Monday, May 9, 2011

ကျိန်စာချိုမြ


ဘာတွေလဲဟင်...။ စိတ်ထဲမှာ နောက်ကျိနွမ်းလျလို့။ တော်လောက်ပါပြီကွယ်။ ကျွန်မကို အပိုင်းပိုင်း အစစ ဖြစ်သွားစေမဲ့ စကားလုံးမြားတွေက ရင်ဝကို အလုံးအရင်း မြုတ်ဝင်ထိုးစိုက်ကြကုန်တယ်။ ကျွန်မက ရှင့်လက်ထဲမှာ သေမိန့် ကျပြီးသားလူရယ်။ ဒါနဲ့တောင် ရှင့်နှုတ်ဖျားက အထက်ရှဆုံး ဝါကျတွေ ချွန်မြရွေးချယ် သုံးစွဲခဲ့လေတယ်။ လိုအပ်လို့လား...တကယ်ပဲ လိုအပ်သေးလို့လားရှင်...။

အမှန်နဲ့ အမှားဟာ လကြေးစက္ကူတရွက်ရဲ့ တဖက်တချက်လို ကပ်လျက်က ဆန့်ကျင်ဘက်လားရာကို မျက်နှာမူထားကြလေတယ်။ အနာဟောင်းတခုက ချန်ရစ်ခဲ့တဲ့ အမာရွတ်တစဟာ အသားပေါ် စုတ်နဲ့ထိုးထားသလို သေသည်အထိ စွဲမြဲနှိပ်စက်နေတော့မှာ။ အစကတည်းက ကျွန်မ ပြတ်သားခဲ့ ဖို့ကောင်းတယ်။ သဘောထားကြီးမြတ် ခွင့်လွှတ်တတ်လွန်းသူရဲ့ တအိအိ ထိုးနှက်နေပုံက ဓါးတုံးတုံးနဲ့ ကြိတ်လှီးသလို တရိရိ....။ တခါတည်း အသေသတ်ဖို့ထိ နာမည်ဆိုးမရချင်သူရဲ့ ပညာရှိ နှိပ်စက်ခန်းမှာ ကျွန်မက အဓိက ဇာတ်ကောင်ဖြစ်ခဲ့ရတာ။

ဟင့်အင်း ကျွန်မအတွက် ဝမ်းမနည်းမိသလို ရှင့်အပေါ် အပြစ် ပုံချနေတာလည်း မဟုတ်ရပါ။ ပြုခဲ့မိတဲ့ အကြောင်းတခုအတွက် ခါးသက်တဲ့ တုန့်ပြန်မှုအကျိုးကို ပြုံးပြုံးကြီးခံယူဖို့ ပိုင်းဖြတ်ရက်က နာကျင်လွန်းလှတာမို့ အနည်းငယ် လူးလွန့်မိရုံသက်သက်ပါ။ ကျွန်မ ဂုဏ်ယူတတ်ရဦးမယ် ထင်ပါရဲ့...။ ခံစားတတ်နေသေးတဲ့ မျက်ရည်တွေအတွက်လေ...။

ကျွန်မဟာ လူနေမှု ပုံစံခွက်တခုထဲက သာမန် မိန်းမသားများစွာလို အိမ်ထောင်ဦးစီးကို ဘဝ တခုလုံးပုံအပ်၊ သေစာရှင်စာဖတ်ရင်း နဲနဲကလေးမှ စောဒက မတက်တတ်သူ၊ ချက်ပြုတ်ပြင်ဆင် အိမ်မှုတာဝန်တွေ ကျေပွန်တဲ့သူ၊ သားသမီးတွေအတွက်၊ ခင်ပွန်းအတွက် ကိုယ်ပိုင်အချိန်တွေ ပေးအပ်ရင်း သူတို့တတွေရဲ့ ဘဝအပေါ် ကြေနပ်အားရမှုကို အရောင်တင်ပေးသူ အဲသည်လိုသာ ဖြစ်သင့်ခဲ့တာ။

ကျွန်မက အရာရာမှာ ဦးဆောင်တတ်တာ လေ့နေတာ၊ ကိုယ်တိုင် လက်တွေ့မှ ယုံတတ်တာ၊ ခေါင်းလွယ်လွယ် မငြိမ့်တတ်တာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိလွန်းတာ၊ ပျော့ပြောင်းညွတ်နူး မလွယ်တတ်တာတွေဟာ ယောက်ျားတယောက်ရဲ့ အတ္တနဲ့မာနကို သံချေးတက်စေ သတဲ့လား။ ပြင်နိုင်ခဲတဲ့ စရိုက်မို့ နားလည်မှုကို မမျှော်လင့်ခဲ့ပေမဲ့ လမ်းခွဲကြဖို့ထိ မရည်ရွယ်ခဲ့တာ။

အသက်ရှင်မှုကို လိုလားပေမဲ့ သေအံ့မူးမူးနေ့စဉ်တွေကို အံမကြိတ်နိုင်တော့တာ။ သေနိုင်ခဲမှန်း သိပေမဲ့ မတောင်းသင့်တဲ့ဆုတခုနဲ့ ဘဝနိဂုံး ချုပ်ချင်နေမိတာ။ ဟိုး ဘဝအဆက်ဆက် သံသရာအလီလီက မသိမှု မောဟရဲ့ ဦးဆောင်မှုနောက်လိုက်ရင်း လိုချင်မှု တဏှာကြောင့် ရလာခဲ့တဲ့ ဒီဘဝ ဒီခန္ဓာဟာ မီးစာမကုန်၊ ဆီမခမ်းသရွေ့တော့ လောင်မြိုက် ရှင်သန်နေရဦးတော့မှာ။ မတတ်နိုင် မစွမ်းသာ နောက်ဆုတ်မရတော့ချိန်မှာ ကိုယ်တိုင် နှုတ်တက်ရွရွ တိုက်ခဲ့တဲ့ ကျိန်စာတွေ အပြယ်ထိ စောင့်နေရုံသာ။ ရှင် ရယ်မောနိုင်လိမ့်မယ်လို့ ခပ်ညစ်ညစ်နဲ့တောင် မတွေးချင်ပါဘူး။

အမှန်က အဲသည်ကျိန်စာထဲမှာ ရှင်ရော ကျွန်မအတွက်ပါ ဇာတ်ညွှန်းရေးပြီးသားရယ်....


9 comments:

  1. ဓါတ်ရှင်ရိုက်ရင်တောင် လိုအပ်ရင် လိုအပ်သလို ဇတ်ညွှန်းပြင်သေးတာပဲ...

    အ၀ိဇ္ဇာ နဲ့ တဏှာ နှစ်ဖြာ သစ္စာသာ သိခဲ့တဲ့ ပုထုဇဉ်တွေမို့ နိဂြောဓ နဲ့ မဂ္ဂ မြင်ဖို့ ရှစ်သွယ် လမ်းစဉ်ကို အလယ်ကလျှောက် လို့ ၀ိပဿနာနဲ့ သန္တိသုခ ရှိရာ ငါးတန်ဂတိ လွတ်ရာ သို့ ပြေးကြစို့ကွယ်။

    ReplyDelete
  2. -ဟူး..... (သက်ပြင်း-ကိုယ့်သံသရာအရေး ကိုယ့်ဟာကိုယ်ရင်လေးသောကြောင့်)
    -စာ... တိုတိုလေးနဲ့ ခပ်ပြင်းပြင်းထိတယ်
    -အိပ်ငိုက်နေတာတောင် ပျောက်သွားတယ်

    ReplyDelete
  3. မကြီး တစ်ခုခုများဖြစ်နေသလား......?????

    ReplyDelete
  4. ၂၁ ရာစုထဲက ဒီလိုနေ့တွေအထိ လူ့အသိုင်းအဝိုင်း အချို့မှာ မိန်းမသားတွေကို မီးဖိုချောင်ထဲမှာပဲ ချွေးတလုံးလုံးနဲ့ တံခါးပိတ်ထားချင် ကြတုန်းပါပဲ..၊ တံခါးရဲ့ ဒီဖက်ကို ကျွံထွက်လာတဲ့ ခပ်ထက်ထက် မိန်းမတွေ အဖို့တော့ “အသားကျမှု” ဆိုတာကြီးတွေနဲ့ တကယ့်ကို ထိပ်တိုက်....။း)

    ReplyDelete
  5. သိပ်တော့ လိုက်လို့မမှီ ။ ကိုပန်းသီးကြီးကို အလိုလိုက်ပါလို့း)

    ReplyDelete
  6. မရေ... တစ်ချို့ဇာတ်ညွှန်းတွေက ကိုယ်တိုင်ပြောင်းလဲလို့ ရတာတွေ ရှိတယ်လေ။ ဘာတွေခံစားနေရလဲမသိပေမယ့် တရားရှိပြီးသား ဇွန့်အစ်မအတွက် တရားစကားတွေနဲ့ နားမချခဲ့တော့ဘူးနော်။

    ReplyDelete
  7. ဘာတွေပဲဖြစ်နေနေပါ ...... ဂျင်းအစ်မအကြောင်းဂျင်းသိတယ်....အေးအေးဆေးဆေး အပြုံးမပျက်ဖြတ်ကျော်သွားနိုင်မယ်လို့ ဂျင်းယုံကြည်တယ်။

    ဂျင်းစုတ်

    ReplyDelete
  8. ဘာတွေပဲဖြစ်ဖြစ် အေးချမ်းပါစေလို့ ဆုတောင်းပေးချင်ပါတယ်....လောကကြီးရဲ့ လောကဓံ တွေကြား စိတ်နှလုံးတွေ အေးချမ်းနိုင်ကြပါစေ......

    ခင်တဲ့ (ချိုကျ)

    ReplyDelete
  9. ခွန်မြလှိုင်Tue May 10, 01:45:00 AM GMT+8

    အတိတ်ကံ အကြောင်းတရားက ၁၀% ကြောင့် လက်ရှိ အကျိုးတရားဖြစ်လာတယ် လက်ရှိ အကျိုးတရား ကို ကိုင်တွယ်ဖြေရှင်းပုံ ပစ္စုပ္ပန် ၉၀%ကံရဲ့ ထည့်ဝင်မှုကြောင့် အကျိုးပေးမှု ၁၀၀%က ရုပ်လုံးပေါ်လာတယ်လို့ universal truth ရှာဖွေရေး အဖွဲ့ က စာတမ်းရေးတာ ဖတ်ဖူးတယ်… မချစ်ရေ အတိတ်ကံတွေကို ပစ္စုပ္ပန်ကံနဲ့ ပြောင်းယူနိုင်ပါစေ…

    ခွန်မြလှိုင်

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...