Friday, April 15, 2011

ကဗျာဆရာနဲ့ သင်္ကြန်


အေး !!  အဲဒီ ကဗျာဆရာဆိုတဲ့ကောင်
ငူငေါင်နေတဲ့ရုပ်  လွယ်အိတ်စုတ်တလုံးပဲ ပိုင်တဲ့ကောင်ဟာ
သူဋ္ဌေးကုန်းလမ်းထဲမှာ နေသတဲ့....

ကဗျာဆရာ   အိမ်က အထွက်...
ကလေးတစု ဗွမ်းကနဲ ပက်လိုက်တာကြောင့်
ရွှဲသွားတဲ့ ပုဆိုးအောက်နားက ရေတွေ ညှစ်အချ...
အတာရေနဲ့ နူးအိ ပျော်ကျ...ခဲကျဉ်နေတဲ့ နှလုံးသားတွေလေ...

ဘယ်ရာဇဝင်မှာ ဘယ်သူက စ သွားမှန်းမသိတဲ့
ကဗျာဆရာ နဲ့ အရက် ဖွားဘက်တော် ဆိုတာကို  သူက ရယ်တာပေါ့
ပြီးတော့မှ ချိုပေါ့ကျတခွက် နဲ့ ခပ်ကျဲကျဲ အတ္တကို ရောဖျော်သောက်...
ဆေးပြင်းလိပ်တတို ကောက်အဖွာ....

ကောင်းကင်ကြီး ဘာကြောင့်ပြာ  ပိတောက်တွေ ဘာကြောင့်ဝါ ဆိုတာ...
ဘုရားဟောထဲမှာ မပါဘူး
နိဗ္ဗာန်ရောက်အောင် ဘယ်လို ကူးမလဲ
သံသရာ ဒီဝဲဂယက်က ဘယ်လို ရုန်းထွက်မလဲ...

မဂ္ဂင်ရှစ်ပါး အနှစ်အသား ဒါ တရားပဲ
ခန္ဓာ ငါးပါး ရုပ်နာမ် နှစ်ပါး
အကျဉ်းချုပ်တော့ သစ္စာ လေးပါး
အကြောင်း အကျိုး တရားတွေပဲ ဆိုတာ...ကဗျာဆရာက သိတယ်....

အေး...အဲဒါပဲ  ကျီးအာသီးနဲ့ ပတ္တမြား ခွဲခြားသိတာ ကဗျာဆရာကွ လို့...
လဘက်ရည်ဆိုင်က စားပွဲပေါ်မှာ သိခြင်းတွေ အစုလိုက် ပုံချပြရင်း...
သူ မသိတော့တဲ့ သင်္ကြန်   သူ မလွမ်းလောက်တဲ့ ပိတောက်အတွက်
တစိုးတစကလေးတောင်မှ  ပင့်သက် မရှိုက်လေဘူး...

ပြီးတော့မှ...လွယ်အိတ်စုတ်လေးထဲက
အပူချိန် သာတီစစ်ပွိုင့်နိုင်း ဒီဂရီ(36.9ံ) ဆဲယ်ဆီးယပ်စ် ရှိတဲ့ မာနအထုတ်ကလေး
ကျစ်ကျစ်ဆုတ်ကိုင်ရင်း လာရာလမ်းထဲ ပြန်လှည့်....
ဆေးလိပ်ခွက်ထဲက သူချန်ခဲ့တဲ့ ဆေးပြင်းလိပ်အတိုလေးကတော့ ပြာကြွေ မီးသေလို့...

ရေပုံး ရေခွက်တွေနဲ့ လမ်းကျဉ်းကလေးထဲက ကလေးတစုကတော့
သူ ပြန်အလာ လူသူအလာကို မျှော်လို့  စောင့်လို့...။



"ပိတောက်အိပ်မက် မက်ကြသူများ" အမှတ်တရ သင်္ကြန်ကဗျာစုများ စာအုပ်လေးထဲမှာ ကျမ ပါဝင်ရေးသားခဲ့တဲ့ ကဗျာလေးတပုဒ်ပါ။

10 comments:

  1. ညီလင်းသစ်Fri Apr 15, 03:52:00 PM GMT+8

    ဟား... ဒီကဗျာလေးကို အရမ်းကြိုက်တယ် အမရေ..။ မိုက်တယ်ဗျာ..၊ choice of words က တကယ့်ကို လန်းတယ်၊ Thumbs up...!!!

    ReplyDelete
  2. သူဌေးကုန်းလမ်းထဲဆိုတော့ ကျောက်မြောင်းထဲကလားပဲ :D
    မချစ်ကြည်အေး ကဗျာကောင်းလိုက်တာ၊
    ပြီးတော့ အစ်မလက်ရေးလေး သဘောကျလိုက်တာ၊ အရမ်းလှတာပဲ
    ခင်မင်လေးစားလျှက်
    ရေလောင်းသွားပါတယ်၊ သင်္ကြန်ရက်တွေ ပျော်ရွှင်ချမ်းမြေ့ပါစေ

    ReplyDelete
  3. မမ..ကဗျာကလန်ထွက်နေတယ်ဗျာ..ခိုက်တယ် :D....

    ချစ်တဲ့..
    ပန်းချီ :)

    ReplyDelete
  4.း)
    ရေးလည်းရေးတတ်ပါ့..

    ReplyDelete
  5. ကဗျာဆရာ
    လွယ်အိတ်အစုပ်
    ဆေးလိပ်တို
    လဘက်ရည်ဆိုင်
    အရက်

    အင်းးးးးးး အားလုံး မိတ်ဖက်တွေဘဲ ထင်ပါ့။

    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)

    ReplyDelete
  6. မောင်ဝေးFri Apr 15, 08:41:00 PM GMT+8

    ”အဆိုးဆုံး ကဗျာများ”ကို ရှာရင်းနဲ့ရောက်လာတာ မဟုတ်ပါဘူးနော်။

    ReplyDelete
  7. ကဗျာလေးကိုကြိုက်တယ် မ... ဒါမျိုးလေးတွေ များများရေးပါ... ပျော်ရွှင်စရာကောင်းသောနှစ်သစ်ဖြစ်ပါစေ...

    ReplyDelete
  8. အစ်မ ကဗျာလေးက ဖတ်ရတာ နားလည်လွယ်တဲ့ စကားလုံးလေးတွေနဲ့ ဖတ်ရတာ မာန်ပါ မြင်သာတဲ့ ကဗျာလေးပဲ ကျနော်လည်း အဲ့လိုရေးတတ်ချင်တယ်း)

    ReplyDelete
  9. ကြိုက်လိုက်တာ!!

    ReplyDelete
  10. အိမ်ရှင်မရှိတုန်း Blog Digest Link လေး လာပေးသွားပါတယ် အစ်မချစ်။
    http://www.myathwayni.com/?p=4602

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...