Tuesday, April 19, 2011

ထမ်ဆမ်းဂူ သွားကြစို့...

ချစ်ကြည်အေးဒေါ့ကွန်း အစ်စ် ဘက်ခ်တူ နော်မယ်လ်....၊ ဘိဇိနက်စ် အတ်စ် ယူရှယ်ပါ။ ကဲ...ပြီးခဲ့တဲ့ တကမ္ဘာလောက်က သွားခဲ့တဲ့ ခရီးသွားပိုစ့် တန်းလန်းလေး ပြန်ဆက်ကြဦးစို့ရဲ့...။

အင်းလေးကတည်းက ဆာလာခဲ့ကြတဲ့ ဗိုက်ဟောင်းလောင်းနဲ့ လူတွေဟာ တောင်ကြီးမြို့ ထမင်းဆိုင်အရောက်မှာတော့ " ဝေသာလီပြည် ဘီလူးကျသလို " ဆိုတဲ့ အဓိပ္ပါယ်ကို ခုမှ သိသလိုလိုနဲ့ တယောက်မျက်နှာ တယောက်ကြည့် ပြုံးမိကြသေးတယ်။ မှာစားတဲ့ ထမင်းဟင်းတွေဆိုတာ ဗိုက်ဖွင့်ပြီးများ အထဲထည့်လိုက်သလား ထင်ရအောင် ပြိုက်ကနဲ ကုန်သွားတော့တာ။

စားပြီးလို့ ကားပေါ်နေရာယူကြတော့ အားလုံးက တောင့်မနေဘဲ အပီယူမဲ့အနေအထားတွေနဲ့ မှီလို့၊ ခွေလို့။ ကားစထွက်တာနဲ့ အရှေ့ကလူတွေ တရေး မှေးအိပ်နိုင်ကြပေမဲ့ ကျမတို့ နှစ်ယောက်ကဖြင့်   နောက်ဆုံးခုံတန်းမှာမို့ ရိုလာကိုစတာ စီးရသလိုပါပဲ။ ငိုက်မယ်ကြံရင်း ခေါင်းနဲ့ ဘေးကမှန်နဲ့ ဆောင့်မိလိုက်၊     ရှေ့က နောက်မှီပေါ် နဖူးနဲ့ ပြေးဆောင့်လိုက်နဲ့ ဘယ်လိုမှ ဇိမ်မကျပါဘူး။ 

လှတောသားပြောတဲ့ ကျောက်ခဲစားသွား အစာကြေတယ်ဆိုတာ   ပြေးသတိရမိတယ်။  တောင်ကြီးမြို့ကနေ ထမ်ဆမ်းဂူကို ၂၅မိုင်ကျော်ကျော်ဝေးပြီး တနာရီကျော်ကျော်လောက် မောင်းလိုက်ရတယ် ထင်ပါရဲ့။

ဒီလိုနဲ့ပဲ နေ့လည် ၃နာရီခွဲလောက်မှာ ထမ်ဆမ်းဂူကို ရောက်ခဲ့ပါတယ်။ ဟား လှလိုက်တဲ့  ထုံးကျောက်ဂူ... ။  ကျမ မြင်ဖူးသမျှထဲမတော့အလှဆုံးလို့ ပြောရမယ်။   ကျောက်စက်ပန်းဆွဲတွေ၊  ကျောက်စက်မိုးမျှော်တွေနဲ့
ကျောက်စက်တိုင်တွေ ...များသောအားဖြင့် ဒေါင်လိုက် ရှည်သွယ်ပြီး ဝေဖြာကျနေတာတွေ။






ဒါက ထမ်ဆမ်းဂူကို စတင် ရှာတွေ့ခဲ့တဲ့ ကိုရင်လေးပုံပါ။ ကိုရင်လေးမရှိတဲ့အတွက် မဖူးခဲ့ရပါဘူး။


ဂူထဲမှာ တိုင်းရင်းသား လက်နက်ကိုင်တွေ စောင့်ကြပ်ပါတယ်။ အရင်က အညိုရောင်နယ်မြေ ဖြစ်ခဲ့ပြီး၊ ခုတော့ ငြိမ်းချမ်းစွာ နားလည်မှုရယူပြီးဖြစ်တာမို့ အများပြည်သူတွေ သွားရောက် လည်ပတ်နိုင်တာပါ။ အနားတော့ သိတ်မကပ်ရဲပါဘူး။ ကျည်ဆန်က အစစ်တွေ ဖြစ်ပုံရပါတယ်။ မတော်တဆဆိုတာ မပြောနိုင်ဘူးလေ...


အိမ်ကလူကြီးကတော့ အေးဆေးပဲ အနားကပ်သွားပြီး တခွန်းထဲ မေးလိုက်တာ။ "အိမ်သာ ဘယ်နားမှာလဲ ခင်ဗျာ" တဲ့လေ...။

ဆက်ပါဦးမယ်။ ခုတော့ ချစ်ကြည်အေးတို့ မျက်လုံးများ ဗူးသီးကို လက်သည်းနဲ့ စိပ်တဲ့ အရာကမှ  ပြူးဦးမယ်...ရီချာ့ခ်ျလုပ်ဖို့ လိုပါတယ်။  အိပ်ပါပြီ....အားလုံးပဲ ကောင်းသောညပါ...-_-ZZzzzz


18 comments:

blueskyforest said...

အိမ်ကလူကြီး သတ္တိကောင်းသနော်။ ချစ်ကြည်အေးကို လင့်ခ်လုပ်ထားပါတယ်။ သံချပ်တွေအတွက် ကျေးဇူးပါ။ ကျန်းမာပါစေဗျား။

ထမ်ဆမ်းကျောက် said...

သဘာဝဂူတွေကို သဘာဝအတိုင်း ထိမ်းသိမ်းနိုင်ရင် ကောင်းမှာပဲနော်..
ကိုကြီးတို့ ဗာဂျီးနီးယားက Luray carven ဆိုရင် အစစ သဘာအတိုင်းမပျက်စီးအောင်ထိမ်းသိမ်းပြီး အပို တည်ဆောက်ပြုပြင်ထားတာတွေ ဘာမှမရှိတော့ကြည့်လို့ကောင်းလိုက်တာ၊ ခရီးသွားတွေဆီကနေ ငွေတွေ ရလိုက်တာ တနှစ်တနှစ် သန်းပေါင်းများစွာပဲ၊

သက်ဝေ said...
This comment has been removed by the author.
သက်ဝေ said...

ကို Bluesky ပြောသလိုပဲ ပြောချင်တာ...
အိမ်ကလူကြီး သတ္တိကောင်းသနော်.. နောက်တခါတွေ့မှ မေးရမယ်... ဘာဆေးတွေများ မှီဝဲပါသလဲ လို့...း))

Nyi Linn Thit said...

မချစ်ကြည်အေးလည်း ထမ်းဆမ်းဂူ ရောက်တဲ့အထဲ ပါတာကိုး...၊ ဘလော့ဂါ တွေ တော်တော်များများ ရောက်နေကြပါလား၊း)

ဓါတ်ပုံတွေ ကြည့်တာနဲ့တင် အတော်လှနေပြီ၊ ဆက်ရန်ကို စောင့်နေပါတယ်။

An Asian Tour Operator said...

ဂူထဲ မှာ တော်တော်မှောင်တယ်နော်.. :P

Anonymous said...

ခရီးသွားပို့ စ်အတွက် ကျေးဇူး
ဆောင်း

Anonymous said...

ကြည်အေး ရေ

အဲဒီဂူ ရောက်ဘူးသေးဘူး ဒီတခါ သွားအုန်းမယ်
မုံဝယ်ကျွေးရမယ်နော် ဝမ်းသာတယ်

ချစ်တဲ့
အမရွှေစင်

Anonymous said...

သွားချင်တယ်ဗျာ
ရောက်အောင်သွားအုံးမယ်
တစ်ယောက်တည်းတော့မသွားပေါင်
ချစ်သူလေးနဲ့တွားမှာာာ
ပုံတွေအတွက်ကျေးဇူးအစ်မရေ


မောင်ဘကြိုင်

rose of sharon said...

အစားအသောက်တွေက ဓာတ်ပုံရိုက်ချိန်တောင် မရလိုက်ဘူးပေါ့ :)

Anonymous said...

မကြီးချစ်ရေ..
ပုံတွေမြင်ရတာနဲ့တင်သွားချင်လိုကတာလေ..
ရန်ကုန်ပြန်ေ၇ာက်ရင်သွားဦးမယ်..

Mon Petit Avatar said...

I wish I could visit there soon, Ma Ma!!!

ပန်းချီ said...

ကိုကြီးတို့များ ပုံလိုက်ပိုင် ဗျာ...:))
သွားနိုင်သူများသွားကြပါ..သွားကြပါ..

နောက်သွားရင်ခေါ်နော်..မမ :D

ချစ်တဲ့..

Anonymous said...

Next post title muse be "ကဗျာဆရာနဲ့ သင်္ကြန်"

Anonymous said...

အေး !! အဲဒီ ကဗျာဆရာဆိုတဲ့ကောင်
ငူငေါင်နေတဲ့ရုပ် လွယ်အိတ်စုတ်တလုံးပဲ ပိုင်တဲ့ကောင်ဟာ
သူဋ္ဌေးကုန်းလမ်းထဲမှာ နေသတဲ့....


ကဗျာဆရာ အိမ်က အထွက်...
ကလေးတစု ဗွမ်းကနဲ ပက်လိုက်တာကြောင့်
ရွှဲသွားတဲ့ ပုဆိုးအောက်နားက ရေတွေ ညှစ်အချ...
အတာရေနဲ့ နူးအိ ပျော်ကျ...ခဲကျဉ်နေတဲ့ နှလုံးသားတွေလေ...


ဘယ်ရာဇဝင်မှာ ဘယ်သူက စ သွားမှန်းမသိတဲ့
ကဗျာဆရာ နဲ့ အရက် ဖွားဘက်တော် ဆိုတာကို သူက ရယ်တာပေါ့
ပြီးတော့မှ ချိုပေါ့ကျတခွက် နဲ့ ခပ်ကျဲကျဲ အတ္တကို ရောဖျော်သောက်...
ဆေးပြင်းလိပ်တတို ကောက်အဖွာ....


ကောင်းကင်ကြီး ဘာကြောင့်ပြာ ပိတောက်တွေ ဘာကြောင့်ဝါ ဆိုတာ...
ဘုရားဟောထဲမှာ မပါဘူး
နိဗ္ဗာန်ရောက်အောင် ဘယ်လို ကူးမလဲ
သံသရာ ဒီဝဲဂယက်က ဘယ်လို ရုန်းထွက်မလဲ...


မဂ္ဂင်ရှစ်ပါး အနှစ်အသား ဒါ တရားပဲ
ခန္ဓာ ငါးပါး ရုပ်နာမ် နှစ်ပါး
အကျဉ်းချုပ်တော့ သစ္စာ လေးပါး
အကြောင်း အကျိုး တရားတွေပဲ ဆိုတာ...ကဗျာဆရာက သိတယ်....


အေး...အဲဒါပဲ ကျီးအာသီးနဲ့ ပတ္တမြား ခွဲခြားသိတာ ကဗျာဆရာကွ လို့...
လဘက်ရည်ဆိုင်က စားပွဲပေါ်မှာ သိခြင်းတွေ အစုလိုက် ပုံချပြရင်း...
သူ မသိတော့တဲ့ သင်္ကြန် သူ မလွမ်းလောက်တဲ့ ပိတောက်အတွက်
တစိုးတစကလေးတောင်မှ ပင့်သက် မရှိုက်လေဘူး...


ပြီးတော့မှ...လွယ်အိတ်စုတ်လေးထဲက
အပူချိန် သာတီစစ်ပွိုင့်နိုင်း ဒီဂရီ(36.9ံ) ဆဲယ်ဆီးယပ်စ် ရှိတဲ့ မာနအထုတ်ကလေး
ကျစ်ကျစ်ဆုတ်ကိုင်ရင်း လာရာလမ်းထဲ ပြန်လှည့်....
ဆေးလိပ်ခွက်ထဲက သူချန်ခဲ့တဲ့ ဆေးပြင်းလိပ်အတိုလေးကတော့ ပြာကြွေ မီးသေလို့...

ရေပုံး ရေခွက်တွေနဲ့ လမ်းကျဉ်းကလေးထဲက ကလေးတစုကတော့
သူ ပြန်အလာ လူသူအလာကို မျှော်လို့ စောင့်လို့...။

ရွှေပြည်သူ said...

အစ်ကို မေးလိုက်တဲ့စကားကို သဘောအကျဆုံးပဲ မမရေ...း) ဓာတ်ပုံတွေအတွက် ကျေးဇူးပါ မမ...

မိုးငွေ့...... said...

ဗူးသီးကိုလက်နဲ့မစိပ်နဲ့ အဲဒါဗူးသီးဓါးရှလို့ခေါ်တယ်...ဟဲ ဟဲ...

မိုးငွေ့...... said...

ထမ်”ဆိုတာ ဂူလို့အဓိပ္ပါယ်ရတာ ဆမ်း”ကတော့ဆင်ပေါ့....
ဆင်နဲ့တူတာဘာရှိသလဲလို့တော့ ညီမလေးလဲမရောက်ဖူးတော့မသိဘူး...။ ဆင်ဂူပေါ့ ....။

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်