်။ အစီအစဉ်အသစ်ဖြစ်သည့် ဆရာများနှင့် အမေးအဖြေကဏ္ဍ ၁နာရီပေါင်းလျင် စုစုပေါင်း ၇နာရီ ဖြစ်မည်။ တဖန် စားသောက်ချိန် မိနစ် ၃၀ပေါင်းလျင် ၇နာရီခွဲတိတိ မဖြစ်မနေ အချိန်ပေးရမည်။ တခြားသော အစီအစဉ်မှူးများ၏ အပြောအဆို၊ အချိတ်အဆက်များ ထည့်သွင်း တွက်ချက်ရဦးမည်ဖြစ်ရာ ခန့်မှန်းခြေ ၈နာရီခွဲခန့် အချိန်ပေးရမည်ပင်။ ဆိုရလျင် နေ့လည် ၁နာရီစမည့်ပွဲသည် အစီအစဉ်အားလုံး ကွက်တိဖြစ်ခဲ့လျင် ညကိုးနာရီခွဲမှသာ ပြီးဆုံးနိုင်မည် ဖြစ်ပေသည်။

စီစဉ်ထားသောပွဲချိန်သည် နေ့လည် ၁နာရီမှ ည၈နာရီ ဖြစ်ရာ စုစုပေါင်း ၇နာရီသာ ရှိသည်။  မမျှော်လင့်ထားသော စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုများကြောင့် ပွဲစချိန် တနာရီတိတိ နောက်ကျပါသည်။ ဤသည်မှာ နားလည်ပေး၍ ရသောကိစ္စဖြစ်ပါသည်။ အစီအစဉ်အားလုံး ကွက်တိဖြစ်ခဲ့လျင် ည ကိုးနာရီခွဲမှသာ ပြီးဆုံးနိုင်မည်ဖြစ်သော်လည်း တနာရီတိတိ နောက်ကျ၍ ည၁၀နာရီခွဲမှာ ပြီးဆုံးပါသည်။ (ထားပါတော့ ထိုညက ည၁၁နာရီမှာ ပွဲပြီးပါသည်)

ကံကောင်းစွာပင် နောက်တနေ့သည် အားလုံးအတွက် ရုံးပိတ်ရက်ဖြစ်၍ အများစုမှာ ပွဲပြီးအောင် ကြည့်နိုင်ကြပါသည်။ စီစဉ်သောလူငယ်များအနေနှင့်လည်း နာရီအပိုအတွက် ခမ်းမကြေး မည်မျှထပ်ဆောင်းလိုက်ရမည်လဲ ကျွန်မ မသိပါ။ 

ကျွန်မ ပြောလိုသည်မှာ ကျွန်မတို့ မြန်မာပွဲစီစဉ်သူများ၏ အချိန်ခွဲဝေ တွက်ချက်မှု ဖြစ်ပါသည်။ ဆရာ သုံးယောက် တယောက်လျင် မိနစ် ၉၀နှင့် မိနစ် ၂၇၀-၄နာရီခွဲ၊ မေးဖြေကဏ္ဍ ၁နာရီ၊ စားသောက်ချိန် ၄၅မိနစ်၊ အစီအစဉ်မှူး ကြားချိန် အကူးအပြောင်း ပြောဆိုချိန် ၄၅မိနစ် ဆိုလျင် စုစုပေါင်း ၇နာရီ ကွက်တိ ဖြစ်မည်။

သို့ဖြစ်ရာ စုစုပေါင်း ပွဲချိန် ၇နာရီသာ ပေးနိုင်သောပွဲအတွက် ဆရာ သုံးယောက်၏   ဟောပြောမှုသည် အချိန်စေ့ဖြစ်သည်ဟု ဆိုရင်းဖြစ်ပါသည်။  ဟောပြောသူ ဆရာ အရေအတွက် လျှော့မလား၊ ပွဲချိန် တိုးမလား စီစဉ်သူများ စဉ်းစားကြရန် ဖြစ်ပါသည်။  စီစဉ်သူတို့၏ စေတနာကို လုံးဝ နားလည် ပါသည်။ တတ်နိုင်သလောက် ပွဲချိန်အတိုင်း တိကျစေလိုသော ဆန္ဒဖြင့်  အပြုသဘော  ပြောမိခြင်း   ဖြစ်ပါသည်။

ကြုံ၍ ပြောရပါဦးမည်။ သည်လို အဖြစ်မျိုးများကို စတိတ်ရှိုးများတွင်လည်း တွေ့ရလေ့ရှိပါသည်။ ပထမပိုင်းနှင့် ဒုတိယပိုင်းတွင် ရှေ့ထွက်အဆိုတော်များအား တယောက် ၃-၄ပုဒ်ဆိုခိုင်းပြီး နောက်ပိုင်း သယ်ရမည့်အလှည့်ကျမှ အဆိုတော်ကြီးများက တက်သုတ်ရိုက်ကာ တယောက် ၂ပုဒ်လောက်နှင့် အတင်းဖြတ်ချရသော ပွဲများ ကြည့်ခဲ့ဖူးပါသည်။ သီချင်းတပုဒ်၏ ကြာမြင့်ချိန်၊ ပုဒ်ရေနှင့် အဆိုရှင်အရေအတွက်တို့ ကြိုတင်တွက်ချက်ထားသင့်သည်။

သဇင်မှ စီစဉ်သောပွဲတွင်မူ အချိန်မှအစ အစစ စံနစ်ကျသော်လည်း ဒန်ပေါက်တန်းစီယူရသည်နှင့်ပင် နာရီဝက်ခန့် အချိန်ကုန်ခဲ့ရသည်။ အဲသည်နေ့က ဒန်ပေါက်ကို အရသာ ဘယ်လိုမှန်းမသိအောင် အပြေးစားခဲ့ရပါသည်။ စာပေမြတ်နိုးသူ လူငယ်များ စီစဉ်သောပွဲတွင်မူ အစားအသောက်ဗူးကလေးများကို အပြင် ထွက်ရင်းနှင့် တဗူးစီဝေငှသော စံနစ်ကြောင့် အချိန်မကုန်ဘဲ အဆင်ပြေပြေ စားကြရသည်။ သို့သော်လည်း အချိန်နောက်ကျနေသောကြောင့် အမြန်ပင် စားခဲ့ရပြန်ပါသည်။

ကျွန်မအနေနှင့် စီစဉ်သူများ၏ စေတနာနှင့် အခက်အခဲများကို နားလည်ပါသည်။ ပွဲမစခင် ၆လခန့်ကတည်းက ကြိုတင်ပြင်ဆင်၍ အပင်ပန်းခံ စီစဉ်ခဲ့ကြရသည်ကိုလည်း လေးစားစွာ   ကျေးဇူးတင်ရပါသည်။ ဆရာကြီးလုပ်လိုသော ဆန္ဒနှင့် မဟုတ်ပါ။ ကျွန်မသည်လည်း စာပေမြတ်နိုးသူ တယောက်အနေဖြင့် စီစဉ်သူများနှင့် တသားတည်း ပူးပေါင်းပါဝင်၍ ဦးခေါင်းတလုံးစာ မြင်မိသမျှကို အပြုသဘောနှင့် ပြောခြင်းဟု မှတ်ယူစေချင်ပါသည်။

နောက်ဆုံးအနေနှင့် ပြောလိုသည်မှာ ဆရာများနှင့် အမေးအဖြေကဏ္ဍမှ မေးခွန်းများ၏   ဘောင်ကျဉ်းမှု ပင် ဖြစ်ပါသည်။ မေးခွန်းများမှာ သိသိသာသာပင် အဖြေများ ရှိနေပြီးသားဖြစ်၍ လူအားလုံးကို ကိုယ်စားပြုမနေဟု ထင်မြင်မိပါကြောင်း၊ နောက်နှစ်များ၌ ဤကဏ္ဍထည့်သွင်းမည်ဆိုလျင် ပို၍ အမြင်ကျယ်သော၊ အားလုံးအတွက် ကိုယ်စားပြုနိုင်သော မေးခွန်းများ ဖြစ်လျင် ပို၍ သင့်တော်မည် ဖြစ်ပါကြောင်း ကျွန်မ မြင်မိသမျှ စာပေဟောပြောပွဲများအကြောင်း ဝေမျှလိုက်ရပါသည်။

***သတိရတာလေးရှိလို့ ထပ်ဖြည့်ပါရစေ။ ဆရာတွေရဲ့ စာအုပ်တွေဝယ်ပြီးရင် ထည့်ဖို့ ကြွပ်ကြွပ်အိတ်လေး တလုံးလောက်စီ ဝေငှသင့်တယ်ဆိုတာလေးပါ။



10 comments:

  1. Great Post & good points Ma chit Kyi aye !

    ReplyDelete
  2. ဟုတ်ပါ့.ဟုတ်ပါ့..အစ်မချစ်ကြည်အေးရယ်။ လုံးဝ ထောက်ခံပါကြောင်း။

    ReplyDelete
  3. ကိုမင်းSun May 15, 04:07:00 PM GMT+8

    အမချစ်ကြည်အေး ဝေဘန်စာရေးတာ လက်သံပြောင်တယ်ဗျ၊ အပြုသဘောလေးကိုလဲ တွေ့ရပါတယ်၊ ကျတော်လဲ ၂ပွဲလုံး ကြည့်ခဲ့တာ အမပြောသလို ခံစားမိတယ်။ အမလိုတော့မရေးတတ်ဖူး၊ အမထောက်ပြထားတဲ့ဟာတွေ ပြင်နိုင်၇င် နောက်နှစ် ပိုအဆင်ပြေမှာပါ

    ReplyDelete
  4. အသံဖိုင်တွေ ရရင်လိုချင်ပါတယ် ဒေါ်ချစ်

    ReplyDelete
  5. do you happen to know if we can listen any of those online. thanks.

    ReplyDelete
  6. အင်း ထပ်ဖြည့်ရရင်တော့ မြန်မာပြည်က စာပေးဟောပြောပွဲး အသံဖိုင်လေးတွေကိုလည်း နားထောင် ကြည့်စေလိုတာပါပဲ။
    နောက်နှစ်အတွက် အကြံကောင်းလေးဖြစ်မယ် ထင်လို့ ပါ။

    ReplyDelete
  7. အနောနိမတ်စ်ရေ...ကျေးဇူးပါ :)

    ခနွဲ...ခံစားချက်တူလို့ ဝမ်းသာပါ၏ :)

    ကိုမင်း...ဝေဖန်တယ်လည်း မဟုတ်ပါဘူး၊ စာပေပွဲတပွဲဖြစ်ဖို့ မလွယ်တဲ့ကြားက ဖြစ်အောင် ကိုယ်ကျိုးမဖက် စီစဉ်ခဲ့သူတွေအပေါ် ကျွန်မ appreciate ဖြစ်မိပါတယ်။ အဖက်ဖက် ထောင့်စေ့အောင် စီစဉ်ထားတဲ့ကြားက သူတို့ သတိမမူမိလို့ ပြင်စရာ၊ စီစဉ်စရာလေးတွေကို ကျွန်မဘက်က မြင်မိသလောက် ထောက်ပြထားခဲ့တာပါ။ ဒီလိုကိစ္စတွေမှာ ဘေးလူက ပိုမြင်တတ်တယ် မဟုတ်လား...:)

    တီချမ်းနဲ့ အနောနိမတ်စ်ရေ...ဆရာအောင်သင်း အသံဖိုင်တက်လာတာတော့ တွေ့မိတယ်...ရှာလို့ရရင် တင်ပေးပါမယ်နော်...:)

    စော...အသံဖိုင်ဆိုရင်တော့ ဆရာတွေ ဟောပြောချက်ပဲပေါ့၊ အဲဒီအပေါ်မှာတော့ ကျွန်မအနေနဲ့ ပြောစရာ ရှိမယ်မထင်ဘူးရှင့်...အဆင်ပြေရင် နားထောင်ကြည့်ပါဦးမယ်...:)

    အားလုံးကို ကျေးဇူးတင်ပါတယ် :)))

    ReplyDelete
  8. လေ.. လေ.. လေအေးစက်လေး လျှော့ လျှော့လျှော့ပေးဖို့လည်း ပြောပြော ပါအုံးဗျာ.. ချမ်း.. ချမ်းလိုက်တာ ပြောမနေပါနဲ့တော့..

    ReplyDelete
  9. အစ်မချစ်ရေ။

    ကျွန်တော်တို့ Control Room ကနေတိုက်ရိုက်အသံဖမ်းယူထားတာတွေ ကို ဒီနေရာ http://www.mediafire.com/?2lbk72ls0cikz ကနေ ဒေါင်းလို့ရပါတယ်ခင်ဗျာ။ အသံ Quality ကောင်းကောင်းနဲ့ နားထောင်နိုင်ပါတယ်ခင်ဗျာ။ အားလုံး ကျွန်တော်တို့ရဲ့ FB မှာတင်ပေးထားပါတယ်။ မနှစ်က ၂၀၁၀ DVD ကိုပါ ဒေါင်းလို့ရပါကြောင်း။

    ReplyDelete
  10. အစ်မချစ်ရေ။

    မေ့သွားလို့။ Feedback တွေအတွက်ကျေးဇူးပါခင်ဗျာ။ ပိုပြီးကောင်းသထက် ကောင်းအောင်ကြိုးစားပါ့မယ်။ ဒါကြောင့် Feedback ပေးမဲ့လူများကို ၀မ်းသာစွာကြိုဆိုပါကြောင်း။

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...