Monday, April 25, 2011

အွန်လိုင်းပေါ်မှာရှင်-၂

ခုခေတ် လူမှုရေးကွန်ယက်တွေကို အွန်လိုင်းပေါ်မှာ တွင်တွင်ကျယ်ကျယ် ချိတ်ဆက် သုံးစွဲလာနိုင်ကြတာနဲ့အမျှ လူ တဦးတယောက်ချင်းစီရဲ့ လူမှုရေးနယ်ပယ်ဟာ ပိုမို ကျယ်ပြန့် ကြီးမားလို့လာတယ်။ ဖေ့စ်ဘုတ်၊ တွီတာ၊ ဖရန့်စတား၊ ဘလော့ဂ် စတဲ့ ဗာကျူရယ်ကမ္ဘာမှာ တယောက်နဲ့တယောက် မိတ်ဆက်ကြ၊ ပြောဆိုရင်းနှီးကြ၊ တီးတိုးတိုင်ပင်ကြနဲ့ ခင်မင်ရင်းနှီးမှုတွေ တဆင့်ပြီးတဆင့် တိုးပွားလာကြ၊ မိတ်ဆွေကောင်း၊ အခွင့်အလမ်းကောင်းတွေ တိုးပွား လမ်းပွင့်နိုင်ကြသလို အဲဒီ ဗာကျူရယ်ကမ္ဘာမှာပဲ တယောက်နဲ့တယောက် အငြင်းပွားကြ၊ မနာလို မရှုစိမ့်တွေ ဖြစ်ကြ..ရန်ဖြစ်ထိုးနှက်ကြ...။

ဆိုတော့ကာ စိတ်ထားတတ်ရင် ထားတတ်သလို လူကို ပျော်ရွှင်ငြိမ်းအေးစေနိုင်ပြီး တဘက်က ကြည့်ပြန်ရင်လည်း စိတ်မထားတတ်ရင် မထားတတ်တဲ့အလျောက် လူကို ပူလောင်စေ၊ ဒုက္ခဖြစ်စေနိုင်ပြန်တယ်။ တကိုယ်တည်း အထီးကျန်နေသူတွေ အတွက် အတိုင်းအတာတခု အထိ  ဖျော်ဖြေမှုကို ပေးစွမ်းနိုင်စေတယ်။ မိမိ တတ်စွမ်းသမျှ၊ တခြားသူ တတ်ကျွမ်းသမျှတွေလည်း ချပြ ဖလှယ်နိုင်ကြတဲ့  နေရာလည်း ဖြစ်တယ်။ အချိန်ကို ဇယား မချတတ်သူတွေ အဖို့တော့  အချိန်မစီးဘဲ အချည်းနှီး အသက်ကြီးသွားစေမဲ့ နေရာတခုလည်းပဲ ဖြစ်တယ်။

တနေ့က (ကြာသပတေး ဧပြီ၂၁ရက်) The Straits Timesမှာ ဖတ်လိုက်ရတဲ့ သတင်းတပုဒ်ကို အကျဉ်းချုပ် မျှဝေချင်ပါတယ်။  Kentucky- US မှာ ဖြစ်ပွားခဲ့တာပါ။ Ms Kathy Michelle Coy-အသက် ၃၃နှစ်ဟာ အသက် ၂၁နှစ်ပဲ ရှိသေးတဲ့ မိခင်လောင်း Jamie Sticeကို "ကလေးပစ္စည်းတွေ ထွက်ဝယ်ကြရအောင်" ဆိုပြီး အပြင်ခေါ်ထုတ်သွားပါတယ်။ လူခြေတိတ်တဲ့ သစ်တောဘက်ကို အယုံသွင်း ခေါ်ဆောင်သွားပြီးမှ Ms Jamieကို  သတ်ပြီး ဗိုက်ထဲက ကလေးကိုခွဲထုတ်ယူခဲ့တဲ့ အမှုဖြစ်ပါတယ်။

Ms Coy ဟာ မွေးကင်းစ ကလေးငယ် (သားယောက်ျားလေး) ကို ခွဲထုတ် ခိုးယူခဲ့ပြီး ချက်ကြိုးတန်းလန်းနဲ့ပဲ ဆေးရုံကြီးကို သွားရောက်လို့ သူ့ဗိုက်ထဲက  မွေးတဲ့ကလေးလိုလို ဟန်ဆောင် ပြုမှုခဲ့ပါသတဲ့။ ဒါပေမဲ့လည်း သူရဲ့ ခန္ဓာကိုယ်ကို  ဆရာဝန်တွေ စစ်ဆေးကြည့်လို့မှ ကလေးမွေးထားတဲ့ အရိပ်အယောင် မတွေ့ရတဲ့အခါ သူ့အပေါ် သံသယ ရှိလာခဲ့တော့တယ်။ တာဝန်ခံ ရဲအရာရှိတွေ သူ့အိမ်ကို ဝင်ရောက် ရှာဖွေတဲ့အခါမှာတော့ သူ့ရဲ့ ဖေ့စ်ဘုတ် မိတ်ဆွေလစ်စ်ထဲမှာ ကိုယ်ဝန်ဆောင်သည် နှစ်ယောက်ရှိနေတာကို တွေ့ကြရပြီး ကျန်တယောက်က ကျန်းမာပကတိရှိနေတာကို သိကြရပါတယ်။ အဲဒီထဲက တယောက်ဖြစ်တဲ့ ကံဆိုးသူ ကိုယ်ဝန်ဆောင်သည်လေး Jamie Sticeကတော့ ရက်စက်စွာ သတ်ဖြတ်ပြီး ဗိုက်ထဲက ကလေး ခွဲထုတ်ခိုးယူမှုကို ခံခဲ့ရရှာပါတယ်။

အဲဒီ အဖြစ်အပျက်ဟာ ကြိုတင်ကြံစည်မှုတခုဖြစ်တဲ့အပြင် လူသတ်သမား Ms Coyဟာ  ၁၃နှစ်နဲ့ ၁၄နှစ် အသီးသီးရှိနေပြီဖြစ်တဲ့ သူ့ရဲ့သားနဲ့ သမီးကိုတောင် ဒီလူသတ်မှုမှာ သူနဲ့ ပူးပေါင်းပါဝင်ဖို့ ပြောခဲ့သေးသတဲ့။ သားသမီး နှစ်ယောက်လုံးက ငြင်းဆန်ခဲ့တာမို့ ခုလို တကိုယ်တော် သတ်ခဲ့ခြင်းဖြစ်တယ်။ သူဟာ နားကြားကိရိယာ အကူအညီနဲ့မှ ကြားနိုင်သူဖြစ်ပြီး အရင်က ကိုယ်ဝန်ပျက်ကျခဲ့ဖူးသူလို့လည်း ဆိုထားပါတယ်။ သေချာတာကတော့ သူဟာ စိတ်အခြေအနေ ပုံမှန်သူတယောက် ဘယ်လိုမှ မဖြစ်နိုင်တာပါပဲ။ 

ခုတော့ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်သွားခဲ့သူကလည်း ဖြစ်သွားခဲ့ပါပြီ။ လူသတ်တရားခံနဲ့ သေသူရဲ့ အသက်ကွာခြားမှုကို ကြည့်ပြီး မျက်နှာစာအုပ်ပေါ်မှာ မိတ်ဆွေတွေ ဖြစ်ခဲ့ကြပုံရတယ် လို့ ကိုယ်က ဆားပုလင်းဉာဏ်နဲ့ ကောက်ချက်ချမိသေးတယ်။

ဒီတော့ မျက်နှာစာအုပ်ကြီးမှာ လူတွေ မိတ်ဆွေဖွဲ့ကြတာတော့ ဟုတ်ပါပြီ။ ခက်တာက ဘယ်သူတွေ ဘယ်ဝါတွေမှန်းလည်း မသိ၊ "အပြန်အလှန်သူငယ်ချင်း စာရင်း" ထဲမှာတော့ ကိုယ်နဲ့သိသူတွေချည်းပါပဲလေ ဆိုပြီး လက်ခံလိုက်ကြတာ များမယ်ထင်ပါရဲ့။ ပြီးတော့ ကိုယ်ကလည်း ဘလော့ဂ်ရေးနေသူဆိုတော့ "မိတ်ဆွေဖြစ်ခွင့်ရီကွက်စ်" တွေ့ရင်ပဲ အဲသည်လူ ကိုယ့်ဘလော့ဂ်ဖတ်သူ လုပ်ထည့်လိုက်တော့တာ။

ဒီသတင်းဖတ်ပြီးမှ နဲနဲတောင် ကျောချမ်းသွားမိတယ်။ ကိုယ်ကလည်း အားရင် အားနေသလို ဘယ်သွားမယ် ဘာလုပ်မယ် ဆိုတဲ့ စတေးတတ်စ်တွေကအစ တင်ချင် တင်နေတတ်တာကလား။ အဆိုးဆုံးက ယုံလွယ်တတ်တာပဲ။ ဘယ်သူ့ကိုမဆို စိတ်ချလက်ချ ပစ်ခင်တတ်တာပဲ။ ကိုယ်လိုလူတွေလည်း အများကြီးနေမှာပါ။ တခါတလေ ခပ်ကြောင်ကြောင်လူတွေက ဘယ်လက်နဲ့ရော၊ ညာလက်နဲ့ပါ လာလာpoke နေကြတာတွေလည်း ရှိသေး။

ဘယ်လိုပဲ ဖြစ်ဖြစ် လူအချင်းချင်း ချစ်ကြ၊ ခင်ကြတာ မင်္ဂလာတပါးပေမို့ ချစ်ကြခင်ကြပါ သို့သော်လည်း မမေ့မလျော့ မပေါ့မဆသော သတိလေးများလည်း ထားနိုင်ကြစေဖို့ပါ။ 

စာကြွင်း-ဖဘပေါ်က ဘီယာလုလင်များလည်း သတိထားကြနော်၊ အပြင်မှာ တွေ့ကြဖို့ခေါ်တိုင်း အရဲကိုးပြီး လိုက် လိုက်မသွားနဲ့၊ တော်ကြာ ဘီယာဗိုက်ကြီးကို အထဲထဲမှာ ကလေးလေးရှိတယ် အထင်နဲ့ အခွဲခံနေရဦးမယ်.... ဒီက စေတနာနဲ့ ပြောတယ်မှတ်ပါ...:)




Ref: 21st Apr, The Straits Times, Page A15

20 comments:

  1. ဟိဟိ ကိုကို ဒီဘီအေ ဆို အမွှာဗိုက်ကြီးဆို ခွဲချင်မှာ လိုက်မသွားနဲ့ နော်

    ReplyDelete
  2. နှစ်နှစ်ချိုက်ရီခွင့်ပေးတဲ့ဒီပို့စ်အတွက် ဟာသကွန်ယက်စီကေအေကျေးဇူး
    ဒေါ်ဒေါ်

    ReplyDelete
  3. အမလေး ....ကြောက်စရာ...

    ReplyDelete
  4. ဟားဟား
    စိတ်ကိုမဲတင်းပြီးဖတ်လာရာက
    နောက်ဆုံးမှ ရီရတယ်
    သတိထားစရာပေါ့ အစ်မရေ
    ကျေးဇူးတင်ပါတယ်
    ကိုယ့်ဟာကိုယ်ဆို ဒါမျိုးတွေ မဖတ်ဖြစ်လို့ပါ

    ReplyDelete
  5. ကြောက်စရာကြီးပါလား ဗျာ

    ReplyDelete
  6. ကျန်းမာပါစေမင်္ဂလာပါ-
    အင်း----တွေးတောစရာတွေပေါ့-
    ကျေးဇူးပါဆရာကတော်ရယ်---

    ReplyDelete
  7. ဝက်ဆလူးMon Apr 25, 08:34:00 PM GMT+8

    တီချစ်လဲ တတိထားနော် ဟက်ဟက် တော်နေ တထုထု လုပ်လိုက်မှဖြင့်

    ReplyDelete
  8. ကင်တပ်ကီကျောက်Tue Apr 26, 12:32:00 AM GMT+8

    ဗိုက်မရှိလို့ ရှိတာဖြတ်ယူသွားမှဖြင့်.......
    အားတိုင်း fb ပေါ်တက် ပွားနေသူတွေ လန့်ကုန်ကြပြီထင်တယ်

    ReplyDelete
  9. fb မှာ ခရီးထွက်မယ့်အကြောင်း ရေးထားမိလို့ အိမ်မှာလူမရှိတုန်း သူခိုးက အေးအေးဆေးဆေး ဝင်ခိုးသွားတဲ့ ဇတ်လမ်းတွေလည်း ကြားဖူးတယ်၊ ကျနော်ကတော့ fb ကို ပစ်ထားတာ ကြာပြီ..။

    ReplyDelete
  10. အဖြူရောင်နတ်သမီးTue Apr 26, 08:02:00 AM GMT+8

    အင်း...
    ဖွင့်ပြောတိုင်းလည်း မကောင်းဘူးနော်..
    အန္တရာယ်များပါဘိသနဲ့...း(

    ReplyDelete
  11. အရင်က Facebook မှာမိတ်ဆွေတွေက ဘလော့ဂါတွေနဲ့ အပြင်မှာ တကယ်သိတဲ့ မိတ်ဆွေတွေပဲ များပေမဲ့ နောက်ပိုင်းမှာ ဘလော့ဂ်ဖတ်သူလို့ ယူဆပြီး လာ add တာကို လက်ခံထားတဲ့ မသိသူတွေလည်း ရှိလာတော့ အခု ဓါတ်ပုံတွေ အလွဲသုံးစား လုပ်ခံနေရ နာမည်ကို အလွဲသုံးစား အလုပ်ခံနေရတယ်။ မချစ်ကြည်အေး C-Box မှာ ကျွန်မ နာမည်နဲ့ လာရေးထားသလို တခြား C-Box တွေမှာလည်း လိုက်ရေးထားတာ တွေ့ရသလို တခြားနည်းတွေနဲ့လည်း နည်းမျိုးစုံနဲ့ စိတ်အနှောင့်အယှက် ဖြစ်အောင် ဒုက္ခပေးခံနေရတော့ အွန်လိုင်းပေါ်က ရတဲ့ဒုက္ခတွေကို နောက်ပိုင်းမှာ ပို့စ်တခုတော့ တင်ဦးမယ်။ ဘုရားရှိခိုးရင် အွန်လိုင်းပေါ်ရ ရတဲ့ဒုက္ခများမှ အားလုံး ကင်းဝေးကြပါစေလို့ အပိုတခု ဆုတောင်းပေးရမလို ဖြစ်နေပြီ။

    ReplyDelete
  12. ပန်းချီTue Apr 26, 11:14:00 AM GMT+8

    ဖြစ်ရလေ..ကျောချမ်းစရာမဟုတ်ပဲ ဗိုက်ချမ်းစရာဖြစ်နေပါပေါ့လား မရယ်..

    ချစ်တဲ့

    ReplyDelete
  13. ယုံအောင်ပြောတတ်တဲ့သူကပဲ တော်တာလား၊
    အယုံလွယ်လွန်းသူကပဲ ညံ့တာလား...
    ချင့်ယုံကြပေါ့ နော်...
    ဖဘ ကြီး မှာ လည်း အကောင်း အဆိုး ဒွန်တွဲနေတာပါလား...
    သတိထားအုံးမှ ပါ ပဲ..

    ReplyDelete
  14. အင်း စိတ်ရူးပေါက်နေတဲ့ သူတွေပေါ့နော်

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  15. ပြောတာကောင်းတယ် ဒေါ်ချစ်
    မိုးနတ်မင်းကြီး က ကယ်မှာပါ ကြည့်မနေနပါဘူး
    နံရံတွေမှာ နားတွေရှိသလို တရားဥပဒေတိုင်းမှာ ပေါင်ချိန်ရှိပါတယ်

    ဘာပဲဖြစ်ဖြစ် ရေးတာ ကောင်းတယ်
    ဒီလိုကိစ္စတွေလဲ ရှိသေးတာကိုး
    ဖြေးဖြေးပဲ ပြန်တော့မယ် လိုက်မပို့နဲ့တော့ ဗိုက်ချမ်းလို့....

    ပျော်စေ ပျက်စေ ကလက်စေ

    ReplyDelete
  16. ဘီယာဖြတ်မှပါလေ.. ဖဘတော့မပြတ်တော့ဘူး

    ReplyDelete
  17. ကြောက်စရာကြီး... မျှဝေပေးတာ ကျေးဇူးပါ မမချစ်ကြည်ရှင့်...

    ReplyDelete
  18. ဘီယာဗိုက်ကြီးကို အထဲထဲမှာ ကလေးလေးရှိတယ် အထင်နဲ့ အခွဲခံနေရဦးမယ် ----------------------
    တီဇက်အေစို ခလေးလေး၁ယောက်၊ ကိုကြီးစို အပျိုဗိုက်၊ ကိုပေါစို အမြွှာ၊ ကိုဘွိုင်စို ၁မြွာခွဲ အမ်!!!!!!!!!!!!!!!!!
    အမချစ် ဒီနေ့အရမ်း အရမ်းကံကောင်းနေတယ်မတ်ပါ (ခွေဖြူ စိတ်လိုလက်ရ လိုက်မန့်နေလို့)
    တီဇက်အေလို နံမယ်ကြီး (မြောက်ပေးလိုက်အုန်းမယ်) ဘလောက်ဂါစီမာတောင် မမန့်တာကြာပေါ့ (စားစရာပုံတွေချည်းတင်နေတာ အမြင်ကတ်လို့)

    ခွေဖြူ

    ReplyDelete
  19. ဒါတွေကို သိလို့ facebook account ကို deactivate လုပ်ပစ်လိုက်တာ.. တော်ကြာ ကလေးမရှိတဲ့ဗိုက် လာခွဲနေမစိုးလို့..:))

    ReplyDelete
  20. ဖဘ မရှိတဲ့ဘဝအေးချမ်းပါတယ်လေ တော်ကြာ blouse ပွပွဝတ်ထားတဲ့ပုံတင်မိရင် Congratulations! ဆိုလို့ ကျွန်မကရိုးရိုးဝတာပါလို့ ရှင်းနေရဦးမယ်
    Link လေးဖတ်ကြည့်ပါဦးမမ။

    http://www.nationmultimedia.com/home/Facebook-users-fall-for-scam-30153940.html

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...