Friday, May 6, 2011

စာပေမြတ်နိုးသူရဲ့မြနဲ့ရွှေ ဂဟေဆက်တဲ့ပွဲ

မောင်စည်သူဟိန်းဆိုတာက ပြီးခဲ့တဲ့ စာပေဟောပြောပွဲမှာ ကျေးဇူးတင်စကား ပြောကြားခဲ့တဲ့ (စာပေမြတ်နိုးသူများ အဖွဲ့ထဲက) လူငယ်လေးတယောက်ပါ။ သူ့ရဲ့ ဘဝလက်တွဲဖော်နဲ့ မေလ ၂ရက်နေ့က စုလျားရစ်ပတ် လက်ထပ်လို့သွားခဲ့ပါပြီ။ အဲဒီ မင်္ဂလာပွဲလေးကို ကျွန်မ တက်ရောက်ခွင့်ရခဲ့တာလေး ပြန်လည် မျှဝေပါရစေ။ ချစ်ကြည်အေးတို့များ စင်္ကာပူက မင်္ဂလာဆောင်ပွဲတွေ ကန်ထရိုက်ဆွဲပြီး လိုက်လံ တက်ရောက် စားသောက်နေတယ်လို့ ထင်ချင်စရာပါပဲ ((အဟမ်း))


ပွဲက ည ၇နာရီခွဲမှ စမှာ ဖြစ်ပြီး ကျွန်မရောက်သွားတဲ့ ၇နာရီဝန်းကျင်မှာ ခမ်းမထဲ မဝင်ရသေးတာမို့ အအေးလေးသောက်ရင်း ဟိုကြည့်ဒီကြည့် ဟိုရပ်ဒီရပ်နဲ့ ဟိုရိုက်ဒီရိုက်တွေပဲ ထပ်ခါတလဲလဲလုပ်ရင်း အချိန်ကို စောင့်ရပါတယ်။ "ဟိုမှာ သတို့သားထွက်လာပြီ"ဆိုတဲ့ အသံတွေကြောင့် ဦးခေါင်းတွေ လှည့်ရာဘက်ကို ကျွန်မလည်း ရောယောင်ကြည့်လိုက်မိပါတယ်။ သတို့သား မတွေ့ရသေးခင် သတို့သားရဲ့သွားကို အဝေးကနေ အရင်လှမ်းမြင်လိုက်ရပါတယ်။ သတို့သား ပါးစပ်စေ့ မရလို့ပါ။ အေးလေ...ဒီအချိန်တော့ ပြုံးထားဦးပေါ့ သတို့သား အသစ်စက်စက်ရယ်....:)

ခမ်းမထဲ ဝင်လို့ရပြီဆိုတာနဲ့ ထိုင်ရမဲ့ စားပွဲနံပတ်မေးပြီး ဓါတ်ပုံအရင် ရိုက်နှင့်ပါတယ်။ မင်္ဂလာပွဲ စချိန်မှာ ၈နာရီကျော်နေပါပြီ။



ကျွန်မက ဘေးက ဆရာမခင်ခင်ထူးနဲ့ စကားတွေပြောလိုက်၊ ဆရာမဘေးက ဆရာနေဝင်းမြင့်နဲ့ ပြောလိုက်၊ နှစ်ယောက်ကျော်က ဆရာချစ်စံဝင်းနဲ့ပြောလိုက်ပေါ့။ စကားလည်းပြော၊ အစားလည်းစား၊ ဓါတ်ပုံလည်းရိုက်နဲ့ အင်မတန်မှ ဘီးဇီးဝူးမန်းဖြစ်နေခဲ့ပါတယ်။ ကင်မရာကြီးတကားကားနဲ့ ကျွန်မကို ဆရာချစ်က မေးပါတယ်။ "သမီးက Reporter-ရီပေါ့တာလား"တဲ့။ "ဟင့်အင်း ရီပေါ့တာ မဟုတ်ဘူးဆရာ ဘလော့ဂ်ဂါပါ" လို့ ပြန်ဖြေရတယ်။ ရီပေါ့တာ ဘလော့ဂ်ဂါ ကာရံတော့မိသား....။

ပြီးတော့ မောင်စည်သူ့မာမီက စာရေးဆရာမ မသက်ဇွန် ဖြစ်နေတယ်။ ကျွန်မဖြင့် ကျွန်မ နှစ်သက်လေးစားရတဲ့ ဆရာကြီး၊ ဆရာမကြီးတွေကို ခုလို တနေရာထဲမှာ တွေ့ရ၊ ရင်းရင်းနှီးနှီး စကားပြောခွင့်လည်း ရခဲ့တာမို့ စိတ်တွေလှုပ်ရှားပြီး ဝမ်းသာနေခဲ့တာပါ။ ဒီတခါ သတို့သားနဲ့အပြိုင် ပါးစပ်စေ့မရသူက ကျွန်မ ဖြစ်သွားပါတယ်။ စားပွဲပေါ်က အစားအသောက်တွေဆိုတာ စားသာနေရတယ် ဘာအရသာမှန်းကို မသိပါဘူး။ (လည်ချောင်းထဲတော့ လျှောကနဲ လျှောကနဲတော့ ဝင်သွားသား)

ဆရာ ချစ်စံဝင်း၊ ဆရာမ ခင်ခင်ထူး၊ ဆရာမ မသက်ဇွန် နဲ့ ဆရာ နေဝင်းမြင့်


ပုံတွေ အများကြီး ရိုက်ခဲ့ပြီးမှ တချို့ပုံတွေ မှားဖျက်တဲ့အထဲ ပါသွားလို့ မတင်နိုင်တော့ပါဘူး။ ဝမ်းနည်းပါတယ်။ အစားအသောက်ပုံတွေ တပုံမကျန် အကုန်ပျက်သွားပါတယ်။ ကံကောင်းတဲ့ မိနုလေးတော့ ကျန်ပါသေးတယ်။ အလွမ်းပြေ ကြည့်လိုက်ကြပါ။


ချစ်စရာ Wedding Gift လေးပါ...


အများတကာကို ကြွားစရာအဖြစ် ရိုက်ခဲ့တဲ့ ဆရာ၊ ဆရာမတွေနဲ့ကျွန်မ အတူရိုက်ထားတဲ့ပုံလည်း မှားဖျက်လိုက်မိတဲ့အထဲ ပါသွားပါတယ်။ အားကြီး စိတ်မကောင်း ဖြစ်ရပါတယ်။ သမီးဖွေးဖွေးပုံလည်း ပျက်သွားပါတယ်။ အင်မတန်မှ စိတ်ထောင်းကိုယ်ကြေဖြစ်ရပါတယ်။

အဲဒီညက အပြုံးအပျော်တွေနဲ့ သတို့သား၊ သတို့သမီးမောင်နှံကို မြင်ရတာ ကြည်နူးစရာပါ။ ငယ်ရွယ်သူတွေ ချစ်ကြ၊ ပေါင်းဖက်ခွင့်ရကြတာ မင်္ဂလာတပါးပဲ မဟုတ်ပါလား။ ကျွန်မက အဲသလို မင်္ဂလာပွဲလေးတွေ တက်ရောက်ပါဝင်ခွင့်ရတာကို သိတ်သဘောကျသူ။ ချစ်သူတွေရဲ့ ချစ်စခင်စ အပြုံးလေးတွေ၊ တယောက်နဲ့တယောက် ဓါတ်လိုက်စ အကြင်နာလေးတွေဟာ ရင်ထဲထိ စီးမျောပြန့်နှံ့ရင်း တက်ရောက်သူတွေကိုပါ ပြုံးပျော်ကြည်နူးစေတာလေ။
သူ့ဖေ့စ်ဘုတ်က ခွင့်တောင်းပြီး မ လာတဲ့ ပုံ ၂ပုံပါ....



မောင်ငယ် စည်သူဟိန်းနဲ့ ညီမငယ် Qiu Hua တို့ မြနဲ့ရွှေလို မကွာမကွဲ တသားတည်း ဂဟေဆက်၍ ယနေ့မှစ သက်ဆုံးတိုင် နားလည်မှုများစွာနဲ့ ချစ်ခင် ပေါင်းသင်းနိုင်ကြပါစေရှင်။


12 comments:

  1. အမြဲ တမ်း မြနဲ့ ရွှေလို ဖြစ်ပါစေ... လျှာနဲ့သွားလိုလည်း တစ်ခါ တစ်ခါဖြစ်ပါစေ... အသည်းစွဲစေဖို့ ချစ်တာမျိုး မဖြစ်ပါစေနဲ့..

    အော်...သူစားတာတွေ ရိုက်ထားတာကို မတင်ချင်လို့ မှားဖျက်မိတယ်ပြောတာကို သိပါတယ် မမချစ်ကြည်အေးရာ..ဟွန်း။

    ReplyDelete
  2. ရီပို့တာလားလို့ အမေးခံရတဲ့အထိရိုက်ပြီးမှ အရေးကြီးတာတွေ မှားဖျက်သတဲ့။ ဘယ်လိုမှ သည်းခံနိုင်စရာမရှိဘူး။ ပရော်ဖက်ရှင်နယ်မဆန်လိုက်တာ :P

    ReplyDelete
  3. အမည်မသိFri May 06, 11:14:00 PM GMT+8

    ကလူသစ်သာဆို အဲ့ဒီကင်မလာကြီး ခုချက်ချင်း ပြုတင်းပေါက်ကလွှင့်ပစ်တယ်။ ဒါမှမဟုတ် တိုင်နဲ့ခေါင်းနဲ့ နာနာလေး ၃ခါလောက်ပြေးစောင့်တယ်။ ပရောဖက်ရှင်နယ်ဆန်တော့ အမှားလက်မခံဘူးလေ :P

    ReplyDelete
  4. နိုင်ငံကျော် ဆရာ၊ ဆရာမတွေနဲ့ တဝိုင်းထဲမှာ ဆုံခဲ့တာ ကံကောင်းလိုက်တာ၊ အားကျတယ်ဗျို့..၊ ဓါတ်ပုံတွေက တကယ်ပဲ မှားဖျက်မိတာဆိုရင် memory ကဒ်ထဲကနေ ပြန်ပြီး recover လုပ်ယူလို့ရတဲ့ ဆော့ဖ်ဝဲတွေ ရှိပါတယ်..၊ Freeware တွေရော၊ အခပေးရော အစုံပါပဲ၊ နှမြောလို့ ကြိုးစားကြည့်ချင် တယ် ဆိုရင် ပြောပါတယ်...။

    ReplyDelete
  5. စည်သူတို့အတွက် ဆုတောင်းပေးမလို့ကို ကလူသစ် ကော်မန့်တွေ့တော့ တခွီးခွီးဖြစ်သွားတယ်... ကင်မရာ လွင့်ပစ်ဖို့တို့ တိုင်နဲ့ ခေါင်းနဲ့ ဆောင့်ဖို့တို့မှာ အကူအညီလိုရင် ပြောပါနော်... ကူညီပါရစေ ကူညီပါရစေရှင့်...း))

    မောင်လေး စည်သူတို့ ဇနီးမောင်နှံ တယောက်ကို တယောက် နားလည် ချစ်ခင်စွာနဲ့ သာယာချမ်းမြေ့တဲ့ ဘဝခရီးလမ်းကို အသက်ထက်ဆုံး အတူတူ လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

    ReplyDelete
  6. မိုးယံ ညည်း အစ လာဆွဲထုတ်သွားတာနော်...တကယ် ထင်ကုန်ပြီ...

    ကလူသစ်...အမည်မသိ ပြောတာလေး မဆိုးဘူးနော် ဟဟဟ :P

    တကယ်မှားဖျက်မိတာ ကိုညီလင်းသစ်ရေ....။ ပုံတွေကို ကွန်ပြူတာထဲ ထည့်ပြီးပြီဆိုပြီး ကင်မရာထဲကကောင်တွေကို ဖျက်ချလိုက်မိတာ။ ပြီးမှ ကွန်ပြူတာထဲလည်း ပုံတချို့ ပါမလာတာ သိတာ...:(

    သက်ဝေ စည်သူတို့ ဇနှီးမောင်နှံကိုယ်စား ကျေးဇူးပါ သူငယ်ချင်း....

    ReplyDelete
  7. မချစ်ကြည်အေး။ ဒါလေး Try ကြည့်ပါ။ မှားဖျက်မိတဲ့ ဓာတ်ပုံကို ပြန်ပြီး Recover လုပ်လို့ရတဲ့ ဆော့ဖ်ဝဲလ်ပါ။ http://www.pcinspector.de/default.htm?language=1

    ReplyDelete
  8. နှစ်ဦးစလုံး ချစ်ချစ်ခင်ခင် တစ်သက်တာလုံး ပေါင်းဖက်နိုင်ကြပါစေ။ အပေါ်မှာ ကို ZT ပြောသလို ပြန်ရှာပြီး မချစ်ကြည်အေး ရဲ့ ဓါတ်ပုံ ပြန်တင်ပေးပါဗျို့

    ReplyDelete
  9. An Asian Tour OperatorSat May 07, 10:02:00 AM GMT+8

    မင်္ဂလာပေပဲ။

    ReplyDelete
  10. ချော(အစိမ်းရောင်လွင်ပြင်)Sat May 07, 11:10:00 AM GMT+8

    အားကျစရာကြီးး)
    ဆရာဆရာမတွေနဲ့ တွေ့ဆုံခွင့်ရတာကို ပြောပါတယ်။
    သတို့သား သတို့သမီးကတော့ အထူးပြောစရာမလိုအောင် လိုက်ဖက်ညီပါတယ်။
    အစားအသောက်တွေ မမြင်လိုက်ရတာ ဖတ်သူအဖို့လည်း စိတ်ထောင်းကိုယ်ကြေဖြစ်ရပါတယ်။
    ဘာနဲ့ထောင်းမိတယ်တော့ မပြောတတ်း)
    ချစ်သူများ ရာသက်ပန် ရွှေလက် ဂဟေဆက်နိုင်ပါစေကြောင်း

    ReplyDelete
  11. Daw Chit !
    Blogger or Blocker ? Thanks for sharing.
    Thu

    ReplyDelete
  12. ပုံတွေက ဘယ်လိုလုပ်ပြီး ဖျက်မိသွားတာလဲ မရယ်။ နှမြောစရာနော်း(

    မင်္ဂလာမောင်နှံအတွက် အားလုံးနဲ့အတူတူ ဆုတောင်းပေးသွားပါတယ်။

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...